အောင်သွယ်တော်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေပြီ
Vol. 8 Ch. 118
ရွာသားများ စားသောက်ပြီး ကြသောအခါ ဟင်းပွဲများစွာ ကျန်ရစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ချီကျားအား ငွေကုန်ကြေးကျ များလွန်းမည်ကို မလိုလားကြသည့် အပြင် မိမိတို့ အစားအသောက် ကြီးလွန်းပါက အိမ်ရှင်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ အားလုံးမှ ထိုသို့ပင် တွေးတောကာ လျှော့စားခဲ့ကြလေသည်။ ထို့ကြောင့် စားပွဲနှစ်ဆယ်စာတွင် ဟင်းပွဲများစွာ ပိုလျှံနေခဲ့တော့သည်။
လုံ့လဝီရိယရှိသော အမျိုးသမီးများမှာမူ အိုးခွက်ပန်းကန်များအား စောစီးစွာပင် သိမ်းဆည်း ဆေးကြောထားပြီး ကြကုန်သည်။ ပွဲတော်မှ ကျန်ရစ်သော အစားအစာများအားလည်း သေသေချာချာ ထုပ်ပိုးထားကြသည်။
ချီကျားဖြစ်စေ ချင်ဟွိုင်ဖြစ်စေ စားကြွင်းစားကျန်များအား စားသုံးကြမည့်သူများ မဟုတ်ပေ။ ထို့ကြောင့် ချီကျားသည် ချင်ဟွိုင်၏ ညွှန်ကြားချက် အတိုင်း ပိုလျှံနေသော အစားအစာများကို ရွာသားများထံသို့ ဝေငှပေးလိုက်လေသည်။ သို့သော် ရွာသားများထဲမှ မည်သူကမျှ လက်ခံလိုခြင်း မရှိကြချေ။
"ဒါတွေက အရမ်း တန်ဖိုးကြီးလွန်းပါတယ် ကျွန်တော်တို့ မယူဝံ့ပါဘူး"
သူတို့သည် ဤနေရာသို့ လာရောက်ကာ အခမဲ့ စားသောက်ခဲ့ရသည်ကိုပင် အလွန်တရာ အားနာနေခဲ့ကြပြီ ဖြစ်သည်။ ယခုတဖန် အစားအစာများအား အလကား ထပ်မံရယူကာ အိမ်သို့ သယ်ဆောင် သွားရမည်ဆိုပါက သူတို့၏ စိတ်ထဲတွင် လိပ်ပြာလုံနိုင်ကြမည် မဟုတ်ပေ။
"ခင်ဗျားတို့ရဲ့ ကလေးတွေကို ကျွန်တော့်ဆီမှာ တပည့်အဖြစ် အပ်နှံချင်နေကြတာ မဟုတ်ဘူးလား ဆရာ တစ်ယောက် အနေနဲ့ ကိုယ့်တပည့်ရဲ့ မိသားစုကို ဂရုစိုက်ပေးတာက ကြီးမားတဲ့ ကိစ္စရပ်တစ်ခု မဖြစ်သင့်ဘူး မဟုတ်လား"
ဟု ချီကျားက ဤမျှသာ ပြောနိုင်တော့သည်။
"ဒါ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အစပိုင်းတွင် ရွာသားများသည် ချီကျားမှ ယဉ်ကျေးပျူငှာစွာ ပြောဆိုနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် အခြေအနေအား နားလည် သဘောပေါက် သွားကြသောအခါ သူတို့၏ မျက်လုံးများထဲတွင် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မှုများ ပြည့်လျှံ သွားခဲ့ကြလေသည်။
"ဆရာချီ ဆရာက လက်ခံလိုက်ပြီပေါ့ ကျွန်တော်တို့ ဘယ်လောက် ပေးရမလဲဟင်"
သူတို့သည် အိမ်တွင် ငွေကြေးမည်မျှ ရှိသည်ကိုလည်း တွက်ချက်ရဦးမည် ဖြစ်သည်။ အကယ်၍ အခကြေးငွေ အလွန်အမင်း ဈေးကြီးနေပါမူ အချိန်အတိုင်းအတာ တစ်ခုအထိသာ သင်ယူခိုင်းနိုင်မည် ဖြစ်သည်။
"ဝမ်မိသားစုရဲ့ စည်းမျဉ်းတွေအတိုင်းပါပဲ ရာသီ တစ်ခုကို အသား ကတ်တီဝက် ပေးနိုင်ရင် ရပါပြီ ကလေးက လိမ္မာပြီး ပြောစကား နားထောင်ဖို့ကလွဲရင် ကျန်တာကို ကျွန်တော် ဂရုမစိုက်ပါဘူး"
အခြားပစ္စည်းများနှင့် ပတ်သက်၍မူ ချီကျားက သိပ်သဘော မကျလှသဖြင့် အခြားရွာသားများအား လာမပို့ရန် ပြောကြားလိုက်တော့သည်။
ထိုသို့ဖြင့် အစပိုင်းက ဝမ်မိသားစုမှ တပည့်လေးဦးသာ ရှိရာမှ ချက်ချင်းပင် ကလေးငယ် အယောက် နှစ်ဆယ်ကျော်သည် ချီကျားထံတွင် သိုင်းပညာများ သင်ယူလာကြလေသည်။ နေ့စဉ်နေ့တိုင်း ခြံဝင်းအတွင်း၌ ကလေးငယ်များ၏ အသံများနှင့်အတူ ရေရွတ်သံများကို ကြားနေရတော့သည်။ ထိုအသံများထဲတွင် အားယွီလေး၏ အသံလည်း ထိပ်ဆုံးမှ ပါဝင်နေခဲ့သည်။
မူလတွင် ချီကျားသည် အားယွီလေးအား ခြံဝင်းငယ်လေးထဲသို့ သွားရောက်ကာ ချင်ဟွိုင် နှင့်အတူ လေ့ကျင့်စေချင်ခဲ့သည်။ သို့သော် အားယွီလေးမှ လူအများ နှင့်အတူ လေ့ကျင့်ရသည်ကိုသာ ပို၍ သဘောကျနေခဲ့သည်။
ချီကျားသည် ကလေးများအား သိုင်းပညာရှင်ကြီးများ ဖြစ်လာစေရန် ပြုစု ပျိုးထောင်ပေးရန် ရည်ရွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် သူတို့၏ အခြေခံအုတ်မြစ် တည်ဆောက်ရန် အတွက် အချိန် အတော်ကြာ ပေးထားခဲ့သည်။ နေ့စဉ်နေ့တိုင်း သူတို့အား မျှတစွာ လမ်းလျှောက်ခြင်း မြင်းစိုင်းရပ် လေ့ကျင့်ခြင်းနှင့် တောင်ပေါ်တွင် ပြေးလွှားခြင်းများကိုသာ ပြုလုပ်စေသည်။
ကလေးများသည်လည်း ဤအရာများထဲမှ မည်သည့်အရာကမျှ မခက်ခဲဟု ခံစားကြရသည်။ အနည်းဆုံးတွင် လယ်လုပ်ရသည်ထက် များစွာ ပို၍ ပျော်စရာကောင်းနေခဲ့သည် မဟုတ်ပါလား။ ခြံဝင်းအတွင်း၌ နေ့စဉ်နေ့တိုင်း ရယ်မောသံများ လွှမ်းခြုံနေခဲ့ကာ လူတိုင်းသည်လည်း အထူး ပျော်ရွှင်နေကြလေသည်။
ဝမ်ဝူလန်နှင့် အခြားကလေးများမှာမူ အတော်လေး သနားစရာ ကောင်းလှပေသည်။ အဖွားအိုဝမ်သည် အကြီးအကဲဟူ၏ အိမ်သို့ အသား ဆယ်ကတ်တီကျော်အား အထူးတလည် ယူဆောင်သွားခဲ့ပြီး ကလေးများကို တင်းကျပ်စွာ သွန်သင် ဆုံးမပေးရန် သူမ၏ ဆန္ဒအား ထုတ်ဖော် ပြောကြားခဲ့သည်။
အကြီးအကဲဟူသည် အဖွားအိုဝမ်၏ သဘောထားအား အလွန်နှစ်သက် သဘောကျသွားပြီးနောက် ကလေးများအား သေချာစွာ ပြုစု ပျိုးထောင်ပေးမည်ဟု ကတိပေးခဲ့လေသည်။
ချီကျား နည်းတူ အကြီးအကဲဟူသည်လည်း တပည့်အချို့အား လက်ခံလိုက်ပြီ ဖြစ်ကြောင်း လူတိုင်း သိရှိသွားကြသည်။ မိသားစုများစွာမှ အံကြိတ်ကာ သူတို့၏ ကလေးများကိုလည်း စေလွှတ်ခဲ့ကြလေတော့သည်။
အကြီးအကဲဟူသည်လည်း သဘာဝကျစွာပင် အခကြေးငွေ အများအပြား မတောင်းခံခဲ့ချေ။ အားလုံး စိတ်သက်သာရာ ရစေရန် အတွက် အမှတ်သညာ အနေဖြင့် အနည်းငယ်မျှသာ လက်ခံခဲ့လေသည်။
လူတစ်ယောက် အသက်အရွယ် ကြီးရင့် လာသောအခါ ကုသိုလ်ကောင်းမှုများ ပိုမို၍ ပြုလုပ်ကာ စိတ်ချမ်းသာစွာ နေထိုင်လိုကြသည်သာ ဖြစ်သည်။
ဤကလေးများသည် နိုင်ငံတော်အဆင့် စာမေးပွဲ ဖြေဆိုနိုင်သည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ခြင်း ရှိမရှိမှာမူ သူတို့၏ ကိုယ်ပိုင် ကံကြမ္မာအပေါ်တွင်သာ မူတည်နေလေတော့သည်။
ဗီဇပြုပြင်ရေးဆေးရည်အား အသုံးပြုပြီးနောက်တွင် အဖိုးအိုဝမ်နှင့် ဝမ်ချွမ်းကွေ့တို့၏ ခြေထောက်များသည် အလွန်လျင်မြန်စွာ ကောင်းမွန်လာခဲ့ကြသည်။ ခြေထောက်ကျိုးသွားရာမှ အပြီးသတ် ပြန်လည် ကောင်းမွန်လာရန် ဆယ်ရက်သာ အချိန်ယူခဲ့ရလေသည်။ ယခုအခါ သူတို့ အမှန်တကယ် လမ်းလျှောက်နိုင်ပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ချွမ်းကွေ့သည် မယုံကြည်နိုင်သေးချေ။
"အမေ ရှာတွေ့ခဲ့တဲ့သူက တကယ်ပဲ နတ်ဆေးသမားတော်ကြီး ဖြစ်နေမလား"
သမားတော်ကြီးရွှယ်သည် သူတို့အိမ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး အခြေအနေအရ ကြည့်မည်ဆိုပါက ဤနေရာတွင် ထာဝရ နေထိုင်ချင်နေပုံရလေသည်။
ဝမ်မိသားစုတွင် သူ နေထိုင်ရန် အတွက် အပိုအခန်းများ မရှိတော့ပေ။ ယခုအခါ သမားတော်ကြီးရွှယ်သည် သိုလှောင်ခန်းထဲတွင်သာ ဆက်လက်နေထိုင်နေရဆဲ ဖြစ်သည်။ သူသည် နေ့စဉ်နေ့တိုင်း တုတ်တစ်ချောင်းအား ကိုင်ဆောင်ကာ ရွာထဲတွင် လှည့်လည် သွားလာနေတတ်သည်။
"ဒါတွေအားလုံး မင်းအမေ့ရဲ့ ကျေးဇူးတွေချည်းပဲ မင်းရဲ့ ခြေထောက်တွေက ပြန်လည် ပြုစုပျိုးထောင်ဖို့ လိုနေသေးတယ် အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ မလောပါနဲ့ဦး အိမ်မှာ နောက်ထပ် ရက်အနည်းငယ်လောက် အနားယူလိုက်ပါဦး ချွမ်းကွေ့ မင်း ကြိုးစားအားထုတ်ရမယ် မင်းအမေ ဂုဏ်ယူရအောင် ကြိုးစားပြီးတော့ အထက်တန်းလွှာ မယ်တော်ကြီး တစ်ယောက် ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးရမယ်"
အဖိုးအိုဝမ်မှ ဝမ်ချွမ်းကွေ့၏ အာရုံအား တည်ငြိမ်စွာပင် လွှဲပြောင်း လိုက်လေတော့သည်။ ဝမ်ချွမ်းကွေ့သည် ထိုမျှလောက်ထိ တုံးအသူ မဟုတ်ပေ။ သူ၏ ခြေထောက်များ ပြန်လည် ကောင်းမွန်လာချိန်တွင် အရာရာသည် သူ ထင်မှတ်ထား သလောက် ရိုးရှင်းမည် မဟုတ်ကြောင်းကို သူ အကြမ်းဖျင်းအားဖြင့် သိရှိထားပေသည်။ သို့သော် သူသည် မသိယောင်ဆောင်ကာ နေရသည်ကိုပင် ကျေနပ်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူ၏ မိဘများ သိထားသော အရာသည် ဆိုးရွားသည့်အရာ မဖြစ်နိုင်ပေ။ အကယ်၍ ယခုအချိန်တွင် သူ့အား အသိမပေးသေးပါမူ ထိုသည်မှာ အချိန်မကျသေး၍သာ ဖြစ်ပေလိမ့်မည်။
"ဟုတ်ကဲ့ပါ အဖေ ကျွန်တော် နားလည်ပါတယ် ကျွန်တော် ကြိုးကြိုးစားစား စာလုပ်ပါ့မယ် ဒီကာလအတွင်းမှာ အိမ်မှာပဲနေပြီး စာကျက်ပါ့မယ် ခြေထောက်တွေ လုံးဝကောင်းသွားတဲ့အခါ အကြီးအကဲဟူဆီ သွားပြီးတော့ လမ်းညွှန်မှု ခံယူပါ့မယ်"
မိမိ၏ သားဖြစ်သူမှ ဤမျှ သိတတ် နားလည်နေသည့် အတွက် အဖိုးအိုဝမ်သည် အလွန်ပင် ကျေနပ်ပီတိဖြစ်နေခဲ့သည်။
"မင်းလည်း အသက်အရွယ် ရလာပြီပဲ အဖေက မင်းကို ကန့်သတ် ချုပ်ချယ်နေမှာ မဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ်လေ မင်း ဘာလုပ်နေလဲဆိုတာ မင်းကိုယ်တိုင် သိနေရင် ရပါပြီ"
မိသားစုထဲရှိ ကလေး အများစုသည် သူတို့၏ လမ်းကြောင်းများအား အသီးသီး သတ်မှတ်ထားပြီးကြပြီ ဖြစ်သည်။ ရွာထဲရှိ လူများသည်လည်း ပိုမိုကြိုးစား လုပ်ကိုင်လာကြသည်။ ရွာလေးသည် တဖြည်းဖြည်းနှင့် ပို၍ပို၍ ကောင်းမွန်လာနေပြီ ဖြစ်ကြောင်း သူတို့ ဝေဝေဝါးဝါး ခံစားမိနေကြရသည်။
"အားယွီလေး ကျွန်တော်တို့ရွာကို ရောက်လာကတည်းက ရွာမှာ ကပ်ဘေးတွေ အတော်လေး နည်းပါးသွားတယ်လို့ မထင်ဘူးလား အမြဲတမ်း ကောင်းတဲ့ကိစ္စတွေချည်းပဲ ဖြစ်နေတာ နောင်ကျရင် အဆင်းရဲဆုံးရွာဆိုတဲ့ ဂုဏ်ပုဒ်ကနေ ကျွန်တော်တို့ ရုန်းထွက်နိုင်မယ်လို့ ခင်ဗျားတို့ ထင်လား"
လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြစဉ် ရွာသားများသည် စကားစမြည် မပြောဘဲ မနေနိုင်ကြချေ။
"အားယွီလေးက ကောင်းချီး မင်္ဂလာ ဆောင်ကြဉ်းပေးတဲ့ ကလေးလေး ဆိုတာ မသိတဲ့သူ ဘယ်သူများ ရှိဦးမှာလဲ သူက ကျွန်တော်တို့ရွာရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးလေ သူရှိနေမှတော့ ရွာက နာလန်ထလာမှာပေါ့ ဒါအတွက် ကျွန်တော်တို့ ကျေးဇူးတင်ရမယ်"
"အားယွီလေး ဆရာချီဆီမှာ သိုင်းပညာ သင်ယူနေတာကိုရော အကြီးအကဲဟူရဲ့ အိမ်မှာရော သူ့ကို တွေ့လိုက်တယ် ဒီကလေးလေးက စာပေ ပညာကိုပါ သင်ယူနေတာလား"
"အဲဒီကလေးလေးက ဉာဏ်ကောင်းပုံ ရပေမယ့် နည်းနည်းတော့ ပိန်သေးတယ် ရွာကို ရောက်လာပြီးနောက်ပိုင်း တဖြည်းဖြည်း အရပ်ရှည်လာတာပဲ ငါထင်တာတော့ သူက စာသင်တာ တော်လောက်တယ် မိန်းကလေး ဖြစ်နေတာလေး တစ်ခုပဲ နှမြောစရာကောင်းတာ ယောက်ျားလေး သာဆိုရင် ငါတို့ရွာကနေ ထိပ်တန်း ပညာရှိကြီး တစ်ယောက် ထွက်လာလောက်တယ်"
"ထိပ်တန်းပညာရှိကြီး ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ် လွယ်ကူမှာလဲ ကျွန်တော်တို့ တာ့ချန် နိုင်ငံတော်ကြီးမှာ လူ ဘယ်လောက်တောင် ရှိလိုက်လဲ ထိပ်တန်းပညာရှိဆိုတာ တစ်ယောက်ပဲ ရှိနိုင်တာလေ အဲဒါက တွေးတောင် မတွေးရဲစရာပဲ"
"ဘယ်သူသိနိုင်မှာလဲ အခု ကျွန်တော်တို့ရွာက ကလေးတွေ အများကြီး ကြိုးစားပြီး စာသင်နေကြတာပဲ တချို့က စာပေသင်ယူကြတယ် တချို့က သိုင်းပညာ လေ့ကျင့်ကြတယ် ထူးချွန်ထက်မြက်တဲ့သူ အနည်းအကျဉ်းတော့ သေချာပေါက် ထွက်ပေါ်လာမှာပါ ကလေးတွေ ထူးချွန်လာတာ နဲ့အမျှ ကျွန်တော်တို့ရွာကလည်း သူတို့နဲ့အတူ တိုးတက်လာနိုင်တာပေါ့"
လူတိုင်းမှ စိတ်အားထက်သန်စွာဖြင့် စကားစမြည် ပြောဆိုနေကြလေသည်။ စကားမပြောလိုသော လူအနည်းငယ်မှာသာ မိမိတို့၏ အလုပ်ထဲတွင် ခေါင်းငုံ့ကာ လုပ်ဆောင်နေကြလေသည်။ သူတို့ အလုပ်လုပ် ပြီးသွားသောအခါ တိတ်ဆိတ်စွာပင် မေးမြန်းလိုက်ကြသည်။
"ဝမ်မိသားစုက ပေးထားတဲ့ မြေကွက်ထဲမှာ စိုက်ထားတဲ့ အရာတွေက မတူညီဘူးလို့ ခင်ဗျားတို့ မထင်ဘူးလား"
ထိုအခါမှသာ အားလုံးသည် သေချာစွာ အကဲခတ် ကြည့်လိုက်မိကြသည်။ သူတို့ မြင်တွေ့လိုက်ရသော အရာမှာ မယုံနိုင်စရာပင် ဖြစ်ချေသည်။ ဝမ်မိသားစုမှ သူတို့အား မျိုးစေ့များ ဝေငှပေးပြီး စိုက်ပျိုးစေခဲ့သည်မှာ ဆယ်ရက်ခန့်ပင် ရှိနေပြီ ဖြစ်သည်။ ယုတ္တိတန်တန် တွေးကြည့်မည်ဆိုပါက ယခုအချိန်တွင် အညှောက်ပေါက်နေသင့်ပြီ ဖြစ်သည်။ သို့သော် ဤအညှောက်များသည် အလွန် ကြီးမားနေခဲ့ခြင်း ဖြစ်သည်။
ပဲသီးတောင့်၏ ထိပ်ဖျားအား ကြည့်လိုက်လျှင် ၎င်းသည် စိမ်းလန်းနေပြီး လက်တစ်ဝါးစာခန့် ရှည်လျားနေလေသည်။ သာမန်အားဖြင့် ဤအခြေအနေသို့ ရောက်ရှိရန် အနည်းဆုံး လဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။ ထို့အပြင် ၎င်း၏ အသွင်အပြင်သည်လည်း ဤမျှ ကောင်းမွန်နေမည် မဟုတ်ပေ။
"အရင်က အဖွားဝမ် ပေးတဲ့ မျိုးစေ့တွေက အရမ်းကောင်းတယ်လို့ ခံစားခဲ့ရတာ စိုက်ပျိုးလိုက်တဲ့ အသီးအနှံတွေက ပိုကောင်းလိမ့်မယ်လို့ ထင်ခဲ့တာ ကြည့်စမ်း အခု တကယ် ဖြစ်လာပြီ မဟုတ်လား"
အချို့သော လူများသည် စိတ်ထဲ၌သာ တွေးတောလိုက်မိသည်။
"ငါတို့ စိုက်ထား တာတွေတောင် ဒီလို ပုံစံဖြစ်နေရင် ဝမ်မိသားစုဆီက ဟာတွေဆို ပိုပြီးတောင် ကောင်းနေဦးမှာပဲ"
ထို့ကြောင့် လူတိုင်းသည် စကားပြောဆို ရယ်မောကြရင်း အဖိုးအိုဝမ်၏ မြေဩဇာ ကောင်းသော လယ်ဧက နှစ်ဆယ်ဆီသို့ သွားရောက် ကြည့်ရှုရန် စီစဉ်လိုက်ကြသည်။ ဝမ်မိသားစုမှာမူ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခုနှင့် ကြုံတွေ့နေရသဖြင့် ထိုအကြောင်းအား မသိရှိကြသေးပေ။
မူလက လွန်ခဲ့သော နှစ်ရက်ခန့်၌ သူတို့သည် ဝမ်တာ့လန် အတွက် မိန်းကလေးများအား စတင် ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ဆိုရလျှင် သူတို့သည် ဒေသခံ အောင်သွယ်တော်ထံမှ အကူအညီ တောင်းခံရမည် ဖြစ်သည်။
သို့သော် ဝမ်မိသားစုမှ အောင်သွယ်တော်အား ငွေကြေး ပေးအပ်ပြီးနောက်တွင် အောင်သွယ်တော်သည် ထူးဆန်းသော မိန်းကလေးအချို့ကိုသာ မိတ်ဆက်ပေးခဲ့သည်။ သူတို့၏ အပြောအရ ဆိုလျှင် သူတို့၏ မြေးအကြီးဆုံးသည် ဤမိန်းကလေးများနှင့်သာ ထိုက်တန်သည်ဟု ဆိုလေသည်။
အောင်သွယ်တော် အနည်းငယ်သည် အချင်းချင်း ပူးပေါင်းကြံစည်ထားကြကြောင်း သူတို့ တိတ်တဆိတ် စုံစမ်းမေးမြန်း ပြီးနောက်မှသာ သိရှိလိုက်ရသည်။ သူတို့၏ မြေးများထဲမှ မည်သူမျှ ဇနီးကောင်း တစ်ဦးအား မရရှိစေရန် သူတို့မိသားစုအား လက်စားချေလိုသည့်ပုံပင် ဖြစ်နေချေသည်။ အဖွားအိုဝမ်မှ လှောင်ပြောင်သရော်လိုက်ရင်း ပြောလိုက်သည်။
"ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ ငါ အကြမ်းဖျင်း သိနေပြီ"