အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) ခြေထောက်ကို ကုသခြင်းနှင့် ညီလာခံတက်ရောက်ခြင်း
မင်းသားစုအိမ်တော်။
ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော နန်ကုန်းယွမ်အားကြည့်ကာ ငရဲလကျောက်သည် သူ့အား ထိတွေ့ရန် စိတ်လှုပ်ရှားစွာဖြင့် သွားရောက်ခဲ့လေသည်။
သို့သော် ၎င်းသည် အလွန်အမင်း နီးကပ်စွာ မသွားဝံ့ပေ။
တစ်ပတ်လှည့်ပတ်ပြီးနောက် ၎င်းသည် နန်ကုန်းယွမ်၏ ခြေထောက်များပေါ်သို့ ဆင်းသက်လိုက်သည်။
ငရဲလကျောက်က အနည်းငယ် တုန်ခါသွား၏။
ချက်ချင်းပင် ၎င်း၏ ခန္ဓာကိုယ်မှ လရောင်ကဲ့သို့ ဖြူလွတ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခြေထောက်များကို တင်းကြပ်စွာ ရစ်ပတ်လိုက်လေသည်။
၎င်းသည် ခြေထောက်များမှ အဆိပ်များကို တဖြည်းဖြည်းချင်း စုပ်ယူလိုက်သည်။
အိပ်မောကျနေသော နန်ကုန်းယွမ်က မျက်မှောင်ကြုတ်သွား၏။
ပန်းကလေးထံမှ ၎င်းခိုးယူလာခဲ့သော နာကြည်းချက်များက ၎င်း၏ မူလစွမ်းအားများထဲမှ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ပြန်လည်ရရှိစေခဲ့သည်။
၎င်းသည် အဆိပ်၏ ငါးပုံတစ်ပုံကိုသာ စုပ်ယူနိုင်ခဲ့သေးသည်။
၎င်းသည် ကိုယ်လုံးကို တစ်ချက်လှုပ်ခါလိုက်ပြီး ပို၍ မှေးမှိန်သွားလေသည်။
ကြည့်ရသည်မှာ ဤအရာအတွက် အပြိုင်အဆိုင် လုယူရတော့မည်ထင်သည်။
၎င်းသည် မိမိ၏ သခင်ကို တွန့်ဆုတ်စွာဖြင့် တစ်ချက်လှမ်းကြည့်ပြီးနောက် သေခြင်းရှင်ခြင်းစာအုပ်ဆီသို့ ပျံသန်းသွားလေသည်။
၎င်း၏ သခင်သည် အေးစက်ကာ ရက်စက်တတ်ပြီး လူ့ဘဝ၏ ဆင်းရဲဒုက္ခခုနစ်ပါးကို နားမလည်သဖြင့် ၎င်းကိုယ်တိုင် ခရီးတစ်ခေါက်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဤမျှလောက်များပြားသော ခါးသီးမှုများကို ကြုံတွေ့ခဲ့ပြီးနောက် အချစ်၏ ချိုမြိန်မှုကို မည်သို့လျှင် မမြည်းစမ်းဘဲ နေနိုင်မည်နည်း။
မန်ဂျူဆာကာဟူသော ထိုမိန်းကလေးသည် ၎င်း၏ သခင်မှ မတော်တဆ လောင်းချလိုက်သော ဝိညာဉ်စမ်းရေကြောင့်သာ လူအဖြစ်သို့ ပြောင်းလဲကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်၏။
သူတို့နှစ်ဦးက အကြောင်းအကျိုး ဆက်စပ်မှုတစ်ခုတွင် ငြိတွယ်နေခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယမမင်းမှ ၎င်းတို့အား ပြန်လည်ဝင်စားရန် စေလွှတ်ချိန်တွင် ၎င်းတို့က သူတို့ကိုယ်တိုင် ပေးဆပ်ခဲ့ပြီး ၎င်းတို့၏ သခင်အား ကပ်ဘေးဒုက္ခ ကျရောက်နေသည့် နေရာသို့ ခေါ်ဆောင်သွားနိုင်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကြသည်။
တကယ်ကို ရူးချင်စရာကောင်းလှ၏။
ငရဲလကျောက်သည် တိတ်ဆိတ်စွာ ထွက်ခွာသွားပြီးနောက် တစ်ဖန် ပြန်လည် ခိုးဝင်လာခဲ့လေသည်။
“ပန်းကလေး... မြန်မြန်လုပ်... မျိုးစေ့လေးတွေ မြေပေါ်ကျသွားပြီ... ငါတို့ လှုပ်ရှားရမယ့် အချိန်ရောက်ပြီ..”
သေခြင်းရှင်ခြင်းစာအုပ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
“ဝါး... အိမ်ရှေ့စံမင်းသားက တကယ့်ကို အရည်အချင်းရှိတာပဲ..”
ယွင်ဟွားသည် မိုးသောက်ယံ၏ ပထမဆုံး အလင်းရောင်နှင့်အတူ လင်းလက်စပြုလာသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ဆေးအာနိသင်က အတော်လေး ကောင်းမွန်စွာ အလုပ်လုပ်နေပေသည်။
ထို့နောက် သူမသည် ပင်မခြံဝင်းဆီသို့ ပြေးသွားလိုက်၏။
သူမသည် တံခါးဝတွင် နားကိုကပ်ထားလိုက်ရာ အထဲမှ ပုံမှန် အသက်ရှူသံများကို ကြားလိုက်ရလေသည်။
ယွင်ဟွားသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကလေးငယ်နှစ်ဦး ထွက်ပေါ်လာ၏။
"ကလေးတို့... ကြည့်ကြစမ်း... အိမ်ထဲမှာ လှပတဲ့ မိန်းမလှလေးတစ်ယောက်ရှိနေတယ်... သူမက ဒီဘဝအတွက် မင်းတို့ရဲ့ မိခင်ပဲ... သူမက အရမ်းကို နူးညံ့သိမ်မွေ့တယ်... မြန်မြန်ဝင်သွားကြ... ဆယ်လကြာရင် ငါတို့ ပြန်တွေ့ကြမယ်..."
ဝိညာဉ်ကလေးငယ်လေးများက ယွင်ဟွားအား ဖက်ကာ နမ်းရှိုက်လိုက်ပြီးနောက် အိမ်ရှေ့စံကြင်ယာတော်၏ ဝမ်းဗိုက်ထဲသို့ အလျင်အမြန် တိုးဝင်သွားကြလေသည်။
“အရမ်းချစ်စရာကောင်းတာပဲ..”
ယွင်ဟွားသည် ထိုကလေးငယ်နှစ်ဦးနှင့် ခွဲခွာရမည်ကို အလွန် နှမြောတွန့်တိုနေမိ၏။ သူမသည် လက်သီးကို ဆုပ်လိုက်ပြီး အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။
“ငါ သူတို့ရဲ့ ခေါင်းကိုင်မိခင် လုပ်ချင်တယ်... ပြီးတော့ ငါ့ရဲ့ ရွှေပြားလေးတွေ အားလုံးကို သူတို့ကို ပေးမယ်..”
သေခြင်းရှင်ခြင်းစာအုပ်က ပန်းကလေးကို တစ်ချက်လှမ်းကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ပန်းကလေး... နင် သေချာရဲ့လား..."
ယွင်ဟွားက တစ်ခဏမျှ ဆို့နင့်သွားပြီးနောက် ချက်ချင်းပင် စိတ်ပြောင်းသွားလေသည်။
“ငါ တခြားတစ်ခုခု ပေးလိုက်ပါမယ်…”
“ပန်းကလေး... သူတို့ မွေးဖွားလာတဲ့အခါ ကောင်းမွန်တဲ့အရာတွေ အများကြီး ရှိလာမှာပါ... နင့်ရဲ့ သိုလှောင်နယ်မြေထဲက အရာတွေထက်တောင် ပိုများနိုင်သေးတယ်..”
သေခြင်းရှင်ခြင်းစာအုပ်က ဆိုလေသည်။
တရားသူကြီးက သူ၏ ဆံပင်အစုလေးကို ဆွဲလိုက်၏။
“ဟွားဟွား... ငါတို့ ထူးခြားတဲ့ အရာတစ်ခုခု ပေးကြရအောင်... အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို သွားပြီး သူတို့ ဆော့ကစားဖို့ သရဲပေါက်စလေး နှစ်ကောင်လောက် သွားဖမ်းကြမယ်... သူတို့က ကိုယ်ရံတော်တွေတောင် လုပ်ပေးနိုင်တယ်..”
ယွင်ဟွားနှင့် သေခြင်းရှင်ခြင်းစာအုပ်တို့က တရားသူကြီး၏စုတ်တံအား ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။
“ပါးစပ်ပိတ်ထားစမ်း..”
ဘုရားရေ...လက်ဆောင်အဖြစ် သရဲပေါက်စလေးကို ပေးမယ်ဆိုပါလား။
အိမ်ရှေ့စံမင်းသားက သေချာပေါက် ဓားရှည်တစ်လက်ကို ယူကာ သူမကို သတ်ပစ်လိမ့်မည် ဖြစ်၏။
တရားသူကြီးပေပေ့သည် နှုတ်ခမ်းဆူလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားဟန် ရလေသည်။
သူတို့အားလုံးက ငရဲပြည်မှ လာကြသူများဖြစ်ရာ ငရဲပြည်မှ ပစ္စည်းများကို မပေးလျှင် အခြားမည်သည့်အရာကို ပေးရမည်နည်း။
သူမ၏ တာဝန်များ ပြီးဆုံးသွားပြီးနောက် ယွင်ဟွားသည် မကြာမီ ညီလာခံတက်ရောက်ရတော့မည်ကို သိရှိထားသဖြင့် အိမ်သို့ မပြန်တော့ဘဲ တော်ဝင်မီးဖိုဆောင်တွင်းသို့ ခိုးဝင်သွားခဲ့လေသည်။
လွတ်ဟာနေသော အခန်းကိုကြည့်ရင်း ယွင်ရှောင်ထျန်းက နောက်တစ်ဖန် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
ယခင်က နံနက်ခင်းများသည် ဗြောင်းဆန်နေတတ်သော်လည်း ယခုအခါတွင်မူ နေရာအနှံ့ လူလိုက်ရှာနေရခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေရလေသည်။
ဘာပဲဖြစ်ဖြစ်လေ...
သူသည် ပြဿနာရှာတတ်သော သူ၏ သမီးငယ်လေးအတွက် နောက်တစ်ကြိမ် ခွင့်တိုင်ပေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
နန်းတော်အတွင်း၌။
"သရဲခြောက်နေတယ်..."
"တော်ဝင်မီးဖိုဆောင်မှာ သရဲ ထပ်ခြောက်နေပြန်ပြီ..."
လူအားလုံးသည် တော်ဝင်မီးဖိုဆောင်ထဲမှ ထိတ်လန့်တကြား ပြေးထွက်သွားကြစဉ် ယွင်ဟွားမှာမူ မီးဖိုနောက်ကွယ်မှနေ၍ လုံးဝ နားမလည်နိုင်စွာဖြင့် ချောင်းကြည့်နေခဲ့လေသည်။
“သရဲတဲ့လား...သရဲက ဘယ်မှာလဲ…”
အထိန်းတော်ချောင်သည် လူအုပ်ကြားမှ တိုးထွက်လာခဲ့ပြီး ကောင်တီမင်းသမီးချန်နင်း၏ နားမလည်နိုင်ဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များက အပြင်းအထန် တွန့်လိမ်သွားလေသည်။
"မင်းသမီး..."
ယွင်ဟွားသည် ရှေ့သို့ ထွက်လာခဲ့ရာ လူတိုင်းက သူမအား လှမ်းကြည့်လိုက်ကြပြီး ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြလေသည်။
*အမလေး... ကျေးဇူးပြုပြီး အဲ့လိုခြောက်လှန့်နေတာတွေကို ရပ်တန်းက ရပ်ပေးနိုင်မလား…*
တော်ဝင်စားဖိုမှူးက ရှေ့သို့ တက်လာပြီး တစ်ခဏမျှ ရပ်တန့်ကာ ပြောလိုက်၏။
"အထိန်းတော်ချောင်... ဒါကို ကြည့်ပါဦး..."
သူ၏ အကြည့်များက လွတ်ဟာနေသော ပန်းကန်ပြားပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
အရှင်မင်းကြီး၏ နံနက်စာနှင့်တကွ နောက်ဆောင်ရှိ ကိုယ်လုပ်တော်များ၏ နံနက်စာများကိုပါ မင်းသမီးက စားသောက်လိုက်ပြီ ဖြစ်သည်။ အစားအသောက် အသစ်များ ပြန်လည်ပြင်ဆင်ရန် အချိန်နှောင်းသွားလောက်ပြီ ဖြစ်၏။
အထိန်းတော်ချောင်က ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အဆင်ပြေပါတယ်... အမှန်တိုင်းသာ တင်ပြလိုက်ပါ..."
ကောင်တီမင်းသမီးချန်နင်းက သူတို့အားလုံး၏ အသည်းကျော်လေး ဖြစ်သည်။ ခေါင်မိုး လန်ထွက်သွားမည်ဆိုလျှင်တောင်မှ သူတို့က ဂရုစိုက်ကြမည် မဟုတ်ပေ။
ယွင်ဟွားသည် ပန်းကန်ပြားကို အနေရခက်စွာဖြင့် အောက်သို့ ပြန်ချထားလိုက်၏။
"အစားအသောက်တွေကို ငါ ခိုးစားလိုက်တယ်လို့သာ ပြောလိုက်ပါ... နောက်ဆက်တွဲ ကိစ္စတွေအားလုံးကို ငါ အပြည့်အဝ တာဝန်ယူပေးပါ့မယ်..."
သူမသည် အလွန်အမင်း ဗိုက်ဆာနေသဖြင့် မအောင့်အည်းနိုင်တော့ဘဲ မသိလိုက်မသိဘာနှင့် အများကြီး စားမိသွားခဲ့ခြင်း ဖြစ်လေသည်။
“ပန်းကလေး... နင့်ရဲ့ ကျင့်ကြံမှုတွေကို အရှိန်မြှင့်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းဖို့ လိုအပ်နေပြီ ထင်တယ်... မဟုတ်ရင် နင့်ရဲ့ စားချင်စိတ်က ပိုပြီး ကြီးမားလာလိမ့်မယ်..”
သေခြင်းရှင်ခြင်းစာအုပ်က သက်ပြင်းချလိုက်၏။
၎င်း၏ ပန်းကလေးသည် လူ့ပြည်တွင် အလွန် ပေါ့ပေါ့ပါးပါး နေထိုင်လွန်းနေပြီး အမြဲတမ်း အခြားသူများအတွက်သာ တွေးပေးနေခဲ့သဖြင့် ၎င်း၏ ကျင့်ကြံမှုမှာ တုံ့ဆိုင်းနေခဲ့ပြီ ဖြစ်သည်။
ယွင်ဟွားသည် အနည်းငယ် ယိမ်းထိုးသွားလေသည်။
“နားလည်ပါပြီ..”
တော်ဝင်မီးဖိုဆောင်တွင် သရဲခြောက်သည် ဟူသော သတင်းက နန်းတော်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားလေသည်။
တော်ဝင်ညီလာခံခန်းမအတွင်း၌။
ဧကရာဇ်ဝမ်ရွှမ်းက ရယ်မောချင်စိတ်ကို မြိုသိပ်ထားလိုက်ပြီး ယွင်ရှောင်ထျန်းကမူ တော်ဝင်စားဖိုမှူး၏ ဟင်းချက်စွမ်းရည်မှာ တကယ်ကို ပြောင်မြောက်လှသဖြင့် သူ့အား အိမ်သို့ ခေါ်သွားသင့်၊ မသင့် တွေးတောနေမိလေသည်။
ယွင်ဟွားမှာမူ သူမ၏ လည်ပင်းကို ကျုံ့ထားလိုက်၏။
သူမသည် မော့ကြည့်လိုက်ပြီး သူမ၏ ဘေးတွင် ရပ်နေသော မိခင်ဘက်မှ အဘိုးဖြစ်သူ မင်ယွမ်နယ်စားကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“ဝါး..”
“ကောင်းကင်ဘုံက နတ်မင်းကြီးများရေ... ဘာလို့ ငါ့အဘိုးက ငါ့ဘေးမှာ လာရပ်နေရတာလဲ..”
“အမတ်ချန်... ရှင် တော်တော် အောက်တန်းကျတာပဲ... ဘာလို့ ရှင့်ရဲ့ နေရာကို ငါ့ရဲ့ အဘိုးဆီ ပေးလိုက်ရတာလဲ... ရှင်…”
ချန်ကျဲဟန်မှာ တုန်ယင်သွားလေသည်။
*ငါ့ရဲ့ အမတ်ငယ်ယွင်လေးရေ…*
*ငါလည်း မပေးချင်ပါဘူး... ဒါပေမယ့် မင်းအဘိုးရဲ့ အကြည့်တွေက အရမ်းကို ခြိမ်းခြောက်နေသလို ဖြစ်နေတော့ ငါလည်း အရှုံးပေးလိုက်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့လို့ပါ…*
ယွင်ဟွား၏ တီးတိုးရေရွတ်သံ ထွက်ပေါ်လာရာ နန်းတွင်းအရာရှိများနှင့် စစ်သူကြီးများအား အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့သည်။ ညီလာခံအတွင်းသို့ လူသစ်အနည်းငယ် ထပ်မံရောက်ရှိလာခဲ့ပြီး သူတို့၏ ဖရဲသီးခင်းကြီးက နောက်တစ်ဖန် ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့လေသည်။
သို့သော်လည်း…
သူတို့သည် လည်ပင်းများပင် ညောင်းညာလာသည်အထိ စောင့်ဆိုင်းနေခဲ့ကြသော်လည်း အမတ်ငယ်ယွင်၏ ညည်းညူသံများကို မကြားရသေးပေ။
ချွေ့ဟုန်ယွမ်သည် သူ၏ မြေးမလေးအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ဒေါသထွက်လွန်းသဖြင့် လဲကျလုမတတ် ဖြစ်သွားရလေသည်။
ယွင်ရှောင်ထျန်း၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွား၏။ သူသည် အိပ်ပျော်နေသော သူ၏ သမီးဖြစ်သူအား လှမ်း၍ ပုတ်နှိုးရန် ပြင်လိုက်စဉ် ချွေ့ဟုန်ယွမ်က သူ့အား စူးရဲစွာ ကြည့်လိုက်သဖြင့် သူသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့လေသည်။
*ချစ်လှစွာသော သမီးလေးရေ…*
*အဖေက သမီးကို မကူညီချင်လို့ မဟုတ်ပါဘူး... အဖေကိုယ်တိုင်လည်း သမီးရဲ့ အဘိုးကို ကြောက်နေရလို့ပါ..*
ချွေ့ဟုန်ယွမ်က ဧကရာဇ်ဝမ်ရွှမ်းအား လျှို့ဝှက်စွာ အကဲခတ်လိုက်ပြီး နန်းတွင်း၌ ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍ သူ၏ သားဖြစ်သူ ပြောပြခဲ့ဖူးသည်များကို တွေးတောကာ အနည်းငယ် နားလည်သွားလေသည်။
သို့သော်လည်း...
တော်ဝင်ညီလာခံခန်းမအတွင်း၌ အိပ်ပျော်နေခြင်းက အနည်းငယ်တော့ လက်ခံနိုင်စရာ မရှိပေ။
ဘာကြောင့်များ သူသည် သူမကို လှမ်းဆွဲဆိတ်ချင်စိတ်များ ဖြစ်ပေါ်နေရသည်မသိပေ။
“ပန်းကလေး... ထတော့... ဆက်မအိပ်နဲ့တော့..”
သူမအဘိုး၏ စိတ်အခြေအနေ မကောင်းသည်ကို အာရုံခံသိရှိလိုက်ရသဖြင့် သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေးအား မနှိုးဘဲ မနေနိုင်တော့ပေ။
“ရှောင်ရှူးရှူး... ဟွားဟွားက မနေ့က အရမ်းကို ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရပြီး မနေ့ညကလည်း မအိပ်ခဲ့ရဘူး... ဒါကြောင့် အခု သူမကို သွားနှိုးလို့ မရဘူး..”
တရားသူကြီး၏စုတ်တံလေးက ၎င်း၏ အတောင်ပံသေးသေးလေးများကို ဖြန့်ကျက်လိုက်ပြီး စာအုပ်လေးအား ပန်းကလေး၏ တစ်ရေးအိပ်စက်ခြင်းကို နှောင့်ယှက်ခွင့်မပြုရန် သန္နိဋ္ဌာန်ချထားလေသည်။
ရှေ့ဆုံးတန်းတွင် ရပ်နေသော အိမ်ရှေ့စံမင်းသားက ချက်ချင်းပင် တံတွေးများကို ခက်ခဲစွာ မြိုချလိုက်ရလေသည်။
*ဆရာသခင်တို့ရေ... ကျေးဇူးပြုပြီး ဒီကိစ္စကို အပြင်မပေါက်ကြားပါစေနဲ့ကွာ*
နန်းတွင်းအရာရှိများနှင့် စစ်သူကြီးများမှာမူ မည်သည့် အရေးကြီးကိစ္စကြောင့် ထိုမျှလောက် စိုးရိမ်ပူပန်နေကြသည်ကို စဉ်းစားမရသဖြင့် ခေါင်းကုတ်နေကြလေသည်။
“အရူး..”
သေခြင်းရှင်ခြင်းစာအုပ်က ၎င်းအား ရိုက်ချလိုက်၏။
“အကယ်၍ ပန်းကလေးသာ ဆက်အိပ်နေမယ်ဆိုရင် အဘိုးကြီးချွေ့က အိမ်စာတွေ ထပ်ပေးလိမ့်မယ်... အဲ့ဒီအခါကျရင် ပန်းကလေး မျက်ရည်ပေါက်ပေါက်ကျအောင် ငိုရလိမ့်မယ်…”
“မရဘူး... ဘယ်လိုပဲဖြစ်ဖြစ် မရဘူး..”
တရားသူကြီး၏စုတ်တံက ယွင်ဟွားကို ကာကွယ်ပေးထားဆဲဖြစ်၏။
“ဟွားဟွားက အရမ်းအိပ်ချင်နေပြီ... အဆိုးဆုံးပြောရရင် ဟွားဟွားက... သွယ်ဝိုက်ပြီး ပြောရမယ်ဆိုရင် နေ့ဘက်မှာ သူမက အိမ်ရှေ့စံမင်းသားကို သူ့ရဲ့ ကိုယ်လုပ်တော်တွေ ကိစ္စကို ဖြေရှင်းရာမှာ ကူညီပေးရတယ်... ပြီးတော့ ညဘက်မှာ သူ့ရဲ့ ရောဂါကို ကုသပေးရတယ်... ဆေးပေးပြီးတာနဲ့ သူက သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ပြီး အိမ်ရှေ့စံကြင်ယာတော်နဲ့ ကလေးရနိုင်တော့မှာပဲ..”
“ဆယ်လကြာအောင် ထိန်းသိမ်းထားပြီးတဲ့နောက်မှာတော့ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပါဝင်တဲ့ အမြွှာလေးနှစ်ယောက် မွေးဖွားလာလိမ့်မယ်..”
အိမ်ရှေ့စံမင်းသား - …