← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉) - ရှန်နုံ၏ လျှို့ဝှက်ချက်

(TN - ရှန်နုံဆိုတာ တရုတ်ဒဏ္ဍာရီလာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆေးဝါး နတ်မင်းတစ်ပါးပါ။)

ချန်ရှင်းတစ်ယောက် ချင်ရွှေရွာသို့ ပြန်လည်ရောက်ရှိလာချိန်က စုစုပေါင်း အချိန်တစ်နာရီပင် မကြာလိုက်ပေ။

သို့သော် ရွာအဝင်ဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်းကို သူ ချက်ချင်း အာရုံခံမိလိုက်သည်။

ရွာအဝင်ဝရှိ ကောက်ပဲသီးနှံများ နေလှန်းလေ့ရှိသော ကွင်းပြင်တွင် လူအုပ်ကြီးတစ်အုပ် စုဝေးနေကြသည်။ လူအုပ်ကြီးမှာ အဒေါ်ဝမ် ပြဿနာရှာစဉ်ကထက် အဆပေါင်းများစွာ ပိုများနေပြီး၊ လေထုကလည်း အချိန်မရွေး ပေါက်ကွဲသွားတော့မည့်အလား တင်းမာနေလေသည်။

သူတို့အနီးသို့ ရောက်သွားမှသာ ထိုသူများမှာ အိမ်နီးချင်း လီကျားရွာမှ လူများဖြစ်ကြောင်း တွေ့မြင်လိုက်ရပြီး အမျိုးသား အယောက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ပါဝင်လေသည်။

လူတိုင်း၏ လက်ထဲတွင် ထမ်းပိုးများ သို့မဟုတ် လယ်ယာသုံး ကိရိယာများ ကိုင်ဆောင်ထားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် စားဝတ်နေရေး ပြတ်တောက်သွားရသည့်အတွက် ဒေါသနှင့် နာကျည်းချက်များ အပြည့်အဝ ဖုံးလွှမ်းနေကာ ရွာအဝင်ဝကို အသေအချာ ပိတ်ဆို့ထားကြသည်။

သူတို့၏ ဓာတ်မြေဩဇာ ရရှိမည့်ခွဲတမ်းများကိုလည်း ရွှီဝမ်ထောင်က ဖျက်သိမ်းလိုက်ပြီ ဆိုသည်မှာ သိသာထင်ရှားလှသည်။

ရွှီဖူကွေ့နှင့် ဝမ်ကွေ့ရှန်းတို့လည်း ထိုလူအုပ်ထဲတွင် ပါဝင်နေသည်။

ဝမ်ကွေ့ရှန်းက လူအုပ်၏ ရှေ့ဆုံးတွင် ခါးထောက်ရပ်နေပြီး သူမ၏ ပါးစပ်မှ စကားလုံးများကို စက်သေနတ်တစ်လက်ကဲ့သို့ ပစ်လွှတ်နေတော့သည်။

"ဒီပြဿနာတွေအကုန်လုံးက ရှင်တို့ ချင်ရွှေရွာက ချန်ရှင်းကြောင့် ဖြစ်ရတာဆိုတာ သိသာနေတာပဲလေ။ သူက သွေးရဲလွန်းလို့ ခရိုင်က လူကြီးပိုင်းတွေကို စော်ကားမိတာလေ၊ ဒါကို ဘာလို့ ကျွန်မတို့ လီကျားရွာပါ ရောပြီး ခံရမှာလဲ။ ဒီနေ့ သူ ထွက်လာပြီး ကျွန်မတို့ကို ရှင်းပြရမယ်၊ ပြီးတော့ ကျွန်မတို့ တစ်ရွာလုံးရဲ့ နစ်နာမှုတွေကို လျော်ကြေးပေးရမယ်"

ရွှီဖူကွေ့၏ မျက်နှာမှာ ရှက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများကြောင့် နီမြန်းနေပြီး ဇနီးဖြစ်သူ၏ လက်မောင်းကို ဆွဲထားရန် အပြင်းအထန် ကြိုးစားနေသည်။

"ပါးစပ်ပိတ်ထားစမ်း။ ဒါက မစ္စတာချန်နဲ့ ဘာဆိုင်လို့လဲ"

"ဖယ်စမ်း"

ဝမ်ကွေ့ရှန်းက ရုတ်တရက် အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်လို ခင်ပွန်းဖြစ်သူ၏လက်ကို ခါချလိုက်ပြီး ကျိန်ဆဲတော့သည်။

"ကျေးဇူးကန်းတဲ့ သတ္တိကြောင်ကောင်…၊ ရှင်က အမြဲတမ်း သူစိမ်းတွေဘက်ချည်းပဲ။ လူတစ်ယောက်က ရှင့်ကို စားစရာလေး နည်းနည်းပါးပါး ပေးလိုက်တာနဲ့ ရှင်က ဘဝင်မြင့်နေတာလား။ ဒီဆောင်းဦးရာသီမှာ ကျွန်မတို့ မိသားစု သီးနှံမရိတ်သိမ်းရရင် ရှင့်သား ရှောင်တုပါ ရှင့်လိုပဲ ငတ်သေမှာနော် သိလား"

လူအုပ်၏ ရှေ့ဆုံးမှာတော့ ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့က မိမိတို့၏ သားသမီးများကို ကာကွယ်ပေးနေသော ကြက်မကြီးနှစ်ကောင်လို ဘေးချင်းယှဉ်ရပ်ကာ သူတို့ အနောက်ရှိ ချင်ရွှေရွာမှ ရွာသူရွာသားများကို ကွယ်ထားပေးပြီး လီကျားရွာမှ လူများနှင့် အပြင်းအထန် ငြင်းခုံနေကြသည်။

"ကျွန်မ မရီးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ။ ဒါက ချန်ရှင်း အမှားမဟုတ်ပါဘူး"

ရွှီချင်းချင်း၏ မျက်လုံးများမှာ စိုးရိမ်ပူပန်မှုများကြောင့် နီရဲနေသော်လည်း အသံကျယ်ကျယ်ဖြင့် ပြန်လည်ချေပရန် သတ္တိမွေးလိုက်ရသေးသည်။

ကျောက်ဖန်းအာမှာလည်း ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ဝမ်ကွေ့ရှန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။

"ရှင့်မှာ အသိတရားဆိုတာလေးရော ရှိသေးရဲ့လား။ ချန်ရှင်းက မကြာသေးခင်ကတင် ရှင့်မိသားစုကို ဂျုံမှုန့်တွေ အသားတွေ အများကြီး ပေးလိုက်တာကို ရှင်က ပြန်လှည့်ပြီး ပြဿနာရှာတယ်ပေါ့လေ။ ပြီးတော့ ဒါက ခရိုင်က ရွှီဆိုတဲ့ မျိုးမစစ်ကောင်က လက်တုံ့ပြန်တာဆိုတာ ရှင်းနေတာပဲလေ။ ရှင် သတ္တိရှိရင် သူ့ကို သွားရှာလေ။ ဒီက လူတွေကို လာအနိုင်ကျင့်နေတာက ဘာအစွမ်းအစများ ရှိလို့လဲ"

တင်းမာမှုများ မြင့်တက်လာပြီး ရန်ပွဲတစ်ပွဲ စတင်တော့မည့် အချိန်တွင် လူအုပ်နောက်ကွယ်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ဘာတွေ ဆူညံနေကြတာလဲ"

ချန်ရှင်းက ကျောပေါ်တွင် လေးလံသော ဂုံနီအိတ်ကြီးအချို့ကို သယ်ဆောင်ရင်း ရွာအဝင်ဝရှိ လမ်းလေးတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

သူ့ရှေ့တွင် ဒေါသတကြီးဖြစ်နေသော ရွာသူရွာသား ဒါဇင်ပေါင်းများစွာ ရှိနေသည်ကို လယ်ကွင်းထဲမှ ကောက်ရိုးစည်းအချို့ဟုသာ သဘောထားပုံရပြီး သူက တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

ထိုအခိုက်အတန့်တွင် ငြင်းခုံမှုများအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။

ဒေါသထွက်နေသူများ၊ သံသယဖြစ်နေသူများ၊ စိတ်ပျက်အားငယ်နေသူများနှင့် ဝမ်းသာအားရဖြစ်နေသူများ စသည့် အကြည့်ပေါင်းများစွာက သူ့အပေါ်သို့ ကျရောက်လာတော့သည်။

ချန်ရှင်းက ကွင်းပြင်အလယ်သို့ လျှောက်သွားလိုက်ပြီး လူတိုင်း၏ အံ့ဩမှုနှင့် မသေချာမရေရာ အကြည့်များအောက်တွင် ပခုံးပေါ်မှ ဂုံနီအိတ်များကို မြေကြီးပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်သည်။

ထိုအိတ်ကြီးများက မာကျောသော ရွှံ့မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် ထွက်ပေါ်လာသော အသံကြီးက လူတစ်ယောက်၏ နှလုံးခုန်သံကိုပင် ရပ်တန့်သွားစေနိုင်သည်။

သူက လက်ပေါ်မှ ဖုန်များကို ခါလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ သူ့အသံက လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားလေသည်။

"ဓာတ်မြေဩဇာကိစ္စအတွက် ဖြေရှင်းမယ့်နည်းလမ်း ငါ ရှာတွေ့ခဲ့ပြီ"

သူက ခေတ္တရပ်လိုက်ပြီးနောက် တစ်လုံးချင်းစီ ပြောလိုက်သည်။

"ငါတို့ဘာသာငါတို့ ဖော်စပ်လို့ရတယ်"

အစပိုင်းမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

ထို့နောက် ချက်ချင်းပင် ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ လူအုပ်ကြီးမှာ ယခင်ကထက် ဆယ်ဆမျှ ပိုမိုပြင်းထန်စွာ ဆူညံသွားတော့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဒေါသနှင့် စိတ်ပျက်အားငယ်မှုများ နေရာတွင် မျက်နှာမထောက် လှောင်ပြောင်မှုနှင့် သံသယများက အစားထိုး ဝင်ရောက်လာလေသည်။

"ဘာ... ငါ နားကြားများ မှားနေတာလား။ သူက ဓာတ်မြေဩဇာကို ကိုယ်တိုင်ဖော်စပ်မယ်လို့ ပြောလိုက်တာလား"

"ဒီကောင် ရူးနေတာလားဟ။ သူကိုယ်သူ ဘာကောင်မှတ်နေလဲ မသိဘူး။ ကြွားမယ်ဆိုရင်တောင် ချင့်ချိန်ပြီး ကြွားသင့်တာကို"

စူးရှရှ သရော်လှောင်ပြောင်သံတစ်ခုက ဆူညံနေသော ဆွေးနွေးသံများကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။

မည်သို့ရောက်လာမှန်းမသိသော အဒေါ်ဝမ်မှာ အူတက်မတတ် ရယ်မောနေပြီး ဗိုက်ကို ဖိရင်း မျက်ရည်များပင် ထွက်ကျလာမတတ် ဖြစ်နေလေသည်။

သူမက ချန်ရှင်းကို လက်ညှိုးထိုးပြကာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အော်ပြောလိုက်သည်။

"ကြားကြရဲ့လား… ကြားကြရဲ့လား။ ဒီကောင်လေး တကယ် ရူးသွားပြီ။ ဓာတ်မြေဩဇာ ကိုယ်တိုင် ဖော်စပ်မယ်တဲ့လား။ သူကိုယ်သူ ကျောက်တုံးတွေကို ရွှေဖြစ်အောင် လုပ်နိုင်တဲ့ ကောင်းကင်ဘုံက ကျောက်စိမ်းဧကရာဇ်ကြီးလို့များ ထင်နေသလား မသိဘူး"

ဝမ်ကွေ့ရှန်းက ချက်ချင်းပင် မဟာမိတ်တစ်ဦးကို တွေ့ရှိသွားပြီး စူးရှရှအသံဖြင့် ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ကြနဲ့။ သူက အချိန်ဆွဲဖို့ ကြိုးစားနေတာလို့ ထင်တယ်။ အားလုံးပဲ သူ့ရဲ့ လိမ်ညာမှုတွေကို မယုံကြနဲ့၊ သူ လျော်ကြေးပေးဖို့ကသာ အရေးကြီးတယ်"

သူတို့နှစ်ဦး ဟန်ချက်ညီညီ ပြောဆိုလိုက်ခြင်းက ရွာသူရွာသားများ၏ စိတ်ခံစားမှုများကို ချက်ချင်းပင် ထပ်မံလှုံ့ဆော်လိုက်သလို ဖြစ်သွားပြန်သည်။

သို့သော် ချန်ရှင်းကတော့ မျက်ခုံးပင် ပင့်မကြည့်ဘဲ ဤလူပြက်နှစ်ယောက်ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

သူက ခါးကိုင်းလိုက်ပြီး ဂုံနီအိတ်တစ်အိတ်၏ ကြိုးကို ဖြည်းညှင်းစွာ ဖြေလိုက်ကာ သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

၎င်းမှာ အပ်ချည်ကြိုးဖြင့် ချုပ်ထားသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်ပြီး အဝါရောင်သမ်းနေသော မျက်နှာဖုံးနှင့် ကြမ်းတမ်းသော စက္ကူသားများ ပါရှိသည်။ ၎င်းအပေါ်တွင် အားပါပါ လက်ရေးဖြင့် ရေးသားထားသည့် စာလုံးကြီးငါးလုံးမှာ "စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေး အခြေခံများ- မြေဆီလွှာနှင့် ဓာတ်မြေဩဇာ" ဟူ၍ ဖြစ်သည်။

သူက ရုပ်ဖျက်ထားသော ထိုရှေးဟောင်းစာအုပ်ကို ဖတ်ခနဲ ဖြန့်ချလိုက်၏။ ထို့နောက် သံသယအပြည့်ဖြစ်နေသော ရွာသူရွာသားများအတွက် ယုတ္တိမရှိသော စကားများကို လေးလေးနက်နက် စတင်ပြောဆိုလေတော့သည်။

"စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေး အခြေခံများဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားတာက မြေဆီလွှာဖြစ်ထွန်းမှုရဲ့ အခြေခံဟာ ကောက်ပဲသီးနှံငါးမျိုးရဲ့ သံသရာစက်ဝန်းအပေါ်မှာ မူတည်တယ်လို့ ဆိုထားတယ်။ အဲဒီကောက်ပဲသီးနှံတွေက မြေဆီလွှာကနေရပြီး မြေဆီလွှာဆီကိုပဲ ပြန်သွားတာတဲ့”

သူ့အသံမှာ တည်ငြိမ်ပြီး အားပါကာ ဆူညံသံများအားလုံးကို ချက်ချင်း ငြိမ်သက်သွားစေနိုင်သော ယုံကြည်ချက်တစ်ခု ပါဝင်နေလေသည်။

"ခရိုင်က သုံးတဲ့ ဓာတ်မြေဩဇာတွေက အမြစ်မရှိတဲ့ သစ်ပင်တွေနဲ့ တူတယ်။ အများကြီး သုံးရင် မြေဆီလွှာရဲ့ ဩဇာဓာတ်ကို ပျက်စီးစေရုံပဲရှိမယ်။ ငါတို့ ဘိုးဘေးတွေရဲ့ နည်းလမ်းတွေကမှ အခြေခံကို ခိုင်မာစေပြီး အရင်းအမြစ်ကို အားဖြည့်ပေးနိုင်တဲ့ အစစ်အမှန် နည်းလမ်းတွေပဲ"

သူက မြေကြီးပေါ်ရှိ ဂုံနီအိတ်များကို လက်ညှိုးထိုးပြပြီးနောက် အဝေးရှိ လယ်ကွင်းများနှင့် မြစ်ကမ်းဘေးရှိ ရွှံ့နွံများကိုပါ လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် ရာသီဥတု အချိန်အခါမှစ၍ မြေယာ၏ အားသာချက်များ၊ မြေဩဇာ၏ ယင်နှင့် ယန် ညီညွတ်မျှတမှုမှ သစ်သားပြာ၏ ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင် အသုံးပြုမှုများအထိ ဂန္ထဝင်ကျမ်းစာများကို ကိုးကား၍ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုရှင်းပြတော့သည်။

"လူနဲ့ တိရစ္ဆာန် အညစ်အကြေးတွေ၊ လယ်ကွင်းက ကောက်ရိုးတွေနဲ့ မြစ်ထဲက ရွှံ့နွံတွေကို သုံးပုံ၊ ငါးပုံ၊ နှစ်ပုံ အချိုးအစားအတိုင်း အထပ်လိုက် ပုံထားပြီး အချဉ်ဖောက်ဖို့ အလုံပိတ်ထားလိုက်"

သူက ခေတ္တရပ်လိုက်ပြီး ခြေရင်းရှိ ဂုံနီအိတ်ကို ပုတ်လိုက်ရာ သူ့အသံတွင် နက်နဲဆန်းကြယ်မှု အငွေ့အသက်အချို့ ပါဝင်လာလေသည်။

"နောက်ဆုံးအနေနဲ့ မြေကြီးရဲ့ ရှင်သန်နိုင်စွမ်းကို လှုံ့ဆော်ပေးဖို့အတွက် ခရိုင်ရုံးစိုက်ရာမြို့က လျှို့ဝှက်လမ်းကြောင်းတစ်ခုကနေ ငါ မနည်းရအောင် ယူလာခဲ့ရတဲ့ ထူးခြားတဲ့ ပါဝင်ပစ္စည်းတစ်ခုကို ထည့်လိုက်။ ခုနစ်ရက်အတွင်း ခရိုင်က ဓာတ်မြေဩဇာထက် ဆယ်ဆလောက် ပိုစွမ်းတဲ့ သန့်စင်ပြီးသား မြေဩဇာတစ်မျိုး ဖြစ်လာလိမ့်မယ်"

သူ့စကားများမှာ အလွန်တရာ နက်နဲဆန်းကြယ်လှသည်။

ထိုနေရာရှိ ရွာသူရွာသားများမှာ "ကောက်ပဲသီးနှံငါးမျိုး၏ သံသရာစက်ဝန်း"၊ "ယင်နှင့် ယန်၏ ညီညွတ်မျှတမှု" သို့မဟုတ် "မြေနဂါး လှည့်ပတ်ခြင်း၏ စွမ်းအင်" ဆိုသည်များကို ဘာမှ နားမလည်ကြချေ။ သူတို့မှာ ထိုစကားလုံးများကိုပင် မရင်းနှီးကြပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ နားမလည်နိုင်သော်လည်း အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြသည်ကတော့ အမှန်ပင်။

ချန်ရှင်း၏ တည်ငြိမ်ပြီး ယုံကြည်ချက်အပြည့်ရှိသော မျက်နှာကို ကြည့်ကာ၊ နားမလည်သော်လည်း အလွန်တရာ နက်ရှိုင်းလှသည်ဟု ခံစားရသော ထိုစကားများကို နားထောင်ရင်း၊ နှစ်ပေါင်း မည်မျှကြာအောင် လက်ဆင့်ကမ်းလာခဲ့သည်မသိသော ထိုရှေးဟောင်း လျှို့ဝှက်စာအုပ်ကိုပါ ထပ်ကြည့်လိုက်မိကြသည်။

ပြဿနာလာရှာသော လီကျားရွာမှ လူများအပါအဝင် ရွာသူရွာသားများအားလုံးမှာ ဤဆက်တိုက်ထွက်ကျလာသော စကားလုံး ပစ်ထိုးမှုများကြောင့် လုံးဝ မှင်တက်သွားကြပြီး နေရာမှာပင် ကြက်သေသေနေကြတော့သည်။

လွန်ခဲ့သော စက္ကန့်ပိုင်းလေးကမှ ပေါက်ကွဲလုမတတ် ဖြစ်နေသော ဒေါသနှင့် သံသယများမှာ လွင့်စင်ပျောက်ကွယ်သွားပြီး မသိနားမလည်သော စွမ်းအားတစ်ခုရှေ့တွင် တွေဝေသွားမှုနှင့် အကြောက်တရားများက အစားထိုး ဝင်ရောက်လာခဲ့သည်။

*ဒီ... ဒီစကားတွေက... တကယ်ပဲ ယုတ္တိရှိနေတာလား*

အခန်း (၆၀) - ရိုးရာ အဂ္ဂိရတ်ပညာ

လေထုက စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ကျွန်တော် လုပ်မယ်"

အော်ဟစ်သံတစ်ခုနှင့်အတူ ချန်အယ်တန့်က လူအုပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး သူ့ရင်ဘတ်ကို အသံမြည်အောင် ထုလိုက်သည်။

သူ့မျက်နှာတွင် စိတ်အားထက်သန်မှုများ အပြည့်အဝ ဖုံးလွှမ်းနေပြီး လက်နှစ်ဖက်ကို မြှောက်ကာ အော်ပြောလိုက်သည်။

"ကျွန်တော် အစ်ကိုချန်ကို ယုံတယ်။ အစ်ကိုချန်က လုပ်လို့ရတယ်ဆိုရင် သေချာပေါက် ရမှာပဲ။ ရွှံ့တွေနဲ့ ဆော့ကစားရမှာ မပြောနဲ့၊ ဓားတောင်ကို တက်ရမယ်၊ မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် ကျွန်တော် ချန်အယ်တန့်က ပထမဆုံး လိုက်လုပ်မယ့်သူပဲ"

သူ့စကားက ငြိမ်သက်နေမှုကို ချက်ချင်းပင် ချိုးဖျက်လိုက်သည်။

ချင်ရွှေရွာမှ ရွာသူရွာသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ တွေဝေမှုများမှာ မျှော်လင့်ချက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ရွာလူကြီး ချန်ကွမ်လင်က ချန်ရှင်း၏ တည်ငြိမ်အေးဆေးသော မျက်နှာကို စိုက်ကြည့်နေရင်း သူ့စိတ်ထဲတွင် ချန်ရှင်းက တောဝက်ကို အမဲလိုက်သည့်မြင်ကွင်း၊ ကျားကို သတ်သည့်မြင်ကွင်းနှင့် ထူးဆန်းသော ပုံကြမ်းများကို ရေးဆွဲသည့် မြင်ကွင်းများက ရုပ်ရှင်ပြကွက်လို တစ်ကွက်ချင်းစီ ပြန်ပေါ်လာခဲ့သည်။

ချန်ရှင်းသည် မဖြစ်နိုင်သည်များကို ဖြစ်နိုင်အောင် အမြဲစွမ်းဆောင်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဩဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ထိုသို့ တွေးမိလိုက်သောအခါ ချန်ကွမ်လင်၏ မှုန်ဝါးဝါး မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

သူက သွားကို တင်းတင်းကြိတ်ကာ ပေါင်ကို အားရပါးရ ရိုက်လိုက်ပြီး အဆုံးစွန်ထိ ရင်ဆိုင်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

"သဘောတူတယ်"

သူက အသံအက်ကွဲကွဲကြီးဖြင့် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"ငါတို့ ချင်ရွှေရွာက ဒီလောက် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာ၊ ဘာလို့ စွန့်စားဖို့ ကြောက်နေဦးမှာလဲ။ ငါ ချန်ကွမ်လင်က ချန်ရှင်းကို ယုံတယ်။ ချင်ရွှေရွာက ယောက်ျားတွေ၊ စွန့်စားဖို့ ဆန္ဒရှိတဲ့သူတွေ ရှေ့ထွက်ခဲ့ကြ"

ရွာလူကြီး၏ စကားများက သံသယဖြစ်နေသူများအတွက် ဆေးတစ်ခွက် ဖြစ်သွားသည်မှာ အသေအချာပင်။

"ငါ့ကိုလည်း ထည့်တွက်"

"ငါလည်း လုပ်မယ်"

ချင်ရွှေရွာမှ ရွာသူရွာသားများမှာ မွေးရာပါ ဇွဲမလျှော့တတ်သည့် စိတ်ဓာတ်များ လုံးဝ နိုးကြားလာပြီး တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြတော့သည်။

ထိုအချိန်တွင် လီကျားရွာမှ လူအုပ်ထဲ၌ ရွှီဖူကွေ့က ချန်ရှင်း၏ တည်ငြိမ်အေးဆေးသော အမူအရာကို ကြည့်ကာ၊ ပြီးခဲ့သည့်အကြိမ်က ချန်ရှင်း သူ့ကို စကားတစ်ခွန်းမျှ မဆိုဘဲ ဂျုံမှုန့်အိတ်တစ်ဝက်နှင့် အသားတုံးကြီးတစ်တုံး ပေးခဲ့ပုံကို ပြန်လည်အမှတ်ရသွားသည်။ သူ့ဘေးတွင် မကျေမနပ်နှင့် ပွစိပွစိပြောနေသော ဇနီးသည်ကို ကြည့်ရင်း ဒေါသများ ငယ်ထိပ်အထိ ဆောင့်တက်လာတော့သည်။

သူက ခြေဆောင့်လိုက်ပြီး အသံကုန် အော်လိုက်သည်။

"ငါတို့ မိသားစုလည်း လုပ်မယ်"

"ရွှီဖူကွေ့….၊ အသုံးမကျတဲ့ကောင်…၊ နင် ရူးနေပြီလား"

ဝမ်ကွေ့ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး စိမ်းပုပ်သွားပြီး ခင်ပွန်းဖြစ်သူ၏ နားရွက်ကို လိမ်ဆွဲရန် လက်လှမ်းလိုက်သည်။

သို့သော် ဤတစ်ကြိမ်မှာတော့ ရွှီဖူကွေ့က လူစားလဲခံလိုက်သလို ဖြစ်နေသည်။ သူက ရုတ်တရက် လှည့်ကာ သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး မျက်လုံးများမှာ သွေးကြောများပင် ယှက်နီနေလေသည်။

"ပါးစပ်ပိတ်ထားစမ်း"

ဤသည်က ဝမ်ကွေ့ရှန်းကို ဤမျှ ဒေါသထွက်သောလေသံဖြင့် သူ ပထမဆုံးအကြိမ် ပြောဖူးခြင်းပင်။

"ငါက ချန်ရှင်းအကြောင်းကို နင့်ထက် ပိုသိတယ်။ နင် ဒီမှာ ပြဿနာဆက်ရှာနေမယ်ဆိုရင် နင့်အဖေအိမ် နင်ပြန်တော့"

ဝမ်ကွေ့ရှန်းမှာ သူ့ပုံစံကြောင့် အံ့ဩထိတ်လန့်သွားပြီး အလိုအလျောက် နောက်ဆုတ်သွားကာ ပထမဆုံးအကြိမ်အဖြစ် ဒေါသထွက်မပြရဲတော့ပေ။

နောက်ဆုံးမှာတော့ ချင်ရွှေရွာမှ ရွာသူရွာသား အများစုနှင့် လီကျားရွာမှ ရွာသူရွာသား အနည်းစုက ချန်ရှင်းကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြပြီး သူ၏ ဦးဆောင်မှုအောက်တွင် လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။

အဒေါ်ဝမ် ဦးဆောင်သော ကျန်လူများကတော့ လက်ပိုက်ကာ အဝေးသို့ ဆုတ်သွားကြ၏။ သူတို့၏မျက်နှာများတွင် လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှုများ အပြည့်အဝ ဖုံးလွှမ်းလျက် ဤအရူးများ သူတို့၏ သီးနှံများကို မည်သို့မည်ပုံ မီးလောင်တိုက်သွင်းမလဲ၊ မျှော်လင့်ချက်မဲ့စွာ မည်သို့မည်ပုံ ငိုကြွေးကြမလဲဆိုသည်ကို ကြည့်ရန်သာ စောင့်ဆိုင်းနေကြတော့သည်။

ချန်ရှင်းက သူတို့ကို လျစ်လျူရှုထားလိုက်ပြီး ချက်ချင်း အမိန့်ပေးတော့သည်။

"ရွာအနောက်ဘက်က ကွင်းပြင်မှာ တွင်းကြီး ငါးတွင်းတူးကြ။ အလျား သုံးကျန်း၊ အနံ နှစ်ကျန်းနဲ့ အနက်က တစ်ကျန်းရှိရမယ်"

အမိန့်ပေးပြီးသည်နှင့် တစ်ပြိုင်နက် သူ့ကို ယုံကြည်သူများက စကားတစ်ခွန်းမျှ မဆိုဘဲ ပေါက်ပြားများနှင့် တူးရွင်းများကို ကိုင်ဆောင်ကာ အပြေးအလွှား သွားတူးကြတော့သည်။

ယောက်ျား ဒါဇင်ပေါင်းများစွာက အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေကြရာ ဖုန်များပင် ထနေပြီး တက်ကြွသော မြင်ကွင်းတစ်ခု ဖန်တီးပေးနေတော့သည်။

တစ်ဖက်တွင် လှောင်ပြောင်ရန် စောင့်ကြည့်နေသူများမှာ ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ လှောင်ပြုံးများက ပိုမိုနက်ရှိုင်းသွားကြလေသည်။

အဒေါ်ဝမ်က မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်ပြီး ရက်စက်စွာ လှောင်ပြောင်လိုက်သည်။

"စောင့်သာကြည့်နေကြ။ အဲဒီအပုပ်နံ့နံနေတဲ့ အရာတွေနဲ့ မြေကြီးထဲ ဖြည့်ပြီးသွားရင် သုံးရက်တောင် မခံဘူး၊ ပျိုးပင်တွေ အားလုံး မီးလောင်သေကုန်လိမ့်မယ်။ အဲဒီကျရင် ချန်ရှင်းဆိုတဲ့ ခွေးကောင်လေး ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ချန်ရှင်းက ထိုဆူညံသံများကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ တွင်းတူးပြီးသည်နှင့် တစ်ပြိုင်နက် သူက လူတိုင်းကို အလုပ်ခွဲလုပ်ရန် ချက်ချင်း လမ်းညွှန်လိုက်သည်။

လူငယ်များနှင့် သက်လတ်ပိုင်း အမျိုးသားများက အိမ်တိုင်းသို့ သွားကာ လူနှင့် တိရစ္ဆာန် အညစ်အကြေးများကို စုဆောင်းကြ၏။ အမျိုးသမီးများကတော့ လယ်ကွင်းများသို့ သွားကာ ကောက်ရိုးများနှင့် ပေါင်းပင်များကို စုဆောင်းကြသည်။ သူကိုယ်တိုင် ဦးဆောင်သော အခြားအဖွဲ့တစ်ဖွဲ့ကမူ စကောများနှင့် တောင်းများကို သယ်ဆောင်ကာ နှစ်ပေါင်းများစွာ စုပုံနေသော မြေဩဇာကောင်းသည့် မြစ်တွင်းမှ ရွှံ့နွံများကို တူးဖော်ရန် မြစ်ကမ်းဘေးသို့ သွားကြသည်။

ထိုအချိန် ချင်ရွှေရွာ တစ်ရွာလုံး၌ အပုပ်နံ့များ လွှမ်းခြုံနေသော်လည်း ထိုအထဲတွင် ထူးဆန်းသော မျှော်လင့်ချက် စွမ်းအင်တစ်ခုလည်း ပါဝင်နေလေသည်။

အညစ်အကြေးများ၊ ကောက်ရိုးများနှင့် မြစ်တွင်းမှ ရွှံ့နွံများကို ချန်ရှင်း ရှင်းပြခဲ့သည့်အတိုင်း သုံးပုံ၊ ငါးပုံ၊ နှစ်ပုံ အချိုးအစားဖြင့် တွင်းထဲတွင် အထပ်လိုက် ပုံထားကြရာ အလွှာများစွာ ပါဝင်သော ကိတ်မုန့်ကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

ညနေစောင်း၍ လူတိုင်း ပြန်သွားကြသောအခါ ချန်ရှင်းက မြေဆွေးတွင်းများဆီသို့ တစ်ယောက်တည်း သွားလိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာစေပြီးနောက် သူက ရုပ်ဖျက်ထားသော ဂုံနီအိတ်များကို ထုတ်ယူလိုက်သည်။

အိတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ယူရီးယားအစေ့များနှင့် မီးခိုးရောင် ကယ်လ်စီယမ်ဖော့စဖိတ် အမှုန့်များ ရှိနေသည်။

ခေတ်သစ်စာအုပ်များမှ သူ လေ့လာထားသော အချိုးအစား အတိအကျအတိုင်း ဤအကျိုးသက်ရောက်မှုမြင့်မားသော ဓာတုကုန်ကြမ်းများကို အရောအနှောထဲသို့ ညီညာစွာ ဖြူးချလိုက်၏။ ထို့နောက် မြစ်တွင်းမှ ရွှံ့နွံတစ်လွှာဖြင့် ပြီးပြည့်စုံစွာ ဖုံးအုပ်လိုက်သည်။

......

နောက်ရက်များတွင် အဒေါ်ဝမ်မှာ ရွာထဲ၌ အင်မတိ အင်မတန် အကြိုးစားဆုံးလူ ဖြစ်လာခဲ့သည်။

သူမက တစ်နေကုန် ဘာအလုပ်မှ မလုပ်ဘဲ မြေဆွေးတွင်းများနှင့် သိပ်မဝေးလှသော တောင်ကုန်းလေးတစ်ခုပေါ်ရှိ ခုံပုလေးတစ်လုံးပေါ်တွင် ထိုင်ကာ နေကြာစေ့ကို ဖောက်စားနေရင်း အောက်ဘက်တွင် အလုပ်များနေသော လူအုပ်ကြီးကို လက်ညှိုးတထိုးထိုးဖြင့် ပွစိပွစိ ပြောဆိုနေတော့သည်။

"ကြည့်ကြစမ်း၊ ကြည့်ကြစမ်း...၊ အရွယ်ရောက်ပြီးသား ယောက်ျားကြီးတွေက ကောင်းကောင်းမွန်မွန် လယ်ယာလုပ်ငန်းတွေကို စွန့်လွှတ်ပြီး အရူးတစ်ယောက် နောက်လိုက်လိုက်နေကြတယ်။ ချီးတွေနဲ့ ဆော့ကစားနေကြတယ်။ ဟေ့... သူတို့က ချီးတွေနဲ့ ဆော့ရတာကို တကယ်ကြီး ပျော်နေကြတာပဲဟယ်"

"ငါ ပြောပြမယ်၊ ဒါကို ပျိုးပင်တွေ အပူလောင်တယ်လို့ ခေါ်တယ်။ မြေဩဇာက သေချာ မဆွေးမြေ့သေးရင် အပူဓာတ်က အရမ်းများနေမယ်။ သီးနှံတွေ စိုက်လိုက်တာနဲ့ အမြစ်တွေ အပူလောင်ပြီး သေကုန်လိမ့်မယ်။ အဲဒီအခါ နင်တို့တွေ မျက်ရည်ပေါက်ပေါက်ကျအောင် ငိုကြရလိမ့်မယ်"

သူမ၏စကားများကြောင့် အလုပ်လုပ်နေသော ရွာသူရွာသားအချို့မှာ အနည်းငယ် စိုးရိမ်လာကြပြီး သူတို့၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေသည်။

ချန်ရှင်းကတော့ ဒေါသမထွက်ပေ။ သူက လူတိုင်းကို ရိုးရှင်းစွာပင်

"သူ့ကို လျစ်လျူရှုထားလိုက်၊ ပြောချင်သလောက် ပြောပါစေ။ ငါတို့ရဲ့ မြေဩဇာက ခုနစ်ရက်နေရင် အဆင်သင့်ဖြစ်ပြီ"

ချန်ရှင်း၏ တည်ငြိမ်မှုက လူများ၏စိတ်ကို ချက်ချင်းပင် ငြိမ်သက်သွားစေနိုင်သော အံ့ဩဖွယ် စွမ်းအားတစ်ခု ရှိနေပုံရသည်။

တတိယမြောက်နေ့မှာတော့ အံ့ဖွယ်ရာများ စတင်ဖြစ်ပေါ်လာခဲ့သည်။

ကြီးမားသော မြေဆွေးတွင်းကြီး အချို့အတွင်းမှ အံ့ဩဖွယ်ကောင်းလောက်သော အပူငွေ့များ စတင်ထွက်ပေါ်လာသည်။

နံနက်စောစောအချိန်များတွင် ကန်အထက်၌ အခိုးအငွေ့များ ပျံဝဲနေပြီး အေးမြသော လေထုနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

"ဘုရားရေ…၊ အခိုးအငွေ့တွေ ထွက်နေတယ်၊ မီးလောင်တော့မှာလား"

ကြောက်တတ်သော ရွာသူရွာသားတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တောင်ကုန်းပေါ်တွင်ရှိနေသော အဒေါ်ဝမ်က အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူမက ပေါင်ကိုရိုက်ကာ ဝမ်းသာအားရ အော်ပြောလိုက်သည်။

"နင်တို့ကို ငါ ဘာပြောခဲ့လဲ။ မီးလောင်နေပြီ…၊ နင်တို့လို အရူးကောင်တွေ ပြေးကြတော့၊ အိမ်သာတွင်း ပေါက်ကွဲတော့မယ်ဟေ့"

ချန်ရှင်းက တည်ငြိမ်စွာဖြင့် ရှေ့သို့တိုးလာပြီး ရှည်လျားသော သစ်သားတိုင်တစ်တိုင်ကို မြေဩဇာပုံထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးစိုက်လိုက်ကာ ခဏအကြာတွင် ပြန်လည်ဆွဲထုတ်လိုက်သည်။ သစ်သားတိုင်၏ အဖျားမှာ အလွန်ပူလောင်နေပြီး အမိုးနီးယားနှင့် မြေကြီးရနံ့များ ရောနှောနေသော ထူးခြားဆန်းကြယ်သည့် အနံ့တစ်မျိုး ရနေကာ သာမန် အပုပ်နံ့သက်သက် မဟုတ်တော့ပေ။

သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ကြေညာလိုက်သည်။

"ဒါက အချဉ်ပေါက်လာတဲ့ အကောင်းဆုံးအခြေအနေပဲ။ မြေဩဇာ အပြည့်အဝ ဖြစ်ထွန်းတော့မယ့် လက္ခဏာပဲ။ ငါတို့ အောင်မြင်ပြီ"

ရွာသူရွာသားများမှာ သံသယရှိနေကြဆဲဖြစ်သော်လည်း ချန်ရှင်း၏ ယုံကြည်ချက်အပြည့်ရှိသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ စိုးရိမ်ပူပန်မှုများမှာ အတော်လေး လျော့ကျသွားလေသည်။

ခုနစ်ရက်မြောက်နေ့မှာတော့ မြေဆွေးတွင်းများထဲရှိ အပူငွေ့များ တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။

မစ္စတာချန်က မြေဆွေးပြုလုပ်ခြင်း အောင်မြင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

ရွာသူရွာသားများက အပေါ်ယံမြေဆီလွှာကို တူးဖယ်လိုက်သောအခါ လူတိုင်းမှာ အံ့ဩမှင်တက်သွားကြတော့သည်။

တွင်းထဲရှိ အဝါနှင့် အစိမ်းရောင် ရောယှက်နေသော၊ စေးကပ်ကပ်နှင့် အနံ့ဆိုးထွက်နေသော အညစ်အကြေးများမှာ ယခုအခါ လုံးဝ ပြောင်းလဲသွားလေပြီ။

၎င်းတို့မှာ အနံ့ဆိုးမထွက်သည့်အပြင် မိုးရွာပြီးစ သစ်တော၏ ထူးခြားသော မြေသင်းနံ့များ သင်းပျံ့နေသည့် အညိုရောင်ရင့်ရင့် မြေဆီလွှာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ နူးညံ့သော ပေါင်မုန့်အကြေစလေးများကဲ့သို့ပင်။

"ဒါ... ဒါတကယ်ပဲ ဟိုအညစ်အကြေးတွေကနေ ဖော်စပ်ထားတာလား"

လယ်သမားအိုကြီးတစ်ဦးက မြေဩဇာ တစ်ဆုပ်ကို ကောက်ယူကာ အနံ့ခံကြည့်လိုက်ပြီး အလွန်အမင်း မယုံကြည်နိုင်ဖြစ်နေပုံရသည်။

ချန်ရှင်းက သိပ်များများစားစား ရှင်းပြမနေတော့ဘဲ ချန်အယ်တန့်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"အယ်တန့်...၊ တစ်ထမ်းစာလောက် ယူသွားလိုက်၊ ပြီးရင် သီးနှံ မဖြစ်ထွန်းဆုံး လယ်ကွင်းထဲမှာ သွားထည့်လိုက်။ ငါတို့ စမ်းသပ်ကြည့်ကြတာပေါ့"

"ဟုတ်ကဲ့ပါ အစ်ကိုချန်"

ချန်အယ်တန့်က စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ထမ်းပိုးတစ်ချောင်းနှင့် ပုံးတစ်ပုံးကို ရှာဖွေကာ မြေဩဇာအပြည့်ထည့်လိုက်ပြီး သူ့လယ်ကွင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။

ထို့နောက် လူတိုင်း၏ စိတ်အာရုံမှာ ဓာတ်မြေဩဇာဖြင့် အာဟာရဖြည့်တင်းပေးထားသော ညှိုးနွမ်းဝါကြင်နေသည့် စပါးပျိုးပင်လေးများရှိရာ လယ်ကွင်းငယ်လေးဆီသို့ ရောက်ရှိသွားလေတော့သည်။

All Chapters