အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) ယွင်ချင်းမော့၏ ထူးဆန်းသောအပြုအမူနှင့် မင်းသားစုက နောက်ထပ်မွေးစားနှမတစ်ယောက် ထပ်လိုချင်နေခြင်း
*ဘုရားရေ..အိမ်ရှေ့စံမင်းသားက စွမ်းဆောင်ရည်မရှိဘူးလား...
သူက ဆေးဝါးကို အားကိုးနေရတာလား…*
အိမ်ရှေ့စံမင်းသားသည် နန်းတွင်းအရာရှိများ၏ အကြည့်များက သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ စူးစိုက်နေသည်ကို သတိထားမိလိုက်ရာ ချက်ချင်းပင် ခုန်ထချင်စိတ်ပေါက်သွားလေသည်။
ထိုအစုတ်ပလုတ် စုတ်တံလေးက အဓိပ္ပါယ်မရှိတာတွေပြောပြီး ကောလာဟလတွေ ဖြန့်နေတာပဲ။
“အစ်ကိုတော်... စိတ်အေးအေးထားပါ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... ခဏလောက် ထပ်စောင့်ကြည့်ရအောင်... နောက်ကျရင် သူတို့ အမှန်တရားကို သေချာပေါက် ပြောပြလိမ့်မယ်..”
ဒုတိယမင်းသားက အိမ်ရှေ့စံမင်းသားကို ချက်ချင်း ဖိချလိုက်ပြီး အကြံပေးလိုက်၏။
မနေ့ညက ဤမျှလောက်တောင် စည်ကားနေမည်ဟု မထင်ထားခဲ့ပေ။ သိသာသိခဲ့လျှင် သူလည်း အရှေ့နန်းဆောင်ကို သွားပြီး စောင့်ကြည့်နေခဲ့မည်ဖြစ်သည်။
မင်းသားစုသည် သူ၏ ပခုံးကို အားပြင်းပြင်းဖြင့် ဖိချလိုက်ကာ လေးနက်စွာ ပြောလိုက်၏။
“အရှင်မင်းသား... စိတ်လိုက်မာန်ပါလုပ်ခြင်းက နတ်ဆိုးပဲ... ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းသားက အဲ့တရားသူကြီးစုတ်တံလေးကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလေ... ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒေါသထွက်နေမှာလဲ…”
အိမ်ရှေ့စံမင်းသားက မျက်လုံးလှန်လိုက်လေသည်။ ဓားက သူတို့ကို လာမထိုးသေးသရွေ့ သူတို့က ပွဲကြည့်နေသလိုမျိုး ဂရုမစိုက်သကဲ့သို့ ပြုမူနေကြသည်မှာ သဘာဝပင် ဖြစ်၏။
သေခြင်းရှင်ခြင်းစာအုပ်သည်လည်း တရားသူကြီး၏စုတ်တံ ပြောသည်မှာ ယုတ္တိရှိသည်ဟု ထင်သဖြင့် ပန်းကလေးကို မနှိုးခဲ့ပေ။
ယခုမူ...
အိမ်ရှေ့စံမင်းသားထံမှ မည်သည့်သတင်းမျှ ထပ်မရဘဲ အချိန်အကြာကြီး စောင့်ဆိုင်းနေရသဖြင့် သူသည် သွေးအန်မတတ် စိတ်ပျက်ဒေါသထွက်နေလေပြီ။
အတိတ်က လူတိုင်းသည် အရှေ့နန်းဆောင်သို့ ဝင်ရောက်ရန် စိတ်အားထက်သန်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ အရွယ်ရောက်ပြီးသော မိန်းမပျိုလေးများအားလုံးသည် ဒုတိယမင်းသားနှင့် တတိယမင်းသားတို့အပေါ်သာ မျက်စိကျနေကြလေသည်။ အိမ်ရှေ့စံကြင်ယာတော်မှလွဲ၍ အခြားမည်သူကမျှ သူ့ကို ဒုတိယအကြိမ် ပြန်မကြည့်ကြတော့ပေ။
ယွင်ဟွားကို သူမ၏ ဖခင်က ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်လည်ချီပိုးခေါ်ဆောင်သွားလေသည်။
မွန်းလွဲပိုင်းတွင် သူမ နိုးလာသောအခါ အဘိုးဖြစ်သူက ကွန်ဖြူးရှပ်၏ မှတ်စုကျမ်းများကို ကူးရေးရန် အပြစ်ပေးထားမှုကြောင့် ယွင်ဟွား၏ ခံနိုင်ရည်များ ချက်ချင်း ပြိုကျသွားရလေသည်။
“အမေ... ဝါး”
ယွင်ဟွားခမျာ ငိုယိုကာ မိခင်ဖြစ်သူကို ရှာဖွေလေသည်။ သူမသည် ယနေ့ အလွန်လိမ္မာနေခဲ့ပြီး အဘိုးကိုလည်း အနှောင့်အယှက် မပေးခဲ့ပေ။ အဘယ်ကြောင့် သူ့ကို အပြစ်ပေးရသနည်း။
“သမီးလေး... အမေ ဆုံးဖြတ်လိုက်ပြီ... အမေတို့ စာမရေးဘူး…”
ချွေ့ဝမ်ရှင်းသည် သူမ၏ သမီးလေးကို ရင်ကွဲမတတ် ဖက်ထားလိုက်သည်။ ယခုအခါ သူမ လိုချင်သမျှမှာ သမီးလေး ကောင်းကောင်းစား၊ ကောင်းကောင်းကစားပြီး ပူပင်သောကကင်းစွာ နေထိုင်နိုင်ရန်သာ ဖြစ်သည်။
“အမေ... သမီး အမေ့ကို သေမတတ် ချစ်တာပဲ... “
ယွင်ဟွားက သူမ၏ မျက်ရည်များကို သုတ်လိုက်လေသည်။ မိခင်ဖြစ်သူ၏ အားပေးထောက်ခံမှုဖြင့် သူမသည် နောက်ဆုံးတွင် မတ်မတ် ပြန်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။
“အဘိုး... သမီး အဘိုးကို မကြောက်တော့ဘူး…”
“ပန်းကလေး... ငါတို့ အားတဲ့အချိန်ကျရင် နယ်စားအိမ်တော်ကို သွားပြီး နင့်ရဲ့ အဘွားကို သူနဲ့ ရန်တိုက်ပေးကာ အိမ်ထဲကနေ ကန်ထုတ်ပစ်ရအောင်..”
“ကောင်းပြီလေ... ငါတို့ သူ့ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီကိုလည်း ပြောင်းရွှေ့ပစ်သင့်တယ်... အဲ့နည်းလမ်းမှ အလုပ်မဖြစ်ရင် သူ့ကို ခြောက်လှန့်ဖို့ သူ့ကုတင်ရှေ့မှာ သရဲပေါက်စလေးတွေကို ခေါ်ပြီး ကခိုင်းရမယ်…”
ကလေးငယ်နှစ်ဦးက ဆိုးသွမ်းသော အကြံအစည်များကို ဆက်တိုက် တွေးတောနေကြရာ ချွေ့ဝမ်ရှင်းမှာ ခြေထောက်များပင် ခွေယိုင်သွားမတတ် ကြောက်လန့်သွားရလေသည်။
*အဖေရေ... သမီးမှာ တားမြစ်နိုင်တဲ့ စွမ်းအားမရှိပါဘူး... အဖေ့ဘာသာ ဖိတ်ခေါ်ခဲ့တာပါ..*
မိခင်ဖြစ်သူ၏ အာမခံချက်ကို ရရှိပြီးနောက် ယွင်ဟွားက သူမ၏ ကိုယ်ပိုင်ခြံဝန်းဆီသို့ ကျေနပ်စွာဖြင့် လျှောက်သွားလေသည်။
ခြံဝန်းကို ဖြတ်သွားစဉ် သူမသည် ခြေလှမ်းတန့်သွားပြီး ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ရာ သူမ၏ ဒုတိယအစ်မနှင့် တတိယအစ်မတို့ ကျောက်ဆောင်တုနောက်တွင် ဆောင့်ကြောင့်ထိုင်နေသည်ကို မြင်လိုက်ရ၏။
ယွင်ဟွားသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။
“တစ်ခုခုတော့ ထူးခြားနေပြီ…”
“အစ်မတို့ နှစ်ယောက် ဘာတွေ ကြည့်နေကြတာလဲ…”
ယွင်ဟွားသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ ခေါင်းလေးကို ထုတ်ကာ သူတို့ ချောင်းကြည့်နေသော ဦးတည်ရာသို့ လှမ်းကြည့်လိုက်လေသည်။
ယွင်ယာက ယွင်ဟွား၏ ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်ပြီး သူမ၏ လက်လေးဖြင့် မဏ္ဍပ်ဆီသို့ လက်ညှိုးထိုးပြလိုက်၏။
အနည်းငယ် ဝေးကွာနေသော်လည်း ထိုသူမှာ သူမ၏ အစ်ကိုအကြီးဆုံးဖြစ်ကြောင်း သိသာနေဆဲပင် ဖြစ်သည်။ သူသည် စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် အေးအေးဆေးဆေး ဖတ်ရှုနေလေသည်။
“အစ်ကိုကြီးက စာအုပ်ဖတ်နေတာပဲလေ... အစ်မတို့က ချောင်းကြည့်နေစရာ လိုလို့လား..”
နန်းတွင်းစာမေးပွဲများ နီးကပ်လာသည်နှင့်အမျှ အစ်ကိုကြီးသည် မကြာသေးမီက ပုံမှန်ထက် များစွာ ပို၍ ကြိုးစားနေခဲ့သည်။ အခန်းထဲတွင် အောင်းနေရခြင်းက မွန်းကျပ်စရာကောင်းမည်ဖြစ်ရာ လေကောင်းလေသန့်ရှူရန် အပြင်ထွက်လာခြင်းက သူ၏ အတွက် ကောင်းမွန်ပေသည်။
ယွင်ဝေသည် ကျင်နေသော ခြေထောက်များကို ပွတ်သပ်ကာ ပြောလိုက်၏။
“ညီမလေး... အစ်ကိုကြီးက လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက်အထိ အဲ့အနေအထားအတိုင်း ရှိနေတာ... ပြီးတော့ သူ့လက်ထဲက စာအုပ်ကို တစ်ရွက်မှ မလှန်ရသေးဘူး…”
ယွင်ဟွားက အံ့ဩသွားလေသည်။
ရုတ်တရက်...
အနီရောင်အလင်းတန်းတစ်ခုက သူ၏ မျက်လုံးများထဲမှ ဖြတ်ပြေးသွားပြီးနောက် ယွင်ဟွားသည် သူမ၏ အစ်ကိုကြီးထံမှ ပုံမှန်မဟုတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို သတိပြုမိလိုက်၏။
၎င်းမှာ ဘိုးဘေးများ အိပ်မက်ထဲသို့ ဝင်ရောက်လာချိန်တွင် ကျန်ရစ်ခဲ့သော အငွေ့အသက်မျိုး မဟုတ်ပေ။
ယွင်ဟွားက မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။
ယွင်ဝေက ယွင်ဟွားကို ပြန်ဆွဲချလိုက်သည်။
“အသံတိတ်တိတ်နေပါ... အစ်ကိုကြီး သိသွားပါဦးမယ်…”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အစ်ကိုကြီး တစ်ခုခု မှားယွင်းနေတာကို ငါ သတိထားမိတယ်... သူက စိတ်လွင့်နေသလိုပဲ... ပြီးတော့ နာရီပေါင်းများစွာ အကြာကြီး ထိုင်နေတတ်တယ်…”
“အစ်ကိုကြီးက သူသဘောကျတဲ့သူ တစ်ယောက်ယောက်နဲ့ တွေ့ပြီး ထိုသူကို လွမ်းနေတာများလားလို့ ငါ သံသယဖြစ်မိတယ်…”
ယွင်ယာသည် သူမ၏ ခေါင်းကို ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။
“အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောစမ်းပါနဲ့... အစ်ကိုကြီးက ဘယ်လိုလူမျိုးလဲဆိုတာ နင် မသိဘူးလား... နန်းတွင်းစာမေးပွဲက မကြာခင် ရောက်လာတော့မှာ... အစ်ကိုကြီးက ဘာက အရေးကြီးတယ် ဘာက အရေးမကြီးဘူးဆိုတာကို ခွဲခြားမသိတတ်တဲ့သူမျိုး မဟုတ်ဘူး…”
“တကယ်လို့ သူ သဘောကျတဲ့သူ ရှိနေရင်တောင်မှ နန်းတွင်းစာမေးပွဲ ပြီးတဲ့အထိ စောင့်နေမှာပဲ…”
ယွင်ဝေက လျှာလေးထုတ်ကာ ရယ်မောလိုက်လေသည်။
“ဒါပေမယ့်လည်း အစ်ကိုကြီးက နည်းနည်း ထူးဆန်းနေတယ် မဟုတ်လား…”
ယွင်ယာသည် သူမ၏ အစ်ကိုကြီးကို လှမ်းကြည့်လိုက်လေသည်။
“တတိယညီမလေး ပြောတာ မှန်တယ်... အစ်ကိုကြီးရဲ့ အပြုအမူက တကယ့်ကို ထူးဆန်းနေတယ်…”
သူမသည် အတွေးနက်နေသော ညီမငယ်လေးဆီသို့ အကြည့်လွှဲလိုက်၏။ သူမ၏ မျက်နှာတွင် မည်သည့် ထူးခြားသော အမူအရာမျှ မရှိသည်ကို မြင်ရပြီး ကလေးငယ်နှစ်ဦး စကားပြောနေသည်ကို မကြားရသဖြင့် သူမ အနည်းငယ် စိတ်အေးသက်သာ ဖြစ်သွားလေသည်။
အကယ်၍ အစ်ကိုကြီးသာ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရမည်ဆိုလျှင် သူမအနေဖြင့် ဝင်ရောက်ကူညီရန် ခြေလှမ်းလိုက်ပြီး ဖြစ်မည်။
ယွင်ချင်းမော့သည် နားထင်များကို ပွတ်သပ်လိုက်ပြီးနောက် စာအုပ်ကိုပိတ်ကာ မတ်တပ်ရပ်၍ မဏ္ဍပ်ထဲမှ ထွက်ခွာသွားလေသည်။
မကြာသေးမီက ဖိအားများ အလွန်အမင်း များပြားနေသောကြောင့်ဖြစ်နိုင်ရာ သူသည် အနည်းငယ် အင်အားမဲ့နေသလို ခံစားနေရပြီး ခေါင်းက မကြာခဏ ကိုက်ခဲနေတတ်ကာ ဆောင်းရာသီ၏ အေးစက်သော လေပြေကပင် သူ၏ စိတ်ကို ကြည်လင်အောင် မလုပ်နိုင်ခဲ့ပေ။
ယွင်ဟွား၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားလေသည်။
မင်းသားစုအိမ်တော်။
နိုးလာသည်နှင့်တစ်ပြိုင်နက် နန်ကုန်းယွမ်က တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရလေသည်။
ထုံကျင်နေပြီဖြစ်သော သူ၏ ခြေထောက်များသည် ရုတ်တရက် အနည်းငယ် စူးရှထုံကျင်လာသလို ခံစားလိုက်ရ၏။
ဤသည်မှာ... ဤသည်မှာ အံ့ဖွယ်တစ်ခုပင်။
သေချာစွာ စစ်ဆေးပြီးနောက် သမားတော်ဝူ၏ မျက်နှာသည် ဝမ်းမြောက်မှုကြောင့် လင်းလက်သွားလေသည်။
“အရှင်မင်းသား... အရှင်မင်းသား... ဒီလောက်အံ့ဖွယ်တဲ့ သမားတော်ကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ... မင်းသားရဲ့ ခြေထောက်ပေါ်က အဆိပ်က တကယ့်ကို နည်းနည်း ရှင်းလင်းသွားပြီ... ဒီအတိုင်းသာ ဆက်သွားမည်ဆိုရင် အဆိပ်က အာနိသင်မပြမီ အပြည့်အဝ ပျောက်ကင်းသွားလိမ့်မယ်…”
မင်းသားစုနှင့် တော်ဝင်ကြင်ယာတော်စုတို့က နန်ကုန်းယွမ်ကို ကြည့်ရန် ရုတ်တရက် လှည့်ကြည့်လိုက်ကြလေသည်။
နန်ကုန်းယွမ်က နှုတ်ခမ်းကိုစေ့ထားလျက် တိတ်ဆိတ်နေလေသည်။ တကယ်တမ်းတွင်မူ ညအိပ်ရာနိုးချိန် တစ်ညတည်းဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်တောက်များ အဘယ်ကြောင့် လျော့ကျသွားရသနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
တော်ဝင်ကြင်ယာတော်စုသည် တိတ်ဆိတ်နေသော သားဖြစ်သူကို ကြည့်ရင်း အလွန်အမင်း စိုးရိမ်ပူပန်နေလေသည်။
“တစ်ခုခု ပြောလေ... တကယ်တော့ ဘာတွေဖြစ်နေတာလဲ...
နင်က အံ့ဖွယ်သမားတော်နဲ့ တွေ့ခဲ့တာလား... ဒါမှမဟုတ် တစ်ခုခု စားခဲ့လို့လား...
ဒီကိစ္စက အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာကို နင်က ဘာလို့ နည်းနည်းမှ မစိုးရိမ်ရတာလဲ... နင့်အဖေလိုပဲ နင်က အမေ့ကို ရူးအောင်လုပ်နေတာပဲ…”
တော်ဝင်ကြင်ယာတော်စုက သားဖြစ်သူ၏ ပါးစပ်ကို ဆွဲဖွင့်ပစ်ချင်စိတ်ပေါက်ကာ မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေလေသည်။
နန်ကုန်းယွမ်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေသည်။
“ကျွန်တော်လည်း မသိဘူး... အိပ်ရာက နိုးလာတော့ ခုလိုဖြစ်နေတာပဲ…”
လူတိုင်း…
သမားတော်ဝူသည် အယူသည်းမှုများကို မယုံကြည်ပေ။ အဆိပ်သည် အကြောင်းပြချက်မရှိဘဲ လျော့ကျသွားနိုင်မည် မဟုတ်ပေ။
“အရှင်မင်းသား... အရင်က ခရီးဝေး သွားခဲ့ဖူးတယ်မလား... ထူးဆန်းတာ တစ်ခုခုများ စားခဲ့မိသေးလား…”
“မစားခဲ့ပါဘူး…”
သူသည် အစားအသောက်နှင့် ပတ်သက်၍ အလွန် ရွေးချယ်တတ်သူဖြစ်ရာ မည်သည့်အရာကမျှ သူ၏ ခံတွင်းနှင့် အလွယ်တကူ ကိုက်ညီမည်မဟုတ်ပေ။
“အာ…ဒါက... “
သမားတော်ဝူက မျက်မှောင်ကြုတ်သွားလေသည်။
“ထူးဆန်းလိုက်တာ…”
သမားတော်ဝူလည်း နားမလည်နိုင်သလို အခြားမည်သူကမျှလည်း နားမလည်နိုင်ခဲ့ကြပေ။
ဘေးတွင် ရပ်နေသော ရှောင်လီဟွာမှာ ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားလေသည်။
“စတုတ္ထသခင်မလေးယွင်နဲ့ ပတ်သက်နေတာများ ဖြစ်နိုင်မလား... သခင်လေးရဲ့ အသက်ကို ရှည်စေမယ့် အရာတစ်ခုကို ရှာနေတယ်လို့ သေခြင်းရှင်ခြင်းစာအုပ်ဆီကနေ ကျွန်တော် ကြားခဲ့ရတယ်…”
လူတိုင်း အံ့အားသင့်သွားကြလေသည်။
တော်ဝင်ကြင်ယာတော်စုက သူမ၏ ပေါင်ကို ချက်ချင်း ရိုက်လိုက်ပြီး အံ့သြတကြီးဖြင့် ရေရွတ်လိုက်၏။
“အဲ့တာ လုံးဝမှန်တယ်…”
ဤမိန်းကလေးသည် အိမ်ရှေ့စံကြင်ယာတော်၏ ခန္ဓာကိုယ်အတွက် သူမ၏ ကိုယ်ပိုင်ကုသိုလ်ကောင်းမှုများကို အသုံးပြု၍ လဲလှယ်ခဲ့ရာ သူမသည် နှလုံးသားထဲတွင် ကြီးမားသော မေတ္တာတရားရှိသူဖြစ်ကြောင်း ပြသနေလေသည်။
“ယွမ်အာရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်ဖို့ မနေ့က ငါ သူမကို လက်ဆောင်တွေ အများကြီး ပို့ပေးခဲ့တယ်... ဒါပေမယ့် သူမက လှည့်ပြီး ယွမ်အာကို အဆိပ်ဖြေပေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…”
“အိုး.. ငါပို့လိုက်တဲ့ နည်းနည်းလေးက ဘယ်လိုမှ မလုံလောက်သေးဘူး...
ငါ သူမကို မွေးစားသမီးအဖြစ် လက်ခံဖို့ စဉ်းစားနေခဲ့တာ... ဒါပေမယ့် အခုကြည့်ရတာ အဲ့နည်းက အဆင်မပြေလောက်ဘူး…”
“ငါ သူမနဲ့ သွေးသောက်ညီအစ်မတွေ လုပ်လိုက်ရင်ရော ဘယ်လိုနေမလဲ... ဒါဆိုရင် ယွမ်အာက ငါ့ညီမငယ်လေးကို သူ့ရဲ့ မွေးစားမိခင်လို သဘောထားပြီး ကျေးဇူးဆပ်လို့ ရတာပေါ့…”
“မဟုတ်သေးဘူး... မဟုတ်သေးဘူး... ငါ့သူငယ်ချင်းအတွက် လက်ဆောင်တချို့ ပြင်ဆင်ရဦးမယ်…”
တော်ဝင်ကြင်ယာတော်စုက သူမဘာသာ ဆက်တိုက် ရေရွတ်နေရင်း လှည့်ကာ သိုလှောင်ရုံဆီသို့ ပြေးသွားလေတော့သည်။
မင်းသားစုက ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး သူ၏ သားဖြစ်သူ၏ ဖြူရော်နေသော မျက်နှာကို ကြည့်ကာ သရော်စာရယ်စရာ စကားတစ်ခွန်း မပြောဘဲ မနေနိုင်ခဲ့ပေ။
“မင်းမှာ နောက်ထပ် မွေးစားအမေတစ်ယောက် ထပ်ရှိလာတော့မယ်..”
အဘယ်ကြောင့်နည်း။
ဤဆွေမျိုးအုပ်စုထဲသို့ ဝင်ရောက်ရန် သူ၏ ကံကြမ္မာမှာ လုံးဝ ကုန်ခမ်းသွားလေပြီ။
သို့သော် သူ၏ အတွက် မွေးစနှမတစ်ယောက်ရှိခြင်းက မဆိုးလှပေ။ အနည်းဆုံးတော့ သူ ကျေးဇူးဆပ်ရမည့် နောက်ထပ် မွေးစားအမေတစ်ယောက် ရှိလာမည်မဟုတ်ပေ။ အလွန်ကောင်းမွန်လှပေသည်။