အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) အစွမ်းကုန်ကြိုးစားကြ…
“ဒုက္ခပါပဲ…”
ယွင်ဟွားက ရုတ်တရက် သတိရသွား၏။
သူမသည် အိမ်ရှေ့စံကြင်ယာတော်ထံသို့ ကလေးငယ်ပို့ဆောင်ပေးရန် အာရုံစိုက်လွန်းနေသဖြင့် အရေးအကြီးဆုံး အစိတ်အပိုင်းကို လုံးဝ မေ့လျော့သွားခဲ့လေသည်။
“ရှောင်ရှူးရှူး... ငါ ဘယ်လိုလုပ်ရမလဲ... ငါ သေရတော့မယ်... ဒီတစ်ကြိမ်တော့ ငါ တကယ် သေရတော့မယ်..”
ယွင်ဟွားခမျာ အလွန်တရာ စိုးရိမ်ပူပန်နေသဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိလေသည်။
ပြန်လည်မွေးဖွားခြင်းရေတွင်းမှ ထွက်လာသော ဝိညာဉ်ကလေးငယ်များသည် ရေတွင်း၏ နယ်ပယ်မှ ထွက်ခွာသွားပါက သုံးရက်ထက်ကျော်လွန်၍ မိခင်၏ဝမ်းဗိုက်ထဲသို့ ပြန်လည်ဝင်စားခွင့် မရှိတော့ဘဲ လက်စားချေလိုသော နတ်ဆိုးဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။ ယွင်ဟွားက ၎င်းတို့ကို ခေါ်ဆောင်လာခဲ့ပြီးဖြစ်ရာ ပြန်လည်မွေးဖွားခြင်းရေတွင်းသို့ ပြန်ပို့ရန်မှာ မဖြစ်နိုင်တော့ပေ။
ယွင်ဟွားက သူမကိုယ်သူမ ရိုက်ချလိုက်လေသည်။
သူမသည် ငရဲပြည်၏ နတ်ဘုရားတစ်ပါး ဖြစ်ပါလျက်နှင့် ဤမျှ အရေးကြီးသော ကိစ္စရပ်တစ်ခုကို မေ့လျော့သွားခဲ့ခြင်းမှာ အလွန်ရှက်ဖွယ်ကောင်းလှ၏။
သေးငယ်သော ဝိညာဉ်လေးနှစ်ခုသည်လည်း လေထဲတွင် အထိတ်တလန့် ပျံသန်းနေကြလေသည်။
“ပန်းကလေး... အိမ်ရှေ့စံကြင်ယာတော်ကို ဒီညနဲ့ မနက်ဖြန်ညမှာ ကိုယ်ဝန်ရအောင် လုပ်ပေးလိုက်ရင်ရော ဘယ်လိုလဲ... အဲ့လိုမှမဟုတ်ရင် သုံးရက်နေရင် နောက်ကျသွားလိမ့်မယ်…”
“ရှူးရှူးပြောတာ မှန်တယ်... ငါ့ဆီမှာ တစ်ချို့ရှိတယ်…”
“ဝါး... ညတွင်းချင်း ကိုယ်ဝန်ရစေနိုင်တဲ့အရာမျိုး ငါ့ဆီမှာ မရှိဘူး..”
တရားသူကြီး၏စုတ်တံက သူ၏ သိုလှောင်နယ်မြေထဲတွင် အသည်းအသန် ရှာဖွေနေလေသည်။
ယွင်ဟွား နန်းတော်ဆီသို့ အပြေးအလွှား သွားလေတော့၏။
“နောက်တစ်ကြိမ် ပြီးဆုံးသွားပြန်ပြီ…”
ယွင်ဟွားသည် နန်းတော်တံခါးများနှင့် ကင်းလှည့်နေသော အစောင့်များကို ကြည့်ကာ ခေါင်းကုတ်လိုက်မိလေသည်။
“ငါ ရှောင်ထောင်ဟွာကို ခေါ်လာခဲ့သင့်တယ်... သူမ ပါရင် နံရံကို ကျော်တက်ပြီး ဝင်သွားလို့ ရတယ်..”
“ပန်းကလေး... အရင်က မယ်တော်ကြီးပေးထားတဲ့ အမှတ်အသားပြားလေး နင့်ဆီမှာ ရှိနေသေးတာကို မေ့သွားပြီလား..”
သေခြင်းရှင်ခြင်းစာအုပ်က အချိန်မီ သတိပေးလိုက်လေသည်။
ယွင်ဟွားသည် အခြေအနေကို ရုတ်တရက် သဘောပေါက်သွားပြီး အမှတ်အသားပြားလေးကို ကိုင်ဆောင်ကာ အမြန်ပင် ဝင်ရောက်ခွင့်ရရှိသွား၏။
နန်းတော်သည် အစောင့်အကြပ် ထူထပ်လှ၏။ သို့သော် လူတိုင်းက ချန်နင်း ကောင်တီမင်းသမီးကို မြင်သောအခါ သူမအား တားဆီးရန် ရှေ့သို့တိုးခြင်း မပြုဘဲ တိတ်ဆိတ်စွာ ရှောင်ဖယ်ပေးလိုက်ကြလေသည်။
တော်ဝင်ဆေးရုံတစ်ဝိုက်တွင် လှည့်လည်သွားလာပြီးနောက် ယွင်ဟွားသည် အရှေ့နန်းဆောင်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်သွား၏။
"ချစ်ဇနီးရယ်... ဒီတစ်ကြိမ် ကိုယ့်အမှားပါ... ကိုယ့်ကို ခွင့်လွှတ်ပါ... အရမ်းအေးနေတာကို ကိုယ့်ကို စာကြည့်ဆောင်ထဲမှာ တစ်ယောက်တည်းအိပ်ဖို့ ဘယ်လိုများ ရက်စက်နိုင်ရတာလဲ..."
အိမ်ရှေ့စံသည် သူ၏ မျက်နှာအမူအရာကို လုံးဝ ပြောင်းလဲလိုက်ပြီး ယခုအခါ အိမ်ရှေ့စံကြင်ယာတော်၏ ခြေထောက်များကို လိမ္မာယဉ်ကျေးစွာ နှိပ်နယ်ပေးနေလေသည်။ သူ ဆက်လက် ညှစ်နယ်နေစဉ် ကြီးမားသော လက်ကြီးသည် အခြားနေရာများသို့ ရောက်ရှိလာ၏။
အိမ်ရှေ့စံကြင်ယာတော်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အငြိမ်မနေသော လက်ကို ရိုက်ဖယ်လိုက်လေသည်။
"ရှင် ဘယ်လိုများ အဲ့လောက်တောင် ခံစားချက်ကင်းမဲ့နိုင်ရတာလဲ..."
"ချန်နင်းကောင်တီမင်းသမီးက ငါ့ကို ဂရုစိုက်ပေးမယ်လို့ ပြောထားတယ်... အတော်ပဲ... မနက်ဖြန်မနက်ကျရင် ငါ့ပစ္စည်းတွေကို သိမ်းပြီး သွားနေလိုက်တော့မယ်..."
အိမ်ရှေ့စံ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွား၏။
*မဖြစ်နိုင်ဘူး... ငါ့မိန်းမကို အဲ့ကောင်မလေးနဲ့ လုံးဝ အပေါင်းအသင်း လုပ်ခိုင်းလို့ မဖြစ်ဘူး..*
ထိုသို့မဟုတ်ပါက သူ၏ ချစ်ဇနီးသည်လည်း အတင်းအဖျင်းပြောတတ်သော ထိုသူ၏ ဖမ်းစားခြင်းကို ခံရပြီး သူမအတွက် ငယ်ရွယ်သော ယောက်ျားလေးအချို့ကို ထပ်မံရွေးချယ်ပေးပါက သူ အလွန် ဝမ်းနည်းကြေကွဲရပေလိမ့်မည်။
"ချစ်ဇနီးလေး..."
အိမ်ရှေ့စံက ရှက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် သူမ၏ နောက်ကျောမှနေ၍ တင်းကျပ်စွာ ဖက်တွယ်ထားကာ သူမ၏ ပခုံးပေါ်သို့ မေးတင်ထားလိုက်၏။
သူက နူးညံ့စွာ ချော့မြှူလေသည်။
“ချစ်ဇနီးရယ်... အဲ့မိန်းကလေးက နေ့တိုင်း ညီလာခံမှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် ရှိနေတတ်တာ... မင်းနဲ့ အချိန်ပေးနိုင်မှာ မဟုတ်ဘူး..."
"ကိုယ်နဲ့ မတူဘူးလေ... ကိုယ်က နေ့ဘက်မှာ မင်းနဲ့ အတူရှိနေပေးနိုင်သလို ညဘက်မှာလည်း မင်းရဲ့ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးပြီး ဂရုစိုက်ပေးနိုင်တယ်... ဟုတ်တယ်မလား..."
အိမ်ရှေ့စံ၏ နွေးထွေးသော အသက်ရှူငွေ့များက အိမ်ရှေ့စံကြင်ယာတော်၏ နားရွက်ကို ထိတွေ့သွားပြီး သူမ၏ ခန္ဓာကိုယ်ကို ပျော့ခွေသွားစေလေသည်။
အိမ်ရှေ့စံ၏ မျက်လုံးများမှာ ဝမ်းသာအားရ အရောင်လက်သွား၏။ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးတွင် နားရွက်သည် သူမ၏ အားနည်းချက် ဖြစ်လေရာ ညင်သာစွာ မှုတ်လိုက်ရုံဖြင့် သူမအား လွှမ်းမိုးရန် လုံလောက်ပေသည်။
"ချစ်ဇနီး... အချိန်လည်း လင့်နေပြီဆိုတော့... ကိုယ်တို့ စောစော အနားယူကြရင်ရော..."
အိမ်ရှေ့စံ၏ မျက်လုံးများသည် မေတ္တာတရားများ ပြည့်နှက်နေပြီး အိမ်ရှေ့စံကြင်ယာတော်၏ အဝတ်အစားများကို ညင်သာစွာ ထိတွေ့လိုက်လေသည်။ အေးမြသောနေ့တစ်နေ့တွင်ပင် ချစ်ဇနီးဖြစ်သူကို ပွေ့ဖက်၍ အိပ်စက်ရခြင်းက ကောင်းမွန်နေဆဲ ဖြစ်၏။
"ရှင်... ရှင် အခုချက်ချင်း ရပ်လိုက်စမ်း..."
အိမ်ရှေ့စံကြင်ယာတော်က အံ့သြစွာဖြင့် အော်ဟစ်လိုက်သော်လည်း အိမ်ရှေ့စံက သူမ၏ ကျန်ရှိနေသော စကားလုံးများအားလုံးကို ဖြတ်တောက်လိုက်လေသည်။
“ဘုရားရေ..”
ယွင်ဟွားသည် မျက်လုံးများကို မှိတ်ကာ နားကို ပိတ်ထားပြီး နံရံထောင့်တွင် ဆောင့်ကြောင့်ထိုင်နေရင်း အလွန်တရာ ပျော်ရွှင်မှုကို ခံစားနေရ၏။
“မသင့်တော်တဲ့အရာတွေကို မကြည့်ရဘူး... မသင့်တော်တဲ့အရာတွေကို နားမထောင်ရဘူး..”
“စာအုပ်လေး... အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံကြင်ယာတော်ကို ကလေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ငါ တွေးနေခဲ့တာ... ဒါ့ကြောင့် သူတို့ကို စိတ်အားထက်သန်လာအောင် တော်ဝင်ဆေးရုံကို သွားပြီး ကောင်းမွန်တဲ့ ပစ္စည်းအချို့တောင် ယူလာခဲ့သေးတယ်... ဒါပေမယ့် အိမ်ရှေ့စံက အဲ့လောက်တောင် အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..”
ရင်းနှီးနေသော အသံတစ်သံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
အခန်းတွင်းရှိ လူနှစ်ဦးမှာ အေးခဲသွားကြ၏။ သတိပြန်လည်လာပြီးနောက် အိမ်ရှေ့စံကြင်ယာတော်က အိမ်ရှေ့စံအား ကုတင်ပေါ်မှ ကန်ချလိုက်ကာ သူမ၏ အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်ပြီး တံခါးကို ဖွင့်လိုက်လေသည်။
အိမ်ရှေ့စံသည် မြေကြီးပေါ်တွင် လူးလှိမ့်နေရ၏။ သူ၏ ခန့်ညားသော မျက်နှာမှာ ညဉ့်ယံကဲ့သို့ မည်းမှောင်နေပြီး ဒုက္ခိတတစ်ဦးနီးပါး ဖြစ်နေလေ၏။
အတင်းအဖျင်းကို နှစ်သက်သော ဤသူသည် တစ်ညလုံး မအိပ်ဘဲ နေရသည်ကို စွဲလမ်းနေသည် မဟုတ်ပါလား။
တံခါးဖွင့်သံကြောင့် ယွင်ဟွားမှာ လန့်နိုးသွားလေသည်။
“သောက်ကျိုးနည်း..”
“အရမ်းမြန်တာပဲ... အိမ်ရှေ့စံက မစွမ်းဆောင်နိုင်တာများလား..”
အိမ်ရှေ့စံမှာမူ ဆွံ့အသွားရ၏။
*မင်းက မစွမ်းဆောင်နိုင်တာ... မင်းရဲ့ မိသားစုတစ်ခုလုံးက မစွမ်းဆောင်နိုင်တာ..*
"ချန်နင်း ကောင်တီမင်းသမီး... ဒီလောက် ညနက်နေပြီကို ဒီနေရာမှာ ဘာလာလုပ်တာလဲ..."
ယွင်ဟွား၏ ညည်းညူသံများကို ကြားလိုက်ရသဖြင့် အိမ်ရှေ့စံကြင်ယာတော်သည် အိမ်ရှေ့စံ၏ မျက်နှာအမူအရာ မည်မျှဆိုးရွားနေမည်ကို တွေးကြည့်နိုင်လေသည်။
“ဒုက္ခပါပဲ ပန်းကလေး... နင်တော့ မိသွားပြီ..”
ဤရယ်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် သေခြင်းရှင်ခြင်းစာအုပ်သည် ချက်ချင်းပင် နောက်ဆုတ်သွား၏။
တရားသူကြီး၏စုတ်တံကလည်း အနောက်မှ ကပ်၍ လိုက်ပါလာလေသည်။
“ပန်းကလေး... စုတ်တံလေးတောင် နင့်ကို မကူညီနိုင်တော့ဘူး..”
ထိုအယုတ်တမာလေး နှစ်ကောင်...။
ယွင်ဟွားက ကောင်းကင်ကို အနေခက်စွာ မော့ကြည့်လိုက်လေသည်။
"ကျွန်မ... ကျွန်မ အိပ်လို့ မပျော်ဘူး..."
"ပြီးတော့... ဘယ်လိုဖြစ်ပြီး အရှေ့နန်းဆောင်ကို ရောက်လာမှန်း မသိဘူး..."
"နောက်ဆုံးအနေနဲ့ အိမ်ရှေ့စံက အစ်မတော်ကို အနိုင်ကျင့်နေသလားဆိုတာ လာစစ်ဆေးကြည့်တာပါ... ဒါဆိုရင် ကျွန်မ... ကျွန်မ အစ်မတော်ဘက်ကနေ ရပ်တည်ပေးလို့ရအောင်လို့..."
ယွင်ဟွား ဆက်လက်ပြောဆိုနေစဉ် သူမ၏ ယုံကြည်မှုမှာ လျော့ကျလာလေသည်။
အိမ်ရှေ့စံကြင်ယာတော်သည်လည်း ဆွံ့အသွားလေ၏။
အိမ်ရှေ့စံသည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် အိမ်ထဲမှ ပြေးထွက်လာ၏။ သူ၏ ကျေနပ်မှုမရှိသော မျက်နှာအမူအရာကို ကြည့်ကာ ယွင်ဟွားသည် တံတွေးမြိုချလိုက်မိလေသည်။
"အရှင်မင်းသား... ကောင်းသောညပါ... ဆက်လုပ်ကြပါ... ကျွန်မ သွားတော့မယ်..."
ယွင်ဟွားသည် ခြေလှမ်းကျဲလေးများဖြင့် လှမ်းကာ ခြေအနည်းငယ် လှမ်းတိုင်း အနောက်သို့ ပြန်လှည့်ကြည့်နေလေသည်။
“အိုး..”
“ငါ အရမ်းစိုးရိမ်နေပြီ..”
“ဘာလို့ သူတို့နှစ်ယောက်က ကလေးရအောင် မလုပ်ကြသေးတာလဲ.. သူတို့အတွက် ချစ်စရာကောင်းတဲ့ ဝိညာဉ်ကလေးအမြွှာကို ငါ ဂရုတစိုက် ရွေးချယ်ထားတာကို... သူတို့သာ အမြန်မလုပ်ရင် ကလေးလေးတွေက သုံးရက်နေရင် သရဲတွေ ဖြစ်သွားတော့မှာ..”
အိမ်ရှေ့စံကြင်ယာတော်နှင့် အိမ်ရှေ့စံတို့ရ ချက်ချင်းပင် ယွင်ဟွားကို လှည့်ကြည့်လိုက်ကြလေသည်။
“ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ... သားတစ်ယောက် သမီးတစ်ယောက်နဲ့ အမြွှာ မလိုချင်ကြဘူးလား... သူတို့က အရမ်း ကံကောင်းစေတဲ့ ကလေးလေးတွေ... အရမ်းလည်း ချစ်ဖို့ကောင်းတယ်..”
သူတို့နှစ်ဦးစလုံးမှာ စိတ်လှုပ်ရှားမှုကြောင့် ဝမ်းသာအားရ ဖြစ်သွားကြ၏။
“နင်တို့ အမြန်မဝင်ရင် ငါ.. ငါရဲ့ နောက်ဆုံးလက်နက်ကို သုံးရလိမ့်မယ်... နင်တို့ကို စိတ်ကြွဆေးတိုက်ရလိမ့်မယ်..”
ယွင်ဟွားက ဆေးလုံးများကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် သူမ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်လေသည်။
အိမ်ရှေ့စံက အလျင်စလို အော်ဟစ်လိုက်၏။
"တစ်ယောက်ယောက် လာကြစမ်း... ချန်နင်း ကောင်တီမင်းသမီးက ငါနဲ့ အိမ်ရှေ့စံကြင်ယာတော်ကို ညနက်သန်းခေါင်မှာ လာတွေ့ဖို့ အပင်ပန်းခံပြီး လာခဲ့တာ... သူမ ဗိုက်ဆာနေလောက်ပြီ... သူမကို ဘေးဘက်ခြံဝင်းဆီ ခေါ်သွားပြီး အရသာရှိတဲ့ အစားအသောက် ကြီးကြီး နှစ်ဝိုင်းပြင်ဆင်ပေးလိုက်... မင်းသမီးကို သေချာ ပြုစုဖို့ မမေ့နဲ့..."
"ငါ ပြီးသွားရင်... အဟမ်း အဟမ်း... ငါ့ရဲ့ တရားဝင် အလုပ်တွေပြီးသွားရင်..."
ယွင်ဟွားသည် အိမ်ရှေ့စံက သူမကို ဖယ်ရှားပစ်ချင်နေသည်ဟု ထင်မှတ်ကာ အထိတ်တလန့်ဖြင့် ဆေးလုံးများကို ချေမွပြီး အိမ်ရှေ့စံနှင့် အိမ်ရှေ့စံကြင်ယာတော်ထံသို့ ဖြန်းပက်လိုက်လေသည်။
"ဒါက အရမ်းကောင်းတဲ့ ထုတ်ကုန်တစ်ခုပါ... ဘေးထွက်ဆိုးကျိုးမရှိဘဲ အရမ်းလည်း အစွမ်းထက်တယ်..."
"အိမ်ရှေ့စံကြင်ယာတော်ရဲ့ ရောဂါကို ကုသပေးပြီး ကလေးရဖို့ ကူညီပေးမယ်လို့ ကျွန်မ ကတိပေးထားခဲ့တာ... စိတ်မပူပါနဲ့... ကျွန်မ ကတိတည်ပါတယ်..."
အော်ဟစ်ပြီးနောက် ယွင်ဟွားက အစောင့်ကို ဆွဲကိုင်ကာ ဘေးဘက်ခြံဝင်းဆီသို့ ပြေးသွားတော့၏။ သူမသည် တစ်ခဏမျှ တွန့်ဆုတ်နေမိလျှင်ပင် အိမ်ရှေ့စံက သူမ၏ ခေါင်းကို ဖြတ်ပစ်မည်ကို အလွန် ကြောက်ရွံ့နေလေသည်။
အိမ်ရှေ့စံမှာမူ...
သူ သည်အတင်းအဖျင်းပြောတတ်သူ၏ လှည့်စားခြင်းကို ထပ်ခံလိုက်ရပြန်လေသည်။
သို့သော်...
နောက်တစ်စက္ကန့်တွင်ကား...
သူ့အထဲ၌ အပူရှိန်တစ်ခု တဟုန်းဟုန်း တက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာအမူအရာမှာ တင်းမာသွားကာ မျက်နှာရဲတက်နေသော အိမ်ရှေ့စံကြင်ယာတော်အား အိမ်ထဲသို့ ပွေ့ချီသွားလေတော့၏။
လမင်းကြီးသည်ပင် ရှက်ရွံ့စွာဖြင့် ပုန်းကွယ်သွားလေသည်။
ယွင်ဟွားကအူ သူမ၏ ညလယ်စာကို အေးအေးလူလူ စားသောက်နေပြီး သေခြင်းရှင်ခြင်းစာအုပ်ကမူ အိမ်ရှေ့စံကြင်ယာတော်၏ ကံကြမ္မာကို အနီးကပ် စောင့်ကြည့်နေ၏။ လှုပ်ရှားမှု တစ်ခုခုရှိလာတိုင်း ၎င်းက ဝိညာဉ်ကလေးငယ်ကို ထည့်သွင်းပေးနိုင်ကြောင်း ယွင်ဟွားအား သတိပေးလေသည်။
ဤအချိန်တွင် သူတို့ သုံးဦးစလုံးသည် အိမ်ရှေ့စံကြင်ယာတော်အပေါ်သို့သာ အာရုံစိုက်ထားကြလေသည်။
မကျေနပ်ချက်များကို သန့်စင်ပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်၏ နေရာလွတ်အတွင်းရှိ ငရဲလကျောက်က နေရာလွတ်ကို ဖြတ်သန်းကာ တိတ်တဆိတ် ထွက်ပြေးသွားလေတော့၏။