အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း ၃၃ - မင်းဘာကိုစောင့်နေတာလဲ
ရန်ရှောင်စုက လျို့ယွမ်ကို ဆုံးမဩဝါဒပေးတိုင်း ရှောင်ယွီက ဘေးကနေ တိတ်တဆိတ် ကြည့်နေတတ်သည်။ သူမသည် လျို့ယွမ်ကို ရုတ်တရက် အားကျမိသွား၏။ အကယ်၍ သူမ ငယ်စဉ်က တစ်စုံတစ်ယောက်ကသာ ယခုလို သင်ကြားပြသပေးခဲ့လျှင် သူမသည် လမ်းမှားများစွာကို လျှောက်လှမ်းခဲ့ရမည် မဟုတ်ပေ။
“အစ်ကို... နောက်ကျရင် ငါ့ကို ဒီလိုမျိုး အမှားအမှန်တွေ အများကြီး ထပ်သင်ပေးဦးမှာလား။”
လျို့ယွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ရန်ရှောင်စုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“မင်းကို ငါသင်ပေးတိုင်း အမြဲတမ်း အိပ်ပျော်နေတာ မဟုတ်ဘူးလား။ အိပ်မက်ထဲမှာ လာသင်ပေးရမှာလား။”
“ဒါဆို နောက်ကျရင် ငါ မအိပ်တော့ဘူး။”
လျို့ယွမ်က ရှောင်ယွီကို တစ်ချက်လှမ်းကြည့်ပြီးမှ ရှက်ကိုးရှက်ကန်း ရယ်ရင်း ပြောလိုက်သည်။
ထိုစဉ် ဆေးခန်းတံခါးကို အပြင်ဘက်မှ တစ်စုံတစ်ယောက်က လာခေါက်သည့်အသံကို ကြားလိုက်ရလေသည်။
ရန်ရှောင်စု မျက်မှောင်ကြုတ်သွားခဲ့သည်။ ပုံမှန်အားဖြင့် ညမှောင်လျှင် ဈေးမြို့သည် မလုံခြုံသဖြင့် မည်သူမျှ တံခါးလာမခေါက်တတ်ကြချေ။
ဒီနေ့ ဘာဖြစ်တာလဲ။ ဝမ်ဖူကွေ့ ပြန်လာတာများလား။
ဒီအချိန်မှာ တံခါးလာခေါက်ရဲတာ ဝမ်ဖူကွေ့သာ ရှိလိမ့်မည်ဟု ရန်ရှောင်စု တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူတို့အိမ် နှစ်လုံးကလည်း ကပ်နေသည်ပင်။
အကယ်၍ တစ်စုံတစ်ယောက်က ဝမ်ဖူကွေ့ကို ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်လျှင်တောင် သူတို့ မလှုပ်ရှားခင်မှာတင် ဝမ်ဖူကွေ့က ဆေးခန်းထဲ ရောက်နေလောက်ပြီ ဖြစ်သည်။
ရန်ရှောင်စုက တံခါးဖွင့်ရန် သွားရင်း ပြောလိုက်သည်။
“ကျုပ် ပြောသားပဲ လောင်ဝမ်ရာ...အတည်ပြောနေတာ။ ခင်ဗျား မိန်းမတစ်ယောက်လောက် ရှာလိုက်ပါတော့လား။ ဘာလို့ ကျုပ်တို့တံခါးကိုပဲ အမြဲလာခေါက်နေတာလဲ။”
သို့သော် တံခါးဖွင့်လိုက်သည်နှင့် ရန်ရှောင်စု မှင်တက်သွားခဲ့သည်။ ရောက်လာသူမှာ ဝမ်ဖူကွေ့ မဟုတ်ပေ။
ရန်ရှောင်စု ထိုသူကို မှတ်မိသည်။ ထိုလူမှာ ဈေးမြို့၌ အလုပ်အကိုင်မရှိ လေလွင့်နေသည့် လူငယ် ကျန်းပေါင်ကန်းဖြစ်သည်။ သူသည် အလုပ်မလုပ်ဘဲ စက်ရုံမှာ အလုပ်လုပ်နေသည့် သူ့မိဘများအပေါ်၌သာ မှီခိုနေသူ ဖြစ်သည်။
“ဘာကိစ္စလဲ။”
ရန်ရှောင်စုက မေးလိုက်သည်။ သူ တစ်ဖက်လူကို သေချာစစ်ဆေးကြည့်လိုက်သော်လည်း ဒဏ်ရာရထားပုံ မပေါ်ပေ။
ဒါဆို ဒီလူက ဘာလို့ ဒီလောက်ညဉ့်နက်မှ ရောက်လာတာလဲ။
အကယ်၍ သူက ဆေးခန်းကို ဓားပြတိုက်ဖို့ ကြံစည်ထားတာဆိုရင်တော့ ဒီကောင် ကံဆိုးတာပဲ...။
ရန်ရှောင်စုတွင် ယခုအခါ ခွန်အား ၅.၅ နှင့် လျင်မြန်မှု ၄.၁ ရှိနေပြီ ဖြစ်သလို အသက်ရှင်သန်ရေးအတွက်လည်း နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ ကျန်းပေါင်ကန်းလို လူငယ် ဆယ်ယောက်လောက်ကို သူ အေးဆေး ကိုင်တွယ်နိုင်သည်။
ကျန်းပေါင်ကန်းက အရေးတကြီး လေသံဖြင့် ပြောလာခဲ့လေသည်။
“ဆရာ... ကျုပ်ကို တစ်ချက်လောက် စစ်ဆေးပေးပါ။ ဒါပေမယ့် ဒါကို လျှို့ဝှက်ပေးထားရမယ်နော်။”
ရန်ရှောင်စု အနည်းငယ် စဉ်းစားပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်သည်။ ယခုတော့ သူ တကယ် စပ်စုချင်သွားပြီ ဖြစ်သည်။
“ပြောပါဦး... မင်းမှာ ဘာရောဂါရှိလို့လဲ။ မရှက်ပါနဲ့။ ငါက ဆရာဝန်ပဲ။ ငါ မမြင်ဖူးတဲ့ ရောဂါရယ်လို့ မရှိပါဘူး။”
“ခဏလေး စောင့်ပေးပါ။”
ကျန်းပေါင်ကန်းက ရန်ရှောင်စုကို တော်တော်လေး ယဉ်ယဉ်ကျေးကျေး ပြောရှာသည်။
ဈေးမြို့တွင် ကျန်းပေါင်ကန်းကဲ့သို့ မိဘအပေါ် မှီခိုနေသည့် လူငယ်များစွာ ရှိသည်။ သူတို့သည် နေ့စဉ် စုရုံးပြီး ခိုးဆိုးလုနှိုက်ကာ ပြဿနာရှာတတ်ကြသဖြင့် မြို့ထဲက မည်သူမျှ သူတို့ကို အလွယ်တကူ မစော်ကားရဲကြပေ။
သို့သော် ကျန်းပေါင်ကန်းက ငတုံးတစ်ယောက် မဟုတ်ပေ။ ရန်ရှောင်စုကို သွားရန်စ၍ မရမှန်း သူသိပေသည်။
တကယ်တော့ ယခင်ကလည်း ရန်ရှောင်စုကို မည်သူမျှ မရန်စရဲခဲ့ကြပေ။ ရန်ရှောင်စုသည် ထိုလူငယ်အုပ်စုနှင့် ပုံစံတူသလို ထင်ရသော်လည်း ပြဿနာမှာ ကျန်းပေါင်ကန်းတို့လို လူမျိုးကို ရန်စလျှင် တုံ့ပြန်မှု အနည်းငယ်ကိုသာ ခံရမည်ဖြစ်ပြီး ဖြေရှင်း၍ ရနိုင်သေးသည်။
သို့သော် ရန်ရှောင်စုကို သွားရန်စမိပါက အသက်ပျောက်သွားနိုင်ပေသည်...။ ကျန်းပေါင်ကန်းက ဆေးခန်းတံခါးကို ပိတ်လိုက်ပြီးနောက် လှည့်ကာ မေးလိုက်သည်။
“ဆရာ... ကျုပ်ဆီမှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်နေတယ်။”
ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်သည်။
“ပန်းသေပန်းညှိုးတာကိုတော့ ငါမကုတတ်ဘူးနော်။”
“အဲ့ဒါမျိုး မဟုတ်ပါဘူး။”
ကျန်းပေါင်ကန်းက ပြောလိုက်သည်။
“ကျုပ် ပြပါ့မယ်။ ဆရာ လန့်မသွားနဲ့နော်။”
ရန်ရှောင်စုတစ်ယောက် မျှော်လင့်တကြီး စောင့်ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ကျန်းပေါင်ကန်းသည် သူ၏ပါးစပ်ကို ဟလိုက်ပြီး တံတွေးပူဖောင်း တစ်ခုကို မှုတ်ထုတ်လိုက်သည်။
ရှောင်စု: ?_?
ဒါပဲလား။
သို့သော် နောက်တစ်စက္ကန့်တွင် ကျန်းပေါင်ကန်း၏ ပါးစပ်မှ ထွက်လာသော ပူဖောင်းမှာ ပေါက်ကွဲသွားပြီး ထိုပူဖောင်းထဲမှ အားအရှိန်တစ်ခု ထွက်ပေါ်လာကာ ရန်ရှောင်စုကို နောက်သို့ လွင့်စဉ်သွားစေခဲ့လေသည်။
ထိုအားအရှိန်မှာ သိပ်မပြင်းထန်သော်လည်း သာမန်တံတွေးပူဖောင်း တစ်ခုက လုပ်နိုင်သည့် အရာမျိုး လုံးဝမဟုတ်ပေ။
“ဆရာ...ဆရာ... ဘာဖြစ်တာလဲ။”
ကျန်းပေါင်ကန်းက ရန်ရှောင်စုကို ကြောင်ကြည့်ရင်း မေးလိုက်သည်။
“ငါ့ကို မင်းတံတွေးတွေ စင်ကုန်ပြီလားလို့ စစ်နေတာ။”
ရန်ရှောင်စုက သူ့အင်္ကျီကို ပြန်ပြင်ရင်း ပြောလိုက်သည်။
“ဒီစွမ်းအင်က မင်းဆီမှာ ဘယ်တုန်းက စဖြစ်တာလဲ။ ဒါက ရောဂါမဟုတ်ဘူး။ ငါလည်း မကုတတ်ဘူး။”
“ဒါပေမဲ့ ကျုပ်ရဲ့မိဘတွေက ကျုပ်ကို နေမကောင်းဘူး၊ စိတ်ဝေဒနာ ခံစားနေရတာလို့ ပြောနေကြတယ်။”
ကျန်းပေါင်ကန်းက ရှင်းပြလိုက်သည်။
“အကယ်၍ ကျုပ် ဆရာ့ဆီ လာမပြရင် သူတို့ စိတ်အေးကြမှာ မဟုတ်ဘူး။ ကျုပ်မိဘတွေက ဆရာ့ကို တကယ်လေးစာနေကြတာ...။”
ရန်ရှောင်စုတစ်ယောက် ထိုစကားကြောင့် တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ငါ့အမြင်မှာတော့ ဒါက ရောဂါမဟုတ်ဘူး။ အခုခေတ်မှာ တချို့လူတွေမှာ ထူးဆန်းတဲ့ စွမ်းအင်တွေ ရှိလာတတ်တယ်ဆိုတာ မင်းလည်းကြားဖူးမှာပေါ့။”
ရန်ရှောင်စုက ဒီအတိုင်း လျှောက်ပြောနေခြင်း မဟုတ်ချေ။ လွန်ခဲ့သော အချိန်များစွာကတည်းက ဤကမ္ဘာပေါ်တွင် ရထားတစ်စီးလုံးကို ဟင်းလင်ပြင်ထဲကနေ ဖန်တီးယူနိုင်သည့် ထူးခြားဆန်းကြယ်သော စွမ်းအားရှင်များ ရှိသည်ဟူသော ကောလာဟလများကို သူကြားဖူးထားသည်။
ဈေးမြို့က လူများသည်လည်း ထိုအကြောင်းကို အားရပါးရ အသေးစိတ် ပြောလေ့ရှိကြသည်။
သို့သော် ထိုကိစ္စက သူတို့ကိုယ်တိုင်ဆီမှာ ဖြစ်လာသောအခါ ဘာကြောင့် ရောဂါဟု ပြန်ခေါ်နေကြသနည်း...။
ရန်ရှောင်စုကိုယ်တိုင်က ဤသည်မှာ ရောဂါမဟုတ်ဟု ပြောလိုက်သဖြင့် ကျန်းပေါင်ကန်းမှာ ချက်ချင်းပင် ဝမ်းသာအားရ ကျေးဇူးတင်လေတော့သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ကျုပ် အိမ်ပြန်ပြီး အဖေနဲ့အမေကို ချက်ချင်း သွားပြောလိုက်ပါ့မယ်။”
“ကျန်းပေါင်ကန်းထံမှ ကျေးဇူးတင်ရှိမှု +၁။”
ထိုသို့ပြောပြီးနောက် ကျန်းပေါင်ကန်းက လှည့်ထွက်သွားခဲ့သည်။ ‘ဒီကောင်က ဆက်ဆံရေးမှာ တော်တော်လေး ယဉ်ကျေးသားပဲ’ ဟုပင် ရန်ရှောင်စု တွေးလိုက်မိသည်။
သို့သော် ရန်ရှောင်စုသည် ကျန်းပေါင်ကန်းကဲ့သို့ လူငယ်များကို အထင်မကြီးပါချေ။ ဘာပဲဖြစ်ဖြစ် ဤခေတ်ကာလတွင် မတိုက်ခိုက်ဘဲနှင့် အသက်မရှင်နိုင်ချေ။ ဤလေလွင့်လူငယ်များ ယခုလို အေးအေးဆေးဆေး နေနိုင်ခြင်းမှာ သူတို့နောက်တွင် မိဘများ ရှိနေသေးသောကြောင့်သာ ဖြစ်သည်။
မိဘများ၏ မေတ္တာမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။ အချို့မိဘများသည် သားသမီးများ၏ ဘဝအတွက် သူတို့၏ တစ်သက်တာလုံးကို လိုလိုလားလား ပေးဆပ်တတ်ကြသည်။
နောက်တစ်နေ့ မနက်တွင် ဝမ်ဖူကွေ့က ဆေးခန်းထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ သူက ရန်ရှောင်စုကို ဘေးသို့ဆွဲထုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ချန်းဟိုင်တုံလည်း အခုတင် အကြောင်းစုံ သိသွားပြီလို့ ငါကြားခဲ့တယ်။ တခြား ခံတပ်မြို့တစ်ခုက တစ်စုံတစ်ယောက်က အထူးစွမ်းအားတွေ သုံးပြီး ခံတပ်မြို့ အုပ်ချုပ်ရေးမှူးကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်တဲ့။ အခု ခံတပ်မြို့တိုင်းမှာ စွမ်းအားရှင်တွေ ရှိ၊ မရှိ လိုက်စစ်နေကြပြီ။ ဒီတော့ အဲ့ဒီလူတွေက တကယ်ရှိနေကြတာပေါ့။”
“တကယ်လား။”
ရန်ရှောင်စုက အံ့သြသွားသည့် ပုံစံဖြင့် မေးလိုက်သည်။
“ဒါဆို ကျုပ်တို့ကြားထဲမှာလည်း စွမ်းအားရှင်တွေ ရှိနေနိုင်တာပေါ့။”
“ဘယ်သူသိမှာလဲ။”
ဝမ်ဖူကွေ့က ရယ်ရင်းမောရင်း ပြောလိုက်သည်။
“ဒါက ငါတို့နဲ့ သိပ်တော့လည်း မသက်ဆိုင်ပါဘူး။”
“ဒါလည်း ဟုတ်တာပဲ။”
ရန်ရှောင်စုတစ်ယောက် ပြုံးကာ ထောက်ခံလိုက်သော်လည်း စိတ်ထဲတွင်မူ မနေ့ညက ကိစ္စကို ပြန်စဉ်းစားနေမိသည်။ ကျန်းပေါင်ကန်းက တစ်ခြားသူတွေကို လျှောက်ပြောလိုက်ပြီလားဟု သူတွေးနေမိခြင်းဖြစ်သည်။
ဝမ်ဖူကွေ့ကဲ့သို့ စကားများသောလူတစ်ယောက် အနားမှာရှိခြင်းက အားသာချက် တစ်ခုတော့ ရှိပေသည်။ သူသည် ခံတပ်မြို့အတွင်းရှိ လူများနှင့် နီးစပ်သဖြင့် ဈေးမြို့လေးရှိ အခြားသူများထက် သတင်းကို အမြဲ မြန်မြန်ဆန်ဆန် သိနိုင်ခြင်းပင်။
ဝမ်ဖူကွေ့သည် ဈေးမြို့လေးက လူအများစုထက် ဘာကြောင့် ပိုပြီး အဆင်ပြေပြေ နေနိုင်သလဲဆိုသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ဒါက ဝမ်ဖူကွေ့၏ ကျွမ်းကျင်မှု တစ်ခုဟုပင် ဆိုရပေလိမ့်မည်။
ရုတ်တရက် ဝမ်ဖူကွေ့က ယုတ်မာသည့်လေသံမျိုးဖြင့် ရယ်မောလိုက်၏။
“ရှောင်စုရ... ငါ့မှာသာ အဲ့ဒီလို အထူးစွမ်းအားတွေ ရှိရင် မိန်းမရှာရတာ ပိုလွယ်သွားလောက်မလား။”
“တော်စမ်းပါ...”
ရန်ရှောင်စုက စိတ်မရှည်သလို ပြောလိုက်သည်။
“ခင်ဗျားရဲ့ အူကြောင်ကြောင် သားလေး ငိုတော့မယ့် ရုပ်ကိုလည်း ကြည့်ဦး။ ခင်ဗျားက အခုထိ ဒါတွေ တွေးနေတုန်းလား။”
“လျှောက်မပြောစမ်ပါနဲ့။ ငါ့သားက အူကြောင်ကြောင် မဟုတ်ဘူးကွ။”
ဝမ်ဖူကွေ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“သူက ငါ့ကိစ္စတွေကို ဝင်စွက်ဖက်လို့ မရဘူး။ ပြီးတော့ ငါက ဒီတိုင်း စကားအဖြစ် ပြောတာပါ။ ငါ့မှာလည်း စွမ်းအားတွေ ရှိလာတဲ့အခါကျရင်...”
ထိုစဉ် ရန်ရှောင်စုက ကြားဖြတ်ပြောလိုက်သည်။
“ခင်ဗျားမှာ ရှိမယ်ဆိုရင် ရှိနေတာ ကြာလှပြီ။ အခုထိ ဘာကို စောင့်နေရမှာလဲ။”
“...”
ဝမ်ဖူကွေ့မှာ အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ မှင်တက်သွားတော့သည်။
အခန်း ၃၄ - သူတစ်ပါး၏ ကံဆိုးမိုးမှောင်ကျမှု
“ကျုပ်ပြောတာ မဟုတ်လို့လား။ လောင်ဝမ်... ခင်ဗျား ဘာလို့ မိန်းမရဖို့ကို ဒီလောက်အစွဲအလမ်းကြီးနေရတာလဲ။”
ရန်ရှောင်စုက နားမလည်နိုင်စွာ မေးလိုက်သည်။
“ကျုပ်တို့စျေးတန်းမှာ မိန်းမရှားနေတာလည်း မဟုတ်ဘူး။ နေ့တိုင်း ထမင်းတစ်နပ်ကျွေးမယ်ဆိုရင်တင် ခင်ဗျားဆီ အတင်းတိုးဝင်လာမယ့်သူတွေ အများကြီးပဲဟာကို။”
ရန်ရှောင်စုသည် ထိုကဲ့သို့သောအခြေအနေမျိုးကို အများအပြား မြင်ဖူးခဲ့ပြီးဖြစ်သည်။ အမျိုးသမီးများသာမက အမျိုးသားများပင် ထိုသို့ပြုမူတတ်ကြသည်။
ယခင်က ရန်ရှောင်စုထံသို့ပင် ထမင်းတစ်နပ်အတွက် အတင်းကပ်လာချင်သည့် အမျိုးသမီးအချို့ရှိခဲ့ဖူးသလို အမျိုးသားများပင် ပါဝင်ခဲ့ဖူးသည်။ ထိုစဉ်က ရန်ရှောင်စု၏ညီ ယန်လျို့ယွမ် သိသွားသည့်အခါ ရွံလွန်း၍ အန်ချင်သလိုတောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် အစပိုင်းတွင် ရှောင်ယွီအပေါ်၌ အလွန်အမင်း သတိထားစောင့်ကြည့်ခဲ့ခြင်း ဖြစ်ပေသည်။
တစ်ခါတစ်ရံတွင် လက်တွေ့ဘဝမှ ဇာတ်လမ်းများသည် ကျောင်းခန်းထဲရှိ ဆရာကျန်း၏ ပုံပြင်စာအုပ်များထက်ပင် ပို၍ ထူးဆန်းနေတတ်သည်။
ဝမ်ဖူကွေ့က သူ၏ ပုခုံးအထိရှည်ပြီး အဆီပြန်နေသော ဆံပင်များကို ခါယမ်းလိုက်ရင်း မာန်တက်နေသောလေသံဖြင့် ပြောလိုက်သည်။
“ငါ့အနေအထားကြီးနဲ့ အဲ့ဒီလို အဆင့်မရှိတဲ့သူတွေကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။ ငါ့လို အဆင့်အတန်းမျိုးနဲ့ဆိုရင် အနည်းဆုံးတော့ သင့်တင့်လျောက်ပတ်တဲ့ မိန်းမမျိုးကို ရှာရမှာပေါ့။ မဟုတ်ဘူးလား။”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်... ခင်ဗျားက ကျုပ်တို့စျေးမြို့ရဲ့ မြေရှင်အာဏာရှင်ကြီးပဲလေ...။”
ရန်ရှောင်စုက မလေးမစား ပြန်ပြောလိုက်သည်။
အတိအကျပင် ထိုအချိန်၌ မိန်းကလေးနှစ်ယောက် ဆေးခန်းရှေ့မှ ဖြတ်လျှောက်သွားကြသည်။ ဝမ်ဖူကွေ့၏ မျက်လုံးများ အရောင်တောက်သွားပြီး မေးလိုက်သည်။
“ဒီနှစ်ယောက်ကို မင်း ဘယ်လိုမြင်လဲ။”
ရန်ရှောင်စု ထိုမိန်းကလေးနှစ်ဦးကို အကဲခတ်ကြည့်လိုက်သည်။
“တစ်ယောက်က ရုပ်လှပေမယ့် ကိုယ်လုံးကိုယ်ပေါက်က သာမန်ပဲ။ နောက်တစ်ယောက်ကတော့ ရုပ်မလှသလောက် ကိုယ်လုံးကိုယ်ပေါက်က ရှယ်ပဲ။ ဒါနဲ့ မေးပါရစေဦး...။ အဲ့ဒီမိန်းကလေးနှစ်ယောက်က ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။”
ဝမ်ဖူကွေ့- “???”
ထိုစကားက ဝမ်ဖူကွေ့ကို အတော်လေး ဆွံ့အသွားစေခဲ့သည်။ သူသည် ဒေါသတကြီးဖြင့် ဖောက်သည်များကို ရောင်းချရန် သူ၏ ကုန်စုံဆိုင်ဘက်သို့ လှည့်အသွား၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ခံတပ်မြို့ရိုး၏ တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာ၏။ သံမဏိ၊ သစ်သားနှင့် ကြိုးများ ပွတ်တိုက်မိသံကြောင့် သွားကျိန်းမတတ် ခံစားလိုက်ရစေသည်။ လေးလံလှသော တံခါးကြီးသည် တရွေ့ရွေ့ တက်လာပြီး ၎င်း၏ ဖိအားက အသက်ရှူရပင် ကြပ်စေသည်။
ချန်းဟိုင်တုံသည် ကိုယ်ပိုင်စစ်တပ်မှ အဖွဲ့ငယ်တစ်ခုကို ဦးဆောင်ကာ ခံတပ်မြို့ထဲမှ ထွက်လာ၏။ ယခုအကြိမ် ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်လာသော အရာရှိမှာ ရန်ရှောင်စု အရင်က တွေ့ဖူးသည့် ဝမ်ချုံးယန် မဟုတ်ဘဲ စျေးမြို့တွင် တစ်ခါမှ မမြင်ဖူးသော မျက်နှာသစ်တစ်ယောက် ဖြစ်နေသည်။
ဝမ်ချုံးယန်က ဘယ်ရောက်သွားတာလဲ။ အဲ့ဒီ ဘော့စ်လော့ရဲ့ အပြစ်ပေးတာ ခံလိုက်ရတာလား။
“သူတို့ ဘာလုပ်နေကြတာလဲ။”
ရန်ရှောင်စုက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မသိဘူးလေ။”
ဝမ်ဖူကွေ့က အူကြောင်ကြောင်မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် ရန်ရှောင်စုကို ထားခဲ့ကာ ချန်းဟိုင်တုံဆီသို့ လျှောက်သွားလေတော့သည်။ အကွာအဝေးကြောင့် သူတို့ ဘာတွေပြောနေသည်ကို ရန်ရှောင်စု မကြားရပေ။
သို့သော် နံပါတ် ၁၁၃ ခံတပ်မှ ကိုယ်ပိုင်စစ်တပ်သည် စျေးမြို့ထဲသို့ ပြေးဝင်သွားကြသည်ကို သူ မြင်လိုက်ရ၏။ သိပ်မကြာခင်မှာပင် ၎င်းတို့က လူတစ်ယောက်ကို ဆွဲခေါ်လာကြသည်။ ထိုလူက “ဘာလို့ ငါ့ကို ဖမ်းတာလဲ၊ ငါ့ကို လွှတ်ပေး။” ဟု အတောမရပ်ဘဲ အော်ဟစ်နေသည်။
ရန်ရှောင်စု တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။ အတင်းဆွဲခေါ်ခံသွားရသူမှာ အခြားသူမဟုတ်ဘဲ မနေ့ညက သူ့ထံ လာခဲ့သော ကျန်းပေါင်ကန်းပင် ဖြစ်သည်။
ကိုယ်ပိုင်စစ်တပ်က လူကို ဤသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မြင်သောအခါ ဝမ်ဖူကွေ့က ကပြာကယာ တားဆီးရန် ကြိုးစားလိုက်သည်။
“အရာရှိတို့... ဘာဖြစ်လို့လဲခင်ဗျာ။ ဒီကောင်လေးက နည်းနည်းတော့ ဆိုးသွမ်းတတ်ပေမယ့် ကြီးကြီးမားမား အပြစ်မျိုးတော့ မလုပ်လောက်ပါဘူး ဟုတ်တယ်မလား။”
“ဖယ်စမ်း...။”
ကိုယ်ပိုင်စစ်တပ်အရာရှိက အေးစက်စွာ ပြောလိုက်သည်။
အေးစက်ပြီး နက်မှောင်နေသော သေနတ်ပြောင်းဝများရှေ့တွင် ဝမ်ဖူကွေ့သည် ဆုတ်ခွာပေးရုံမှတစ်ပါး အခြားမရှိတော့ပေ။ မဟုတ်ပါက တစ်ဖက်လူက တကယ် ပစ်လိုက်ပေလိမ့်မည်။
ဝမ်ဖူကွေ့သည် စျေးမြို့အုပ်ချုပ်ရေးမှူး ချန်းဟိုင်တုံကို ဘေးသို့ဆွဲထုတ်ကာ အကြာကြီး စကားပြောနေသော်လည်း နောက်ဆုံးတွင် ကျန်းပေါင်ကန်းသည် ခံတပ်မြို့ရိုးအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရလေသည်။
သွားကျိန်းစရာ အသံကြီး ထပ်မံထွက်ပေါ်လာပြန်ပြီး တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော တံခါးကြီးသည် ကမ္ဘာနှစ်ခုကို တစ်ဖန် ပြန်လည် ပိုင်းခြားပစ်လိုက်သည်။
ထို့နောက် ရန်ရှောင်စုသည် ဝမ်ဖူကွေ့ထံ လျှောက်သွားကာ မေးလိုက်သည်။
“ဒါက ဘာအခြေအနေလဲ။”
သူ အမှန်တရားကို သိအောင်လုပ်ရမည်။ အကြောင်းမှာ ကျန်းပေါင်ကန်းသည် သူ၏ သဘာဝလွန်စွမ်းအားကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း သူ သိနေသောကြောင့်ပင်။ သူနှင့် ယန်လျို့ယွမ်တို့တွင်လည်း ထိုကဲ့သို့သော စွမ်းအားများ ရှိနေသည်မဟုတ်ပါလော။
ဝမ်ဖူကွေ့က သက်ပြင်းချလိုက်သည်။
“ပြီးသွားပြီ... အဲ့ဒီကောင်လေးတော့ တကယ်ပြီးသွားပြီ။”
“ဘယ်လိုဖြစ်လို့လဲ။”
“ချန်းဟိုင်တုံ ပြောတာကတော့ အဲ့ဒီကောင်က မနေ့က သူ့ရဲ့ အပေါင်းအသင်းတွေရှေ့မှာ စွမ်းအားပြပြီး ကြွားလိုက်မိတယ်တဲ့။ အဲ့ဒီသူငယ်ချင်းတွေကပဲ သူ့ကို ပြန်ရောင်းစားလိုက်ကြတာ။ အခု ခံတပ်တိုင်းက စွမ်းအားရှင်တွေကို လက်မခံတော့ဘူး။ စွမ်းအားရှင်တွေက ခံတပ်အုပ်ချုပ်ရေးမှူးတွေကို တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးတွေသာ မရှိခဲ့ရင် ဒါက ကိစ္စမရှိလောက်ဘူး။ ဒါပေမယ့် အခုကတော့...။ အုပ်ချုပ်ရေးမှူးတွေက ဒီလိုလူတွေကို အကြောက်ဆုံးပဲ။ မင်းသာ တစ်စုံတစ်ယောက်ကို ကြောက်နေရပြီဆိုရင် မင်း ဘာလုပ်မလဲ။”
“သတ်ပစ်မယ်။”
ရန်ရှောင်စုက တည်ငြိမ်ပြတ်သားစွာ ပြောလိုက်သည်။
“မင်း မြင်တဲ့အတိုင်းပဲ... ခံတပ်မြို့ထဲက အုပ်ချုပ်သူတွေက မင်းနဲ့မတူဘူး။”
ဝမ်ဖူကွေ့က စိုးရိမ်တကြီး မျက်နှာဖြင့် ဆိုသည်။
“သူတို့က အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုကို တွေ့ပြီဆိုရင် ပထမဆုံးစဉ်းစားတာက သတ်ပစ်ဖို့ မဟုတ်ဘူး။ အဲ့ဒီအရာကို နားလည်အောင် လုပ်ဖို့ပဲ။ ချန်းဟိုင်တုံ ပြောတာတော့ ခံတပ်မြို့ထဲမှာ ဝင်းတစ်ခုနဲ့ အဆောက်အဦးတစ်ခုကို ယာယီဖယ်ရှားပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခု ဖွင့်လိုက်တယ်တဲ့။ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ အများကြီးလည်း အထဲကို ပို့ထားတယ်လို့ ပြောတယ်။”
“သူတို့က အဲ့ဒီ စွမ်းအားရှင်တွေကို ကုသပေးမလို့လား။”
ရန်ရှောင်စု အံ့ဩသွားမိသည်။
“ကုသရမှာလား... ငါ့ခြေထောက်ပဲ ကုသမယ်။”
ဝမ်ဖူကွေ့က ဆိုသည်။
“ချန်းဟိုင်တုံ ပြောတာတော့ အဲ့ဒီစက်ကိရိယာတွေက ရောဂါကုဖို့ မဟုတ်ဘူး။ အရင်က ခံတပ်ထဲမှာ သိပ္ပံနည်းကျ သုတေသနတွေလုပ်ဖို့ သုံးခဲ့တဲ့ အရာတွေတဲ့။ ခံတပ်မြို့က တစ်ရက်တည်းနဲ့ စွမ်းအားရှင် သုံးယောက်တောင် ဖမ်းမိထားတယ်။ အဲ့ဒီ သုံးယောက်တော့ အသက်ဘေးနဲ့ ရင်ဆိုင်နေရပြီ။”
ရန်ရှောင်စု ရင်ထဲ အေးစိမ့်သွား၏။
အကယ်၍ သူသာ စိတ်ကျန်းမာရေးဆေးရုံထဲ၌ ပိတ်လှောင်ခံရပြီး သူတစ်ပါး၏ သုတေသနပြုခြင်းကို ခံနေရမည်ဆိုပါက မည်သို့ခံစားရမည်ကို သူ မတွေးရဲပေ။
“လောင်ဝမ်... ခင်ဗျား အခု စွမ်းအားရှင် ဖြစ်ချင်သေးလား။”
ရန်ရှောင်စုက မေးလိုက်၏။ ဝမ်ဖူကွေ့က စဉ်းစားလိုက်သည်။
“ရှိတာတော့ ကောင်းတာပေါ့။ သူများသိအောင် မဆင်မခြင် မလုပ်ဖို့ပဲ လိုတယ်။ မင်းလည်း အတူတူပဲ ရှောင်စု... မင်းနဲ့ လျို့ယွမ်မှာ တကယ်လို့ တစ်ခုခုရှိနေရင်တောင် ဘယ်သူ့ကိုမှ အသိမပေးမိစေနဲ့။”
ရန်ရှောင်စု၏ မျက်နှာပေးမှာ ထူးဆန်းသွားပြီး “အမ်... ကောင်းပါပြီ” ဟု ပြန်ဖြေလိုက်သည်။
ထိုနေ့ညမှာပင် စျေးမြို့၌ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့သည်။
ကျန်းပေါင်ကန်း၏ ဖခင်သည် သားဖြစ်သူကို သစ္စာဖောက်ခဲ့သည့် သူငယ်ချင်းများ၏ အိမ်ထဲသို့ သန်းခေါင်ယံအချိန်၌ ခိုးဝင်သွားခဲ့လေသည်။ ၎င်းမှာ စတုရန်းမီတာ အနည်းငယ်သာရှိသည့် တဲစုတ်လေးတစ်ခု ဖြစ်သည်။ ကျန်းပေါင်ကန်း၏ ဖခင်သည် လူသတ်ပွဲကြီး ဆင်နွှဲခဲ့ပြီး အခြားမိသားစု၏ အဖွဲ့ဝင် လေးဦးစလုံးကို သတ်ဖြတ်ခဲ့ကာ နောက်ဆုံးတွင် သူကိုယ်တိုင်လည်း သွေးလွန်ပြီး သေဆုံးသွားခဲ့သည်။
ကျန်းပေါင်ကန်း၏ မိခင်မှာမူ စျေးမြိုအဝင်ဝရှိ သစ်ပင်ခြောက်ကြီးတွင် ကြိုးဆွဲချကာ သေဆုံးသွားခဲ့သည်။
ကျန်းပေါင်ကန်းသည် ထိုမိသားစု၏ တစ်ဦးတည်းသော သားဖြစ်ပြီး မိဘများ၏ အချစ်တော်လည်း ဖြစ်သည်။ သူသည် အလုပ်ပင် လုပ်စရာမလိုဘဲ မိဘများ၏ ထောက်ပံ့မှုဖြင့် နေထိုင်ခဲ့သူဖြစ်သည်။ ယခုအခါ သူ မရှိတော့သည့်အတွက် မိသားစုတစ်ခုလုံးမှာ ဆက်လက် ရှင်သန်နိုင်စွမ်း မရှိတော့ပေ။
စျေးမြို့အတွင်းရှိ လူအချို့က သနားကြသော်လည်း အချို့ကမူ ကွယ်ရာတွင် ကဲ့ရဲ့ကာ တီးတိုး ပြောဆိုနေကြသည်။
“ကြွားချင်ဦးလေ။ စွမ်းအားလေး နည်းနည်းရှိတာနဲ့ ဘာတွေကြွားစရာ ရှိလို့လဲ။ ပြီးတော့ ကျန်းပေါင်ကန်း အဖေကလည်း တကယ်သာ သတ္တိရှိရင် ခံတပ်မြို့ထဲအထိ သွားသတ်ရမှာပေါ့။”
ထိုအချိန်တွင် ရန်ရှောင်စုတစ်ယောက် ကျန်းပေါင်ကန်း ယခင်က ပူဖောင်းများ မှုတ်နေတတ်ပုံကို ပြန်လည် မြင်ယောင်လာခဲ့သည်။
ဒီကမ္ဘာကြီးကို အစိမ်းလိုက် ဝါးစားပစ်ချင်စမ်းပါရဲ့။
ခံတပ်မြို့ထဲရှိ မြင့်မြတ်လှပါသည်ဆိုသော လူကုံထံများသည် လူတိုင်း၏ သေခြင်းနှင့် ရှင်ခြင်းကို ဖန်တီးနိုင်စွမ်း ရှိပုံပေါ်သော်လည်း တစ်နေ့တွင် ထိုအခြေအနေများ ပြောင်းလဲသွားလိမ့်မည်ဟု ရန်ရှောင်စု ခံစားနေရသည်။
ထိုနေ့ မည်သည့်အချိန်တွင် ရောက်လာမည်ကိုသာ သူ မသိခြင်း ဖြစ်သည်။
စျေးမြို့မှ လူတစ်စုသည် ကျန်းပေါင်ကန်း မိခင် ကြိုးဆွဲချ သေဆုံးသွားသည့် သစ်ပင်ခြောက်ကြီးကို အဝေးမှ ရပ်ကြည့်နေကြ၏။ ကျောင်းခန်းမှ ဆရာကျန်းလည်း ရောက်ရှိလာသည်ကို ရန်ရှောင်စု မြင်လိုက်ရသည်။
ကျန်းကျင်းလင်က သူ့ဘေးနားရှိ လူအချို့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ငါ မင်းတို့ကို ကျောင်းမှာ သင်ပေးခဲ့တာက ဒီလို သူတစ်ပါး ကံဆိုးတာကို ဝိုင်းကြည့်နေဖို့လား။ သူတစ်ပါးရဲ့ ကံဆိုးမိုးမှောင်ကျမှုက မင်းတို့ရဲ့ ကံဆိုးမှုလည်း ဖြစ်လာနိုင်တယ်ဆိုတာ မသိကြဘူးလား။”
သူ စကားပြောပြီးနောက် ကျန်းကျင်းလင် ဘေးရှိ သန်မာသော လူငယ်အချို့ ခေါင်းငုံ့သွားကြသည်။ ထို့နောက် ကျန်းကျင်းလင်က သက်ပြင်းချကာ ပြောလိုက်သည်။
“သွားကြ... အဲ့ဒီ ဇနီးမောင်နှံကို အတူတူ မြေမြှုပ်ပေးလိုက်ကြပါ။”
“ဆရာ... ကျုပ်တို့ စက်ရုံကို အလုပ်သွားရတော့မှာမို့လို့ပါ။”
သန်မာသော လူငယ်များက တွန့်ဆုတ်နေကြသည်။
ထိုအခါ အနီးတွင် ရပ်နေသော ဝမ်ဖူကွေ့က ဝင်ပြောလိုက်သည်။
“မင်းတို့ကို အလကား မခိုင်းပါဘူး။ ငါ ၈၀၀ ပေးမယ်။”
“ကောင်းပြီ။”
လူငယ်များက သဘောတူလိုက်ကြ၏။
“ကျုပ်တို့ အခုချက်ချင်း သွားလိုက်မယ်။”