အားလုံးကို သင်ယူ၍ မရနိုင်ပါ
Vol. 8 Ch. 116
အဖွားအိုဝမ်သည် သူမ၏ လုပ်ဆောင်ချက်များအား မည်သည့်အခါမျှ ရှင်းပြလေ့မရှိချေ။ ယခုတစ်ကြိမ်တွင်မူ သူမသည် ဤမျှလောက် အထိ ကျိုးကြောင်း ဆီလျော်သော စကားများအား ပြောဆိုနေခြင်းမှာ သူမအနေဖြင့် ဆုံးဖြတ်ချက် တစ်ခုအား ခိုင်ခိုင်မာမာ ချမှတ်ထားပြီး ဖြစ်ကာ မည်သူမျှ ပြောင်းလဲ၍ မရနိုင်တော့ကြောင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။
ဝမ်မိသားစုမှ ယောကျ်ားလေးများမှာမူ အတော်လေး ပျော်ရွှင်နေကြသည်။ အကြီးအကဲဟူ မှလွဲ၍ သူတို့ရွာတွင် အခြားသော ပညာတတ်ဟူ၍ တကယ်တမ်း မရှိပါချေ။ အကြီးအကဲဟူသည် မိသားစုအတွင်းရှိ ကလေးအချို့အား ကျောင်းထားပေးရန် ထောက်ပံ့ ပေးခဲ့ဖူးသော်လည်း ထိုကလေးများမှာ စာပေနှင့် ပါရမီမပါကြချေ။ ထို့ကြောင့် ငွေကြေးများစွာ ဖြုန်းတီးခဲ့ရသလို အကြီးအကဲဟူမှာလည်း သူတို့အပေါ် အားစိုက် ထုတ်ခဲ့ရရှာသည်။
နောင်တွင်မူ အခြားမိသားစုများသည် သူ့အား သွားရောက် မနှောင့်ယှက် ရဲကြတော့ချေ။ မြေပိုင်ရှင် မိသားစု တစ်ခုသာလျှင် ပညာတတ်တစ်ဦးအား မွေးထုတ်ပေးရန် သတ္တိရှိပေလိမ့်မည်။ အိမ်ရှိ ကလေးများအား လွှတ်လိုက် ပြီးနောက် အဖွားအိုဝမ်၏ သားများနှင့် ချွေးမများမှာမူ သူမအား ဝိုင်းအုံလာကြတော့သည်။
"အမေ ကျွန်မတို့ ဒီတစ်ခေါက် တကယ်ပဲ ချမ်းသာတော့မှာလားဟင်"
အိမ်ရှိ ကလေး အားလုံးကို ကျောင်းထားခြင်း သို့မဟုတ် သိုင်းပညာ သင်ခိုင်းခြင်းမှာ သာမန်ကိစ္စ မဟုတ်ပေ။ အနည်းဆုံးမူ ငွေစင် ရာနှင့် ထောင်နှင့် ချီ၍ မရှိဘဲ ဤကဲ့သို့သော အတွေးမျိုးကို မည်သူမျှ မတွေးရဲကြချေ။
အဖိုးအိုဝမ်မှာမူ မိသားစုမှ ပေးဆပ်ရန် ရှိသော အကြွေးများ အကြောင်းအား တွေးနေမိလေသည်။ အကြွေးရှင်များသည် သူတို့အား အတင်းအကျပ် မတောင်းကြသေး သော်လည်း ပေးရန်မှာ သူတို့တာဝန်ပင် ဖြစ်သည်။ အဖိုးအိုဝမ်၏ အတွေးအရ မိသားစုတွင် ငွေရှိလာပါက ပထမဆုံး အနေဖြင့် အကြွေးများအား အရင်ဆပ်စေပြီး မိသားစုအား ဂရုစိုက်သင့်သည်ဟု ယူဆထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ဇနီးဖြစ်သူမှ ဆုံးဖြတ်ပြီး ဖြစ်လေရာ သူသည် ကလေးများ၏ ရှေ့တွင် သူမအား ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
အားယွီလေးသည်လည်း သူမ၏ ကိုကိုများ နောက်သို့ လိုက်ပါသွားခဲ့လေသည်။ ဝမ်ဝူလန်၏ မျက်နှာမှာ ညှိုးငယ်နေခဲ့ကာ ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ဟူမိသားစုရွာတွင် ကလေးများသည် အကြီးအကဲဟူအား အနည်းငယ် ကြောက်ရွံ့ကြလေသည်။ ထို့အပြင် အခြားသော အဘိုးအိုများနှင့် လူကြီးများအားလည်း ကြောက်ကြသေးသည်။ သို့သော် တတိယမြောက် မိသားစုခွဲမှာ စာပေသင်ယူရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ သူတို့ မည်မျှပင် ရုန်းကန်စေကာမူ တားဆီး၍ မရနိုင်တော့ချေ။ ဝမ်ဝူလန်သည် သူ၏ အစ်ကိုများအား မျက်ရည်စက်လက်ဖြင့် ပြောလိုက်လေသည်။
"ငါသာ ငရဲထဲ မဆင်းရင် ဘယ်သူဆင်းမလဲ သွားကြစမ်းပါ ငါ့ရဲ့ စစ်သူကြီး ဖြစ်ချင်တဲ့ အိပ်မက်ကို မင်းတို့ပဲ အကောင်အထည် ဖော်ပေးကြတော့"
ဝမ်အာလန်မှ ခေါင်းခါယမ်းလိုက်သည်။
"ငါလည်း စာပေပဲ သင်ချင်တယ် အဖေ့ဆီကနေ သင်ယူမယ်"
ယခင်တွင် အားယွီအား အမှားသင်ပေးမိခဲ့သည်ကို သူ အမြဲတွေးနေမိခဲ့ခြင်း ဖြစ်သည်။ သူသည် စာပေလေ့လာမှုတွင် တစ်ခုခု အောင်မြင်မှု မရမချင်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သူသည် ညီမလေး အတွက် စံပြပုဂ္ဂိုလ်ကောင်း တစ်ယောက် ဖြစ်ရပေမည်။
ဝမ်တလန်မှာမူ ဂရုမစိုက်လှချေ။ သူ စာသင်ရသည် ဖြစ်စေ မသင်ရသည် ဖြစ်စေ ကိစ္စမရှိပေ။ အဲဒီအစား သူသည် လက်ထပ်ထိမ်းမြားမှု အပေါ် ပို၍ စိတ်ဝင်စားနေပုံ ရလေသည်။ မိသားစု၏ အလုပ်များ ပြီးစီးသွားပါက သူ့အတွက် မိန်းမရှာပေးကြလိမ့်မည် ဖြစ်သည်။ မည်သည့် မိန်းကလေး ဖြစ်မည်နည်းဟု သူ တွေးနေမိခြင်း ဖြစ်သည်။
တကယ်တမ်းတွင် ထိုမိန်းကလေးသည် သူ၏ မိခင်ကဲ့သို့ ဖြစ်နေလျှင် ကောင်းပေမည်။ သူမသည် နူးညံ့ သိမ်မွေ့ပြီး ကြင်နာတတ်သည့် အပြင် အလုပ်အကိုင်လည်း လျင်မြန် ကျွမ်းကျင် လှပေသည်။ သူ၏ ဖခင်အားလည်း အလွန် ရိုသေလေးစားကာ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း အလွန်ပင် ကောင်းမွန်လှသည်။
ညီမလေး အားယွီကဲ့သို့သော မိန်းကလေးမျိုး ဖြစ်နေလျှင်လည်း အဆင်ပြေပါသည်။ အလွန်ဆုံးတွင်မး နောင်တွင် သူသည် အလုပ်များအား ပို၍ ပင်ပင်ပန်းပန်း လုပ်ပေးရုံသာ ရှိလေသည်။ သို့သော် ကံမကောင်းစွာဖြင့် အဘွား ဖြစ်သူနှင့်သာ တူနေမယ်ဆိုလျှင်မူ..
ဝမ်တလန်သည် သူ၏ စိတ်ကူးထဲမှ ပုံရိပ်အား အမြန်ဆုံး မောင်းထုတ်လိုက်ကာ ဆက်၍ မတွေးရဲတော့ချေ။
"အားယွီ နင်ကကော ဘာသင်ချင်လဲ"
ယောကျ်ားလေးများမှာ အကြာကြီး ဆွေးနွေးပြီးမှ အားယွီလေးအား လျစ်လျူ ရှုထားမိကြောင်း သတိရသွားကြတော့သည်။ အားယွီလေးမှာ ဝေခွဲမရဖြစ်နေခဲ့ကာ ခေါင်းခါယမ်းလိုက်မိသည်။
"သမီးလည်း မသိဘူး နှစ်ခုစလုံး သင်လို့ရမလားဟင်"
တကယ်တမ်းတွင် သူမသည် ဦးလေး ချီကျားထံမှ သင်ယူချင်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားယွီသည် အားယွီကိုကို (ချင်ဟွိုင်) သိုင်းကျင့်နေသည်အား အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ၎င်းမှာ အလွန် ပျော်စရာ ကောင်းသည်ဟု သူမ ခံစားရသည့် အတွက် ဖြစ်သည်။ သို့သော်လည်း သူမသည် စာပေများကိုလည်း သင်ယူချင်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲဟူအား ကြည့်ရသည်မှာ အလွန် ရင်းနှီးဖော်ရွေပုံ ရသောကြောင့် ဖြစ်သည်။ ထိုအရာမှာ ပညာတတ် တစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး ဖြစ်ကြောင်း အဘွားမှ တစ်ခါက ပြောဖူးလေသည်။
အားယွီလေးမှာ ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ မည်သည့်အရာမှန်း မသိသော်လည်း ရွာထဲရှိ လူတိုင်းမှာ အကြီးအကဲဟူအား သဘောကျကြကြောင်း ခံစားမိလေသည်။ သူမသည်လည်း လူအများ၏ ချစ်ခင်မှုအား ရယူလိုသလို အားယွီကိုကို နှင့်လည်း သိုင်းပညာ သင်ယူချင် နေပြန်သည်။ သူမသည် သူမ၏ လက်ချောင်းလေးများအား ပွတ်သပ်ရင်း မရွေးချယ်နိုင် ဖြစ်နေရှာသည်။
"ဟေး ငါကတော့ နင် ဘာမှမစဉ်းစားဘဲ သိုင်းပညာကိုပဲ ရွေးလိမ့်မယ်လို့ ထင်နေတာ"
ဝမ်ဝူလန်က သွားဖြဲပြလိုက်လေသည်။
"နင်က အမြဲတမ်း ချင်ဟွိုင်ရဲ့ ဘေးမှာပဲ ရှိနေတာလေ နင့်ကိုကိုတွေ ကိုတောင် အဖတ်မလုပ်တော့ဘူး အခုကျမှ တကယ်ပဲ ဝေခွဲမရ ဖြစ်နေသေးတယ်ပေါ့လေ"
အားယွီလေးမှ ခေါင်းညိတ် လိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။
"ဒါပေါ့ အားယွီကိုကိုကို သဘောကျတာက တစ်ခု စာသင်ရတာကို သဘောကျတာက တစ်ခုလေ သဘောကျတာချင်း မတူဘူး"
အားယွီလေးသည် အရာရာကို ရောထွေး၍ မရနိုင်ကြောင်း သိရှိထားသည်။ သို့မဟုတ်ပါက အရာရာ ရှုပ်ထွေးသွားပေလိမ့်မည်။
"ကြည့်စမ်း မင်းက ညီမလေး အားယွီလောက်တောင် အသိဉာဏ် မပွင့်လင်းသေးဘူး"
ဝမ်စန်းလန်မှ အကျယ်ကြီး အော်ဟစ် ရယ်မောလိုက်သည်။
"အကြီးအကဲဟူဆီမှာပဲ လိမ်လိမ်မာမာနဲ့ စာပေသင်ယူစမ်းပါကွာ မင်းသာ ခရိုင် စာမေးပွဲကနေ ပြန်လာနိုင်ရင် ငါတို့ မိသားစုရဲ့ မြေဧက ၃၀ က အခွန်ပေးစရာ မလိုတော့ဘူး မင်းသာ စာမေးပွဲ အောင်ပြီး ပညာရှိ ဖြစ်လာမယ်ဆိုရင် ငါတို့မြေတွေ အားလုံးအတွက် အခွန်ပေးစရာ လုံးဝ မလိုတော့ဘူး ငါတော့ မင်းကို အတော်လေး မျှော်လင့်ထားတယ်"
"ငါလည်း မင်းကို မျှော်လင့်ထားတာ ငါတို့နောက်ကို လိုက်ခဲ့စမ်းပါ"
"ဟီးဟီး ငါတော့ အရူးအလုပ် မခံဘူး သိုင်းပညာပဲ သွားသင်မယ် အချိန်တန်ရင် ခန့်ညားထည်ဝါတဲ့ စစ်သူကြီး တစ်ယောက် ဖြစ်လာမှာ အဲဒီကျရင် မင်းတို့တွေ ငါ့ကို မနာလိုဖြစ်ပြီး သေသွားစေရမယ်"
"ဒါကတော့ လွန်သွားပြီ"
ဝမ်ဝူလန်သည် ချက်ချင်း ခုန်ထလိုက်ပြီးနောက် ဝမ်စန်းလန်အား ရိုက်ရန် ကြိုးစားလေတော့သည်။ ဝမ်စန်းလန်မှ လှည့်ပြေးလေရာ အစ်ကိုဖြစ်သူမှ အနောက်မှ လိုက်လေတော့သည်။
ကိုကိုများ စကားပြောရင်း ကစားနေကြစဉ် အားယွီလေးသည် ချင်ဟွိုင်အား သွားရှာလိုက်သည်။ သူမ၏ ကိုကိုများမှာ အားကိုးရပုံ မရသဖြင့် သူမသည် ကိုကိုအားယုကိုသာ မေးမြန်းသင့်သည် မဟုတ်ပါလော။
ချီကျားသည် ချင်ဟွိုင်အား ဝမ်မိသားစုမှ လူအနည်းငယ် သိုင်းပညာ သင်ယူရန် လာရောက်ကြမည့် အကြောင်း တင်ပြနေချိန်နှင့် တိုက်ဆိုင်သွားခဲ့တေ့ာသည်။
"ကျွန်တော် သူတို့ကို သုံးလပဲ သင်ပေးဖို့ ကတိပေးလိုက်ပါတယ်"
ချီကျားမှ သဘောတူလိုက်ရခြင်းမှာ အဓိကအားဖြင့် ဤနေရာ၏ ဓလေ့ထုံးတမ်းများ အတိုင်း လိုက်လျောညီထွေ နေထိုင် လိုသောကြောင့် ဖြစ်သည်။ သူတို့တွင် ဟူမိသားစုရွာ၌ ဆောက်လုပ်ဆဲ အိမ် တစ်လုံးသာ ရှိပြီး မြေယာ သို့မဟုတ် အခြားသော ဆွေမျိုးညာတိ ဟူ၍ မရှိကြပေ။ အချိန်ကြာ လာသည် နှင့်အမျှ ၎င်းမှာ ကောင်းသော လက္ခဏာ မဟုတ်ပါချေ။ ရွာသားများသည်လည်း သူတို့၏ ရည်ရွယ်ချက်အား သံသယဝင် လာကြပေလိမ့်မည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သခင်လေး၏ ရောဂါမှာ ပြန်လည် ထမလာခဲ့ချေ။ ဤနေရာ၏ ရေမြေသည် အာဟာရ ဖြစ်စေသလော သို့မဟုတ် အခြားသော အကြောင်းအရာများ ရှိနေသလော ဆိုသည်ကိုလည်း သူ စုံစမ်းရပေဦးမည်။ သခင်လေးသည် သေခါနီးမှ ခေတ္တခဏ ပြန်လည် လန်းဆန်းလာခြင်း ဖြစ်မည် ဟူသော အတွေးမျိုးကိုမူ ချီကျား တွေးပင် မတွေးရဲပါချေ။
ယခင်တွင် နတ်သမီး ကဲ့သို့သော သမားတော်ကြီးမှ ထို ပြင်းထန်သော ဆေးသည် သခင်လေးအား သုံးလခန့် အသက်ဆက် ပေးထားနိုင်ပြီး နောက်ဆုံး သုံးလ အတွင်း ပုံမှန်လူ တစ်ယောက် ကဲ့သို့ နေထိုင် နိုင်စေလိမ့်မည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း လက်တွေ့တွင်မူ သခင်လေးမှာ မကြာခဏ သွေးအန်နေရဆဲ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းလှပေသည်။
ယခုအခါတွင် သူသည် သိုင်းပညာအား လေ့ကျင့်နိုင်နေပြီ ဖြစ်ရာ ပြောင်းလဲမှုများကို သေးငယ်သည်ဟု မဆိုနိုင်တော့ချေ။ ထို့ကြောင့် ချီကျားသည် ဤနေရာတွင် ပို၍ ကြာကြာ နေထိုင်လိုနေမိခြင်း ဖြစ်သည်။
"သုံးလလား"
ချင်ဟွိုင်၏ မျက်လုံးများတွင် လှောင်ပြောင်သော အပြုံး တစ်ခု ပေါ်လွင်လာခဲ့သည်။ ဟုတ်ပေသည် ပုံမှန် တွက်ချက်မှုများ အရ သူ၏ သက်တမ်းမှာ သုံးလပင် မပြည့်တော့ချေ။ သူ သေဆုံးသွားခဲ့လျှင် သူ၏ ကိုယ်ရံတော် အဖြစ် ချီကျား အနေဖြင့် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ပါချေ။
ချီကျားသည် သခင်လေး၏ မျက်လုံးများထဲမှ အေးစက်မှုအား မြင်တွေ့ လိုက်ရသဖြင့် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကလေးငယ် တစ်ဦး၏ ခေါ်သံအား ကြားလိုက် ရတော့သည်။
"ကိုကိုအားယု ဦးလေးချီကျား အိမ်မှာ ရှိကြလားဟင် မမပြန့်တန် ဘာလို့ အပြင်ထွက်လာတာလဲ ခြေထောက်က နေကောင်းသွားပြီလား"
အားယွီလေးသည် ဝါးခြံစည်းရိုး အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြန့်တန် ထော့နဲ့ထော့နဲ့ဖြင့် ထွက်လာသည်အား မြင်သောအခါ သူမမှ ကူညီပေးချင်နေမိသည်။
ပြန့်တန်မှ အတင်းအကျပ် ပြုံးပြလိုက်လေသည်။
"အားယွီလေးပါလား သခင်လေးနဲ့ ဦးလေးချီကျားတို့ နှစ်ယောက်စလုံး အထဲမှာ ရှိကြတယ် ခဏစောင့်ဦးနော် အစ်မ ခြံစည်းရိုး ဖွင့်ပေးမယ်"
အားယွီလေးမှာ အလွန် ပုလွန်းလှသဖြင့် ဝါးခြံစည်းရိုးမှာပင် သူမထက် ပိုမြင့်နေသေးသည်။ သူမ အကူအညီ လှမ်းခေါ်သောအခါ ဝါးခြံစည်းရိုးအား ဆွဲကိုင်ကာ ခုန်ပေါက်နေလေတော့သည်။ သူမ၏ ဆံပင်မြီးကလေး နှစ်ခုမှာလည်း လိုက်၍ ခုန်ပေါက်နေကြသည်။
"မမပြန့်တန် ခြေထောက်က တကယ်ပဲ နေကောင်း သွားပြီလားဟင်"
အားယွီလေးမှ အဖြေ မရမချင်း ဇွဲကောင်းကောင်းဖြင့် ထပ်မေးနေပြန်သည်။ ပြန့်တန်မှ ပြောလိုက်သည်။
"အများကြီး သက်သာသွားပါပြီ အစ်မတော့ ခြေထောက် ကျိုးသွားပြီလို့တောင် ထင်နေတာ ကံကောင်းလို့ ခြေခေါက်ရုံတင် ဖြစ်သွားတာပေါ့ အထဲမှာ ဝင်ထိုင်နှင့်ဦးနော် အစ်မ ကြက်တွေကို အစာသွားကျွေးလိုက်ဦးမယ်"
ထိုသို့ ပြောပြီးနောက် သူမသည် ကြက်ခြံဆီသို့ ဖြည်းညှင်းစွာ ရွေ့လျား သွားလေသည်။ အားယွီလေး ပေးခဲ့သော ရေတစ်ခွက်သာ မရှိခဲ့လျှင် သူမသည် နာကျင်လွန်းသဖြင့် မလှုပ်မယှက် နေခဲ့ခြင်းသာ မရှိခဲ့လျှင် သူမ၏ ခြေထောက်မှာ သေချာပေါက် ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဝိဉာဉ်စမ်းရေ သည် အရိုးထိခိုက် ဒဏ်ရာများကိုတော့ ပြန်လည် မပြုပြင်ပေးနိုင်ပါချေ။
"အားယွီ ဘာလို့ ဒီကို ရောက်လာတာလဲ"
ချီကျားမှ အားယွီအား ဦးစွာ နှုတ်ဆက်လိုက်လေသည်။
"သမီးမှာ ဦးလေးကို မေးချင်တဲ့ ပြဿနာလေး တစ်ခုရှိလို့ပါ"
အားယွီလေးမှာ အလွန် စိတ်ရှုပ်ထွေးနေပုံရလေသည်။ ထို့နောက် သူမသည် မိသားစုမှ စာပေနှင့် သိုင်းပညာ နှစ်မျိုးစလုံးအား သင်ယူစေချင်နေသည့် အကြောင်းကို ပြောပြလိုက်လေသည်။ ချီကျားမှ ပြန်ဖြေလိုက်သည်။
"မင်းက နှစ်မျိုးစလုံး သင်ချင်တယ်ဆိုမှတော့ နှစ်မျိုးစလုံးကိုပဲ ရွေးလိုက်ပေါ့"
အားယွီလေးက ခေါင်းခါယမ်းပြလိုက်သည်။
"နှစ်ခုစလုံး ရွေးလို့ မရဘူးလေ သမီးတို့ မိသားစုမှာ ပိုက်ဆံမရှိဘူး သမီးက ဘာမှ မရွေးရင်လည်း အဘွားက ဝမ်းနည်းလိမ့်မယ် ဒါပေမဲ့ နှစ်ခုစလုံး ရွေးလိုက်ရင်လည်း သမီးတို့ မိသားစုက ငွေမတတ်နိုင်ဘူးလေ သမီးတို့ မိသားစုက အရမ်းဆင်းရဲတာ"
အားယွီလေးသည် ဝမ်မိသားစုမှာ အလွန် ဆင်းရဲကြောင်းအား တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။ သူတို့သည် ပေါက်စီများကိုပင် ဝယ်မစားနိုင်ကြပါချေ။ သို့မဟုတ်ပါက နတ်သူငယ်လေး မှ သူမအား ငွေရအောင် လယ်ယာ အလုပ်များ ကြိုးစား လုပ်ခိုင်းမည် မဟုတ်ချေ။
အသားလုံးလေးမှာ အားယွီလေးအား ပေါက်စီ ဆိုသည်မှာ ကမ္ဘာပေါ်တွင် အသာမန်ဆုံး အစားအစာ ဖြစ်ကြောင်း ပြောရန် စိတ်မကောင်း ဖြစ်နေမိသည်။ သို့သော်လည်း သူမ၏ ဘဝငယ်လေးတွင် ပေါက်စီများသည်သာ သူမအား ကုစားပေးခဲ့ခြင်း မဟုတ်ပါလော။