← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃) - အထင်သေးခြင်းလေး တဖျတ်

နောက်တစ်နေ့ နံနက်ခင်းအချိန်...

ချန်ရှင်း၏ ခြံဝင်းလေးထဲမှာတော့ လေးထောင့်စားပွဲတစ်လုံးနှင့် ခုံတန်းလျား အနည်းငယ် ရှိနေလေသည်။

စားပွဲထက်တွင် အခိုးတလူလူထွက်နေသော ဖြူဖြူဖွေး ပေါက်စီအိအိလေးများ ရှိနေသည်။ ထို့ပြင် အသားနုပ်နုပ်စင်း ထည့်ထားသော ပျစ်ပျစ်နှစ်နှစ် ဆန်ပြုတ်ပန်းကန်လုံးကြီး တစ်လုံးကိုလည်း တည်ခင်းထား၏။ ထိုဆန်ပြုတ်မှ မွှေးကြိုင်ကြိုင် ရနံ့များက လေထုထဲမှာ ပျံ့လွင့်နေပြီး မြင်ရုံနှင့်ပင် သွားရည်ယိုချင်စရာ ကောင်းလှသည်။

ထိုစားပွဲတွင် ချန်ရှင်း၊ ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့ ဝိုင်းဖွဲ့ထိုင်နေကြသည်။

"အများကြီး စားနော် ယောက်ျား၊ အားပြည့်နေမှ ဖြစ်မယ်"

ရွှီချင်းချင်းက အကြီးဆုံး ပေါက်စီတစ်လုံးကို ကောက်ယူပြီး ချန်ရှင်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ကာ ကြင်ကြင်နာနာ ပြုံးပြလိုက်သည်။

ကျောက်ဖန်းအာက ဘေးမှကြည့်နေရင်း ကြက်သီးထသွားသလို တမင်တကာ အမူအရာပိုပြလိုက်ပြီး နှုတ်ခမ်းကိုစူလျက်

"အဟင်း... ကြည့်လို့ကို မရတော့ဘူး၊ မနက်စောစောစီးစီး အသည်းယားစရာတွေ လာလုပ်ပြနေတာ၊ ရွံဖို့ကောင်းလိုက်တာ"

ရွှီချင်းချင်း မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

ကျောက်ဖန်းအာက ပါးစပ်မှသာ ညည်းညူနေသော်လည်း ရင်ထဲတွင်တော့ အတိုင်းမသိ အားကျနေမိသည်။

သူမက ပေါက်စီလုံးကြီးကို တစ်ကိုက်ကိုက်လိုက်ရင်း ကျန်းမာဝဖြိုးပြီး စိုပြည်တောက်ပနေသည့် ရွှီချင်းချင်း၏ မျက်နှာလေးကို ကြည့်လိုက်မိသည်။ ထို့နောက် သူမကိုယ်သူမ ပြန်လည် ဆင်ခြင်ကြည့်လိုက်သည်။

ချန်ရှင်း ပေးထားသော မျက်နှာလိမ်းခရင်မ်ကို သူမလည်း အသုံးပြုခဲ့သောကြောင့် မျက်နှာအသားအရေက အများကြီး ကောင်းမွန်လာခဲ့သော်လည်း ယောက်ျားတစ်ယောက်၏ အလိုလိုက် မြတ်နိုးယုယခံရမှုကြောင့် ထွက်ပေါ်လာသည့် နူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုမျိုးတော့ သူမမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

ထိုစဉ် ရွာထိပ်မှ ကားအင်ဂျင်သံ အကျယ်ကြီး ထွက်ပေါ်လာတော့သည်။

အစိမ်းရောင် ဂျစ်ကားတစ်စီးက အဝါရောင် ဖုန်လုံးကြီးများ တထောင်းထောင်း ထသွားစေလျက် ရွာထိပ်တွင် ကျွီခနဲ အသံမြည်ကာ ရပ်တန့်သွားသည်။

ထိုဆူညံသံက တောင်ယာလုပ်ရန် စောစောထလာကြသော ရွာသားများစွာ၏ စိတ်အာရုံကို ဆွဲဆောင်သွားလေသည်။

ကားတံခါးက ဒိုင်းခနဲ ပွင့်သွားပြီးနောက် အစိုးရအရာရှိ ဝတ်စုံသစ်ကြီးကို ဝတ်ဆင်ထားပြီး ပြောင်လက်နေအောင် တိုက်ချွတ်ထားသော ရှူးဖိနပ်ကို စီးထားသည့် လူငယ်တစ်ယောက် ကားပေါ်မှ ဆင်းလာခဲ့သည်။

သူကား တခြားသူမဟုတ်၊ ရွှီဝမ်ထောင် ဖြစ်သည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူက မျက်မှောင်ကြုတ်သွားပြီး မညီညာသော မြေသားလမ်းနှင့် ပတ်ဝန်းကျင်ရှိ ယိုင်နဲ့နဲ့ ရွှံ့အိမ်များကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။ ထိုအရာများကို ကြည့်ရသည်မှာ သူကို စော်ကားနေသလို ဖြစ်သည်ဟု ခံစားနေရသည့်အလားပင်။

*ကောင်းကင်ဘုံကတောင် အဖက်မလုပ်တဲ့ နေရာပဲ။ တော်တော်လေး စုတ်ပြာနုံချာလွန်းတယ်။*

ကျောက်ဖန်းအာက စားသောက်ပြီးသွားသဖြင့် မျက်နှာသစ်ရန် ရေတစ်ဇလုံကို ကိုင်ကာ ခြံထဲမှ ထွက်လာခဲ့သည်။ သူမ စိတ်ရွှင်လန်းနေသဖြင့် ရွာထိပ်မှ ဆူညံသံများကို သတိမထားမိခဲ့ပေ။ တံခါးဝသို့ ရောက်သောအခါ ဇလုံထဲမှ ရေများကို သာမန်ကာလျှံကာ သွန်ချလိုက်၏။

ဗွမ်း…

ဗွမ်းခနဲ သွန်ချလိုက်သော ရေတစ်ခွက်က ရွှီဝမ်ထောင်၏ ပြောင်လက်လက် ရှူးဖိနပ်ရှေ့သို့ ကွက်တိ ကျလာသည်။ ထို့အတူ လွင့်စင်လာသော ရွှံ့စက်အချို့ကလည်း

တောက်ပြောင်စင်ကြယ်နေသော သူ့ဖိနပ်ပေါ်တွင် အကျည်းတန်လှသော အစွန်းအထင်းများအဖြစ် နေရာယူသွားလေတော့သည်။

"သောက်ကန်း..."

ရွှီဝမ်ထောင် ဒေါသ ထောင်းခနဲ ထွက်သွားပြီး ဆဲဆိုရန် ပြင်လိုက်မိ၏။

သို့သော် ရေပက်လိုက်သူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ဆဲဆိုတော့မည့် စကားလုံးတို့က လည်ချောင်းမှာ တစ်ဆို့သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။

*ငါ့ရှေ့က မိန်းမက ဘယ်သူပါလိမ့်*

*ကျောက်ဖန်းအာလား...*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*တောအထာ ကျစ်ဆံမြီးလေးနဲ့ ကောင်မလေးက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံမျိုး ဖြစ်လာရတာလဲ*

ကျောက်ဖန်းအာ၏ အသားအရေက ဖြူဖွေးနူးညံ့နေကာ နံနက်ခင်း နေရောင်အောက်တွင် ကျန်းမာစိုပြည်သော အသွင်ဖြင့် ဝင်းလက်တောက်ပနေ၏။ နက်မှောင်ရှည်လျားသော ဆံကေသာက ပခုံးထက်တွင် အလိုက်သင့်လေး ကျဆင်းနေပြီး သူမ၏ မျက်နှာသွယ်သွယ်လေးကို ပိုမိုလှပစေနေလေသည်။

အထိမိဆုံးကတော့ ယုံကြည်မှု အပြည့်ရှိနေပြီး တက်ကြွရွှင်လန်းနေသည့် သူမ၏ မျက်ဝန်းလေးများပင်။

သူမ ဝတ်ဆင်ထားသည့် ရိုးရှင်းသော အဝတ်အစားဟောင်းလေးများကပင် သူမ၏ သွယ်လျ၍ အချိုးကျသော ကိုယ်လုံးလေးကို ပိုမို ပေါ်လွင်နေစေကာ ယခင်ကထက် ဆယ်ဆမက ပိုမိုလှပနေစေတော့သည်။

ရွှီဝမ်ထောင်၏ မျက်ဝန်းများထဲတွင် အလွန်အမင်း အံ့ဩမှင်တက်မှုများ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် ကြီးမားလှသော နောင်တတရားနှင့်အတူ ပြင်းပြသော ပိုင်ဆိုင်လိုစိတ်တို့က သူ့နှလုံးသားထဲသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်ဝင်ရောက်လာတော့သည်။

ဤမျှ တန်ဖိုးကြီးမားလှသည့် ရတနာလေးတစ်ပါးကို သူ ဘယ်လိုများ စွန့်လွှတ်ခဲ့မိပါလိမ့်...။

သူ့မျက်နှာပေါ်မှ အံ့ဩမှုများက တစ်ခဏမျှသာ လျှပ်ပြေးသွားပြီး ချက်ချင်းပင် ဆွဲဆောင်မှုရှိသည်ဟု သူကိုယ်သူထင်နေသော တမင်လုပ်ယူထားသည့် အပြုံးတုကြီး ပေါ်လာတော့သည်။ ထို့နောက် ကြားရသူ မည်သူမဆို အန်ချင်လာနိုင်စွမ်း ရှိသည့် ပျစ်ပျစ်နှစ်နှစ် ရွံရှာဖွယ်ကောင်းသော လေယူလေသိမ်းဖြင့် ဟန်ဆောင်ပန်ဆောင် အတင်းနှုတ်ဆက်တော့သည်။

"ဖန်းအာ...၊ တကယ်ပဲ မင်းလေးကိုး။ အို... မင်းက တစ်နေ့တခြား ပိုပိုပြီး လှလာပါလား"

ထိုစဉ် ကျောက်ဖန်းအာကလည်း သူ့ကို မြင်သွားလေသည်။

ထိုဟန်ဆောင်ကောင်းသော ရုပ်ကြီးကို မြင်လိုက်ရသည့် ခဏမှာပင် သူမမျက်နှာပေါ်ရှိ တောက်ပသောအပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး လမ်းဘေးမှ ရွံစရာကောင်းသော ခွေးချေးပုံတစ်ပုံကို ကြည့်နေသကဲ့သို့ သူမ၏ မျက်ဝန်းများက အေးစက်သွားလေသည်။

သူမက သူ့ကို အဖက်ပင် မလုပ်ချေ။

ကျောက်ဖန်းအာက စကားတစ်ခွန်းမှ မဆိုဘဲ သူ့ကို မျက်စောင်းထိုးပြီး လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ ထို့နောက် ဇလုံအလွတ်ကို ပိုက်ကာ နံစော်နေသော အမှိုက်ပုံးကို ရှောင်ဖယ်သွားသလို သူ့ဘေးမှ ဖြတ်လျှောက်သွားပြီး ခြံဝင်းထဲသို့ တန်းတန်းမတ်မတ် ပြန်ဝင်သွားလေသည်။

ထိုအမူအရာက အလွန်တရာ ရွံရှာစက်ဆုပ်ပြီး အထင်အမြင်သေးလွန်းနေကြောင်း ပေါ်လွင်နေ၏။

ရွှီဝမ်ထောင်၏ မျက်နှာပေါ်မှ အပြုံးတို့က ကားယားကြီး ဖြစ်သွားတော့သည်။

နှုတ်ဆက်ရန် ဆန့်တန်းထားသော သူ့လက်တစ်ဖက်မှာလည်း လေထဲမှာ အဓိပ္ပာယ်မဲ့ တွဲလောင်းကြီး ဖြစ်နေတော့၏။

ပြဇာတ်လာကြည့်သလို စုရုံးနေကြသော ဘေးပတ်လည်ရှိ ရွာသားအချို့က လက်ညှိုးတထိုးထိုးနှင့် တီးတိုးပြောဆိုနေကြပြီး သူတို့၏ အတင်းအဖျင်းစကားသံများနှင့် အောင့်အီးထားသော ရယ်သံများက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ့မျက်နှာမှာ ချက်ချင်းပင် ဖြူရာမှ စိမ်း၊ စိမ်းရာမှ နီလာပြီး နောက်ဆုံးမှာတော့ ဝက်အသည်းကဲ့သို့ မည်းမှောင်သွားတော့သည်။

သူ စွန့်ပစ်ခဲ့ဖူးသော ပညာတတ်မိန်းကလေးတစ်ယောက်၊ သူ မလိုချင်တော့လို့ သုံးပြီး လွှင့်ပစ်ခဲ့သည့် မိန်းမတစ်ယောက်က တစ်ရွာလုံးရှေ့မှာ သူ့ကို ဒီလိုအချိုးမျိုး လာချိုးရဲသည်လား…။

အကြီးအကျယ် အရှက်ကွဲခြင်းနှင့် ဒေါသတရားတို့က သူ့စိတ်ထဲ ပေါက်ကွဲထွက်လာတော့သည်။

*ခွေးမ...*

ရွှီဝမ်ထောင်က စိတ်ထဲကနေ ရက်ရက်စက်စက် ကျိန်ဆဲလိုက်သည်။

*တစ်နေ့ကျရင် နင့်လို ခွေးမမျိုးကို ငါ့ကုတင်ပေါ်မှာ ငိုယိုပြီး တောင်းပန်လာအောင်ကို လုပ်ပြဦးမယ်*

"ဟာ... ညွှန်မှူးရွှီ၊ ညွှန်မှူးရွှီ... လာမယ်ဆိုတာလေး ဘာလို့များ ကြိုမပြောရတာလဲဗျာ။ ကျွန်တော် ရွာထိပ်ကနေ သွားကြိုလို့ ရနေတာပဲဟာကို"

သတင်းရရချင်း ရောက်လာသော ရွာသူကြီး ချန်ကွမ်လင်က အသည်းအသန် ပြေးလာလေသည်။ သူ၏ အရေတွန့်နေသော မျက်နှာပေါ်တွင် မြှောက်ပင့်ဖော်ရွေသော အပြုံးကို တပ်ဆင်ထားပြီး လမ်းတစ်လျှောက်လုံး ခါးတကုန်းကုန်းဖြင့် စားပွဲထိုးတစ်ယောက်လို ပြာယာခတ်နေတော့၏။

ဤမြှောက်ပင့်စကားကြောင့် ရွှီဝမ်ထောင်လည်း အနည်းငယ် မျက်နှာပန်း ပြန်လှသွားရသည်။

သူက ချက်ချင်းပင် အရာရှိဟန်ပန် ပြန်ဖမ်းလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ လက်ကို နောက်ပစ်လိုက်သည်။ ထို့နောက် ချန်ကွမ်လင်၏ ဦးဆောင်မှုအောက်တွင် သူ့နှာခေါင်းပေါက်ကြီး ပွယောင်းယောင်းဖြင့် ရွာကို စတင် စစ်ဆေးရေး ဆင်းလေတော့သည်။

သူက လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ လက်ညှိုးတထိုးထိုးနှင့် ညွှန်ပြနေ၏။

"သီးနှံတွေက ဘာလို့ ဒီလောက်တောင် ကျဲပါးနေရတာလဲ။ ခင်ဗျားတို့ရွာရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေက ဘယ်လိုများ ဖြစ်နေတာလဲ"

"ဒီလမ်းကလည်း ဆိုးရွားလိုက်တာဗျာ။ နေသာတဲ့နေ့ဆို ဖုန်တလုံးလုံး၊ မိုးရွာတဲ့နေ့ဆို ရွှံ့ဗွက်တဗွက်ဗွက်နဲ့...၊ ဒါမျိုးက ဖြစ်သင့်လို့လား"

သူ့စကားများထဲတွင် မြို့ပြနေ လူတန်းစားတစ်ယောက်၏ အထက်စီးဆန်မှုများနှင့် ဗျူရိုကရက်အရာရှိတစ်ယောက်၏ မောက်မာမှုများ အပြည့်အဝ ပါဝင်နေသည်။ သူက စစ်ဆေးရေး လာရောက်သည်နှင့်မတူဘဲ သူ့နယ်မြေကို လှည့်လည်ကြည့်ရှုကာ အပြစ်လိုက်ရှာနေသော ဧကရာဇ်တစ်ပါးနှင့်ပင် တူနေလေတော့သည်။

ချန်ကွမ်လင်မှာ မလုံမလဲ အပြုံးဖြင့် ဘေးမှာရပ်ရင်း အထပ်ထပ် သဘောတူထောက်ခံနေရသော်လည်း စိတ်ထဲမှာတော့ ညည်းတွားနေမိ၏။

သူတို့ လမ်းလျှောက်လာစဉ် မလှမ်းမကမ်းမှ ဆူဆူညံညံ အသံများကို ရုတ်တရက် အာရုံစိုက်မိသွားကြသည်။

အင်္ကျီဗလာဖြင့် ယောက်ျားကြီး ဆယ်ဂဏန်းခန့်က ခွန်အားအပြည့် ကြွေးကြော်နေကြခြင်းဖြစ်သည်။

"အဲဒါ ဘာလုပ်နေကြတာလဲ"

ရွှီဝမ်ထောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ညွှန်မှူးရွှီ... အဲဒါက…၊ အဲဒါက ကျွန်တော်တို့ရွာက ချန်ရှင်းတို့ မိသားစု အိမ်သစ်ဆောက်နေကြတာပါ"

ချန်ကွမ်လင်က ကပျာကယာ ပြန်ဖြေလိုက်၏။

"အိမ်ဆောက်နေတာ..."

ရွှီဝမ်ထောင်က အထင်အမြင်သေးဟန်ဖြင့် လှောင်ရယ်လိုက်သည်။ လယ်သမားတစ်ယောက် အိမ်ဆောက်တာ ဘာများ စိတ်ဝင်စားစရာ ရှိမည်နည်း။

သို့သော် ချန်ကွမ်လင် နောက်မှ လိုက်သွားရင်း အိမ်ဆောက်နေသည့် နေရာတစ်ခုလုံးကို မြင်လိုက်ရချိန်မှာတော့ သူ လုံးဝ အံ့ဩမှင်တက်သွားပြီး မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားလေသည်။

*ဒါဟာ သာမန်လယ်သမားအိမ်လေးမှ မဟုတ်ဘဲ*

အပြာရောင် အုတ်ချပ်များဖြင့် ဆောက်လုပ်ထားသော မြင့်မားသည့် တံတိုင်းကြီးက ပုံပေါ်စပြုနေပြီ ဖြစ်သည်။ ၎င်း၏ အရွယ်အစား၊ ခမ်းနားထည်ဝါမှုနှင့် ပါးနပ်လှသော တည်ဆောက်ပုံ အခင်းအကျင်းတို့မှာ ခရိုင်အဆင့် ဦးဆောင်ကေဒါများ၏ နေအိမ်များထက်ပင် ပိုမို ခမ်းနားထည်ဝါနေသေးသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာတော့ ခပ်တောင့်တောင့် အမျိုးသား ဆယ်ဂဏန်းခန့်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ ဝင်းပနေကြ၏။ သူတို့၏ စိတ်အားထက်သန်မှုက ကုန်ထုတ်လုပ်ရေးအဖွဲ့တွင် လုပ်အားခရမှတ်များအတွက် အလုပ်လုပ်နေချိန်ကထက် ဆယ်ဆမက ပိုမို ပြင်းထန်နေကြသည်။

သူ ပို၍ သည်းမခံနိုင်ဖြစ်ရသည်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ထောင့်ဘက်ရှိ ယာယီမီးဖိုချောင်လေးမှ ပျံ့လွင့်လာသော အလွန်အမင်း မွှေးကြိုင်နေသည့် အသားဟင်းရနံ့ပင်။

အဝေးမှ လွင့်ပျံလာသော တားမနိုင်ဆီးမရ မွှေးရနံ့ကြောင့် သူ့ဗိုက်ထဲမှာ တဂွီဂွီမြည်ကာ သွားရည်ကျလာရတော့သည်။

ရွှီဝမ်ထောင်၏ မျက်နှာမှာ ချက်ချင်းဆိုသလို တင်းမာခက်ထန်သွား၏။

မနာလိုမှု...

ရူးသွပ်လုမတတ် မနာလိုဝန်တိုမှုတွေ…

*စားစရာတောင် လောက်ငအောင် မစားရတဲ့ ငမွဲတောရွာလေးမှာ ဘယ်သူကများ ဒီလိုအိမ်ကြီးကို ဆောက်နိုင်စွမ်း ရှိနေရတာလဲ*

*ဘာလို့လဲ...၊ နိုင်ငံတော်က ထောက်ပံ့တဲ့ ရိက္ခာကို စားနေရတဲ့ သူ့လို မြို့ပေါ်က ကေဒါတစ်ယောက်ထက် တောသားတစ်ယောက်က ပိုကောင်းတဲ့ဘဝကို ဘာလို့ နေထိုင်ခွင့် ရနေရတာလဲ…*

အခန်း (၅၄) - ကိုယ်အရှက်ကိုယ် ပြန်ခွဲမိခြင်း

ရွှီဝမ်ထောင်မှာ သူ၏ အရာရှိဟန်ပန်ကို ဆက်လက် ထိန်းမထားနိုင်တော့ချေ။ သူက လက်ကို နောက်ပစ်လျက် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အလယ်တည့်တည့်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

"အဟမ်း..."

သူက လူအများ၏ အာရုံစိုက်မှုကို ရယူရန် ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီး သရော်တော်တော် လေသံဖြင့် စကားစလိုက်သည်။

"တော်တော့်ကို အကုန်အကျ ခံနိုင်ပါလား။ ချန်ကွမ်လင်...၊ ခင်ဗျားတို့ရွာမှာ ဒီလောက် အရည်အချင်းရှိတဲ့သူ ဘယ်တုန်းက ထွက်ပေါ်လာတာလဲ။ ဒီအိမ်ဆောက်ဖို့ ငွေတွေက တရားဝင်လမ်းကြောင်းက ရတာ ဟုတ်မဟုတ်ဆိုတာကိုတော့ သေချာစုံစမ်းကြည့်မှ ဖြစ်မယ်။ အခုက မှောင်ခိုဈေးကစားပြီး အမြတ်ထုတ်တဲ့ လုပ်ရပ်တွေကို နိုင်ငံတော်က ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့အချိန်ဆိုတော့ သူ့ရဲ့ အမှားကြောင့် တစ်ရွာလုံးကို ဒုက္ခမရောက်စေချင်ဘူးဗျာ"

ဤစကားကို ကြားလိုက်ရချိန်မှာ အလုပ်သမားများ၏ လှုပ်ရှားမှုအားလုံး ရုတ်တရက် ရပ်တန့်သွားပြီး သူတို့၏ ကြွေးကြော်သံများလည်း တိတ်ဆိတ်သွားတော့သည်။

အကြည့်ပေါင်းများစွာက မြို့ပေါ်မှလာသော ထိုကေဒါအရာရှိထံ ရောက်ရှိသွားကြပြီး လေထုက ချက်ချင်းပင် လေးလံသွားတော့၏။

မှောင်ခိုဈေးကစားခြင်း ဆိုသည်ကို သူတို့ နားမလည်ကြသော်လည်း အမှားလုပ်မိသည်နှင့် တစ်ရွာလုံးကို ဒုက္ခရောက်စေမည် ဟူသော စကားလုံးများက အလွန်တရာ အလေးအနက်ရှိသဖြင့် သူတို့ကို ထိတ်လန့်သွားစေသည်။

ချန်ရှင်းကတော့ သပ်ရပ်စွာ စီထားသော သစ်တုံးများပေါ်တွင် ထိုင်နေဆဲဖြစ်၏။ သူ့လက်ထဲတွင် ဓားသွေးကျောက်တစ်တုံးကို ကိုင်ထားပြီး ပုဆိန်သွားတစ်ခုကို ဖြည်းဖြည်းမှန်မှန် သွေးနေလေသည်။

ထက်မြက်နေသော ပုဆိန်သွားက နံနက်ခင်း နေရောင်အောက်တွင် တလက်လက် တောက်ပနေ၏။ သူက ခေါင်းမော့မလာသော်လည်း သူ့နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးရေးရေးတစ်ခု တွဲခိုနေလေသည်။

"အိုဗျာ… ၊ ခင်ဗျား အထင်လွဲနေပါပြီ ညွှန်မှူးရွှီ…။ အကြီးအကျယ် အထင်လွဲနေတာပါ"

ရွာသူကြီး ချန်ကွမ်လင် ထိတ်လန့်သွားပြီး အပြေးကလေး ရှေ့ထွက်လာကာ သူ၏ အရေးအကြောင်းထင်နေသော မျက်နှာအိုကြီးက ဂန္ဓာမာပန်းတစ်ပွင့်လို ပြုံးပြုံးကြီး ဖြစ်နေတော့သည်။

"ဒီငွေတွေက လုံးဝကို တရားဝင်တဲ့ လမ်းကြောင်းကနေ ရထားတာပါ။ အကြွင်းမဲ့ တရားဝင်ပါတယ်ဗျာ။ ကျွန်တော်တို့ရွာက ချန်ရှင်းရဲ့ ငွေတွေပါ။ လွန်ခဲ့တဲ့ အတန်ကြာက တောင်ပေါ်မှာ တောဝက်တွေနဲ့ ကျားတွေ သောင်းကျန်းပြီး သီးနှံတွေကို ဖျက်ဆီး၊ လူတွေကိုပါ ရန်ရှာခဲ့ကြပါတယ်။ အဲဒီအကောင်ဆိုးတွေကို ရှင်းလင်းဖို့ ချန်ရှင်းကပဲ လူတွေကို ဦးဆောင်ပြီး တောင်ပေါ်တက်ခဲ့တာပါဗျာ။ အခုငွေတွေ အကုန်လုံးက တောဝက်သားနဲ့ ကျားသားရေတွေ ရောင်းရလို့ ရလာတဲ့ငွေတွေချည်းပါပဲ။ ခရိုင်ရုံးချုပ်ကလည်း ဒီကိစ္စကို သိထားတဲ့အပြင် သူ့ကို ချီးကျူးဂုဏ်ပြုထားသေးတယ်ဗျ"

"ဒါပေါ့ဗျ"

ချန်ကွမ်လင် စကားပင် မဆုံးသေးခင်မှာပဲ ချန်အယ်တန့်က ပေါက်ပြားကို မြေပြင်ပေါ် ဒိုင်းခနဲ ဆောင့်ချလိုက်ပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။

"ငါတို့ရဲ့ အစ်ကိုချန်က တစ်ရွာလုံးရဲ့ ကျေးဇူးရှင်ကွ။ သူသာမရှိရင် ငါတို့တွေ အခုထိ ငတ်နေကြတုန်းပဲ။ အစ်ကိုချန်ရဲ့ ကျေးဇူးကြောင့်သာ ငါတို့တွေ အခု ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ခွင့်ရပြီး ထမင်းစားတိုင်း အသားဟင်း စားနေရတာ။ ဒါက နှစ်သစ်ကူးတုန်းက စားရတာထက်တောင် ပိုကောင်းနေသေးတယ်။ ခင်ဗျားလို အရာရှိတစ်ယောက်ကများ လူကောင်းတစ်ယောက်ကို ဒီလိုမျိုး လာစွပ်စွဲရဲတယ်ပေါ့လေ"

ချန်အယ်တန့်၏ အော်ဟစ်သံအဆုံးတွင် အခြားသူများထံမှ တခဲနက် ထောက်ခံချက်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"ဟုတ်တယ်...၊ အစ်ကိုချန်က လူကောင်းဗျ"

"ငါတို့အားလုံး အစ်ကိုချန်နဲ့ အလုပ်လုပ်ရတာ စိတ်အချရဆုံးပဲ"

အလုပ်သမားများက တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုလာကြပြီး သူတို့၏ စကားလုံးများထဲတွင် ချန်ရှင်းအပေါ် ကြည်ညိုလေးစားမှုနှင့် ကာကွယ်ပေးလိုစိတ်တို့ အပြည့်အဝ ပါဝင်နေလေသည်။

ရွှီဝမ်ထောင်၏ မျက်နှာအမူအရာက ပို၍ပင် ရုပ်ဆိုးအကျည်းတန်သွားတော့သည်။

ချန်ရှင်းဟုခေါ်သော ဤတောသားတစ်ယောက်က ရွာထဲတွင် ဤမျှလောက် ဩဇာညောင်းလိမ့်မည်ဟု သူ တစ်ခါမှ ထင်မှတ်မထားခဲ့မိပေ။

ထိုစဉ် မလှမ်းမကမ်းရှိ ခြံဝင်းတံခါးဝမှ မိန်းကလေးတစ်ယောက်၏ အသံကြည်ကြည်လေး ထွက်ပေါ်လာ၏။ ထိုအသံတွင် သရော်လှောင်ပြောင်လိုဟန်တချို့လည်း ရောစွက်နေပုံရသည်။

"အို...၊ ဒီလောက်တောင် မောက်မောက်မာမာ ပြောနေတာ ဘယ်သူများပါလိမ့်"

ကျောက်ဖန်းအာက လက်ပိုက်ရင်း တံခါးဘောင်ကို မှီရပ်နေ၏။ သူမ၏ တောက်ပနေသော မျက်ဝန်းများက ရွှီဝမ်ထောင်ကို အထက်အောက် စုန်ဆန်ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင်မူ လှောင်ပြုံးတစ်ခုက ပေါ်တင်ကြီး တွဲခိုနေလေသည်။

"တချို့လူတွေကလေ ကိုယ်တိုင်က ဘာအရည်အချင်းမှ မရှိတော့ သူတစ်ပါး ကြီးပွားတိုးတက်နေတာကို ကြည့်မရ ဖြစ်နေကြတာ။ အစ်ကိုချန်က သူ့ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ ရိုးရိုးသားသား ငွေရှာပြီး အိမ်ဆောက်နေတာပါ။ သူက ရာထူးနေရာလေး နည်းနည်းတက်ဖို့အတွက် စေ့စပ်ထားတဲ့သူကို စွန့်ပစ်ပြီး အထက်တန်းလွှာထဲ ဝင်ဆံ့ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖားယားအောက်ကျို့နေရတဲ့ မျက်နှာချိုသွေး လူချောလေးတချို့ထက်စာရင် အများကြီး ပိုပြီး တာဝန်ယူစိတ် ရှိသေးတယ်ရှင်"

"စေ့စပ်ထားတဲ့သူကို စွန့်ပစ်တာ... ဟုတ်လား"

"မျက်နှာချိုသွေး လူချောလေးတဲ့လား"

ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ရမည်ဆိုလျှင် အလွန်သဘောကျတတ်သော ရွာသားများမှာ ဤစကားများကြောင့် ချက်ချင်းပဲ စိတ်ဝင်စားမှု မြင့်တက်သွားကြတော့သည်။

အကြည့်ပေါင်းများစွာက မျက်နှာကြီး ပြာနှမ်းနေသော ရွှီဝမ်ထောင်နှင့် လှောင်ပြုံးပြုံးနေသော ကျောက်ဖန်းအာတို့နှစ်ဦးကြား ဟိုဟိုဒီဒီ ကူးလူးယှက်ဖြာနေတော့သည်။

စောစောက ရွှီဝမ်ထောင်အပေါ် ပြသခဲ့သည့် ကျောက်ဖန်းအာ၏ ဖုံးကွယ်မထားသော ရွံရှာစက်ဆုပ်မှုများကို ထည့်သွင်းစဉ်းစားလိုက်လျှင် အမှန်တရားက နေလို လလို ထင်ရှားနေလေပြီ။

"ဟေ့... နင်တို့ ကြားလိုက်ကြလား။ သူ စေ့စပ်ထားတဲ့သူကို စွန့်ပစ်ခဲ့တာလို့ ပညာတတ်မိန်းကလေး ကျောက်က ပြောသွားတယ်နော်"

"သူ့ရဲ့ မျက်နှာချိုသွေး လူချောလေးရုပ်ကို ကြည့်လိုက်စမ်းပါ၊ တကယ်ကို..."

"ကျွတ် ကျွတ်... သူက ဒီလိုလူစားမျိုးကိုး။ ဒါကြောင့်လည်း ခုနက ကျောက်ဖန်းအာက သူ့ကို အဖက်မလုပ်တာ ဖြစ်မယ်"

တီးတိုးပြောဆိုသံများ တလိမ့်လိမ့် ထွက်ပေါ်လာပြီး ရွှီဝမ်ထောင်အပေါ် ထားရှိသော ရွာသားများ၏ အကြည့်များကလည်း အထင်ကြီးလေးစားမှုမှသည် ဗြောင်ကျကျ အထင်အမြင်သေး ရွံရှာမှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ရွှီဝမ်ထောင်မှာ လူစည်ကားလှသော ဈေးလယ်ခေါင်တွင် ကိုယ်လုံးတီးဖြင့် အရှက်ခွဲခံရသလို ခံစားလိုက်ရသည်။ အကြည့်တစ်ချက်စီနှင့် ဝေဖန်ပြောဆိုသံ တစ်ခွန်းစီက သူ့မာနကို အပ်နှင့်ထိုးဖောက်နေသကဲ့သို့ပင်။

သူ့မျက်နှာမှာ ပြာနေရာမှ ခရမ်းပုပ်ရောင်သို့ ပြောင်းသွားပြီး နောက်ဆုံးမှာတော့ ဝက်အသည်းလို မည်းမှောင်သွားတော့၏။

လူပုံအလယ်တွင် သူ၏ အကြီးမားဆုံး ဒဏ်ရာကို ထိုးဆွခံလိုက်ရခြင်းက သူ့ကို ဝိုင်းဝန်းရိုက်နှက်ခံရသည်ထက်ပင် ပို၍ နာကျင်စေလေသည်။

"မင်း... မင်း အရမ်းကာရော လျှောက်ပြောနေတာပဲ"

အရှက်ကွဲခြင်းနှင့်အတူ ဒေါသတကြီး ဖြစ်နေသော ရွှီဝမ်ထောင်တစ်ယောက် နောက်ဆုံးတော့ ပေါက်ကွဲထွက်သွားလေပြီ။

သူက ကျောက်ဖန်းအာကို ကတုန်ကရင် လက်ညှိုးထိုးလိုက်ပြီး ဒေါသတကြီး ဆဲရေးတိုင်းထွာတော့သည်။

"အရှက်မရှိတဲ့ မိန်းမ…၊ မင်း ငါ့ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲနေတာပဲ။ အစိုးရအရာရှိတစ်ယောက်ကို အသရေဖျက်နေတာကွ။ ငါကြည့်ရတာ မင်းကိုယ်တိုင်ကသာ အရှက်အကြောက်မရှိဘဲ တောက လူတွေနဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်နေတာ။ စည်းမရှိ ကမ်းမရှိ ရှုပ်ပွေနေတဲ့ မိန်းမပျက်…၊ မင်းရဲ့ စရိုက်မှန်ကို ငါ သိသွားလို့သာ မင်းနဲ့ စေ့စပ်ထားတာကို ဖြတ်ပစ်ခဲ့တာ။ အခုတော့ မင်းကများ ငါ့ကို ပြန်ကိုက်ရဲသေးတယ်ပေါ့လေ"

၁၉၇၀ ခုနှစ်များတွင် ကိုယ်ကျင့်တရား ပျက်ပြားခြင်းနှင့် ရှုပ်ပွေသော မိန်းမပျက် ဟူသည့် စကားလုံးမျိုးမှာ အိမ်ထောင်မရှိသေးသော မိန်းကလေးတစ်ယောက်အတွက် အလွန်တရာ ယုတ်မာရက်စက်သော တိုက်ခိုက်မှုများဖြစ်ပြီး သူမ၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်လေသည်။

ကျောက်ဖန်းအာ၏ မျက်နှာလေးမှာ ချက်ချင်း ဖြူရော်သွား၏။ သူမ ဘယ်လောက်ပဲ မာနကြီးပြီး စိတ်မြန်သူဖြစ်ပါစေ၊ နောက်ဆုံးတော့ သူမက မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်သည်။ လူပုံအလယ်တွင် ယခုကဲ့သို့ မဟုတ်မမှန် စွပ်စွဲစော်ကားခံရခြင်းကြောင့် ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ယင်လာပြီး သူမ၏ မျက်ဝန်းလေးများက ချက်ချင်းဆိုသလို နီရဲလာတော့သည်။

ထိုအချိန်မှာပင်...

"ရှင် အဓိပ္ပာယ်မရှိ လျှောက်မပြောနဲ့"

ငိုမဲ့မဲ့ အော်ဟစ်သံလေးတစ်ခု ထွက်ပေါ်လာသည်။

ရွှီချင်းချင်းမှာ ဆက်လက် အောင့်အည်းမထားနိုင်တော့ချေ။ ဒေါသထွက်နေသော မိခင်ကြက်မကြီးတစ်ကောင်လို အိမ်ထဲမှ ပြေးထွက်လာပြီး လက်နှစ်ဖက်ကို ဆန့်တန်းလျက် ကျောက်ဖန်းအာရှေ့တွင် ခိုင်မာစွာ ဝင်ရပ်လိုက်သည်။

သူမ၏ မျက်နှာလေးမှာ နီရဲနေပြီး ရင်ဘတ်ကလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ ထို့နောက် ကြည်လင်နေသော ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းလေးများဖြင့် ရွှီဝမ်ထောင်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ အသံကျယ်ကျယ် အော်ပြောလိုက်သည်။

"ဖန်းအာကို အဲဒီလို ပြောခွင့် မပေးနိုင်ဘူးနော်"

ရွှီဝမ်ထောင်၏ ဆဲရေးတိုင်းထွာနေမှုများက ရုတ်တရက် ရပ်တန့်သွားသည်။

သူက ဗြုန်းစားကြီး ပေါ်လာသော ရွှီချင်းချင်းကို မျက်လုံးများ ပြူးထွက်လုမတတ် စိုက်ကြည့်နေတော့၏။

*ငါ့ရှေ့က မိန်းကလေးက...*

*ကျောက်ဖန်းအာထက် သုံးဆလောက် ပိုလှတယ်ဟ။ မဟုတ်ဘူး… ဆယ်ဆလောက်ကို ပိုလှတာ*

သူမ၏ အသားအရေက ဖြူဖွေးနူးညံ့နေသည်။ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း သူမ၏ ရင်သပ်ရှုမောဖွယ် ကောက်ကြောင်းအလှကိုတော့ ဖုံးကွယ်မထားနိုင်ချေ။

အထူးသဖြင့် ထိတ်လန့်နေသော်လည်း ရဲဆေးတင်ထားသည့် ဟန်အမူအရာ၊ မျက်ရည်ဝဲဝဲ မျက်ဝန်းလေးများဖြင့် သူ့ကို ခေါင်းမာစွာ စိုက်ကြည့်နေသည့် အသွင်အပြင်လေးပင်။

သူမ၏ နူးညံ့သိမ်မွေ့သော်လည်း စိတ်ဓာတ်ပြင်းပြသည့် သဘာဝလေးက အလွန်တရာ ချစ်စရာကောင်းလွန်းသဖြင့် ရွှီဝမ်ထောင်၏ နှလုံးသားက ချက်ချင်းပဲ လှုပ်ခတ်သွားလေသည်။

သူ့ရင်ဘတ်ထဲမှာ ရမ္မက်လှိုင်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

သူ့မျက်လုံးများထဲရှိ ဒေါသနှင့် အရှက်ရမှုများမှာ အလျင်အမြန် ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ဗြောင်ကျကျ ကာမရာဂစိတ်များနှင့် ဖုံးကွယ်မထားနိုင်သော လောဘရမ္မက်တို့က နေရာယူလာတော့၏။

သူ၏ တဏှာအကြည့်များက ရွံရှာဖွယ်ကောင်းနေပြီး ကျောက်ဖန်းအာနှင့် ရွှီချင်းချင်းတို့၏ အချိုးကျလှပသော ကိုယ်လုံးလေးများကို အရှက်အကြောက်ကင်းမဲ့စွာ လျှာဖြင့် ထိုင်လျက်နေသကဲ့သို့ပင်။

သူ့စိတ်ထဲတွင် ရူးသွပ်လုမတတ် ဟိန်းဟောက်နေသော အတွေးတစ်ချက်သာ ကျန်ရှိတော့သည်။

*သောက်ရမ်း မိုက်လွန်းတဲ့ ညီအစ်မနှစ်ယောက်…၊ သူတို့နှစ်ယောက်လုံးကို ငါ့ကုတင်ပေါ် ရောက်အောင် အသေအချာ ခေါ်နိုင်ရမယ်*

ရွှီဝမ်ထောင်၏ ရမ္မက်အကြည့်များ ပေါ်လာသည့် ထိုအချိန်မှာပင်...

ဒေါက်…

အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။

ချန်ရှင်းက သူ့လက်ထဲရှိ ဓားသွေးကျောက်ကို ဘေးသို့ ပစ်ချလိုက်ခြင်းဖြစ်သည်။

အရိုးထဲထိ စိမ့်ဝင်သွားနိုင်သည့် သတ်ဖြတ်လိုစိတ်တစ်ခုက ချန်ရှင်းထံမှ ပေါက်ကွဲထွက်လာပြီး ချက်ချင်းဆိုသလို ထိုနေရာတစ်ခုလုံးကို မမြင်ရသော ပိုက်ကွန်ကြီးတစ်ခုဖြင့် ဖုံးလွှမ်းသွားသလို ဖြစ်နေတော့သည်။

သတ်ဖြတ်လိုစိတ်က အလွန်တရာ သိသာထင်ရှားလွန်းသဖြင့် သူနှင့် အနီးဆုံးရှိ အလုပ်သမားများပင် မနေနိုင်ဘဲ တုန်ယင်သွားကြပြီး အလိုအလျောက် နောက်ဆုတ်သွားမိကြသည်။

ချန်ရှင်းက ဖြည်းညင်းစွာ ခေါင်းမော့လာ၏။

သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိသော်လည်း မည်းနက်နေသော မျက်ဝန်းများထဲတွင် ယခင်ကလို တည်ငြိမ်မှုများ ရှိမနေတော့ဘဲ အလွန်တရာ နက်ရှိုင်းအေးစက်မှုများသာ ရှိနေတော့သည်။

သူက တလက်လက် တောက်ပနေသည့် ပုဆိန်ကို သစ်သားတုံးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်၏။ ထို့နောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ရွှီဝမ်ထောင်ဆီသို့ လျှောက်လာလေတော့သည်။

All Chapters