လက်ချောင်းလေးတွေက ဆယ်ချောင်းထက် ပိုနေတယ်
Vol. 8 Ch. 114
တာ့ချန် တိုင်းပြည်တွင် နှစ်စဉ်နှစ်တိုင်း လူပေါင်းများစွာသည် အဆိပ်ပြင်းမြွေများ၏ ကိုက်ခဲမှုကြောင့် သေဆုံးနေကြရသည်။ ၎င်းမှာ သမားတော်များမှ မကုသနိုင်သောကြောင့် မဟုတ်ဘဲ လုံလောက်သော ဆေးဖက်ဝင်အပင်များ ရှားပါးနေသောကြောင့် ဖြစ်သည်။
၎င်းတို့အနက် စစ်ယဲ့ယီကျိဟွားမှာ အဆိပ်ပြင်းမြွေ ကိုက်ခံရခြင်းအား ကုသရန် အဓိက ဆေးမြစ် ဖြစ်သည်။ ဤဆေးမြစ် ကြီးထွားရန် အခြေအနေများမှာ ကြမ်းတမ်းပြီး စိုက်ပျိုးရန် အလွန် ရှုပ်ထွေးလှပေသည်။ ထိန်းသိမ်းရသည်မှာလည်း အလွန် ခက်ခဲသော အခက်အခဲကြီး တစ်ခု ဖြစ်သည်။
ထရက်ဖဲလ်မှိုများ ကဲ့သို့ပင် ဆေးဆိုင် အများစုတွင် ဤဆေးမြစ် မရှိကြပေ။ သို့သော်လည်း ထရက်ဖဲလ်၏ တန်ဖိုးကြီးမားမှုမှာ ၎င်း၏ အာဟာရ တန်ဖိုးတွင် တည်ရှိလေသည်။ စစ်ယဲ့ယီကျိဟွား၏ တန်ဖိုးကြီးမားမှုမှာမူ ၎င်း၏ ရှားပါးမှုတွင် တည်ရှိနေသည်။
ထရက်ဖဲလ် မရှိလျှင် မှူးမတ်သခင်များ အနေဖြင့် အာဟာရ ပြည့်ဝသော အစားအစာ နည်းပါးသွားရုံသာ ရှိသည်။ သို့သော် စစ်ယဲ့ယီကျိဟွား မရှိလျှင်မူ အသက်ကယ်ရန် နည်းလမ်းတစ်ခု ဆုံးရှုံးသွားသည်နှင့် အတူတူပင် ဖြစ်သည်။
"ဒါတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
သမားတော်ဟူသည် ရင်နာနာဖြင့် ဆေးမြစ်များအား အလျင်အမြန် ယူထုတ်လိုက်ရင်း မေးလိုက်သည်။ ဝမ်တလန်မှ ဖြေလိုက်သည်။
"တောင်နောက်ဘက်က ရေမြောင်းအောက် ချုံပုတ်တစ်ခုထဲမှာပါ"
အတိတ်ကာလတုန်းက ထိုရေမြောင်းတွင် ရေရှိနေသေးသည်။ ကလေးများသည် ထိုနေရာသို့ သွားရောက် ကစားလေ့ရှိ ကြသေးသည်။ နောင်တွင် ရေမြောင်းထဲ၌ ရေမရှိတော့သောအခါ မည်သူမျှ မသွားလိုကြတော့ချေ။
ထိုရေမြောင်းထဲတွင် ဆူးခြုံနွယ်မျိုးစုံဖြင့် ပြည့်နှက်နေပြီး အထူးသဖြင့် အားယွီလေး ယခင်တွင် သွားခဲ့သော ချုံပုတ်များတွင် ဖြစ်သည်။ အဆိပ်ပြင်းမြွေမှသာ လမ်းပြမပေးခဲ့လျှင် စစ်ယဲ့ယီကျိဟွား၏ တည်နေရာအား ရှာဖွေရန် သူတို့အတွက် အလွန် ခက်ခဲမည် ဖြစ်သည်။
ရှန်းယန်ရွာအား လာရောက် တိုက်ခိုက်ခဲ့သော အဆိပ်ပြင်းမြွေ အချို့မှာ မသေဆုံးခဲ့ကြောင်း ဝမ်တလန် ရုတ်တရက် သတိရလိုက်သည်။ နောက်ဆုံးတွင် ၎င်းတို့ မည်သို့ဖြစ်သွားသည်အား သူ မသိခဲ့ချေ။
လမ်းပြပေးခဲ့သော အဆိပ်ပြင်းမြွေ၏ အမြီးမှာ ပြတ်တောက်နေသည်ကိုသာ သူတို့ မြင်တွေ့ခဲ့ရသည်။ ထိုအဖြစ်အပျက်တွင် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ညီမလေး အားယွီအား လမ်းညွှန် ပြသပေးရန် အတွက် အမှန်ပင် ရောက်လာခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ တွေးနေသည်များအား သမားတော်ဟူအား မပြောပြခဲ့သော်လည်း သမားတော်ဟူမှာ စိတ်လှုပ်ရှားနေပုံရသည်။
"ဒီအရာနဲ့ဆိုရင် နောင်မှာ ရွာသားတွေ တောင်ပေါ်တက်လို့ အဆိပ်ပြင်းမြွေ ကိုက်ခံရရင်တောင် လူတိုင်း အကူအညီမဲ့နေတော့မှာ မဟုတ်ဘူး အနည်းဆုံးတော့ သူတို့အသက်ကို ကယ်တင်နိုင်မယ့် အရာတစ်ခု ရှိနေပြီလေ"
သမားတော်ဟူမှ တီးတိုးရေရွတ်လိုက်သည်။
"ဒီဆေးမြစ်တွေကို အသုံးပြုပြီး ဆေးပေါင်း ရာနဲ့ချီ ဖော်စပ်နိုင်တယ် ငါတို့ အသက်ပေါင်း ဘယ်လောက်များများ ကယ်တင်နိုင်လိုက်မလဲ"
ပြောစရာပင် မလိုတော့ဘဲ ထိုဆေး၏ တန်ဖိုးမှာလည်း နိမ့်ကျနေလိမ့်မည် မဟုတ်ချေ။
"ညီမလေး အားယွီက ကျွန်တော်တို့ကို ဒါတွေ ရှာတွေ့အောင် လမ်းပြပေးခဲ့တာပါ သမားတော်ကြီးဟူ ကျွန်တော့် ညီမလေးက သိပ်တော်တယ် မဟုတ်လား"
ဝမ်ဝူလန်မှာ မကြွားလုံးထုတ်ဘဲ မနေနိုင်တော့ချေ။ သမားတော်ဟူသည် အားယွီကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်မိသည်။ ဤကလေးလေးမှာ အမှန်ပင် လိမ္မာရေးခြားရှိသော ကလေးလေး ဖြစ်သည်။ ဝမ်မိသားစုမှ သူမအား ကယ်တင်ခဲ့သည်မှာ မှန်ကန်လှပေသည်။
သို့သော်လည်း ကလေးလေး၏ ခန္ဓာကိုယ်မှာ ကြီးထွားလာခြင်း မရှိသေးပေ။ အတိတ်က သူမသည် အာဟာရချို့တဲ့ခဲ့ပုံ ရသည်။ သူ၏ထံတွင် ကလေးငယ်အား အားဖြည့်ပေးနိုင်မည့် ဆေးအချို့ ရှိနေသေးသည်။
ဤကလေးမှာ ကျေးဇူးသိတတ်သော ကလေးတစ်ဦး ဖြစ်သည်။ သူမကိုသာ ကောင်းစွာ ပြုစုပျိုးထောင် ပေးနိုင်မည်ဆိုလျှင် ကောင်းမွန်သော ကုသိုလ်ကံတစ်ခု ဖြစ်လာနိုင်ပေသည်။
"တလန် အိမ်ကို အရင်ပြန်ပြီး မင်းအဘွားကို ရှာလိုက် သူ့ကို ကိစ္စတစ်ခုရှိလို့ ကျုပ် ရှာနေတယ်လို့ ပြောလိုက်ပါ ဒီဆေးတွေကို ကျုပ်ဆီမှာ ထားခဲ့လိုက်ပါ စိတ်မပူပါနဲ့ သူ့အတွက် နစ်နာအောင် ကျုပ် မလုပ်ပါဘူး"
ယခုနှစ်တွင် ဝမ်တလန်မှာ အသက် ၁၆ နှစ် ပြည့်ပြီ ဖြစ်သည်။ သူသည် မကြာမီ အိမ်ထောင်ချပေးခြင်း ခံရတော့မည် ဖြစ်ရာ သမားတော်ဟူမှ သူ့အား လူကြီးတစ်ယောက်ကဲ့သို့ ဆက်ဆံလေသည်။ ဝမ်တလန်မှ အလျင်အမြန် ဖြေလိုက်သည်။
"ကောင်းပါပြီ ဖွားဖွားကို သွားခေါ်လိုက်ပါ့မယ်"
ဝမ်တလန်သည် ဝမ်မိသားစုသို့ ပြန်သွားခဲ့သည်။ အခြား ယောကျ်ားလေးများသည် သမားတော်ဟူ၏ ခြံဝင်း အတွင်း၌ ခဏတာ ကစားပြီးနောက် ငြီးငွေ့လာကြတော့သည်။ ထို့နောက် အလွတ် ဖြစ်နေသော ဝါးခြင်းတောင်းအား ယူကာ ခရုများ သွားကောက်ချင် လာကြတော့သည်။
"ကြက်တွေကို ခရုတွေ ကျွေးရင် ကြက်တွေ ပိုမြန်မြန် ကြီးထွားလာလိမ့်မယ်"
ဝမ်ဝူလန်မှ လူတိုင်း အတွက် ဆင်ခြေတစ်ခု ရှာပေးလိုက်ပြန်သည်။ ယောကျ်ားလေးများသည် ထွက်ပြေးသွားကြပြီး ရွာထဲရှိ မြစ်ငယ်လေး၏ ဘေးတွင် ထပ်မံ ကစားလိုကြပြန်သည်။ ဝမ်အာလန်မှ အားယွီလေးအား တားဆီးကာ အခြားသူများကို ပြောလိုက်သည်။
"မင်းတို့ဘာသာ သွားကစားကြ အားယွီကို ငါ အဖော်ပြုပေးလိုက်မယ် မြစ်ရေမြောင်းက ညစ်ပတ်တယ် အားယွီရဲ့ အဝတ်အစားသစ်တွေကို မညစ်ပတ်စေနဲ့"
ဝမ်အာလန်မှသာ ဘာမှမပြောခဲ့လျှင် အားယွီလေးသည် ဝမ်ဝူလန်နှင့် အခြားသူများ နောက်သို့ လိုက်သွားမည် ဖြစ်သည်။ ယခုမူ ကိုကို၂၏ စကားအား ကြားလိုက်ရသောအခါ အားယွီလေးသည် သူမ၏ အဝတ်အစားသစ်များနှင့် အဘွား ပေးထားသော လွယ်အိတ်သစ်လေးအား ငုံ့ကြည့်လိုက်မိသည်။ သူမ၏ လွယ်အိတ်သစ်လေး ညစ်ပတ်သွားပါက အဘွားသည် သေချာပေါက် အလွန် ဝမ်းနည်း သွားလိမ့်မည် ဖြစ်သည်။
"ဟုတ်ကဲ့ အားယွီ မသွားတော့ဘူး"
ဝမ်ဝူလန်မှာ အနည်းငယ် နှမြောသွားမိလေသည်။ ညီမလေး ဖြစ်သူအား အတူတူ ခေါ်မသွားနိုင်ပါက သူတို့ သိပ်ကြာကြာ ကစားနိုင်လိမ့်မည် မဟုတ်ပေ။ တကယ်တမ်းတွင် အားယွီသာ သူတို့၏ နောက်လိုက်လာပါက မြစ်စောင့်နတ် ပေါ်လာမည်လားဟု ဝမ်ဝူလန် တွေးတောနေဆဲ ဖြစ်သည်။
ထိုသို့မဟုတ်လျှင်လည်း ရေသူမလေးဆိုလျှင်လည်း ကောင်းပေသည်။ ၎င်းသည် အမြဲတမ်း သူ၏ ဗဟုသုတအား ကျယ်ပြန့်စေနိုင်သည် မဟုတ်ပါလော။ သူမလေးသည် သူ့အတွက် ကလေးသတို့သမီးလေး တစ်ယောက်ပင် ရှာပေးနိုင်ကောင်း ရှာပေးနိုင်ပေအုန်းမည်။
သို့သော်လည်း ဝမ်ဝူလန်သည် ဤစကားများအား နှုတ်မှ ထုတ်မပြောခဲ့ချေ။ အခြား ကိုကိုများသည် သူအား အရူး တစ်ယောက်ဟု ထင်သွားမည်ကိုလည်း သူ ကြောက်ရွံ့နေမိသည်။ ထိုသူများ ထွက်သွား ပြီးနောက် ဝမ်အာလန်နှင့် အားယွီလေးတို့ အချင်းချင်း ကြည့်လိုက်မိကြသည်။
ဝမ်တလန်မှာ ပုံမှန်အားဖြင့် အနည်းငယ် တည်ကြည် လေးနက်သူ ဖြစ်ပေသည်။ ကိုကို၂ ဖြစ်သော ဝမ်အာလန်တွင်မူ အထက်စီးဆန်သော ဟန်အနည်းငယ် ရှိသော်လည်း ၎င်းမှာ ညီမဖြစ်သူအား ဂရုစိုက်သော ဟန်မျိုးသာ ဖြစ်သည်။ ယခုအခါ နူးညံ့ ပျော့ပျောင်းသော ညီမလေးကို ကြည့်ရင်း သူမနှင့် မည်သို့ ကစားရမည်ကို သူ မသိတော့ချေ။ ဝမ်အာလန်မှ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
"ညီမလေး အားယွီ ကိုကို၂ နင့်ကို ဘယ်လို ရေတွက်ရမလဲဆိုတာ သင်ပေးမယ်လေ မနေ့ကမှ အဖေက ကိုကို့ကို ဘယ်လို ရေတွက်ရမလဲဆိုတာ သင်ပေးထားတာ ကိုကို သင်လို့တောင် တတ်သွားပြီရယ်"
"ဝိုး ကိုကို၂က သိပ်တော်တာပဲ အားယွီက ဘယ်လို ရေတွက် ရမလဲဆိုတာတောင် မသိဘူးရယ်"
အားယွီလေးမှာ ရေတွက်ခြင်းဆိုသည်မှာ မည်သည့်အရာမှန်းပင် မသိပါချေ။ အားယွီလေးသည် လူတစ်ဦး တစ်ယောက်အား ချီးမွမ်းတိုင်း သူမ၏ လေသံမှာ အနည်းငယ် ပိုပိုသာသာ ဖြစ်နေသော်လည်း မျက်နှာအမူအရာမှာမူ အလွန် ရိုးသားဖြူစင်လှပေသည်။ ရေစိမ်ထားသော စပျစ်သီးများကဲ့သို့ သူမ၏ မျက်လုံးလေးများသည် သူ့အား ငိုက်မျဉ်းစွာ ကြည့်နေကြသည်။
သူမ၏ နီရဲပြီး စိုစွတ်နေသော ပါးစပ်ငယ်လေးမှ "ဝိုး" ဟူ၍ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့ကာ သူမ၏ မျက်လုံးများသည် လခြမ်းပုံသဏ္ဌာန်သို့ ချက်ချင်း ကွေးညွတ်သွားခဲ့သည်။ သူမ၏ မျက်နှာငယ်လေး၌ စူတူတူ မျက်နှာအမူအရာလေးသည်လည်း မြင်ရသူအဖို့ ပျော်ရွှင်ချမ်းမြေ့မှုအား ခံစားရစေသည်။ ဝမ်အာလန်မှာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းအား ကုတ်လိုက်မိသည်။
"ကိုကိုက ကိုကိုက သိပ်မတော်ပါဘူး ကိုကို ညီမလေးကို သင်ပေးမယ်လေ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
အားယွီလေးသည် အလွန် အားပေးအားမြှောက် လုပ်လိုက်လေသည်။ အဖွားအိုဝမ် ရောက်လာသောအခါ သမားတော်ဟူ၏ ခြံဝင်း အတွင်း၌ ထိုင်နေကြသော အားယွီလေးနှင့် ဝမ်အာလန်တို့အား တွေ့လိုက်ရသည်။ သူတို့သည် ခွေးခြေငယ်လေး တစ်လုံးစီပေါ်တွင် ထိုင်နေကြလေသည်။
အားယွီလေးသည် သူမ၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားစဉ် ဝမ်အာလန်မှ တီးတိုးရွတ်ဆိုနေခဲ့သည်။
"တစ် နှစ် သုံး ငါး ခြောက် ကိုး"
ဝမ်အာလန်သည် သူ၏ လက်ချောင်းများဖြင့် ရေတွက်နေခဲ့သည်။ အားယွီလေးသည်လည်း သူ့ကို အတုခိုးကာ သူမ၏ လက်ချောင်းငယ်လေးများကို လိုက်လံ၍ ကွေးလိုက်လေသည်။
"အားယွီ ကြည့်စမ်း ငါတို့မှာ လက်ချောင်း စုစုပေါင်း ၁၀ ချောင်း ရှိတယ် ဒါကြောင့် နင်က ၁၀ အထိ ရေတွက်ရမယ်"
အားယွီလေးသည် ပါးစပ်ဖြင့် ရေတွက်ရင်း သူမ၏ လက်ချောင်းလေးများအား တစ်ချောင်းချင်းစီ ကွေးချလိုက်တော့သည်။ နောက်ဆုံးတွင် သူမ သဘောပေါက်သွားခဲ့လေသည်။
"ကိုကို၂ အားယွီဆီမှာ လက်ချောင်း ၁၀ ချောင်းထက် ပိုနေသလိုပဲ ဟင့် ဟင့် အားယွီဆီမှာ လက်ချောင်း ၁၀ ချောင်းထက် ပိုနေတယ် အားယွီက ဘီလူးမလေးလားဟင်"
ဝမ်အာလန်၏ မျက်နှာမှာ နီရဲသွားလေတော့သည်။ သူ ရေတွက်တာ မှားသွားပုံရလေသည်။ သို့သော် ထိုသို့ဆိုလျှင် ဤအရာများအား မည်သို့ ပြန်လည် ရေတွက်ရမည်နည်း။ မနေ့ကဆိုလျှင် သူသည် အလွန် ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။ ရေတွက်ပြီးနောက် ဖခင်ဖြစ်သူမှ သူ့အား အလွန် ဉာဏ်ကောင်းပြီး ချက်ချင်း တတ်မြောက်သည်ဟုပင် ချီးကျူးခဲ့သေးသည်။
"နင်ကိုယ်တိုင်တောင် မတတ်သေးဘဲနဲ့ အခြားလူတွေကို သင်ပေးနေသေးတယ် ငါ နင့်ကို ပြောနေတာ နင် ငါတို့ အားယွီလေးကို အမှားတွေ သင်ပေးနေတယ် နင့်ကိုယ်နင် ပြန်ကြည့်စမ်း အစ်ကို တစ်ယောက်အနေနဲ့ ဘယ်လိုများ နေနေတာလဲ ငါသာ နင့်နေရာမှာဆိုရင် ရှက်လွန်းလို့ သေသွားလောက်ပြီ"
အဖွားအိုဝမ်သည် ခြံဝင်း အတွင်းသို့ ဝင်လာရင်း လှောင်ပြောင်လိုက်ပြီးနောက် ရှက်ရွံ့နေသော ဝမ်အာ့လန်အား ပြောလိုက်လေသည်။
"အသုံးမကျတဲ့ကောင် နင်က ခပ်တုံးတုံး လူကြောင်လေးပဲ ရှိသေးတာကို အပြင်ထွက်ပြီး နင့်ကိုယ်နင် အရှက်လာခွဲရဲသေးတယ် မြန်မြန် အိမ်ကိုပြန်စမ်း"
ဝမ်အာလန်၏ မျက်နှာမှာ ဖြူရော်သွားခဲ့သည်။ သူသည် အရှက်ကွဲသည်ဟု မခံစားရချေ။ အဲဒီအစား သူ အလွန် အပြစ်ရှိသလို ခံစားနေရလေသည်။ သူ အမှန်ပင် အမှား သင်ပေးမိ သွားပုံရသည်။ ညီမလေး အားယွီ သေချာပေါက် မပျော်မရွှင် ဖြစ်နေရတော့မည် ဖြစ်သည်။
"ဖွားဖွား ကိုကို၂ကို မဆူပါနဲ့တော့နော် ကိုကို၂က သိပ်တော်တာပါ ဦးဦး၂က တစ်ခါလေးပဲ သင်ပေးတာကို သူ တတ်သွားတာတဲ့ အားယွီကသာ တုံးတာပါ အားယွီက အကြာကြီး သင်ယူနေရတာလေ"
အားယွီလေးက အဖွားအိုဝမ်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်လေသည်။
"ကိုကို၂ ပြန်သင်ယူ ပြီးသွားရင် သေချာပေါက် အများကြီး ပိုတော်လာမှာပါ"
ဝမ်အာလန်မှာ ချက်ချင်းပင် စိတ်လှုပ်ရှား သွားရလေသည်။ ကြိုးကြိုးစားစား စာကျက်ရန် သူ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ နောက်တစ်ကြိမ်တွင် ဤကဲ့သို့သော အမှားမျိုးကို သေချာပေါက် ထပ်လုပ်တော့မည် မဟုတ်သကဲ့သို့ အားယွီအား အမှားများ သင်ယူစေခြင်းမျိုး လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
အဖွားအိုဝမ်မှာ သူ့အား ဂရုမစိုက်နိုင်တော့ချေ။ သူမသည် သူ့အား လွှတ်လိုက်ပြီး သမားတော်ဟူထံသို့ သွားလိုက်လေသည်။ သမားတော်ဟူမှ တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဝမ်သခင်မ ဒီ စစ်ယဲ့ယီကျိဟွားက အထူးတလည်ကို တန်ဖိုးကြီးလွန်းပါတယ် အကယ်၍ မှန်မှန်ကန်ကန်သာ ရောင်းချနိုင်မယ်ဆိုရင် ဈေးနှုန်းက ထရက်ဖဲလ်တွေထက်တောင် ပိုပြီး စျေးမြင့်မြင့် ရနိုင်တယ် အဲဒီနေရာမှာ နောက်ထပ် ရှိဦးမလားဆိုတာ ကျုပ် သိချင်တယ် လိုရမယ်ရ ကျုပ် အနည်းငယ်လောက် ပြင်ဆင်ထားရမယ်"