← Chapters

စာပေသင်အံ့ခြင်းနှင့် သိုင်းပညာသင်ယူခြင်း

Vol. 8 Ch. 115

စာပေသင်အံ့ခြင်းနှင့် သိုင်းပညာသင်ယူခြင်း

Vol. 8 Ch. 115

သမားတော်ဟူမှာ ပွင့်လင်းသူဖြစ်ကာ အဖွားအိုဝမ်မှာလည်း ပြတ်သားသူ ဖြစ်ရာ သူတို့နှစ်ဦးမှာ အစီအစဉ်တစ်ခုအား လျင်မြန်စွာပင် ဆွေးနွေးနိုင်ခဲ့ကြသည်။

အားယွီလေးမှာမူ မည်သည့်အရာများ ဖြစ်နေမှန်း နားမလည်သော်လည်း သူမ ရှာတွေ့ခဲ့သောအရာမှာ အလွန်ပင် အသုံးဝင်ကြောင်းကိုမူ သိရှိထားလေသည်။ ၎င်းအား ငွေရအောင် ရောင်းချနိုင်ပြီး လူနာများကိုလည်း ကုသရာတွင်လည်း အသုံးပြုနိုင်သည် မဟုတ်ပါလော။

"နတ်သူငယ်လေး ဒါတွေကို အထဲမှာ ပြန်စိုက်လို့ရမလားဟင်"

အားယွီလေးမှ ရုတ်တရက် အတွေးပေါက်ကာ မေးလိုက်လေသည်။

[နောက်ဆုံးတော့ မင်း စိုက်ဖို့ သတိရလာပြီပေါ့]

[ပြီးခဲ့တဲ့တစ်ခေါက်က ထရက်ဖဲလ်မှိုကိုတော့ စိုက်လို့မရဘူး ဒါပေမဲ့ ဒီ စစ်ယဲ့ယီကျိဟွားကိုတော့ စမ်းကြည့်လို့ရတယ် ဟိုဘက်ကိုသွားပြီး မျိုးစေ့လေးတွေ သွားခူးလိုက်အုံး]

အားယွီလေးသည် စစ်ယဲ့ယီကျိဟွား ပုံကြီးနားသို့ လျှောက်သွားလိုက်လေသည်။ သူမသည် မျိုးစေ့မှာ မည်သို့ပုံစံရှိသည်အား မသိသလို အသားလုံးလေးမှာလည်း တကယ်တမ်း၌ မသိပါချေ။

ထို့ကြောင့် အားယွီလေးသည် အမည်းရောင်ဥငယ်လေး အနည်းငယ်နှင့် အပေါ်မှ ပန်းပွင့်လေးများကိုသာ ခူးယူလိုက်လေသည်။ ထို့နောက် အခြားသူများ သတိမထားမိခင်မှာပင် သူမ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ထိုမှတစ်ဆင့် ဟန်ဆောင်ကာ နေရာလွတ်အိတ် ထဲသို့ ထည့်လိုက် လေတော့သည်။

အဖွားအိုဝမ်မှာ မျက်လုံးထောင့် မှနေ၍ ထိုမြင်ကွင်းအား တိုက်ဆိုင်စွာ မြင်တွေ့သွားခဲ့လေသည်။ သူမသည် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ သမားတော်ဟူ၏ အမြင်အာရုံအား ကွယ်စေရန် ကိုယ်ဟန်ကိုပင် ရွှေ့လျှက် ကာပေးလိုက်သည်။

"ဒါဆို ဒီလိုပဲ လုပ်ကြတာပေါ့ ပြီးခဲ့တဲ့ တစ်ခေါက်လိုပဲ ငွေရတာနဲ့ ကျုပ် ခင်ဗျားဆီ ပို့ပေးလိုက်ပါ့မယ်"

ဟု သမားတော်ဟူမှ ဆိုလေသည်။

"ကျေးဇူးပါပဲ"

အဖွားအိုဝမ်သည် စကားပြောဆို ပြီးနောက် အားယွီလေး၏ လက်အား ဆွဲကာ အိမ်သို့ ပြန်လာခဲ့လေသည်။ လမ်းတွင် အဖွားအိုဝမ်အား အမြဲတမ်း အမြင်မကြည်သော အကြီးအကဲမာနှင့် ဆုံမိကြလေသည်။

အကြီးအကဲမာသည် အမျိုးသမီးများမှ ဦးဆောင်သည်အား အလွန်ပင် မုန်းတီးသူ တစ်ဦး ဖြစ်သည်။ အမျိုးသမီးဆိုသည်မှာ ခင်ပွန်းအား ဝိုင်းဝန်းကူညီကာ ကလေးများကိုသာ ပြုစု စောင့်ရှောက်သင့်သည်ဟု သူ ခံယူထားခြင်း ဖြစ်သည်။ အကယ်၍ မည်သည့် မိသားစုတွင် မဆို ခင်ပွန်းဖြစ်သူမှ ဇနီးအား မနိုင်နင်းပါမူ သူသည် ထိုသူကိုပါ အထင်အမြင် သေးတတ်သေးသည်။ အသုံးမကျသော ယောကျ်ားများသာ ထိုသို့ဖြစ်သည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။

ထို့ကြောင့် အဖွားအိုဝမ်အား အဝေးမှ မြင်လိုက်ရချိန် ကတည်းမှ သူသည် မျက်နှာကြီး ဆူပုပ်နေလေတော့သည်။ အဖွားအိုဝမ် အနားသို့ ရောက်လာသည်နှင့် အေးစက်စက် နှာခေါင်းရှုံ့ပြရန် သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"မင်္ဂလာပါ ဘိုးဘိုးမာ"

အားယွီလေးသည် သူ့အား အဝေးမှနေ၍ ချိုသာစွာ နှုတ်ဆက်လိုက်လေသည်။ ထိုအပြုံးလေးမှာ အလွန်ပင် တောက်ပ လွန်းလှသည်။ သူ၏ ဦးခေါင်းပေါ်မှ နေရောင်ခြည် ထက်ပင် ပို၍ တောက်ပနေသယောင် ရှိလေသည်။ အကြီးအကဲမာ၏ မျက်နှာထားမှာ တောင့်ခဲသွားခဲ့ကာ ဆက်၍ တင်းမထားနိုင်တော့ဘဲ သူ၏ အကြည့်များမှာ အလိုအလျောက် နူးညံ့သွားရတော့သည်။

"အင်း"

‘ဘယ်လောက်တောင် လိမ္မာတဲ့ ကလေးလေးလဲ’

သူသည် ဤကလေးငယ်လေးအား လန့်သွားစေရန် လုံးဝ မလုပ်ရက်တော့ချေ။ အကြီးအကဲမာသည် သူ၏ ကိုယ်ပေါ်တွင် စမ်းသပ်ကြည့်ကာ သကြားလုံးတစ်လုံး ထုတ်ပေးချင်သော်လည်း သူသည် မည်သည့်အခါမျှ သကြားလုံး ဆောင်လေ့ မရှိသဖြင့် ပေးစရာ မည်သည့် အရာမှ မရှိဖြစ်နေခဲ့သည်။

‘ဆေးတံအိတ်ကြီးကိုပဲ ပေးလိုက်ရမလား’

"ဘိုးဘိုးမာ သမီး သစ်သီးလေးတွေ ပေးမယ်နော် သမီး အခုပဲ ခူးလာတာ အားယွီ စားကြည့်ပြီးပြီ အရမ်းချိုတာပဲ"

အားယွီလေးသည် သူမ၏ အိတ်ကပ်ထဲမှ တောလိမ္မော်သီးများအား ထုတ်ယူကာ အရောင်အလှဆုံး ရွှေရောင်သီး နှစ်လုံးကို ရွေးချယ် ပေးလိုက်လေသည်။

ရွာထဲ၌ လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ အားယွီလေးသည် သစ်သီးစားရသည်ကို အနှစ်သက်ဆုံး ဖြစ်သော်လည်း သူမ သဘောကျသော သူများကိုမူ သစ်သီးများ ဝေမျှ ပေးတတ်ကြောင်း အကြီးအကဲမာ သိရှိထားလေသည်။ သာမန်လူများ ဆိုလျှင် သူမသည် ပေးချင်မှ ပေးတတ်ခြင်း ဖြစ်သည်။

အကြီးအကဲမာသည် သစ်သီးလေးများကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း မည်သို့သော မျက်နှာထားမျိုး ထားရမည်မှန်း မသိဖြစ်နေလေတော့သည်။

"ဘာဟန်တွေ ဆောင်နေတာလဲ မစားချင်ရင်လည်း ပြန်ပေးလိုက် ကလေးစားဖို့တောင် မလောက်ဘူး"

အဖွားအိုဝမ်မှ ထိုမြင်ကွင်းအား မြင်သောအခါ အကြီးအကဲမာမှ သစ်သီးကို ရွံရှာနေသည်ဟု ထင်မှတ်ကာ ပြန်လုရန် ပြင်လိုက်လေသည်။ သူမကိုယ်တိုင်လည်း ထိုအသီးအား စားလေ့မရှိသော်လည်း အားယွီလေး ပေးသောအရာကိုမူ သူတစ်ပါးမှ အဖတ် မလုပ်သည်ကိုမူ သူမ မကြည့်ရက်နိုင်ပါချေ။

"ဒီအဘွားကြီး ဘာဖြစ်နေတာလဲ လူကြီးမိဘကို ရိုသေရမှန်း မသိဘူးလား ပြီးတော့ နင်က မိန်းမတစ်ယောက်ပဲ ဘာအမူအရာတွေ ဖြစ်နေတာလဲ ဘယ်သူက မကြိုက်ဘူးလို့ ပြောလို့လဲ ငါ ကြိုက်တယ်ဟေ့"

အကြီးအကဲမာသည် အဖွားအိုဝမ်၏ ရှေ့တွင်ပင် သစ်သီး တစ်လုံးအား ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ ဝါးစားပြလိုက်လေတော့သည်။ ထို့နောက် သူသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်နှစ်ဖက်ကို အနောက်ပစ်ကာ ထွက်ခွာသွားလေတော့သည်။ သူ၏အနောက်တွင် အားယွီလေးမှ ချိုသာစွာ နှုတ်ဆက်လျှက် ကျန်ရစ်ခဲ့လေသည်။

"ဘိုးဘိုးမာရေ တာ့တာ"

အကြီးအကဲမာမှ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"ဒီကလေးမလေးက မဆိုးဘူးပဲ"

ရွာထဲတွင် ဤမျှ လိမ္မာယဉ်ကျေးသော ကလေးမျိုးအား တွေ့ရခဲလှပေသည်။ ကံမကောင်းသည်မှာ မိန်းကလေး ဖြစ်နေခြင်းပင် ဖြစ်သည်။ အဖွားအိုဝမ်မှာမူ အကြီးအကဲမာ မည်သည့်အရာများ တွေးသည်အား ဂရုမစိုက်ပေ။ စကားတစ်ခွန်း ပြောပြီးသည်နှင့် ထိုကိစ္စအား မေ့ပျောက်လိုက်လေတော့သည်။

အားယွီလေးမှ,မူ ဘွားဘွားသည် ဘိုးဘိုးမာအား သဘောမကျသလို ဘိုးဘိုးမာသည်လည်း ဘွားဘွားအား သဘောကျပုံမရဟု ခံစားမိလေသည်။

‘ထားလိုက်ပါတော့လေ လူကြီးတွေဆိုတာ အမြဲတမ်း ဒီလိုပါပဲ တစ်ခါတစ်လေကျတော့လည်း တစ်ယောက်ကို တစ်ယောက် မုန်းနေကြပြီး နောက်တစ်ခဏကျတော့လည်း အတူတူ စကားပြောနေကြပြန်ရော’

သူမလေးမှာမူ သူတို့နဲ့ မတူချေ။ အကယ်၍ သူမသာ တစ်ယောက်ယောက်အား မုန်းသွားခဲ့လျှင် လုံးဝ စကားမပြောတော့ချေ။ သူမလေးသည် ကိုယ်ပိုင်မူဝါဒ ရှိတဲ့ အားယွီလေးပင် ဖြစ်သည်။

[မင်း မေ့သွားပြီထင်တယ် အားယွီ ကိုကိုနဲ့ နောက်တစ်ခါ ဘယ်တော့မှ မဆုံတော့ဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ နောက်ဆုံးတော့ မကြာခင်မှာပဲ သူ့ကို သွားရှာခဲ့တာ မဟုတ်ဘူးလား]

‘ဒါကို မူဝါဒရှိတယ်လို့ ခေါ်တာလား’

စစ်ယဲ့ယီကျိဟွား ပန်းများအား စိုက်ပျိုးရန် အလုပ်ရှုပ်နေသော အသားလုံးလေးသည် အချိန်လုကာ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

"အားယွီ မကြားဘူး အားယွီ မကြားဘူး"

အားယွီလေးသည် သူမ၏ နားနှစ်ဖက်အား လက်ဖြင့် အတင်းပိတ်ကာ ဟန်ဆောင် နေလေတော့သည်။ အဖွားအိုဝမ် ဝမ်မိသားစုအိမ်သို့ ပြန်ရောက်သောအခါ အိမ်ရှိ ယောကျ်ားလေးများသည် စစ်ယဲ့ယီကျိဟွား အကြောင်းအား လူတိုင်းအား ပြောပြထားပြီး ဖြစ်ကြောင်း သိလိုက်ရလေသည်။ သူမမှ အားယွီလေးသည် မိသားစု အတွက် ငွေအချို့ ရှာပေးနိုင်ခဲ့ကြောင်းကိုသာ ခပ်သာသာလေး ထည့်ပြောလိုက်တော့သည်။

"တကယ်လို့ ငွေတွေသာ ရောက်လာမယ်ဆိုရင် ငါတို့ မိသားစု အခြေအနေ နည်းနည်း ပြောင်းလဲသွားလိမ့်မယ်"

ဟု အဖွားအိုဝမ်က ဆိုသည်။

"အရင်ကတော့ နင်တို့တွေ လက်ရှိ ဘဝမှာပဲ ပျော်ပျော်ပါးပါး နေချင်ကြမယ်လို့ ငါ ထင်ခဲ့တာ ဒါပေမဲ့ မိသားစုမှာ ငွေရှိနေရက်နဲ့ တစ်သက်လုံး ရွှံ့နွံတွေကြားမှာပဲ ရုန်းကန်နေရမယ်ဆိုရင်တော့ ဒါက မဟုတ်သေးဘူး"

သားဖြစ်သူများမှာ နားမလည်နိုင် ဖြစ်သွားကြလေသည်။ သူတို့မိခင်သည် မည်သည်ကို ဆိုလိုချင်မှန်း သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။ အခု ငွေရှိပြီဆိုလျှင်ပင် မည်သည့်အတွက် မြေကြီးနှင့် ကင်းကွာ နေရမည်နည်း။

"ဒါ ငါလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်ပဲ ငွေတွေ ရောက်လာရင် အပိုင်းအနည်းငယ် ခွဲလိုက်မယ် အချို့ကိုတော့ မိသားစုထဲက ကလေးတွေ လက်ထပ်ဖို့ အတွက် အရံငွေအဖြစ် သိမ်းထားမယ် အထူးသဖြင့် တလန်ပေါ့ သူက ဒီနှစ်မှာ ၁၆ နှစ် ရှိပြီ လက်ထပ်ရမယ့် အရွယ်ရောက်နေပြီဆိုတော့ သူ့အတွက် မိန်းမရှာပေးရတော့မယ် အချိန်မီမယ်ဆိုရင် ရှေ့နှစ်ထဲမှာပဲ သူ လက်ထပ်လို့ ရလိမ့်မယ် ကျန်တဲ့ ကလေးတွေကလည်း တဖြည်းဖြည်း ကြီးလာကြပြီ လက်ထပ် ထိမ်းမြားတယ်ဆိုတာ တကယ်ကို စရိတ်ကြီးတယ် ငါတို့ ဒီအတိုင်း ငိုင်နေမယ့်အစား ပိုင်ဆိုင်မှု အချို့ကို အရန်သင့် သိမ်းထားတာက ပိုကောင်းလိမ့်မယ်”

“ဒါပေမဲ့ ငါတို့ရဲ့ ချမ်းသာကြွယ်ဝမှုက နာမည်ဂုဏ်သတင်းနဲ့ မလိုက်ဖက်ဘူးဆိုရင် ပိုင်ဆိုင်မှုတွေ ရှိနေတာက မကောင်းဘူး နောက်ဆုံးမှာတော့ အားနည်းချက်တွေ ရှိနေဦးမှာပဲ ဒါကြောင့်ပဲ ဒုတိယကောင်ကို တော်ဝင်စာမေးပွဲ ဖြေခိုင်းတာ ဒါဟာ မိသားစုအတွက် လမ်းစသစ်တစ်ခု ထပ်တိုးလိုက်တာပဲ”

“ဒါ့အပြင် ဘေးအိမ်က ချီကျားနဲ့လည်း ငါ သဘောတူထားပြီးပြီ သူက နောက်သုံးလ အတွင်း နင်တို့ကို သိုင်းပညာ သင်ပေးလိမ့်မယ် အခြေခံ ဘယ်လောက်ရမလဲ ဆက်ပြီး ဇွဲကောင်းကောင်းနဲ့ သင်နိုင်မလားဆိုတာကတော့ နင်တို့အပေါ်မှာပဲ မူတည်တယ်"

အဖွားအိုဝမ်သည် သူမ၏ မိသားစုဝင်များ၏ ကွဲပြားခြားနားသော မျက်နှာထားများအား ကြည့်ရင်း သူမ၏ အစီအစဉ်များအား ဆက်ပြောပြလိုက်သည်။

"သွားပြီး သေချာ စဉ်းစားကြ နောက်နှစ်ရက် အတွင်း ငါ့ကို အဖြေပေးကြ နင်တို့က သိုင်းပညာ သင်ချင်တာလား စာပေ သင်ချင်တာလား သိုင်းသင်တန်းကတော့ ဘေးအိမ်မှာတင် ရှိတယ် စာသင်ချင်တယ် ဆိုရင်တော့ အကြီးအကဲဟူရဲ့ အိမ်ကို အရင်သွားကြ နင်တို့ရဲ့ ဦးလေး၂ အပါအဝင်ပေါ့ ငါတို့ မိသားစုထဲမှာ အနည်းဆုံး ပညာတတ် တစ်ယောက်တော့ ရှိရမယ်"

ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်သွားချေပြီ။ ဝမ်မိသားစုမှာ သူတို့၏ အဘွားအိုတွင် ဤမျှလောက် အထိ အမြော်အမြင် ကြီးမားသော အစီအစဉ်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

သူတို့သည် တော်ဝင်စာမေးပွဲအတွက် စာကျက်ရန် ဝေးစွ။ သိုင်းပညာ သင်ယူရန်ပင် တစ်ခါမျှ မတွေးဖူးခဲ့ကြချေ။ ဤအရာ နှစ်ခုစလုံးမှာ သူတို့၏ ဘဝနှင့် အလွန်တရာ ဝေးကွာလှသည်ဟု ထင်မြင်ခဲ့ကြခြင်း ဖြစ်သည်။

တစ်ဖက်တွင်မူ အဒေါ်ကျန်းမှာမူ အနည်းငယ် ပျော်ရွှင်နေခဲ့သည်။ သူမ၏ ခင်ပွန်းမှာ အသက်ကြီးနေပြီ ဖြစ်သော်လည်း ယောက္ခမဖြစ်သူမှ တော်ဝင်စာမေးပွဲဖြေရန် ထောက်ပံ့ပေးနေခြင်းမှာ ငွေအား ဖြုန်းတီးရာ မရောက်ပေဘူးလား။ ထိုငွေအား အိမ်ရှိ ကလေးများကို ပေး၍ စာသင်ခိုင်းခြင်းသည် ပို၍ ကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူတို့သည် အနည်းငယ် တတ်မြောက်သွားနိုင်သည် မဟုတ်ပါလော။

သို့သော်လည်း တော်ဝင်စာမေးပွဲသို့ သွားရာလမ်း၌ အလွန်ခက်ခဲကာ ကုန်ကျစရိတ်လည်း များလှပေသည်။ အတိတ်ကာလများတွင် အကြီးအကဲဟူ၏ ပြောပြချက်များ အရ မြို့တစ်မြို့မှ ပညာတတ်တစ်ဦး ထွက်ပေါ်လာရန်ပင် မလွယ်ကူလှချေ။ အများစုမှာ ငွေကြေး ချို့တဲ့မှုနှင့် ပါရမီ မပါမှုကြောင့် ပြုတ်ကျ ကျန်ရစ်ခဲ့ကြရခြင်း ဖြစ်သည်။

အကယ်၍ သိုင်းပညာကိုသာ သင်ယူမည်ဆိုပါက ကောင်းကောင်း တတ်မြောက်သည် ဖြစ်စေ မတတ်မြောက်သည် ဖြစ်စေ သင်ယူထားခြင်းသည်ပင် ဂုဏ်အရည်အချင်း တစ်ခု ဖြစ်စေသည်။ နောင်တစ်ချိန်တွင် အလုပ်အကိုင် ရှာဖွေရာ၌ သက်တော်စောင့် တစ်ဦး အဖြစ် လုပ်ကိုင်နိုင်ခြင်းသည် စားသောက်ဆိုင်တွင် အလုပ် လုပ်ရခြင်းထက် အများကြီး ပို၍ ကောင်းမွန်ပေလိမ့်မည်။ အဖွားအိုဝမ် စကားပြောပြီးသည်နှင့် ဝမ်ဝူလန်မှ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"ဖွားဖွား ကျွန်တော် ရွေးလိုက်ပြီ ဘေးအိမ်မှာ သိုင်းပညာ သွားသင်ချင်တယ် သင်ပြီးသွားရင် စစ်တပ်ထဲ ဝင်ပြီး စစ်သူကြီး ဖြစ်အောင် လုပ်မယ် အဲဒီကျရင် ဘယ်သူမှ ကျွန်တော်တို့ မိသားစုကို အနိုင်မကျင့်ရဲတော့ဘူး"

"ဘာ နင်က စစ်တပ်ထဲ ဝင်ချင်တယ် ဟုတ်လား"

အဒေါ်ကျန်းမှာ တစ်ကမ္ဘာလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"နင်က စစ်တပ်ထဲ ဝင်ချင်သေးတယ်ပေါ့ နင့်အမေကို စိတ်ဆိုးပြီး သေအောင် လုပ်နေတာလား"

အဒေါ်ကျန်းမှာ အဖွားအိုဝမ်၏ ရှေ့တွင်ပင် အော်ဟစ်မိသွားတော့သည်။ ထို့နောက် သူမသည် အဖွားအိုဝမ်အား မျှော်လင့်တကြီး ကြည့်လိုက်မိသည်။

"အမေ ကျွန်မတို့ ဘာသာ ဆုံးဖြတ်လိုက်ပါပြီ ကျွန်မတို့ အားလုံး စာပေပဲ သင်ယူကြမယ် အထူးသဖြင့် ဝူလန်ပေါ့ သူက ကျွန်မတို့ မိသားစုကနေ ပညာတတ် တစ်ယောက် ဖြစ်လာအောင် သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်"

ဝမ်ဝူလန် တစ်ယောက် ဆွံ့အသွားရလေသည်။ အကြီးအကဲဟူအားတွေးမိလိုက်သည်နှင့် သူ၏ ကမ္ဘာကြီး မှောင်မိုက် သွားသကဲ့သို့ ခံစားလိုက်ရ လေတော့သည်။

All Chapters