ကောလာဟလတွေက ဘယ်လိုပျံ့နှံ့သွားတာလဲ
Vol. 8 Ch. 119
အောင်သွယ်တော် ဆိုသည်မှာ ထူးခြားသော အသက် မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ၎င်းအား တရားဝင် အောင်သွယ်ခြင်းနှင့် ပုဂ္ဂလိက အောင်သွယ်ခြင်း ဟူ၍ ခွဲခြားထားလေသည်။
ပုဂ္ဂလိက အောင်သွယ်ခြင်းများကိုလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ ဟူ၍ ထပ်မံ၍ ခွဲခြားထားပြန်သည်။ တရားဝင် အောင်သွယ်တော်များသည် များသောအားဖြင့် မိသားစုကြီးများ၏ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းလေ့ရှိကြသည်။ သူတို့သည် အစိုးရထံတွင် မှတ်ပုံတင်ထားသူများ ဖြစ်ကြသည်။
တရားဝင် အောင်သွယ်တော်များ၌ တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားပါက ပြစ်မှု ကျူးလွန်သူသည် အကျဉ်းချခံရမည် ဖြစ်ပြီး သူတို့၏ မိသားစုများကိုပါ ထိခိုက်စေနိုင်သည်။
သို့သော် ပုဂ္ဂလိက အောင်သွယ်တော်များမှာမူ ကွဲပြား ခြားနားလှပေသည်။ မိသားစုကြီးများသည် သူတို့အား မည်သည့်အခါမျှ ရှာဖွေလေ့ မရှိကြချေ။ အခြေခံအားဖြင့် ၎င်းသည် သာမန် အရပ်သားများ၏ လုပ်ငန်းသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် ဒေသခံ အောင်သွယ်ရေး လုပ်ငန်းများနှင့် ပူးပေါင်း လုပ်ဆောင် တတ်ကြသည်။
အချို့သော မိသားစုများသည် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့သောအခါ ပုဂ္ဂလိက အောင်သွယ်တော်များ၏ လက်မှ တစ်ဆင့် မိမိတို့၏ ကလေးများအား ရောင်းချကောင်း ရောင်းချကြလိမ့်မည်။
"အဲဒီတုန်းက ငါတို့တွေ စားနပ်ရိက္ခာတွေ သွားထုတ်ဖို့ ခရိုင်ရုံးကို သွားကြတုန်းက အားယွီလေးကို ကလေးသတို့သမီး လုပ်စေချင်တဲ့ အောင်သွယ်တော် တစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်"
မိသားစုဝင်များ နားမလည်ကြသည်ကို မြင်သောအခါ အဖွားအိုဝမ်မှ သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား ပြန်လည်ပြောပြခဲ့ပြီး အောင်သွယ်တော်နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများကိုပါ ထည့်သွင်းပြောပြခဲ့လေသည်။ အဖွားအိုဝမ် စကားပြော၍ မဆုံးမီမှာပင် ဝမ်ချွမ်းမန်မှ ထိတ်လန့်တကြားဖြင့် မေးမြန်းလိုက်သည်။
"သူတို့က ဘယ်လိုလုပ် အဲဒီလို လုပ်ရက်ရတာလဲ အမေ အဆင်ပြေရဲ့လား အမေ ဘာတွေများ နစ်နာခဲ့သေးလဲ ပြန်ရောက်လာတုန်းက အမေ ဘာမှပြောတာ မကြားရပါလား"
ထိုအချိန်တွင် သူတို့နှင့်အတူ လိုက်ပါသွားသော ရွာသားများစွာလည်း ရှိခဲ့သည်။ သို့သော် သူတို့ ပြန်ရောက် လာသောအခါ ဤကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းမျှ မပြောခဲ့ကြသဖြင့် ကျန်ရှိနေသော ဝမ်မိသားစုဝင်များသည် မသိခဲ့ကြချေ။
တကယ်တမ်းတွင် ရွာသူကြီးဟူမှ ထိုလူများအား ညွှန်ကြားထားခဲ့ခြင်း ဖြစ်ပြီး အားယွီလေးသည် ငယ်ရွယ်သေးကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အောင်သွယ်တော်နှင့် ထိုကဲ့သို့သော ပဋိပက္ခမျိုးကိုအား ဖုံးကွယ်ထားခြင်းမှာ အကောင်းဆုံးပင် ဖြစ်ချေသည်။
ဤသည်မှာ နောင်တစ်ချိန်တွင် အားယွီလေး၏ အိမ်ထောင်ရေးအား မထိခိုက်စေရန် တားဆီးရန် အတွက် ဖြစ်သည်။။ ကလေး တစ်ယောက်၏ ဂုဏ်သိက္ခာအား ငယ်စဉ်ကတည်းမှ ထိန်းသိမ်း စောင့်ရှောက် ပေးရမည် ဖြစ်သည်။ အကယ်၍ သူတို့သည် မတော်တဆ သူမ၏ ဂုဏ်သိက္ခာအား ဖျက်ဆီးမိပါက ပြန်လည်၍ တည်ဆောက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။ နာမည်ကောင်း ရရန်ဆိုသည်မှာ မလွယ်ကူလှချေ။
အခြားရွာသားများသည်လည်း ဤအကြောင်းအား သိရှိထားကြသဖြင့် မည်သည့် စကားမျှ မပြောခဲ့ကြချေ။ အဖွားအိုဝမ်မှ ဝမ်ချွမ်းမန်အား မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
"မင်းအမေကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ လူတိုင်းက မင်းလို ငတုံးငအတွေလို့ ထင်နေတာလား"
အခြားတစ်ဖက်တွင်မူ လျူရှီသည် အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူတို့သည် ခရိုင်ရုံးတွင် အောင်သွယ်တော်နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ခရိုင်မြို့ရှိ လူများစွာ ဤအကြောင်းအား သိရှိထားရမည် ဖြစ်သည်။ သူတို့သည် အားယွီလေးနှင့် ပတ်သက်သော သတင်းမျာအား ဖြန့်ဝေကြမည်လား။
အနာဂတ်တွင် အားယွီလေးသည် ခရိုင်မြို့မှ လူတစ်ဦးဦးနှင့် လက်ထပ်ရလိမ့်မည်ဟု လျူရှီ မည်သည့် အခါကမျှ မတွေးတောခဲ့ဖူးသော်လည်း အကယ်၍ သူမသည် အားယွီလေး၏ ဂုဏ်သိက္ခာအား ဖျက်ဆီးမိပါက အနာဂတ်တွင် ကြီးမားသော သက်ရောက်မှုများ ရှိလာမည်မှာ သေချာလှပေသည်။ အဒေါ်ဖန်မှ ပို၍ပင် စိုးရိမ်ပူပန်နေခဲ့လေသည်။
"အမေ ကျွန်မတို့ ဘယ်လို လုပ်ကြမလဲဟင် ဒီကိစ္စကို အချိန်ဆွဲထားလို့ မဖြစ်ဘူးလေ သူက ကျွန်မတို့ရဲ့ သားအကြီးဆုံး အမေ့ရဲ့ မြေးအကြီးဆုံးလေ သူ့ရဲ့ အိမ်ထောင်ရေးတောင် အဆင်မပြေ ဖြစ်သွားရင် တခြား ညီမလေးတွေ မောင်လေးတွေပါ နောင်ကျရင် ထိခိုက်ကုန်လိမ့်မယ်"
အနာဂတ် မိသားစုများသည် မိသားစု၏ အခြေအနေများကိုသာမက သူတို့၏ ကိုယ်ရည် ကိုယ်သွေးများကိုပါ ဂရုစိုက်ကြမည် ဖြစ်သည်။
မိသားစုတစ်ခုမှ စရိုက်မကောင်းသူ တစ်ဦး ပေါ်ထွက်လာပါက တစ်မိသားစုလုံး၏ အိမ်ထောင်ရေး အလားအလာများကိုပါ ထိခိုက်စေနိုင်သည်ဟု ဆိုနိုင်ပေသည်။
မူလတွင် သူသည် ချမ်းသာသော မိသားစုထဲသို့ အိမ်ထောင်ကျနိုင်ကောင်း ကျနိုင်မည် ဖြစ်သည်။ သို့သော် အခြားဆွေမျိုးများ၏ အိမ်ထောင်ရေးတွင် ပြဿနာ ရှိနေသောကြောင့် သူသည် အသုံးမကျသော ဆင်းရဲသား တစ်ဦးနှင့်သာ လက်ထပ်ရဖွယ် ရှိလေသည်။ တာ့လန်သည် ဤကိစ္စ၏ အရေးပါမှုအား သတိမပြုမိဘဲ မေးမြန်းလိုက်သည်။
"ကျွန်တော်တို့ကို အောင်သွယ်ပေးတဲ့ အောင်သွယ်တော်က အဲဒီတုန်းက ခရိုင်မြို့က အောင်သွယ်တော်နဲ့ တစ်ယောက်တည်းများ ဖြစ်နေမလား"
အလွန်ဆုံးရှိမှ အခြား အောင်သွယ်တော် တစ်ယောက်ကို ရှာကြမည် ဟု တွေးတောလျှက် ပြောလိုက်သည်။ အဒေါ်ဖန်မှ ခေါင်းယမ်းလိုက်ပြီး ပြောပြလိုက်သည်။
"ဒါက အဲဒီလောက် မရိုးရှင်းဘူး။ အောင်သွယ်တော်တွေ အားလုံးက အချင်းချင်း အချိတ်အဆက် ရှိကြတာ"
ယေဘုယျအားဖြင့် အောင်သွယ်တော် တစ်ယောက်အား စော်ကားခြင်းသည် အခြားသော အောင်သွယ်တော်များ အားလုံးကို စော်ကားခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤအောင်သွယ်တော်များ အားလုံး သေဆုံးသွားခြင်း (သို့မဟုတ်) အပေါင်းအသင်း မဝင်ဆံ့သူ တစ်ဦး နှစ်ဦးနှင့် မတော်တဆ ကြုံတွေ့ရခြင်းမျိုး မှလွဲ၍ သူတို့၏ အိမ်ထောင်ရေး အစီအစဉ်များသည် သေချာပေါက် ထိခိုက်စေမည် ဖြစ်သည်
ဤခေတ်ကာလတွင် အိမ်ထောင်ရေးသည် မိဘများ၏ အမိန့်နှင့် အောင်သွယ်တော်များ၏ စကားများ အပေါ်တွင် အခြေခံ ထားခြင်း ဖြစ်သည်။ နှစ်ခုစလုံး မပါဝင်ဘဲ မဖြစ်နိုင်ချေ။
ဝမ်မိသားစုသည် သူတို့၏ သားအကြီးဆုံး မြေးအကြီးဆုံး အတွက် ဇနီးကောင်း တစ်ဦးကို ရှာဖွေနိုင်ခဲ့လျှင်ပင် အာမခံသူ အဖြစ် အောင်သွယ်တော် မရှိဘဲနှင့် လုံးဝ မဖြစ်နိုင်ချေ။ သူတို့သည် ဤအဆင့်ကို ကျော်သွား၍ မရချေ။
အောင်သွယ်တော် မရှိတော့သည်နှင့် တစ်ပြိုင်နက် အခြားသူများမှ သူတို့သည် တရားမဝင် လိင်ဆက်ဆံမှုများ ပြုလုပ်နေကြသည် (သို့မဟုတ်) အခြားသော ဆိုးရွားသည့် ကိစ္စများအး ပြုလုပ်နေကြသည်ဟု ပြောဆိုကြမည် ဖြစ်သည်။ အောင်သွယ်တော် မပါဘဲ အိမ်ထောင်ရေး စီစဉ်ခြင်းသည် ကလေးဖြစ်သူအား အနာဂတ်တွင် ခေါင်းမဖော်နိုင်အောင် ဖြစ်စေမည် ဖြစ်သည်။
ဝမ်မိသားစုသည် နိုင်ငံတော်အဆင့် စာမေးပွဲကို ဖြေဆိုလိုကြသည်။ အကယ်၍ မိသားစုထဲမှ တစ်ဦးဦးမှ အောင်သွယ်တော် မပါဘဲ အိမ်ထောင်ရေး စီစဉ်ထားကြောင်း တွေ့ရှိပါမူ စာမေးပွဲ ဆက်လက်ဖြေဆိုရန် ကိစ္စအား မေ့ထားလိုက်၍ ရပေပြီ ဖြစ်သည်။
"အဲဒီတုန်းက မင်းရဲ့ဦးလေး၄က အောင်သွယ်တော် တစ်ယောက်ကို စော်ကားခဲ့ဖူးတယ်"
အဒေါ်ဖန်သည် စိုးရိမ်တကြီးဖြင့် အတိတ်မှ ကိစ္စအချို့အား ပြောလုနီးပါး ဖြစ်သွားလေသည်။ အဖွားအိုဝမ်မှ သူမအား လှမ်းကြည့်လိုက်သောအခါ အဒေါ်ဖန်သည် လည်ပင်း ညှစ်ခံထားရသော ကြက်ဖ တစ်ကောင်ကဲ့သို့ စကားတစ်ခွန်းမျှ မဟဝံ့တော့ပေ။
ကလေးများ၏ ရှေ့တွင် သူမ ဤစကားများအား အမှန်တကယ် မပြောထွက်နိုင်ချေ။ ဟူမိသားစု ကျေးရွာလေးတွင် ဝမ်မိသားစု၏ ဂုဏ်သိက္ခာသည် ကောင်းမွန်သည်ဟု ယူဆနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ရွာတစ်ရွာလုံးရှိ လူများသည် ကိုယ်ကျင့်တရား ကောင်းမွန်ကြသောကြောင့် ဖြစ်သည်။ သို့သော် ဟူမိသားစု ကျေးရွာလေးမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်တွင် ကောလာဟလ အမျိုးမျိုး ပျံ့နှံ့လျက် ရှိသည်။
အကြောင်းမှာ သူတို့ ဤနေရာသို့ စတင်ရောက်ရှိလာချိန်တွင် အောင်သွယ်တော် တစ်ဦးအား မရည်ရွယ်ဘဲ စော်ကားမိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ အိမ်ထောင်ရေးအား စီစဉ်လိုသူမှာ ဝမ်ချွမ်းကွေ့ ဖြစ်သည်။
ပြဿနာအား ဖြေရှင်းရန်အတွက် အဖွားအိုဝမ်သည် အောင်သွယ်တော်ထံသို့ ပထမဆုံးအကြိမ် ခေါင်းငုံ့ခဲ့ရလေသည်။ နောင်တွင် ဝမ်ချွမ်းမန်၏ အိမ်ထောင်ရေးအား စီစဉ်သောအခါ သူသည် အခြား အောင်သွယ်တော် တစ်ဦးကို ထပ်မံ၍ စော်ကားမိပြန်သည်။ သို့သော် အဆုံးတွင် ၎င်းသည် သူတို့မိသားစု၏ အမှား မဟုတ်ချေ။ အဖွားအိုဝမ်သည် မည်သို့ပင်ဖြစ်စေ ခေါင်းငုံ့ရန် ငြင်းဆန်ခဲ့သည်။
ထိုအောင်သွယ်တော်သည်လည်း အသေးအဖွဲ ကိစ္စများအား အလေးထားတတ်သူ ဖြစ်သည်။ သူမမှ ကြားဝင် စေ့စပ်ပေးရန် သွားရောက် နေစဉ်တွင် ဝမ်မိသားစုအကြောင်း မကောင်းပြောနိုင်သမျှ ပြောခဲ့လေသည်။ သူမမှ သူတို့သည် ဆင်းရဲမွဲတေနေပြီး ဆာလောင် မွတ်သိပ်ကာ ဇီဇာ ကြောင်တတ်ကြသည်ဟု ဆိုသည်။ သူတို့သည် ဟူရွာလေး၏ မြေနေရာအား သိမ်းပိုက်ကာ နေ့စဉ်နေ့တိုင်း လူအများအား အနိုင်ကျင့်နေကြသော အပြင်ဘက်မှ ဓားပြတစ်စု ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
သူတို့သည် လူတစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ဖူးသည်ဟု ဆိုကြသေးသည်။ ထို့ကြောင့် ဝမ်ချွမ်းမန်၏ ဂုဏ်သိက္ခာသည် အပြင်ဘက်တွင် လုံးဝ ပျက်စီးသွားခဲ့ပြီး အဖွားအိုဝမ်၏ နာမည်ဆိုးပင်လျှင် ပျံ့နှံ့သွားခဲ့ရလေသည်။
ထို့အပြင် ထိုစဉ်တွင် တစ်စုံတစ်ယောက်သည် ဝမ်ချွမ်းမန်၏ ကိုယ်ရည်ကိုယ်သွေးအား သဘောကျကာ အောင်သွယ်တော် ပြောစကားများကို မယုံကြည်ခဲ့ချေ။ သူမသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုရန် စီစဉ်ခဲ့သည်။
တိုက်ဆိုင်စွာပင် ထိုအချိန်၌ တတိယအဒေါ်ဟူနှင့် အဖွားအိုဝမ်တို့ ကြီးမားသော အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြသည်။ ထိုသူမှ ရောက်လာပြီးနောက် တတိယအဒေါ်ဟူအား မေးမြန်းလိုက်သည်။
"အဖိုးအိုဝမ်ရဲ့ မိသားစုက ဘယ်လိုနေလဲ"
တတိယအဒေါ်ဟူသည် ဒေါသထွက်နေသည့် အချိန်ဖြစ်သဖြင့် အဖွားအိုဝမ်ကို ကျားမကြီး တစ်ကောင်သဖွယ် ပုံဖော်ကာ အဓိပ္ပာယ် မရှိသော စကားများအား ချက်ချင်းပင် ပြောဆိုလိုက်တော့သည်။
သူမမှ အဖွားအိုဝမ်သည် မည်သူ့ကိုမျှ ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲ ရွာသားများအား အခက်တွေ့အောင် လုပ်နေသည်ဟု ဆိုလိုက်သေးသည်။ နေ့စဉ်နေ့တိုင်း သူမသည် တံမြက်စည်အား ကိုင်ဆောင်ကာ လူများကို ရိုက်နှက်တတ်သည်ဟု ပြောပြန်လေသည်။ ထိုမိသားစုမှ ဤစကားအား ကြားသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်းပင် ပြန်လှည့်သွားကြတော့သည်။
သူတို့သည် ဇာတ်လမ်းကို ပိုမိုချဲ့ကားကာ နေရာအနှံ့ ဖြန့်ဝေခဲ့ကြသည်။ အောင်သွယ်တော်၏ နှောင့်ယှက်မှုများနှင့် ပေါင်းစပ် လိုက်သောအခါ နောင်တွင် ဝမ်မိသားစုသည် ချွေးမများစွာအား နှိပ်စက် သတ်ဖြတ်ခဲ့သည် ဟူသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့ရတော့သည်။
အဖိုးအိုဝမ်၏ မိသားစုသည် အဘယ်ကြောင့် ဆင်းရဲနေရသနည်း။ သူတို့တွင် အဘယ်ကြောင့် မြေးယောက်ျားလေးများသာ ရှိနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအဘွားအိုသည် သူမ၏ ချွေးမများအား ကလေးမွေးရန် ဖိအားပေးခဲ့ပြီး သူတို့သည် မြေး ယောက်ျားလေးများကိုသာ မွေးဖွား ပေးရသောကြောင့် ဖြစ်သည်။ သူတို့ မွေးဖွားလာသော မြေးမိန်းကလေးများ အားလုံးကို ရေနစ်သတ်ခဲ့ပြီး မြေး ယောက်ျားလေးများကိုသာ ချန်ထားခဲ့ကြသည်။
ချွေးမ အတော်များများသည် နှိပ်စက်ခံရကာ သေဆုံးခဲ့ရပြီး ဝမ်မိသားစုသည် ငွေကြေး လျော်ကြေး ပေးရန် မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ချေ။ သူတို့ လျော်ကြေး ပေးလေလေ ပို၍ ဆင်းရဲလာလေလေ ဖြစ်သည်။
ဤအကြောင်းကြောင့် သူတို့၏ သမီးအား လက်ထပ်ပေးလိုသူ အချို့လည်း ရှိကြသည်။ သူတို့၏ သမီး သေဆုံးသွားသောအခါ ဝမ်မိသားစုထံမှ ငွေကြေး ခြိမ်းခြောက် တောင်းခံနိုင်မည် ဖြစ်သည်။
သို့သော် ဝမ်မိသားစုမှ တင်းတောင်းငွေ အဖြစ် ငွေဆယ်တေး တောင်းဆိုကြောင်းကို အောင်သွယ်တော်ထံမှ ကြားသိရသောအခါ သူတို့သည် အဖွားအိုဝမ်အား စိတ်နှလုံးမည်းညစ်သူ အဖြစ် ကျိန်ဆဲခဲ့ကြတော့သည်။
ဤဝင်ရောက် စွက်ဖက်မှုများကြောင့် ဝမ်ချွမ်းမန်၏ အိမ်ထောင်ရေးသည် အသက် (၁၆) နှစ်မှ (၂၀) နှစ်အထိ ကြန့်ကြာသွားခဲ့ရခြင်း ဖြစ်သည်။ ဝမ်မိသားစုသည် အလွန်အမင်း စိုးရိမ် ပူပန်နေခဲ့သော်လည်း အပြင်ဘက်ရှိ ကောလာဟလများကြောင့် ၎င်းတို့အား ဆေးကြောရန် နည်းလမ်းမရှိခဲ့ချေ။
ရုတ်တရက် တစ်နေ့တွင် မိန်းကလေး တစ်ဦးသည် ဟူမိသားစု ကျေးရွာလေးသို့ ရောက်ရှိလာပြီး ကြောက်လန့်တကြား တုန်ယင်နေလျက် အဖွားအိုဝမ်အား ရှာဖွေတွေ့ရှိခဲ့သည်။ သူမမှ အဖွားအိုဝမ်အား မေးမြန်းလိုက်သည်။
"ကျွန်မတို့ မိသားစုက အရမ်းဆင်းရဲပါတယ် ငွေဆယ်တေးကို တင်းတောင်းငွေအဖြစ် မပေးနိုင်ပါဘူး လက်ဖွဲ့ပစ္စည်းလည်း မရှိပါဘူး အကယ်၍ ကျွန်မက အဒေါ်တို့ မိသားစုထဲကို ချွေးမ အဖြစ် ဝင်လာပြီး နောင်ကျရင် သေသွားခဲ့ရင်တောင် အဒေါ်တို့ မိသားစုရဲ့ ငွေကို ခြိမ်းခြောက် တောင်းခံမှာ မဟုတ်ပါဘူး အဒေါ်တို့က တင်းတောင်းငွေ ဘယ်လောက် ပေးနိုင်မလဲဟင်"
အဖွားအိုဝမ်သည် ဝမ်ချွမ်းမန်၏ အိမ်ထောင်ရေး အပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့နေသည်မှာ ကြာပြီ ဖြစ်သည်။ သူမမှ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဘာ တင်းတောင်းငွေလဲ အစားအစာ ဆယ်ကတ်တီက အများဆုံးပဲ"
မမျှော်လင့်စွာဖြင့် မိန်းကလေးငယ်၏ မျက်လုံးများက အရောင် လက်သွားခဲ့သည်။ သူမမှ သတ္တိမွေးကာ ပြောလိုက်သည်။
"ဒါဆို ကျွန်မ အဒေါ်တို့ မိသားစုထဲကို ဝင်လာခဲ့ပါ့မယ်"
ဤမိန်းကလေးငယ်မှာ (၁၈) နှစ်အရွယ် လျူရှီပင် ဖြစ်ချေသည်။ ယခုအခါ ဝမ်မိသားစုသည် အခြား အောင်သွယ်တော် တစ်ဦးအား စော်ကားမိပြန်ပြီ ဖြစ်သည်။ ဝမ်မိသားစုသည် မျှော်လင့်ချက်မဲ့ သွားကြတော့သည် ။ သူတို့ မိသားစုသည် အောင်သွယ်တော်များနှင့် အဖုအထစ် ရှိနေခဲ့လေသလား။