အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း ၃၇ - ပြင်ပကမ္ဘာ
“ဆရာကျန်း...”
ရန်ရှောင်စုက ကျန်းကျင်းလင်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။
“ကျုပ် မရှိတဲ့အချိန်အတွင်းမှာ လျို့ယွမ်နဲ့ အစ်မရှောင်ယွီကို ကျောင်းမှာ ခဏလောက် ပေးနေစေချင်ပါတယ်။”
ကျန်းကျင်းလင်က ရန်ရှောင်စုကို နားမလည်နိုင်သော မျက်နှာပေးဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်း သွားဖို့က အတည်ဖြစ်သွားပြီလား။ တခြား ငြင်းစရာလမ်း မရှိတော့ဘူးလား။”
ရန်ရှောင်စု အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
“သူတို့ကို ငြင်းဖို့ နည်းလမ်း မရှိတော့ဘူးထင်တယ်။ ကျန်းပေါင်ကန်းရဲ့ ကံကြမ္မာကို ဆရာလည်း မြင်သားပဲ။ အခု ကျုပ်တို့ရဲ့ အသက်တွေက ခံတပ်ထဲက လူတွေရဲ့ လက်ထဲမှာ ရှိနေတယ်။ ကျုပ် ကိုယ့်သဘောနဲ့ကိုယ် သွားလိုက်မယ်ဆိုရင် အန္တရာယ်ကနေ အချိန်မီ ရှောင်ရှားနိုင်လိမ့်မယ်။ ဒါမှမဟုတ် တခြားသူတွေကို စတေးရရင်တောင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဦးမယ်။ ဒါပေမယ့် ဒီမှာနေပြီး သူတို့ကို ငြင်းနေမယ်ဆိုရင်တော့ သူတို့က ကျုပ်တို့ကို ဒုက္ခပေးဖို့ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလာကြမှာကို စိုးရိမ်ရတယ်။”
“ဒီထက်ကောင်းတဲ့ ရွေးချယ်စရာ မရှိတော့ဘူးလား။”
ကျန်းကျင်လင်းက မေးလိုက်သည်။
“မရှိတော့ဘူး ထင်ပါတယ်။”
ရန်ရှောင်စုက ခေါင်းခါလိုက်သည်။
“ဒါပေမယ့် ဆရာ စိတ်မပူပါနဲ့။ သူတို့အားလုံး သေသွားရင်တောင် ကျုပ်ကတော့ အဆင်ပြေနေဦးမှာပါ။”
အမှန်စင်စစ် ရန်ရှောင်စုသည် အစပိုင်းက ဤပြဿနာများထဲသို့ ဝင်မပါချင်ခဲ့ပေ။ သို့သော် ယခုအခါ သူ၏ ကိုယ်ခန္ဓာစွမ်းရည်နှင့် ယခင်က တောရိုင်းထဲတွင် ရှင်သန်ရုန်းကန်ခဲ့သည့် အတွေ့အကြုံများအရ သူ ပြန်မလာနိုင်တော့မည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့အပြင် တစ်ဖက်လူ ကမ်းလှမ်းထားသည့် အခြေအနေများသည်လည်း သူ့အတွက် ကျေနပ်စရာ မရှိပေ။ အကယ်၍ သူ၊ ယန်လျို့ယွမ်နှင့် ရှောင်ယွီတို့ သုံးယောက်စလုံး ခံတပ်မြို့ထဲ ဝင်ခွင့်ရမည်ဆိုပါက ပို၍ ကျိုးကြောင်းဆီလျော်ပေလိမ့်မည်။ မဟုတ်ပါက ဤခရီးမှာ အဓိပ္ပာယ်မရှိပေ။
သူသည် ခံတပ်မြို့ရိုးအတွင်းသို့ တကယ်ပင် ဝင်ရောက်ချင်သော်လည်း ယန်လျို့ယွမ်နှင့် ရှောင်ယွီကို ထားရစ်ခဲ့ပြီး သူတစ်ယောက်တည်းတော့ မသွားနိုင်ချေ။
ရန်ရှောင်စု ယန်လျို့ယွမ်ကို မပြောပြခဲ့သည့် အချက်တစ်ခုရှိသေးသည်။ ၎င်းမှာ အကြောင်းရင်း တစ်ခုခုကြောင့် သူ၏ စွမ်းအားများ ရရှိလာပြီးနောက်ပိုင်း တစ်ညတွင် သူ အိပ်မပျော်ဘဲ လူးလိမ့်နေစဉ်၌ ပြင်ပရှိ ပိုမိုကြီးမားသော ကမ္ဘာကြီးကို သူလည်း တောင့်တမိနေခြင်းပင် ဖြစ်သည်။
ဤစျေးမြို့ကလေးမှာ အလွန်သေးငယ်လှသည်။ မြင့်သောနေရာတစ်ခုမှ ကြည့်လိုက်ရုံဖြင့် တစ်မြို့လုံးကို မြင်နိုင်ပြီး မြို့၏ အနောက်ဘက်ခြမ်းမှ မုဆိုးမတစ်ယောက်၏ လူလေလူလွင့်များကို ဆဲဆိုသည့်သံကို အရှေ့ဘက်ခြမ်းကပင် ကြားနိုင်လောက်အောင် သေးငယ်လွန်းလှသည်။
သူသည်လည်း ကမ္ဘာကြီးကို ပတ်ကြည့်ရန် စဉ်းစားခဲ့ဖူးသည်။
ယခုအချိန်တွင် ရန်ရှောင်စု အစိုးရိမ်ဆုံးအရာမှာ သူ ထွက်သွားသည့်အခါ ရှောင်ယွီနှင့် ယန်လျို့ယွမ်တို့၏ လုံခြုံရေး မည်သို့ဖြစ်လာမည်နည်း ဆိုသည်ကိုပင်။
အကယ်၍ ကျန်းကျင်းလင်းးက ရှောင်ယွီနှင့် ယန်လျို့ယွမ်ကို သူ့ဆီမှာ နေခွင့်မပြုပါက ရန်ရှောင်စုသည် ထိုတီးဝိုင်းအဖွဲ့နှင့် လုံးဝ လိုက်မသွားနိုင်ပါချေ။
“မင်း ဘာလုပ်ရမလဲဆိုတာကို မင်း သိနေပုံပဲ။ ညကျရင် ရှောင်ယွီနဲ့ လျို့ယွမ်ကို ဒီကို ခေါ်လာခဲ့လိုက်တော့။ ငါ သူတို့အတွက် အခန်းတွေကို သန့်ရှင်းရေးလုပ်ထားပေးမယ်။”
ကျန်းကျင်းလင်က ခေါင်းညိတ်လိုက်သည်။ တောရိုင်းထဲ၌ အသက်ရှင်သန်ရေးနှင့် ပတ်သက်လာလျှင် ဤစျေးမြို့ တစ်ခုလုံး၌ ရန်ရှောင်စုထက် အတွေ့အကြုံရှိသူ မရှိဟု ကျန်းကျင်းလင် ခံစားမိသည်။ ထို့ကြောင့် ဆရာတစ်ယောက်အနေဖြင့် တစ်ဖက်လူက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေသည်ကို မြင်ရသည့်အတွက် သူ နောက်ထပ် ဘာမှမပြောတော့ပေ။
ကျန်းကျင်းလင် သဘောတူလိုက်သည့်အတွက် ရန်ရှောင်စုလည်း စိတ်အေးသွားခဲ့သည်။
“ဆရာ... ကျုပ်မှာ မကြာသေးခင်က စုဆောင်းထားတဲ့ ငွေ ၅၀၀၀ ရှိပါတယ်။ ဒါကို အစ်မရှောင်ယွီနဲ့ ယန်လျို့ယွမ်တို့အတွက် တည်းခိုခအဖြစ် လက်ခံပေးပါ။”
“ပြန်သိမ်းထားလိုက်ပါ။”
ကျန်းကျင်းလင်က ခေါင်းခါရင်း ပြောလိုက်သည်။
“ငါက ကျောင်းမှာ စာသင်တဲ့သူပဲ။ သင်တန်းကြေးပဲ ယူတယ်။”
“ဆရာ... ကျေးဇူးပြုပြီး မငြင်းပါနဲ့။ ဆရာ ဆေးလိပ်လေး ဘာလေး ဝယ်သောက်ဖို့ သုံးလိုက်ပါ။”
ရန်ရှောင်စုက ဆိုသည်။ ကျန်းကျင်းလင် အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။
“အဟမ်း... ဒါဆိုရင် တစ်ထောင်ပဲ ယူထားလိုက်မယ်။ အခန်းခအဖြစ်ပေါ့။”
ရန်ရှောင်စုလည်း မတွန့်ဆုတ်တော့ဘဲ ကျန်းကျင်းလင်ကို ငွေတစ်ထောင် ချက်ချင်း ပေးလိုက်သည်။ သူသည် အခြားအရာများတွင် တွန့်တိုတတ်သော်လည်း အရေးကြီးသည့် ကိစ္စများတွင်မူ ဘယ်သောအခါမှ မနှမြောပေ။ ယန်လျို့ယွမ်အတွက်ဆိုလျှင်လည်း ရန်ရှောင်စုသည် ငွေကြေးသုံးစွဲရန် မည်သည့်အခါမှ ဝန်မလေးခဲ့ပေ။
ရန်ရှောင်စုသည် ကျန်ရှိသော လေးထောင်ကို ရှောင်ယွီထံ တိုက်ရိုက်အပ်နှံရန် စီစဉ်လိုက်သည်။
ထိုငွေကို ယန်လျို့ယွမ်အား သူ မပေးနိုင်ပါချေ။ အကယ်၍ ရှောင်ယွီက ထိုငွေအပေါ် မရိုးသားသော စိတ်ထားရှိခဲ့လျှင်ပင် သူမအနေဖြင့် ငွေကိုယူကာ ထွက်သွားရုံသာ ဖြစ်လိမ့်မည်။ ယန်လျို့ယွမ်အပေါ်တွင်မူ မကောင်းသော ရည်ရွယ်ချက် ရှိလာလိမ့်မည် မဟုတ်ပေ။
သို့သော် ငွေက ယန်လျို့ယွမ်ထံ၌ ရှိနေပါက ယန်လျို့ယွမ်၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာနိုင်ပေသည်။
ဤအချိန်အထိ ရန်ရှောင်စုသည် ရှောင်ယွီအပေါ်တွင် သတိထားစောင့်ကြည့်မှု အနည်းငယ် ရှိနေဆဲပင်။ ဤအတွေးမှာ မှားယွင်းနေနိုင်ပြီး ရှောင်ယွီအပေါ်တွင် အားနာစရာ ဖြစ်နေသော်လည်း ၎င်းမှာ သူ့အတွက် နောင်တနှင့် နာကျင်မှု အနည်းဆုံးဖြစ်စေမည့် ရွေးချယ်မှု ဖြစ်သည်မှာ သေချာပေသည်။
အမှန်အတိုင်းပြောရလျှင် ရန်ရှောင်စုသည် ရှောင်ယွီတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်ဟု သံသယဝင်နေခြင်း မဟုတ်ဘဲ သူတို့ အတူတူ ဖြတ်သန်းခဲ့သည့် အချိန်မှာ အလွန်တိုတောင်းနေသေးသည်ဟု ခံစားနေရခြင်းကြောင့်သာ ဖြစ်သည်။
သူသည် ဤတောရိုင်းကန္တာရထဲတွင် အသက်ရှင်နိုင်ရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသူဖြစ်သည်။ သူ ရှင်သန်ခွင့်ရခဲ့သော နေ့ရက်တိုင်းက သူကိုယ်တိုင်လှုပ်ရှားရုန်းကန်မှုကြောင့် ရရှိလာခြင်း ဖြစ်သည်။ သူလှမ်းခဲ့သော ခြေလှမ်းတိုင်းလိုလိုသည် မြေပြင်ပေါ်၌ သွေးစွန်းခဲ့ရသည်။
ဤကဲ့သို့သော ဘဝမျိုးကို ဖြတ်သန်းလာရသူတစ်ယောက်သည် ရက်အနည်းငယ်မျှသာ သိကျွမ်းရသေးသူတစ်ဦးထံသို့ မိမိ၏ ကံကြမ္မာကို မည်သို့ လွယ်လွယ်ကူကူ ပုံအပ်နိုင်ပါမည်နည်း။
ရန်ရှောင်စုသည် ပစ္စည်းပစ္စယများ ထုပ်ပိုးရန် ယန်လျို့ယွမ်ကို ဆေးခန်းသို့ ပြန်ခေါ်လာခဲ့သည်။
သူ အသစ်စက်စက် ရရှိထားသော အိမ်သစ်လေးမှာ တစ်ဖန် ပြန်လည် အထီးကျန်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုအခါ ဘေးမှနေ၍ ဝမ်ဖူကွေ့က ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ဒီဝင်းလေးကို ငါ သေချာကြည့်ပေးထားပါ့မယ်။ ဘယ်သူ့ကိုမှ လာနေခွင့်မပေးဘူး။”
“ကောင်းပြီ။ ဒါဆို ကြိုပြီးကျေးဇူးတင်ပါတယ်။”
ရန်ရှောင်စုက ပြောလိုက်သည်။
“တကယ်တော့ သူတို့ကို ကျောင်းမှာ သွားထားစရာ မလိုပါဘူးကွာ။ ငါ ဒီမှာ ရှိနေတာပဲ။ မင်းက ဘာကို ကြောက်နေတာလဲ။”
ဝမ်ဖူကွေ့က ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားကိုတောင် ကျုပ်က သံသယရှိနေသေးတယ်။”
ရန်ရှောင်စုက ဝမ်ဖူကွေ့၏ အကြံပြုချက်ကို အေးစက်စွာ ငြင်းပယ်လိုက်သည်။ ဤစျေးမြို့၌ ကျောင်းသည်သာ အလုံခြုံဆုံးနေရာ ဖြစ်သည်။
ဝမ်ဖူကွေ့ ဒေါသမထွက်ပါချေ။ ရန်ရှောင်စု မည်သို့သော လူစားမျိုးဖြစ်သည်ကို သူသိထားသဖြင့် ရန်ရှောင်စု၏ သူ့အပေါ် သတိထားစောင့်ကြည့်နေခြင်းမှာ မျှော်လင့်ထားပြီးသား ကိစ္စပင်။
ရှောင်ယွီနှင့် ယန်လျို့ယွမ်တို့မှာမူ တစ်လျှောက်လုံး တိတ်ဆိတ်နေကြပြီး ပစ္စည်းများကိုသာ ငြိမ်သက်စွာ ထုပ်ပိုးနေကြသည်။ အားလုံးပြီးစီးသွားမှသာ ယန်လျို့ယွမ်က တိုးတိုးလေး မေးလိုက်သည်။
“မသွားလို့ မရဘူးလား။”
“ငါ ပြန်လာမှာပါ။ လမ်းကြောင်းမှန်ရင် အဲ့ဒီလမ်းက အန္တရာယ်မရှိပါဘူး။ တကယ်လို့ အန္တရာယ်တစ်ခုခုရှိလာရင် သူတို့ကို ထားခဲ့ပြီး ငါ ပြန်ပြေးလာခဲ့မယ်။”
ရန်ရှောင်စုက ဆိုသည်။ သူသည် ယန်လျို့ယွမ်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ငွေအားလုံးကို ရှောင်ယွီ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် တောရိုင်းထဲမှာ ငါ့အတွက် ပိုက်ဆံသုံးစရာ နေရာမရှိဘူး။ ဒီပိုက်ဆံတွေကို အစ်မပဲ သိမ်းထားလိုက်ပါ။”
“ကောင်းပါပြီ။”
ရှောင်ယွီက သဘောတူလိုက်သည်။
“ရိက္ခာခြောက်တွေ များများယူသွားဦးနော်။ တောထဲမှာ ကံကိုပဲ ယုံပြီး အစားအစာ ရှာဖို့ဆိုတာ အရမ်းခက်ခဲတယ်။”
“မလိုပါဘူး။”
ရန်ရှောင်စုက ခေါင်းခါလိုက်သည်။
“အရသာနဲ့ ခံနိုင်ရည်ကို ထည့်မတွက်ဘူးဆိုရင် ပထမဆုံး ကီလိုမီတာ အနည်းငယ်ကို ကျော်ဖြတ်ပြီးတာနဲ့ အစားအစာ ရှာရတာ လွယ်ပါတယ်။”
သို့သော် ရှောင်ယွီ၏ စကားကြောင့် ရန်ရှောင်စု တစ်ခု သတိရသွားခဲ့၏။
အကယ်၍ သူသည် ဆေးပုလင်းကို သူ၏ စိတ်အာရုံထဲရှိ နန်းတော်ထဲသို့ အချိန်မရွေး ပြန်ထည့်နိုင်လျှင် အခြားအရာများကိုလည်း ထိုသို့ လုပ်နိုင်မည်လော။
ဆေးပုလင်းများသည် ဒြပ်ထုရှိသော တကယ့်အရာဝတ္ထုများ ဖြစ်သောကြောင့် ထိုနန်းတော်သည်လည်း ထူးခြားသော ဟင်းလင်းပြင်တစ်ခု ဖြစ်ရပေမည်။
အကယ်၍ ထိုသို့သာ ဖြစ်နိုင်ပါက ရန်ရှောင်စုသည် စျေးမြို့ထဲမှ ရေတွင်းကိုပင် လျှို့ဝှက်သယ်သွားချင်မိသည်။ ပြင်ပမှ ရေကို သောက်သုံးရခြင်းမှာ တကယ်ပင် စိတ်မချရချေ။
ဤသည်မှာ ဇာတိမြေကို ခွဲခွာရခြင်း၏ ခံစားချက်ပင် ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးရင်း ရန်ရှောင်စုသည် လက်ထဲမှ ပြောင်းဖူးမုန့် တစ်ဖဲ့ကို နန်းတော်ထဲသို့ ထည့်ရန် လျှို့ဝှက်ကြိုးစားကြည့်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ ပြောင်းဖူးမုန့်မှာ လုံးဝ မလှုပ်ရှားခဲ့ပေ။
နန်းတော်အတွင်းမှ အသံတစ်သံသာ ထွက်ပေါ်လာခဲ့သည်။
“ခွင့်ပြုချက် မရသေးပါ။”
ရန်ရှောင်စု အနည်းငယ် မှင်တက်သွား၏။ နန်းတော်ထဲတွင် ပစ္စည်းများ သိုလှောင်နိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူဆီ၌ အရည်အချင်း မပြည့်မီသေးခြင်း ဖြစ်သည်။
“သိုလှောင်ခွင့် ရဖို့ ဘာလုပ်ရမလဲ။”
သူ ပြန်မေးလိုက်သည်။
“ဖြေကြားခွင့်မရှိပါ။”
နန်းတော်ကြီးမှာ တိတ်ဆိတ်သွားပြီး ရန်ရှောင်စု၏ မေးခွန်းကို မည်သည့်တုံ့ပြန်မှုမျှ မပေးတော့ပေ။
ရန်ရှောင်စုသည် ထိုနန်းတော်တွင် ကိုယ်ပိုင်အသိစိတ် မရှိဘဲ၊ တစ်စုံတစ်ရာသော အကျိုးအကြောင်း ဆင်ခြင်မှုအရ ရန်ရှောင်စုကို တိကျသော တာဝန်များ ပေးအပ်နေခြင်းသာ ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်း၏ လုပ်ဆောင်ချက်မှာ ရန်ရှောင်စု၏ အပြုအမူဆိုင်ရာ ဦးတည်ချက်ကို လမ်းညွှန်ပေးရန်သာ ဖြစ်ပုံရသည်။
...
ရှောင်ယွီနှင့် ယန်လျို့ယွမ်တို့ကို ကျောင်းတွင် နေရာချပေးပြီးနောက် ရန်ရှောင်စုသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ချက်ချင်း ထွက်ခွာလာခဲ့၏။ ရှောင်ယွီနှင့် ယန်လျို့ယွမ်တို့သည် ကျောင်းတံခါးဝတွင် ရပ်လျက် ညအမှောင်ထဲတွင် ဝေးကွာသွားသော ရန်ရှောင်စု၏ ကျောပြင်ကိုသာ စိုက်ကြည့်နေကြသည်။
“အစ်မရှောင်ယွီ... အစ်ကိုက ဘာလို့ အစ်မလက်ထဲကို ပိုက်ဆံတွေ အကုန်ပေးသွားတာလဲဆိုတာ အစ်မ တကယ် သိရဲ့လား။”
ယန်လျို့ယွမ်က ရုတ်တရက် မေးလိုက်သည်။
“အင်း...။”
ရှောင်ယွီက တည်ငြိမ်စွာ ပြန်ဖြေလာခဲ့သည်။
“အစ်မ သူ့ကို အပြစ်တင်လား။”
ယန်လျို့ယွမ်က သူမကို ကြည့်ပြီး မေးလိုက်သည်။
“မတင်ပါဘူး။”
ရှောင်ယွီက ပြုံးလိုက်သည်။
ရန်ရှောင်စုသည် အတော်ဝေးဝေးသို့ ရောက်မှသာ ကျောင်းရှိရာဘက်သို့ တစ်ချက် ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ယံရှိ နဂါးငွေ့တန်းကြီးမှာ ကျယ်ပြောလှပြီး ကြယ်တာရာများမှာ ပင်လယ်ပြင်ကြီးအလား လင်းလက်နေကြသည်။
သူသည် လှည့်ထွက်ကာ ဆေးခန်းသို့ ပြတ်သားစွာ လျှောက်လှမ်းသွားပြီး ရောက်ရှိလာတော့မည့် ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်လိုက်တော့သည်။
လူသားတို့သည် မိမိတို့၏ ဘဝကို ပြန်လည်သုံးသပ်ကြည့်သည့် အခါမှသာ အချိန်ကာလတစ်ခု၌ သူတို့ပြုလုပ်ခဲ့သော သေးငယ်သည့် ဆုံးဖြတ်ချက်လေးတစ်ခုက သူတို့၏ ကံကြမ္မာကို အကြီးအကျယ် ပြောင်းလဲစေခဲ့သော လမ်းဆုံလမ်းခွ ဖြစ်ခဲ့မှန်း သိရှိတတ်ကြသည်။
ဘယ်ဘက်သို့ သွားမည်လား၊ ညာဘက်သို့ သွားမည်လား ဆိုသည်မှာ သင်၏ ရွေးချယ်မှုသာ ဖြစ်သည်။ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ပြီးသည်နှင့် သင်သည် နောက်သို့ ပြန်မကြည့်ဘဲ ထိုအမည်မသိသော အနာဂတ်ဆီသို့သာ စိုက်စိုက်မတ်မတ် လျှောက်လှမ်းသွားရပေလိမ့်မည်။
အခန်း ၃၈ - အခြေအနေများ သတ်မှတ်ခြင်း
ရန်ရှောင်စုသည် ဆေးခန်း၏ နောက်ဖေးဝင်းထဲတွင် မျက်လုံးမှိတ်ကာ အနားယူရင်း တီးဝိုင်းအဖွဲ့ ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။ သို့သော် အရုဏ်တက်ချိန်သို့ ရောက်မှသာ ခံတပ်မြို့တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာသည့် တကျိကျိအသံကို သူ ကြားလိုက်ရသည်။
ဝင်းထဲမှာ ခုလေးတင် စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ...အဲ့ဒီ ကြက်သွန်မြိတ်တွေ၊ ကြက်သွန်ဖြူတွေနဲ့ ဟင်းနုနွယ်တွေ... နှမြောစရာပဲ။
ဖြစ်လာမည့်အရာသည် နောက်ဆုံးတွင် ဖြစ်လာစမြဲပင်။
ရန်ရှောင်စုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဆေးကုသခန်း၏ ရှေ့ဘက်သို့ လျှောက်သွားကာ သူ့နေရာတွင် မတ်မတ်ထိုင်နေလိုက်သည်။
“ဒေါက်...ဒေါက်...ဒေါက်။”
တံခါးကို သုံးချက်ခေါက်လိုက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝင်ခဲ့ပါ။ တံခါးမစေ့ထားဘူး။”
ရန်ရှောင်စုက လူနာမှတ်တမ်း ရေးနေသည့်အလား ခေါင်းမဖော်ဘဲ ပြောလိုက်သည်။
တံခါးပွင့်လာသည်နှင့် နံနက်ခင်း၏ နေရောင်ခြည်က ရန်ရှောင်စု၏ မျက်နှာပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။ ရန်ရှောင်စု ခေါင်းမော့ကြည့်လိုက်သည့်အခါ တံခါးဝတွင် ရပ်နေသော အဝတ်အစားတောက်တောက်ပြောင်ပြောင်နှင့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစားမျိုးကို ရန်ရှောင်စု တစ်ခါမှ စျေးတန်းတွင် မမြင်ဖူးခဲ့ပေ။
ရန်ရှောင်စုသည် ထိုမိန်းကလေးကို ပြတင်းပေါက်မှတစ်ဆင့် အရင်က မြင်ဖူးခဲ့သည်။ သူမမှာ ခံတပ်ထဲမှ နာမည်ကြီး အဆိုတော် လော့ရှင်းယွီပင် ဖြစ်သည်။
“တော်တော်ကြွားတတ်တာပဲ။”
ရန်ရှောင်စုက တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် လော့ရှင်းယွီ၏ နောက်သို့ အကြည့်ရွှေ့လိုက်သည်။ ထိုနေရာတွင် တီးဝိုင်းအဖွဲ့၏ ဝန်ထမ်းများနှင့် ခံတပ်၏ ကိုယ်ပိုင်စစ်တပ်များ ရပ်နေကြသည်။ ယခုတစ်ကြိမ်တွင် ကိုယ်ပိုင်စစ်တပ်က လူ ၁၂ ယောက်အထိ စေလွှတ်ထားသဖြင့် ယခင်တစ်ခေါက်ထက်ပင် ပိုများနေပေသည်။
သို့သော် ရန်ရှောင်စု အာရုံအစိုက်ဆုံးအရာမှာ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသည့် မိန်းကလေးပင် ဖြစ်သည်...။ သေနတ်ပစ်စွမ်းရည် ပြောင်မြောက်လှသော ထိုသူပင်။
ထိုမိန်းကလေးသည် ဘေ့စ်ဘောဦးထုပ်ကို ရှေ့သို့ ငိုက်ပြီး ဆောင်းထားဆဲဖြစ်ကာ အပြာရင့်ရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုစဉ် ရန်ရှောင်စု၏ အကြည့်များ သူမအပေါ်သို့ ကျရောက်နေသည်ကို သူမ သတိပြုမိပုံရပြီး မျက်နှာကို အနည်းငယ် မော့ကြည့်လိုက်သည်။
ရန်ရှောင်စုသည် တစ်ဖက်လူ၏ သွယ်လျလှပသော မေးဖျားလေးကို မြင်နိုင်သော်လည်း ဘေ့စ်ဘောဦးထုပ်၏ အရိပ်အောက်တွင် ဖုံးကွယ်နေသော သူမ၏ မျက်လုံးများကိုမူ လုံးဝမမြင်နိုင်ခဲ့ပေ။
ဤလူစု၏ နောက်တွင်မူ ကျောင်းမှ ကျောင်းသားအုပ်ကြီး စုဝေးရောက်ရှိနေကြသည်...။
အမှန်တကယ်တော့ တီးဝိုင်းအဖွဲ့သားများသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။
ဒီကလေးတွေက ဘယ်လိုလုပ်ပြီး ရုတ်တရက် စုဝေးလာကြတာလဲ။
လီဖားချိုင်၏ ကြီးမားထွားကြိုင်းသော သမီးဖြစ်သူက သူတို့နောက်မှ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော မိန်းကလေးကို တိုးတိုးလေး မေးလိုက်သည်။
“ရှင်တို့ ရန်ရှောင်စုကို ဖမ်းခေါ်သွားတော့မလို့လား။”
လီယိုချန်ကို မည်သူမှ ပြန်မဖြေကြပေ။ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော မိန်းကလေးမှာလည်း စကားနည်းသူဖြစ်ပုံရသည်။
သို့သော် ထိုအချိန်တွင် ရန်ရှောင်စု၏ စိတ်ထဲရှိ နန်းတော်မှ အသံထွက်ပေါ်လာခဲ့သည်။
“တာဝန်- ကျင်းရှန်းသို့ အခြားသူများနှင့်အတူ ခရီးသွားရန် ငြင်းဆန်ပါ။”
ရန်ရှောင်စု အံ့အားသင့်သွားခဲ့သည်။
ဘာလို့ နန်းတော်ကပါ ဤကိစ္စထဲ ဝင်ပါလာရတာလဲ။
ယုတ္တိဗေဒအရဆိုလျှင် နန်းတော်သည် သူ့အတွက် အကျိုးရှိမည့်အရာကိုသာ လုပ်ခိုင်းတတ်ခြင်း ဖြစ်ရာ နန်းတော်က သူ့ကို ကျင်းရှန်းသို့ ဘာကြောင့် မသွားစေချင်ရသနည်း။
အဲ့ဒီနေရာမှာ ဘာရှိလို့လဲ။
ရန်ရှောင်စု ကိုယ်တိုင်လည်း ကျင်းရှန်းသို့ ရောက်ဖူးသည်။ ၎င်းသည် စျေးမြို့လေးထက် ပို၍ အန္တရာယ်ရှိသည်မှာ သေချာသော်လည်း နန်းတော်ကပါ သတိပေးရလောက်အောင်အထိတော့ အန္တရာယ်မရှိသင့်ပေ။
တစ်ခုခု ပြောင်းလဲသွားလို့လား။
ထိုသို့တွေးမိသည့်အခါ ရန်ရှောင်စု နောက်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သူသည် ပြင်ပကမ္ဘာကြီးကို လှည့်လည်ကြည့်ရှုချင်သော်လည်း ထိုကမ္ဘာကြီး မည်မျှအန္တရာယ်ရှိသည်ဆိုသည်ကို ကြည့်ချင်ခြင်း မဟုတ်ပေ...။
လော့ရှင်းယွီသည် ရန်ရှောင်စု၏ ရှေ့တွင် ထိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“နင်က ရန်ရှောင်စု ဖြစ်ရမယ်။”
ရန်ရှောင်စုက လော့ရှင်းယွီကို ကြည့်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“အဖေရဲ့ အဖေကို အဘိုးလို့ ခေါ်တယ်။ အဖေရဲ့ အမေကိုတော့ အဘွားလို့ ခေါ်တယ်...။”
လော့ရှင်းယွီ - “???”
ဒီဦးနှောက်ရောဂါက တကယ်ပဲ ဒီလောက်တောင် ပြင်းထန်နေတာလား။
ထိုအချိန်တွင် ကိုယ်ပိုင်စစ်တပ်မှ အရာရှိတစ်ဦး အပြင်မှ ဝင်လာခဲ့သည်။ သူက ရန်ရှောင်စုကို ကြည့်ပြီး ပြုံးလိုက်၏။
“ဟန်ဆောင်မနေနဲ့။ ငါတို့က အရင်ကတည်းက ဆုံဖူးသား။”
ရန်ရှောင်စု ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုလူမှာ အခြားသူမဟုတ်ဘဲ သူ့ကို နှစ်ကြိမ်တိုင်တိုင် ရှာဖွေစစ်ဆေးခဲ့သည့် ဝမ်ချုံးယန် ဖြစ်နေသဖြင့် ထိတ်လန့်သွားခဲ့သည်။
ယခုမူ သူ ဟန်ဆောင်၍ မရတော့ပေ။ ထို့ပြင် သူ မသွားချင်လျှင်တောင် သွားရမည်ဖြစ်ကြောင်း ရန်ရှောင်စု ကောင်းကောင်း သိလိုက်ပြီဖြစ်သည်။
သူသည် ကုလားထိုင်ပေါ်သို့ ပြန်မှီချလိုက်ပြီး ကိုယ်ဟန်အနေအထားမှာ ချက်ချင်းပင် ပျင်းရိလေးတွဲသည့် ပုံစံ ဖြစ်သွားတော့သည်။
“ငါ မသွားဘူး။”
“တာဝန် ပြီးမြောက်သည်။ ဆုလာဘ်- အခြားသူများ၏ စွမ်းရည်များကို သင်ယူနိုင်စေမည့် အခြေခံကျွမ်းကျင်မှု သင်ယူခြင်းစာရွက်။”
ရန်ရှောင်စု၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
တာဝန် ပြီးမြောက်သွားပြီ။
အမှန်တကယ်ပင်... နန်းတော်သည် တာဝန်တစ်ခု ပြီးမြောက်ခြင်း ရှိ၊ မရှိကို ဖြစ်ပျက်သွားသည့် အချက်အလက်များအပေါ်တွင် အခြေမခံဘဲ ရန်ရှောင်စု၏ သဘောထားအပေါ်တွင်သာ အခြေခံ၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရန်ရှောင်စု၏ စိတ်ထဲ၌ ရဲတင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်...။
ထိုစဉ် ဝမ်ချုံးယန်က ဘေးမှနေ၍ ပြောလိုက်သည်။
“မင်း မသွားမရဘူး...။”
“ငါ မသွားဘူး။”
ရန်ရှောင်စုက အလေးအနက် ထပ်ပြောလိုက်သည်။
ဝမ်ချုံးယန် - “???”
သို့သော် ရန်ရှောင်စု အကြီးအကျယ် စိတ်ပျက်သွားသည်မှာ နန်းတော်က ယခုတစ်ကြိမ်တွင် တာဝန်သစ် ထပ်မပေးတော့ခြင်းပင်။ ပြန်စဉ်းစားကြည့်လျှင် ယခင်က စာကလေးပေးသည့် တာဝန်မျိုးမှာလည်း အခွင့်အရေး တစ်ကြိမ်သာ ရခဲ့ဖူးသည်။ သူသည် နန်းတော်ထံမှ တာဝန်များကို ဤကဲ့သို့ တောက်လျှောက် ရိတ်သိမ်းနိုင်လိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။
ထိုအချိန်တွင် လော့ရှင်းယွီက ပြုံးကာ ပြောလိုက်သည်။
“နင် သွားဖို့ သဘောတူလိုက်တာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက်က ဘော့စ်လော့ရဲ့ သတင်းစကားကို မင်းဆီ ပါးထားပြီးသား ဖြစ်လိမ့်မယ်။ နင် မသွားဘူးဆိုရင် ဒီစျေးမြို့မှာ နင့်အတွက် နေစရာနေရာ ရှိမှာ မဟုတ်ဘူး။”
“သွားလို့တော့ ရပါတယ်။”
ရန်ရှောင်စုက ဆိုသည်။
“ဒါပေမယ့် ငါ့မှာ အခြေအနေ အချို့ ရှိတယ်။”
လော့ရှင်းယွီက ရန်ရှောင်စုကို ပြုံးကာ ကြည့်လိုက်သည်။ အခုမှ ဆက်သွယ်ရသည်မှာ ပို၍ ချောမွေ့သွားသည်ဟု သူမ ခံစားလိုက်ရသည်။
“ပြောပါ...။”
“ငါ ဆုကြေးငွေ ယွမ် ၃၀၀၀၀ လိုချင်တယ်။”
“မရဘူး။ ယွမ် တစ်သောင်းပဲ။”
“ကောင်းပြီလေ။ ဒါဆိုရင် ငါ ထပ်တိုးမယ်...။ ဆား ၁၀ အိတ်၊ စီကရက် ၁၀ ထုပ်၊ ဆန် ကီလိုတစ်ရာ၊ ပြီးတော့...”
ရန်ရှောင်စုက သူ၏လက်ချောင်းလေးများ ချိုးကာ ရေတွက်တော့သည်။
“တော်တော့...မပြောနဲ့တော့။ ငါ နင့်ကို ယွမ် ၃၀၀၀၀ ပေးမယ်။”
လော့ရှင်းယွီက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“ဟုတ်ပြီ။ ဒါပေမယ့် ငါ့မှာ တခြား အခြေအနေတွေ ရှိသေးတယ်။”
ရန်ရှောင်စုက ဆိုပြန်သည်။
“တစ်ခါတည်း အကုန်ပြောလိုက်လို့ မရဘူးလား။”
လော့ရှင်းယွီ စိတ်မရှည်စွာ ပြောလိုက်၏။
“ခုနက အစ်မကြီးပဲ ကျုပ်စကားကို ဖြတ်ပြောတာလေ။”
ရန်ရှောင်စုက ပြောလိုက်သည်။
“ငါ သွားနိုင်တယ်။ ဒါပေမယ့် ဝမ်ချုံးယန်တော့ လိုက်လို့မရဘူး။”
ဤဝမ်ချုံးယန်မှာ သေဆုံးသွားသော စက်ရုံမှူး ဝမ်တုံးယန်၏ ဆွေမျိုးဖြစ်သည်မှာ ထင်ရှားလှသည်။ သူသည် ရာထူးကို အသုံးချကာ ရန်ရှောင်စုကို နှစ်ကြိမ်တိုင်တိုင် ရှာဖွေစစ်ဆေးခဲ့ပြီးဖြစ်၏။ အကယ်၍ သူတို့ အတူတူ ခရီးထွက်ကြမည်ဆိုလျှင် လမ်းခရီးတွင် သူက မည်ကဲ့သို့ ပြဿနာရှာမည်ကို မည်သူမှ မသိနိုင်ပေ။
ထို့ကြောင့် ရန်ရှောင်စုသည် မိမိဘေးတွင် အချိန်ကိုက်ဗုံးတစ်လုံး ထည့်ထားသည်ကို အသာတကြည် ကြည့်မနေနိုင်ပါချေ။
ခဏလေး... ဝမ်ချုံးယန်က ခွင့်ပြုချက်မရှိဘဲ ငါ့ကို နှစ်ကြိမ်တိုင်တိုင် ရှာဖွေစစ်ဆေးခဲ့လို့ ဘော့စ်လော့ကို စိတ်ဆိုးအောင်လုပ်မိပြီး ဒီကို နယ်နှင်ခံလိုက်ရတာလား။
၎င်းမှာ ဖြစ်နိုင်ခြေ အလွန်များသည်။
သာမန် ကိုယ်ပိုင်စစ်တပ်က ဘယ်သူက တောရိုင်းထဲကို လာချင်ပါ့မလဲ။ သူတို့က ခံတပ်ထဲက ကောင်းမွန်တဲ့ ဘဝကို ငြီးငွေ့နေကြလို့လား။
ထို့ကြောင့် ဝမ်ချုံးယန်သည် နယ်နှင်ခံရပြီးနောက် ရန်ရှောင်စုအပေါ် ရန်ငြိုးပိုကြီးလာမည်မှာ သေချာသဖြင့် သူ့ကို အတူတူလိုက်ပါခွင့်ပေးရန်မှာ ပို၍ပင် လက်မခံနိုင်စရာ ဖြစ်သွားခဲ့လေသည်။
လူအချို့က ဤတောရိုင်းမြေတွင် အကြောက်ရဆုံးအရာမှာ ပိုမိုသန်မာလာသည့် သားရဲတိရစ္ဆာန်များ ဖြစ်သည်ဟု ပြောကြသော်လည်း ရန်ရှောင်စုကမူ ထိုသို့မထင်ချေ။ သူသည် သားရဲအချို့နှင့် ရင်ဆိုင်ဖူးပြီး အချို့ကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။ ဤတောရိုင်းထဲတွင် အကြောက်ရဆုံးအရာမှာ တိရစ္ဆာန်များ မဟုတ်ဘဲ လူသားများသာ ဖြစ်သည်။
လော့ရှင်းယွီသည် ဝမ်ချုံးယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားတွင် ယခင်က ပဋိပက္ခရှိခဲ့ဖူးမည်ဟု သူမ မထင်ထားခဲ့မိပေ။
ထိုအချိန်တွင် လော့ရှင်းယွီသည် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော မိန်းကလေးဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုမိန်းကလေးက မသိမသာ ခေါင်းညိတ်ပြလိုက်ရာ လော့ရှင်းယွီက ပြောလိုက်သည်။
“ကောင်းပြီ...ဝမ်ချုံးယန်... နင် ပြန်လို့ရပြီ။”
ဝမ်ချုံးယန်က ရန်ရှောင်စုကို ကြည့်လိုက်ရာ ရန်ရှောင်စုက ပြုံးပြလိုက်သည်။
“တကယ်တော့ ခင်ဗျားလည်း မသွားချင်ဘူး မဟုတ်လား။”
ဝမ်ချုံးယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
“စိတ်ဝင်စားစရာပဲ။”
ထိုသို့ပြောပြီးနောက် ဝမ်ချုံးယန်တစ်ယောက် လှည့်ထွက်သွားတော့သည်။
ထိုအချိန်တွင် ရန်ရှောင်စုက “တကယ်တော့ ငါ့မှာ တခြား အခြေအနေတစ်ခု ရှိသေးတယ်...” ဟု ပြောရန် ပြင်သော်လည်း လော့ရှင်းယွီမှာ မတ်တပ်ရပ်ပြီးသား ဖြစ်နေကာ သူမ၏ အပြုံးမှာလည်း အေးစက်စက် အမူအရာသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
“မောင်ငယ်လေး... ငါ့ရဲ့ စိတ်ရှည်မှုက ကုန်ဆုံးသွားပြီ။”
ဒီခံတပ်ထဲက လူတွေက ဘာလို့ ဒီလောက်တောင် စိတ်ပြောင်းလွယ်ရတာလဲ။ ခုနတင် ပြုံးပြနေပြီးတော့ အခုကျ စာအုပ်စာမျက်နှာ လှန်လိုက်သလိုပဲ စိတ်အခြေအနေက ချက်ချင်း ပြောင်းသွားတော့တာပဲ။
ရန်ရှောင်စုတစ်ယောက် တွေးလိုက်မိသည်။