ဝါးခြင်းတောင်းဖြင့် တူးဖော်ခြင်း
Vol. 8 Ch. 113
ဝမ်တလန်နှင့် အခြား ကိုကိုများမှာ အားယွီလေး နှင့်အတူ အပြင်ထွက်၍ မကြာခဏ မကစားဖြစ်ကြသဖြင့် သူမ၏ ကောင်းမွန်သော ကံကြမ္မာအား သိပ်ပြီး နားမလည်နိုင်ကြပေ။
"ဟိုဘက်မှာက အရမ်း အန္တရာယ်များတယ် တစ်ခြားတစ်ဖက်ကို သွားကြတာပေါ့ ဟိုဘက်မှာတော့ သစ်သီးတွေက ပြီးခဲ့တဲ့ ရက်နည်းနည်းလောက် အတွင်း ကောင်းကောင်း ကြီးထွားလာလောက်ပြီ အဲဒီဘက်ကို သွားပြီး ခူးကြရအောင်"
ဝမ်တလန်မှ အားယွီလေးအား ချော့မော့ ပြောဆိုလိုက်သည်။
"ဒါပေမယ့် သမီးက ဟိုဘက်ကို သွားချင်တာ"
အားယွီလေးသည် ဤကိုကိုကြီးနှင့် သိပ်မရင်းနှီးလှသဖြင့် သူမ၏ အသံလေးမှာ တိုးလျနေခဲ့သည်။ ဝမ်ဝူလန်မှ အလျင်အမြန် ဝင်ပြောလိုက်သည်။
"ကိုကိုကြီး အားယွီ စကားကို နားထောင် လိုက်ကြရအောင် သူက သိပ်ကံကောင်းတာ သူ သွားချင်တဲ့ ဘယ်နေရာကိုပဲ ဖြစ်ဖြစ် သွားရင် ကျွန်တော်တို့ သေချာပေါက် ကောင်းတဲ့အရာတွေ ရှာတွေ့နိုင်လိမ့်မယ်"
အမြွှာများ ဖြစ်ကြသော ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့သည်လည်း အားယွီလေးအတွက် အလျင်အမြန်ပင် သက်သေ ထွက်ဆိုပေးကြလေသည်။
"ဟုတ်တယ် ဟုတ်တယ် ကိုကိုကြီး အားယွီစကားကို နားထောင်သင့်တယ် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ တွေ့ခဲ့တဲ့ မြည်းချေးတွေလေ အို နေပါအုံး အဲဒါက ထရက်ဖဲလ်မှိုတွေ အားယွီက အဲဒါကို အတင်းအကျပ် ပြန်ယူလာခိုင်းခဲ့တာ"
သူတို့သည် ကံကြမ္မာဆိုသည်ကို မသိကြသော်လည်း အားယွီမှ ရုတ်တရက် တစ်နေရာရာသို့ သွားလိုသည်ဆိုလျှင် ကောင်းသောအရာ တစ်ခုခုနှင့် ကြုံတွေ့ရနိုင်ကြောင်းကိုမူ သိထားကြလေသည်။
အဘွားနှင့် အခြားလူကြီးများသည် ပုံမှန်အားဖြင့် အလွန် တင်းကျပ်လွန်းခြင်း မရှိခဲ့ပါက သူတို့သည် အားယွီအား နေ့စဉ်နေ့တိုင်း တောင်ပေါ်တွင်သာ နေစေချင်ကြသည်။ ဝမ်တလန်မှာ အနည်းငယ် တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သူ၏ ဖခင်ကဲ့သို့ပင် သူ၏ ပထမဆုံး စဉ်းစားချက်မှာ မည်သည့် အကျိုးအမြတ်ကိုမျှ မဟုတ်ဘဲ မိသားစု၏ လုံခြုံရေးသာ ဖြစ်သည်။ တစ်ဖက်တွင်မူ ဝမ်အာလန်မှ လျင်မြန် ပြတ်သားလှကာ ပြောလိုက်သည်။
"ငါတို့ အကုန်လုံး အတူတူ ရှိနေတာပဲ တစ်ခုခု ဖြစ်လာရင်တောင် အားယွီကို ကာကွယ် ပေးနိုင်ပါတယ်ကွာ ဒါ့အပြင် ဆိတ်ပေါက်ကလေးကလည်း ငါတို့နောက်ကို လိုက်လာသေးတယ်လေ"
လူတိုင်း လှည့်ကြည့် လိုက်ကြသောအခါ ရှဉ့်နှစ်ကောင် အနောက်မှ လိုက်ပါလာသော ဆိတ်ပေါက်ကလေး ပြေးလွှားနေသည်အား မြင်တွေ့လိုက်ရသည်။
ထိုရှဉ့်နှစ်ကောင်သည် လက်ထဲတွင် ထင်းရှူးစေ့များကို ကိုင်ဆောင်ထားပြီး ဆိတ်ပေါက်ကလေး၏ ပါးစပ်ဆီသို့ အရောက် လှမ်းပေးရန် ကြိုးစားနေကြသည်။ ဆိတ်ပေါက်ကလေးမှာမူ သူတို့အား လုံးဝ လျစ်လျူ ရှုထားပြီး ဘေးရှိ မြက်ပင်များအား ကိုက်ဖြတ်စားသောက်ရန် ခေါင်းအား လှည့်ပစ်လိုက်လေသည်။
ဆိတ်ပေါက်ကလေးမှ အခြားတိရစ္ဆာန်များအား ယဉ်ပါးအောင် ဆုံးမနေသည့် မြင်ကွင်းမျိုးအား သူတို့ မကြာခဏ မြင်တွေ့ခဲ့ရသဖြင့် ယခုအခါတွင် သိပ်ပြီး အထူးအဆန်းဟု မတွေးကြတော့ချေ။
ဆိတ်ပေါက်ကလေးမှာ အရွယ်အစား မကြီးမားလှသော်လည်း ၎င်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်တရာ အံ့မခန်း ဖြစ်ပေသည်။ ရွာထဲရှိ နွားပေါက် အသစ်များနှင့် သိုးကြီးအချို့မှာ ထိုဆိတ်ပေါက်ကလေးအား မြင်လိုက်ရသည်နှင့် အနည်းငယ် တုန်လှုပ်သွားကြကုန်လေသည်။ ခွေးပေါက်စလေးများ အကြောင်းကိုမူ စကားထဲ ထည့်ပြောစရာပင် မလိုတော့ပေ။ ဝမ်တလန်မှ ပြောလိုက်သည်။
"ကောင်းပြီလေ ဟိုဘက်သွားပြီး သွားကြည့်ကြတာပေါ့”
‘အဲဒီ ရေမြောင်းထဲမှာ ဘာများ ရှိနေနိုင်မှာမို့လို့လဲ’
အားယွီလေးသည်လည်း အလွန်ပင် သိချင်စိတ် ပြင်းပြနေခဲ့သည်။
"နတ်သူငယ်လေး အဲဒီမှာ ဘာရှိတာလဲဟင် သမီးက ဘာလို့ ဘာမှ မမြင်ရတာလဲ မြက်ပင်တွေ သစ်ပင်တွေ တောရိုင်းပန်းတွေနဲ့ပဲ ပြည့်နေသလိုပဲ"
[သဘာဝတရားကြီးရဲ့ လက်ဆောင်တွေက မင်း စိတ်ကူး ယဉ်နိုင်တာထက် အများကြီး ပိုပြီး ကြွယ်ဝပါတယ် အထူးသဖြင့် နွေဦးရာသီမှာပေါ့]
[ဒါပေမယ့် အခုလောလောဆယ် အဲဒါက ဘာလဲဆိုတာ ငါ မသိသေးဘူး အတော်လေး အားကောင်းတဲ့ စွမ်းအင်တစ်ခု ရှိနေတယ်ဆိုတာကိုပဲ သိတယ်]
အသားလုံးလေးသည် ဤကမ္ဘာလောကနှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို အပြည့်အစုံ စုစည်းထားနိုင်ခြင်း မရှိသေးပေ။ ၎င်း၏ ဒေတာဘေ့စ်တွင် ကလေးငယ် ကြီးထွား လာသည်နှင့်အမျှ အဆက်မပြတ် အပ်ဒိတ် လုပ်နေရသည်။ ယခုအခါတွင် ၎င်းသည် စွမ်းအင် မည်မျှရှိသည်ကိုသာ ခံစား သိရှိနိုင်ပေသည်။
နောက်ဆုံးတွင် သူတို့သည် ရေမြောင်း၏ အစွန်းသို့ ရောက်ရှိ သွားကြလေသည်။ ထိုနေရာ၏ အောက်ခြေ၌ ကျောက်တုံးပုံများသာ ရှိသော ခန်းခြောက်နေသည့် ရေမြောင်း တစ်ခု ဖြစ်သည်။ ကျောက်တုံးများ၏ ဘေးတွင် ချုံပုတ်မျိုးစုံ ပေါက်ရောက်နေကြကုန်သည်။ ဤနေရာတွင် အပင်အချို့လည်း ပေါက်ရောက်နေသေး၏။ ရေအရင်းအမြစ် မရှိလျှင်ပင် ၎င်းတို့မှာ ကောင်းစွာ ကြီးထွားနေကြသည်။
"ဒီမှာ တောလိမ္မော်သီးတွေ ရှိတယ်ဟေ့"
ရေမြောင်းဘေးရှိ တောလိမ္မော်သီးများအား မြင်လိုက်ရသောအခါ ဝမ်ဝူလန်၏ မျက်လုံးများသည် စူးရှ သွားလေတော့သည်။
ဤတောလိမ္မော်သီးမျိုးမှာ ဘဲဥပုံသဏ္ဌာန် ရှိကာ လက်မ အရွယ်အစားခန့်သာ ရှိသည်။ အများစုမှာ စိမ်းနေဆဲ ဖြစ်ပြီး အချို့မှာ ရွှေရောင်သို့ ပြောင်းနေပြီ ဖြစ်သည်။ ရွှေရောင် ပြောင်းနေသည်များအား စားသုံးနိုင်ပေသည်။
ဤနေရာတွင် ထူးခြားသည်ဟု မည်သူမျှ မမြင်ကြချေ။ တောလိမ္မော်သီးများမှာ ကြည့်ကောင်းပြီး ပြည့်သိပ်နေအောင် သီးနေသည်မှ လွဲလျှင် ဖြစ်သည်။ ရက်စ်ဘယ်ရီသီး အချို့လည်း ရှိနေသေးသည်။ ၎င်းတို့အား ပုံမှန်အားဖြင့် လူတိုင်း ရေစိမ်သောက်လေ့ရှိသော ဆေးဖက်ဝင်အပင်များ အဖြစ် အသုံးပြုကြသည်။ ၎င်းသည် မည်သည့် ရောဂါများအား ကုသနိုင်သည်ကိုမူ သူတို့ သိပ်သေချာမသိကြပေ။
ဝမ်တလန်သည် တောဟင်းသီးဟင်းရွက် အချို့အား တွေ့လိုက်ရသည်။ သူသည် ဝမ်အာ့လန်အား ဝါးခြင်းတောင်း ယူလာရန် ခိုင်းစေလိုက်ပြီးနောက် ထိုအပင်များအား တူးဖော်ရန် ခါးကို ကိုင်းလိုက်လေတော့သည်။
ဝမ်အာလန်မှာလည်း သူ၏ ဖခင်ကဲ့သို့ပင် တွေးခေါ် မြော်မြင်တတ်သူ ဖြစ်ပေသည်။ သူ မလာမီတွင် ဟူရှောင်တုန်းအား အထူးတလည် မေးမြန်းခဲ့ကာ သူတို့ မိသားစုတွင် ဆေးဖက်ဝင်အပင် အချို့ လိုအပ်နေကြောင်းနှင့် ၎င်းတို့အား သွားရောက် စုဆောင်းရန် အချိန်မရှိကြောင်း သိထားသဖြင့် ထိုဆေးဖက်ဝင် အပင်များကို အထူးတလည် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
သမားတော်ဟူ၏ မိသားစုသည် တစ်နှစ်ပတ်လုံး ဆေးမြစ်များကို စုဆောင်း လေ့ရှိသော်လည်း ဆေးမြစ်များ၏ ဈေးနှုန်းမှာ အလွန် နိမ့်ကျလှပေသည်။ လူတိုင်းသည် လယ်ယာ လုပ်ငန်းခွင်ကိုသာ လုပ်ကိုင်ကြကာ တောင်ပေါ်သို့ ဝင်ရောက် လာသောအခါမှသာ အချို့အား ခူးယူလေ့ ရှိကြသည်။
အကယ်၍ သူတို့သည် အများကြီး ခူးယူလာခဲ့ပါမူ အမြတ်အစွန်း အတွက် ရောင်းချနိုင်ပေသည်။ အကယ်၍ အနည်းငယ်သာ ခူးယူလာခဲ့ပါက သူတို့ မိသားစု အတွက် လက်ဆောင် အဖြစ်သာ သဘောထားကြလေသည်။
ဝမ်အာလန်သည် ဆေးမြစ်များ ရှာဖွေရန် ဝမ်စန်းလန်ကို ခေါ်လာခဲ့ပြီး ဝမ်စစ်လန်အား မှာကြားလိုက်သည်။
"ကိုကိုကြီးတို့ နောက်ကို လိုက်သွားပြီး အားယွီကို ဂရုစိုက်လိုက် ငါတို့ နောက်မှ ပြန်ဆုံကြတာပေါ့"
ဝမ်စစ်လန်မှ ခေါင်းညိတ်ပြလေသည်။
"ကောင်းပါပြီလေ သိပ်အဝေးကြီး မသွားနဲ့နော် နွေဦးပေါက်ချိန်ဆိုတော့ မြက်ခင်းထဲမှာ မြွေတွေ အများကြီး ရှိတတ်တယ်"
"ငါ သိပါတယ်"
[ကလေး ရှေ့ကို နည်းနည်း ထပ်သွားလိုက် အဲဒီ ချုံပုတ်အောက်မှာ တစ်ခုခု ရှိနေတယ်]
အားယွီလေးသည် အသားလုံးလေး၏ စကားအား ကြားလိုက်ရသောအခါ ရှေ့သို့ ခြေလှမ်း အနည်းငယ် တက်သွားပြီးနောက် ချုံပုတ်များအား ညင်သာစွာ ဖယ်ရှားလိုက်လေသည်။ သို့သော် သူမသည် မြွေတစ်ကောင်နှင့် ရင်ဆိုင် တိုးသွားခဲ့တော့သည်။ အနီးကပ် သေချာကြည့်လိုက်သောအခါ မြွေ၏ အမြီးတွင် တွန့်ခေါက်နေသော ဒဏ်ရာအချို့အား တွေ့လိုက်ရသည်။
"အာ ဒီမှာ အဆိပ်ရှိတဲ့ မြွေတစ်ကောင် ရှိနေတယ်"
ဝမ်ဝူလန်သည် အားယွီ၏ နောက်သို့ လိုက်လာရင်း အဆိပ်ပြင်းမြွေအား ချက်ချင်း မြင်လိုက်ရတော့သည်။ အခြားသူများလည်း ဆူညံသံအား ကြားလိုက်ရသဖြင့် အလောတကြီး ပြေးလာကြ ကုန်တော့သည်။ သို့သော် အားယွီလေးမှာ လုံးဝ မကြောက်ရွံ့ခဲ့ချေ။ ဤမြွေတွင် မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိဟု သူမ ခံစားရသည့် အတွက် ဖြစ်သည်။
"ဟယ် မြွေလေး နင့်ကို အိပ်နေတာ နှောင့်ယှက် မိသွားသလားဟင် တောင်းပန်ပါတယ်နော်"
အားယွီလေးသည် ရိုးသားစွာ တောင်းပန်လိုက်ကာ ထွက်သွားရန် ပြင်လိုက်စဉ် ထိုအဆိပ်ပြင်းမြွေသည် အားယွီလေးအား ကြည့်လျှက် ခေါင်းခါယမ်းပြလိုက်လေသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်အား တွန့်လိမ်ကာ ဘေးဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျား သွားလေတော့သည်။
[သူ့နောက်ကို လိုက်သွားလိုက်]
အားယွီလေးသည် အဆိပ်ပြင်းမြွေ၏ နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။
"အားယွီ မသွားနဲ့ အဲဒီမြွေက အဆိပ်ပြင်းတယ် တစ်ခါပေါက်ပြီး အကိုက်ခံရတာနဲ့ သေသွားလိမ့်မယ်"
ဝမ်ဝူလန်သည် ဤကဲ့သို့သော အဆိပ်ပြင်းမြွေမျိုးအား အရင်တွင် မြင်ခဲ့ဖူးလေသည်။ ထိုစဉ်တွင် ထိုမြွေများသည် ရှန်းယန်ရွာမှ လူများအား သွားရောက် ကိုက်ခဲခဲ့ကြသည် ဖြစ်ရာ အချို့မှာ သေဆုံးခဲ့ရသေးသည်။
အဖွားအိုဝမ်သည် ရှင်းလင်းရေး လုပ်နေစဉ်တွင် ယောကျ်ားလေးများအား ခေါ်ယူကာ မြွေများအား တစ်ကောင်ချင်းစီ မည်သို့ ခွဲခြား မှတ်သားရမည်ကိုပင် သင်ကြားပေးခဲ့သေးသည်။
အဓိကအကြောင်းရင်းမှာ ပုံမှန်အားဖြင့် ကွဲပြား ခြားနားသော မြွေမျိုးစိတ် အားလုံးကို တစ်စုတစ်စည်းတည်း တွေ့ရရန် အလွန် ခဲယဉ်းသောကြောင့် ဖြစ်သည်။ မြွေများစွာနှင့် ပတ်သက်သော ဗဟုသုတများ ရှိထားခြင်းဖြင့် နောင်တွင် တောင်ပေါ်သို့ ဝင်ရောက်ရာ၌ ပို၍ အဆင်ပြေစေမည် ဖြစ်သည်။
ဝမ်ဝူလန်သည် တောင်ပေါ်သို့ ဝင်ရသည်အား နှစ်သက်သူ ဖြစ်သဖြင့် အထူးတလည် သေချာစွာ မှတ်သားထားခဲ့သည်။ ထို့ကြောင့် သူ၏ရှေ့မှ မြွေကို အဆိပ်ပြင်း မြွေဘုရင်ဟု ခေါ်ဆိုနိုင်ကြောင်းကို သူ သဘာဝကျကျ သိရှိနေသည်။ ၎င်းမှာ တကယ်ကို ချက်ချင်း သေစေနိုင်သော အကိုက်ခံရမှုမျိုး ဖြစ်သည်။
"မြွေလေးက သမီးကို မကိုက်ပါဘူး"
ဟု အားယွီလေးမှ ပြန်ပြောလိုက်လေသည်။
"သူက သမီးကို တစ်ခုခု ရှာပေးဖို့ ခေါ်သွားတာ"
ဝမ်ဝူလန်မှာ သံသယ ဝင်သွားခဲ့တော့သည်။
"ဘာလို့လဲ နင်က မြွေစကားကို နားလည်လို့လား"
အခြား ကိုကိုများပင်လျှင် သံသယ မျက်လုံးများဖြင့် လှမ်းကြည့် လာကြကုန်တော့သည်။ အားယွီလေး၌ အဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့ဖူးလေသည်။ အားယွီလေးမှ တိရစ္ဆာန်စကားများအား နားလည်နိုင်သည်ဟု မဆိုထားနှင့် အားယွီလေးသည် နတ်သမီးလေး တစ်ပါး ဖြစ်ပြီး ကောင်းကင်သို့ ပျံသန်းနိုင်သည်ဟု သူတို့အား ပြောလာလျှင်ပင် အလွန် သာမန်ဖြစ်သည်ဟု ခံစားရမည်သာ ဖြစ်သည်။
အားယွီလေးသည် သူမ၏ ပဉ္စမကိုကိုမှာ အနည်းငယ် တုံးအသည်ဟု ခံစားလိုက်ရလေသည်။ သို့သော် ကိစ္စမရှိပါချေ။ အားယွီသည် သူမ၏ ကိုကိုကို မရွံရှာပါချေ။
အားယွီလေး ထွက်သွားပြီးနောက် မကြာမီမှာပင် မြွေသည် ရပ်တန့်သွားခဲ့တော့သည်။ ထို့နောက် ၎င်းသည် အပင် အနည်းငယ်အား ပတ်ချာလှည့်ကာ အမြန်နှုန်းအား တင်လိုက်လေသည်။
[ဒါပဲ]
သူမရှေ့ရှိ အပင်မှာ အလွန် ထူးခြားလှပေသည်။ အပြင်ဘက်တွင် ချွန်ထက်သော အရွက်အနည်းငယ် ရှိပြီး အလယ်တွင် အဝါရောင် ပန်းပွင့်တစ်ပွင့်အား ပန်ဆင်ထားသကဲ့သို့ ပန်းတစ်ပွင့် ပွင့်နေခဲ့သည်။ ပန်းပွင့်ဖတ် တစ်ခုစီ၏ ဘေးတွင်လည်း အာရုံခံ မွေးမျှင်များ ပါရှိသေးသည်။
"ဝိုး ဒါက ဘာကြီးလဲ"
"နည်းနည်းတော့ ထူးခြားပုံရတယ် တခြား ပေါင်းပင်တွေနဲ့ မတူဘူး ဆေးမြစ်များလား"
ဝမ်အာ့လန်သည် အခြား မည်သည့် နေရာသို့မျှ မသွားခဲ့ပေ။ လူတိုင်းသည် ဤအရာမှာ မည်သည့်အရာ ဖြစ်ကြောင်း သိရှိလိုသဖြင့် ရောက်ရှိ လာကြလေသည်။ ကံမကောင်းစွာဖြင့် မည်သူမျှ ယခင်တွင် ၎င်းအား မမြင်ဖူးခဲ့ကြချေ။
"အားယွီက ဒါကို ရှာတွေ့ခဲ့တာ ဒါ သေချာပေါက် ပစ္စည်းကောင်းပဲ ဖြစ်ရမယ် အရင်ဆုံး ပြန်သယ်သွားကြရအောင်"
ဝမ်ဝူလန် စကားပြော ပြီးသည်နှင့် သူသည် လက်လှမ်းလိုက်ကာ အပင်အား ဆွဲနုတ်လိုက်လေတော့သည်။ ထိုအပင်၏ အောက်တွင် အခြား တစ်စုံတစ်ရာ ရှိနေသေးကြောင်း ဝမ်တလန် မြင်သောအခါ အားယွီလေး၏ သစ်သား ပေါက်တူးငယ်လေးအား အသုံးပြု၍ အောက်ခြေမှ အရာကို တူးဖော်လိုက်လေတော့သည်။ ၎င်းမှာ ဥ အမျိုးအစား ဖြစ်ပြီး အမည်းရောင် ဖြစ်နေလေသည်။ ၎င်းသည် အသုံးဝင်မည် မဝင်မည်ကို သူ မသိချေ။
ဤအပင်မှာလည်း သာမန် ပေါင်းပင်များနှင့် တူလေသည်။ ၎င်းတို့သည် အစုလိုက် အပြုံလိုက် ပေါက်ရောက်နေကြသည်။ ဝမ်မိသားစု၏ ကလေးများ အားလုံးသည် အရွက်များအား ဆွဲနုတ်ကာ ပင်စည်များအား တူးဖော်ရင်း မောဟိုက်နေကြကုန်လေသည်။
သူတို့ တူးဖော်၍ ပြီးစီးသွားချိန်တွင်မူ ဝါးခြင်းတောင်းမှာ တစ်ဝက်ခန့် ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူတို့သည် ဘေးရှိ ဝါးတောမှ လတ်ဆတ်သော ဝါးမျှစ် အချို့အား ဆက်လက်၍ တူးဖော်ကာ ခြင်းတောင်းအပြည့် ထည့်လိုက်ကြသည်။
ဝမ်တလန်မှ ဆုံးဖြတ်ချက်ချကာ ဤအရာများအား သမားတော်ဟူ၏ အိမ်သို့ သယ်ဆောင် သွားခဲ့လေသည်။ သမားတော်ဟူမှ နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"ဘာဖြစ်လို့ ကျုပ်ကို ဝါးမျှစ်တွေ လာပေးတာလဲ"
ဝမ်တလန်သည် ဝါးခြင်းတောင်းပေါ်ရှိ ဝါးမျှစ်များအား ဖယ်ရှားလိုက်ရာ အောက်ခြေရှိ အပင်များ ပေါ်လာလေတော့သည်။
သမားတော်ဟူမှ ၎င်းအား မြင်လိုက်ရသောအခါ သူ အမြင်မှားသွားသည်ဟု ဦးစွာ သံသယ ဝင်မိလိုက်သည်။ ထို့နောက် သေချာစွာ ထပ်မံ ကြည့်ရှုလိုက်သည်။
‘ဘုရားရေ’
"ဒါက စစ်ယဲ့ယီကျိဟွား (အရွက်ခုနစ်ရွက်နှင့် ပန်းတစ်ပွင့် ဆေးပင်) မဟုတ်ဘူးလား"
၎င်းတို့အား ဝါးမျှစ်များ၏ အောက်တွင် ဖြစ်သလို ဖိထားခဲ့သည်တဲ့လား။