အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း ၃၅ - ကျေးဇူးဒင်္ဂါးများ အများဆုံးရရှိခြင်း
ကျန်းပေါင်ကန်း၏ ဖြစ်ရပ်သည် စျေးမြို့တစ်ခုလုံးရှိ လူတိုင်း၏ စိတ်အခြေအနေအပေါ် မီးခိုးရောင် မြူမှိုင်းများ ဖုံးလွှမ်းသွားစေခဲ့သည်။ လူတိုင်းသည် ခံတပ်မြို့၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရသည်ကို ကျင့်သားရနေပြီ ဖြစ်သော်လည်း မိမိတို့ဘဝ၏ ဇက်ကြိုးက မိမိတို့လက်ထဲတွင် မရှိကြောင်း သတိပြုမိသွားသည့်အခါ သူတို့၏ စိတ်အခြေအနေများမှာ ရုတ်တရက် လေးလံထိုင်းမှိုင်းသွားကြသည်။
ရန်ရှောင်စုသည်လည်း တစ်နေကုန် စဉ်းစားခန်းဖွင့်နေမိသည်။ ဝမ်ဖူကွေ့ ပြောပုံအရဆိုလျှင် ကျန်းပေါင်ကန်းသည် အတင်းအဓမ္မ ဆွဲခေါ်သွားခြင်း ခံရပြီးနောက် အသက်ဘေးနှင့် ရင်ဆိုင်နေရနိုင်ချေ ရှိသည်။ ခံတပ်မြို့ဘက်က သူ့အပေါ် သုတေသနလုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်တိုင် သူသည် မသေခဲ့လျှင်ပင် တစ်ပိုင်းသေသောဘဝဖြင့် ကျန်ရစ်ခဲ့ရပေလိမ့်မည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ ကျန်းပေါင်ကန်းသည် ယခုအချိန်မှစ၍ လွတ်လပ်ခွင့်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ရန်ရှောင်စု ကိုယ်တိုင်အတွက်မူ သူသယ်ဆောင်ထားသော လျှို့ဝှက်ချက်များမှာ ကျန်းပေါင်ကန်းထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားနေသေးသည်။ ယခုအချိန်တွင် သူ၏ စိတ်အာရုံထဲရှိ နန်းတော်ကြီးသည် လုပ်ဆောင်ချက်များစွာကို ဖွင့်ပေးထားပြီ ဖြစ်သော်လည်း ရန်ရှောင်စု ရှာဖွေဖော်ထုတ်ရန် စောင့်ဆိုင်းနေသည့်အရာများစွာ ကျန်ရှိနေသေးသည်။ ဤနန်းတော်၏ အဆုံးသတ်သည် မည်သည့်နေရာတွင် ရှိသည် သို့မဟုတ် ၎င်းက သူ့ကို မည်သည့်အဆင့်အထိ မြှင့်တင်ပေးနိုင်မည်ကို ရန်ရှောင်စု ကိုယ်တိုင်ပင် မသိသေးပေ။
အကယ်၍ သူ၏ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက သူသည်လည်း ခံတပ်မြို့၏ ဆွဲခေါ်ခြင်းကို ခံရပြီး ဦးနှောက်ကို ခွဲစိတ်စမ်းသပ်ခံရမည်ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ရန်ရှောင်စု ကျောင်းခန်းသို့ စောစောသွားလိုက်သည်။ သူသည် ယန်လျို့ယွမ်ကို ရှာဖွေပြီး သူတို့၏ လျှို့ဝှက်ချက်ကို မည်သည့်အခါမျှ အပြင်သို့ မပေါက်ကြားစေရန် အလေးအနက် မှာကြားလိုက်သည်။ ၎င်းသည် အသက်နှင့် ရင်းရမည့် ကိစ္စဖြစ်သည်။ သူတို့ညီအစ်ကို နှစ်ယောက်စလုံးတွင် ခံတပ်မြို့ကို တော်လှန်ပုန်ကန်နိုင်လောက်သည့် အင်အားမျိုး မရှိကြသေးပေ။
ခံတပ်မြို့ အတွင်းနှင့် အပြင်ဘက်ရှိ စက်ရုံခေါင်းတိုင်များမှ ထူထပ်သော မီးခိုးဖြူများမှာ ကောင်းကင်ထက်သို့ ဆက်လက် ပန်းထွက်နေဆဲဖြစ်ပြီး အချိန်အသိပေးသည့် ခံတပ်ထဲမှ ခေါင်းလောင်းသံမှာလည်း ဘာမှမဖြစ်ခဲ့သလိုပင် တိကျစွာ မြည်ဟည်းနေဆဲပင်။
ဆရာကျန်းသည် ယနေ့တွင် စိတ်ဓာတ်ကျနေပုံရပြီး တစ်ခါတစ်ရံ စာသင်နေရင်းနှင့်ပင် ငေးငိုင်သွားတတ်သည်။ သူ ငေးငိုင်နေသည်ကို ကျောင်းသားများက သတိပေးသည့်အခါတိုင်း သူသည် ကျောင်းသားများကို အလေးအနက် ဦးညွှတ်၍ တောင်းပန်တတ်သည်။
နောက်ဆုံးတွင် ဆရာကျန်းက ပြောလိုက်သည်။
“တောင်းပန်ပါတယ် ကျောင်းသားတို့...။ ဒီနေ့ ဆရာ့ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေကြောင့် စာကို သေချာ မသင်ပေးနိုင်ဘူး ဖြစ်နေတယ်။ အားလုံးပဲ ကိုယ့်ဘာသာ လေ့လာကြပါ။ ဒီနေ့အတွက် အတန်း မရှိတော့ဘူး။”
ရန်ရှောင်စုသည် ယနေ့ ဆေးခန်းသို့ တန်းမပြန်သေးဘဲ ကျောင်းခန်းကဲ့သို့ သန့်ရှင်းသောနေရာမျိုးတွင် အေးအေးဆေးဆေး အချိန်ဖြုန်းကာ သူကိုယ်တိုင်၊ ယန်လျို့ယွမ်နှင့် ရှောင်ယွီတို့၏ အနာဂတ်အတွက် စဉ်းစားချင်နေမိသည်။
မွန်းလွဲပိုင်းတွင် ရန်ရှောင်စု အစားဝင်စာသင်သည့်အခါ သူသည် အသစ်အဆန်း ဘာမှမသင်ပေးခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် သူ၏ စိတ်သည်လည်း ယနေ့တွင် အခြားတစ်နေရာသို့ ရောက်နေခြင်း ဖြစ်သည်။ အတန်းဆင်းချိန် ရောက်သည့်အခါတွင်လည်း ရန်ရှောင်စုသည် အချိန်ဆွဲမနေဘဲ ယန်လျို့ယွမ်ကို စောစောအိမ်ပြန်ခေါ်ရန်သာ အာရုံစိုက်နေခဲ့သည်။
“အတန်းဆင်းပြီ။ ဒီနေ့အတွက် တခြားဘာမှ မသင်ပေးတော့ဘူး။”
ရန်ရှောင်စုက ပြောလိုက်သည်။
“မတ်တပ်ရပ်။”
အတန်းခေါင်းဆောင်က အော်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ...။”
“လီယိုချန်ထံမှ ကျေးဇူးတင်ခြင်း +၁။”
“ဝမ်တလုံထံမှ ကျေးဇူးတင်ခြင်း +၁။”
“...ထံမှ ကျေးဇူးတင်ခြင်း...”
ရန်ရှောင်စု မှင်တက်သွား၏။ တစ်တန်းလုံးတွင် ကျောင်းသား ၂၄ ယောက်သာ ရှိသော်လည်း ဤ ‘အတန်းဆင်းပြီ’ ဟူသော စကားတစ်ခွန်းတည်းဖြင့် သူသည် ကျေးဇူးဒင်္ဂါး ၂၃ ပြားအထိ ရိတ်သိမ်းနိုင်ခဲ့သည် မဟုတ်ပါလော။
သူ့ကို ကျေးဇူးဒင်္ဂါး မပေးသူမှာ ယန်လျို့ယွမ် တစ်ယောက်တည်းသာ ရှိသည်။ ယန်လျို့ယွမ်သည် ရန်ရှောင်စု ယနေ့ စိတ်လေနေသည်ကို သတိပြုမိထားသဖြင့် ကျောင်းဆင်းလျှင် သွားကစားဖို့ထက် သူ့အစ်ကို ဘာဖြစ်နေသလဲဆိုသည်ကို ပို၍ စိုးရိမ်နေခြင်း ဖြစ်သည်။
ရန်ရှောင်စုသည် ထိုကလေးတစ်သိုက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားအောင် ပြေးထွက်သွားကြသည်ကို အံ့အားသင့်စွာ ငေးကြည့်နေမိသည်။
အော်... ငါစာသင်တာကို သူတို့က လုံးဝ မကြိုက်ကြဘူးကိုး။
မင်းတို့ကောင်တွေ စောင့်နေကြဦးပေါ့ကွာ...။
ဤနေ့သည် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှသည်။ ရန်ရှောင်စုသည် ကျေးဇူးတင်ဒင်္ဂါး ၁၂ ပြား ရရှိရန်အတွက် ရက်သတ္တပတ်နီးပါး ကြိုးစားခဲ့ရသော်လည်း ယနေ့ တစ်ရက်တည်းမှာတင် ၂၃ ပြားအထိ ရိတ်သိမ်းနိုင်ခဲ့သည်။
စုစုပေါင်း ကျေးဇူးတင်ဒင်္ဂါး ၃၅ ပြားသို့ ရောက်ရှိသွားပြီ ဖြစ်ရာ လက်နက်ကို သော့ဖွင့်ရန် တစ်လှမ်းချင်း နီးကပ်လာပြီဟု ဆိုနိုင်ပေသည်။
အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ဂရုတစိုက် ချိန်ဆပြီးနောက် ရန်ရှောင်စုသည် သူစာသင်သည်ကို ကျောင်းသားများ မကြိုက်သော်လည်း ကိစ္စမရှိ၊ ကျေးဇူးတင်ဒင်္ဂါးများ ရနေသရွေ့ အဆင်ပြေသည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ စာသင်ချိန်တွင် ပုံမှန်ဆိုလျှင် ဆေးခန်းတွင် လူနာကြည့်ရမည့် ရန်ရှောင်စုသည် ဆေးခန်းပင် မဖွင့်တော့ဘဲ ကျောင်းခန်းသို့ တန်းပြေးတော့သည်။ ရန်ရှောင်စုသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီ ဖြစ်သည်။
သူ ဘာကြောင့် ဆေးခန်းဖွင့်တာလဲ။ ပိုက်ဆံရဖို့ သက်သက်ပဲလား။ သေချာပေါက် မဟုတ်ဘူးလေ။
ယခုအခါ ကျေးဇူးဒင်္ဂါးများကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ရရှိနိုင်မည့် နည်းလမ်းကို သူ ရှာဖွေတွေ့ရှိသွားပြီဖြစ်ရာ ဤအခွင့်အရေးကို သူ အဆုံးရှုံးခံနိုင်ပါမည်လော။
ကျောင်းဆရာ ကျန်းကျင်းလင်သည သူ၏ စာသင်ချိန် မပြီးသေးမီမှာပင် ရန်ရှောင်စုကို စာသင်ခန်းအပြင်ဘက်၌ တွေ့လိုက်ရ၏။ ကျောင်းသားများသည် ကျန်းကျင်းလင်၏ အကြည့်နောက်သို့ လိုက်ကြည့်ကြပြီး ရန်ရှောင်စုကို မြင်လိုက်ရသည့်အခါ အကြောင်းရင်းမရှိဘဲ သူတို့အားလုံး ကျောချမ်းသွားကြသည်။
ယနေ့တွင် ရန်ရှောင်စုသည် တောတွင်းရှင်သန်မှုပညာကို သင်ကြားပေးနေခြင်း မဟုတ်ဘဲ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ တစ်ချက်တည်းနှင့် အသက်ပျောက်စေမည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ သို့မဟုတ် တစ်ဖက်လူကို ချက်ချင်း လှုပ်ရှားနိုင်စွမ်း မရှိတော့အောင် မည်သို့လုပ်ဆောင်ရမည်ကို သင်ကြားပေးနေခြင်းဖြစ်သည်။
ရန်ရှောင်စု ကိုယ်တိုင်မှာလည်း ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် သင်တန်းမှ တက်ရောက်ခဲ့ဖူးခြင်း မရှိပေ။ စျေးတန်းတွင်လည်း ထိုကဲ့သို့သော အရာများကို လေ့ကျင့်ရန် နေရာမရှိပေ။ သို့ဖြစ်ရာ ဤအရာအားလုံးမှာ သူ နှစ်ပေါင်းများစွာ တစ်ပါးသူများနှင့် ထိုးနှက်ကြိတ်နယ်ရင်း စုဆောင်းခဲ့သည့် အတွေ့အကြုံများသာ ဖြစ်သည်။
ရန်ရှောင်စုက လူအချင်းချင်း မည်သို့တိုက်ခိုက်ရမည်ကို သင်ကြားပေးချင်ကြောင်း ကြားသည့်အခါ ကျန်းကျင်းလင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ကျောင်းသားများကို တစ်ပါးသူနှင့် တိုက်ခိုက်ခြင်းမျိုး သင်ကြားပေးရသည်ကို မနှစ်သက်ပေ။ ယခင်သင်ခန်းစာများတွင် သူသည် သဘာဝပတ်ဝန်းကျင်နှင့် မည်သို့ရင်ဆိုင်ရမည်ကိုသာ ပို၍ သင်ကြားပေးခဲ့သည်။
ထိုနေရာတွင် စိတ်ပညာဆိုင်ရာ အကြံပြုချက်တစ်ခု ရှိနေပေသည်။
သင်က ကျောင်းသားများကို လူသားများနှင့် မည်သို့ရင်ဆိုင်ရမည်ကို သင်ကြားပေးပါက သူတို့သည် လူသားများကိုပင် သူတို့၏ စိတ်ကူးယဉ်ရန်သူအဖြစ် သတ်မှတ်လာကြလိမ့်မည်။ ထို့အတူ သင်က ဝံပုလွေအုပ်နှင့် မည်သို့ရင်ဆိုင်ရမည်ကို သင်ကြားပေးပါက ဝံပုလွေအုပ်ကိုသာ သူတို့၏ စိတ်ကူးယဉ်ရန်သူအဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။
ကျန်းကျင်းလင်သည် သူ၏ကျောင်းသားများကို အကြမ်းဖက်သမားများ ဖြစ်မလာစေရန် နက်နက်ရှိုင်းရှိုင်း မျှော်လင့်ထားသူဖြစ်သော်လည်း ကျန်းပေါင်ကန်း၏ ဖြစ်ရပ်ကို ပြန်လည်စဉ်းစားမိပြီးနောက် သက်ပြင်းတစ်ချက်ချကာ နောက်ဆုံးတွင် ရန်ရှောင်စုကို သူသင်ချင်ရာ သင်ခွင့်ပြုလိုက်တော့သည်။
စာသင်စင်မြင့်ပေါ်တွင် ရပ်လျက် ရန်ရှောင်စုက အောက်ရှိ ကျောင်းသားများကို ပြောလိုက်သည်။
“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အားနည်းဆုံး အစိတ်အပိုင်းတွေက ဘာတွေလဲ။ ဒါကို ပြောမယ်ဆိုရင် ငါတို့တွေ တစ်ဆင့်ချင်း သွားရမယ်။ လူတွေ အသိအများဆုံး နေရာကနေပဲ စကြရအောင်... အဲ့ဒါကတော့ လည်ပင်းပဲ။”
“ဒါပေမယ့် တခြားလူနဲ့ တိုက်ခိုက်တဲ့အခါ အဲ့ဒီနေရာကို ထိအောင်ရိုက်ဖို့က သိပ်မလွယ်ဘူး။ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ မသိစိတ်က ဒီနေရာကို အကာကွယ်ဆုံးမို့လို့ပဲ။ လည်ပင်းက လေပြွန်တစ်ဝိုက် ဧရိယာတစ်ခုလုံးက ကျိုးလွယ်တဲ့ အရိုးနုပေါင်း ၂၀ နီးပါးနဲ့ ဖွဲ့စည်းထားတယ်။ မင်းတို့က အဲ့ဒီထဲက တစ်ခုခုကို ချိုးဖဲ့လိုက်နိုင်တာနဲ့ တစ်ဖက်လူကို ချက်ချင်း တိုက်ခိုက်နိုင်စွမ်း မရှိတော့အောင် လုပ်နိုင်တယ်။ ကျိုးသွားတဲ့ အရိုးစတွေက အောက်ဆီဂျင်ပို့လွှတ်တဲ့ လမ်းကြောင်းကို အလျင်အမြန် ပိတ်ဆို့သွားလိမ့်မယ်။ အဲ့ဒီအခါ ရန်သူက အသက်ရှူကြပ်ပြီး သေသွားနိုင်တယ်။”
ထိုအချိန်တွင် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ ရန်ရှောင်စုက အားလုံးကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“မေးစရာရှိလား။”
ထိုအခါ ဝမ်တလုံက ခပ်တိုးတိုးလေး မေးလိုက်သည်။
“လည်ပင်းမှာ ကျိုးလွယ်တဲ့ အရိုးနု ၂၀ နီးပါး ရှိတယ်ဆိုတာ ဆရာ ဘယ်လိုသိတာလဲ...”
ကျောင်းတွင်လည်း သက်ဆိုင်ရာ စာအုပ်စာတမ်းများ မရှိသလို စျေးမြို့တွင်လည်း ဤအရာကို လေ့လာသူ မရှိပေ။ အကယ်၍ ရန်ရှောင်စု ကိုယ်တိုင်သာ လက်တွေ့မရေတွက်ခဲ့လျှင် ဤကဲ့သို့သော အရာကို သူ မည်သို့မှ သိနိုင်စရာ အကြောင်းမရှိပေ...။
ဒါပေမယ့် ရန်ရှောင်စုက ဘယ်လိုလုပ်ပြီး ရေတွက်ခဲ့တာလဲ။ ဘယ်သူ့ဆီမှာ ရေတွက်ခဲ့တာလဲ။
ထိုသို့ တွေးမိသည့်အခါ အားလုံးမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။
ရန်ရှောင်စုက ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူသည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ခံတပ်မြို့ထဲမှလည်း ညနေ ၄ နာရီ ခေါင်းလောင်းသံ မြည်လာတော့သည်။ ရန်ရှောင်စုက အားလုံးကို ချိုသာသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“အတန်းဆင်းပြီ။”
“မတ်တပ်ရပ်။”
“ကျေးဇူးတင်ပါတယ် ဆရာ။”
“ဝမ်တလုံထံမှ ကျေးဇူးတင်ခြင်း +၁။”
“...ထံမှ ကျေးဇူးတင်ခြင်း...”
ရန်ရှောင်စု ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ အရေအတွက်က မမှန်ကန်ပေ။
ကျေးဇူးတင်ဒင်္ဂါး ၂၀ ကျော် တိုးလာရမှာ မဟုတ်ဘူးလား။ ဘာလို့ ၉ ပြားပဲ ရှိတာလဲ။
ဒီကလေးတစ်သိုက်က သူ အချိန်မဆွဲဘဲ အတန်းဆင်းပေးတာကို ဒီလောက်မြန်မြန်ကြီး ကျင့်သားရသွားကြတာလား။ သူတို့ဆီမှာ စစ်မှန်တဲ့ ကျေးဇူးတင်စိတ်တောင် မရှိကြတော့ဘူးလား။
မင်းတို့ကောင်တွေ လောကဓံရဲ့ ရိုက်ပုတ်မှုကို မခံရသေးဘူးပဲ။
ကျောင်းသားများ အပြင်သို့ ပြေးထွက်ရန် ပြင်နေစဉ်မှာပင် သူတို့၏ နောက်ကွယ်မှ ရန်ရှောင်စု၏ ကြောက်မက်ဖွယ်ကောင်းသော အသံ ထွက်ပေါ်လာခဲ့သည်။
“အားလုံး ပြန်လာခဲ့ကြစမ်း။ အဲ့ဒီမှာ အရိုးနု ဘယ်နှစ်ခုရှိလဲဆိုတာ ငါ ဘယ်လိုသိလဲဆိုတာ မင်းတို့ကို ဒီနေ့ ပြောပြမယ်...။”
ဝမ်တလုံ - “...”
လီယိုချန် - “...”
ကျောင်းသားအားလုံး - “...”
အခန်း ၃၆ - သူအိုက သူငယ်ကို သင်္ဂြိုဟ်ရခြင်း
ရန်ရှောင်စုက သူတို့ကို ပြန်လာရန် ပြောလိုက်ပြီဖြစ်ရာ ဤကျောင်းသားများမှာ မည်သို့ပြန်ဝံ့ပါမည်နည်း။
ကျောင်းသားများသည် အိမ်ပြန်ရောက်သည့်အခါ ရန်ရှောင်စု၏ “ရက်စက်မှု” များကို သူတို့၏မိဘများထံ တိုင်တန်းခဲ့ကြသော်လည်း မိဘများ၏ တုံ့ပြန်မှုမှာ အတူတူပင်ဖြစ်သည်။
“ဆရာက မင်းတို့ကို ပိုသင်ပေးတာ ကောင်းတာပေါ့။ မကျေမနပ်ဖြစ်မယ့်အစား ကျေးဇူးတင်တတ်အောင် သင်ရမယ် နာလည်လား။ ညည်းညူမနေနဲ့...။ အထူးသဖြင့် အစားထိုးဆရာ ရန်ရှောင်စုကို သွားပြီး မညည်းညူမိစေနဲ့...။”
ကျောင်းသားများမှာ အလွန်ဇဝေဇဝါ ဖြစ်သွားကြသည်။ ယခင်ကဆိုလျှင် မိဘများသည် အမြဲတမ်း သူတို့ဘက်က ရပ်တည်ပေးခဲ့ကြသော်လည်း ယခုအကြိမ်တွင်မူ အားလုံးက ရန်ရှောင်စုဘက်မှ ပါနေကြလေသည်။
ပြီးတော့ မိဘတွေရဲ့ လေသံက ဘာလို့ အရမ်းထူးဆန်းနေရတာလဲ...။
မိဘများ၏ လေသံမှာ တစ်ခုခုလွဲနေသည်ကို ကျောင်းသားများက ရိပ်မိသွားကြသဖြင့် အကျိုးအကြောင်းကို အတင်းမေးမြန်းကြတော့သည်။ လီယိုချန်၏ ဖခင်ဖြစ်သူ လီဖားချိုင်က သမီးဖြစ်သူကို အလေးအနက် ပြောလိုက်သည်။
“ထပ်မမေးနဲ့တော့ သမီး။ သမီး လုပ်ရမှာက စာကိုပဲ အာရုံစိုက်သင်ဖို့နဲ့ ဆရာရန်ရှောင်စုကို ပြဿနာမရှာဖို့ပဲ...ဟုတ်ပြီလား။ အဖေ ဆံဖြူ(သူအို)က ဆံနက်(သူငယ်)ကို သင်္ဂြိုဟ်ရတဲ့ ဘဝမျိုး မရောက်ချင်ဘူး...။”
ကြီးမားထွားကြိုင်းသော မိန်းကလေး လီယိုချန်မှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
လူကြီးက လူငယ်ကို သင်္ဂြိုဟ်ရတယ်ဆိုတာ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အခြေအနေမျိုးလဲ။
ထို့ကြောင့် ယခုအခါ ကျောင်းသားများသည် ရန်ရှောင်စု ရှေ့တွင် ပုံမှန်ထက် ထူးကဲစွာ လိမ္မာယဉ်ကျေးနေကြသည်။ ရန်ရှောင်စု စကားဆုံးသည်နှင့် ကျောင်းသားများသည် ထိတ်လန့်သွားကြသည့်အလား သူတို့၏ နေရာများတွင် အမြန်ပြန်ထိုင်လိုက်ကြသည်။
ဤဟောပြောပို့ချမှုမှာ ညမှောင်သည်အထိ ကြာမြင့်ခဲ့သည်။
အပြင်တွင် ပို၍မှောင်လာလေ ရန်ရှောင်စုက ပို၍ စိတ်အားထက်သန်စွာ သင်ကြားလေဖြစ်ရာ ကျောင်းသားများမှာ စိုးရိမ်တကြီး စောင့်ကြည့်နေကြရသည်။ နောက်ဆုံးတွင် လီယိုချန်က မအောင့်နိုင်တော့ဘဲ ခပ်တိုးတိုး ပြောလိုက်သည်။
“ဆရာ... မှောင်နေပြီ။ ကျွန်မတို့ အမြန်မပြန်ရင် လမ်းမှာ အန္တရာယ်ရှိနိုင်တယ်။”
ကျောင်းသားများ ထိုသို့ပြောသည့်အချိန်တွင် ရန်ရှောင်စုက စာသင်ပြီးနေပြီဖြစ်သည်။ လီယိုချန်၏ စကားအဆုံးတွင် ကျောင်းသားအားလုံးက ရန်ရှောင်စုကို မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
ထိုအခါ ရန်ရှောင်စုက ဖော်ရွေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ရပါတယ်... ဘာမှမဖြစ်ပါဘူး။”
ရန်ရှောင်စုသည် ထိုနေ့က ည ၈ နာရီအထိ စာသင်ခဲ့ပြီးမှ အတန်းဆင်းပေးလိုက်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်မှာ လုံးဝမှောင်မည်းနေပြီဖြစ်သည်။ အတန်းဆင်းချိန်တွင် ရန်ရှောင်စုသည် ကျေးဇူးတင်ဒင်္ဂါး တစ်ပြားမှ မရရှိခဲ့သော်လည်း သူ ဂရုမစိုက်ပါချေ။
“ချီးမွမ်းခြင်း မပြုမီ အရင်ဆုံး ဖိနှိပ်ထားပါ” ဟူသော ဆိုရိုးစကား ရှိသည်မဟုတ်ပါလော။ ဖိအားမရှိဘဲ ကျေးဇူးတင်စိတ်က မည်သို့ပေါ်လာပါမည်နည်း။
“ကောင်းပြီ... လာခဲ့ကြ။ ဆရာကိုယ်တိုင် အိမ်ပြန်လိုက်ပို့ပေးမယ်။”
ရန်ရှောင်စုက ပိုမိုနွေးထွေးသော လေသံဖြင့် ပြောလိုက်သည်။
သို့သော် ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင် ကြည့်နေကြ၏။ ဤအစားထိုးဆရာ ရန်ရှောင်စုသည် ထူးခြားဆန်းကြယ်သော အတတ်ပညာတစ်ခုခုကို တတ်မြောက်ထားပုံရသည်ဟု ရုတ်တရက် သတိပြုမိသွားကြသည်။
ယခင်ကဆိုလျှင် ရန်ရှောင်စုသည် ကျောင်းသားများကို မမှောင်ခင် အိမ်ပြန်ခွင့် ပေးတတ်သည်။ အကြောင်းမှာ နောက်ကျသွားလျှင် သူတို့အတွက် မလုံခြုံနိုင်သောကြောင့်ပင်။
သို့သော် ယခုအခါတွင်မူ ရန်ရှောင်စုက အချိန်အနည်းငယ် ဖြုန်းတီးမိခြင်းမှာ ဘာမှမဟုတ်၊ ကျောင်းသားများအတွက် အသုံးဝင်သော အသိပညာများ သင်ယူရဖို့က ပိုအရေးကြီးသည်ဟု ခံစားနေရသည်။ သူတို့သည် ဤလူ့အဖွဲ့အစည်း၏ ရက်စက်မှုကို နားလည်ထားရပေမည်။
သာမန်လူတစ်ယောက်အတွက် ကလေးအုပ်ကြီးကို ခေါ်ဆောင်သွားခြင်းမှာ မလုံခြုံနိုင်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ သာမန်လူထက် နှစ်ဆနီးပါးရှိသော ရန်ရှောင်စုအတွက်မူ ဤစျေးမြို့အတွင်း လုံခြုံရေးပြဿနာများကို လုံးဝ လျစ်လျူရှုထားနိုင်သည်။
သေနတ်မပါသော မည်သူမဆို ရန်ရှောင်စု၏ ကြောက်ရွံ့မှု စာရင်းထဲတွင် မရှိပါချေ။
ရန်ရှောင်စုသည် ကျောင်းသားများကို အိမ်နီးရာ အစဉ်လိုက် တစ်ယောက်ချင်းစီ မိဘများလက်ထဲသို့ အပ်နှံပေးခဲ့သည်။ အိမ်နီးနားချင်းအချို့က ရန်ရှောင်စုသည် ကျောင်းသားများကို စာသင်ပေးရုံတင်မကဘဲ သူတို့၏ လုံခြုံရေးအတွက် အိမ်တိုင်ရာရောက် လိုက်ပို့ပေးသည်ကို မြင်သောအခါ “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ဆရာလဲ။” ဟု ချီးမွမ်းကြတော့သည်။
မိဘများကလည်း ရန်ရှောင်စု၏ ရည်ရွယ်ချက်အမှန်ကို မသိကြဘဲ စိတ်ရင်းဖြင့် စေတနာထားသည်ဟုသာ ယူဆလိုက်ကြသည်။ ထို့ကြောင့် ကျောင်းသားများကို လိုက်ပို့ပေးသည့် ဤတစ်ခေါက်တည်းမှာပင် ရန်ရှောင်စုသည် မိဘများထံမှ ကျေးဇူးတင်ဒင်္ဂါး ၆ ပြား ရရှိခဲ့လေသည်။
ရန်ရှောင်စုတစ်ယောက် သူ၏ဦးဆောင်နိုင်စွမ်းကို ယခင်က အပြည့်အဝ အသုံးမချနိုင်ခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် တွေးမိလိုက်သည်။ အရင်က လူနာကြည့်ရန် အပင်ပန်းခံခဲ့သော်လည်း ကျေးဇူးတင်ဒင်္ဂါး ၁၂ ပြားသာ ရရှိခဲ့သည်။ သို့သော် သူ၏ အတွေးအခေါ်နှင့် လုပ်ဆောင်ပုံကို ပြောင်းလဲလိုက်သည့်အခါ ချက်ချင်းဆိုသလိုပင် ကျေးဇူးတင်ဒင်္ဂါး ၅၀ ပြားအထိ ရရှိလာခဲ့သည်။
တစ်ခုတည်းသော ပေးဆပ်လိုက်ရသည့် အရင်းအနှီးမှာ ယန်လျို့ယွမ်က သူ့ကို တစ်ညလုံး စကားမပြောဘဲ နေခြင်းပင်...။
အမှန်အတိုင်းပြောရလျှင် တစ်နေ့တာ စာသင်ချိန်မှာ ၅ နာရီခန့်သာ ရှိပါသည်။ ရန်ရှောင်စု စာမသင်မီကဆိုလျှင် ဤရှင်သန်မှုသင်တန်းကြီးမှာ ၅ နာရီအပြည့် ကြာမြင့်လိမ့်မည်ဟု မည်သည့်ကျောင်းသားမှ မမျှော်လင့်ခဲ့ကြပေ။
နောက်တစ်နေ့တွင် ရန်ရှောင်စုသည် ကျောင်းခန်းသို့သွားရန် မစောင့်နိုင်အောင် ဖြစ်နေသော်လည်း ကျောင်းဆရာ ကျန်းကျင်းလင်သည်လည်း ဆက်ပြီး အောင့်အည်းမထားနိုင်တော့ပေ။ သူက ရန်ရှောင်စုကို ဘေးသို့ဆွဲထုတ်သွားကာ ပြောလိုက်သည်။
“နောက်ဆိုရင် ကျောင်းသားတွေကို အဲ့လောက်အထိ နောက်ကျအောင် ခေါ်မထားပါနဲ့တော့။ ပညာသင်ယူတယ်ဆိုတာ အလုပ်နဲ့ အနားယူချိန် မျှတဖို့လိုသလို တစ်ဆင့်ချင်းသွားရမယ့် လုပ်ငန်းစဉ်မျိုးပဲ။ မင်းက သူတို့ကို အသိပညာတွေအားလုံး တစ်ခါတည်း ရိုက်သွင်းပေးချင်နေရင်တောင် ဖြည်းဖြည်းချင်းပဲ လုပ်ရမှာပေါ့။”
ရန်ရှောင်စုက ကျန်းကျင်းလင်၏ အကြံဉာဏ်ကို နှိမ့်ချစွာ လက်ခံလိုက်သည်။
“စိတ်မပူပါနဲ့ ဆရာ... ဒီနေ့ ကျုပ် အတန်းကို လုံးဝ အချိန်မဆွဲပါဘူး။”
ယန်လျို့ယွမ်က သူတို့နှစ်ဦး၏ စကားဝိုင်းကို ဘေးမှနေ၍ ဘာမှမဖြစ်သလို မျက်နှာပေးဖြင့် နားထောင်နေလိုက်သည်။ ရန်ရှောင်စုသည် ယနေ့တွင် အတန်းကို အချိန်ဆွဲမည်မဟုတ်ကြောင်း သူ သေချာပေါက် သိနေ၏။ မနေ့က ရန်ရှောင်စု အတန်းချိန်ကို အတင်းဆွဲဆန့်လိုက်ခြင်းမှာ ယနေ့တွင် ကျေးဇူးတင်ဒင်္ဂါးများကို တစ်ပွေ့တစ်ပိုက်ကြီး ရိတ်သိမ်းရန်အတွက် မဟုတ်ပါလော။
ယန်လျို့ယွမ်သည် ရန်ရှောင်စု၏ စရိုက်အမှန်ကို အူမချေးခါမကျန် သိထားသူဖြစ်သည်။
ယန်လျို့ယွမ် ခန့်မှန်းထားသည့်အတိုင်းပင်။ မွန်းလွဲပိုင်း ခံတပ်မြို့မှ ၄ နာရီ ခေါင်းလောင်းသံ မြည်လာသည်နှင့် ရန်ရှောင်စုက ချိုသာစွာ ပြုံးလိုက်ပြီး မေးလိုက်သည်။
“အားလုံးပဲ အတန်းဆင်းချင်ကြပြီလား။”
စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ ရန်ရှောင်စုက ဘာကြောင့် ဤသို့မေးလာသည်ကို မည်သူမှ မသိကြပေ။ အကယ်၍ သူတို့က ဆင်းချင်သည်ဟု ပြောလိုက်ပါက ရန်ရှောင်စု၏ စာသင်ပြမှုမှာ ညံ့ဖျင်းလှသည်ဟု သက်သေပြရာ ရောက်သွားမည်မဟုတ်ပါလော။ အကယ်၍ မဆင်းချင်ပါဟု ပြောလိုက်ပြန်လျှင်လည်း ရန်ရှောင်စုက သူတို့၏ ဆန္ဒအတိုင်း အတန်းကို တကယ်ကြီး ထပ်တိုးသင်မည်ကိုလည်း ကြောက်ရွံ့နေကြသည်။
ထို့ကြောင့် သူတို့အားလုံး နှုတ်ဆိတ်နေလိုက်ကြတော့သည်။
ရန်ရှောင်စုက ပြုံးလိုက်သည်။
“ပညာသင်ယူတယ်ဆိုတာ အလုပ်နဲ့ အနားယူချိန် မျှတဖို့ လိုအပ်တယ်။ မနေ့က ငါ အသိပညာတွေ အများကြီး သင်ပေးခဲ့ပြီးပြီဆိုတော့ ဒီနေ့ အတန်းကို အချိန်မဆွဲတော့ဘူး။ တစ်ဖက်ကကြည့်ရင် မင်းတို့သင်ထားတာတွေကို ပြန်ပြီး ခြေဖျက်နိုင်ဖို့ဖြစ်သလို တစ်ဖက်ကကြည့်ရင်လည်း ဒီနေ့ လူတိုင်း အေးအေးဆေးဆေး အနားယူ ဆော့ကစားနိုင်ဖို့ပဲ...။”
ကျောင်းသားများမှာ ထိုစကားကို ကြားသည့်အခါ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမတတ် ဖြစ်သွားခဲ့ကြသည်...။
“အတန်းဆင်းပြီ။”
ရန်ရှောင်စုက ပြောလိုက်သည်။
“မတ်တပ်ရပ်...”
“ကျေးဇူးတင်ပါတယ် ဆရာ။”
“လီယိုချန်ထံမှ ကျေးဇူးတင်ခြင်း +၁။”
“ဝမ်တလုံထံမှ ကျေးဇူးတင်ခြင်း...”
“....ထံမှ ကျေးဇူးတင်ခြင်း...”
မနေ့တစ်နေ့ကအတိုင်းပင်...။ ယန်လျို့ယွမ်မှအပ ရန်ရှောင်စုသည် ကျေးဇူးတင်ဒင်္ဂါး ၂၃ ပြားကို ထပ်မံရိတ်သိမ်းနိုင်ခဲ့သည်။ သုံးရက်အတွင်းမှာပင် သူ၏ ကျေးဇူးတင်ဒင်္ဂါးများမှာ ပြည့်လုနီးပါး ဖြစ်သွားခဲ့ချေပြီ။
ယခုဆိုလျှင် ၇၃ ပြား ရှိသွားပြီဖြစ်ရာ လက်နက်ကို သော့ဖွင့်ရမည့်နေ့မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် ထိုအချိန်တွင် စာသင်ခန်း တံခါးမှတစ်ဆင့် ဝမ်ဖူကွေ့တစ်ယောက် ကျောင်းထဲသို့ အပြေးအလွှား ဝင်လာသည်ကို ရန်ရှောင်စု မြင်လိုက်ရသည်။
“လောင်ဝမ်... ဘာကိစ္စရှိလို့လဲ။”
ရန်ရှောင်စုက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ဆေးခန်းတွင် တစ်ယောက်တည်း ကျန်ခဲ့သော ရှောင်ယွီများ တစ်ခုခုဖြစ်လေသလားဟု သူ့ မသိစိတ်မှ စိုးရိမ်သွားမိသည်။ ထိုသို့တွေးမိလိုက်သည်နှင့် ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို ခေါ်၍ အိမ်သို့ အမြန်ပြန်ရန် ပြင်လိုက်သည်။
သို့သော် ဝမ်ဖူကွေ့က ပြောလာခဲ့လေသည်။
“မင်း ကိုယ့်ကိုကိုယ် အသင့်ပြင်ထားလိုက်တော့။ တီးဝိုင်းအဖွဲ့က ခံတပ်ထဲကနေ ထပ်ထွက်လာတော့မယ်။ ခုနတင် လူတစ်ယောက်က ဘော့စ်လော့ဆီက သတင်းစကား လာပါးတယ်။ သူတို့ ဘယ်လိုတွေ စည်းရုံးလိုက်လဲ မသိပေမယ့် ဘော့စ်လော့က မင်းကို သူတို့ရဲ့ လမ်းပြအဖြစ် လိုက်သွားဖို့ တကယ်ကြီး သဘောတူလိုက်ပြီ။”
ရန်ရှောင်စု မှင်တက်သွား၏။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရှောင်ယွီ ဘာမှမဖြစ်သည့်အတွက် စိတ်အေးသွားခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင်မူ သူ၏ရင်ထဲသို့ စိုးရိမ်မှုများ တိုးဝင်လာခဲ့သည်။ အကြောင်းမှာ ထိုတီးဝိုင်းအဖွဲ့တွင် ပိုမိုနက်နဲပြီး အရေးကြီးသော ရည်ရွယ်ချက်တစ်ခု ရှိနေရမည်ဟု သူ ရိပ်မိသွားသောကြောင့်ပင်။ မဟုတ်ပါက ဘော့စ်လော့ကို သူတို့ မည်သို့ နားချနိုင်ပါမည်နည်း။
ဘော့စ်လော့ကို လုံလောက်သော အကျိုးအမြတ်များ ပေးခဲ့၍လော။ သို့မဟုတ် တီးဝိုင်းအဖွဲ့၏ နယ်စပ်တောင်တန်းသို့ သွားမည့် အစီအစဉ် နောက်ကွယ်၌ ဘော့စ်လော့ ကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်းလော။
မည်သို့ပင်ဖြစ်စေ...ရန်ရှောင်စုအနေဖြင့် ဤခရီးကို အမှန်တကယ် လိုက်သွားရတော့မည် ဖြစ်သည်။
ရန်ရှောင်စုတစ်ယောက် လှည့်ထွက်ကာ ကျောင်းခန်း၏ နောက်ဖေးဝင်းဆီသို့ လျှောက်သွားလိုက်သည်။ ထိုအခါ ဝမ်ဖူကွေ့က စိုးရိမ်တကြီး မေးလိုက်၏။
“မင်း ဘယ်သွားမလို့လဲ။”
“ကျောင်းဆရာကျန်းကို သွားရှာပြီး ကိစ္စတစ်ခု ဆွေးနွေးမလို့။ ကျုပ် ပြန်မလာခင်အထိ ယန်လျို့ယွမ်နဲ့ အစ်မရှောင်ယွီကို ဒီကျောင်းမှာပဲ ခဏလောက် ထမင်းကျွေးပြီး စောင့်ရှောက်ထားပေးဖို့ သွားပြောမလို့။”
ရန်ရှောင်စုက ပြတ်သားစွာ ပြောလိုက်သည်။
ဤသို့လုပ်မှသာ ရန်ရှောင်စုသည် နောက်ဆံမတင်းဘဲ သွားနိုင်မည်ဖြစ်သည်။
သို့သော်လည်း အကယ်၍ ထိုလူစုက တောရိုင်းထဲ ရောက်သွားသည့်အခါ ရန်ရှောင်စုကို သူတို့ စိတ်ကြိုက် ခြယ်လှယ်နိုင်လိမ့်မည်ဟု ထင်နေကြလျှင်တော့ သူတို့ အကြီးအကျယ် မှားသွားကြပေလိမ့်မည်။