← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း ၃၉ - ယန်ရှောင်ကျင်း

နယ်နှင်ခံလိုက်ရသော အရာရှိ၏နေရာတွင် အစားထိုးရန် ကိုယ်ပိုင်စစ်တပ်မှ အရာရှိအသစ်တစ်ဦး ခံတပ်ထဲမှ ရောက်မလာသေးသဖြင့် အဖွဲ့မှာ ချက်ချင်း မထွက်ခွာနိုင်သေးပေ။

အဆင့်နိမ့်အရာရှိတစ်ဦးကိုပင် ဤမျှလွယ်လွယ်ကူကူ အစားထိုးနိုင်ခြင်းက ခံတပ်မြို့အတွင်း လော့ရှင်းယွီ၏ သြဇာအာဏာ မည်မျှကြီးမားကြောင်း ပြသနေခဲ့သည်။ သို့သော် လော့ရှင်းယွီ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော မိန်းကလေးကို စောစောက လှမ်းကြည့်လိုက်သည့် အကြည့်မှာလည်း ရန်ရှောင်စု၏ မျက်စိထဲတွင် မြင်ယောင်နေဆဲပင်။

ဒီ ဘေ့စ်ဘောဦးထုပ်နဲ့ မိန်းကလေးက တကယ်ပဲ ဘယ်သူလဲ။

ရန်ရှောင်စုက ရုတ်တရက် ပြောလိုက်သည်။

“ငါတို့တွေက နောက်ဆိုရင် တစ်ဖွဲ့တည်းသားတွေ ဖြစ်သွားကြမှာဆိုတော့ အားလုံးရဲ့ နာမည်တွေကို သိထားချင်တယ်။”

တီးဝိုင်းအဖွဲ့ဝင်တစ်ဦးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“ငါတို့က ဒုက္ခသည်တွေနဲ့ အဖွဲ့ တူတူဖွဲ့မှာ မဟုတ်ဘူး။ မင်းက လမ်းပြသက်သက်ပဲ။ အပိုတွေ လာပြီး ရင်းနှီးချင်မနေနဲ့။”

ရန်ရှောင်စုသည် ထိုအဖွဲ့ဝင်ကို သေချာစေ့စေ့ကြည့်လိုက်ပြီး...လမ်းခရီးမှာ သူ့ကို သတ်ပစ်ဖို့ သင့်တော်တဲ့နေရာ ရှိမလားဆိုသည်ကို အလေးအနက် စဉ်းစားလိုက်မိသည်။

စျေးမြို့မှ ဒုက္ခသည်များနှင့် ခံတပ်မြို့ရိုးအတွင်းမှ နေထိုင်သူများမှာ သိသိသာသာ ကွာခြားလှသည်။ ခံတပ်ထဲမှ လူများမှာ သန့်ရှင်းသပ်ရပ်ပြီး ယဉ်ကျေးသိမ်မွေ့ကြသော်လည်း စျေးမြို့မှ ဒုက္ခသည်များမှာမူ ညစ်ပတ်ပေရေပြီး ရိုင်းစိုင်းကြမ်းတမ်းကြသည်မှာ ထင်ရှားပေသည်။ သို့သော် ထိုထက်ပို၍ အခြေခံကျသော ခြားနားချက်များလည်း ရှိနေသေးသည်။

၎င်းမှာ ဘဝအပေါ် ထားရှိသည့် သဘောထားပင် ဖြစ်သည်။

ရန်ရှောင်စုတစ်ယောက် ဤအခြေအနေအားလုံးကို မည်သို့ကျော်ဖြတ်ကာ ရှင်သန်လာခဲ့သနည်း။ ထိုလူများကရော ခံတပ်ထဲတွင် မည်သို့ ဇိမ်နှင့် နေထိုင်နိုင်ခဲ့ကြသနည်း။ လူတစ်ယောက် နေထိုင်ရသည့် ပတ်ဝန်းကျင်က ထိုသူ၏ စိတ်ဓာတ်၊ စရိုက်နှင့် အရာရာကို ပုံဖော်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ခံတပ်မြို့ရိုးအတွင်းမှ အရာရှိတစ်ဦး ထွက်လာပြီး ဆေးခန်းဆီသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ သူက လူအုပ်ရှေ့ ရောက်သည့်အခါ မိတ်ဆက်လိုက်သည်။

“ကျုပ်က ကွင်းဆင်းစစ်ဆင်ရေးဌာနက ဒုဗိုလ်ချုပ် ရွှီရှန်းချူပါ။”

ထိုအခါမှသာ အားလုံးက တစ်ယောက်ချင်းစီ မိတ်ဆက်ကြတော့သည်။ သို့သော် ရန်ရှောင်စုသည် အခြားသူများ၏ နာမည်ကို မှတ်မထားဘဲ စောစောက သူ့ကို လှောင်ပြောင်ခဲ့သော အဖွဲ့ဝင်ကိုသာ စိုက်ကြည့်နေမိသည်။

ထိုဝန်ထမ်းက သူ့ဘာသာ မိတ်ဆက်သည်။

“ကျူပ်က လော့ရှင်းယွီရဲ့ မန်နေဂျာ လျိုပုပါ။”

ရန်ရှောင်စုသည် လျိုပု၏ နာမည်ကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

ရုတ်တရက် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော မိန်းကလေးက စကားပြောလာခဲ့သည်။

“ယန်ရှောင်ကျင်း။ ခေါင်ရန်းပန်းဆိုတဲ့ ‘ကျင်း’။”

ရန်ရှောင်စု အံ့အားသင့်သွားခဲ့သည်။ ထိုမိန်းကလေး၏ နာမည်မှာ ယန်ရှောင်ကျင်း ဖြစ်နေ၏။ အကြောင်းရင်းမရှိဘဲ ထိုနာမည်မှာ နားထောင်လို့ အလွန်ကောင်းသည်ဟု ရန်ရှောင်စု ခံစားလိုက်ရသည်။

စျေးမြို့မှ ဒုက္ခသည်များနှင့် ခံတပ်ထဲမှ လူကုံထံများ၏ ခြားနားချက်မှာ နာမည်များတွင်လည်း ရှိနေသည်ဟု ဆိုရပေလိမ့်မည်။

ခံတပ်ထဲက နာမည်တွေကို ကြည့်ပါဦး- ရွှီရှန်းချူ၊ လျိုပု၊ လော့ရှင်းယွီ၊ ဝမ်ချုံးယန်၊ ယန်ရှောင်ကျင်း...။

စျေးမြို့က ခိုလှုံသူတွေရဲ့ နာမည်တွေကို ပြန်ကြည့်ပါဦး- ဝမ်ဖူကွေ့ (ဝမ်-ချမ်းသာကြွယ်ဝ)၊ ဝမ်တလုံ (ဝမ်-နဂါးကြီး)၊ လီဖားချိုင် (လီ-စီးပွားဖြစ်)၊ လီယိုချန် (လီ-ပိုက်ဆံရှိ) ...။

ဒီစျေးမြို့က နာမည်တွေက ပေါ့ပျက်ပျက်နိုင်လွန်းတယ်။

မည်သို့ပင်ဖြစ်စေ ရန်ရှောင်စုသည် ယခုအခါ အဖွဲ့၏ ဖွဲ့စည်းပုံကို နားလည်သွားပြီဖြစ်သည်။ လျိုပုသည် လော့ရှင်းယွီ၏ မန်နေဂျာဖြစ်သည့်အတွက် တီးဝိုင်းအဖွဲ့၏ လူနေမှုရိက္ခာနှင့် အထွေထွေကိစ္စရပ်အားလုံးကို စီမံခန့်ခွဲသူ ဖြစ်သည်။

ယခုခရီးစဉ်အတွက် SUV ကား ၅ စီးနှင့် ပစ်ကပ်ကားတစ်စီး ပါဝင်ပြီး ကားနောက်ခန်းများတွင် နေ့စဉ်သုံး ပစ္စည်းများကို အပြည့်အသိပ် ထည့်ထားကြသည်။

ရွှီရှန်းချူသည်မူ ယာဉ်တန်းစီမံခန့်ခွဲမှုနှင့် အဖွဲ့တစ်ခုလုံး၏ လုံခြုံရေးအတွက် တာဝန်ယူရသည်။

ရန်ရှောင်စုသည် ယန်ရှောင်ကျင်းတွင်လည်း တာဝန်တစ်ခုခု ရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အားလုံးကို နားထောင်ကြည့်ပြီးနောက် ယန်ရှောင်ကျင်းသည် အဖွဲ့နှင့် သီးခြားဖြစ်နေပြီး ဘာကိုမှ ပူပန်စရာမလိုဘဲ လွတ်လပ်နေသူဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။

လော့ရှင်းယွီ၏ မိတ်ဆက်ပေးချက်အရ ယန်ရှောင်ကျင်းမှာ သူမ၏ သူငယ်ချင်းဖြစ်ပြီး ခံတပ်အမှတ် ၁၁၂ သို့ အပျော်လိုက်ပါလာခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ရန်ရှောင်စု ချက်ချင်းပင် တွေးလိုက်မိ၏။

တစ်လုံးမှ မယုံဘူး။

မိတ်ဆက်ပြီးနောက် လူတိုင်း ကားပေါ်သို့ တစ်ယောက်ချင်းစီ တက်လိုက်ကြတော့သည်။ ယခုခရီးစဉ်တွင် ရန်ရှောင်စုအပါအဝင် စုစုပေါင်း လူ ၂၀ ရှိသည်။ ထို့ကြောင့် SUV ၅ စီးတွင် တစ်စီးလျှင် ၄ ယောက်စီ စီးမည်ဆိုလျှင် အနေတော်ပင် ဖြစ်သည်။

ရန်ရှောင်စု ကားပေါ်တက်ရန် ပြင်လိုက်စဉ်မှာပင် လျိုပုက ရုတ်တရက် ဟန့်တားလိုက်၏။

“မင်းက ညစ်ပတ်စုတ်ပြတ်နေတာပဲ။ ကားထဲ မဝင်နဲ့။ ဟို ပစ်ကပ်ကားနောက်ခန်းမှာပဲ သွားထိုင်စမ်း။”

ရန်ရှောင်စုက သူနှင့် အခြေအတင် အငြင်းပွားမနေပေ။ အဆုံးတွင် သေလူတစ်ယောက်နှင့် ငြင်းခုံနေခြင်းက ဘာများ အဓိပ္ပာယ်ရှိပါဦးမည်နည်း။

ရန်ရှောင်စု ကားနောက်ခန်းတွင် ထိုင်လိုက်သည်နှင့် အင်ဂျင်ဟိန်းသံက နားထဲသို့ တိုးဝင်လာပြီး သူ၏ မျက်စိရှေ့မှ စျေးမြို့ကလေးမှာလည်း တဖြည်းဖြည်းနှင့် ဝေးကွာကျန်ရစ်ခဲ့တော့သည်။

ရန်ရှောင်စု ထွက်ခွာလာစဉ်တွင် စိတ်ထဲ၌ အနည်းငယ် တွန့်ဆုတ်နေမိသည်။ ဤနေရာမှာ မည်မျှပင် ညစ်ပတ်ပေရေပြီး ပျက်စီးယိုယွင်းနေပါစေ...နှစ်ပေါင်းများစွာ သူ၏ အိမ်ဖြစ်ခဲ့သည် မဟုတ်ပါလော။

ရန်ရှောင်စုတစ်ယောက် စိတ်ကူးယဉ်ကြည်နူးနေစဉ်မှာပင် ဘေးတစ်ဖက်မှာကျယ်လောင်သော ဝမ်းသာအားရ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

“ရန်ရှောင်စု နောက်ဆုံးတော့ ထွက်သွားပြီဟေ့။”

“ငါတို့တွေ အခုမှပဲ လွတ်မြောက်တော့တယ်။”

“ဟားဟားဟား... ဒုက္ခနေ့ရက်တွေ ကုန်ဆုံးသွားပြီကွ။”

ရန်ရှောင်စု အံ့အားသင့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ လီယိုချန်နှင့် ဝမ်တလုံတို့ ဦးဆောင်သော ကျောင်းသားတစ်သိုက် လက်ဝါးချင်းရိုက်ကာ အောင်ပွဲခံနေကြသည်ကို မြင်လိုက်ရတော့သည်...။

အခြားသူများကတော့ ထွေထွေထူးထူး ဂရုမစိုက်ကြချေ။ ရန်ရှောင်စုသည် လက်ရှိတွင် စျေးမြို့၏ တစ်ဦးတည်းသော ဆရာဝန်ဖြစ်နေသော်လည်း သူထွက်သွားသည်မှာ ပြဿနာမရှိဟု သူတို့ ခံစားကြရသည်။

သို့သော် ကျောင်းသားများမှာမူ မတူညီချေ။ ရှေ့လျှောက် နေ့ရက်များသည် ယခုထက် သေချာပေါက် ပိုကောင်းလာလိမ့်မည်ဟု သူတို့ သိနေကြသည်။

ဤအခိုက်အတန့်တွင် သူတို့သည် ရန်ရှောင်စု၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သော ကြောက်ရွံ့မှုများကို မေ့လျော့နေကြသည်...။

ရုတ်တရက် လူအုပ်ထဲမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပြေးထွက်လာခဲ့သည်။ ထိုလူမှာ လီယိုချန်၏ ဖခင် လီဖားချိုင်ပင် ဖြစ်သည်။

လီဖားချိုင်သည် ကြီးမားထွားကြိုင်းလှသော သမီးဖြစ်သူ လီယိုချန်ကို ဆွဲခေါ်ကာ အိမ်သို့ ပြန်ရန် ပြင်ရင်း ပြောလိုက်သည်။

“နင် ရူးနေလား။”

“အဖေကလည်း ဘာကို ကြောက်နေတာလဲ။ ရန်ရှောင်စုက ထွက်သွားပြီပဲဟာ။”

လီယိုချန်က နားမလည်နိုင်ဖြစ်‌နေခဲ့လေသည်။

“ဒါပေမဲ့ သူ ပြန်လာလိမ့်မယ်။”

လီဖားချိုင်က ဝမ်းနည်းပူဆွေးစွာဖြင့် ဆိုသည်။

“သူ ပြန်မလာရင်ကော...။ တောရိုင်းထဲမှာ အရမ်းအန္တရာယ်များတယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။”

“နင်က ဘာသိလို့လဲ။”

လီဖားချိုင်က လီယိုချန်၏ လက်ကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

“အဲ့ဒီလူတွေထဲက ဘယ်သူမှ ပြန်မလာနိုင်ရင်တောင် သူကတော့ ပြန်လာနိုင်လိမ့်မယ်။ နောက်ပြီး နင် နောက်နောင် ဘယ်သူ့ကိုမှ သေပါစေလို့ ဆုမတောင်းရဘူး...နားလည်လား။”

ရန်ရှောင်စု ပြန်မလာနိုင်တော့ဘူးဟု လီယိုချန် ပြောလိုက်ခြင်းမှာ ရန်ရှောင်စု အပြင်မှာ သေလိမ့်မည်ဟု သွယ်ဝိုက်ပြောဆိုခြင်းပင် ဖြစ်သည်။

အမှန်တကယ်တော့ စျေးမြို့မှ လူများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအပေါ် ထုံထိုင်းနေကြပြီး သေခြင်းတရားမှာ အလွန်ပင် သာမန်ဖြစ်သည့်ကိစ္စတစ်ခုဟု ခံစားနေကြရသည်။

သို့သော် ဤကဲ့သို့သော မျိုးစေ့ကို ကလေးတစ်ယောက်၏ ရင်ထဲတွင် စိုက်ပျိုးလိုက်ပါက နောင်တစ်ချိန် ပွင့်လန်းဝေဆာလာသည့်အခါ မည်သို့သော အသီးအပွင့်များ သီးလာမည်ကို မည်သူ သိနိုင်ပါမည်နည်း။

SUV ကားပေါ်မှ လော့ရှင်းယွီနှင့် အခြားသူများသည်လည်း ထိုအောင်ဟစ်သံများကို ကြားလိုက်ကြရသည်။ သူတို့သည် မှန်များကို ချ၍ နောက်သို့ လှည့်ကြည့်လိုက်ကြ၏။ ဤလူများသည် ရန်ရှောင်စုအပေါ် မည်သည့် ရန်ငြိုးများ ရှိနေသည်ကို သူတို့ မသိသော်လည်း ရန်ရှောင်စု စျေးမြို့မှ ထွက်ခွာသွားခြင်းကို သူတို့ ဝိုင်းဝန်း အောင်ပွဲခံနေကြကြောင်းတော့ နားလည်လိုက်ကြသည်။

ရှေ့ခန်းတွင် ထိုင်နေသော လျိုပုက ရေရွတ်လိုက်၏။

“သူက ဘယ်လောက်တောင် လူမုန်းများနေလို့ သူထွက်သွားတာကို လူတွေက ဝိုင်းပြီး အောင်ပွဲခံနေရတာလဲ...။”

နောက်ခန်းတွင် ထိုင်နေသော လော့ရှင်းယွီက ရယ်မောလိုက်သည်။

“ငါတို့ ပြန်ရောက်ရင် ဒီလူအကြောင်းကြောင်းကို စုံစမ်းကြည့်ရမယ်။ သူ စျေးမြို့မှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ သိချင်တယ်။”

“အိုက်ယား ရှင်းယွီ... ဘာလို့ သူ့အကြောင်းကို မေးနေမှာလဲ။”

လျိုပုက မခန့်လေးစား ပြောလိုက်သည်။

“သူက စျေးမြို့က လူမိုက်ကလေး တစ်ယောက်သက်သက်ပါပဲ။ ငါတို့သာ လမ်းပြ မလိုဘူးဆိုရင် ဒီလိုလူမျိုးက ငါတို့လိုလူတွေနဲ့ ပတ်သက်ခွင့် ရပါ့မလား။ သူက ကံကောင်းလို့ အခုလို အခွင့်အရေးမျိုး ရတာကိုတောင် အသိအမှတ် ပြုရကောင်းမှန်း မသိဘူး။”

ကားပေါ်တွင် ယန်ရှောင်ကျင်း တစ်ယောက်သာ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသည့်အလား တိတ်ဆိတ်နေခဲ့သည်။

...

ကျောင်းတံခါးဝတွင် ရှောင်ယွီသည် ခြံစည်းရိုးကို မှီလျက် စျေးမြို့လမ်းမ၏ အဆုံးသို့ ငေးကြည့်နေခဲ့သည်။ သူမသည် ရန်ရှောင်စုနှင့် ယာဉ်တန်းကြီး တဖြည်းဖြည်းနှင့် အစက်ကလေးများ ဖြစ်သွားသည်အထိ ကြည့်နေခဲ့လေသည်။

ထို့နောက် သူမ လှည့်ထွက်ကာ ကျောင်း၏နောက်ဖေးဝင်းသို့ ပြန်လာခဲ့လိုက်သည်။ မျက်နှာသုတ်ပုဝါကို ရေစိုတိုက်လိုက်ပြီးနောက် အဖျားတက်ကာ ရုတ်တရက် သတိလစ်သွားသော ယန်လျို့ယွမ်၏ နဖူးပေါ်သို့ တင်ပေးကာ သုတ်ပေးနေလိုက်သည်။

ဆရာကျန်းက လောင်ဝမ်၏ ကုန်စုံဆိုင်သို့ အဖျားကျဆေး သွားဝယ်နေပြီး ရှောင်ယွီသည်မူ ယန်လျို့ယွမ်၏ ဘေးတွင်နေ၍ ပြုစုပေးနေခဲ့သည်။

ထိုအချိန်တွင် ယန်လျို့ယွမ်သည် အိပ်မက်ဆိုးတစ်ခု မက်နေသည့်အလား မျက်မှောင်ကြုတ်နေသည်။ ရှောင်ယွီက ယန်လျို့ယွမ်၏ နဖူးကို အသာအယာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ဆိုလိုက်သည်။

“စိတ်မပူပါနဲ့ လျို့ယွမ်... သူ သေချာပေါက် ပြန်လာမှာပါ။”

အခန်း ၄၀ - ငါ့မုန့်တွေနဲ့ပဲ အတူနေချင်တယ်

ကျင်းရှန်းသို့ သွားသောလမ်းမှာ ခရီးသွားရ ခက်ခဲလှပြီး အများစုမှာ မြေသားလမ်းများသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ရန်ရှောင်စုသည် ကားနောက်ခန်း၌ ထိုင်နေရင်း မြေပြင်ပေါ်ရှိ ကွန်ကရစ်လမ်းဟောင်းများကို မြင်တွေ့ရတတ်သော်လည်း ထိုလမ်းများသည် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ပျက်စီးယိုယွင်းနေသည်မှာ ကြာပြီဖြစ်သည်။

ဤကွန်ကရစ်လမ်းများသည် ကပ်ဘေးခေတ်မတိုင်မီက ကျန်ရစ်ခဲ့သောအရာများဖြစ်ကြောင်း ကျောင်းမှ ဆရာကျန်း ပြောပြသည်ကို ရန်ရှောင်စု ကြားဖူးသည်။ ယခုမူ အချိန်မည်မျှ ကြာမြင့်သွားပြီဖြစ်စေ လမ်းအောက်ခြေများမှာ ပျက်စီးကုန်ပြီဖြစ်ကာ လမ်းမျက်နှာပြင်အများစုမှာလည်း မြေကြီးအောက်တွင် မြုပ်ဝင်နေခဲ့ပြီဖြစ်သည်။

ယခုခေတ်တွင် ခံတပ်များကို ဆက်သွယ်ထားသော လမ်းအားလုံးမှာ အလားတူအခြေအနေမျိုးသာ ဖြစ်သည်။ ကွာခြားချက်မှာ ထိုလမ်းပေါ်တွင် မော်တော်ယာဉ် အသွားအလာ အနည်းငယ် ပိုများသဖြင့် မြေသားလမ်းများမှာ ပို၍ ညက်ညောနေခြင်းသာ ဖြစ်သည်။

အမှန်တကယ်တော့ ခံတပ်မြို့များကြားတွင် သွားလာနေသော ယာဉ်အရေအတွက်မှာ သိပ်မများလှပေ။ စျေးမြို့ကလေးရှိ ခံတပ်အမှတ် ၁၁၃ သို့ တစ်နှစ်လျှင် ပြင်ပယာဉ် ဆယ်စီးခန့် ရောက်လာသည်ကိုပင် ရန်ရှောင်စုတို့အဖွဲ့က အတော်လေး များလှပြီဟု ယူဆထားကြသည်။

တောရိုင်းကမ္ဘာကြီးမှာ ခြောက်သွေ့နေခြင်းမျိုး မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် စျေးမြို့မှ ထွက်ခွာလာပြီး ကီလိုမီတာ အနည်းငယ်အကွာသို့ ရောက်သည်နှင့် စိမ်းလန်းစိုပြည်သော မြင်ကွင်းများကိုသာ တွေ့မြင်ရမည်ဖြစ်ကာ မကြာသေးမီနှစ်များအတွင်း အပင်များမှာ ပိုမို၍ပင် ဖြစ်ထွန်းလာခဲ့သည်။

သို့သော် ရန်ရှောင်စုကမူ ၎င်းမှာ မကောင်းသောအချက်မဟုတ်ဟု ခံစားရသည်။ စျေးမြို့တွင် အစားအစာများမှာ အမြဲတမ်း ရှားပါးလှသဖြင့် အသားမစားရလျှင်ပင် ဟင်းသီးဟင်းရွက်များကို ပိုစားနိုင်လိမ့်မည်။ ကျန်းကျင်းလင် ကိုယ်တိုင်စိုက်ထားသော မုန်လာထုပ်များပင်လျှင် ယခင်ကထက် ပို၍ အရွယ်အစားကြီးမားလာသည်ကို သူ သတိပြုမိသည်။

ရန်ရှောင်စုသည် ၎င်းတို့ကို ကျန်းကျင်းလင် မြေဩဇာ ကျွေးထားသလားဟုပင် မေးခဲ့သော်လည်း ကျန်းကျင်းလင်က မကျွေးထားကြောင်း ငြင်းဆိုခဲ့သည်။

ဤသည်မှာ ကောင်းသောလက္ခဏာပင်။ နောင်အနာဂတ်တွင် အာလူးတစ်လုံးတည်းနှင့်ပင် မိသားစုသုံးယောက် ဝဝလင်လင် စားနိုင်တော့မည် ထင်ပါရဲ့...။

လျိုပုသည် ရန်ရှောင်စုကို ပစ်ကပ်ကား၏ နောက်ခန်းတွင် ထိုင်ခိုင်းလိုက်စဉ်က ရန်ရှောင်စု ဘာလုပ်မည်ကို သူ သေချာပေါက် တွေးမိလိမ့်မည် မဟုတ်ပေ။

ကားနောက်ခန်းထဲတွင် ခံတပ်ထဲမှ သယ်ဆောင်လာသော အစားအစာနှင့် ရေများ အပြည့်ပါရှိသည်။ ၎င်းကို သော့မခတ်ထားဘဲ မိုးကာစဖြင့်သာ အုပ်ထားခြင်း ဖြစ်သည်။

ကားနောက်ခန်း၌ ထိုင်နေသော ရန်ရှောင်စုသည် သိချင်စိတ်ဖြင့် မိုးကာစကို မလိုက်ကာ အတွင်းသို့ ချောင်းကြည့်လိုက်သည်။ သူသည် ဘီစကွတ်မုန့်ဟူသော စာလုံးများကို မြင်လိုက်ရပြီး အခြားမိုးကာစတစ်ခုကို မကြည့်လိုက်သောအခါ ရေသန့်ဘူးများကို တွေ့လိုက်ရသည်...။

လမ်းမှာ ကြမ်းတမ်းလွန်းသဖြင့် ကားမှာ အရှိန်ပြင်းပြင်း မောင်းနှင်၍ မရပေ။ တီးဝိုင်းအဖွဲ့ဝင်များ အကြောက်ဆုံးအရာမှာ တောရိုင်းတိရစ္ဆာန်များနှင့် တွေ့ဆုံရခြင်း မဟုတ်ပေ။ အကြောင်းမှာ သူတို့နှင့်အတူ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ကိုယ်ပိုင်စစ်တပ်မှ စစ်သား ၁၂ ယောက် ပါဝင်နေသောကြောင့် သားရဲတိရစ္ဆာန်များအတွက် အလွန်အမင်း ပူပန်စရာမလိုပေ။

ယခင်က ဝံပုလွေအုပ်များနှင့် ပတ်သက်သော ဖြစ်ရပ်များ ရှိခဲ့ဖူးသော်လည်း ဝံပုလွေများ အဝေးသို့ ရွှေ့ပြောင်းသွားသည်မှာ ကြာပြီဖြစ်သည်။ သူတို့ ခိုအောင်းနေသော တောင်မှာ ဤနေရာမှ ကီလိုမီတာ ရာနှင့်ချီ၍ ဝေးကွာလှသဖြင့် သူတို့ ရုတ်တရက် ပြန်ရောက်လာမည်ကို စိုးရိမ်စရာမလိုပါချေ။

ခံတပ်မြို့များ၏ အတွေ့အကြုံအရဆိုလျှင် ၎င်းတို့ ဤနယ်မြေသို့ ပြန်လည်ရောက်ရှိလာရန် အနည်းဆုံး တစ်နှစ်ခန့် ကြာပေလိမ့်မည်။

ထို့ကြောင့် လက်ရှိတွင် အဖွဲ့၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ ကားပျက်သွားလျှင် မည်သို့လုပ်မည်နည်း ဆိုသည်ပင် ဖြစ်သည်။

ဤကိုယ်ပိုင်စစ်တပ်မှ စစ်သားတစ်ဝက်ခန့်မှာ ကားပြင်နည်းကို သင်ယူထားကြသော်လည်း အပိုပစ္စည်း အစုံအလင်ကိုတော့ လမ်းခရီးတွင် သယ်ဆောင်လာရန် မဖြစ်နိုင်ပေ။

ခရီးစဉ်က နှေးကွေးနေသော်လည်း လမ်းလျှောက်ရသည်ထက်တော့ ပိုကောင်းပါသေးသည်။

ခရီးစဉ်အတွင်း ရန်ရှောင်စုသည် အပေါ့အပါးသွားရန်ဟုဆိုကာ ကားပေါ်မှ ဆင်းခွင့်ပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သဖြင့် ယာဉ်တန်းတစ်ခုလုံး ရပ်တန့်ကာ သူ့ကို စောင့်ဆိုင်းခဲ့ရသည်။ ဤအချက်ကြောင့် အဖွဲ့သားများမှာ သူ့အပေါ် ပို၍ မကျေမနပ် ဖြစ်လာကြသော်လည်း ရန်ရှောင်စုကတော့ ဂရုမစိုက်ဘဲ လူတိုင်း၏ မကျေမနပ်အကြည့်များကြားမှာပင် ဘာမှမဖြစ်သလို နေမြဲနေဆဲပင်။

ယာဉ်တန်းသည် ခရီးဆက်လာခဲ့ပြီး မွန်းတည့်ချိန်တွင် ရပ်နားလိုက်သောအခါ လျိုပုက ကားပေါ်မှ ပထမဆုံး ခုန်ဆင်းလာခဲ့သည်။ ထို့နောက် သူက ဝမ်းသာအားရ ရယ်မောရင်း ပြောလိုက်သည်။

“အားးး ခံတပ်ထဲမှာပဲ အကြာကြီး နေခဲ့ရတော့ အခုလို အပြင်ထွက်ပြီး ကျယ်ပြောလှတဲ့ ရှုခင်းတွေကို မြင်ရတာ တကယ်ကို စိတ်လက်ပေါ့ပါးသွားတာပဲ။”

ကိုယ်ပိုင်စစ်တပ်မှ စစ်သားတစ်ဦးကလည်း ပြန်ပြောလိုက်သည်။

“ခံတပ်ထဲမှာပဲ အမြဲတမ်း ပိတ်မိနေရတာ တကယ်ကို အသက်ရှူကျပ်စရာပဲ။”

အမှန်တကယ်တော့ ခရီးစတင်ချိန်တွင် လူတိုင်းမှာ ဤကဲ့သို့ပင် စိတ်လက်ကြည်သာစွာဖြင့် ရှုခင်းများကို ကြည့်ရှုရင်း စကားပြောရယ်မောနေကြသော်လည်း ရက်အနည်းငယ် ကြာသွားသည့်အခါတွင်မူ အခြေအနေမှာ ပြောင်းလဲသွားပေလိမ့်မည်။

ရန်ရှောင်စု အမဲလိုက်ထွက်စဉ်တုန်းကလည်း ပထမဆုံးနေ့မှာ ဒီလိုပဲ အလွန်နေလို့ကောင်းတယ်လို့ ခံစားခဲ့ရဖူးသည်...။

လျိုပုက လူတိုင်းကို ကားပေါ်မှဆင်းရန် လှမ်းခေါ်လိုက်ပြီး ပြောလိုက်သည်။

“အားလုံးပဲ ဆင်းခဲ့ကြတော့။ တစ်ခုခုစားကြရအောင်။ စားသောက်ပြီးရင် ခရီးဆက်ကြမယ်။ မှောင်မသွားခင် ယွမ်လင်ကို ရောက်အောင်သွားကြရအောင်။ ငါတို့တွေ အရင်ကလည်း အဲ့ဒီကို ရောက်ဖူးတယ်။ အဲ့ဒီမှာ စခန်းချဖို့ သင့်တော်တဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိတယ်။”

ထိုအခါ SUV ကားပေါ်မှ လူများသည်လည်း စကားတပြောပြောဖြင့် ရယ်မောလျက် ဆင်းလာခဲ့ကြသည်။ ကိုယ်ပိုင်စစ်တပ်မှ စစ်သားအချို့မှာမူ စုပေါင်း၍ ဆေးလိပ်သောက်နေကြပြီး လူတိုင်း၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာများ ရှိနေကြသည်။

လျိုပုသည် သူ၏ ဝန်ထမ်းများကို လှမ်းခေါ်ကာ ပစ်ကပ်ကားဆီသို့ အတူတူ လျှောက်သွားလိုက်၏။

သူသည် ဤစစ်သားများကို အမိန့်မပေးနိုင်ချေ။ ယခုခရီးစဉ်အတွက် ကိုယ်ပိုင်စစ်တပ်မှ စစ်သား ၁၂ ယောက်ကို ငှားရမ်းနိုင်ခဲ့ခြင်းမှာ သူနှင့် လော့ရှင်းယွီတို့တွင် သြဇာအာဏာ ကြီးမားလွန်း၍ မဟုတ်ဘဲ သူတို့၏ တီးဝိုင်းအဖွဲ့သည် ဤကိုယ်ပိုင်စစ်တပ်၏ တာဝန်တစ်ခုကို ဖုံးကွယ်ပေးရန်အတွက်သာ ဖြစ်သောကြောင့်ပင်။

ဤအခြေအနေမျိုးတွင် အခြားသူများက လျိုပုနှင့် လော့ရှင်းယွီတို့တွင် သြဇာကြီးသည်ဟု ထင်မှတ်နိုင်သော်လည်း သူတို့ကိုယ်တိုင်ကမူ ကိစ္စရပ်များ၏ အရေးပါပုံကို နားလည်ထားကြသည်။

လျိုပုသည် ပစ်ကပ်ကားဆီသို့ လျှောက်သွားရင်း ဘေးမှ အဖွဲ့ဝင်များကို ပြောလိုက်သည်။

“ခဏနေရင် ငါတို့ယူလာတဲ့ စီးကရက်တွေကို ဒီကစစ်သားတွေကို ဝေပေးလိုက်ကြ။”

“ကောင်းပါပြီ။ ဘယ်လောက် ပေးရမလဲ။”

ဝန်ထမ်းက မေးလိုက်သည်။

“အရင်ဆုံး တစ်ထုပ်ပဲ ထုတ်လိုက်ဦး။ ငါတို့က ၁၀ ထုပ် ယူလာတာဆိုတော့ ဖြည်းဖြည်းချင်းပဲ ပေးသွားမယ်။ အလောတကြီး လုပ်စရာမလိုဘူး။”

လျိုပုက ပြုံးကာ ပြောလိုက်သည်။

“ဒီတစ်ခေါက် မျက်နှာသစ်တွေ ပါလာပေမယ့် ရက်အနည်းငယ် ကြာရင်တော့ ငါတို့တွေ ပိုပြီး ရင်းနှီးသွားကြမှာပါ။”

ထိုစဉ်မှာပင် လျိုပုသည် ပစ်ကပ်ကား၏ နောက်ဘက်သို့ ရောက်လာပြီး လှည့်ကြည့်လိုက်သောအခါ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။

“မာမား... သွားပြီ...။ ရန်ရှောင်စု... မင်း ဘာလုပ်နေတာလဲကွ။”

ရန်ရှောင်စုက လျိုပုကို ကြည့်လိုက်သည်။

“အဲ့လောက်အထိလည်း လန့်မနေပါနဲ့။ ငါ ဘာမှ မလုပ်ပါဘူး...ဂေ့ (လေချဉ်တက်သံ)။”

အတော်လေး ဗိုက်ဝနေသဖြင့် ရန်ရှောင်စုသည် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်ပြီး သူ၏ အဝတ်အစားများပေါ်မှ မုန့်အကြွင်းအကျန်များကို ခါချလိုက်သည်...။

လျိုပုသည် ကားနောက်ခန်းထဲသို့ ငုံ့ကြည့်လိုက်ပြီး ချက်ချင်းပင် ရင်ကျိုးသွားတော့သည်။

“မင်းက ဝက်လား။ ဘယ်လိုလုပ် ဒီလောက် အများကြီး စားနိုင်ရတာလဲ။ မနက်ခင်း တစ်ပိုင်းတည်းနဲ့တင် ဘီစကွတ် ၅ ထုပ်တောင် မင်း စားပစ်လိုက်တာလား။”

အမှန်အတိုင်းပြောရလျှင် ရန်ရှောင်စုသည် ဤမျှအထိ ဝဝလင်လင် မစားရသည်မှာ ကြာပြီဖြစ်သည်။ အဆင်းရဲဆုံးနေ့ရက်များတွင် သူသည် အကောင်းဆုံးအရာများအား ယန်လျို့ယွမ်ကိုသာ အမြဲကျွေးခဲ့သည်။ အခြေအနေ ကောင်းလာသည်မှာလည်း ရက်ပိုင်းမျှသာ ရှိသေးသဖြင့် သူကိုယ်တိုင် အားရပါးရ စားခွင့်မကြုံခဲ့ရသေးပေ...။

ပြီးတော့ ဒီလူတွေ ယူလာတဲ့ မုန့်တွေကလည်း အချိုရော အစိမ့်ပါ အလွန် အရသာရှိလှသည်။

စျေးမြို့တွင် ဆားနှင့် သကြားမှာ လူသုံးကုန်ပစ္စည်း မဟုတ်ဘဲ အဖိုးတန်ပစ္စည်းများ ဖြစ်ကြသည်။ ရန်ရှောင်စုတို့သည် ပုံမှန်အားဖြင့် အာလူးပြုတ်ကဲ့သို့သော အရာများကိုသာ စားကြရသဖြင့် ဤကဲ့သို့ အရသာစုံလင်သော အစားအစာမျိုးကို မစားဖူးကြပေ။

ပြီးတော့ ကားပေါ်မှာ ရေသန့်တွေလည်း အများကြီးပဲ...။

“မင်းရဲ့ ဗိုက်ကိုလည်း ကြည့်လိုက်ဦးကွ။”

လျိုပုက အော်ဟစ်လိုက်သည်။

“မင်းဗိုက်က ကိုယ်ဝန် ၄ လဗိုက်လောက်တောင် ရှိနေပြီ။ ဒီလောက်ထိ အဝစားထားတာ နေရမခက်ဘူးလား။”

ရန်ရှောင်စုတစ်ယောက် စိတ်မရှည်ဖြစ်သွားခဲ့သည်။

“မင်းပဲ ငါ့ကို ဒီကားနောက်ခန်းမှာ ထိုင်ခိုင်းထားတာလေ။ ဒါပေမဲ့ မင်းပြောမှပဲ... တကယ် နေရ နည်းနည်း ခက်လာပြီ။”

ထိုသို့ပြောရင်း ရန်ရှောင်စုသည် ကားပေါ်မှ ဆင်းကာ အဝေးသို့ ပြေးသွားရင်း အော်ပြောခဲ့လိုက်သည်။

“ခင်ဗျားတို့ စားထားနှင့်ကြတော့။ ကျုပ် ဝမ်းသွားမလို့။”

ရန်ရှောင်စု အဝေးသို့ ပြေးသွားပြီးနောက် လျိုပုနှင့် အခြားသူများမှာ တောရိုင်းထဲတွင် ယောင်နနနှင့် ကျန်ရစ်ခဲ့တော့သည်။

အဖွဲ့ဝင်တစ်ဦးက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

“သူ့ကို ကားထဲမှာပဲ ထိုင်ခိုင်းလိုက်ရမလား။”

လျိုပုက သူ့ကို စိုက်ကြည့်လိုက်သည်။

“ဘာလို့ သူ့ကို ကားထဲမှာ ထိုင်ခိုင်းရမှာလဲ။ သူလို လမ်းဘေးခွေးမျိုးက ငါတို့နဲ့အတူ ထိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ...ဟမ်။”

ထိုဝန်ထမ်းမှာ ချက်ချင်း ငြိမ်ကျသွားသော်လည်း တိုးတိုးလေး ဆက်ပြောလိုက်သေးသည်။

“သူ့ကို ပစ်ကပ်ကားနောက်ခန်းမှာ နောက်ထပ် နှစ်ရက်လောက် ထားလိုက်ရင် ငါတို့တွေ ခံတပ်အမှတ် ၁၁၂ ကို ရောက်မှာ မဟုတ်လောက်ဘူး ထင်တယ်...။”

ထိုစကားကို ကြားသောအခါ လျိုပုသည် ရန်ရှောင်စု၏ စားနိုင်စွမ်းကို အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိလေသည်။

“တကယ်ပဲ... ရောက်တော့မှာ မဟုတ်ဘူး...။”

နောက်ဆုံးတွင် လူတိုင်းက သဘောတူညီမှု ရယူလိုက်ကြပြီး ရန်ရှောင်စုကို ကားထဲသို့ ပြောင်းတင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ရန်ရှောင်စု ပြန်ရောက်လာသည့်အခါ ကားထဲတွင် ထိုင်ရန် ပြောသော် သူက မပျော်မရွှင် ဖြစ်သွားခဲ့လေသည်။

“ငါ ကားထဲမှာ မထိုင်ဘူး။ ဘာလို့ ခင်ဗျားတို့နဲ့အတူ ထိုင်ရမှာလဲ။ ငါက ဒုက္ခသည်တစ်ယောက်ပဲဟာ။”

“ငါ့ကို လွှတ်လိုက်စမ်း။ ငါ့ရဲ့မုန့်ကလေးတွေနဲ့ပဲ အတူရှိပါရစေ။”

မင်းက လူရော ဟုတ်ရဲ့လားကွာ။

နောက်ဆုံးတွင် လူတိုင်းက ဝိုင်းဝန်းပြီး သူ့ကို ကားထဲသို့ အတင်းတွန်းထည့်ကာ အလုပ်ပြီးအောင် လုပ်ခဲ့ရလေတော့သည်။

All Chapters