← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) - သူတစ်ပါးအပေါ် အခွင့်အရေးယူခြင်း

ချန်ရှင်းက အနားသို့ လျှောက်သွားပြီး သူမ၏ ပခုံးလေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

မျက်နှာကြီး နီရဲနေသော ရွှီဖူကွေ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အငမ်းမရ စားသောက်နေကြသည့် ဝမ်ကွေ့ရှန်းနှင့် သူမ၏သားဖြစ်သူကိုပါ အကဲခတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ ရှိမနေဘဲ အသံပြတ်ပြတ်ဖြင့်

"အစ်ကိုကြီးတို့၊ မရီးတို့...။ ရောက်လာမှတော့လည်း ထိုင်ပြီး စားကြပါဦး"

ထိုစကားကို ကြားသောအခါ ဝမ်ကွေ့ရှန်းမှာ ပို၍ အတင့်ရဲလာတော့သည်။ သူမက ခုံပေါ်သို့ ဘုတ်ခနဲ ထိုင်ချလိုက်ပြီး ပါးစပ်ထဲ အသားတုံးများ အပြည့်ထည့်ကာ

"အို... ငါ့ခဲအိုလေးက သဘောထားကြီးလိုက်တာ၊ တချို့ တချို့တွေ ကပ်စေးနှဲ တွန့်တိုနေတာနဲ့ ကွာပါ့"

သူမက စားရင်းသောက်ရင်းဖြင့် တြိဂံပုံစံ မျက်လုံးကျဉ်းကျဉ်းလေးများကို ကလယ်ကလယ် လုပ်ကာ ဟိုကြည့်ဒီကြည့် လုပ်နေသည်။ သေသပ်စွာ ပုံထားသော အုတ်ပြာများကို တစ်ချက်ကြည့်လိုက်၊ သူမဘေးရှိ သစ်ပုံကြီးများကို တစ်ချက်ကြည့်လိုက်ဖြင့် ခေါင်းထဲတွင် ကိန်းဂဏန်းများ တွက်ချက်နေလေသည်။

*ဒီလောက်ဆို ပိုက်ဆံဘယ်လောက်တောင် ကုန်လိုက်မလဲ*

*ချန်ရှင်းဆိုတဲ့ကောင်တော့ တကယ်ကို ရွှေတွင်းကြီး တူးမိတာပဲ*

အလုပ်သမားများမှာ စားချင်သောက်ချင်စိတ် ပျောက်ကာ ထိုင်းမှိုင်းနေကြသော်လည်း ဝမ်ကွေ့ရှန်းနှင့် သူမ၏သားကတော့ ပါးစပ်များ ဆီပြန်နေသည်အထိ အားရပါးရ စားသောက်နေကြသည်။ ရွှီရှောင်တု၏ ပိန်လှီချိုင့်ဝင်နေသော ဗိုက်လေးမှာလည်း တင်းကားနေလေပြီ။

တစ်ဖြဲနှစ်ဖြဲ စားသောက်ပြီးနောက် ဝမ်ကွေ့ရှန်းက တူကိုချပြီး ကျယ်လောင်စွာ လေချဉ်တက်လိုက်သည်။ အဓိက ဇာတ်ကွက်ကြီး စတင်တော့မည်ဖြစ်သည်။

သူမ ပါးစပ်သုတ်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ချက်ချင်း နီရဲလာပြီး ရှိုက်ကြီးတငင် စငိုတော့သည်။

"အမလေး... ခဲအိုရယ်၊ လီကျားရွာမှာ မင်းအစ်ကိုနဲ့ မရီးတို့ ဘယ်လောက်တောင် အသက်ရှင်ရတာ ခက်ခဲနေလဲဆိုတာ မင်း မသိပါဘူး။ ငါတို့ခမျာ ငတ်လုမတတ် ဖြစ်နေပြီ။ ရှောင်တုလေးဆိုလည်း အသား မစားရတာ လနဲ့ချီနေပြီ”

သူမက ပြောရင်းဆိုရင်းနှင့်ပင် မရှိမဲ့ ရှိမဲ့ မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်ဟန်ဆောင်လိုက်ပြီးနောက် ချန်ရှင်းဘက်သို့ ရုတ်တရက် မျှားဦးလှည့်လာလေသည်။

"ခဲအိုရယ်...၊ အခု မင်းဘယ်လောက်တောင် အောင်မြင်နေပြီလဲဆိုတာ ကြည့်ပါဦး။ တောင်ပေါ်မှာ အမဲလိုက်လို့ ပိုက်ဆံတွေရတယ်၊ တစ်ရွာလုံးမှာမှာ ပြိုင်စံရှားတဲ့ ဒီလို အုတ်တိုက်အိမ်ကြီးကိုတောင် ဆောက်နိုင်နေပြီ။ တို့လို ဆင်းဆင်းရဲရဲ ဆွေမျိုးတွေကိုတော့ မေ့ထားလို့ မရဘူးနော်။ မင်း ငါတို့ကို ကူညီပေးမှ ဖြစ်မယ်”

ထိုစကားလည်း ဆုံးသွားရော ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ အလုပ်သမားများအားလုံး အံ့သြမှင်တက်သွားကြ၏။ မျက်နှာပြောင်တိုက်တတ်သူများကို မြင်ဖူးသော်လည်း ယခုလောက် မျက်နှာပြောင်တိုက်လွန်းသူမျိုးကိုတော့ တစ်ခါမှ မကြုံဖူးကြပေ။

"မရီး... တော်ပါတော့"

ရွှီချင်းချင်းမှာ အရှက်ရမှုနှင့် ဒေါသတို့ ရောထွေးကာ မျက်နှာလေး ရဲပူတက်လာသည်။ သူမက အပြေးအလွှား သွားလိုက်ပြီး ဝမ်ကွေ့ရှန်း၏ အင်္ကျီလက်ကို လှမ်းဆွဲကာ ငိုသံစွက်နေသော အသံတုန်တုန်လေးဖြင့် တားမြစ်လိုက်သည်။

သို့သော် ဝမ်ကွေ့ရှန်းက သူမ လက်ကို ကြမ်းတမ်းစွာ ပုတ်ချလိုက်ပြီး ခါးထောက်ကာ အော်ဟစ်တော့သည်။

"ဘာလို့ မပြောရမှာလဲ။ ရွှီချင်းချင်း... နင်က ကျေးဇူးကန်းတဲ့ ကောင်မပဲ။ အခု ယောက်ျားရသွားတော့ ကိုယ့်အစ်ကိုအရင်းကိုတောင် မေ့သွားပြီပေါ့ ဟုတ်လား။ နင်ကတော့ စည်းစိမ်တွေ ခံစားနေရပြီး ငါတို့ သေမလား ရှင်မလားဆိုတာကျတော့ ဂရုမစိုက်တော့ဘူးပေါ့။ နင့်မှာ အသိတရား ခေါင်းပါးသွားပြီလား ဟဲ့”

ထိုစကားများကြောင့် ရွှီချင်းချင်း၏ ခန္ဓာကိုယ်လေး တသိမ့်သိမ့် တုန်ယင်သွားရကာ သူမ၏ မျက်ရည်များကို ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဘဲ ပါးပြင်ထက် တလိမ့်လိမ့် စီးကျလာတော့သည်။

ဒေါက်…

ခပ်သဲ့သဲ့ အသံတစ်သံ ထွက်ပေါ်လာ၏။

ချန်ရှင်းက သူ့တူများကို ပန်းကန်ပေါ်သို့ ညင်သာစွာ တင်လိုက်ခြင်းဖြစ်သည်။ ထွက်ပေါ်လာသည့် အသံမှာ ခပ်သဲ့သဲ့သာ ဖြစ်သော်လည်း ဝမ်ကွေ့ရှန်း၏ ကျိန်ဆဲသံများကို ချက်ချင်း ရပ်တန့်သွားစေသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုလုံးမှာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

အကြည့်အားလုံးက ချန်ရှင်းအပေါ်သာ စူးစိုက်ကျနေသည်။

သူက ပါးစပ်ကို ဖြည်းညင်းစွာ သုတ်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ဒေါသထွက်နေခြင်း၊ ကျေနပ်နေခြင်း စသည့် မည်သည့်ခံစားချက်ကိုမှ ဖတ်ရှုမရနိုင်ပေ။

ထို့နောက် မျက်ရည်များ စီးကျနေသော ရွှီချင်းချင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ချင်းချင်း...၊ အိမ်ထဲသွားပြီး အိတ်တစ်လုံး သွားယူခဲ့ပါ"

ရွှီချင်းချင်း မှင်တက်သွား၏။ မျက်ရည်အဝိုင်းသား မျက်လုံးလေးများဖြင့် ချန်ရှင်းကို နားမလည်နိုင်စွာ မော့ကြည့်လိုက်မိသည်။

ချန်ရှင်း ဒေါသထွက်ပြီး သူမကို အိမ်ပေါ်မှ နှင်ချတော့မည်ဟု ထင်လိုက်မိသဖြင့် သူမ စိတ်ထဲ အနည်းငယ် ထိတ်လန့်သွားရှာသည်။

သို့သော် သူမ မြင်လိုက်ရသော ချန်ရှင်း၏ မျက်ဝန်းများထဲတွင် မည်သည့်ဒေါသအရိပ်အယောင်မျှ မရှိဘဲ သူမကို စိတ်အေးစေချင်သည့် အရိပ်အယောင်များသာ စိမ့်ဝင်နေသည်။

ထိုအကြည့်က မှော်ဆန်သော အစွမ်းသတ္တိများ ပါဝင်နေသည့်အလား ရွှီချင်းချင်း၏ ထိတ်လန့်နေသော နှလုံးသားလေးကို ချက်ချင်း ငြိမ်းချမ်းသွားစေသည်။

ချန်ရှင်း ဘာလုပ်မည်ကို သူမ မသိသော်လည်း သူ့ကို ခြွင်းချက်မရှိ ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။

သူမ ခေါင်းကို သွက်သွက်ညိတ်ပြလိုက်ပြီး မျက်ရည်များကို သုတ်ကာ နာခံစွာဖြင့် လှည့်ထွက်သွားလေသည်။

မကြာမီမှာပင် ရွှီချင်းချင်းက ဂုန်နီအိတ်တစ်လုံးကို ကိုင်ကာ ပြန်ရောက်လာသည်။

ချန်ရှင်းက ထိုအိတ်ကို လှမ်းယူလိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အခြားတစ်ဖက်ရှိ ယာယီမီးဖိုချောင်သို့ လှည့်ထွက်သွားသည်။

လူတိုင်း၏ အံ့သြမှင်တက်နေသော အကြည့်များအောက်မှာပင် သူက မီးဖိုချောင်ထဲမှ ဖြူဖွေးသန့်စင်နေသော ဂျုံမှုန့် အိတ်တစ်ဝက်ခန့်ကို ထမ်းထုတ်လာခဲ့သည်။ အလေးချိန်ကို ခန့်မှန်းကြည့်ရသလောက် အနည်းဆုံး ပေါင်နှစ်ဆယ်ခန့်တော့ ရှိမည်သာ။

ထို့နောက် ဂျုံအိတ်ကို မြေပြင်ပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်ရာ ဖုန်မှုန့်များ တထောင်းထောင်း ထသွားလေသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လူအားလုံး ပါးစပ်အဟောင်းသားဖြင့် အံ့သြတကြီး ရေရွတ်သံများ ထွက်ပေါ်လာတော့သည်။

“ဒါက ဂျုံကြမ်းတွေ မဟုတ်ဘူး၊ ပြောင်းဖူးမှုန့်တွေလည်း မဟုတ်ဘူး။ ဂျုံမှုန့် အသန့်တွေချည်းပဲ။ ဒီလောက် ဂျုံအိတ်ကြီးတစ်အိတ်ဆိုတာ ပိုက်ဆံဘယ်လောက်တောင် ပေးရပြီး ရိက္ခာလက်မှတ် ဘယ်နှစ်စောင်တောင် ကုန်လိုက်မလဲ”

ဝမ်ကွေ့ရှန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး အသက်ပြင်းပြင်းရှူကာ ထိုဂျုံအိတ်ကို မမှိတ်မသုန် စိုက်ကြည့်နေတော့သည်။

သူမ သတိပြန်မဝင်လာသေးခင် ချန်ရှင်းက ချာခနဲ လှည့်ထွက်သွားပြီး မီးဖိုချောင် အမိုးအောက်တွင် ချိတ်ဆွဲထားသော ဝက်သားတုံးများထဲမှ အဆီနှင့်အသား ရောနေသည့် ဝက်သုံးထပ်သား အတုံးကြီးတစ်တုံးကို လျင်မြန်စွာ လှီးချလိုက်ပြန်သည်။

ထိုအသားတုံးကြီးမှာ အလေးချိန် ငါးပေါင်၊ ခြောက်ပေါင်ခန့် ရှိပြီး ကြောက်ခမန်းလိလိ ထူထဲကာ နေရောင်အောက်တွင် စွဲမက်ဖွယ်ကောင်းလောက်အောင် တလက်လက် တောက်ပြောင်နေလေသည်။

ချန်ရှင်းက အသားတုံးကို ဂုန်နီအိတ်ထဲသို့ ခပ်ပေါ့ပေါ့ပဲ ပစ်ထည့်လိုက်ပြီး အလေးချိန်စီးနေသော အိတ်ကို ဆွဲမလိုက်သည်။ ထို့နောက် မျက်နှာကြီး နီရဲလျက် မြေလျှိုးမိုးပျံ ပျောက်ကွယ်သွားချင်စိတ်ပေါက်နေသည့် ရွှီဖူကွေ့ အနားသို့ လျှောက်သွားကာ သူ့ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"အစ်ကိုကြီး...၊ ဒါ ယူသွားလိုက်ပါ"

သူ့လေသံက အလွန်ရိုးရှင်းသော ကိစ္စတစ်ခုကို ပြောနေသည့်အလား ခပ်ပြတ်ပြတ်ပင်။

ရွှီဖူကွေ့ခမျာ အလေးချိန်စီးနေသော အိတ်ကြီးကို ပွေ့ပိုက်ထားရင်း မီးရဲရဲတောက်နေသော သံပူခဲကြီးကို ကိုင်ထားရသကဲ့သို့ ပူလောင်လွန်းလှသဖြင့် ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေတော့သည်။

သူ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေပြီး စကားတစ်ခွန်းမျှ ထွက်မလာတော့ပေ။ သူ့မျက်နှာကြီးမှာလည်း အဆုံးစွန် နီမြန်းနေလေသည်။

"အို... ငါ့ခဲအိုလေး"

ဝမ်ကွေ့ရှန်းက ပထမဆုံး အသိဝင်လာသူဖြစ်ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်၏။ သူမက ရှေ့သို့ အပြေးအလွှား တိုးသွားကာ ခင်ပွန်းဖြစ်သူ၏ လက်ထဲမှ အိတ်ကို ဆွဲလုလိုက်ပြီး အလေးချိန်ကို စမ်းကြည့်လိုက်၏။ ထို့နောက် သူမ မျက်နှာကြီးမှာ ပါးရေနားရေ တွန့်လုမတတ် ပြုံးဖြီးသွားတော့သည်။

သို့သော်လည်း သူမက မတင်းတိမ်နိုင်သေးပေ။

သူမ၏ လောဘတကြီး အကြည့်များက ချန်ရှင်းအပေါ် ဝေ့ဝဲသွားပြီးနောက် အနားသို့ တိုးကပ်သွားကာ မျက်နှာပေါ်တွင် ဖားယားချင်သော အပြုံးတစ်ခု ပန်ဆင်လျက် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။

"ခဲအိုရေ... ဒီလိုလေ၊ စားစရာလေး ရှိရုံနဲ့တော့ မလောက်သေးဘူးလေ။ တို့ရဲ့ ရှောင်တုလေး ဝတ်ထားတဲ့ အင်္ကျီတွေကလည်း ဖာရာထေးရာတွေနဲ့ချည်းပဲ၊ မကြာခင် အေးတော့မှာဆိုတော့”

"ခဲအိုရဲ့ အရည်အချင်းနဲ့ဆိုရင် အဝတ်အထည် ဝယ်ဖို့ ရိက္ခာလက်မှတ်တွေနဲ့ ပိုက်ဆံတွေ အများကြီး ရှိမှာပေါ့၊ ဟုတ်တယ်မလား။ အထည်စ နည်းနည်းဖြစ်ဖြစ်၊ ပိုက်ဆံ နည်းနည်းဖြစ်ဖြစ် ပေးလိုက်ပါလား၊ ဒါမှ မင်းရဲ့ တူလေးလည်း အင်္ကျီအသစ်လေးတွေ ဝတ်ရမှာပေါ့"

"ဝမ်ကွေ့ရှန်း…၊ ပါးစပ်ပိတ်ထားစမ်း"

အဆုံးစွန် မျိုသိပ်ထားရသော ဒေါသများပါဝင်နေသည့် ခပ်သြသြ ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ရွှီဖူကွေ့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး မျက်လုံးများမှာလည်း သွေးရောင်လွှမ်းကာ နီရဲနေ၏။ သူ ဆက်၍ သည်းမခံနိုင်တော့ပေ။

သူက ပွစိပွစိ ဆက်ပြောနေသေးသည့် ဝမ်ကွေ့ရှန်း၏ လက်မောင်းကို ဆတ်ခနဲ လှမ်းဆွဲလိုက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ပြင်ပသို့ အတင်း ဆွဲခေါ်သွားတော့သည်။

"ဟဲ့ ငကြောက်ကောင်...၊ ငါ့ကို လွှတ်စမ်း။ ငါ ပိုက်ဆံ မရသေးဘူးဟ"

ဝမ်ကွေ့ရှန်းက အော်ဟစ်ကာ ရုန်းကန်နေလေသည်။

သို့သော်လည်း ရွှီဖူကွေ့မှာ ဒေါသထွက်နေသော နွားသိုးကြီးတစ်ကောင်အလား အံ့မခန်း ခွန်အားများ ထွက်ပေါ်နေသည်။

သူက စကားတစ်ခွန်းမှ မပြောနိုင်တော့သော်လည်း ချန်ရှင်းကို သုံးကြိမ်တိုင်တိုင် ခါးညွှတ်ကာ အရိုအသေပေးလိုက်ပြီး နောက်ကိုလှည့်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။

အဓိပ္ပာယ်မဲ့သော ပြဇာတ်တစ်ပုဒ်က နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့လေပြီ။

အလုပ်သမားများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်၊ ချန်ရှင်းကို ကြည့်လိုက်ဖြင့် သူတို့၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့လေးစားမှုများ ပြည့်နှက်နေတော့သည်။

ငြင်းခုန်ခြင်း၊ ကျိန်ဆဲခြင်း၊ တစ်ခုမှ မရှိဘဲ စားစရာနှင့် အသားများကို အသုံးပြု၍ တစ်ဖက်လူကို ပါးစပ်ပိတ်သွားစေခဲ့ခြင်းပင်။

ဤသည်မှာ သဘောထားကြီးမှု သက်သက် မဟုတ်တော့ပေ။ ထိုအရာက လွှမ်းမိုးဖိနှိပ်လိုက်သည့် လုပ်ရပ်တစ်ခုဖြစ်ပြီး မိမိတွင် အကြွင်းမဲ့ အင်အားရှိနေကြောင်း ပြသကာ တစ်ဖက်လူကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။

လူတိုင်း ထွက်ခွာသွားကြပြီးနောက် ရွှီချင်းချင်း၏ စိတ်များ နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။

သူမ ဆက်မထိန်းနိုင်တော့ဘဲ မျက်နှာလေးကို လက်ဖြင့်အုပ်ကာ တအင့်အင့် ရှိုက်ငိုလေတော့သည်။

ထိုရှိုက်ငိုသံများထဲတွင် နာကျင်ခံစားရမှုနှင့် အရှက်ရမှုတို့ ပါဝင်နေသော်လည်း ထိုအရာများထက် ပိုသည်က မိမိကို ခိုင်ခိုင်မာမာ ကာကွယ်ပေးမည့်သူ ရှိနေခြင်းကြောင့် လှိုက်လှိုက်လှဲလှဲ ခံစားရမှုနှင့် ဂုဏ်ယူဝမ်းမြောက်မှုတို့ပင် ဖြစ်သည်။

ချန်ရှင်းက သူမ၏ မေးလေးကို ဆွဲပင့်လိုက်ပြီး ကြမ်းတမ်းသော လက်ချောင်းထိပ်ဖျားများဖြင့် သူမ ပါးပြင်ပေါ်ရှိ မျက်ရည်များကို ညင်သာစွာ ဖယ်ရှားသုတ်သင်ပေးလိုက်သည်။

"ဘာလို့ ငိုနေတာလဲ"

"ကျေးဇူးတင်ပါတယ်"

ရွှီချင်းချင်းက မျက်ရည်ဝဲကာ မော့ကြည့်လိုက်ပြီး တုန်ရီစွာဖြင့်

"မျက်နှာမငယ်ရအောင် လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ယောက်ျား”

ယနေ့ ချန်ရှင်း ပေးလိုက်သော အရာများမှာ သူမ၏ အစ်ကိုနှင့် မရီးအတွက် သက်သက်ပေးလိုက်ခြင်း မဟုတ်ပေ။ ညီမတစ်ယောက်ဖြစ်သည့် သူမ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်နှင့် ဘေးလူများအားလုံးကို ပါးစပ်ပိတ်သွားစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ထားပေသည်။

အခန်း (၅၂) - မိန်းမလှလေးများ ဝန်းရံနေခြင်း၏ ကောင်းကျိုး

"ငတုံးမလေးရာ…”

ချန်ရှင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမအနားသို့ တိုးကပ်ကာ လေသံခပ်တိုးတိုးဖြင့် စနောက်လိုက်သည်။

"ကျေးဇူးတင်ပါတယ်လို့ ပါးစပ်က ပြောရုံနဲ့တင် မလောက်သေးဘူးလေ။ ကိုယ်တိုင်ကိုယ်ကျရော ဘယ်လိုများ ကျေးဇူးဆပ်မလို့လဲ"

နွေးထွေးသော ဝင်သက်ထွက်သက် လေငွေ့များက သူမ၏ နားရွက်ဖျားကို ရစ်သိုင်းသွားလေရာ ရွှီချင်းချင်း၏ ပါးပြင်လေးများ ချက်ချင်း ပူတက်လာပြီး နှလုံးသားကလည်း ဒိန်းခနဲ ထခုန်သွားတော့သည်။

သူမနှင့် အလွန်နီးကပ်နေပြီး ကျီစယ်လိုသော အပြုံးများ ပြည့်နှက်နေသည့် ထိုယောက်ျား၏ မျက်ဝန်းများကို ကြည့်ရင်း သူမမှာ ပြုစားခံလိုက်ရသူတစ်ယောက်လို ဖြစ်သွားလေသည်။ ထို့နောက် ရွာသားများ ရှေ့မှောက်တွင်ပင် ခြေဖျားထောက်လျက် ချန်ရှင်း၏ အေးစက်စက် နှုတ်ခမ်းအစုံကို လျင်မြန်စွာ နမ်းရှိုက်လိုက်တော့သည်။

အလွန်နူးညံ့သော အထိအတွေ့လေးတစ်ခု...။

သို့သော် ထိရုံလေး ထိပြီးသည်နှင့် ချက်ချင်း ပြန်လည်ကင်းကွာသွား၏။

ချန်ရှင်းတစ်ယောက် ဘာဖြစ်သွားမှန်း သတိမထားမိလိုက်ခင်မှာပင် သူမက ထိတ်လန့်သွားသော ယုန်သူငယ်လေးတစ်ကောင်အလား လှည့်ထွက်ကာ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ သူမ၏ ကျောပြင်လေးကို ကြည့်ရုံမျှဖြင့် ဘယ်လောက်ထိ ရှက်သွေးဖြန်းနေပြီး အယောင်ယောင်အမှားမှား ဖြစ်သွားကြောင်း သိသာနေလေသည်။

နူးညံ့သော အထိအတွေ့လေး ကျန်ရစ်နေဆဲဖြစ်သည့် သူ့နှုတ်ခမ်းကို ချန်ရှင်းက အသာအယာ ပွတ်သပ်လိုက်သည်။ သူ တစ်ခဏမျှ မှင်တက်သွားပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

*အမိုက်စားပဲ*

မလှမ်းမကမ်းတွင် ပန်းကန်ဆေးနေသော လင်းရှို့ရှို့က ထိုမြင်ကွင်းအားလုံးကို မြင်တွေ့သွားခဲ့သည်။

ရှက်ရမ်းရမ်းကာ ထွက်ပြေးသွားသော ရွှီချင်းချင်းကို သူမ ကြည့်လိုက်မိသည်။ ထို့နောက် ဖုံးကွယ်ထားခြင်းမရှိ အချစ်ပိုနေသည့် ချန်ရှင်း၏ အပြုံးကို ကြည့်ရင်း သူမ လက်ထဲမှ ပန်းကန်လုံးကို မသိမသာ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။

သူမ မျက်ဝန်းထဲရှိ ထိုအကြည့်များက သူမကိုယ်တိုင်ပင် တစ်ခါမှ မမြင်ဖူးခဲ့သော အကြည့်မျိုးဖြစ်သည်။ ပြင်းရှရှ မနာလို အားကျမှုများပင်။

*ဘယ်မိန်းမကများ ချန်ရှင်းလို ယောက်ျားမျိုး မလိုချင်ဘဲ နေပါ့မလဲ။ သူက အရည်အချင်းရှိတယ်၊ တာဝန်ယူစိတ်ရှိတယ်၊ ပြီးတော့ ကိုယ့်မိန်းမကို ဘယ်လို မြတ်နိုးယုယရမလဲဆိုတာ ကောင်းကောင်း သိတဲ့သူလေ။*

*ရွှီချင်းချင်းကတော့ တကယ်ကို ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးနဲ့ အပျော်ရွှင်ရဆုံး မိန်းမသားပါပဲ။*

လင်းရှို့ရှို့က ခေါင်းငုံ့လိုက်ပြီး သူမ မျက်ဝန်းထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဖုံးကွယ်လိုက်လေသည်။

...

ထိုနောက်ပိုင်းတွင် လင်းရှို့ရှို့က သူတို့ထံ မကြာမကြာ လာရောက်တတ်လေသည်။

သူမက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် မီးဖိုချောင် ကူရုံသက်သက်သာ လာခြင်းမဟုတ်တော့ပေ။

နေ့စဉ် ဆောက်လုပ်ရေးလုပ်ငန်းခွင် သိမ်းပြီးချိန် ရွာသားအားလုံး အိမ်ပြန်သွားကြသော်လည်း သူမကတော့ ကိုယ့်သဘောနှင့်ကိုယ် နောက်ချန်နေရစ်ခဲ့တတ်သည်။

သူမက ချန်ရှင်း၏ ခြံဝင်းထဲသို့ တိတ်တဆိတ် ဝင်လာကာ တံမြက်စည်းတစ်ချောင်းကို ကိုင်လျက် ခြံထဲရှိ အမှိုက်သရိုက်များနှင့် သစ်သားမှုန့်များကို ပြောင်စင်နေအောင် တံမြက်စည်း လှည်းပေးနေတတ်သည်။

ဇလုံထဲတွင် ပုံကျနေသော အဝတ်များကို မြင်သောအခါတွင်လည်း စကားတစ်ခွန်းမှ မဟဘဲ ရေတွင်းဆီသို့ ယူသွားပြီး အင်္ကျီလက်များကို ခေါက်တင်လျက် လျှော်ဖွပ်ပေးနေတတ်သည်။

သူမ၏ လှုပ်ရှားမှုများက သွက်လက်မြန်ဆန်ပြီး အလုပ်လုပ်ရာတွင်လည်း အလွန် စေ့စပ်သေချာလှသည်။ သို့သော် စကားတော့ သိပ်မပြောချေ။

ရွှီချင်းချင်းက ဝင်ကူလုပ်ပေးချင်သော်လည်း သူမက အမြဲတမ်း ပြုံးပြကာ ငြင်းဆန်တတ်ပြီး သူမကိုယ်တိုင်လည်း အားမနေတတ်ကြောင်း အကြောင်းပြတတ်သည်။

သူမအနေဖြင့် ကျေးဇူးဆပ်လို၍ ဤသို့ လုပ်ပေးနေခြင်းဖြစ်ကြောင်း ရွှီချင်းချင်း ကောင်းကောင်းသိထားသဖြင့် အားနာမိသော်လည်း သူမကို ဘယ်လိုမှ တားမရခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်မှာ ညီအစ်မရင်းများသဖွယ် ဖြစ်လာကြပြီး အတော်လေး ရင်းနှီးကျွမ်းဝင်လာကြလေသည်။

ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ယာယီတဲလေးထဲမှာတော့ ရေနံဆီမီးအိမ်တစ်ခုက ညလေပြေအောက်တွင် တဖိတ်ဖိတ် လင်းနေပြီး မီးတောက်လေးကလည်း လူးလွန့်ယိမ်းနွဲ့နေ၏။

ချန်ရှင်းက သစ်သားစားပွဲလေးပေါ်မှ အိမ်ပုံစံကြမ်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားတွေးတောနေသည်။

အိမ်၏ အဓိက ကိုယ်ထည်ပိုင်း အဆောက်အအုံမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် သစ်သားများ၊ တံခါးများနှင့် ပြတင်းပေါက်များကို ကြိုတင် ပြင်ဆင်ထားရတော့မည်ဖြစ်သည်။

ထိုစဉ် တဲအပြင်ဘက်မှ ခပ်ဖွဖွ ခြေသံများကို ကြားလိုက်ရသည်။

ခဏအကြာမှာတော့ တံခါးခေါက်သံတစ်ချက် ညင်သာစွာ ထွက်ပေါ်လာ၏။

"ဝင်လာခဲ့လေ"

တံခါးက ကျွီခနဲ ပွင့်သွားပြီးနောက် လင်းရှို့ရှို့က ရေနွေးဇလုံတစ်လုံးကို ကိုင်ရင်း ခေါင်းလေးငုံ့လျက် ဝင်လာခဲ့သည်။

သူမက ရေမိုးချိုး သန့်စင်ပြီးဖြစ်ကာ အရောင်လွင့်ပြယ်သည်အထိ လျှော်ဖွပ်ထားသော အဝတ်ဟောင်းတစ်စုံကို လဲလှယ်ဝတ်ဆင်ထားသည်။ သူမ၏ ဆံကေသာများမှာ အနည်းငယ် စိုစွတ်နေဆဲဖြစ်ပြီး ပခုံးထက်တွင် လျှောကျနေကာ လန်းဆန်းသော ဆပ်ပြာမွှေးရနံ့ သင်းသင်းလေးက ပျံ့လွင့်နေလေသည်။

"အစ်ကိုချန်...၊ တစ်နေကုန် အလုပ်လုပ်ထားရတော့ ပင်ပန်းနေရောပေါ့။ ခြေထောက်လေး ဘာလေး စိမ်ပြီး အနားယူလိုက်ပါလားဟင်"

သူမက သစ်သားဇလုံကို ချန်ရှင်း၏ ခြေဖဝါးနားတွင် ညင်သာစွာ ချလိုက်ပြီး နှလုံးသားကိုပင် အရည်ပျော်ကျသွားစေနိုင်လောက်အောင် နူးညံ့သော အသံလေးဖြင့် ဆိုလိုက်သည်။

ချန်ရှင်းက သူမကို မော့ကြည့်လိုက်သော်လည်း မငြင်းဆန်ခဲ့ပေ။

လင်းရှို့ရှို့က ဆောင့်ကြောင့်ထိုင်ချလိုက်ကာ စကားတစ်ခွန်းမှ မဆိုဘဲ ချန်ရှင်း၏ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပေးလိုက်၏။ ထို့နောက် ရွှံ့များပေကျံနေသော သူ့ခြေအစုံကို ရေနွေးနွေးထဲသို့ ညင်သာစွာ နှစ်ပေးလိုက်သည်။

သူမ၏ လှုပ်ရှားမှုများက သဘာဝကျပြီး ငြင်းဆန်ရန် ခက်ခဲသော ယုယကြင်နာမှုများ ပါဝင်နေလေသည်။

ရေနွေး၏ အငွေ့အသက်များက သူ့ခြေအစုံကို ချက်ချင်း လွှမ်းခြုံသွားပြီး နွေးထွေးသော ခံစားမှုတစ်ခုက ခြေဖဝါးကနေ ငယ်ထိပ်အထိ တိုက်ရိုက် စီးတက်သွားတော့သည်။ တစ်နေကုန် တင်းမာနေခဲ့သော ချန်ရှင်း၏ အာရုံကြောများ ပြေလျော့သွားကာ သက်တောင့်သက်သာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

လင်းရှို့ရှို့က သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း သူမ၏ လက်သွယ်သွယ်လေးများဖြင့် ခြေထောက်နှင့် ခြေသလုံးများကို ညင်သာစွာ ဆုပ်နယ်ပေးနေသည်။

သူမ ခေါင်းငုံ့ထားသောကြောင့် ဖြူဝင်းနူးညံ့နေသော လည်တိုင်လေး တစ်ပိုင်းတစ်စကို မြင်တွေ့နေရသည်။

သူမ ဝတ်ဆင်ထားသော အရောင်လွင့်နေသည့် အဝတ်ဟောင်းလေးများက ပွယောင်းနေသော်လည်း သူမ၏ အံ့မခန်း ခန္ဓာကိုယ် ကောက်ကြောင်းများကိုတော့ လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ဆောင့်ကြောင့်ထိုင်နေသော ကိုယ်နေဟန်ထားကြောင့် သူမ၏ သွယ်လျသော ခါးလေးနှင့် အချိုးကျ ပြည့်ဖြိုးနေသော တင်ပါးလေးတို့က ရင်သပ်ရှုမောဖွယ်ရာ ကောက်ကြောင်းတစ်ခုကို ပေါ်လွင်နေစေသည်။

တဲလေးထဲတွင် ရေသံများနှင့် မိန်းမပျိုလေး၏ တိုးဖွဖွ အသက်ရှူသံများကိုသာ ကြားနေရလေသည်။

လေထုက အနည်းငယ် ချစ်ငွေ့လျှံလာသလိုပင်။

"မြောင်မြောင် အိပ်သွားပြီလား"

ချန်ရှင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ဟုတ်... အိပ်သွားပါပြီ"

လင်းရှို့ရှို့က ခပ်တိုးတိုး တုံ့ပြန်လိုက်သော်လည်း သူမ၏ လက်များက ဆက်လက် လှုပ်ရှားနေဆဲပင်။

"အခု သမီးလေးက အများကြီး သက်သာသွားပါပြီ၊ ထမင်းလည်း ကောင်းကောင်းစားတယ်၊ ဒါတွေအားလုံးက အစ်ကိုချန်ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ"

"ငါ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးတာပါ"

လင်းရှို့ရှို့ ထပ်မပြောတော့ဘဲ သူမ လက်ကို အားအနည်းငယ် ပိုထည့်ပေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက်မှာတော့ ခြေထောက်ဆေးကြောပေးခြင်း အလုပ် ပြီးဆုံးသွားခဲ့လေပြီ။

ထို့နောက် သူမက ရေသန့်တစ်ဇလုံကို ယူလာကာ တဘက်ကို ရေညှစ်လိုက်ပြီး ချန်ရှင်း မျက်နှာသစ်နိုင်ရန် ကမ်းပေးလိုက်သည်။

အားလုံးပြီးသွားသောအခါ သူမက ထွက်မသွားသေးဘဲ ချန်ရှင်း၏ အနောက်သို့ လျှောက်သွားလိုက်သည်။

"အစ်ကိုချန်...၊ ကျွန်မ... ကျွန်မ အစ်ကို့ကို ကျောလေး ဘာလေး တိုက်ပေးပါရစေ"

ချန်ရှင်း တစ်ခုခု ပြန်မဖြေရသေးခင်မှာပင် နူးညံ့သော လက်ကလေးနှစ်ဖက်က သူ၏ ပခုံးကျယ်များထက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ချန်ရှင်း၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွား၏။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ လက်ချောင်းထိပ်ဖျားလေးများမှ ညင်သာသော အထိအတွေ့ကို ခံစားရင်း သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြေလျော့သွားစေလိုက်သည်။

ညချမ်းအချိန်က ယခုမှ စတင်တော့မည်ဖြစ်လေသည်။

......

All Chapters