အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ယွင်ဟွားက တစ္ဆေတစ်ကောင်အား လက်ဗလာဖြင့် ဆွဲဖြဲလိုက်ခြင်း
"ဘယ်လိုတောင် ရဲတင်းနေရတာလဲ..."
"ဒီအရှင်ကာကွယ်ထားတဲ့သူတွေကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ..."
သူသည် လူတို့၏ ဝိညာဉ်များကို စုပ်ယူရန် လိုအပ်နေဆဲဖြစ်၏။ သူ၏ စွမ်းအားများသည် နောက်တစ်ဆင့်သို့ မရောက်ရှိသေးသဖြင့် ဤလူမိုက်သည် လောလောဆယ်တွင် အသုံးဝင်နေဆဲ ဖြစ်လေသည်။
အမည်းရောင် မြူခိုးများသည် တဖြည်းဖြည်း လွင့်စင်သွားပြီးနောက် ဧရာမ တစ္ဆေရုပ်သွင်ကြီးတစ်ခုသည် ထိုအထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
ထိုအငြိုးအတေးတစ္ဆေကြီးတွင် ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခု ရှိနေ၏။ ၎င်းသည် ယွင်ဟွားထံမှ ထွက်ပေါ်နေသော အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် သွေးဆာနေသော မျက်လုံးနီကြီးများထဲတွင် လောဘတကြီး လိုလားမှုများ ပေါ်လွင်လာလေသည်။
"အနံ့က အရမ်းမွှေးနေတာပဲ..."
"မင်းရဲ့အနံ့က အရမ်းမွှေးလွန်းတယ်..."
ပြင်းထန်လှသော ယင်စွမ်းအင်များက သူ့အား ထိုဆွဲဆောင်မှုကို မလွန်ဆန်နိုင်အောင် ပြုလုပ်နေလေသည်။
အငြိုးအတေးတစ္ဆေသည် ၎င်း၏ လျှာကို ထုတ်ကာ နှုတ်ခမ်းများကို သပ်လိုက်ပြီးနောက် ရယ်မောလိုက်၏။
"မင်းရဲ့ဝိညာဉ်ကို စုပ်ယူလိုက်နိုင်တာနဲ့ ဒီအရှင်က ချက်ချင်း အဆင့်တက်ပြီး တစ္ဆေစစ်သူကြီး ဖြစ်လာတော့မှာပဲ..."
“သာမန် အငြိုးအတေးတစ္ဆေလေးကများ သူ့ကိုယ်သူ ဒီအရှင်လို့ သုံးနှုန်းရဲရုံတင်မကဘဲ ပန်းကလေးရဲ့ ဝိညာဉ်ကိုတောင် စားသုံးဖို့ ကြိုးစားရဲသေးတယ်... ဘယ်သူကများ သူ့ကို အဲ့လောက် သတ္တိတွေ ပေးထားရဲတာလဲ…”
ရှောင်ရှူးရှူးက ၎င်း၏ စွမ်းဆောင်ရည်ကို အလွန်အမင်း အထင်ကြီးနေသော တစ္ဆေအား အေးစက်စွာ စိုက်ကြည့်နေလိုက်၏။
ပန်းကလေးသည် ယခုအခါတွင် ကျင့်ကြံနိုင်ခြင်း မရှိသေးသော်လည်း မည်သည့်ရတနာကိုမဆို အလွယ်တကူ ဖြုတ်ချနိုင်စွမ်း ရှိပေသည်။
အကြောက်တတ်ဆုံးဖြစ်သော တရားသူကြီး၏စုတ်တံလေးပင်လျှင် သူမ၏ ပခုံးပေါ်တွင် နေရာယူကာ ဟွားဟွား၏ ဘေးတွင် ရဲဝံ့စွာ ရပ်တည်နေပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော သွားငယ်လေးများကို ထုတ်ဖော်ပြသနေလေသည်။
“မင်းက သေချင်နေတာပဲ…”
အငြိုးအတေးတစ္ဆေက အနည်းငယ် လန့်သွားလေသည်။
နောက်တစ်စက္ကန့်တွင်မူ သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။
"ဝိညာဉ်သတ္တဝါလေး နှစ်ကောင်တောင် ပါလာသေးတာပဲ..."
၎င်း၏ အာရုံစိုက်မှုသည် ယွင်ဟွား၏ အရသာရှိလှသော ယင်စွမ်းအင်များအပေါ်တွင်သာ ကျရောက်နေသဖြင့် ထိုသတ္တဝါငယ်လေး နှစ်ကောင်ကို လျစ်လျူရှုထားမိလေသည်။
"ဟားဟားဟား..."
"ဒီနေ့တော့ ငါကံကောင်းပြီပဲ..."
လီချန်ပိုင်က အလွန်အမင်း ဝမ်းသာပျော်ရွှင်သွား၏။ သူသည် သက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်ပြီး အကြောက်လွန်ကာ မျက်နှာဖြူရော်နေပြီဖြစ်သော ယွင်ချင်းမော့အား နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် လှမ်းကြည့်လိုက်လေသည်။
အလွန်ကောင်းပေသည်။
သူသည်လည်း ဤနေရာတွင် သူ၏ နောက်ဆုံးစာရင်းကို ယနေ့ ရှင်းလင်းပေးရမည် ဖြစ်၏။
"သခင်လေး... သခင်လေးက မကြောက်ဘူးလား..."
ခေါင်မိုးပေါ်တွင်ရှိနေသော ရှောင်လီဟွာမှာမူ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ တစ္ဆေတစ်ကောင်ကို အနီးကပ် မြင်တွေ့ရခြင်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ထက် ကျော်လွန်နေပေသည်။ သူသည် သတိလစ်မေ့မြောသွားချင်သော်လည်း မေ့သွား၍ မရနိုင်ဖြစ်နေ၏။
ယခုအချိန်တွင် အလွန်တရာ အေးခဲနေပြီး သာမန်အအေးမျိုး မဟုတ်ဘဲ ငရဲပြည်မှ လာသော စိမ့်အေးသည့် အအေးဒဏ်မျိုး ဖြစ်လေသည်။
သူ၏ သခင်လေးက တည်ငြိမ်နေသည်ကို မြင်သောအခါ ရှောင်လီဟွာသည် လေးစားအားကျမှုများ ပြည့်နှက်နေကာ အလိုအလျောက်ပင် အနားသို့ တိုးကပ်သွားမိလေသည်။
နန်ကုန်းယွမ်သည် ခဏမျှ ရပ်တန့်သွားပြီး အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူသည် ဤအရာများကို အနည်းငယ်မျှပင် မကြောက်ရွံ့မိပေ။
တကယ်တမ်းတွင် သူသည် ထိုအရာများကို အထင်သေးသည့် ခံစားချက်မျိုးပင် ဖြစ်ပေါ်နေ၏။
ဖြစ်နိုင်သည်မှာ…
ထိုမိန်းကလေးက သူ့အား လုံခြုံမှုပေးထားသောကြောင့်ပင် ဖြစ်ပေမည်။
ထပ်ခိုးပေါ်တွင်မူ။
ယွင်ရှောင်ထျန်းနှင့် အခြားသူများသည် ဧကရာဇ်ဝမ်ရွှမ်းနှင့်အတူ ဤမြင်ကွင်းကို ကြည့်ရှုရင်း အလွန်အမင်း ထိတ်လန့်နေကြလေသည်။
တစ္ဆေပင်ဖြစ်၏။
ပြိုင်ပွဲကို လာရောက်ကြည့်ရှုခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် အလွန်ထူးဆန်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရခြင်းပင်။
ဆန့်ကျင်ဘက်အနေဖြင့် ဘေးတွင် ရပ်နေသူမှာမူ ယွင်ဝေ ဖြစ်၏။
သူသည် သူ၏ လက်ထဲရှိ အုတ်ခဲကို ကြည့်ရှုရင်း ဤအရာကို တစ္ဆေများအား သတ်ဖြတ်ရာတွင် အသုံးပြု၍ ရနိုင်မည်လားဆိုသည်ကို တွေးတောနေလေသည်။
"ကံကောင်းတာလား... ငါ့ရဲ့ ဝိညာဉ်ကို စားမလို့လား... နင့်အတွက် အစာမကြေဖြစ်သွားနိုင်တယ် မဟုတ်ဘူးလား..."
ယွင်ဟွားသည် လှောင်ပြောင်လိုက်ပြီး သူမ၏ လက်ထဲရှိ ရွှေအုတ်ခဲလေးက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေသည်။
"ညီမလေး... သတိထားနော်..."
ယွင်ဟွား၏ အာရုံလွဲသွားမည်ကို စိုးရိမ်သဖြင့် ယွင်ချင်းမော့သည် သူ၏ ခြေထောက်များ တုန်ယင်နေလျက် ပုန်းအောင်းရန် နေရာတစ်ခုကို ရှာဖွေလိုက်လေသည်။
သူ၏ ညီမလေးသည် တစ္ဆေဖမ်းတော့မည်ဖြစ်ရာ သူက နှောင့်နှေးစေ၍ မဖြစ်နိုင်ပေ။
ယွင်ဟွား၏ လက်ထဲတွင် ဖျော့တော့သော အလင်းတန်းတစ်ခု လက်သွား၏။
ရွှေအုတ်ခဲလေးသည် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
ထိုနတ်ဘုရားလက်နက်က ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် အငြိုးအတေးတစ္ဆေက နေရာတွင်ပင် အေးခဲသွားလေတော့သည်။
၎င်းက တုံ့ပြန်မှု မပြုလုပ်နိုင်မီ ယွင်ဟွားက လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ရာ ယင်စွမ်းအင်များက ထိုတစ္ဆေအား တင်းကျပ်စွာ ချည်နှောင်လိုက်လေသည်။ ထို့နောက် သူမသည် အုတ်ခဲကို မြှောက်ကာ ပြင်းထန်စွာ ထုချလိုက်၏။
"နင့်ကို သေတဲ့အထိ ဒီအဘွားကြီးက ထုသတ်ပစ်မယ်..."
"အငြိုးအတေးတစ္ဆေလေးကများ ငါ့ကို စိန်ခေါ်ရဲတယ်လား... ငါက ဘယ်သူလဲဆိုတာ နင်မသိဘူးလား..."
"နင့်ကို မကောင်းမှုတွေ လုပ်ခိုင်းမယ်... နင့်ကို ဝိညာဉ်တွေ စားခိုင်းဦးမယ်..."
အုတ်ခဲဖြင့် တစ်ချက်စီ ထုချလိုက်တိုင်း ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲ၏ စွမ်းအားများက ၎င်း၏ ဝိညာဉ်ကို တိုက်ရိုက် ဆွဲဖြဲနေပြီး တစ္ဆေခန္ဓာကိုယ်မှာ လွင့်စင်သွားစေကာ နာကျင်စွာဖြင့် အော်ဟစ်စေလေသည်။
စူးရှသော အော်ဟစ်သံသည် ပညာ့ဗိမာန်၏ အပြင်ဘက်သို့ တိုက်ရိုက် ပျံ့နှံ့သွား၏။
ကျောင်းသားများသည်လည်း တုန်လှုပ်သွားကြလေသည်။
"ခေါင်းခွဲမင်းသမီး" ဟူသော ဂုဏ်ပုဒ်သည် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ ထိုနှလုံးသားကို ဆွဲဆုတ်မတတ် အော်ဟစ်သံသည် ဝိညာဉ်ကိုပင် အမှန်တကယ် ဖောက်ထွင်းသွားစေ၏။
လမ်းသွားလမ်းလာများသည် လမ်းလွှဲကာ သွားကြပြီး မည်သူမျှ ရပ်တန့်ရန် မရဲဝံ့ကြပေ။
“ပန်းကလေး... နင်ထုတာ အရမ်းကောင်းတယ်... နင်ထုတာ အံ့မခန်းပဲ... သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး ပြာကျသွားတဲ့အထိ ထုပစ်လိုက်... ရှောင်ရှူးရှူးလည်း တိုက်ပွဲထဲ ဝင်ချင်တယ်…”
ရှောင်ရှူးရှူးသည် အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်သွားလေသည်။ ၎င်းသည် သာမန်လူများကို အန္တရာယ် မပြုနိုင်သော်လည်း တစ္ဆေတစ်ကောင်ကို မသန်မစွမ်း မဖြစ်စေနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
လူ့လောကတွင် အချိန်အတော်ကြာ နေထိုင်လာခဲ့ရပြီးနောက် နောက်ဆုံးတွင် ၎င်းသည် ကြီးမားသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။
“စုတ်တံလေးလည်း ပါချင်တယ်…”
စုတ်တံလေးသည် ၎င်း၏ ဗိုက်ထဲမှ ဆူးပါသော တင်းပုတ်နှစ်ခုကို ဆွဲထုတ်လိုက်ပြီး ရှောင်ရှူးရှူးအား တစ်ခု ပေးလိုက်လေသည်။
ဤသည်မှာ ငရဲပြည်ရှိ စကားနားမထောင်ဘဲ ပြဿနာရှာတတ်သော ဝိညာဉ်များအတွက် အထူးအပြစ်ပေးသည့် လက်နက်ပင်ဖြစ်၏။
လီချန်ပိုင်သည် သူအားကိုးရသော တစ္ဆေသခင်ကြီးမှာ ထိုကောင်စုတ်လေး၏ ရိုက်နှက်မှုကို ဆိုးရွားစွာ ခံနေရသဖြင့် ချွေးများ ရွှဲနစ်နေသည်ကို မြင်လိုက်ရလေသည်။
သူ၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ ဆက်တိုက် ဆုတ်ခွာနေမိ၏။
အထူးသဖြင့် တုတ်နှစ်ချောင်း ရုတ်တရက် ပေါ်လာပြီး တစ္ဆေသခင်၏ ခေါင်းကို ထုရိုက်လိုက်သောအခါတွင် သူ၏ ယခင်က ရှိခဲ့သော မာနတရားများ အားလုံး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူတို့၏ မျက်နှာအမူအရာများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
လီချန်ပိုင်၏ မျက်နှာက ဖြူရော်နေပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားနေလေသည်။
ရှောင်ရှူးရှူး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အတားအဆီးအဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူရန် ပြင်လိုက်ချိန်တွင်ပင် နန်ကုန်းယွမ်ထံမှ ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြားတစ်ပြားသည် သူ၏ ဒူးဆီသို့ တိုက်ရိုက် ပစ်လွှတ်လာလေသည်။
"အား..."
“အောင်မလေးဗျ..."
လူတစ်ဦးနှင့် တစ္ဆေတစ်ကောင်၏ ငိုကြွေးသံများသည် ပညာ့ဗိမာန်အတွင်းမှ ဆက်တိုက် ထွက်ပေါ်လာလေသည်။
ယွင်ဟွားသည် နန်ကုန်းယွမ်အား လှမ်းကြည့်လိုက်ပြီး အော်ဟစ်လိုက်၏။
"ရှောင်ယွမ်ယွမ်... အရမ်းမိုက်တယ်..."
နန်ကုန်းယွမ်က အလိုအလျောက်ပင် သူ၏ နှုတ်ခမ်းထောင့်များကို ကွေးညွှတ်ကာ ပြုံးလိုက်မိပြီး ရှောင်လီဟွာသည်လည်း အလိုအလျောက်ပင် သူ၏ ရင်ခွင်ထဲသို့ လက်နှိုက်လိုက်မိလေသည်။
အင်း…
သူသည် ကြိုတင်၍ ထွက်ပြေးရမည် သို့မဟုတ် သခင်အသစ်တစ်ဦးကို ရှာဖွေရမည် ဖြစ်၏။
အငြိုးအတေးတစ္ဆေ၏ ပုံသဏ္ဌာန်က ပို၍ပို၍ ဖောက်ထွင်းမြင်နိုင်လာလေသည်။
"မင်းက တကယ် ဘယ်သူလဲ... မင်းက ဘယ်သူလဲ..."
၎င်းသည် မိမိကိုယ်ကို လွင့်စင်သွားတော့မည်ဟု ခံစားလိုက်ရသဖြင့် ခန္ဓာကိုယ်အတွင်းရှိ တစ္ဆေစွမ်းအင်များ အားလုံးကို စုစည်းကာ နောက်ဆုံးထွက်သက်ဖြင့် လီချန်ပိုင်ရှိရာသို့ ပြေးသွားလေသည်။
ရှည်လျားသော လက်သည်းများသည် သူ၏ နှလုံးသားကို ဖောက်ထွင်းဝင်ရောက်သွားပြီး ဝိညာဉ်ကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဖြည့်ဆည်းပေးရန် အသည်းအသန် လိုအပ်နေလေသည်။
ယွင်ဟွားသည် အံ့ဩသွား၏။ သူမကိုယ်တိုင်ပင် ဤသူအား ရှင်းလင်းရခြင်း မရှိသေးပေ။
ထိုချက်ချင်းပင်။
တစ္ဆေ၏ အကြည့်များသည် ဘေးတစ်ဖက်တွင် ပုန်းအောင်းနေသော ယွင်ချင်းမော့အပေါ်သို့ ကျရောက်သွားလေသည်။
ယွင်ဟွား၏ မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွား၏။
သူမသည် အငြိုးအတေးတစ္ဆေအား ပိတ်ဆို့ရန် လျှပ်တစ်ပြက် ပြေးသွားလိုက်ရာ သူမ၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး ယင်စွမ်းအင် လှိုင်းလုံးများသည် သူမထံမှ ထွက်ပေါ်လာလေသည်။
“နင်... နင်က သေချင်နေတာပဲ..."
အငြိုးအတေးတစ္ဆေက အလိုအလျောက်ပင် ကြီးမားလှသော အကြောက်တရားကို ခံစားလိုက်ရပြီး ထွက်ပြေးရန် လှည့်လိုက်လေသည်။
ယွင်ဟွားသည် သူမ၏ လက်ချောင်းငါးချောင်းကို လက်သည်းများသဖွယ် ကွေးညွှတ်လိုက်ပြီး ၎င်း၏ လက်မောင်းကို ဖမ်းဆွဲလိုက်ရာ "ဗြန်း" ဟူသော အသံတစ်သံနှင့်အတူ ၎င်း၏ လက်မောင်းတစ်ဖက်ကို ဆွဲဖြဲလိုက်လေသည်။
"အား..."
စူးရှသော အော်ဟစ်သံများက လူတိုင်းကို တုန်လှုပ်သွားစေ၏။
“ဝိုး... ပန်းကလေးရဲ့ အထူးစွမ်းရည်ပဲ... တစ္ဆေတွေကို လက်ဗလာနဲ့ ဆွဲဖြဲပစ်တာ…”
ရှောင်ရှူးရှူး၏ မျက်လုံးများက စူးရှထက်မြက်လှပေသည်။ အတိတ်ကာလက ပန်းကလေးသည် နတ်ဆိုးများကို လက်ဗလာဖြင့်သာ အလွယ်တကူ ဆွဲဖြဲပစ်လေ့ရှိသော်လည်း ယမမင်း၏ သင်ခန်းစာပေးမှုကို ခံရပြီးနောက်ပိုင်းတွင် သူမသည် ဤစွမ်းရည်ကို ဘယ်သောအခါမှ ထပ်မသုံးတော့ပေ။
“ဟွားဟွား... နင်က အရမ်းမိုက်တာပဲ…”
စုတ်တံလေးကလည်း ဤကဲ့သို့သော ဟွားဟွားသည် ဆွဲဆောင်မှုအရှိဆုံးနှင့် အမိုက်ဆုံးဖြစ်သည်ဟု ထင်မြင်နေဆဲဖြစ်၏။
သူက ပန်းကလေးကို အမှန်တကယ် ချစ်မြတ်နိုးလေသည်။
"နင်က အပြီးတိုင် ပျောက်ကွယ်သွားသင့်တယ်..."
ယွင်ဟွား၏ တစ်ကိုယ်လုံးတွင် ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များ ပြည့်နှက်နေပြီး ယင်စွမ်းအင်များက တစ္ဆေ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားကာ သူမသည် ၎င်း၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။
"ကျေးဇူးပြုပြီး... ကျွန်တော့်ကို သနားပါ... ကျွန်တော် ခင်ဗျားရဲ့ တစ္ဆေအစေခံ ဖြစ်ပေးပါ့မယ်... ခေါ်တဲ့အချိန်လာပြီး လတ်ဆတ်တဲ့ ဝိညာဉ်တွေကို ရှာပေးပါ့မယ်..."
အငြိုးအတေးတစ္ဆေသည် တောင်းပန်ငိုယိုနေပြီး ယခုအခါ လီချန်ပိုင်အပေါ် မုန်းတီးမှုများ ပြည့်နှက်နေလေသည်။
၎င်းသည်သာ ရန်မစသင့်သူကို ရန်မစခဲ့ပါက ယခုအချိန်အထိ အကောင်းပကတိ ပုန်းကွယ်နေနိုင်ဦးမည် ဖြစ်၏။
ယွင်ဟွားသည် အေးစက်စွာ ရယ်မောလိုက်၏။
"ငါ့ရဲ့ တစ္ဆေအစေခံဖြစ်ပေးမယ် ဟုတ်လား..."
"နင့်ရဲ့သခင်က တခြားတစ်ယောက်ဆိုတာ ငါမသိဘူးလို့ တကယ်ထင်နေတာလား... ဒီအသုံးမကျတဲ့သူနောက်ကို လိုက်နေတာက သူ့အပေါ် အပြစ်တွေ ပုံချပြီး နင့်သခင်ကို ကောင်းကင်ကပ်ဘေးတွေကနေ ကာကွယ်ပေးဖို့ဆိုတာထက် မပိုပါဘူး..."
ယွင်ဟွား၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များသည် လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင် ဖြစ်နေ၏။ သူမက လက်နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း အားယူကာ နှစ်ဖက်သို့ ပြင်းထန်စွာ ဆွဲဖြဲလိုက်လေသည်။
သနားညှာတာရန် တောင်းပန်သံများက ရုတ်တရက် ရပ်တန့်သွား၏။
အငြိုးအတေးတစ္ဆေသည် ယွင်ဟွား၏ ဆွဲဖြဲမှုကြောင့် နှစ်ပိုင်းကွဲသွားပြီး ချက်ချင်းပင် လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။
မှောင်မိုက်၍ စိတ်ပျက်ဖွယ်ကောင်းသော ဂူတစ်ခုအတွင်း၌ လူတစ်ဦးက သူ၏ မှုန်ဝါးနေသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်လေသည်။
လူတိုင်းသည် သူတို့ မြင်တွေ့လိုက်ရသော အရာကြောင့် ထိတ်လန့်တကြား အသက်ရှုမှားသွားကြလေသည်။
ပထမဆုံးအကြိမ်အဖြစ် ချွေ့ဝမ်ရှင်းသည် "ခေါင်းခွဲခြင်း" ဟူသော စကားလုံးက သူမ၏ ကလေးမလေးအတွက် အမှန်တကယ် မသင့်လျော်ဟု ခံစားလိုက်ရ၏။
ယွင်ဝေ၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားလေသည်။
"အမေ..."
"သမီး နာမည်ကို အခုကစပြီး 'ယက္ခ' လို့ ပြောင်းလိုက်ရင် ကောင်းမလား..."
လူတိုင်း……