← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) ကုတင်ဘေးရှိ ထိတ်လန့်ဖွယ်ရာ အတွေ့အကြုံ

“ပန်းကလေး... ငါတောင်းပန်ပါတယ်... ငါက ပြဿနာကောင်ကို ခိုးလာမိပြီး နင့်ကို ဒုက္ခပေးမိပြီ…”

သေခြင်းရှင်ခြင်းစာအုပ်က ပြင်းပြင်းထန်ထန် ငိုကြွေးနေပြီး တရားသူကြီး၏စုတ်တံက သူ့ကို ဆက်တိုက် နှစ်သိမ့်ပေးနေလေ၏။

ယွင်ဟွားပမူ အလွန်သက်သောင့်သက်သာ ရှိသွားလေ၏။ သူမသည် အကြောဆန့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ရတနာလေးပါးကို ကြည့်လိုက်လေသည်။ သူမ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုအရာများကို သူမ၏ သိုလှောင်နယ်မြေထဲသို့ ထည့်လိုက်လေ၏။

သူမသည် သေခြင်းရှင်ခြင်းစာအုပ်ထဲမှ အနည်းငယ် ဝမ်းနည်းနေသော မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်လေသည်။

“မငိုပါနဲ့ ရှောင်ရှူးရှူးရယ်... သူလုပ်ခဲ့တာတွေ အားလုံးကို ငါ မှတ်သားထားပါတယ်... သူ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ချေမှုန်းပြီး နင့်အတွက် လက်စားချေပေးဖို့ အခွင့်အရေးရှာရမှာပေါ့…”

သေခြင်းရှင်ခြင်းစာအုပ်က နှာခေါင်းလေးကို ပွတ်သပ်လိုက်ရင်း…

“ပန်းကလေး... နင်က အကောင်းဆုံးပဲ..”

“ငါလည်း ပါတယ်..”

တရားသူကြီး၏စုတ်တံက လက်လေးကိုမြှောက်ကာ နောက်ကောက်မကျခံဘဲ...

“ရှူးရှူး... ငါ အဲ့ဒါကို နင့်ကိုယ်စား အိမ်သာကျင်းထဲ ပစ်ထည့်ပြီး အနံ့ဆိုးနဲ့ သေသွားအောင် လုပ်ပေးမယ်..”

သူတို့၏ စကားပြောဆိုသံများကို ကြားရသောအခါ သိုလှောင်နယ်မြေထဲရှိ ငရဲလကျောက်မှာ လုံးဝ စိတ်ပူပန်သွားရလေ၏။

*အခြားရတနာတစ်ခုနှင့် လဲလှယ်ပြီးသွားပြီ မဟုတ်ပါလား... ဘာဖြစ်လို့ ရန်ငြိုးဖွဲ့နေကြသေးတာလဲ…*

*ဟွန့်…*

*ပြဿနာကောင် သုံးကောင်... မင်းတို့နဲ့ အတူ ဆက်မဆော့တော့ဘူး…*

မကြာမီတွင် ယွင်ဟွားက ယွင်အိမ်တော်သို့ ပြန်ရောက်လာခဲ့လေသည်။

သူမသည် နေ့ခင်းဘက်တွင် စိတ်ထဲ၌ ကိစ္စတစ်ခုရှိနေခဲ့ပြီး ညဘက်တွင်မူ သူမ၏ အစ်ကိုကြီးအခန်းဆီသို့ တိတ်တဆိတ် မသွားရောက်မီ စွမ်းအားများ တိုးတက်လာစေရန် အပြင်းအထန် ကျင့်ကြံအားထုတ်နေခဲ့၏။

ယွင်ဟွားက ယွင်ချင်းမော့၏ ကုတင်ရှေ့တွင် ရပ်နေလေသည်။

သူမ၏ ရှင်းလင်းနေသော မျက်လုံးအစုံသည် ချက်ချင်းပင် သွေးကဲ့သို့ နီရဲသွားကာ သူမ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

အိပ်မောကျနေဆဲဖြစ်သော အစ်ကိုအကြီးဆုံးသည် ဖြူရော်သော မျက်နှာနှင့် မျက်မှောင်ကြုတ်နေပြီး သူကောင်းကောင်း အိပ်မပျော်ခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေသည်။

ယွင်ဟွားသည် ယွင်ချင်းမော့၏ ခေါင်းပေါ်ရှိ အဖြူရောင်မီးခိုးငွေ့တန်းလေးကို စိုက်ကြည့်လိုက်ရာ သူမ၏ နီရဲနေသော မျက်လုံးများထဲတွင် ကြမ်းတမ်းသော အရောင်များ လက်လာလေ၏။

သူမ၏ အစ်ကိုကြီးအပေါ်ကိုပင် မျက်စိကျရလောက်အောင် ထိုအရာက အလွန်ရဲတင်းလွန်းလှသည်။ သူတို့ကား သေချင်နေကြပြီ။

သူမက အသာအယာ ဆုပ်ကိုင်လိုက်ရာ အဖြူရောင်မီးခိုးငွေ့တန်းလေးသည် အသက်ရှင်နေသည့်အလား ယွင်ဟွား၏ လက်ထဲတွင် ရုန်းကန်နေလေသည်။

အဖြူရောင်မီးခိုးငွေ့များ ပျောက်ကွယ်သွားသည်နှင့် ယွင်ချင်းမော့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာလေ၏။

လရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ကျရောက်လာပြီး ယွင်ဟွား၏ မှောင်မိုက်နေသော မျက်နှာကို လင်းထိန်သွားစေကာ သူမ၏ အနီရောင်မျက်လုံးများကို ညအချိန်တွင် ပို၍ ကျောချမ်းဖွယ်ကောင်းနေစေလေသည်။

ယွင်ချင်းမော့မှာ အလွန်တရာ ထိတ်လန့်သွားသဖြင့် သူ၏ တစ်ကိုယ်လုံး အေးစက်သွားလေ၏။

"အား..."

"သရဲ..."

ရုတ်တရက် အော်ဟစ်သံကြောင့် လန့်သွားသော ယွင်ဟွားသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သူမ၏ အုပ်ကိုင်ထားမှုကို လျှော့ချလိုက်ရာ အဖြူရောင်မီးခိုးငွေ့တန်းလေးမှာ ချက်ချင်း လွင့်စင်ထွက်သွားလေသည်။

ယွင်ဟွား၏ မျက်နှာမှာ မှောင်မိုက်သွားလေ၏။

ယင်စွမ်းအင်တန်းလေးတစ်ခုသည် သူမ၏ လက်ချောင်းထိပ်မှ ချက်ချင်း ပစ်ထွက်သွားပြီး နောက်မှ အနီးကပ် လိုက်ပါသွားလေသည်။

ယွင်ချင်းမော့၏ အော်ဟစ်သံများသည် ယွင်အိမ်တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ နေရာအနှံ့တွင် ဖယောင်းတိုင်များကို ထွန်းညှိလိုက်ကြပြီး လူတိုင်းသည် ယွင်ချင်းမော့၏ ခြံဝင်းဆီသို့ ပြေးလာခဲ့ကြ၏။

"ညီ... ညီမလေး..."

"ညကြီးမိုးချုပ် အဲ့လောက်နောက်ကျတဲ့အထိ မအိပ်ဘဲ အစ်ကို့ကို သေအောင် လာခြောက်နေတာလား..."

ယွင်ဟွားက နှုတ်ခမ်းဆူလိုက်ပြီး ထောင့်တစ်နေရာတွင် မှုန်ကုပ်ကုပ်ဖြင့် ထိုင်နေလေသည်။ သူမလည်း လန့်သွားခဲ့တာပဲကို...။

ယွင်ချင်းမော့မှာ သတိလစ်လုနီးပါးအထိ ထိတ်လန့်သွားခဲ့ရ၏။

ညလယ်ခေါင်ကြီး နိုးလာချိန်တွင် မိမိကုတင်ဘေး၌ အေးစက်သောအရှိန်အဝါများ ထုတ်လွှတ်နေပြီး ဆံပင်များ ဖရိုဖရဲနှင့် ကျောချမ်းဖွယ် အနီရောင်မျက်လုံးများရှိသည့် လူတစ်ယောက် ရပ်နေသည်ကို မြင်ရလျှင် မည်သူမဆို ကြောက်လန့်သွားမည်သာ ဖြစ်ပေသည်။

"မော့အာ... ဘာဖြစ်လို့လဲ..."

ချွေ့ဝမ်ရှင်းနှင့် ယွင်ရှောင်ထျန်းတို့ အလောတကြီး ဝင်လာကြပြီး ၎င်းတို့နောက်တွင် ယွင်ညီအစ်မများဖြစ်သော ယွင်ယာနှင့် ယွင်ဝေတို့လည်း ပါလာကြလေသည်။

ယွင်ချင်းမော့သည် သူ၏ အပေါ်ဝတ်ရုံကို ဝတ်ဆင်လိုက်ကာ ထိုးကိုက်နေသော ခေါင်းကို ပွတ်သပ်ရင်း လက်မှိုင်ချလျက်...

"အဖေ... အမေ... သား ဘာမှမဖြစ်ပါဘူး..."

သူသည် ခဏရပ်လိုက်ပြီးနောက် နံရံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မှုန်မှိုင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် သူ၏ ညီမလေးကို လက်ညှိုးထိုးပြလိုက်လေသည်။

လူတိုင်း အံ့သြတုန်လှုပ်သွားကြ၏။

ထိုအခါမှသာ သမီးလေးသည်လည်း အခန်းထဲတွင် ရှိနေကြောင်း သတိထားမိလိုက်ကြလေသည်။

သေခြင်းရှင်ခြင်းစာအုပ်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေ၏။

“ပန်းကလေး... နင် သရဲလို့ အထင်ခံရပြန်ပြီ... ဒီတစ်ခါတော့ နင့်ရဲ့ အစ်ကိုကြီးကို သေမလောက် လန့်သွားအောင် လုပ်လိုက်တာပဲ…”

“ဟွားဟွားကို အပြစ်မတင်ပါနဲ့... သူက ရုတ်တရက်ကြီး နိုးလာတာကိုး... ပေပေ့ကတောင် ငါတို့ရဲ့ ဟွားဟွားကို လန့်အောင်လုပ်တဲ့အတွက် သူ့ကို အပြစ်မတင်ရသေးဘူး…”

ယွင်ချင်းမော့ "......" ဆိုတော့ ဒါတွေအကုန်လုံးက သူ့အမှားတွေပေါ့...။

ယွင်ရှောင်ထျန်းသည် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့်…

"သမီးလေး... ညလယ်ခေါင်ကြီး အစ်ကိုကြီးရဲ့ အခန်းထဲမှာ ဘာလာလုပ်နေတာလဲ..."

*မော့အာကို ညစာစားဖို့ လာခေါ်တာတော့ မဖြစ်နိုင်ပါဘူးလေ…*

ယွင်ဟွားက ခေါင်းလှည့်လာပြီး...

"အစ်ကိုကြီးရဲ့ အခန်းထဲကို ကြွက်ကြီးတစ်ကောင် ပစ္စည်းလာခိုးလို့ သမီးက လာဖမ်းတာလို့ပြောရင် အဖေတို့ ယုံမှာလား..."

လူတိုင်း - "....”

*ငါတို့ရဲ့ မျက်နှာတွေကို ကြည့် ယုံမယ်လို့ နင်ထင်နေတာလား…*

"ဟွန့်..."

"အဖေတို့ ယုံမှာမဟုတ်ဘူးဆိုတာ သမီးသိပြီးသားပါ..."

ယွင်ဟွားက ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး စိတ်ဓာတ်ကျနေဆဲ ဖြစ်လေသည်။

"အမေ ယုံတယ်..."

"တတိယအစ်မလည်း ညီမလေးကို ယုံတယ်..."

မိမိ၏ သမီးလေး/ညီမလေး ပြောသမျှ အရာအားလုံးက အမှန်ပင်ဖြစ်သည်။

ချွေ့ဝမ်ရှင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်၏။

"လူတိုင်း... သခင်လေးရဲ့ အခန်းကို အတွင်းအပြင် ရှင်းလင်းလိုက်ကြ... ပြီးတော့ အဲ့ဒီကြွက်ကြီးကို ဖမ်းကြစမ်း..."

“ဟားဟား... ပန်းကလေး... နင့်အမေက အရမ်းကောင်းတာပဲ... တကယ့် ကြွက်အစစ်ကြီး မဟုတ်ပေမယ့် နင့်အစ်ကိုကြီးကို မျက်စိကျနေတဲ့ ကြွက်ကြီးတစ်ကောင် တကယ်ရှိနေတာပဲလေ…”

ယွင်ဟွားက သက်ပြင်းချလိုက်လေသည်။

“နှမြောစရာပဲ…”

“အစ်ကိုကြီးက ရုတ်တရက်ကြီး နိုးလာတော့ သူ့ခေါင်းထဲက အသိပညာတွေကို ခိုးယူသွားတဲ့ ကြွက်ကြီးက ထွက်ပြေးသွားတာပေါ့…”

လူတိုင်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူတို့အားလုံးသည် ယွင်ချင်းမော့ကို လှည့်ကြည့်လိုက်ကြလေသည်။

ယွင်ချင်းမော့၏ မျက်လုံးများမှာ အေးစက်ပြီး နက်ရှိုင်းနေ၏။ သူက ခေါင်းညိတ်လိုက်ပြီး အသံတိုးတိုးဖြင့်...

"ငါ့ဦးနှောက်ကို အရမ်းအလုပ်ပေးနေလို့ ဖြစ်မယ်လို့ အမြဲထင်နေခဲ့တာ... အခုတလော ခေါင်းတွေ မကြာခဏ မူးလာပြီး မှတ်ဉာဏ်တွေလည်း ကျဆင်းလာတယ်..."

"ဖတ်ထားတဲ့ စာအုပ်တွေကို ခေါင်းလှည့်လိုက်တာနဲ့ မေ့သွားတယ်... ငါ့စိတ်ထဲမှာ စွဲထင်နေခဲ့တဲ့ အရာတွေတောင် တဖြည်းဖြည်းနဲ့ ဝေဝါးလာတယ်..."

လူတိုင်း အံ့သြထိတ်လန့်စွာဖြင့် အသက်ရှုမှားသွားကြလေသည်။

ယွင်ရှောင်ထျန်းက သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

မကြာမီ ကျင်းပမည့် နိုင်ငံတော်စာမေးပွဲကို သူ တွေးမိသွားသည်။ အထူးသဖြင့် ဤတစ်ကြိမ်တွင် နန်းတွင်း၌ အရာရှိနေရာ အနည်းငယ် လစ်လပ်နေဆဲဖြစ်ပြီး သင့်တော်သော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ရန် နန်းတွင်းစာမေးပွဲ ကျင်းပမည့်အချိန်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က ဤမျှ အောက်တန်းကျသော နည်းလမ်းများကို အသုံးပြုလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် တစ္ဆေမလေးဖြစ်သော သမီးငယ်က တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွား၍သာပေါ့။ သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် မော့အာသည် သေသည်အထိ လှည့်စားခံရမည်မှာ သေချာလှသည်။

“စိတ်မပူပါနဲ့ ဟွားဟွား... ငါတို့မှာ အရန်အစီအစဉ် ရှိပါတယ်... ဒါကို ကြိုးကိုင်နေတဲ့ နောက်ကွယ်ကလူကို ငါတို့ သေချာပေါက် ဖမ်းမိမှာပါ... သူ့ကို ဒီအတိုင်း အလွယ်တကူ လွတ်ပေးလိုက်လို့ လုံးဝမဖြစ်ဘူး... အရှင်လတ်လတ် အရေခွံခွာပြီး သူ့ရဲ့ နှလုံးနဲ့ အဆုတ်တွေကို ဆွဲထုတ်ပစ်မယ်... သူ့ကို သေချင်စိတ်ပေါက်သွားအောင် လုပ်ပစ်ရမယ်…”

တရားသူကြီး၏စုတ်တံက ကြမ်းတမ်းစွာ ပြောလိုက်လေသည်။

နောက်ကွယ်ရှိ လူကို တွေးမိသောအခါ ယွင်ဟွား၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားလေသည်။

“ဟုတ်တယ်... ယွင်မိသားစုကို ရန်စရဲတဲ့ ဘယ်သူ့ကိုမဆို ဒီအဒေါ်ကြီးက ပညာပေးရမှာပဲ…”

*သူ့ခေါင်းကို ကွဲသွားအောင် ထုရိုက်ပစ်မယ်…*

"အစ်ကိုကြီး... သမီး မေးခွန်းတစ်ခု မေးချင်တယ်... မကြာသေးခင်က အစ်ကိုကြီးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေဖြစ်တဲ့ ကျောက်စိမ်းဆွဲကြိုးတွေ၊ စာအုပ်တွေ၊ စုတ်တံတွေ ဒါမှမဟုတ် အဝတ်အစားတွေထဲက တစ်ခုခုကို သူများငှားသွားတာမျိုးရှိလား..."

ယွင်ဟွား၏ စကားများကြောင့် ယွင်ချင်းမော့ အံ့သြသွားပြီးနောက် ခေါင်းငုံ့ကာ စဉ်းစားလိုက်လေသည်။

"ပိုက်ဆံချေးသွားတာတော့ ရှိတယ်... ဒါပေမယ့် သူနဲ့ပါသွားတဲ့ ပစ္စည်းတော့ မရှိဘူး..."

ယွင်ဟွားက ခဏမျှ ရပ်တန့်သွားပြီး…

“ဒါဆို... ဒါဆို တစ်ယောက်ယောက်က အစ်ကိုကြီးရဲ့ ဆံပင်၊ သွေး၊ လက်သည်း ဒါမှမဟုတ် အဲ့ဒီလိုမျိုး တစ်ခုခုကို ယူသွားတာရော ရှိလား..."

ယွင်ချင်းမော့က ခေါင်းခါလိုက်ရာ ယွင်ဟွားမှာ စိတ်ပျက်သွားပုံရလေသည်။

"အစ်ကိုကြီး... ထပ်ပြီး စဉ်းစားကြည့်ပါဦး..."

“အစ်ကိုကြီးရဲ့ ခေါင်းထဲက အသိပညာတွေကို ခိုးယူဖို့ဆိုတာ ကြားခံနယ်တစ်ခု သေချာပေါက် လိုအပ်တယ်လေ…”

ယွင်ချင်းမော့ မျက်မှောင်ကြုတ်လိုက်လေသည်။

"ညီမလေး... ဆံပင်နဲ့ သွေးဆိုတာတော့ မဖြစ်နိုင်ဘူး... ဘယ်သူကမှ..."

ယွင်ချင်းမော့က စကားဝက်ဖြင့် ရပ်တန့်သွားလေသည်။

"အစ်ကို မှတ်မိပြီ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျောင်းသားအချို့ ကိစ္စသေးသေးလေးတစ်ခုနဲ့ ရန်ဖြစ်ခဲ့ကြတယ်... လူတော်တော်များများက ဝင်ဆွဲပေးခဲ့ကြပြီး အစ်ကိုလည်း ကူညီပေးခဲ့တယ်..."

"ဒါပေမယ့် လူတွေ အရမ်းများပြီး ရှုပ်ယှက်ခတ်နေတာပဲ... တစ်ယောက်ယောက်က အစ်ကို့ရဲ့ လက်မောင်းကို တစ်ခုခုနဲ့ ခြစ်မိသွားတယ်..."

ထိုသို့ပြောပြီးနောက် ယွင်ချင်းမော့က သူ၏ လက်မောင်းကို လှန်ပြလိုက်ရာ အနာဖေးတက်နေပြီဖြစ်သော ဒဏ်ရာအသေးစားလေးကို တွေ့လိုက်ရလေသည်။

ယွင်ဟွား နားလည်သွားပြီး သူမ၏ တင်ပါးကို ပုတ်လိုက်ကာ အနားယူရန် အခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်လေသည်။

"အဖေ... မနက်ဖြန် ညီလာခံသွားတဲ့အခါ သမီးအတွက် ခွင့်တစ်ရက်လောက် တောင်းပေးလို့ ရမလား..."

လူတိုင်း - "...."

ဆိုတော့... ကိစွစက သည်လိုမျိုး ဖြစ်သွားတာလား…။

ယွင်ရှောင်ထျန်းက အနောက်မှ အနီးကပ် လိုက်ပါသွားရင်း...

"သမီးလေး... ဘာဖြစ်လို့ ခွင့်တောင်းတာလဲ... အကြောင်းပြချက်ကို ရှင်းမပြရင် အဖေက ဘယ်လိုလုပ်ပြီး ခွင့်တောင်းပေးရမလဲ..."

"ဘာဖြစ်လို့လဲ... မနက်ဖြန် အဖေပါ ခွင့်ယူပြီး သမီးကို ကူညီဖြေရှင်းပေးရမလား..."

All Chapters