← Chapters

လူတိုင်း တပည့်ဖြစ်လာကြခြင်း

Vol. 8 Ch. 117

လူတိုင်း တပည့်ဖြစ်လာကြခြင်း

Vol. 8 Ch. 117

ချင်ဟွိုင်သည် ဤကဲ့သို့သော ရွေးချယ်စရာ မေးခွန်းမျိုးအား တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ် အခြေအနေကြောင့် အတိတ်တွင် သူသည် သိုင်းပညာအား မသင်ယူ နိုင်ခဲ့သောကြောင့် ဖြစ်သည်။ လွန်ခဲ့သော ရက် အနည်းငယ် အတွင်း သူ၏ အခြေအနေ ပိုကောင်း လာသည်ဟု ခံစားရသော အခါမှသာ စတင်၍ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

စာပေ လေ့လာခြင်းနှင့် ပတ်သက်၍မူ သူသည် အသက် နှစ်နှစ်သား အရွယ်ကတည်းမှ စတင်၍ သင်ယူခဲ့ပြီး ဖြစ်သည်။ သူသည် ဉာဏ်ကောင်းသူ ဖြစ်ပြီး သာမန် လူများထက် ပိုမို လျင်မြန်စွာ တတ်မြောက်သော်လည်း ၎င်းအား ဝါကြွားရသည်ကို မနှစ်သက်ပါချေ။ ကံကောင်း ထောက်မစွာဖြင့် သူ၏ ဆရာမှာ စိတ်ရှည်သူ ဖြစ်ပြီး သူ့အား ကောင်းစွာ သင်ကြားပေးခဲ့သည်။

"မင်းက အားလုံးကို သင်ချင်တာလား"

ချင်ဟွိုင်မှ မေးလိုက်သည်။ အဘွား၏ ရှေ့တွင်မူ အားယွီလေးသည် နှစ်မျိုးစလုံး သင်ချင်သည်ဟု မပြောရဲခဲ့ပေ။ သူမ ပြောလိုက်ပါမူ အဘွားမှ သဘောတူမည်ကို သူမ သိသောကြောင့် ကြောက်ရွံ့နေမိသည်။ ထိုအချိန်ကျလျှင် သူတို့ မိသားစုမှာ သေချာပေါက် ပို၍ ဆင်းရဲသွားပေလိမ့်မည်။ သို့သော်လည်း ကိုကိုအားယု၏ ရှေ့တွင်မူ သူမသည် အမှန်အတိုင်း ပြောပြနိုင်ပေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ သမီး သင်ချင်တယ် ဦးလေးချီကျားလိုမျိုး အစွမ်းထက်တဲ့သူ ဖြစ်ချင်တာ"

အားယွီလေးသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် သူမ၏ မျက်လုံးများတွင် ဖော်ပြ၍ မရသော အလင်းတန်းများ လှုပ်ခတ်နေလေသည်။

"နောင်ဆိုရင် သမီး အဘွားနဲ့ တခြားသူတွေကို ကာကွယ်ပေးနိုင်မယ် ဘယ်သူမှ သူတို့ကို ထပ်ပြီး အနိုင်မကျင့်ရဲတော့ဘူး"

အားယွီလေးသည် လူအများမှ သူတို့အား အနိုင်ကျင့်နေသည်ကို နှစ်ကြိမ် တိုင်တိုင် မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သူမ၏ ခွန်အားမှာ ကန့်သတ်ချက် ရှိကြောင်း သူမ သိရှိထားသည်။ လူကြီးများသည် သူမအား လက်ချောင်း တစ်ချောင်းတည်းနှင့်ပင် အနိုင်ယူနိုင်ကြသည် မဟုတ်ပါလော။

သို့သော်လည်း အားယွီလေးသည် ထူးချွန် ထက်မြက်သူ တစ်ယောက် ဖြစ်ချင်နေမိသည်။ သူမသည် သူမ၏ မိသားစုအား အမှန်ပင် ကာကွယ်ပေးချင်နေသည်။ အတိတ်တွ၍် သူမသည် ရဲရင့်ချင်ယောင် ဆောင်ရုံသာ တတ်နိုင်ခဲ့သော်လည်း သိုင်းပညာ သင်ယူပြီးပါမူ ဦးလေးချီကျားကဲ့သို့ အခြားသူများအား ပြန်လည် ချေမှုန်းနိုင်ပေလိမ့်မည် ဖြစ်သည်။ ဘယ်သူမှ သူတို့အား ထပ်မံ၍ အနိုင်မကျင့် ရဲတော့မည်မှာ သေချာလှပေသည်။ ချီကျားမှ မေးလိုက်သည်။

"ဒါဆို ဘာဖြစ်လို့ စာပေတွေကိုကော သင်ချင်ရတာလဲ"

"သမီးက အကြီးအကဲဟူကို သဘောကျတယ် သူက ရွာထဲမှာ အတော်ဆုံး ဘိုးဘိုးပဲလေ"

အားယွီလေးမှာ အခြားသော အကြောင်းပြချက်များအား မပြော နိုင်သော်လည်း အကြီးအကဲဟူအား ကြည့်ရသည်မှာ အခြားသူများနှင့် မတူဘဲ ထူးခြားနေသည်ဟု ခံစားမိလေသည်။ လူကြီးများ၏ စကားအရ ဆိုလျှင် ၎င်းမှာ စာပေရနံ့ ဖြစ်သည်။ စာအုပ်များစွာ ဖတ်ရှုခြင်းမှသာ ရရှိနိုင်သော ကိုယ်ရည်ကိုယ်သွေးမျိုး ဖြစ်ပေသည်။ အားယွီလေးမှ တိုးတိုးလေး ပြောလိုက်လေသည်။

"ကိုကိုအားယုမှာလည်း အဲဒီလိုမျိုး ရှိတယ် ဒါပေမဲ့ နည်းနည်းတော့ လျော့နေသေးတယ်"

ချင်ဟွိုင်သည် သူ့ကိုယ်သူ အဘိုးအိ ုတစ်ယောက်နှင့် မနှိုင်းယှဉ် ချင်သော်လည်း မပြုံးဘဲ မနေနိုင်တော့ချေ။ တကယ်တမ်း၌ ချင်ဟွိုင်သည် စာအုပ်များစွာ ဖတ်ရှုခဲ့ဖူးသော်လည်း သူ၏ အသက်အရွယ်ကြောင့် ဆရာဖြစ်သူမှ အလွန်အမင်း နက်နက်ရှိုင်းရှိုင်း မသင်ကြားပေးခဲ့ပါချေ။

သူသည် စာအုပ်များစွာ ဖတ်ရှုဖူးသူ အဖြစ်သာ သတ်မှတ်နိုင် ပါသေးသည်။ စာအုပ်များ၏ နက်ရှိုင်းသော အဓိပ္ပာယ်များအား သိရှိရန် အတွက်မူ သူ၏ ဗဟုသုတမှာ မလုံလောက်သေးပါချေ။

"မင်း သဘောကျတယ်ဆိုရင် အကုန်လုံး သင်လိုက်ပေါ့"

ချင်ဟွိုင်မှ ခဏနားပြီးမှ ပြောလိုက်သည်။

"သိုင်းပညာ သင်ယူဖို့အတွက် သင်တန်းကြေး ပေးစရာ မလိုပါဘူး”

"သင်တန်းကြေးဆိုတာ ဘာလဲဟင် ပိုက်ဆံလား"

အားယွီလေးမှာ ပျော်ရွှင်သွားရသည်။ သူမသည် အမြတ်အစွန်းလေးများကိုပင် မက်မောတတ်သူ မဟုတ်သော်လည်း တစ်ခုခုအား ပို၍ သင်ယူနိုင်မည် ဖြစ်သောကြောင့်သာ ပျော်ရွှင်နေရခြင်း ဖြစ်သည်။

ချီကျား ကိုယ်တိုင်သည်လည်း ထိုငွေအနည်းငယ်ကို မက်မောသူ မဟုတ်ပါချေ။ အဖွားအိုဝမ်မှ ချီကျားအား ပြောကြားခဲ့သည်မှာ သူတို့သည် ဤနေရာ၏ ထုံးတမ်းစဉ်လာများ အတိုင်း လိုက်နာသင့်သည် ဟူ၍ ဖြစ်သည်။ ဤနေရာရှိ သင်တန်းကြေးမှာ ပုံမှန်အားဖြင့် တစ်ရာသီလျှင် အသား လေးပိဿာနှင့် ဟင်းသီးဟင်းရွက် သုံးမျိုး ဖြစ်သည်။ ပွဲတော်ရက်များတွင်မူ ဆရာအတွက် အပိုဆုကြေးများ ပြင်ဆင်ပေးရလေသည်။

၎င်းမှာ ကျေးလက်ဒေသမှ လူများသည် သိပ်ပြီး စည်းကမ်း မကြီးသောကြောင့်သာ ဖြစ်သည်။ မြို့ပေါ် သို့မဟုတ် ပို၍ ကြီးမားသော ခရိုင်မြို့ကြီးများတွင်မူ သင်တန်းကြေးအား ငွေသားဖြင့်သာ ပေးဆောင်ရကြောင်း သူမ ကြားဖူးထားလေသည်။ ထိုပမာဏမှာလည်း မနည်းလှပါချေ။

ကုန်ကျစရိတ် အများဆုံးအရာမှာ သင်တန်းကြေး မဟုတ်ဘဲ စုတ်တံ မင် စက္ကူနှင့် မင်ကျောက် စသည့် အရာများသာ ဖြစ်သည်။ အထူးသဖြင့် စက္ကူမှာ အလွန် ဈေးကြီးလှပြီး စာရေးရာတွင်လည်း စက္ကူများစွာ ကုန်ကျလေသည်။ အချွေတာဆုံး ကလေး တစ်ဦးပင်လျှင် ကြိုးစား အားထုတ်မှု ရှိမည်ဆိုပါက တစ်လလျှင် ငွေစင် ငါးတေး ခန့် ကုန်ကျပေလိမ့်မည်။ အကယ်၍ ဝမ်မိသားစုမှ ကလေး ရှစ်ယောက်စလုံး စာပေနှင့် သိုင်းပညာ သင်ယူမည်ဆိုပါမူ ကုန်ကျစရိတ်မှာ အလွန်တရာ ကြီးမားလှပေမည်။

ဒုတိယနေ့တွင် ဝမ်မိသားစု၏ အဖွဲ့ဝင် အသီးသီးတို့သည် သူတို့၏ ဖွံ့ဖြိုးတိုးတက်မည့် လမ်းကြောင်းအား အတည်ပြု လိုက်ကြတော့သည်။ အာလန် ဝူလန် လျိုလန် နှင့် ချီလန် တို့သည် စာပေသင်ယူကြမည် ဖြစ်ကာ

တလန် စန်းလန် နှင့် စစ်လန် တို့သည် သိုင်းပညာသင်ယူကြမည်။ အားယွီလေးမှာမူ သဘာဝကျကျပင် အားလုံးကို သင်ယူမည် ဖြစ်သည်။

ရွာထဲရှိ အခြားလူများမှာ အစပိုင်းတွင် မသိရှိကြပါချေ။ သူတို့သည် ဝမ်မိသားစုမှ ကလေးများ အိမ်အနီးအနားတွင်သာ လှည့်လည် နေကြပြီး အပြင်ထွက်၍ မကစားကြသည်ကိုသာ တစ်ခါတစ်ရံ မြင်တွေ့ကြရသည်။

ချင်ဟွိုင်၏ အိမ်အသစ် ဆောက်လုပ် ပြီးစီးချိန် အထိ ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။ ၎င်းမှာ ဝင်ပေါက်နှစ်ခုနှင့် ခြံဝင်းတစ်ခု ပါဝင်သော ရိုးရှင်းသည့် အိမ်တစ်လုံး ဖြစ်သည်။ ပထမဝင်ပေါက်သည် သိုင်းသင်တန်းကွင်းသို့ ဦးတည်နေသည်။ ၎င်းမှာ သာမန် ခြံဝင်းထက် အနည်းငယ် ပို၍ ကျယ်ဝန်းပြီး အတွင်း၌ သစ်သားဖြင့် ပြုလုပ်ထားသော လေ့ကျင့်ရေး ကိရိယာအချို့ ရှိသည်။ ထင်းဂိုဒေါင် မီးဖိုချောင်နှင့် အိမ်သာတို့မှာ အနောက်ဘက်ခြံဝင်းတွင် ရှိကြသည်။ ၎င်းဘေးတွင်လည်း ကျင့်စဉ် ခန်းမတစ်ခု ရှိသေးသည်။

ဤအရာများ အားလုံးမှာ ကြိုတင် စီစဉ်ထားခြင်း ဖြစ်သည်။ ဝမ်မိသားစုမှ လူအနည်းငယ်အား သိုင်းပညာသင်ရန် လက်မခံခဲ့လျှင်ပင် ချီကျားသည် နေ့စဉ်နေ့တိုင်း လေ့ကျင့်ရမည်သာ ဖြစ်သည်။ အဓိက အခန်းများသည် ဒုတိယဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။ အတွင်းဘက်တွင်လည်း သိုလှောင်ခန်း စာကြည့်ခန်း စသည်ဖြင့် အသုံးပြုနိုင်သော အခန်းလွတ်အချို့ ရှိသေးသည်။

တောင်ပေါ်မှ တူးဖော်လာသော ပန်းများနှင့် အပင်များ စိုက်ပျိုးထားသော ခြံဝင်းငယ်လေး တစ်ခုလည်း ရှိသည်။ သာမန် ပန်းများနှင့် အပင်များ ဖြစ်သော်လည်း အချိုးအစားညီစွာ နေရာချ ထားသောအခါ အတော်လေး ခန့်ညားထည်ဝါပုံ ပေါက်နေလေတော့သည်။

အိမ်ဆောက်လုပ် ပြီးစီးသည့်နေ့တွင် ချီကျားသည် ရွာထဲရှိ လူတိုင်းအား ထမင်းကျွေးရန် ဖိတ်ကြားခဲ့လေသည်။ သူသည် ကုန်ကျစရိတ် အားလုံးကို ကျခံခဲ့ပြီး မြို့ပေါ်မှ အခြောက် လှန်းထားသော ဟင်းသီးဟင်းရွက် အချို့အား ဝယ်ယူရန် လူလွှတ်ခဲ့သေးသည်။ စားသောက်ဆိုင်မှလည်း အစားအသောက် အချို့ကို မှာယူခဲ့ပြီး စားပွဲဝိုင်း အနည်းငယ် ပြင်ဆင်ခဲ့လေသည်။ ထို့တိုင် ရွာလူကြီးဟူမှ အစပိုင်းတွင် သဘောမတူခဲ့ချေ။

"ဒါက သိပ်ပြီး ကုန်ကျစရိတ် များလွန်းပါတယ် ရွာထဲမှာ လူတွေက ဒီလောက် အများကြီး ရှိတာ လူတိုင်းက တစ်လုတ်စီ စားမယ်ဆိုရင်တောင် ဒါက အကုန်အကျ သိပ်များလိမ့်မယ် မင်းတို့ရဲ့ စေတနာ ရှိနေရင်တင် လုံလောက်ပါပြီ”

"ကျွန်တော်တို့ ရွာထဲမှာ နေလာတာ ရက်အတော် ကြာပါပြီ ရွာသားတွေရဲ့ စည်းလုံးမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ် သခင်လေးနဲ့ ကျွန်တော်က ဒီနေရာကို သိပ်သဘောကျနေတာ ပြီးတော့လည်း ဒီမှာ အကြာကြီး နေထိုင်သွားချင်ပါတယ် ဒီအခွင့်အရေးကို အသုံးချပြီး ရွာသားတွေနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ချင်တာပါ အကယ်၍ ရွာလူကြီးက ဒါကို မသင့်တော်ဘူးလို့ ထင်ရင် နောင်မှာ ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး"

"အိုင်ယား မင်းကလည်း ဘာတွေ ပြောနေတာလဲ မင်းတို့အိမ်က ဒီမှာ ဆောက်ထား ပြီးပြီဆိုမှတော့ မင်းတို့ကို ဟူမိသားစု ရွာသား တစ်ဝက်လို့ သတ်မှတ်လို့ ရနေပါပြီ မင်းတို့က ကျွေးမွေး ဧည့်ခံခြင်း မပြုရင်တောင် လူတိုင်းက မင်းတို့ကို ကိုယ့်ရွာသားလို့ပဲ သဘောထားကြမှာပါကွာ"

ရွာလူကြီးဟူသည် သဘောမတူ လိုသေးသော်လည်း ၎င်းမှာ ချီကျား၏ စေတနာတစ်ခု ဖြစ်ကြောင်း သူ သိရှိထားပေသည်။ အနည်းဆုံးတွင် ထိုစကားများမှာ သူ၏ နားထဲတွင် အတော်လေး နားထောင်လို့ ကောင်းလှပေသည်။

ရွာလူကြီးဟူသည် ထိုသို့သော အနှောင့်အယှက် ပေးသည့် လူတစ်ယောက် မဖြစ်ချင်ပါချေ။ ရွာတွင် ဘေးအန္တရာယ် တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်လေရာ မိသားစုတိုင်းတွင် စားစရာ များများစားစား မရှိကြတော့ချေ။ လယ်ကွင်းထဲမှ ဟင်းသီး ဟင်းရွက်များမှာလည်း နွေဦး အစတွင်မှ စိုက်ပျိုးထားရုံသာ ရှိသေးသည်။ ယခုအခါတွင် အနည်းငယ်မျှသာ ကြီးထွား လာသေးသဖြင့် စားသုံးရန် မသင့်တော်သေးပါချေ။

ချီကျားနှင့် အခြားသူများသည် ဤသို့သော တည်ခင်း ဧည့်ခံမှုမျိုး လုပ်ဆောင် ပေးခြင်းဖြင့် သူတို့၏ ဝမ်းဗိုက်အား အနည်းငယ် ဖြည့်တင်းနိုင်ကြပေလိမ့်မည်။

ရွာထဲမှ လူတိုင်း ရောက်လာ ကြသည်တော့ မဟုတ်ချေ။ ထိုနေ့တွင် မိသားစုတိုင်းသည် လူတစ်ဦးစီသာ စေလွှတ်ခဲ့ကြသည်။ ထိုသို့ဆိုလျှင်ပင် လူပေါင်း တစ်ရာကျော် ရှိနေလေသည်။ စားပွဲဝိုင်းပေါင်း ၂၀ ခန့် ရှိပြီး သိုင်းသင်တန်းကွင်းတွင် ပြည့်နှက် သွားလေတော့သည်။

ရွာသားများ စားသောက်နေကြစဉ် ဝမ်မိသားစုမှ ယောကျ်ားလေး အနည်းငယ်မှာ သိုင်းပညာ အကြောင်းကို ဆွေးနွေးနေကြသည်။ သူတို့သည် ယခုအချိန်တွင် သိုင်းပညာ သင်ယူရန် အလွန် စိတ်အား ထက်သန်နေကြခြင်း ဖြစ်သည်။ သူတို့သည် နေ့စဉ်နေ့တိုင်း မြင်းထိုင်ကျင့်စဉ် ကိုသာ လေ့ကျင့်နေရသော်လည်း လေ့ကျင့်နေစဉ် အတွင်း ချီကျား၏ အလွန်တရာ ခန့်ညားလှသော အမူအရာအား မြင်တွေ့ရခြင်းသည် သူတို့အား ကြီးမားသော ယုံကြည်မှုများ ပေးစွမ်းနေလေသည်။

ထို့ကြောင့် ထမင်းစားဖိတ်သည့် နေ့တွင် သူတို့သည် အလျင်အမြန်ပင် အနည်းငယ်မျှသာ စားသောက်လိုက်ကြ ပြီးနောက် သူတို့၏ ပန်းကန်များနှင့် တူများအား အမြန်ချကာ ဘေးရှိ မြေကွက်လပ်သို့ သွား၍ မြင်းထိုင်ကျင့်စဉ်ကို လေ့ကျင့်နေကြလေတော့သည်။

၎င်းမှာ သူတို့၏ သိုင်းသင်တန်း တတိယမြောက်နေ့ ဖြစ်သည်။ တလန် စန်းလန် နှင့် စစ်လန် တို့မှာ စနစ်တကျ ထိုင်နိုင်နေကြပြီ ဖြစ်သည်။ အားယွီလေးမှာမူ အဆုံးတွင် ထိုင်နေပြီး သူမ၏ လှုပ်ရှားမှုများမှာ အနည်းငယ် လိုအပ်ချက် ရှိနေသော်လည်း သူမ၏ မျက်နှာအမူအရာမှာ အလွန်ပင် အလေးအနက် ရှိနေသဖြင့် မည်သူမျှ သူမလေးအား ရယ်မောမိရန် စိတ်မကူးရဲကြပါချေ။ ရွာသားများမှာ အနည်းငယ် သိချင်စိတ် ပြင်းပြနေကြသည်။

"သူတို့ ဘာလုပ်နေကြတာလဲ"

"နင် မသိသေးဘူးလား သခင်လေးချင်ရဲ့ နောက်လိုက်က ဝမ်မိသားစုက ကလေးတွေကို သိုင်းပညာ သင်ပေးချင်တယ်လို့ ပြောထားတာလေ သူတို့ သင်ယူနေတာ တော်တော်လေးတောင် အဆင့်မီနေပြီ"

ရွာသားများ ထိုစကားအား ကြားလိုက်ရသောအခါ အနည်းငယ် မနာလို ဖြစ်သွားကြလေသည်။

"မျှော်လင့်ထားတဲ့အတိုင်း ဝမ်မိသားစုကတော့ တိုးတက်လာပြီပဲ သူတို့ ကလေးတွေကို သိုင်းပညာ သင်ဖို့တောင် စေလွှတ်နိုင်နေပြီ ကလေးတွေ အများကြီးကို သင်ယူခိုင်းဖို့ဆိုတာ ငွေဘယ်လောက်တောင် ကုန်မလဲ မသိဘူးနော်"

"ကျုပ် ကြားတာတော့ ကုန်ကျစရိတ် သိပ်မရှိဘူးတဲ့ ကျုပ်တို့လည်း လယ်လုပ်လို့ ပြီးသလောက် ရှိနေပြီပဲ ကျုပ်တို့ ကလေးတွေကိုလည်း သွားစမ်းကြည့်ခိုင်းရင် မကောင်းဘူးလား"

ကလေးများ ရှိသော ရွာသားအချို့မှာ စိတ်လှုပ်ရှား သွားကြလေသည်။ ခဏတာ တွန့်ဆုတ်နေ ပြီးနောက် သူတို့သည် ချီကျားအား သွားရှာကာ သူတို့၏ ကလေးများကိုပါ လိုက်ပါ သင်ကြား ပေးနိုင်မလားဟု မေးမြန်းချင်လာကြလေသည်။

"ဆရာချီ တစ်ယောက်ကို သင်တာလည်း သင်တာပဲ နှစ်ယောက်ကို သင်တာလည်း သင်တာပါပဲ ကျွန်တော်တို့ရဲ့ ကလေးတွေကိုပါ ဘာလို့ ခေါ်မသင်ပေးတာလဲ ဆရာသာ လက်ခံမယ်ဆိုရင် ကျွန်တော်တို့ သင်တန်းကြေး ပေးဖို့ကိုလည်း မေ့မှာ မဟုတ်ပါဘူး"

ချီကျားမှာ ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ အဘယ်ကြောင့် သူသည် ရုတ်တရက် တပည့်များစွာအား လက်ခံရန် အမေးခံရလေသနည်း။ သူသည် လုံးဝ ပြင်ဆင်ထားခြင်း မရှိပါချေ။ သို့သော်လည်း ရွာသားများ၏ စိတ်အားထက်သန်သော အကြည့်များအား မြင်တွေ့ရသောအခါ သူသည် မငြင်းရက်နိုင်တော့ပါချေ။

ဤရွာသားများတွင် ကိုယ်ပိုင် အတွေးကိုယ်စီ ရှိကြသော်လည်း သူတို့သည် ရှက်ရွံ့နေခြင်း မရှိကြပါချေ။ သူတို့က တိုက်ရိုက်ပင် လာရောက် မေးမြန်းကြခြင်း ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင် ကောင်းမွန်လှသလို မအောင်မြင်ခဲ့လျှင်လည်း ဆုံးရှုံးစရာ မရှိချေ။

All Chapters