← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း ၃၁။ တံခါးသစ်တစ်ချပ်

“သူက... တကယ်ပဲ ဆရာဝန်လား။”

တီးဝိုင်းအဖွဲ့ထဲမှ တစ်ယောက်က သံသယနှင့် မယုံကြည်နိုင်မှုများဖြင့် မေးလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ သူ့ကို နားလည်မှုလွဲခဲ့တာများလား။”

လော့ရှင်းယွီမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဝမ်ဖူကွေသည်မူ သူတို့ နားလည်မှုမလွဲခဲ့ကြောင်း၊ ရန်ရှောင်စုမှာ လွန်ခဲ့သော နှစ်ရက်ခန့်ကမှ ဆရာဝန် စဖြစ်ခဲ့ခြင်းဖြစ်ကြောင်း စိတ်ထဲက သိနေ၏။ သို့သော် သူက ထိုအကြောင်းကို ပြောပြရန် အစီအစဉ်မရှိပေ။

မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်လည်း ဤကိစ္စမှ ကင်းကင်းရှင်းရှင်းနေချင်သည်။ ‘မင်းတို့က ငါ့ကို လူမမာတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်လို့ ပြောကြပေမဲ့ ငါမလုပ်ခဲ့ဘူး။ ကြည့်စမ်း... သူက တကယ့်ဆရာဝန်ပဲ။’ ဟု သူတွေးနေမိသည်။

“ခဏလေး...နေဦး။ ငါ သေချာအောင် ပြန်စဉ်းစားပါရစေဦး။”

ကိုယ်ပိုင်စစ်တပ်မှ အဖွဲ့ဝင်တစ်ယောက်က ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ သူ့ကိုတွေ့တုန်းက သူ ဘာပြောခဲ့တာလဲ။”

“ဂုဏ်ယူပါတယ်။ သားအဖနှစ်ယောက်လုံး ဘေးကင်းပါတယ်။ ခြောက်ကျင်းနဲ့ ခြောက်လျန်ပါတဲ့။”

တစ်ယောက်က ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ဘယ်သူက ‘သားအဖနှစ်ယောက်လုံး ဘေးကင်းပါတယ်’ လို့ ပြောလို့လဲ။”

ထိုစစ်သားက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“မင်းတို့ ဈေးမြို့က ဒီလိုလူမျိုးက ဆရာဝန် ဖြစ်နိုင်ပါ့မလား။”

သူတို့က ရန်ရှောင်စု၏ စကားလုံးများအား အတိအကျ မှတ်မိနေသည်ကို မြင်သောအခါ ဝမ်ဖူကွေ့က ရှင်းပြလိုက်သည်။

“ကျုပ်တို့ဆီမှာ ဆေးကုသမှု အခြေအနေက တော်တော်လေး ဆိုးရွားတယ်။ ဒါပေမဲ့ ဒါက အစစ်အမှန်ပဲ။ သူက ကျုပ်တို့ ဈေးမြို့မှာ တကယ့်ကို ဆရာဝန်တစ်ယောက်ပဲ။ ခင်ဗျားတို့ မယုံရင် ကျုပ် တစ်ယောက်ယောက်ကို မေးပေးမယ်။”

ပြောပြောဆိုဆိုဖြင့် ဝမ်ဖူကွေ့သည် အိမ်အနည်းငယ်ကျော်ရှိ အိမ်တစ်အိမ်၏ တံခါးကို ခေါက်ကာ မေးလိုက်သည်။

“ရန်ရှောင်စုက ငါတို့ ဈေးမြို့က ဆရာဝန်လား။”

တံခါးလာဖွင့်သူမှာ အံ့အားသင့်သွား၏။

“ဟုတ်တယ်လေ။ သူက ဆရာဝန်ပဲ။”

“သူ့ရဲ့ ဆေးပညာကကော ဘယ်လိုလဲ။”

ဝမ်ဖူကွေ့က ဆက်မေးလိုက်သည်။ ထိုလူက လက်မထောင်ပြလိုက်၏။

“အခု ငါတို့ ဈေးမြို့မှာ ရန်ရှောင်စုကို မချီးကျူးတဲ့သူ ဘယ်သူရှိလို့လဲ။”

အဖွဲ့သားများမှာ ပြန်လည် စဉ်းစားခန်း ဝင်သွားကြပြန်သည်။ သူတို့ ဆေးခန်းပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိတော့ချေ...။

“သူတစ်ယောက်တည်းပဲ နယ်ခြားတောင်တန်းကို ဖြတ်ပြီး လူတွေကို ခေါ်သွားနိုင်တယ်လို့ နင်ပြောချင်တာလား။”

လော့ရှင်းယွီ၏ စိတ်ခံစားချက်များ ငြိမ်သက်သွားခဲ့သည်။

“ဟုတ်တယ်။”

ဝမ်ဖူကွေ့က အနည်းငယ် စဉ်းစားပြီးနောက် ပြုံးလိုက်သည်။

“တကယ်တော့ သူ ခင်ဗျားတို့ကို ခေါ်သွားနိုင်မလား၊ မသွားနိုင်ဘူးလားဆိုတာ ကျုပ် အာမမခံရဲပါဘူး။ ဒါပေမဲ့ သူတောင် မလုပ်နိုင်ဘူးဆိုရင်တော့ ဒီဈေးမြို့မှာ ခင်ဗျားတို့ကို ခေါ်သွားနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး။”

“ဟမ့် နင်က သူ့ကို ကောင်းကင်ရောက်အောင် မြှောက်ပေးနေတာပဲ။”

လော့ရှင်းယွီက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“သူ့ကို ပြောလိုက်။ သူ အခု စစ်မှုထမ်းအဖြစ် အခေါ်ခံလိုက်ရပြီ။ ငါတို့ အနားယူပြီးရင် ပြန်ထွက်ကြမယ်။”

“နေပါဦး...။ ဒါကို ကျုပ်ကို ပြောလို့မရဘူး။”

ဝမ်ဖူကွေ့က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့ သူ့ကို အတင်းခေါ်သွားချင်တယ်ဆိုရင်တော့ ဘော့စ်လော့ကော သဘောတူရဲ့လားဆိုတာ အရင်မေးရလိမ့်မယ်။”

“ဘော့စ်လော့လား။ သူက ဘော့စ်လော့နဲ့လည်း ပတ်သက်မှု ရှိတာလား။”

လော့ရှင်းယွီတစ်ယောက် အံ့အားသင့်သွား၏။

“အသေးစိတ်ကိုတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ လွယ်လွယ်နဲ့ အတင်းအကျပ် ခေါ်သွားလို့မရဘူး။”

ဝမ်ဖူကွေ့က ရှင်းပြလိုက်သည်။

လော့ရှင်းယွီက နှစ်ကြိမ်မျှ နှာခေါင်းရှုံ့လိုက်သည်။ ထိုအချိန်တွင် အကောက်ခွန် သတင်းပို့ရန် တာဝန်ရှိသူများ ပြန်ရောက်လာပြီး ဖြတ်သန်းခွင့် ရရှိသွားခဲ့သည်။ ခံတပ်၏ တံခါးကြီးကို အပေါ်မှ လူများက သံကြိုးများဖြင့် ဆွဲတင်လိုက်ရာ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ လော့ရှင်းယွီသည် နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ အဖွဲ့ကို ဦးဆောင်ကာ တံတိုင်းအတွင်းသို့ ဝင်သွားတော့သည်။

ဝမ်ဖူကွေ့တစ်ယောက် သူ၏ရင်ဘတ်ကို ပွတ်သပ်လိုက်မိ၏။ အမှန်စင်စစ် သူသည်လည်း တစ်ဖက်လူက သူ့ကို အငြိုးအတေးထားကာ လာရောက် အရေးယူမည်ကို ကြောက်နေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဆေးနက်များ ပို့ဆောင်ပေးရာမှတစ်ဆင့် ဘော့စ်လော့နှင့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။ ယနေ့၌ သူသည် ကျားတစ်ကောင်၏ အရှိန်အဝါကိုသာ အသုံးမချနိုင်ခဲ့ပါက အရှင်လတ်လတ် အရေခွံခွာခံရပေလိမ့်မည်။

တကယ်တော့ ဝမ်ဖူကွေ့ကိုယ်တိုင်ပင် ဘော့စ်လော့မှာ ခံတပ်အတွင်း မည်မျှအထိ ဩဇာအာဏာရှိသည်ကို မသိပေ။ သို့သော် သူ၏ အရှိန်အဝါကို အသုံးချသည့် အခါတိုင်းတွင် ဤအမည်နာမမှာ အလွန်ပင် အသုံးဝင်လှကြောင်း သူ လေးလေးနက်နက် ခံစားမိသည်။

ဝမ်ဖူကွေ့သည် ဤကိစ္စကို ဆွေးနွေးရန် ရန်ရှောင်စု၏ ဆေးခန်းတံခါးကို သွားခေါက်သော်လည်း အချိန်အတော်ကြာသည်အထိ မည်သူမျှ လာမဖွင့်ပေ။

“ငါ့ကို အငြိုးတော့ မထားလောက်ပါဘူးနော်။”

ဝမ်ဖူကွေ့က တိုးတိုးလေး ရေရွတ်လိုက်သည်။

နောက်တစ်နေ့ မနက်တွင် ရန်ရှောင်စုသည် ဆိုင်ဖွင့်ရန် ဆေးခန်းတံခါးကို အချိန်မှန် ဖွင့်လိုက်ရာ ဝမ်ဖူကွေ့တစ်ယောက် ပြုံးရွှင်သော မျက်နှာဖြင့် တံခါးဝ၌ ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ရန်ရှောင်စုက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

“ဘာကိစ္စလဲ “

“ကြည့်စမ်းပါဦး...ငါ မင်းကို အရင်က သူတို့နဲ့ မိတ်ဆက်ပေးခဲ့တာ စေတနာနဲ့ပါကွာ။”

ဝမ်ဖူကွေ့က ပြောလိုက်သည်။

“အဲ့ဒါက ခံတပ်ထဲကို ဝင်ဖို့ တကယ့်အခွင့်အရေးကြီးလေ။ အပြင်မှာရှိတဲ့ လူဘယ်လောက်များများက ခံတပ်ထဲ ဝင်ချင်နေကြလဲ မင်းသိလား။ လူတိုင်း ဝင်ချင်နေကြတာကွ။”

“ဒါက တကယ်ပဲ အခွင့်အရေးကောင်းဆိုရင် ခင်ဗျားပဲ ယူလိုက်ပါလား။”

ရန်ရှောင်စုက မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို လမ်းကြောင်းပြမြေပုံ ဆွဲပေးမယ်။ ခင်ဗျားကိုယ်တိုင် သူတို့ကို အဲ့ဒီခေါ်သွားပြီး ခံတပ်ထဲ ဝင်လိုက်တော့။”

“ငါမသွားဘူး။”

ဝမ်ဖူကွေ့က ပုခုံးတွန့်ကာ ငြင်းလိုက်သည်။

“ငါ့မှာ မင်းလို အရည်အချင်းမှ မရှိတာ။ ပြီးတော့ ငါသာ ခံတပ်ထဲဝင်သွားရင် ငါ့သားလေး ဘာဖြစ်သွားမလဲ။ ငါက အရမ်းအသက်ကြီးနေပြီ။ အပြင်မှာဆိုရင် ပိုက်ဆံလေးနည်းနည်းပါးပါး ပေးလိုက်တာနဲ့ အဖော်ရှာလို့ရသေးတယ်။ ခံတပ်ထဲမှာဆိုရင်တော့ ဘယ်သူကမှ ငါ့ကို လှည့်ကြည့်မှာမဟုတ်ဘူး။”

“ခင်ဗျားမှာ သားရှိသလို ကျုပ်မှာလည်း လျို့ယွမ်နဲ့ အစ်မရှောင်ယွီ ရှိတာပဲ။ ကျုပ်သာ ခံတပ်ထဲဝင်သွားရင် သူတို့ ဘာဖြစ်သွားမလဲ။ ခင်ဗျားသာ နောက်တစ်ခါ သူတို့ကို ကျုပ်အကြောင်း ထပ်ညွှန်းမယ်ဆိုရင် လျို့ယွမ်နဲ့ အစ်မရှောင်ယွီကို ခင်ဗျားဆီ လွှတ်ထားပြီး အဝစားခိုင်းမယ်။”

ရန်ရှောင်စုက ပြန်ပြောလိုက်သည်။

“ငါက မင်းကောင်းဖို့အတွက် လုပ်ပေးတာပါကွာ။”

ဝမ်ဖူကွေ့က သူဖြစ်စေချင်သလို ဖြစ်မလာသည့်အတွက် စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။

“ငါသာ မင်းထက် အနှစ်နှစ်ဆယ်လောက် ပိုငယ်ဦးမယ်ဆိုရင် တကယ်သွားမိမှာပဲ။”

“ကျုပ်ကောင်းဖို့အတွက် ဟုတ်လား။”

ရန်ရှောင်စုက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“ခင်ဗျားရဲ့ မိသားစုတစ်ခုလုံးကို ကျေးဇူးတင်လိုက်ပါတယ်။”

ဝမ်ဖူကွေ့လည်း ဒေါသထွက်သွား၏။

“မင်းရဲ့ ဘိုးဘေးရှစ်ဆက်ကိုပါ ငါက ကျေးဇူးတင်တယ်ကွ။”

သူက ပြန်အော်လိုက်သည်။

“ဝမ်ဖူကွေထံမှ ကျေးဇူးတင်ရှိမှု +၁။”

ရန်ရှောင်စု: “???”

သူ့စိတ်ထဲက နန်းတော်ကြီးကို သူ လှမ်းအော်လိုက်မိ၏။

‘ဒါက ကျေးဇူးတင်တာလို့ သတ်မှတ်လို့ရလို့လား။ ပြီးတော့ ဒါက စိတ်ရင်းမှန်နဲ့တောင် ကျေးဇူးတင်တာတဲ့လား။ မင်းက တမင်လုပ်နေတာပဲကွ။’

ရန်ရှောင်စုသည် သူ၏ ကိုးခုမြောက် ကျေးဇူးတင်ဒင်္ဂါးကို ဤနည်းလမ်းဖြင့် ရလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

အဓိပ္ပာယ်မရှိလိုက်တာ။

သို့သော်လည်း ရန်ရှောင်စုသည် ဝမ်ဖူကွေ့၏ စိတ်ရင်းကို အမှန်တကယ် နားလည်ပါသည်။ ဝမ်ဖူကွေ့သည် ခံတပ်ထဲမှ ထိုကျော်ကြားသူနှင့် ရင်းနှီးမှုရရန် ရည်ရွယ်ချက်ရှိသော်လည်း သူ့ကို အရင်ဆုံး မိတ်ဆက်ပေးခဲ့ခြင်းမှာ စေတနာအနည်းငယ် ပါဝင်နေသည်မှာ အမှန်ပင်။

သို့သော် ပြဿနာမှာ ရန်ရှောင်စုသည် ခံတပ်ထဲသို့ အမှန်တကယ် မဝင်လိုခြင်း ဖြစ်သည်။ အကယ်၍ ယန်လျို့ယွမ်ကို ခံတပ်ထဲ ထည့်ပေးရမည်ဟူသော အခြေအနေမျိုးသာဆိုလျှင် သူ သဘောတူမိကောင်း သဘောတူမိပေလိမ့်မည်။

ရန်ရှောင်စုက အနည်းငယ် စဉ်းစားပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“လောင်ဝမ် ကျုပ် နောက်ဆုံးတစ်ခေါက် အလေးအနက် ထပ်ပြောမယ်။ ကျုပ် လျို့ယွမ်နဲ့ အစ်မရှောင်ယွီကို ထားခဲ့ပြီး တစ်ယောက်တည်း မဝင်နိုင်ဘူး။ နောက်တစ်ခါ သူတို့ကို ကျုပ်အကြောင်း ထပ်မညွှန်းနဲ့တော့။”

ဝမ်ဖူကွေ့လည်း ငြီးငွေ့သွားပုံရသည်။

“အေးပါ၊ အေးပါ၊ ငါသိပါပြီ။ စိတ်မပူပါနဲ့။ ဘော့စ်လော့က ဘာမှမပြောသရွေ့ သူတို့ မင်းကို အတင်းခေါ်သွားလို့ မရပါဘူး။ ဒီခရီးက အနည်းဆုံး သုံးလကျော် ကြာလိမ့်မယ်။ မင်းသာ ထွက်သွားရင် ဘော့စ်လော့အတွက် ဆေးတွေကို ဘယ်သူ ပေးမှာလဲ။”

“ကောင်းပြီ။ ခင်ဗျား ဘာလုပ်နေလဲဆိုတာ သိရင် ပြီးတာပါပဲ။”

ရန်ရှောင်စုက ဆိုသည်။

ထိုအချိန်တွင် လူတစ်ယောက် ဘေးမှ လမ်းလျှောက်လာပြီး ရန်ရှောင်စုကို ပြောလိုက်သည်။

“ဆရာဝန် ကျုပ် ဆေးကုချင်လို့ပါ။”

“ကျုပ် ခင်ဗျားနဲ့ စကားမပြောတော့ဘူး။ လူနာရောက်လာပြီ။”

ရန်ရှောင်စုသည် လှည့်ထွက်ကာ ဆေးခန်းထဲသို့ ဝင်သွားခဲ့တော့သည်။ ထို့နောက် ရန်ရှောင်စုသည် စားပွဲနောက်တွင် ထိုင်လိုက်ပြီး ထိုလူကို မေးလိုက်သည်။

“ဘယ်နားက နာတာလဲ။ ငါ့ကို ပြပါဦး။”

“ကျုပ်မှာ ဒဏ်ရာမရှိပါဘူး။ ကျုပ်ရဲဘ ကပ်ပယ်အိတ်က အောင့်နေလို့ပါ။”

ထိုလူက ပြောသည်။

သူ ပြောပြီးသည်နှင့် သူနာပြုဖြစ်သူ အစ်မရှောင်ယွီမှာ မျက်နှာတစ်ခုလုံး နီမြန်းသွား၏။ ရန်ရှောင်စုလည်း အနည်းငယ် အနေရခက်သွားသော်လည်း ကျွမ်းကျင်သော ဆရာဝန်တစ်ယောက်ကဲ့သို့ မေးရန် ကြိုးစားလိုက်သည်။

“အဲ့ဒါက မင်း အပေါ့အပါး သွားပြီးတဲ့အခါ...”

ထိုလူမှာ ကြောင်သွားပြီး ပြန်ဖြေလိုက်သည်။

“ပြီးတာ မပြီးတာနဲ့ မဆိုင်ဘူး။ အမြဲတမ်း အောင့်နေတာပါ။”

ရန်ရှောင်စုမှာ ရယ်ရမလို ငိုရမလို ဖြစ်သွား၏။

နေ့တိုင်း ဘယ်လိုလူနာတွေ လာနေကြတာလဲကွာ...။

သူသည် ထိုလူကို ပြန်လွှတ်ရန် ဖျောင်းဖျပြီးနောက် အမှန်တကယ်ပင် နောက်ထပ် ကျေးဇူးတင်ဒင်္ဂါးတစ်ခု ရရှိလိုက်ပြန်သည်...။

ထားလိုက်ပါတော့လေ....။ ဘယ်လိုရောဂါလက္ခဏာပဲဖြစ်ဖြစ် ကျေးဇူးတင်ဒင်္ဂါး ရနေသရွေ့ အဆင်ပြေပါတယ်။

ယခုဆိုလျှင် ရန်ရှောင်စု၏ လက်ထဲတွင် ကျေးဇူးတင်ဒင်္ဂါး ၁၀ စေ့ ရှိနေပြီဖြစ်ရာ လက်နက်ကို အဆင့်မြှင့်တင်ရန်နေ့ရက်မှာ သိပ်မဝေးတော့ပေ။

ရန်ရှောင်စုသည် အခုအချိန်တွင် လမ်းပြအဖြစ် မလိုက်ချင်ရသည့် အကြောင်းရင်းတစ်ခုမှာ ဈေးမြို့၌ ကျေးဇူးတင်ဒင်္ဂါးများ ရရှိရန် ပို၍လွယ်ကူသောကြောင့် ဖြစ်သည်။ ထိုဂီတအဖွဲ့နှင့် ကိုယ်ပိုင်စစ်တပ်အဖွဲ့ထဲက ဘယ်သူကများ လမ်းခရီးတစ်လျှောက် သူ့ကို ကျေးဇူးတင်ပါမည်နည်း။

ရန်ရှောင်စုသည် ထိုလက်နက်မှာ မည်သို့သော ပုံစံမျိုး ဖြစ်မည်နည်းဟု အမြဲတမ်း မျှော်လင့်တကြီး စောင့်စားနေမိသည်။

စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခြင်းဆိုသည်မှာ အလွန်ရှားပါးလှသည်ဖြစ်ရာ ဤလက်နက်သည်လည်း အညံ့စားတော့ ဖြစ်နိုင်မည်မဟုတ်ပေ။

အခန်း ၃၂။ အိပ်မက်ဆိုတာ ဆန့်ကျင်ဘက်ကောက်ရတယ်

ထိုတီးဝိုင်းအဖွဲ့မှာ ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အတော်လေး အခြေအနေပျက်သွားပုံရသောကြောင့် အနားယူရန် အချိန်ပိုယူနေကြပြီး ရက်အတော်ကြာသည်အထိ အပြင်သို့ ပြန်ထွက်မလာကြချေ။

တစ်ဖက်လူ ပြောသွားသည့် စကားအရဆိုလျှင် ထိုတီးဝိုင်းအဖွဲ့နှင့် ပုဂ္ဂလိကတပ်ဖွဲ့တို့သည် ကျင်းတောင်တန်းသို့ နောက်တစ်ခေါက် ထပ်သွားကြမည်မှာ အသေအချာပင်။ အချိန်တစ်ခုသာ စောင့်ရန် လိုတော့သည်။

ကျင်းတောင်တန်းထဲတွင် အမှန်တကယ် ဘာရှိနေသနည်း။ ထိုလူများ၏ ကျင်းတောင်တန်းသို့ သွားလိုစိတ်မှာ အမှတ် ၁၁၂ ခံတပ်အတွင်း ဖျော်ဖြေရန် ဖိတ်ကြားချက်ထက်ပင် ပို၍ ကြီးမားနေကြောင်း ရန်ရှောင်စု အမြဲ ခံစားနေရသည်။

ကျင်းတောင်တန်းမှာ အလွန်ကျယ်ပြောလှပြီး ယခုအချိန်အထိ ၎င်း၏အလယ်ဗဟိုအထိ အမှန်တကယ် စူးစမ်းရှာဖွေနိုင်သူ မရှိသေးပေ။ ခံတပ်၏ စီမံခန့်ခွဲသူများထံသို့ မည်သို့သော သတင်းအချက်အလက်များ ရောက်ရှိထားသနည်း။

နံနက်စောစောတွင် ယန်လျို့ယွမ်သည် ရှောင်ယွီ အသစ်ချုပ်ပေးထားသော ကျောင်းလွယ်အိတ်လေးကို လွယ်ကာ ပျော်ရွှင်စွာဖြင့် ကျောင်းတက်ရန် ထွက်လာခဲ့လိုက်၏။

သို့သော် သူ ကျောင်းသို့ ရောက်သောအခါ တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။ သူ ကျောင်းထဲသို့ ဝင်ဝင်ချင်းတွင် အတန်းဖော်အားလုံးက သူ့ကို အဘယ်ကြောင့် လှည့်ကြည့်နေကြသနည်း။

ယန်လျို့ယွမ်က သူတို့ကို ဂရုမစိုက်ဘဲ သူ့ထိုင်ခုံသို့သာ တန်းသွားလိုက်သည်။ သူ အံ့သြသွားရသည်မှာ အတန်းဖော်များအားလုံးက သူ့အနားသို့ ဝိုင်းလာကြခြင်းပင် ဖြစ်သည်။ လောင်လီ၏ ကုန်စုံဆိုင်မှ သန်မာထွားကြိုင်းသော မိန်းကလေးက ရန်ရှောင်စုကို ရည်ရွယ်၍ ပထမဆုံး စပြောလာခဲ့သည်။

“လျို့ယွမ် နင် အိမ်ပြန်ရောက်ရင် နင့်အစ်ကိုကို ပြောပေးပါဦး။ သူ့ကို အချိန်ပိုတွေ ထပ်မသင်ခိုင်းဖို့ ပြောပေးပါလား။”

“ဟုတ်တယ်...ဟုတ်တယ်။”

ဝမ်ဖူကွေ့၏သား အူကြောင်ကြောင်လေး ဝမ်တလုံကလည်း မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။

“သူက နေ့တိုင်း အချိန်ပိုခေါ်နေတာ။ ငါတို့ ကစားဖို့တောင် အချိန်မရှိတော့ဘူး။”

ယန်လျို့ယွမ်မှာလည်း ထိုကိစ္စကြောင့် အခက်တွေ့နေရသူဖြစ်သည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။

“သူ့ကို ပြောလို့ရမယ်ဆိုရင် သူ အချိန်ပိုမသင်တာ ကြာပြီပေါ့။”

ထိုစကားကို ကြားသောအခါ အားလုံး မကျေမနပ် ဖြစ်သွားကြသည်။ လောင်လီ၏ သမီးဖြစ်သူက နှာခေါင်းရှုံ့လိုက်သည်။

“ဆရာကျန်းက နင့်အစ်ကိုကို လစာပေးနေတာလည်း မဟုတ်ဘူး။ ပြီးတော့ နင်တို့မိသားစုမှာ အခု ပိုက်ဆံလည်း မရှားတော့ဘူးလို့ ငါကြားတယ်။ ဘာလို့ ဒီလောက်တောင် ဝီရိယကောင်းနေရတာလဲ။ ဘာလဲ...သူက ကျောင်းကို အပိုင်သိမ်းချင်နေတာလား။ သူက အစားထိုးဆရာ တစ်ယောက်သက်သက်ပဲ။ ငါတို့ကို လာပြီး အမိန့်ပေးစရာ အကြောင်းမရှိဘူး... အားးးးး”

ထိုမိန်းကလေး နာကျင်စွာ အော်ဟစ်လိုက်ရ၏။

ယန်လျို့ယွမ်က ရုတ်တရက် ထရပ်ပြီး သူမ၏ တင်ပါးဆုံကို အားဖြင့် ကန်လိုက်ခြင်း ဖြစ်သည်။ ယန်လျို့ယွမ် ဤမျှအထိ ဒေါသထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။ ယန်လျို့ယွမ်က အံကြိတ်ကာ ခြိမ်းခြောက်လိုက်သည်။

“ငါ့အစ်ကို သင်ပေးတဲ့အရာတွေက တောထဲမှာ မင်းတို့ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ အသိပညာတွေကွ။ မင်းတို့ ကျေးဇူးမတင်ရင်နေ...သူ့နောက်ကွယ်မှာ အခုလို အတင်းမပြောနဲ့။ နောက်တစ်ခါ ဘယ်သူမဆို ဒါကို ထပ်ပြောရင် ငါ့အကြောင်း သိစေရမယ်။”

ယန်လျို့ယွမ်သည် ယခုနှစ်တွင် ၁၄ နှစ် ရှိပြီဖြစ်သော်လည်း ထိုမိန်းကလေးမှာ ၁၆ နှစ် ရှိနေပြီဖြစ်သည်။ လက်ရှိတွင် သူတို့နှစ်ဦး အရပ်ချင်း တူသော်လည်း သူမက ယန်လျို့ယွမ်ထက် ပို၍ ကိုယ်လုံးကိုယ်ထည် ပိုထွားသည်။

ဝမ်ဖူကွေ့က ရန်ရှောင်စုကို သူမနှင့် မိတ်ဆက်ပေးချင်စဉ်က ယန်လျို့ယွမ်က သူမမှာ အလွန်ကြီးကြောင်း ပြောခဲ့သည်မှာ မုသားမဟုတ်ပေ။ သို့သော် ယခုအချိန်တွင် အခြားကျောင်းသားများက ယန်လျို့ယွမ်ကို ကြည့်နေကြသည်မှာ ရန်ရှောင်စု၏ ပုံတူဗားရှင်းလေးကို မြင်နေရသကဲ့သို့ပင်။ သူတို့နှစ်ဦးလုံးမှ ထွက်ပေါ်လာသော ခက်ထန်ကြမ်းတမ်းသည့် အရှိန်အဝါမှာ တစ်ပုံစံတည်းပင်။

ပုံမှန်အားဖြင့် ယန်လျို့ယွမ်သည် စကားကို ဒဲ့တိုးပြောတတ်သော်လည်း ရန်ရှောင်စုထက် ပို၍ နူးညံ့သိမ်မွေ့ပုံရသည်။ သို့သော် ရန်ရှောင်စုအကြောင်း ပါလာသည်နှင့် သူက အဘယ်ကြောင့် ဤမျှ ပြောင်းလဲသွားရသနည်း။

ထိုအခါမှသာ လူတိုင်းက ယန်လျို့ယွမ်၏ အရိုးထဲအထိ စိမ့်ဝင်နေသော ရိုင်းစိုင်းကြမ်းတမ်းသည့် သဘာဝကို သတိပြုမိသွားကြသည်။

မိန်းကလေးသည် မူလက ပြန်လည်တိုက်ခိုက်ရန် ကြံရွယ်လိုက်သော်လည်း ယန်လျို့ယွမ်၏ အမူအရာကို မြင်သောအခါ လက်လျှော့လိုက်ရသည်။

“ငါက အတင်းပြောတာ မဟုတ်ဘူး။ အမှန်တရားကို ပြောရုံပဲ။”

သူမက ခပ်တိုးတိုး ဆိုလိုက်သည်။

ဤနေရာတွင် ရန်ရှောင်စုကို အချိန်ပိုမသင်စေချင်ဆုံးလူမှာ ယန်လျို့ယွမ်ကိုယ်တိုင်သာ ဖြစ်သည်ကို သိနေသဖြင့် သူ ကိုယ်တိုင်လည်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိသည်။

ထိုစဉ် ကျောင်းမှ ဆရာကျန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ အပြင်မှ လမ်းလျှောက်ဝင်လာခဲ့သည်။

“မင်းတို့အားလုံး ဘာလို့ ဝိုင်းနေကြတာလဲ။ အကုန် ကိုယ့်နေရာကိုယ်ပြန်ပြီး စာသင်ဖို့ ပြင်ကြတော့။”

ကျောင်းသားများအားလုံး အလျင်အမြန်ပင် ကိုယ့်ထိုင်ခုံကိုယ် ပြန်ထိုင်လိုက်ကြသည်။ ကျောင်းဆင်းချိန်၌ ဆရာကျန်းမှာ အလွန်ကြင်နာတတ်ပြီး ဖော်ရွေသူ ဖြစ်သော်လည်း စာသင်ချိန်တွင်မူ မည်သူထက်မဆို ပို၍ တင်းကျပ်သူ ဖြစ်သည်။

ဝမ်ဖူကွေ့၏ သားအူကြောင်ကြောင်လေး ဝမ်တလုံသည် ယန်လျို့ယွမ်၏ ဘေးတွင် ဝင်ထိုင်လိုက်၏။ သူက ယန်လျို့ယွမ်၏ ထိုင်ခုံဖော် ဖြစ်သည်။

ဝမ်တလုံတစ်ယောက် ယန်လျို့ယွမ်ကို ခိုးကြည့်လိုက်သည်။ ယန်လျို့ယွမ်တစ်ယောက် စိတ်ကောက်နေဆဲဖြစ်သည်ကို မြင်သောအခါ စောစောက အခြေအနေကို ပြေလည်သွားစေရန် စကားလမ်းကြောင်း ရှာလိုက်သည်။

“ငါ မနေ့ညက အိပ်မက်တစ်ခု မက်ခဲ့တယ်။ ငါ့အဖေက ငါ့အတွက် မိထွေးတစ်ယောက် ရှာပေးတယ်တဲ့။ အဲ့ဒီမိထွေးက ငါ့အပေါ် အရမ်းရက်စက်တာပဲ။”

ယန်လျို့ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ကိစ္စမရှိပါဘူး။ အိပ်မက်ဆိုတာ အမြဲတမ်း လက်တွေ့နဲ့ ပြောင်းပြန်ဖြစ်တတ်တယ်။”

ထိုစကားကို ကြားသောအခါ ဝမ်တလုံ၏ မျက်နှာမှာ ဝင်းပသွားခဲ့သည်။

“မင်းပြောတာ မှန်တယ်။”

သို့သော် ယန်လျို့ယွမ်က ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“ငါ့အထင်တော့ မင်းအဖေက မင်းအတွက် ပထွေး တစ်ယောက် ရှာပေးမလို့ ဖြစ်လိမ့်မာ်။”

ဝမ်တလုံ : “???”

...

ထိုနေ့ညနေ၊ ရန်ရှောင်စုနှင့် အခြားသူများ ထမင်းစားနေကြစဉ်...။

သူတို့သည် ထမင်းစားပြီးလျှင် ယန်လျို့ယွမ်တို့ ထိုနေ့က သင်ခဲ့ရသော သင်ခန်းစာများကို ပြန်နွှေးရန် စီစဉ်နေကြသည်။ ထိုစဉ်မှာပင် ဝမ်ဖူကွေ့တစ်ယောက် ရှိုက်ကြီးတငင် ငိုနေသော ဝမ်တလုံကို ဆွဲခေါ်ကာ ဆေးခန်းထဲသို့ ဒေါသတကြီး ဝင်လာသည်ကို မြင်လိုက်ရလေသည်။

“ရန်ရှောင်စု...ထွက်ခဲ့စမ်း။”

ရန်ရှောင်စုမှာ ထမင်းပန်းကန်ကို ကိုင်လျက် အနည်းငယ် ကြောင်အသွားခဲ့သည်။

“ဘာဖြစ်လို့လဲ။”

“မင်းရဲ့ လျို့ယွမ်က ငါ့သားကို ဘာတွေပြောလိုက်လဲဆိုတာ သူ့ကိုပဲ မေးကြည့်လိုက်တော့။ သူ အိမ်ပြန်ရောက်ကတည်းက အခုထိ အငိုမရပ်သေးဘူး။”

ဝမ်ဖူကွေ့သည် သူ၏သားဖြစ်သူ ငိုယိုကာ ပြောပြခဲ့သည်များကို ပြန်တွေးမိပြီး ဒေါသထွက်နေ၏။

ရန်ရှောင်စုက ယန်လျို့ယွမ်ကို ကြည့်လိုက်သည်။ ယန်လျို့ယွမ်က ကုလားထိုင်ပေါ်တွင် လိမ္မာသယောင် ထိုင်နေရင်း ပြန်ဖြေလိုက်၏။

“ဦးလေးဝမ်က သူ့အတွက် ပထွေးတစ်ယောက် ရှာပေးလိမ့်မယ်လို့ ငါ ပြောလိုက်တာ။”

ရန်ရှောင်စု : “???”

ထိုအခါ ဝါး...ခနဲ အော်ဟစ်ကာ ဝမ်တလုံမှာ ပို၍ပင် ကျယ်လောင်စွာ ငိုတော့သည်။ ရန်ရှောင်စုက ယန်လျို့ယွမ်ကို ကြည့်လိုက်၏။

“ဒါကတော့ မင်းမှားသွားပြီ လျို့ယွမ်။ သူ့ကို အဲ့ဒီလို ဘယ်လိုလုပ် ပြောလို့ရမှာလဲ။”

ထို့နောက် သူက ဝမ်တလုံဘက်သို့ လှည့်ကာ နူးညံ့စွာ ချော့မော့လိုက်သည်။

“စိတ်မပူပါနဲ့...၊ မင်းအဖေက အလွန်ဆုံးရှိလှ မိထွေးတစ်ယောက်ပဲ ရှာပေးမှာပါ။ ပထွေးဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။”

ဝမ်တလုံ အနည်းငယ် ကြောင်အသွားခဲ့သည်။

မိထွေးဆိုတာလည်း မဖြစ်သင့်ဘူးလေ။

သူ ဆက်ပြီး ငိုလိုက်ပြန်သည်။

ဤသည်မှာ ဝမ်ဖူကွေ့ကို ပို၍ပင် ဒေါသထွက်စေခဲ့လေသည်။

“ငါ့ကိုယ်စား ရှင်းပြပေးတဲ့ တကယ် ကျေးဇူးတင်တယ် မင်းကို။”

“ဝမ်ဖူကွေ့ထံမှ ကျေးဇူးတင်ရှိမှု +၁။”

ထိုခဏ၌ ရန်ရှောင်စု၏ မျက်လုံးများ ဝင်းပသွားခဲ့သည်။ ဤကျေးဇူးတင်မှုကို လက်ခံရသည်မှာ အနည်းငယ် အနေရခက်သော်လည်း ၎င်းသည် ကျေးဇူးတင်ဒင်္ဂါးပြား တစ်ခုပင် မဟုတ်ပါလော။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ရန်ရှောင်စုသည် လျှို့ဝှက်ဆန်းကြယ်သော တံခါးကြီးတစ်ခု သူ့အတွက် ဖြည်းညှင်းစွာ ပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်...။ ယခုဆိုလျှင် ကျေးဇူးတင်ဒင်္ဂါး ၁၁ ပြား ရှိသွားပြီဖြစ်သည်။

ရုတ်တရက် ဝမ်ဖူကွေ့မှာ တစ်ခုခုကို သတိရသွားပုံရပြီး သူ၏ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူက ရန်ရှောင်စုကို သတိပေးလိုက်သည်။

“ငါတို့ စျေးမြို့နယ်မြေရဲ့ စီမံခန့်ခွဲသူ ချန်းဟိုင်တုံက မနေ့က တစ်ခုခု ပြောသွားတယ်။ တခြား ခံတပ်တွေမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်နေပုံရတယ်တဲ့။ ငါတို့ အမှတ် ၁၁၃ ခံတပ်ထဲမှာလည်း အဲ့ဒီလိုပဲ ဖြစ်နေတယ်လို့ ဆိုတယ်။”

“ဘယ်လိုမျိုးလဲ။”

ရန်ရှောင်စုက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“အသေးစိတ်ကိုတော့ သူကိုယ်တိုင်လည်း သေချာမသိတဲ့ပုံပဲ။”

ဝမ်ဖူကွေ့က ဆိုသည်။

“ငါ ထပ်သိရရင် မင်းကို ပြောပြမယ်။ ဘာပဲဖြစ်ဖြစ် သတိထားနေ။ ဒီလိုခေတ်ကြီးမှာ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်လာပြီဆိုရင် အဲ့ဒါက များသောအားဖြင့် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။”

ဝမ်ဖူကွေ့ ထွက်သွားပြီးနောက် ယန်လျို့ယွမ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာလို့ ဦးလေးဝမ်က ဒီလိုခေတ်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်လာရင် ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ပြောတာလဲ။”

ရန်ရှောင်စုက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါတို့ရဲ့ ‘ကောင်းတဲ့အရာ’ ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အရမ်း ကျဉ်းမြောင်းနေလို့ ဖြစ်မှာပါ။ ငါတို့အတွက် အကျိုးရှိတာကိုပဲ ကောင်းတဲ့အရာလို့ ခေါ်ကြတာကိုး။”

“ဒါဆို အဲ့ဒီလို တွေးတာ မှားနေတာလား။”

ယန်လျို့ယွမ်က မေးလိုက်သည်။ သူသည် ရန်ရှောင်စုထက် ကျောင်းပိုတက်ရသော်လည်း အမှန်အတိုင်း ပြောရလျှင် ရန်ရှောင်စုလောက် ဝီရိယမရှိပေ။

အရင်က သူ အပျင်းခိုနေသည့် အချိန်တိုင်းတွင် ရန်ရှောင်စုမှာ ဆရာကျန်းထံမှ ငှားလာသော စာအုပ်များကို အမြဲကိုင်၍ ဖတ်နေတတ်သည်။ ရန်ရှောင်စုက အရမ်းစွမ်းဆောင်နိုင်စွမ်း ရှိနေပြီပဲ...ဘာကြောင့် ဒီလောက်တောင် ကြိုးစားနေရသေးတာလဲဟု ယန်လျို့ယွမ် တစ်ခါတစ်ရံ တွေးမိတတ်သည်။

ထိုအခါ ရန်ရှောင်စုက ယန်လျို့ယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

“မှတ်ထား...။ ဒီလိုတွေးတာ ဘာမှမမှားဘူး။ ငါတို့အတွက် အကျိုးရှိတာက ကောင်းတဲ့အရာပဲ။ လူတွေမှာ တစ်ကိုယ်ကောင်းစိတ် အနည်းငယ် ရှိတာက လက်ခံပေးလို့ရတယ်။ ငါ မင်းကို အခြေခံစည်းရှိတဲ့ လူတစ်ယောက် ဖြစ်စေချင်တယ်။ ဘယ်အရာမဆို ခေါင်းငြိမ့်လက်ခံပြီး အကောင်းချည်းပဲ လိုက်လုပ်နေတဲ့ လူစားမျိုး ဖြစ်ဖို့ ပြောနေတာ မဟုတ်ဘူး။”

All Chapters