← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) - တန်ပြန်နဂါးကြေးခွံ

ချန်ရှင်း တစ်လှမ်းချင်းစီ လျှောက်လာ၏။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြေသားပျော့ပျော့ပေါ် ကျဆင်းသွားသည့် သူ့ခြေလှမ်းတိုင်းက တစ်ချက်လေးမျှ အသံထွက်မလာခဲ့ချေ။

သူ ရှေ့သို့ တစ်လှမ်းတိုးလာလေလေ၊ ပတ်ဝန်းကျင်ရှိ လေထုက ပိုမို အေးစက်လာလေလေ ဖြစ်နေတော့သည်။

သူ့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကြောင့် ဆူညံနေသော လုပ်ငန်းခွင်ကြီးမှာ တစ်ခဏအတွင်း အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားရသည်။

အင်္ကျီဗလာနှင့် တောင့်တင်းသန်မာသော အမျိုးသား ဒါဇင်ပေါင်းများစွာက သူတို့ လုပ်လက်စအလုပ်များကိုတောင် အလိုလို ရပ်လိုက်မိကြသည်။ အားလုံးက အသက်ရှူရန်ပင် မေ့လျော့သွားပြီး ဇက်ကြောများ တောင့်တင်းကာ ကြက်သီးမွေးညင်းများပင် ထလာကြတော့သည်။

ထိုအချိန် ရွှီဝမ်ထောင်ကတော့ ညီအစ်မနှစ်ယောက်စလုံးကို အိပ်ရာထဲ ခေါ်သွင်းရမည်ဟူသော တဏှာစိတ်ကူးပင်လယ်ကြီးထဲ နစ်မွန်းနေဆဲဖြစ်ပြီး သူ့အနားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မည့် အန္တရာယ်ကြီးကို လုံးဝ သတိမထားမိချေ။

ဧရာမ အရိပ်ကြီးတစ်ခုက သူ့တစ်ကိုယ်လုံးကို လုံးဝ ဖုံးလွှမ်းသွားချိန်ရောက်မှသာ သူ မော့ကြည့်လိုက်မိသည်။

နောက်တစ်စက္ကန့်မှာတော့ သူ့မျက်စိရှေ့ မြင်ကွင်းတစ်ခုလုံး ဝါးခနဲ ဖြစ်သွားတော့၏။ သံမဏိသဖွယ် မာကျောတောင့်တင်းနေသော လက်ကြီးတစ်ဖက်က လျှပ်စီးလက်သည့်အဟုန်နှင့် ဝင်ရောက်လာပြီး သူ့လည်မျိုကို ဆုပ်ညှစ်လိုက်ပြီ ဖြစ်သည်။

"အွတ်…"

ရွှီဝမ်ထောင် ပြောချင်နေသည့် စကားလုံးများအားလုံး လည်ချောင်းထဲမှာ တစ်ဆို့သွားတော့သည်။

မလွန်ဆန်နိုင်လောက်အောင် ပြင်းထန်လှသော အင်အားတစ်ခု ကျရောက်လာပြီး ပေါင်တစ်ရာကျော် အလေးချိန်ရှိသည့် သူ့ခန္ဓာကိုယ်ကြီးမှာ ကြက်ပေါက်စလေး တစ်ကောင်ကို ဆွဲမလိုက်သကဲ့သို့ မြေပြင်ပေါ်မှ အလွယ်တကူ မြောက်တက်သွားတော့သည်။

အသက်ရှူမဝတော့ဘဲ လေးလံမွန်းကျပ်လာသည့် ခံစားချက်က သူ့တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

ရွှီဝမ်ထောင်ခမျာ လေထဲတွင် ယက်ကန်ယက်ကန်နှင့် အသည်းအသန် ရုန်းကန်နေပြီး သူ့လည်ပင်းကို ညှစ်ထားသော လက်ကြီးကို ခွာချရန် အသေအလဲ ကြိုးစားနေရသည်။ သို့ရာတွင် ထိုလက်ကြီးမှာ သံမဏိတုံးကြီးအလား မာကျောနေပြီး တစ်စက်ကလေးမျှ ဖြည်မရချေ။

သူ့မျက်နှာမှာ လျင်မြန်စွာ နီရဲလာပြီး သိပ်မကြာခင်မှာပင် ခရမ်းပုပ်ရောင်သို့ ပြောင်းလဲသွားသည်။ အောက်ဆီဂျင် ပြတ်တောက်လာမှုကြောင့် သူ့မျက်လုံးကြီးများက အပြင်သို့ ပြူးထွက်လုမတတ် ဖြစ်လာကာ ထိုမျက်လုံးများထဲတွင် အဆုံးစွန် အကြောက်တရားနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေလေသည်။

"ဟယ်…"

ဘေးပတ်ဝန်းကျင်ရှိ ရွာသားများမှာ အံ့ဩတုန်လှုပ်လွန်းသဖြင့် အာမေဍိတ်သံများ အသီးသီး ထွက်ပေါ်လာကြပြီး ကြောက်တတ်သူများဆိုလျှင် သူတို့ ပါးစပ်များကိုပင် လက်ဖြင့် အုပ်ထားမိကြသည်။

ရွာသူကြီး ချန်ကွမ်လင်လည်း အလွန်အမင်း ထိတ်လန့်သွားလွန်းသဖြင့် မြေပေါ်သို့ ခွေခေါက်ကျလုမတတ် ဖြစ်သွားရရှာသည်။

သူ့ဦးနှောက်ထဲတွင် ဗလာကျင်းသွားပြီး နှလုံးခုန်နှုန်းပင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

*ဘုရားရေ... မိုးပြိုကုန်ပြီ*

*ချန်ရှင်းက ခရိုင်အရာရှိကိုတောင် လက်ပါဝံ့တယ်ဆိုတော့... ဒါဟာ အင်မတန် ကြီးလေးလှတဲ့ ရာဇဝတ်မှုကြီးပဲ*

သို့သော် ချန်ရှင်းကတော့ ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမှ ဂရုစိုက်မနေခဲ့ချေ။

ရေခဲတုံးနှစ်တုံးအလား အေးစက်ခက်ထန်နေသော မည်းနက်နက် မျက်ဝန်းအစုံက သူ့လက်ထဲတွင် သေလုမျောပါး ရုန်းကန်နေရသည့် ရွှီဝမ်ထောင်အပေါ်မှာသာ စူးစိုက်ကျရောက်နေလေတော့သည်။

ချန်ရှင်းက ရွှီဝမ်ထောင်ကို သူအရှေ့သို့ ဖြည်းညင်းစွာ ဆွဲယူလိုက်ပြီးနောက် ထိုသူ၏ နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူပြောလိုက်သော စကားလုံး တစ်လုံးချင်းစီတိုင်းက အရိုးကွဲမတတ် အေးစက်ခက်ထန်နေလေသည်။

"မင်းရဲ့ ခွေးမျက်လုံးတွေနဲ့ သူတို့ကို ထပ်ကြည့်ရဲ ကြည့်စမ်း...။ အဲဒီ မျက်လုံးတွေကို ဖောက်ထုတ်ပြီး မင်း ပါးစပ်ထဲကို ငါကိုယ်တိုင် ပြန်ထိုးထည့်ပေးမယ်"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချန်ရှင်းက ဆုပ်ညှစ်ထားမှုကို ဖြေလျှော့ပေးလိုက်သည်။

ဘုန်း…

ရွှီဝမ်ထောင်၏ အတ္တဘောကြီးမှာ အမှိုက်အိတ်တစ်အိတ်အလား မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။ လည်ပင်းမှ ချုပ်နှောင်မှု ဖယ်ရှားခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူက လည်မျိုကို ချက်ချင်း ဆုပ်ကိုင်ကာ အသည်းအသန် ချောင်းဆိုးတော့သည်။ လေကို လောဘတကြီး အပြင်းအထန် ရှူသွင်းနေရသည်မှာ အဆုတ်များ ကွဲထွက်လုမတတ်ပင်။ မျက်ရည်များ၊ နှပ်များ ပေပွလာသည်အထိ ဆက်တိုက် ချောင်းဆိုးနေလေတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အနံ့စူးစူး အရည်များက သူ့ခန္ဓာကိုယ်အောက်မှ လျင်မြန်စွာ စိမ့်ထွက်လာပြီး ပေါင်ခြံတစ်ဝိုက် စိုရွှဲသွား၏။ ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် အကွက်ကြီးတစ်ကွက် ပေါ်လာလေပြီ။

သူ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သေးထွက်ကျသွားခြင်းပင်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံး လူသူကင်းမဲ့နေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။ ရွှီဝမ်ထောင်၏ တစ်ဟွတ်ဟွတ် ချောင်းဆိုးသံနှင့် ပြင်းပြင်းထန်ထန် အသက်ရှူသံများကိုသာ ကြားနေရ၏။

သူ ထိတ်လန့်တကြား မော့ကြည့်လိုက်ချိန်တွင် ချန်ရှင်း၏ ခံစားချက် ကင်းမဲ့နေသော မျက်ဝန်းများနှင့် ဆုံတွေ့သွားသည်။ ကြွက်တစ်ကောင်က ၎င်း၏ သဘာဝရန်သူကို မြင်လိုက်ရသကဲ့သို့ ခန္ဓာရော ဝိညာဉ်ရော တုန်လှုပ်ချောက်ချား သွားရတော့သည်။

သူက စကားကြမ်းတစ်ခွန်းလေးတောင် ထပ်မဟရဲတော့ဘဲ မြေပြင်ပေါ်တွင် ခြေလေးဖက်ထောက်ကာ နောက်သို့ ဆုတ်သွား၏။ စစ်ဆေးရေးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အလူးအလဲထပြီး ရွာထိပ်ရှိ အစိမ်းရောင် ဂျစ်ကားလေးဆီသို့ အသည်းအသန် ပြေးသွားလေတော့သည်။

ကားတံခါးကို ကပျာကယာ ဖွင့်ပြီး ယာဉ်မောင်းခုံပေါ် သူ တက်ထိုင်လိုက်၏။ တစ်စက္ကန့်လေးမျှပင် အချိန်မဆွဲရဲတော့ချေ။

သို့သော်လည်း ကားပေါ် မတက်မီလေးတွင် သူက ချန်ရှင်း၊ ကျောက်ဖန်းအာနှင့် ရွှီချင်းချင်းတို့ထံသို့ အလွန်တရာ အငြိုးကြီးမားလှသော အကြည့်တစ်ချက်ဖြင့် လှည့်ကြည့်သွားခဲ့သေးသည်။

ဝူး…

သူ့ကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့သည့် ဤနေရာမှနေ၍ ဂျစ်ကားလေးကို ဖုန်တလုံးလုံး ထအောင် မောင်းပြေးသွားခဲ့လေပြီ။

ရွှီဝမ်ထောင် ထွက်ပြေးသွားသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ပေါ်ရှိ သုဿာန်တမျှ တိတ်ဆိတ်ငြိမ်သက်နေမှုကြီးမှာ တစ်စက်ကလေးမှ လျော့ကျသွားခြင်း မရှိချေ။

လူတိုင်းမှာ အောက်လမ်းဖြင့် အပင်းသွင်းခံထားရသူများအလား နေရာမှာပင် ကျောက်ရုပ်ကြီးများလို အေးခဲရပ်တန့်နေကြသည်။

အကြည့်ပေါင်းများစွာက ချန်ရှင်းထံသို့ စူးစိုက်ကျရောက်နေ၏။ ထိုမျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများ ရှိနေသော်လည်း ၎င်းတို့ထက် ပိုမို ကြီးမားနေသည်ကတော့ ကိုးကွယ်ပူဇော်ချင်လုမတတ် အထင်ကြီး လေးစားမှုများပင်။

ဤယောက်ျားက တော်ဝင်မုဆိုး တစ်ယောက်၊ အရည်အချင်းရှိသူ တစ်ယောက် ဖြစ်ရုံသာမက သူ့မိန်းမအတွက်ဆို ကောင်းကင်ကြီးကိုပင် အပေါက်ဖောက်ရဲသည့် သွေးအေးရက်စက်သူ တစ်ယောက်လည်း ဖြစ်နေပေသည်။

ခြံဝင်းတံခါးဝမှာတော့ ကျောက်ဖန်းအာ၏ အတင်းအကျပ် ဟန်ဆောင်ထိန်းချုပ်ထားခဲ့ရသော မာကျောသည့် အမူအရာများက ရွှီဝမ်ထောင် ထွက်ပြေးသွားသည့် အခိုက်အတန့်မှာပင် လုံးဝ ပြိုကျသွားတော့သည်။

သူမ၏ ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းသွားပြီး အနောက်တွင်ရှိသော ရွှီချင်းချင်း၏ ကိုယ်ပေါ်သို့ ခွေခနဲ မှီကျသွား၏။ သူမ၏ မျက်ဝန်းများမှာလည်း ချက်ချင်းပင် နီရဲလာတော့သည်။

ရွှီချင်းချင်းက သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး ကျောပြင်ကို ညင်သာစွာ ပုတ်ပေးနေ၏။ သူမ၏ မျက်နှာပေါ်တွင်လည်း ဆို့နင့်နေသည့် အရိပ်အယောင်များ အပြည့်အဝ ပေါ်လွင်နေလေသည်။

သူမ ရင်ခွင်ထဲရှိ အချစ်ဆုံးသူငယ်ချင်းလေး တုန်ယင်နေသည်ကို သူမ ခံစားသိရှိနိုင်ပေသည်။ ထိုအရာက အရှက်ခွဲခံရမှုကြောင့် ပေါ်ပေါက်လာသော ဒေါသဖြစ်သလို၊ အန္တရာယ်ဘေးမှ သီသီလေး လွတ်မြောက်လာပြီးနောက် ကျန်ရစ်နေခဲ့သော ကြောက်ရွံ့မှုများလည်း ဖြစ်ပေသည်။

သူမ ခေါင်းမော့လိုက်ပြီး မလှမ်းမကမ်းတွင်ရှိသော အမျိုးသား၏ အရပ်မြင့်မြင့်၊ ခန့်ညားထည်ဝါသော ကျောပြင်ကျယ်ကြီးကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ယခင်က စိုးရိမ်တကြီး ခုန်ပေါက်နေခဲ့သော သူမ၏ နှလုံးသားလေးမှာ နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။ ၎င်းနေရာတွင် အနှိုင်းမဲ့ ငြိမ်းချမ်းမှုနှင့် မြတ်နိုးမှုတို့ အစားထိုး ဝင်ရောက်လာခဲ့လေပြီ။

ဒါဟာ... သူမရဲ့ ယောကျာ်းပါပဲ…။

...

ထိုညတွင် ကျောက်ဖန်းအာတစ်ယောက် ပညာတတ်လူငယ်များ နေထိုင်ရာ အဆောင်သို့ ပြန်မသွားတော့ဘဲ ရွှီချင်းချင်း၏ အိမ်တွင်သာ ညအိပ်လိုက်သည်။

ည၏ တိတ်ဆိတ်ငြိမ်သက်မှုထဲတွင် ရေနံဆီမီးခွက်၏ အလင်းရောင်အောက်၌ အမျိုးသမီး နှစ်ဦးမှာ အိပ်ရာထက် လှဲလျောင်းနေကြပြီး နှစ်ကိုယ်ကြားစကားများ တိုးတိုးတိတ်တိတ် ပြောနေကြလေသည်။

တစ်နေ့တာလုံး ခံစားခဲ့ရသော ကြောက်ရွံ့မှုများနှင့် နာကျင်မှုများက ယခုအချိန်မှာတော့ နောက်ဆုံး လွတ်မြောက်ရာကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

ကျောက်ဖန်းအာတစ်ယောက် ဟန်မဆောင်နိုင်တော့ပေ။ သူမ၏ ခေါင်းကို ရွှီချင်းချင်း၏ ရင်ခွင်ထဲ အတင်းတိုးဝှက်လိုက်၏။ ထို့နောက် အချိန်အကြာကြီး ဖိနှိပ်ထားခဲ့ရသော ရှိုက်ငိုသံများ ပေါက်ကွဲထွက်လာတော့သည်။

"သူက တိရစ္ဆာန်ပဲ…၊ လူယုတ်မာကောင်…"

ကျောက်ဖန်းအာက ငိုယိုနေရင်းဖြင့် ရွှီဝမ်ထောင်နှင့် သူမ၏ အတိတ်ဇာတ်ကြောင်းများကို စိတ်စေရာအတိုင်း ပြန်လည် ပြောပြနေလေသည်။

အမှန်တော့ သူတို့ မိသားစုနှစ်စုက ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေဟောင်းများ ဖြစ်ကြပြီး သူမ တောနယ်သို့ မဆင်းလာမီကတည်းကပင် သူတို့နှစ်ဦး စေ့စပ်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်က ရွှီဝမ်ထောင်သည် သူမဆီမှာ မျက်နှာရစေရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး ချိုသာသော စကားများဖြင့် အမွှမ်းတင်ကာ ထာဝရ ချစ်သွားမည်ဟု ကတိကဝတ် ပြုခဲ့ဖူးသည်။ ထို့အပြင် သူမ မြို့သို့ ပြန်လာမည့်အချိန်ကို စောင့်နေမည်ဟုလည်း ဆိုခဲ့သေးသည်။

သို့သော်လည်း သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီဝမ်ထောင်၏ သဘောထားက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူ၏ ကိုယ်ပိုင် အနာဂတ်အတွက်နှင့် မြို့ပေါ်တွင် အလုပ်ကောင်းကောင်း တစ်ခုဖြင့် နေထိုင်နိုင်ရန်အတွက်ဟု ဆိုပြီး သူစေ့စပ်ထားသည့် တောနယ်သို့ ဆင်းလာသော ပညာတတ် မိန်းကလေးကို ရက်ရက်စက်စက် စွန့်ပစ်ခဲ့သည်။ စက်မှုဗျူရို ညွှန်ကြားရေးမှူး၏ သမီးကို ပြန်လည် ပိုးပန်းခဲ့၏။ သူ့ယောက္ခမ၏ အဆက်အသွယ်များကြောင့်သာ သူက ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ရခြင်းပင်။

"ငါတို့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ သူ စာရေးပြီး ပြောခဲ့တယ်။ ငါတို့က ကမ္ဘာခြားသွားပြီတဲ့လေ…”

ကျောက်ဖန်းအာက ရှိုက်ငိုနေရင်းပင် မိမိကိုယ်ကို လှောင်ပြောင်မှုများနှင့် နှလုံးကွဲကြေမှုများ ပြည့်နှက်နေသည့် လေသံဖြင့် ဆိုလာသည်။

"အဲဒီတုန်းက ငါ အရမ်း အထင်သေးခံခဲ့ရတာ၊ သူ့စကားတွေကို ယုံပြီး ငါတို့ကြားမှာ တကယ်ပဲ ကွာဟချက်တွေ ရှိနေပြီလို့ ထင်ခဲ့တာ။ နောက်ပိုင်းမှ ငါ သိခဲ့ရတာက ငါတို့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီး နောက်လမှာပဲ သူက ညွှန်ကြားရေးမှူးရဲ့ သမီးနဲ့ လက်ထပ်သွားခဲ့တာတဲ့လေ"

ရွှီချင်းချင်း တစ်ယောက် သူမ၏ သွေးများ ဆောင့်တက်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးပင် တုန်ယင်လာတော့သည်။

ထို့နောက် သူမ၏ အချစ်ဆုံးသူငယ်ချင်းလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး ဒေါသထွက်လွန်း၍ မျက်ရည်များ စီးကျလာကာ အံကိုကြိတ်လျက် ကျိန်ဆဲလိုက်သည်။

"အဲဒီ သေချင်းဆိုး လူယုတ်မာကောင်…၊ ဘာလို့ ချက်ချင်း သေမသွားတာလဲ"

အမျိုးသမီး နှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြ၏။ တစ်ယောက်က ရှိုက်ငိုရင်း သူမ၏ နာကျင်မှုများကို ဖွင့်ဟနေပြီး ကျန်တစ်ယောက်ကမူ တရားမျှတမှုအတွက် ဒေါသထွက်ကာ ရွှီဝမ်ထောင်ကို အပြင်းအထန် ကျိန်ဆဲနေလေသည်။

အခန်းအပြင်ဘက် မှောင်ရိပ်ထဲမှာတော့ ချန်ရှင်းတစ်ယောက် တံခါးဘောင်ကို မှီလျက် တိတ်ဆိတ်စွာ ရပ်နေပြီး အထဲမှ စကားလုံး တစ်လုံးချင်းစီကို နားထောင်နေခဲ့သည်။

ညလေပြေက တဖြူးဖြူး တိုက်ခတ်သွားသော်လည်း သူ့မျက်နှာအမူအရာကတော့ တစ်စက်ကလေးမှ ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် သူ၏ မည်းနက်သော မျက်ဝန်းများကမူ ရေခဲတမျှ အေးစက်နေလေသည်။

အချိန်အတော်ကြာပြီးနောက် သူက ခါးမတ်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။

အိမ်ထဲမှ ငိုသံများနှင့် ကျိန်ဆဲသံများ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့ နှစ်ဦးစလုံးမှာ မျက်လုံးများ နီရဲနေကြပြီး ချန်ရှင်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ချန်ရှင်းက ကုတင်ဘေးသို့ လျှောက်သွားလိုက်ပြီး အတူတူ ငိုနေကြသော အမျိုးသမီးနှစ်ဦးကို ကြည့်လိုက်သည်။ မှိန်ပျပျ အလင်းရောင်က သူ့မျက်နှာပေါ်တွင် နက်ရှိုင်းသော အရိပ်များကို ကျရောက်နေစေလေသည်။

သူက နှစ်သိမ့်စကား တစ်ခွန်းမှ မဆိုဘဲ အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ဒီကိစ္စက ပြီးသေးတာ မဟုတ်ဘူး"

ကျောက်ဖန်းအာနှင့် ရွှီချင်းချင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။

ချန်ရှင်းက သူတို့ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။

"ရွှီဝမ်ထောင်လို လူယုတ်မာမျိုးက ဒီနေ့လိုမျိုး အရှုံးနဲ့ ရင်ဆိုင်ရပြီး အရှက်ကွဲခဲ့ရတာကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး။ သူက သူ့လက်ထဲမှာရှိတဲ့ အာဏာကို သုံးပြီး ငါတို့ကို လက်စားချေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလာလိမ့်မယ်"

အခန်း (၅၆) - ဓာတ်မြေဩဇာ အရှုပ်တော်ပုံ

ဝမ်းနည်းမှုနှင့် ဒေါသစိတ်များထဲ နစ်မွန်းနေခဲ့ကြသော အမျိုးသမီး နှစ်ဦးစလုံးမှာ ချက်ချင်းပင် အသိစိတ် ပြန်ဝင်လာကြသည်။

သူတို့၏ ငိုသံများ ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုများ တစ်ပြိုင်နက်တည်း ပေါ်လွင်လာတော့သည်။

ဟုတ်ပေသည်။ ရွှီဝမ်ထောင်က ခရိုင်ရုံး၏ ဒုတိယ ညွှန်ကြားရေးမှူး၊ အရာရှိတစ်ဦး ဖြစ်ပေသည်။

ယနေ့ ချန်ရှင်းက သူ့ကို တစ်ရွာလုံး ရှေ့တွင် လည်ပင်းညှစ်ခဲ့ရုံသာမက ဘောင်းဘီထဲ သေးထွက်ကျသည်အထိ အရှက်ခွဲခဲ့သေးသည်။ ဤကိစ္စက ကြီးမားလှသော အငြိုးအတေးကြီး တစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

ရွှီဝမ်ထောင်၏ လက်စားချေတတ်သော သဘာဝအရ သူက ဤကိစ္စကို ဒီအတိုင်း လွှတ်ထားပေးမည်ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

"ဒါဆို... ကျွန်မတို့ ဘာလုပ်ကြမလဲဟင်"

ရွှီချင်းချင်းက စိုးရိမ်တကြီးဖြင့် ချန်ရှင်း၏ အင်္ကျီစကို ဆုပ်ကိုင်လိုက်ပြီး တုန်ယင်စွာ မေးလိုက်သည်။

ကျောက်ဖန်းအာလည်း မတ်မတ်ထိုင်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စိုရွှဲနေဆဲ ဖြစ်ပြီး မျက်ဝန်းများထဲမှာတော့ စိုးရိမ်ပူပန်မှုများ ပြည့်နေလေသည်။

ရွှီဝမ်ထောင်က သူမအပေါ် လက်စားချေမည်ကို မကြောက်သော်လည်း ချန်ရှင်းကိုပါ ဆွဲထည့်မည်ကိုတော့ ကြောက်မိပေသည်။

သူတို့၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို မြင်သောအခါ ချန်ရှင်းက နောက်ဆုံးမှာတော့ အားပေးနှစ်သိမ့်မှုနှင့် ယုံကြည်ချက်ရှိမှုတို့ ပါဝင်နေသည့် အပြုံးဖျော့ဖျော့လေး တစ်ခုကို ထုတ်ပြလိုက်သည်။

သူက လက်လှမ်းလိုက်ပြီး ရွှီချင်းချင်း၏ ဆံပင်လေးများကို ဆွဲဖွလိုက်ကာ

"ဘာမှမဖြစ်ပါဘူး"

"ရန်သူတွေ ချီတက်လာရင် စစ်သူကြီးက တားလိမ့်မယ်။ ရေကြီးလာရင် မြေကြီးက တမံလုပ်ပြီး ကာဆီးထားလိမ့်မယ်"

(TN - တရုတ်စကားပုံတစ်ခုပါ။)

......

နောက်တစ်နေ့ နံနက်ခင်း၊ ချန်ရှင်း၏ ခြံဝင်းအတွင်း၌...

စားပွဲပေါ်တွင် ပေါက်စီဖြူဖြူများနှင့် အသားဆန်ပြုတ်တို့ ရှိနေဆဲ ဖြစ်သော်လည်း လေထုထဲတွင် ယခင်ကလို နွေးထွေးမှုမျိုး မရှိတော့ချေ။

ရွှီချင်းချင်းက ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း သောက်နေပြီး စိုးရိမ်တကြီး မျက်လုံးလေးများဖြင့် ချန်ရှင်းထံသို့ ရံဖန်ရံခါ လှမ်းကြည့်နေလေသည်။

ကျောက်ဖန်းအာမှာမူ ခံတွင်းသိပ်မတွေ့သဖြင့် သူမ လက်ထဲရှိ ပေါက်စီကိုသာ ဟိုလှည့်ဒီလှည့် လုပ်နေပြီး မျက်မှောင်ကြုတ်ထားလေသည်။

မနေ့ညက ချန်ရှင်း ပြောခဲ့သော စကားများက သူတို့၏ နှလုံးသားထဲတွင် လေးလံစွာ ဖိစီးနေခဲ့သည်။

*ရွှီဝမ်ထောင်ရဲ့ လက်စားချေမှုက ဘာများ ဖြစ်လာမလဲ*

ထိုအချိန် ရုတ်တရက် ခြံဝင်းတံခါးဝမှ ကမန်းကတန်း ပြေးလာသော ခြေသံများ ထွက်ပေါ်လာပြီး လူရိပ်တစ်ခုက ဒယီးဒယိုင် ဝင်လာလေသည်။

ထိုသူကား ရွာသူကြီး ချန်ကွမ်လင်ပင်။

သူက ပုံမှန်ဆိုလျှင် ခါးကိုဆန့်ပြီး မတ်မတ်ရပ်လေ့ရှိသော်လည်း ယခုမူ ဘာခွန်အားမှ မရှိတော့သလို ဖြစ်နေလေသည်။

သူ၏ အိုမင်းနေသော မျက်နှာကြီးမှာ ပြာနှမ်းနေပြီး နဖူးပေါ်တွင်လည်း ချွေးစေးများ ပျံနေကာ အပြင်းအထန် အမောဆို့နေလေသည်။ သူက ပါးစပ်ကို ဖွင့်ထားသော်လည်း အချိန်အတော်ကြာသည်အထိ အသံတစ်သံမှ ထွက်မလာခဲ့ချေ။ မိုးကောင်းကင်ကြီး ပြိုကျလာတော့မည့်အတိုင်းပင်။

"ရွာသူကြီး... ဘာဖြစ်လာတာလဲ"

ချန်ရှင်းက တူများကို ချထားလိုက်ပြီး မတ်တပ်ရပ်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

"ချန်... မစ္စတာချန်..."

ချန်ကွမ်လင်က တံခါးဘောင်ကို မှီလျက် အပြင်းအထန် အမောဆို့နေလေသည်။ နောက်ဆုံးတွင် သူက အသက်ရှူမှန်သွားပြီး သူ့အသံများက အထိန်းအကွပ်မဲ့စွာ တုန်ယင်နေလျက်

"ပြဿနာအကြီးကြီး တက်ပြီ။ တော်တော်ကြီးတဲ့ ပြဿနာကြီးပဲ"

သူက ရွာထိပ်ဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး သူ့နှုတ်ခမ်းများမှာ တုန်ယင်နေကာ ငိုသံပါကြီးဖြင့် ဆိုလာသည်။

"ခရိုင်က... ခရိုင်ရုံးက အခုလေးတင် လူတွေ လွှတ်လိုက်တယ်။ သူတို့က အမိန့်ကြေညာချက်တစ်ခု ထုတ်လိုက်တယ်"

ချန်ကွမ်လင်က သူ့ပေါင်ကို ရုတ်တရက် ပုတ်လိုက်ပြီး မျက်လုံးများ နီရဲလာလျက်

"ကြေညာချက်ထဲမှာ ပြောထားတာက ဒီနှစ် ခရိုင်က... ခရိုင်ရဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး ထောက်ပံ့မှုက အရမ်းကို ကျပ်တည်းနေတယ်တဲ့။ ပြီးတော့ ဦးစားပေးအနေနဲ့… အဓိက ထုတ်လုပ်ရေး ယူနစ်တွေကို ဦးစားပေးရမယ်တဲ့လေ"

ဤနေရာသို့ ရောက်သောအခါ သူက ဆက်လက်၍ ထိန်းမထားနိုင်တော့ဘဲ မျှော်လင့်ချက်မဲ့နေသော ရှိုက်ငိုသံများဖြင့် ပြည့်နှက်လာတော့သည်။

"ငါတို့ ချင်ရွှေရွာ... ငါတို့ ရွာရဲ့ ဒီနှစ် ဓာတ်မြေဩဇာ ခွဲတမ်းက လုံးဝ... လုံးဝ ပယ်ဖျက်ခံလိုက်ရပြီကွ"

ခွမ်း...

ရွှီချင်းချင်း၏ လက်ထဲရှိ တူများနှင့် ကြွေပန်းကန်လုံးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တစစီ ကွဲကြေသွားတော့သည်။

သူမ လုံးဝ ဆွံ့အသွား၏။ သူမ မျက်နှာပေါ်ရှိ သွေးရောင်များက မျက်စိရှေ့မှာပင် လျင်မြန်စွာ ဆုတ်ယုတ်သွားပြီး သေလုမျောပါး ဖြူဖျော့နေသော မျက်နှာလေးသာ ကျန်ရစ်တော့သည်။

ဓာတ်မြေဩဇာ မရှိလျှင် ဆောင်းဦးရာသီ ရိတ်သိမ်းမှုက အနည်းဆုံး ၃၀% အထိ လျော့ကျသွားမည် ဖြစ်သည်။

ရာသီဥတုအပေါ် မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုနေရသော ချင်ရွှေရွာအတွက် ဤအရာက ကပ်ဘေးကြီးတစ်ခု ဖြစ်သည်မှ လွဲ၍ အခြားမရှိတော့ချေ။

ကျောက်ဖန်းအာတစ်ယောက် အစပိုင်းတွင် ဆွံ့အသွားသော်လည်း မကြာမီ စနက်တံ ဖြုတ်ခံလိုက်ရသော ယမ်းတစ်လုံးအလား စားပွဲကို လက်ဖြင့် ဆောင့်ချလိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။

"ရွှီဝမ်ထောင်…"

သူမက ဒေါသတကြီး တုန်ယင်နေပြီး သူမ၏ ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများမှ မီးတောက်များပင် ပန်းထွက်လာမတတ် ဖြစ်နေကာ တရစပ် ကျိန်ဆဲနေတော့သည်။

"ဒါ... အဲဒီလူယုတ်မာ လုပ်တာပဲ ဖြစ်ရမယ်။ အဲဒီ ကောက်ကျစ်ပြီး ယုတ်မာတဲ့ကောင်၊ သူက တစ်ရွာလုံးရဲ့ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်ဖို့ ကြိုးစားနေတာပဲ။ အဲဒီ တိရစ္ဆာန်ကောင်…၊ သူက သေခြင်းဆိုးနဲ့ သေသင့်တဲ့ကောင်ပဲ"

စကားတစ်ခွန်းက အိပ်မက်ထဲမှ လန့်နိုးသွားစေခဲ့သည်။

ထိုအရာက ဓာတ်မြေဩဇာ ပြတ်လပ်မှု မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လက်စားချေမှုသာ ဖြစ်ကြောင်း ချန်ကွမ်လင်နှင့် ရွှီချင်းချင်းတို့က ချက်ချင်း သိမြင်သွားကြသည်။

ဤသည်မှာ ရွှီဝမ်ထောင်က သူ့အာဏာကို အသုံးပြု၍ ချန်ရှင်းနှင့် ချင်ရွှေရွာ တစ်ရွာလုံးကို သတ်ပစ်ရန် ကြိုးပမ်းလိုက်ခြင်းပင်။

ထိုသတင်းက ချင်ရွှေရွာ တစ်ရွာလုံးသို့ တစ်ခဏအတွင်း ပျံ့နှံ့သွားလေသည်။

လယ်ကွင်းများထဲတွင် ချွေးသံတရွှဲရွှဲဖြင့် အလုပ်ကြိုးစားနေကြသော ရွာသားများမှာ သတင်းကြားသည်နှင့် တစ်ပြိုင်နက် သူတို့ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြသည်။

"ဘာလဲ... ဓာတ်မြေဩဇာ မရတော့ဘူး ဟုတ်လား"

"မဖြစ်နိုင်တာ…၊ ခရိုင်က အခုလေးတင် လုံလောက်အောင် ရှိတယ်လို့ ပြောသွားတာလေ"

"ဘုရားရေ…၊ ဓာတ်မြေဩဇာ မသုံးရရင် ဆောင်းဦးရောက်တဲ့အခါ ဒီစပါးပင်တွေကနေ ငါတို့ ဘာကို ရိတ်သိမ်းရမှာလဲ"

တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြီး နောက်ဆုံးမှာတော့ သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

လူတိုင်း၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူတို့၏ စိမ်းလန်းစိုပြည်နေသော လယ်ကွင်းများကို မျှော်လင့်ချက်မဲ့ မျက်ဝန်းများဖြင့် ငေးမောကြည့်နေကြလေသည်။

ရွာအရှေ့ဘက်စွန်းရှိ လယ်ကန်သင်းတစ်ခုပေါ်တွင်တော့...

အဒေါ်ဝမ် တစ်ယောက် ဆောင့်ကြောင့်ထိုင်ပြီး ပေါင်းပင်များ နုတ်နေစဉ် အနီးအနားမှ လူများ၏ စကားပြောနေသံကို ကြားလိုက်ရပြီး နားရွက်များက ချက်ချင်းပင် ထောင်တက်သွားတော့သည်။

"ဓာတ်မြေဩဇာ ခွဲတမ်းတွေ ပယ်ဖျက်ခံလိုက်ရတယ်" ဟူသော စကားလုံးများကို ကြားလိုက်ရသောအခါ သူမ တစ်ခဏမျှ ဆွံ့အသွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ အပြုံးတစ်ခု ပေါ်လာလေသည်။

*ကောင်းတယ်၊ သိပ်ကောင်းတာပေါ့*

*ချန်ရှင်း...၊ မင်းလို ခွေးကောင်က မင်းကိုယ်မင်း တော်လှပြီလို့ ထင်နေတာလား။ တစ်ရွာလုံးက မင်းကို နတ်ဘုရားတစ်ပါးလို ဆက်ဆံနေကြတာ မဟုတ်ဘူးလား*

*အေး... အခုတော့ မင်းက မြို့က အရာရှိကြီး တစ်ယောက်ကို စော်ကားလိုက်ပြီပဲ။ အခုချိန်ကစပြီး မင်း ဘယ်လောက်တောင် မောက်မာနိုင်သေးလဲဆိုတာ ကြည့်ကြသေးတာပေါ့*

သို့သော်လည်း ဝမ်းသာမှုမှာ သုံးစက္ကန့်ပင် မခံလိုက်ရဘဲ သူမ ပိုင်ဆိုင်သော လယ်ကွင်းအနည်းငယ်ကို ရုတ်တရက် သတိရသွားတော့သည်။

ဓာတ်မြေဩဇာ မရှိလျှင် သူမ မိသားစု၏ ရိတ်သိမ်းမှုကလည်း လျော့ကျသွားတော့မည် မဟုတ်ပါလား။

တန်ဖိုးရှိလှသော စပါးနှံများ ဆုံးရှုံးရတော့မည်ဟူသော အတွေးက အဒေါ်ဝမ်၏ အပြုံးကို ချက်ချင်း အေးခဲသွားစေ၏။ ထိုနေရာတွင် တောက်လောင်နေသည့် ဒေါသနှင့် ယူကျုံးမရဖြစ်မှုတို့က အစားထိုး ဝင်ရောက်လာတော့သည်။

*ဘာဖြစ်လို့ ငါက ခံရမှာလဲ*

ချန်ရှင်း ဖန်တီးခဲ့သော ပြဿနာ၏ ရလဒ်ကို သူမ မိသားစုက အဘယ်ကြောင့် ခံရမည်နည်း။

အဒေါ်ဝမ်က ရုတ်တရက် ပေါင်ကို ရိုက်ချလိုက်ပြီး မြေပြင်ပေါ်မှ ခုန်ထကာ ရွာလမ်းမကြီးပေါ်သို့ အရူးမတစ်ယောက်အလား ပြေးထွက်သွားလေသည်။

သူမက ရင်ဘတ်ကို ထု၊ ခြေကို ဆောင့်ပြီး လည်ချောင်းကွဲမတတ် အော်ငိုတော့သည်။

"ဘုရား ကယ်ပါ…၊ ငါတော့ ဒီလို ဆက်မနေနိုင်တော့ဘူး။ ချန်ရှင်း…၊ နင်က ကံဆိုးမိုးမှောင်ကျစေတဲ့ကောင်၊ ပြဿနာကောင်…"

သူမ၏ အသံစူးစူးက အနီးအနားရှိ စိတ်ရှုပ်ထွေးနေသော ရွာသားများအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။

အဒေါ်ဝမ်က မြေပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်ပြီး ရင်ဘတ်စည်တီး ငိုယိုနေတော့သည်။

"အရင်တုန်းက နင် ငါ့သားကို သတ်ခဲ့တယ်။ အခုလည်း မြို့က အရာရှိကြီးကို စော်ကားလိုက်ပြန်ပြီ။ နင်က ငါတို့ တစ်ရွာလုံးရဲ့ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်ပြီး ငါတို့ရဲ့ စပါးနှံတွေကို ဖျက်ဆီးပစ်တော့မယ်"

သူမ၏ ငိုယိုအော်ဟစ်မှုများက ကြောက်ရွံ့နေပြီးဖြစ်သော ရွာသားများကို ရင်ထဲထိသွားစေခဲ့သည်။

"စဉ်းစားကြည့်ကြစမ်းပါ။ အရင်တုန်းက ငါတို့ရွာမှာ ဒီလိုမျိုး ဘယ်တုန်းက ဖြစ်ဖူးလို့လဲ။ ချန်ရှင်း ရောက်လာမှ ဖြစ်တာလေ။ သူက အမဲလိုက်တယ်... အိမ်ဆောက်တယ်... အရမ်း အောင်မြင်နေပေမယ့် သူက ငါတို့ဘဝတွေကို တစ်ခါလောက်များ ဂရုစိုက်ဖူးလို့လား"

"အခု ဘာဖြစ်သွားလဲ ကြည့်ကြစမ်းပါ။ သူက အရာရှိကြီးတွေကို အပြတ်အသတ် စော်ကားလိုက်ပြီ။ သူတို့က လက်လေးတစ်ချောင်း လှုပ်လိုက်ရုံနဲ့ ငါတို့ တစ်နှစ်စာ ရိတ်သိမ်းမှုက ပျက်စီးသွားပြီလေ။ သူ့မိသားစုကတော့ အသားစားရပြီး အိမ်သစ်မှာ နေရပေမဲ့ ငါတို့ကရော...၊ ဆောင်းဦးရောက်ရင် ငါတို့က ဘာစားရမှာလဲ။ ငါတို့ အငတ်ခံရတော့မှာလား"

အဒေါ်ဝမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်မှ ရုတ်တရက် ခုန်ထကာ သူမ၏ စကားများကြောင့် ဖြူရော်နေကြသည့် ရွာသားများကို လက်ညှိုးထိုးလိုက်သည်။

"ငါတို့ ဒီကိစ္စကို ဒီအတိုင်း ထားလို့ မဖြစ်ဘူး။ ချန်ရှင်းက ဒီပြဿနာကို ဖန်တီးခဲ့တာ၊ ဘာလို့ တစ်ရွာလုံးက မြေစာပင် ဖြစ်ရမှာလဲ။ လာကြ…၊ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ။ သူ့အိမ်ကို သွားပြီး အကြောင်းပြချက် သွားတောင်းကြမယ်။ သူ ငါတို့ကို လျော်ကြေးပေးရမယ်"

မျှော်လင့်ချက် ကင်းမဲ့ခြင်းက အကောင်းဆုံး တွန်းအားတစ်ခုပင်။

ရွာသားအချို့မှာ ဆောင်းဦး ရိတ်သိမ်းမှုနှင့် ပတ်သက်၍ မျှော်လင့်ချက် ကင်းမဲ့နေမှုကြောင့် ထိတ်လန့်မှုနှင့် ဒေါသများက ဖုံးလွှမ်းနေကြပြီး ဖြစ်သည်။ အဒေါ်ဝမ်၏ သွေးထိုးလှုံ့ဆော်မှုကြောင့် သူတို့ ဖိနှိပ်ထားသော ဒေါသများက ပစ်မှတ်တစ်ခုကို ရှာတွေ့သွားတော့သည်။

"ဟုတ်တယ်၊ အဒေါ်ဝမ် ပြောတာ မှန်တယ်"

သူတစ်ပါး မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နေကျ အမျိုးသားတစ်ဦးက ပထမဆုံး တုံ့ပြန်လာပြီး မျက်လုံးများ နီရဲလျက် အော်ဟစ်လိုက်သည်။

"ချန်ရှင်း လုပ်တဲ့ ပြဿနာအတွက် သူပဲ ခံရမှာပေါ့"

"သွားကြစို့…၊ ဒီကိစ္စကို သွားရှင်းကြမယ်"

"ငါတို့ ဆုံးရှုံးမှုအတွက် သူ့ကို လျော်ကြေးပေးခိုင်းမယ်"

စိုးရိမ်ပူပန်မှုများက တစ်ခဏအတွင်းမှာပင် ကွဲထွက်လုမတတ် ဒေါသများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တစ်ယောက်... နှစ်ယောက်... သုံးယောက်...

လူဆယ်ဂဏန်းကျော်ခန့်က လုံးဝ လှုံ့ဆော်ခံလိုက်ရပြီ ဖြစ်သည်။ သူတို့က လယ်ယာသုံး ပစ္စည်းများကို ပစ်ချခဲ့ပြီး မြေပြင်ပေါ်မှ ထမ်းပိုးများနှင့် ပေါက်ပြားများကို ကောက်ကိုင်လိုက်ကြသည်။

တစ်ချိန်က ရိုးသားခဲ့သော မျက်နှာများမှာ ယခုအခါ ဒေါသနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

"လာကြ…၊ ငါ့နောက်က လိုက်ခဲ့ကြ"

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဒေါ်ဝမ်တစ်ယောက် အလွန် ဝမ်းသာသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုနှင့်အတူ လက်စားချေတော့မည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

သူမက မြေပြင်ပေါ်မှ ထလာပြီး ဖုန်များကို ခါထုတ်ကာ လက်ကို မြှောက်လိုက်၏။ ဒေါသထွက်နေသော လူအုပ်ကြီး၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

လက်နက်များကိုယ်စီ ကိုင်ဆောင်ထားကြသော လူဆယ်ဂဏန်းကျော်မှာ အဒေါ်ဝမ်၏ ဦးဆောင်မှုနှင့်အတူ ချန်ရှင်း၏ စည်ကားနေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြလေတော့သည်။

All Chapters