အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) အပြစ်ပေးမိုးကြိုးနှင့် ယွင်ဟွား၏ စိတ်ကူးယဉ်စုံတွဲပေးစားခြင်း
အငြိုးအတေးတစ္ဆေက ပျောက်ကွယ်သွားလေ၏။ ဤနေရာရှိ အပူချိန်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
ယွင်ဟွားသည် လီချန်ပိုင်၏ ခန္ဓာကိုယ်အနီးသို့ လျှောက်သွားကာ သူ့အား အေးစက်စွာ ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမ၏ အကြည့်တို့သည် သူ၏ လက်ကောက်ဝတ်ရှိ ပုတီးစိပ်လက်ကောက်ဆီသို့ ကျရောက်သွားလေသည်။
သူမ၏ မျက်လုံးများထဲတွင် မုန်တိုင်းတစ်ခုလို လင်းလက်သွားပြီးနောက် အန္တရာယ်ရှိသော ထိုပုတီးကုံးကို သူမ၏ လက်ထဲသို့ ချက်ချင်း ယူလိုက်လေသည်။
"တကယ်ကို သနားစရာကောင်းတာပဲ... အသုံးချခံရတာတောင်မှ သူတစ်ပါးအတွက် ငွေတွက်ပေးနေသေးတယ်..."
သူ့နောက်ကွယ်ရှိ လူသည် သူ၏ လက်မှတစ်ဆင့် တစ္ဆေအစေခံများကို မွေးမြူစေရုံသာမက ကံကြမ္မာကောင်းမြောက်မြားစွာကိုလည်း ရယူနေခြင်းဖြစ်၏။ ထိုသူသည် ၎င်းကို ကျင့်ကြံရန်အတွက် အသုံးပြုရုံသာမက သူ၏ မကောင်းမှုကံကြမ္မာများကို ဖုံးကွယ်ရန်အတွက်ပါ အသုံးပြုနေလေသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် ကောင်းကင်တာအို၏ ရှာဖွေတွေ့ရှိခြင်းမှ လွတ်ကင်းသွားခဲ့သော်လည်း လီချန်ပိုင်အတွက်မူ ဆံပင်တစ်မျှင်စာမျှလောက်သာရှိသော ကံကောင်းခြင်းလေးကိုသာ ချန်ထားရစ်ခဲ့လေသည်။
ယွင်ဟွားသည် ယင်စွမ်းအင်အားလုံးကို သူမ၏ လက်ဖဝါးထဲတွင် စုစည်းလိုက်ပြီး ပြင်းပြင်းထန်ထန် ညှစ်ချေကာ ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
မရေမတွက်နိုင်သော မီးခိုးဖြူများသည် ချက်ချင်းပင် လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းလေးများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားရာ ၎င်းတို့အနက်မှ အစိတ်အပိုင်းအနည်းငယ်သည် ယွင်ချင်းမော့၏ စိတ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
ယွင်ချင်းမော့သည် မေ့ပျောက်နေသော မှတ်ဉာဏ်များအားလုံး ပြန်လည်ဝင်ရောက်လာသကဲ့သို့ ချက်ချင်းပင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ထိုအလင်းတန်းလေးများကို ကြည့်ရင်း ယွင်ဟွားသည် သူမ၏ ကံကြမ္မာ၊ ကံကောင်းခြင်းများ၊ မှတ်ဉာဏ်များနှင့် အခြားအရာများ အခိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
သူ့ကို ဤအတိုင်း သေခွင့်ပေးလိုက်ခြင်းက သူ့အတွက် အလွန်ကောင်းမွန်လွန်းနေသည်ဟု ယွင်ဟွား ထပ်မံခံစားလိုက်ရ၏။ အကယ်၍ သူမသာဆိုလျှင် လီချန်ပိုင်ကို သေရတာထက်ဆိုးရွားသော ဘဝမျိုးဖြင့် သေချာပေါက် ရှင်သန်စေမည် ဖြစ်သည်။
အခြားတစ်ဖက်ရှိ ဂူထဲတွင်မူ…
တစ္ဆေအစေခံ နှိမ်နင်းခံလိုက်ရချိန်တွင် သခင်ဖြစ်သူ သူသည်လည်း ချက်ချင်းပင် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရလေသည်။ သူသည် ထိုအရာကို ခက်ခဲစွာ ဖိနှိပ်ထားနိုင်ခဲ့သော်လည်း သူ စုပ်ယူထားသော ကံကောင်းခြင်းများအားလုံးသည် သူ၏ ခန္ဓာကိုယ်ထဲမှ စီးထွက်သွားခဲ့သည်။
ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး လျင်မြန်စွာ လက်သင်္ကေတများပြုလုပ်ကာ ဂါထာမန္တန်များကို ရွတ်ဆိုလိုက်၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ…
စွမ်းအားတစ်ခုက သူ့ဆီသို့ တည့်မတ်စွာ ဝင်ရောက်လာလေသည်။
သူသည် ဆက်လက်တွေးတောရန် အချိန်မရှိတော့ဘဲ သူ၏ ကျင့်ကြံမှုအားလုံးကို အသုံးချကာ ခုခံလိုက်သည်။
ခဏအကြာတွင်မူ…
ထိုအမျိုးသား၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။ ထိုမျှ ပြင်းထန်လှသော စွမ်းအားမှာ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ရေးရာစွမ်းအား မဟုတ်ဘဲ ငရဲပြည်မှ တစ်စုံတစ်ဦး အသုံးပြုသော ယင်စွမ်းအင်သာ ဖြစ်နေသည်။
သူတို့သည် ငရဲပြည်မှ လူများနှင့်များ ဆုံတွေ့ခဲ့လေသလား။
“သေစမ်း..."
ထိုအမျိုးသားသည် ကျိန်ဆဲလိုက်ပြီး အားကောင်းလှသော ယင်စွမ်းအင်ကို ခုခံရန်အတွက် သူ၏ အိတ်ကပ်ထဲမှ ရတနာကို အမြန်ဆွဲထုတ်လိုက်လေသည်။
သူသည် ထွက်ပြေးရန် ကြိုးစားနေခြင်းပင် ဖြစ်၏။
အကယ်၍ သူ ဤနေရာတွင် ဆက်နေမည်ဆိုပါက သူ၏ အသက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားပေလိမ့်မည်။
ထိုအမျိုးသား မမျှော်လင့်ထားသောအရာမှာ ကံကောင်းခြင်း၏ ဖုံးကွယ်မှုမရှိတော့ချိန်တွင် ကောင်းကင်တာအို၏ အလိုဆန္ဒက သူ့အပေါ်သို့ ကျရောက်နေပြီဆိုသည်ကိုပင် ဖြစ်သည်။
သူသည် ဂူထဲမှ လွတ်မြောက်လာချိန်တွင်ပင် အနီရောင်မိုးကြိုးတစ်စင်းသည် ကောင်းကင်ပြင်ကို ထိုးခွဲကာ ထိုအမျိုးသား၏ ခေါင်းပေါ်သို့ တည့်မတ်စွာ ကျရောက်လာလေသည်။
"ဘုန်း" ဟူသော အသံကြီးနှင့်အတူ အပိုင်းပိုင်းအစစ ပြတ်တောက်သွားပြီး ပြာပင် မကျန်ရစ်တော့ပေ။
အနီရောင် မိုးကြိုးတစ်စင်း ပေါ်ထွက်လာခြင်းက လူအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားစေသည်။
ယွင်ဟွားသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာလေသည်။
"ခံပေဦးပေါ့..."
ချက်ချင်းဆိုသလိုပင်... မှုကုသိုလ် စွမ်းအအားတစ်ရပ်သည် ယွင်ဟွား၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်လာလေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ဝမ်းသာအားရဖြင့် ခုန်ပေါက်သွားလေသည်။
"ပန်းကလေး... ကုသိုလ်တွေပဲ... အဲ့တာကကုသိုလ်တွေပဲ..."
ပန်းကလေးသည် မိစ္ဆာကျင့်ကြံသူကို ဖော်ထုတ်ပေးခဲ့သဖြင့် ကောင်းကင်တာအိုက ကျေးဇူးတင်ကာ ဤမျှများပြားသော ကုသိုလ်စွမ်းအင်များကို အမှန်တကယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်၏။
"ပန်းကလေး... ဒါကို အရင်ရှင်းအောင် ပြောထားရမည်... နင် ဒီကုသိုလ်စွမ်းအင်တွေကို တခြားဘယ်သူ့ကိုမှ မပေးရဘူး... မဟုတ်ရင် ရှောင်ရှူးရှူးက နင့်ကို စိတ်ဆိုးမှာပဲ..."
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ လက်သီးဆုပ်လေးကို မြှောက်ကာ ကြမ်းတမ်းစွာ ခြိမ်းခြောက်လိုက်လေသည်။
"ပေပေ့ကတော့ နင့်ကို ရန်မလုပ်ပါဘူး... ဒါပေမယ့် ပေပေ့က နင့်ကို သုံးရက် မဟုတ်ဘူး နေ့ဝက်လောက် စကားမပြောဘဲ နေမှာပဲ..."
တရားသူကြီးပေပေ့က သူမ၏ ခါးကို ထောက်ကာ ချစ်စရာကောင်းသော်လည်း ကြမ်းတမ်းသော ဟန်ဖြင့် ပြောလိုက်လေသည်။
သေခြင်းရှင်ခြင်းစာအုပ်က မျက်လုံးလှန်ကြည့်လိုက်ပြီး တရားသူကြီး၏စုတ်တံပေါ်ရှိ အမွေးစုလေးကို ဆွဲကာ ပြောလိုက်၏။
"နင့်မှာ သတ္တိနည်းနည်းလောက် မရှိဘူးလား... နေ့ဝက်လောက်နဲ့ ရမလား အနည်းဆုံး တစ်လလောက်တော့ ကြာသင့်တာပေါ့..."
တရားသူကြီး၏စုတ်တံက နောက်သို့ ဆုတ်သွားလေသည်။
"ငါက သတ္တိရှိတာ မရှိတာကို ဂရုမစိုက်ဘူး... အလွန်ဆုံး တစ်ရက်ပဲ... အဲ့ဒီထက်ပိုကြာရင် ငါ မလုပ်နိုင်တော့ဘူး... ရှောင်ရှူးရှူး နင် ဟွားဟွားကို ရန်လုပ်ရက်မယ်ဆိုတာကို ငါ မယုံပါဘူး... နင်က ခေါင်းမာနေရုံသက်သက်ပဲ..."
သေခြင်းရှင်ခြင်းစာအုပ်မှာ ဆွံ့အသွားလေသည်။
"နင့်ကို သင်ခန်းစာပေးရဦးမယ်... လူဆိုးလေး..."
တရားသူကြီး၏စုတ်တံကြောင့် အရှက်ကွဲသွားရသော သေခြင်းရှင်ခြင်းစာအုပ်သည် ဒေါသထွက်သွားကာ ၎င်းကို စတင် ထိုးကြိတ်လေတော့သည်။
"နင် ငါ့ကို ပြန်ပြောရဲသေးလား ကြည့်ရသေးတာပေါ့..."
"အား... ပန်းကလေး... ကယ်ပါဦး..."
သူမကြောင့် ရန်ဖြစ်နေကြသော ကလေးငယ်နှစ်ဦးကို ကြည့်ရင်း ယွင်ဟွား၏ မျက်လုံးများနှင့် မျက်ခုံးများတွင် အပြုံးများ ပြည့်နှက်နေလေသည်။
"ကျေးဇူးတင်ပါတယ် ညီမလေး..."
ယွင်ချင်းမော့သည် သူမအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီး ဤဘဝတွင် သူမ၏ အစ်ကိုကြီးဖြစ်ရသည်မှာ မည်မျှကံကောင်းကြောင်း တွေးတောနေလေသည်။
ယွင်ဟွားက သူမ၏ လက်ကို ခါယမ်းကာ ပြောလိုက်၏။
"ညီမတို့က မောင်နှမတွေပဲ... အားနာနေစရာ မလိုပါဘူး... လက်တွေ့ကျတာလေးတစ်ခုလောက်ပဲပေးပါ အစ်ကိုကြီး..."
ငွေမက်သော ကောင်မလေး ယွင်ဟွားမှာမူ သူမ၏ လက်ချောင်းနှစ်ချောင်းကို ပွတ်သပ်နေလေသည်။
"အား... ဟုတ်တယ်... ဟွားဟွားရဲ့ အစ်ကိုကြီး... ဟွားဟွားကို ရွှေတချို့ပေးလိုက်ပါ..."
အရိုက်ခံနေရချိန်တွင်ပင် တရားသူကြီး၏စုတ်တံသည် ဟွားဟွားအတွက် ဆုလာဘ်တောင်းပေးရန် မမေ့ခဲ့ပေ။
ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွားပြီး ယွင်ချင်းမော့မှာလည်း ဤကဲ့သို့ ဖားတတ်သော ညီမလေးကို လုံးဝ မလွန်ဆန်နိုင်ခဲ့ပေ။
"ရော့... အကုန်ယူလိုက်... ဟုတ်ပြီလား..."
"အဟွတ် အဟွတ်... အဟွတ် အဟွတ်..."
ချောင်းဆိုးသံတစ်ခုက ရှောင်ယွမ်ယွမ် ခေါင်မိုးပေါ်တွင် ရှိနေသေးကြောင်း ယွင်ဟွားကို သတိရသွားစေသည်။
"ရှောင်ယွမ်ယွမ်... ခဏစောင့်... ငါ အခုပဲ တက်လာပြီး နင့်ကို ချီချပေးမယ်..."
ယွင်ချင်းမော့မှာ ခြေချော်သွားလေသည်။
ချီချပေးမည်ဟုတ်လား…
"မလိုပါဘူး... ရှောင်လီဟွာရှိတယ်..."
နန်ကုန်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။ ဤမိန်းကလေးက အဘယ်ကြောင့် သူ့ကို ဖက်တွယ်ချင်နေရသနည်း။
ရှောင်လီဟွာသည် သူမ၏ သခင်ဖြစ်သူကို ခေါင်မိုးပေါ်မှ ခေါ်ဆောင်လာပြီးနောက် ဘာမျှမတွေးဘဲ ယွင်ဟွားထံသို့ လွှဲပြောင်းပေးကာ ပြောလိုက်လေသည်။
"မင်းသမီး... ကျွန်တော် ဘီးတပ်ကုလားထိုင် သွားယူနေတုန်း သူ့ကို ခဏလောက် ချီထားပေးပါ..."
ယွင်ဟွားသည် ယခင်က သူ့ကို နှစ်ကြိမ်တိုင်တိုင် ချီဖူးသဖြင့် ဂရုမစိုက်ပေ။ သူမက သူ့ကို ပြန်ယူရန် ပြင်လိုက်ချိန်တွင် ယွင်ချင်းမော့က ဘေးမှနေ၍ လုယူသွားလေသည်။
အားလုံးမှာ ဆွံ့အသွားကြလေသည်။
နန်ကုန်းယွမ်သည် ရှောင်လီဟွာကို ရက်စက်စွာ ဖျက်ဆီးပစ်ချင်စိတ်များ ပေါ်လာကာ သူ့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်နေမိသည်။
နန်ကုန်းယွမ်သည် သေမတတ် တိတ်ဆိတ်နေပြီး သူ၏ မျက်လုံးများကို မှိတ်ထားလိုက်၏။ ယွင်ချင်းမော့ သတိပြန်ဝင်လာချိန်တွင်မှ သူ ဘာလုပ်မိသွားသည်ကို နားလည်သွားလေသည်။
သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး မင်းသားစု၏ ဆက်ခံသူကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ချီထားမိလျက်သား ဖြစ်နေသည်။
သူတို့နှစ်ဦးမှာ အလွန်အမင်း ရှက်ရွံ့နေကြပြီး အပေါ်ထပ်ရှိ လူအားလုံးမှာလည်း ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေကြလေသည်။
ဝိုး...
"ငါ့အစ်ကိုကြီးနဲ့ ရှောင်ယွမ်ယွမ်က သိပ်လိုက်ဖက်တဲ့ စုံတွဲတစ်တွဲလို့ ဘာလို့များ ခံစားနေရတာလဲ... သူတို့နှစ်ယောက်လုံးက ချောမောတဲ့ အမျိုးသားတွေဆိုတော့ သူတို့သာ အတူတူရှိနေမယ်ဆိုရင် မျက်စိပသာဒဖြစ်စရာပဲ..."
အားလုံး၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြလေသည်။
ဤရဲတင်းလှသော စကားများကြောင့် လန့်ဖြန့်သွားသော ယွင်ချင်းမော့က သူ့လက်ကို ဖြေလျှော့လိုက်ရာ နန်ကုန်းယွမ်မှာ လေထဲသို့ ခုန်တက်သွားပြီး ရှောင်လီဟွာမှာလည်း ဘီးတပ်ကုလားထိုင်ကို တွန်းကာ အပြေးအလွှား ရောက်လာလေသည်။
ဘီးတပ်ကုလားထိုင်ပေါ်သို့ ပြန်ရောက်သွားသည်နှင့် နန်ကုန်းယွမ်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချနိုင်သွားပြီး ရှောင်လီဟွာအား ကြမ်းတမ်းစွာ စိုက်ကြည့်လိုက်၏။
"အရှင်မင်းသား... ကျွန်တော်မျိုး တကယ့်ကို တောင်းပန်ပါတယ်..."
ယွင်ချင်းမော့သည် တမင်တကာ လုပ်ခဲ့ခြင်း မဟုတ်ဘဲ သူ၏ ညီမဖြစ်သူ၏ တုန်လှုပ်ဖွယ်ရာ စကားကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ခြင်းသာ ဖြစ်သည်။
"ကိစ္စမရှိပါဘူး..."
သူသည် ဤမိန်းကလေး၏ အစ်ကိုကြီးကို နားလည်ပေးနိုင်ပါ၏။ မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်ပင် ကျောက်ခဲတစ်လုံးရှာ၍ ကိုယ့်ကိုယ်ကိုယ် သတိလစ်သွားအောင် ထုရိုက်ရန် တွေးတောနေခဲ့သည် မဟုတ်ပါလား။
"ဟူး... ငါ သူတို့ကို စုံတွဲပေးစားလို့တောင် မပြီးသေးဘူး... သူတို့က လမ်းခွဲသွားကြပြီ..."
ယွင်ဟွားက အနည်းငယ် နောင်တရသွားသော်လည်း တရားသူကြီး၏စုတ်တံက လျင်မြန်စွာ တွေးတောကာ ပြောလိုက်လေသည်။
"ဟွားဟွား နောင်တမရပါနဲ့... သူတို့ရဲ့ ကံကြမ္မာတွေကို အတူတူ ပြန်ရေးပေးရမလား... ဒါဆိုရင် နင် သူတို့ကို နေ့တိုင်း မြင်တွေ့နေရမှာပေါ့..."
နန်ကုန်းယွမ်နှင့် ယွင်ချင်းမော့တို့မှာ တုန်ယင်သွားကြလေသည်။
ရှောင်လီဟွာ၏ မျက်လုံးများက အရောင်လက်သွားလေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် တရားသူကြီး၏စုတ်တံကို ဆုပ်ကိုင်ကာ ၎င်း၏ ရက်စက်သော ရိုက်နှက်မှုကို ထပ်မံစတင်လိုက်လေသည်။
"ငါ နင့်ကို အတင်းအဓမ္မ လက်ထပ်ပေးဖို့ မကြိုးစားနဲ့လို့ ပြောထားတယ်လေ... ပန်းကလေးရဲ့ အစ်ကိုကြီးမှာ သူနဲ့ ဖူးစာဆုံမယ့်သူ ရှိပြီးသားပဲ..."
ထို့အပြင် မင်းသား၏ ကံကြမ္မာသည်လည်း ဟွားဟွားကဲ့သို့ပင် ပြန်လည်ဝင်စားခြင်းနှင့် ကပ်ဘေးတစ်ခုဖြစ်ရာ ပျက်စီးနေသော စုတ်တံတစ်ချောင်းဖြင့် ပြောင်းလဲ၍ရနိုင်မည် မဟုတ်ပေ။
နေရာလွတ်ထဲရှိ ငရဲလကျောက်သည် ချက်ချင်းပင် သန့်စင်ခြင်းကို ရပ်တန့်လိုက်လေသည်။
*ရိုက်လိုက်... ပြင်းပြင်းထန်ထန်ကို ရိုက်လိုက်... ငါ့က သခင်လေးအတွက် ယောက်ျားတစ်ယောက်ကို ဘယ်လိုများ ရှာပေးရဲတာလဲ... အဲ့ကောင်စုတ်လေးကို သေတဲ့အထိ ရိုက်ပစ်လိုက်…*
အားလုံးမှာ... နားမလည်နိုင်အောင် ဖြစ်သွားကြလေသည်။
ချွေ့ဝမ်ရှင်းသည် သူမ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။ တော်ပါသေးရဲ့... သူမ၏ သားအကြီးဆုံး လွတ်မြောက်သွားခဲ့ပြီ။
နန်ကုန်းယွမ်က စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"လီချန်ပိုင်ကိစ္စကို ငါ့ကို လွှဲထားလိုက်ပါ… အငြိုးအတေးတစ္ဆေကိစ္စကိုတော့ အများပြည်သူကို ဖွင့်ပြောလို့ မရဘူး... မဟုတ်ရင် လူတွေကြားထဲမှာ ထိတ်လန့်မှုတွေ ဖြစ်လာလိမ့်မယ်..."
ယွင်ချင်းမော့က သဘောတူလိုက်၏။
"သူက မြို့တော်ကို လာတဲ့လမ်းမှာ ဓားပြတွေနဲ့ ပူးပေါင်းပြီး လူအများအပြား သေဆုံးအောင် လုပ်ခဲ့တယ်လို့ပဲ ပြောလိုက်ပါ... ပြီးတော့ သူက..."
"သူ့ကို သေတဲ့အထိ ငါ ထုသတ်ပစ်မယ်…”
ယွင်ဟွားက ရှေ့သို့တက်လာကာ ဆက်ပြောလိုက်လေသည်။
"ငါက နက္ခတ်တာရာ လေ့လာရေးဌာနကဆိုတော့ ဗေဒင်ဟောနိုင်တယ်... မျက်နှာဖတ်နိုင်တယ်... အနာဂတ်ကိုလည်း သိနိုင်တယ်... သူ့ရဲ့ ပြစ်မှုတွေက အရမ်းကို ဆိုးရွားလွန်းလို့ သူ့ကို နေရာတင် ကွပ်မျက်လိုက်တယ်ဆိုရင် ပြည်သူတွေလည်း ဘာမှပြောမှာမဟုတ်ဘူး..."
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ 'ခေါင်းခွဲမင်းသမီး' ဆိုတဲ့ ဂုဏ်ပုဒ်က မြို့တော်တစ်ခွင်မှာ နာမည်ကြီးနေပြီပဲ... နောက်ထပ် လူတစ်ယောက် တိုးလာဖို့ကိုလည်း ငါ မကြောက်ပါဘူး..."
ယွင်ဟွားက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
"အပြင်လူတွေ ဘယ်လိုတွေးမလဲဆိုတာကို ငါ ဂရုမစိုက်ဘူး... ငါက သဘောထားသေးသိမ်တဲ့သူပဲ... ငါ့မိသားစုနဲ့ ငါ့အပေါ် ကောင်းတဲ့သူတွေကိုပဲ ငါ ဂရုစိုက်တယ်..."