အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) နောက်ကွယ်မှ ကြိုးကိုင်သူ
"ရှောင်ယွမ်ယွမ်... နင့်ကို ခေါင်မိုးပေါ် ခေါ်သွားပြီး ပွဲကြည့်ရအောင်..."
ယွင်ဟွားက ထိုသို့ပြောပြီးနောက် နန်ကုန်းယွမ်ကို ပွေ့ချီရန် ခါးညွှတ်လိုက်ရာ သူမှာ အလွန်လန့်သွားပြီး သူမကို ကမန်းကတန်း တားဆီးလိုက်လေသည်။
"မင်းသမီး... မလိုအပ်ပါဘူး... ရှောင်လီဟွာရှိနေတာပဲ... မင်းသမီး လက်တစ်ချောင်းတောင် လှုပ်ဖို့ မလိုပါဘူး..."
အကယ်၍ သူသည် ထိုကောင်မလေး၏ ပွေ့ချီခြင်းကို ထပ်ခံရမည်ဆိုလျှင် လူလုံးပြဝံ့မည်မဟုတ်လောက်အောင် အရှက်ရမိမည် ဖြစ်သည်။
ရှောင်လီဟွာမှာ အနည်းငယ် စိတ်ပျက်သွားလေ၏။
သူတို့သုံးဦးသည် ခေါင်မိုးပေါ်သို့ တက်သွားကြပြီး အပေါ်မှ ကြည့်နေကြသော အခြားသူများမှာလည်း စိတ်လှုပ်ရှားလာကြသည်။
အောက်ဘက်ရှိ ဆရာပြောနေသည်များကို ယွင်ဟွား နားထောင်နေရသည်မှာ နိုင်ငံခြားဘာသာစကားကို နားထောင်နေရသည့်အလားပင်။
"ဘယ်လိုလုပ်ပြီး တော်ဝင်ဆရာကြီးနင်း သင်ပေးတာထက်တောင် ပိုခက်နေရတာလဲ..."
“ပန်းကလေး... နင်နဲ့ နင့်အစ်ကိုကြီးက အဆင့်ချင်း မတူတာ ဖြစ်နိုင်မလား…”
သေခြင်းရှင်ခြင်းစာအုပ်က နောက်ပြောင်လိုက်လေသည်။
“ဖြစ်နိုင်တာလောက်တင် မကဘူး... သေချာပေါက်ပဲ... ငါက ငရဲပြည်ရဲ့ ပညာရပ်တွေကို သင်ယူခဲ့တာလေ... ငါ့အစ်ကိုကြီးက လူ့ပြည်ရဲ့ ပညာရပ်တွေကို သင်ယူခဲ့တာဆိုတော့ ငါတို့က အဆင့်ချင်း တူမှာမဟုတ်တာ သေချာတာပေါ့…”
တရားသူကြီး၏စုတ်တံက ချက်ချင်း ဝင်ပြောလိုက်၏။
“ဟွားဟွားက လူတွေရဲ့ ခေါင်းကို ရိုက်ခွဲပြီး တိုက်ခိုက်တဲ့နေရာမှာ တော်တယ်... ဟွားဟွားရဲ့ အစ်ကိုကြီးကတော့ စာသင်တာနဲ့ နိုင်ငံတော်စာမေးပွဲ အောင်မြင်ဖို့အတွက် တော်တာလေ…”
လူတိုင်း အံ့အားသင့်သွားကြလေသည်။
ဤသည်မှာ အလွန်အဓိပ္ပါယ်ရှိလှပေသည်။
အကယ်ဒမီတွင် ကျောင်းသားအားလုံးသည် ဆရာမေးသော မေးခွန်းများကို အလေးအနက် စဉ်းစားနေကြသည်။
ထိုရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ယွင်ချင်းမော့က ပင်ပန်းနေပုံရသော်လည်း စိတ်သက်သာရာ ရသွားလေ၏။
သို့သော် ခေါင်းများ ထိုးကိုက်လာပြီး ဆရာပြောနေသည်များကို နားမလည်နိုင်ဖြစ်လာသည့် ခံစားချက်က ပြန်လည်ပေါ်ပေါက်လာပြန်သည်။
"ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ..."
သူမ၏ အစ်ကိုကြီး၏ ခေါင်းထဲမှ အသိပညာများကို အဖြူရောင်မီးခိုးငွေ့က လျင်မြန်စွာ စုပ်ယူနေသည်ကို ကြည့်ရင်း ယွင်ဟွားထံမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာကာ သူမ၏ လက်ငယ်လေးများကို အရိုးမြည်သံထွက်သည်အထိ တင်းတင်းဆုပ်ထားလိုက်လေသည်။
“ပန်းကလေး... သွားလုပ်လိုက်စမ်း…”
“ဟွားဟွားကို ကူညီပြီး ရှင်းလင်းပေးလိုက်ကြ…”
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့က ဘေးမှနေ၍ အားပေးအားမြှောက်ပြုနေကြပြီး အမှန်တရားကို မသိရှိကြသော နန်ကုန်းယွမ်နှင့် ရှောင်လီဟွာတို့မှာမူ ဘေးတွင် လိမ္မာစွာ ငြိမ်နေကြလေသည်။
ယွင်ဟွားသည် သူမ၏ လက်အိတ်ထဲမှ ယင်စွမ်းအင်တန်းလေးတစ်ခုကို ပစ်ထုတ်လိုက်ရာ ထိုအရာသည် အဖြူရောင်မီးခိုးငွေ့တန်းလေးကို ရစ်ပတ်သွားပြီး ပြင်းထန်စွာ ပြန်ဆွဲယူလိုက်လေသည်။
"ဟူး... ဆရာမေးတဲ့ ဒီမေးခွန်းက တကယ့်ကို ခက်တာပဲ... မင်း ဖြေနိုင်လား..."
ကျောင်းသားများက မျက်မှောင်ကြုတ်ကာ အချင်းချင်း ဆွေးနွေးနေကြသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မဖြေနိုင်ဘူး... ဒါပေမယ့် သခင်လေးယွင်ရှိနေတာဆိုတော့ သူ့အတွက် ပြဿနာမရှိနိုင်ဘူးလို့ ထင်တယ်..."
"သူတစ်ယောက်တည်း မဟုတ်ဘူး..."
ထိုသူက အရှေ့ဘက် မလှမ်းမကမ်းရှိ လူတစ်ယောက်ဆီသို့ မေးဆတ်ပြလိုက်သည်။
"မြင်လား... လီချန်ပိုင်က မြို့တော်မှာ ဆွေမျိုးတစ်ယောက် ဖြစ်သွားတယ်လို့ ကြားတယ်... သူက အဆင့်မြင့်အရာရှိတဲ့... အခုဆို သူက ညဘက်တွေမှာတောင် အထူးအခွင့်အရေးတွေရနေပြီလေ... အချိန် သိပ်မကြာသေးဘူး... သူ့ရဲ့ တိုးတက်လာမှုကို ဆရာကတောင် ချီးကျူးနေပြီး သူ့ကို ပြုစုပျိုးထောင်ပေးဖို့ အာရုံစိုက်နေပြီ..."
"အချိန်မကြာခင်မှာ လီချန်ပိုင်ရဲ့ အသိပညာက ယွင်မိသားစုရဲ့ သခင်လေးထက် သေချာပေါက် သာလွန်သွားလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်..."
ထိုသူသည် သူ၌ မည်သည့်အတွက်ကြောင့် ထိုမျှ ကံကောင်းမှုမျိုး မရှိရသနည်းဟု တွေးရင်း မနာလိုစွာဖြင့် ခေါင်းခါလိုက်လေသည်။
"ကျစ် ကျစ်... ဒီကိစ္စက ဘာများ ထူးဆန်းနေလို့လဲ... သူက ဒီနှစ်မှာ ပထမရဖို့ ဆုံးဖြတ်ထားတယ်ဆိုတာရယ်... ပြီးတော့ သူက အဲ့အရာရှိမိသားစုရဲ့ သမက်ဖြစ်ပြီး ထိပ်ဆုံးကနေ အောင်မြင်ဖို့ စောင့်နေတယ်ဆိုတာရယ်ကို သူများတွေကို ပြောနေတာ ငါ ကြားခဲ့တယ်..."
ကျောင်းသားတစ်ဦးက ဝင်ပြောလိုက်၏။
"သူ့ကို ကူညီပေးမယ့် အနာဂတ် ယောက္ခမရှိနေတာက သူ့ကို ငါတို့တွေထက် အများကြီး ပိုသာသွားစေတာပေါ့..."
"အဲ့လိုလည်း မဟုတ်သေးပါဘူး... လီချန်ပိုင်ရဲ့ အရင်က မှတ်ဉာဏ်က ငါ့လောက်တောင် မကောင်းပါဘူး... လအနည်းငယ်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ အတွင်းရေးတစ်ခုခု မရှိဘူးဆိုရင် သူက သခင်လေးယွင်ကို ကျော်ဖြတ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်..."
ထိုသူသည် သူ၏ စိတ်ထဲတွင် ဖော်ပြ၍မရနိုင်သော မနာလိုမှုများကို ခံစားနေရရင်း လျှာကို နှစ်ချက်ခေါက်လိုက်လေသည်။
အကယ်ဒမီဆရာက တစ်ချက်ကြည့်လိုက်ပြီး ရယ်မောကာ... "သခင်လေးယွင်... မင်း ဖြေကြည့်ပါလား..."
ယွင်ချင်းမော့က အခေါ်ခံလိုက်ရသဖြင့် ရိုသေစွာ မတ်တပ်ရပ်လိုက်လေသည်။
အနည်းငယ် ထိုးကိုက်နေခဲ့သော သူ၏ ခေါင်းမှာ ရုတ်တရက် ရှင်းလင်းသွားလေ၏။
"ဆိုလိုရင်းကတော့..."
ယွင်ချင်းမော့သည် စကားကို ရေပက်မဝင်အောင် ကျွမ်းကျင်စွာ ပြောဆိုလိုက်ရာ သူ၏ မှတ်ချက်များက ကျောင်းသားများထံမှ လက်ခုပ်တီးသြဘာပေးမှုများကို ရရှိသွားလေသည်။ ဆရာကပင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သော်လည်း အစောပိုင်းက လူတိုင်း ဆွေးနွေးပြောဆိုနေခဲ့ကြသော လီချန်ပိုင် တစ်ယောက်သာလျှင် မျက်နှာပျက်နေ၏။
သူ၏ မျက်လုံးများထဲတွင် သံသယအရိပ်အယောင်တစ်ခု လက်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု ပေါ်လာလေသည်။
သည်ကိစ္စက မမှန်ဘူး…
ယွင်ချင်းမော့က ယခုအချိန်မှာ ဘာတစ်ခုကိုမှ ဖြေဆိုနိုင်စွမ်း မရှိသင့်တော့ဘူးလေ။
စားပွဲအောက်ရှိ အခြားလက်ကောက်ဝတ်ပေါ်တွင် လက်တစ်ဖက်ကို တင်ထားကာ ပုတီးစေ့များကို လှည့်လိုက်ရာ နောက်ထပ် အဖြူရောင်မီးခိုးငွေ့တန်းလေးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
ခေါင်မိုးပေါ်တွင် ယွင်ဟွား၏ မျက်နှာအမူအရာမှာ တင်းမာသွားလေ၏။
“အရမ်းကောင်းတယ်…”
“လူကို ရှာတွေ့သွားပြီ…”
သူမ၏ လက်ငယ်လေးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အစောပိုင်းက ရှိနေခဲ့သော အဖြူရောင်မီးခိုးငွေ့တန်းကို လွင့်စင်သွားစေလေသည်။
"ကလစ်" ဟူသော အသံနှင့်အတူ။
ပုတီးစေ့နှစ်ခုကြားတွင် အက်ကွဲကြောင်းတစ်ခု ချက်ချင်း ပေါ်လာလေသည်။
လီချန်ပိုင်၏ မျက်နှာမှာ ချက်ချင်း အေးခဲသွားပြီး ယွင်ချင်းမော့ကို အလောတကြီး မော့ကြည့်လိုက်လေသည်။
တစ်ဖက်လူမှာ မတုန်မလှုပ်ဘဲ ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ဦးအဖြစ်သာ ရှိနေဆဲဖြစ်ရာ လီချန်ပိုင်၏ မျက်လုံးများထဲတွင် မနာလိုမှုအရိပ်အယောင်တစ်ခု လက်သွားလေ၏။
သို့သော် ထိုအရာက တစ်ခဏသာဖြစ်သည်။
ယခုအချိန်သည် သူ့အပေါ် မနာလိုဖြစ်နေရမည့်အချိန် မဟုတ်ဘဲ ပုတီးစေ့မှာ ချို့ယွင်းနေပုံရသဖြင့် ယွင်ချင်းမော့၏ ခေါင်းထဲမှ အသိပညာများကို သူ ခိုးယူနိုင်စွမ်းမရှိခြင်းကြောင့် ပို၍ စိတ်ပျက်နေရခြင်း ဖြစ်သည်။
လီချန်ပိုင်က ဤသည်ကို လက်ခံရန် ဆန္ဒမရှိပေ။
ထို့နောက် သူက ပုတီးစေ့များကို ဆက်၍ လှည့်နေလိုက်သည်။
ယွင်ဟွားက အံကြိတ်လိုက်ပြီး သူမ၏ လက်ထဲရှိ ကြက်ရိုးဖြင့် သူ၏ ခေါင်းကို ချက်ချင်း ထုပေါက်လိုက်လေသည်။
"ဘုန်း" ဟူသော အသံနှင့်အတူ။
ယွင်ဟွားက အလွန်ပြင်းထန်သော အင်အားကို အသုံးပြုလိုက်သဖြင့် လီချန်ပိုင်၏ နဖူးမှ သွေးများ ပန်းထွက်လာလေသည်။
“ဘယ်သူလဲ…”
လီချန်ပိုင်သည် နဖူးကို အုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ကြက်ရိုးတစ်ချောင်းကို ကိုင်ထားလျက် ဒေါသကြောင့် တုန်ရီနေလေသည်။
ယွင်ချင်းမော့မှာ မိုက်မဲသူ မဟုတ်ပေ။
အကယ်၍ ညီမလေးက တစ်ယောက်ယောက်ကို တကယ်တိုက်ခိုက်ခဲ့သည်ဆိုလျှင် သူ့အပေါ်ကို အောက်တန်းကျသော နည်းလမ်းများ အသုံးပြုခဲ့သူမှာ ပုံမှန်အားဖြင့် ကြောက်တတ်ပြီး အညံ့ခံတတ်ပုံရသော လီချန်ပိုင်ဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
ယွင်ချင်းမော့သည် သူ့ကို နက်ရှိုင်းသော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။ မကြာသေးမီက သူ၏ အသိပညာများ လျင်မြန်စွာ တိုးတက်လာခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ဒါပေမယ့်...သူက ထိုမှားယွင်းသော ကျင့်စဉ်တွေကို အတိအကျ ဘယ်လိုများ သင်ယူခဲ့တာလဲ...။
"စာသင်တာကို ဘယ်သူ နှောင့်ယှက်နေတာလဲ..."
အကယ်ဒမီဆရာ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လေသည်။
ယွင်ဟွားနှင့် အခြားသူများသည် အလွန် ကောင်းမွန်စွာ ပုန်းကွယ်နိုင်သော နေရာတွင် ရှိနေသဖြင့် သူတို့ ပုန်းနေရန် မလိုအပ်ဘဲ အောက်မှလူများက သူတို့ကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ပေ။
လီချန်ပိုင်သည် ထိုသူကို ရှာဖွေရန် ဆုံးဖြတ်ထားရာ သူ၏ မျက်နှာမှာ အလွန်တရာ အကြင်နာကင်းမဲ့နေပုံရလေသည်။
"လူယုတ်မာ... သတ္တိရှိရင် ရှေ့ထွက်ခဲ့စမ်း... ခွေးသူတောင်းစားလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့..."
သူ စကားပြော၍ မပြီးဆုံးမီ နန်ကုန်းယွမ်သည် ယွင်ဟွား စားပြီးသွားသော ကြက်ရိုးများကို ကောက်ယူကာ ဖုန်မှုန့်များ များစွာ သုတ်လိမ်းလိုက်ပြီး တစ်ဖက်လူ၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်လေသည်။
နောက်တစ်စက္ကန့်တွင်။
ခြံဝင်းထဲတွင် ရှိနေသော လီချန်ပိုင်က အော်ဟစ်လိုက်လေသည်။
"ဝေါ့ ..ထွီ... ထွီ..."
သူသည် ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာပြီး ပါးစပ်ထဲမှ အရာများကို ထွေးထုတ်လိုက်လေသည်။
ကိုက်စားထားပြီးဖြစ်သော နောက်ထပ် ကြက်ရိုးတစ်ချောင်းပါလား။
ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွားပြီး သူမ၏ အသံကို နှိမ့်ကာ နန်ကုန်းယွမ်ကို လက်မထောင်ပြလိုက်လေသည်။
"ရှောင်ယွမ်ယွမ်... ကောင်းကောင်း လုပ်နိုင်ခဲ့တယ်..."
“နင်က တကယ့်ကို ငါ့ရဲ့ မောင်လေးပဲ... စိတ်မပူနဲ့... အခုကစပြီး ငါ နင့်ကို ကာကွယ်ပေးမယ်..."
နန်ကုန်းယွမ်မှာ သူမ၏ ချစ်စရာကောင်းသော အသွင်အပြင်ကြောင့် ရယ်ချင်သွားလေသည်။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ်... ချန်နင်း ကောင်တီမင်းသမီး..."
အကယ်ဒမီရှိ ကျောင်းသားအားလုံးသည် ခြံဝင်း၏ အလယ်ဗဟိုသို့ လျှောက်သွားကြလေသည်။
"မင်းက ဘယ်သူလဲ... ငါ လီချန်ပိုင်က ဘယ်သူ့ကိုမှ မစော်ကားဖူးဘူး... ငါ့ကို ခုလိုမျိုး လှောင်ပြောင်တာက ဘာသဘောလဲ... သတ္တိရှိရင် ရှေ့ထွက်ခဲ့စမ်း..."
ထိုအခိုက်တွင် လီချန်ပိုင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ထိုသူကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ ပြင်းပြနေလေသည်။
“မဖြစ်နိုင်ဘူး... ငါ့အစ်ကိုရဲ့ ဦးနှောက်ထဲက အသိပညာတွေကို ခိုးယူဖို့ အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးခိုင်းတာ ဘယ်သူလဲ... နင်က ပြဿနာရှာဖို့ ခိုးကြောင်ခိုးဝှက် သွားလာနေတဲ့ ကြွက်ပေါက်လေးနဲ့ တူတယ်... ငါလည်း အဲ့လိုပဲ လုပ်ပြမယ်…”
နန်ကုန်းယွမ်နှင့် ရှောင်လီဟွာတို့ ချက်ချင်း လန့်သွားကြလေသည်။
ကောင်းကင်ကြီးရေ…
ဤသည်မှာ တကယ့်ကို နတ်ဘုရားတို့၏ အလိုဆန္ဒကို ဆန့်ကျင်နေခြင်းပင်ဖြစ်၏။
“ပန်းကလေး... ရိုက်ခွဲလိုက်စမ်း... ငါ သူ့ရဲ့ ကံကြမ္မာဇာတာကို ကြည့်ပြီးပြီ... တကယ့်ကို ယုတ်မာတာပဲ... သူက မှားယွင်းတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့လည်း ပတ်သက်နေပြီး မကောင်းမှု အမြောက်အမြားကို လုပ်ခဲ့သေးတယ်…”
သေခြင်းရှင်ခြင်းစာအုပ်ပင်လျှင် သူပြုလုပ်ခဲ့သော ဆိုးရွားလှသည့် အရာများကြောင့် အံ့သြတုန်လှုပ်သွားရလေသည်။
ငရဲပြည်က လူတွေက ဘာမှမလုပ်ဘဲ သည်အတိုင်း နေနေကြတာလား...။
ဤလောက် ကြီးမားတဲ့ အန္တရာယ်ကောင်ကို အသက်ရှင်လျက် ဘယ်လိုလုပ် ချန်ထားနိုင်ရတာလဲ..။
“အာ... ဟွားဟွားရဲ့ အစ်ကိုကြီးအတွက် လက်စားချေကြရအောင်... ပထမဆုံး သူ့ခေါင်းကနေ သွေးထွက်လာတဲ့အထိ ရိုက်ခွဲမယ်... ပြီးမှ နောက်ဆုံး ပေပေ့ကို အသုံးပြုပြီး သူ့ဘဝကို ဖြတ်တောက်ပစ်လိုက်မယ်…”
မှားယွင်းသော ကျင့်စဉ်များနှင့် ပတ်သက်ဆက်နွယ်နေသူအားလုံးကို ဖြုတ်ချပစ်ရမည် ဖြစ်သည်။
“နင်တို့နှစ်ယောက် ပြောတာ မှန်တယ်... သူ့ကို အရင် သတ်လိုက်ကြစို့…”
ယွင်ဟွားက ဟိန်းဟောက်လိုက်ရာ ကောင်လေးနှစ်ကောင်ကလည်း သူမနှင့်အတူ လိုက်လံ ဟိန်းဟောက်ကြလေသည်။
ကျောင်းသားအချို့ - "....."
သူ၏ စာသင်ချိန်တွင် အနှောင့်အယှက်ပေးခံရပြီးနောက် အကယ်ဒမီဆရာမှာ အလွန်စိတ်မသက်မသာ ဖြစ်နေပုံရလေသည်။
သို့သော် "ခေါင်းခွဲမင်းသမီး" ၏ အသံကို ကြားလိုက်ရသောအခါ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လီချန်ပိုင်၏ မှုန်မှိုင်းနေသော မျက်နှာကို လှည့်ကြည့်ကာ လုံးဝ စိတ်ပူပန်သွားရလေသည်။
*ဘယ်ခွေးသူတောင်းစားက ဒီဘိုးဘေးကို အကယ်ဒမီဆီ ခေါ်လာခဲ့တာလဲ…*
ယွင်ဟွားသည် ခေါင်မိုးပေါ်ရှိ ဖုန်မှုန့်များထဲတွင် ကြက်ရိုးများကို လှိမ့်လိုက်ပြီး ပစ်မှတ်ကို ချိန်ရွယ်ကာ ပစ်လွှတ်လိုက်လေသည်။
"ရွှီ..."
"ရွှစ်..."
ယွင်ဟွားက အရှေ့မှ အစားအစာများကို ပစ်ပေါက်နေပြီး နန်ကုန်းယွမ်က အနောက်မှ ကမ်းပေးနေလေသည်။ သူတို့နှစ်ဦးက အလွန် လိုက်ဖက်ညီစွာ အတူတကွ အလုပ်လုပ်နေကြ၏။
သူမ၏ အနောက်တွင် ရှောင်လီဟွာက စုတ်တံဖြင့် အပြင်းအထန် ရေးမှတ်နေပြီး တရားသူကြီး၏စုတ်တံက ဘေးမှနေ၍ အားပေးနေလေသည်။
စူးရှသော မျက်လုံးများရှိသည့် သေခြင်းရှင်ခြင်းစာအုပ်သည် ရှောင်လီဟွာက တစ်ခုခု ရေးနေသည်ကို သတိထားမိသွားပြီး စပ်စုလိုစိတ်ဖြင့် အနီးသို့ တိုးကပ်လာလေသည်။
တစ်ခဏအကြာတွင်။
မျက်လုံးများ အရောင်လက်လာပြီး…