အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉)
ငါးဖမ်းခြင်း (၃)
မျောပါသွားသော ငါးများ ပိုမိုများပြားလာသည်ကို မြင်သောအခါ ယောင်ရန်သည် ဆက်လက်ငါးဖမ်းရန် ဆုံးဖြတ်လိုက်လေသည်။ သူမ၏ ငါးကန် ပြည့်သွားပါက ငါးများကို ဇလုံများထဲသို့ ထည့်ကာ သူမ၏ နေရာလွတ်ထဲရှိ ဂိုဒေါင်အတွင်း၌ သိမ်းဆည်းထားမည်ဟု တွေးလိုက်လေသည်။
နှစ်နာရီခန့် ငါးဖမ်းပြီးနောက် ယောင်ရန်သည် ကုန်းမြေပေါ်သို့ ပြန်တက်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမသည် ငါးဖမ်းလှေနှင့် ငါးဖမ်းစက်ကို သိမ်းဆည်းလိုက်၏။ ထို့နောက် အမှိုက်အိတ် အလုံးနှစ် ဆယ်ခန့်ကို ငါးများ အပြည့်ထည့်ကာ အခြားအိတ်များနှင့်အတူ သစ်ပင်အောက်၌ သွားရောက် စုပုံ ထားလိုက်လေသည်။
လုံယုနှင့် အခြားသူများ ပြန်လည်ရောက်ရှိလာကြသောအခါ သစ်ပင်အောက်၌ ငါးအိတ်များ ပိုမို များပြားနေသည်ကို တွေ့ရှိလိုက်ကြလေသည်။
ယောင်ရန်က ပြုံးကာ တည်ငြိမ်စွာပင် ပြောလိုက်လေ၏။
"ငါးတွေ ရေစုန်မှာ အများကြီး မျောပါသွားတာ တွေ့လို့ အဲဒီဘက်ကို သွားဖမ်းလိုက်တာပါ...။"
သူမ၏ စကားကို ကြားပြီးနောက် ဟွမ်ချန်က သူမအား လက်မထောင်ပြလိုက်ပြီး သူတို့သည် ငါးများကို ဆက်လက် သယ်ဆောင်ကာ သွားရောက် လဲလှယ်ခဲ့ကြလေသည်။ အကြိမ်ပေါင်းများစွာ အသွားအပြန် ပြုလုပ်ပြီးနောက်တွင်မူ ငါးအိတ် ငါးအိတ်သာ ကျန်ရှိလေတော့သည်။
သူတို့ ပြန်ရောက်လာကြသောအခါ ဟွမ်ချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ယောင်ရန်၊ ငါတို့ တော်တော် ကံကောင်းတာပဲ...။"
ယောင်ရန် မျက်ခုံးပင့်လိုက်ကာ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ..."
ဟွမ်ချန်သည် အနားယူရန်အတွက် သစ်ပင်တစ်ပင်အောက်၌ ဝင်ထိုင်လိုက်ရင်း ရှင်းပြလေ၏။
"ငါတို့ ငါးတွေ သယ်သွားတုန်းက စစ်သားတစ်စုနဲ့ သွားဆုံခဲ့တယ်လေ၊ သူတို့က ငါးတွေကို မြင်တော့ ပြည်သူတွေ အချင်းချင်း ပစ္စည်းတွေ လဲလှယ်လို့ ရအောင် အစိုးရက ဈေးတစ်ခု ဖွင့်ပေးထားတယ်လို့ ပြောပြတယ်...။"
"ငါတို့ ကုန်တိုက်မှာရှိတဲ့ အစိုးရဆီကိုလည်း တိုက်ရိုက် သွားရောင်းလို့ ရတယ်တဲ့၊ ဒါပေမယ့် ဈေးက တော့ ယွမ်ရီဟွေး ပေးသလောက် မရဘူးပေါ့၊ အဲဒီဈေးထဲ ဝင်ဖို့ ဝင်ကြေးလည်း မကောက်ဘူးတဲ့၊ ပြီးတော့ ပြဿနာ ရှာတဲ့သူတွေကိုလည်း စစ်ဥပဒေနဲ့ အပြစ်ပေးမယ်လို့ ပြောတယ်...။"
ယောင်ရန်သည် ခဏမျှ နားထောင်နေပြီးနောက် မေးလိုက်လေသည်။
"ဒါဆို ရှင်တို့က ဘာကံကောင်းတာနဲ့ ကြုံလာခဲ့လို့လဲ...။"
ဟွမ်ချန် ဖြေဆိုမည်ကို မစောင့်တော့ဘဲ ရှီရွှမ်းက ဝင်ရောက် ပြောလိုက်လေ၏။
"ငါတို့ အပြန်လမ်းမှာ အစ်ကိုချွမ်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ ဆုံခဲ့တယ်လေ၊ သူတို့ ခဏလောက် စကားပြောဖြစ်ကြတော့ အဲဒီလူက သူ့ဆီမှာ ကျောက်မီးသွေးနဲ့ ဓာတ်ဆီတွေ ရှိတယ်တဲ့၊ အဲဒါတွေကို ငါးတွေနဲ့ လဲပေးနိုင်တယ်လို့ ပြောတယ်...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားလေသည်။ အလွန်အမင်း အေးခဲ လှသော ရာသီဥတုတွင် ကျောက်မီးသွေးနှင့် ဓာတ်ဆီတို့မှာ အသက်ကိုပင် ကယ်တင်နိုင်စွမ်းရှိသော မရှိ မဖြစ် အရေးပါသည့် ပစ္စည်းများ ဖြစ်ပေသည်။
သူတို့အနေဖြင့် ၎င်းတို့ကို များများ စုဆောင်းထားနိုင်ပါက၊ သူမ အရင်က ကြိုတင် စုဆောင်းထားခဲ့သော ပစ္စည်းများကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ယူ အသုံးပြုနိုင်မည် ဖြစ်လေသည်။
ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်လေ၏။
"လဲလှယ်မယ့် နှုန်းထားက ဘယ်လိုလဲ...။"
လုံယုက ပြန်ဖြေလေသည်။
"ငါး သုံးကီလိုကို ကျောက်မီးသွေး တစ်ကီလို ဒါမှမဟုတ် ဓာတ်ဆီ တစ်လီတာနဲ့ လဲလို့ ရတယ်...။"
လဲလှယ်မှု နှုန်းထားမှာ နိမ့်ကျလှသော်လည်း သူတို့သည် တစ်နေ့လျှင် ငါးအမြောက်အမြား ဖမ်းဆီးနိုင် ပေသည်။ ယောင်ရန်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။
"ကျွန်မကတော့ သဘောတူပါတယ်...။"
သူမ၏ စကားကို ကြားပြီးနောက် လုံယုက ထပ်မံ ပြောလိုက်လေသည်။
"ချွမ်ယွမ်ဝေ့နဲ့ စီမာယွမ်တို့ရဲ့ ဝေစုကလွဲရင်၊ ငါတို့ ငါးတွေ အကုန်လုံးကို ကျောက်မီးသွေးနဲ့ ဓာတ်ဆီတွေ နဲ့ သွားလဲကြမယ်...။"
ထိုသူနှစ်ဦးက ငါးများကို လိုချင်နေကြခြင်းအပေါ် ယောင်ရန် အံ့သြမိခြင်း မရှိပေ။ သူမနှင့် သူမ၏ သူငယ်ချင်းများမှလွဲ၍ ကျန်လူတိုင်းမှာ ဆာလောင်မွတ်သိပ်နေကြရလေသည်။ ထို့ကြောင့် စားနပ်ရိက္ခာ စုဆောင်းရန် အခွင့်အရေး ရလာချိန်တွင်၊ မည်သူမျှ စားသောက်၍ မရနိုင်သော ကျောက်မီးသွေးနှင့် ဓာတ်ဆီအတွက် လဲလှယ်လိုကြမည် မဟုတ်ပေ။
ယောင်ရန် ပစ္စည်းများကို သိမ်းဆည်းပြီးနောက်တွင် သူတို့သည် ကျန်ရှိနေသော ငါးများနှင့်အတူ အန်းယွမ်ရေလှောင်တမံမှ ထွက်ခွာခဲ့ကြလေသည်။
ရေလှောင်တမံမှ ထွက်ခွာလာချိန်တွင် စက်လှေနှင့် လေထိုးရော်ဘာလှေ နှစ်စင်းပေါ်၌ ရိက္ခာများနှင့် ငါးများကို အပြည့် တင်ဆောင်ထားခဲ့လေသည်။
ညအမှောင်ထု အတွင်း၌ လှေသုံးစင်းသည် ရုံးအဆောက်အအုံ တစ်ခုဆီသို့ မောင်းနှင်သွားကာ လူသူ ကင်းရှင်းသော ထောင့်တစ်နေရာ၌ ရပ်တန့်လိုက်ကြလေသည်။ မကြာမီမှာပင် နောက်ထပ် စက်လှေ နှစ်စင်း ရောက်ရှိလာခဲ့လေသည်။
ထိုစက်လှေနှစ်စင်းသည် သူတို့နှင့် နှစ်မီတာခန့် အကွာ၌ ရပ်တန့်သွားပြီးနောက် ချွမ်ယွမ်ဝေ့သည် သူ၏ လုပ်ဖော်ကိုင်ဖက်ကို မြင်ကာ လှမ်းမေးလိုက်လေသည်။
"စီဟန်၊ မင်း ပစ္စည်းတွေ ယူလာခဲ့လား...။"
စီဟန်သည် အခြားလူတစ်ဦးအား အဖုံးဖွင့်ရန် အချက်ပြလိုက်လေ၏။ ထို့နောက် သူသည် ကျောက်မီး သွေး တစ်တုံးကို ထုတ်ယူလိုက်ပြီး၊ ဆီစည်ပိုင်းထဲမှ ဓာတ်ဆီကို ပုလင်းငယ် တစ်လုံးအတွင်းသို့ စုပ်ယူ ကာ ချွမ်ယွမ်ဝေ့အား ကမ်းပေးလိုက်လေသည်။
"ငါတို့ရဲ့ ကျောက်မီးသွေးက မီးခိုးမထွက်ဘူး၊ ပြီးတော့ (၁၂ )နာရီလောက် အထိ ကြာကြာ ခံတယ်၊ ဓာတ်ဆီကလည်း အညစ်အကြေး မပါဘဲ သန့်စင်တယ်၊ အစ်ကို စစ်ကြည့်လို့ ရပါတယ်...။"
ချွမ်ယွမ်ဝေ့သည် ကျောက်မီးသွေးနှင့် ဓာတ်ဆီတို့ကို စစ်ဆေးရန် လက်လှမ်းမယူဘဲ လုံယုထံသို့ လှည့်ကြည့်လိုက်လေ၏။ ထိုအရာကို မြင်သောအခါ စီဟန်သည် လုံယုအား စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ရူပဗေဒသိပ္ပံတွင် အလုပ်လုပ်ခဲ့စဉ်က ချွမ်ယွမ်ဝေ့မှာ သူ၏ အထက်အရာရှိ တစ်ဦးဖြစ်ပြီး၊ သိပ္ပံ၏ ညွှန်ကြားရေးမှူး ပြီးလျှင် ဒုတိယ နေရာ၌ ရှိသူ ဖြစ်ပေသည်။ ဤမျှ မာနကြီးလှသောသူက သူ့ထက် အသက်ငယ်ရွယ်သူ တစ်ဦးထံမှ အမိန့်များကို နာခံနေသည်ကို မြင်တွေ့ရသောအခါ စီဟန် တစ်ယောက် အတော်ပင် အံ့အားသင့်သွားခဲ့လေ၏။
လုံယုသည် ကျောက်မီးသွေးနှင့် ဓာတ်ဆီများကို စစ်ဆေးပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေသည်။ ထိုအခါ ချွမ်ယွမ်ဝေ့က စီဟန်ကို ပြုံးပြရင်း ပြောလိုက်လေသည်။
"ပစ္စည်းတွေ လဲလိုက်ကြရအောင်...။"
သူတို့သည် ငါးများကို ကျောက်မီးသွေးနှင့် ဓာတ်ဆီတို့ဖြင့် လဲလှယ်လိုက်ကြရာ မိနစ်အနည်းငယ် အတွင်းမှာပင် အရောင်းအဝယ် ကိစ္စများ ပြီးမြောက်သွားလေတော့သည်။
ချွမ်ယွမ်ဝေ့ကို ကြည့်ရင်း စီဟန်က မေးလိုက်လေသည်။
"အစ်ကိုချွမ်၊ ခင်ဗျားတို့ဆီမှာ ငါးတွေ ကျန်သေးလား...။"
ချွမ်ယွမ်ဝေ့က ပြန်မေးလိုက်၏။
"မင်း ဘယ်လောက် လိုချင်လို့လဲ...။"
စီဟန်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလေသည်။
"ငါတို့ နှစ်ရက်တစ်ခါ ငါး ကီလိုဂရမ် ကိုးထောင်လောက် လဲကြရင်ကော ဘယ်လိုလဲ...။"
လဲလှယ်မှု နှုန်းထားမှာ ငါး သုံးကီလိုဂရမ်ကို ကျောက်မီးသွေး တစ်ကီလိုဂရမ် သို့မဟုတ် ဓာတ်ဆီ တစ်လီတာ ဖြစ်ပေသည်။ ဤသို့ဆိုလျှင် အရောင်းအဝယ် ပြုလုပ်တိုင်း သူတို့သည် ကျောက်မီးသွေးနှင့် ဓာတ်ဆီ အမြောက်အမြားကို ရရှိနိုင်မည် ဖြစ်၏။
ချွမ်ယွမ်ဝေ့သည် သူ့ကို တိုက်ရိုက် မဖြေဆိုဘဲ လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ညီလေးလုံ၊ မင်း ဘယ်လိုထင်လဲ...။"
လုံယုက စီဟန်ကို ကြည့်ရင်း ပြောလိုက်လေ၏။
"မင်း ငါးတွေ ထပ်လိုချင်တယ် ဆိုရင် မနက်ဖြန် ထပ်လဲကြတာပေါ့၊ ဒါပေမယ့် မင်းနဲ့အတူ လူနှစ် ယောက်ပဲ ခေါ်လာခွင့် ရှိမယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ အရောင်းအဝယ်ကို ဖျက်သိမ်းလိုက်မယ်...။"
အန်းယွမ်ရေလှောင်တမံမှာ ရေများ ပြည့်လျှံနေပြီဖြစ်ရာ မည်သည့်အချိန်တွင် တမံကျိုးပေါက်သွားမည် ကို လုံယုလည်း မသိနိုင်ပေ။ ရေလှောင်တမံ ကျိုးပေါက်သွားသည်နှင့် တစ်ပြိုင်နက် ရေမျက်နှာပြင်များ မြင့်တက်လာမည်ဖြစ်ပြီး ငါးဖမ်းရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
သူတို့မှာ အချိန်လုနေရသောကြောင့် လုံယုအနေဖြင့် စီဟန်နှင့် အချိန်မဖြုန်းချင်တော့ပေ။ အကယ်၍ သူတို့ ငါးများကို လိုချင်ပါက သူချမှတ်ထားသော စည်းကမ်းများကိုသာ လိုက်နာရမည် ဖြစ်လေသည်။
စီဟန်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလေ၏။
"သဘောတူတယ်...။"
ညှိနှိုင်းမှုများ ပြီးဆုံးသွားပြီးနောက် နှစ်ဖက်စလုံး ကိုယ့်လမ်းကိုယ် ထွက်ခွါသွားကြလေတော့သည်။
ရှီရွှမ်းသည် လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ အပြန်လမ်း၌ မောင်းနှင်လာချိန်တွင် အလွန်ပင် သတိထားနေခဲ့လေသည်။ သူတို့ နောက်သို့ မည်သူမျှ နောက်ယောင်ခံ လိုက်မလာကြောင်း လုံယုက ပြောပြမှသာလျှင် တိုက်ခန်းဝင်း အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
တိုက်အမှတ် (၃) သို့ ရောက်ရှိသွားပြီးနောက် သူတို့သည် ပစ္စည်းများကို အပေါ်ထပ်သို့ တိတ်တဆိတ် သယ်ဆောင်သွားကြလေသည်။
ချွမ်ယွမ်ဝေ့သည် ငါးဖမ်းစက်ကို တီထွင်ပြုလုပ်ခဲ့သူ ဖြစ်သောကြောင့် ရိက္ခာပစ္စည်းများ၏ ငါးရာခိုင်နှုန်း နှင့် သူ၏ ငါးဝေစုကို ရရှိခဲ့ပေသည်။
စီမာယွမ်မှာမူ မည်သည့် ပစ္စည်းကိရိယာ သို့မဟုတ် ကျွမ်းကျင်မှုကိုမျှ ထည့်ဝင်နိုင်ခဲ့ခြင်း မရှိသော ကြောင့် ရိက္ခာပစ္စည်းများ၏ နှစ်ရာခိုင်နှုန်းနှင့် သူ၏ ငါးဝေစုကိုသာ ရရှိခဲ့လေတော့သည်။
အခန်း (၁၃၀)
သတင်းကောင်း
ဤရိက္ခာပစ္စည်းများ၏ နှစ်ရာခိုင်နှုန်းကို စီမာယွမ်အား ပေးရခြင်းမှာ သူသည် ချွမ်ယွမ်ဝေ့၏ သူငယ်ချင်း ဖြစ်ပြီး အထပ် (၁၉) တွင် နေထိုင်သောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း ဤရိက္ခာပစ္စည်း နှစ်ရာခိုင်နှုန်းနှင့် ငါးများကိုသာ ပြန်လည်ယူဆောင်သွားနိုင်မည် ဆိုပါက စီမာယွမ်၏ မိသားစုမှာ ယနေ့အတွက် ဆာလောင်မွတ်သိပ်နေမည် မဟုတ်တော့ဘဲ နောက်ထပ် ရက် အနည်းငယ်အတွက်ပါ စားနပ်ရိက္ခာများ ရရှိသွားမည်သာ ဖြစ်လေသည်။
အိမ်သို့မပြန်ခင် ယောင်ရန်က ပြောလိုက်လေသည်။
"ငါးဖမ်းစက်ကို ကျွန်မဆီ ပေးခဲ့ပါ၊ ဒီနေ့ အားသွင်းထားလိုက်မယ်၊ အားပြည့်သွားရင် မနက်ဖြန်ကျ ကျွန်မတို့ ငါးသွားဖမ်းလို့ ရတာပေါ့...။"
"ကောင်းပါပြီ...။"
လုံယုသည် သူမအား ငါးဖမ်းစက်ကို ကမ်းပေးလိုက်ပြီးနောက်၊ ရိက္ခာပစ္စည်းများကို သူမ၏ တိုက်ခန်းသို့ သယ်ဆောင်ရန် ကူညီပေးကာ အိမ်သို့ ပြန်သွားခဲ့လေသည်။
ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ အနားယူနေချိန်တွင်၊ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်၏ မိသားစုများမှာ ထိုသူနှစ်ဦး ရိက္ခာပစ္စည်း အမြောက်အမြားနှင့်အတူ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ အလွန်ပင် ဝမ်းမြောက်ပျော်ရွှင်သွားကြလေသည်။
သူတို့သည် ငါးများသာမက ဆား၊ ဆန်၊ ဆီ၊ အဝတ်အစားများနှင့် ဆေးဝါးများကိုပါ ယူဆောင်လာခဲ့ကြ ခြင်း ဖြစ်ပေသည်။
ဧည့်ခန်းအတွင်း၌ စုပုံနေသော ရိက္ခာများကို ကြည့်ရင်း အဖွားချွမ်မှာ မျက်ရည်များပင် ကျဆင်းလာခဲ့ ရလေသည်။
သူမသည် ချွမ်ယွမ်ဝေ့၏ လက်ကို အသာပုတ်ကာ ပြောလေသည်။
"ယွမ်ဝေ့၊ မင်း မှတ်ထားရမယ်နော်၊ ဒီနေ့ မိန်းကလေးယောင်နဲ့ သူမရဲ့ သူငယ်ချင်းတွေက ငါတို့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့တာပဲ၊ ငါတို့ သူတို့ရဲ့ ကျေးဇူးကို မှတ်ထားပြီး ဒီကျေးဇူးကို ဆပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်..."
ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလေသည်။
"အဖွား၊ ကျွန်တော် ဘာလုပ်ရမယ် ဆိုတာကို သိပါတယ်...။"
အနားယူမည့်အစား အဖွားချွမ်နှင့် ချွမ်ယွမ်ဝေ့တို့သည် ရိက္ခာများကို အထုပ်ငယ်လေးများအဖြစ် ထုပ်ပိုးကာ နေရာအနှံ့၌ ဖွက်ထားလိုက်ကြလေသည်။
သံတံခါးဖြင့် လှေကားကို ပိတ်ဆို့ထားသော်ငြားလည်း၊ သူတို့မှာ သတိဝီရိယကို လျှော့ချရဲခြင်း မရှိပေ။ မည်သည့်အချိန်တွင် တစ်စုံတစ်ယောက်က သံတံခါးကို ဖျက်ဆီးဝင်ရောက်လာမည်ကို သူတို့ မသိနိုင် ပေ။ ဤကိစ္စအတွက် သူတို့ လောင်းကြေးမထပ်ရဲဘဲ နောင်တစ်ချိန်တွင် ထွက်ပေါက်တစ်ခု ရရှိစေရန် ကြိုတင် ပြင်ဆင်ထားရမည်သာ ဖြစ်လေသည်။
သူတို့နှစ်ဦးသည် တိုက်ခန်းအတွင်း နေရာအနှံ့၌ အရာအားလုံးကို ဖွက်ထားပြီးနောက် စိတ်သက်သာရာ ရသွားကာ အဘိုးချွမ်ထံသို့ သတင်းကောင်း သွားရောက် ပြောပြကြလေတော့သည်။
ယောင်ရန်သည် နာရီအနည်းငယ်မျှသာ အိပ်စက်ခဲ့ပြီးနောက် နိုးလာခဲ့လေသည်။ သူမ ပထမဆုံး ပြုလုပ် ခဲ့သည့် အရာမှာ နေရာလွတ် အတွင်းမှ အားအပြည့်သွင်းထားသော ငါးဖမ်းစက်ကို ထုတ်ယူကာ အချိန် ကို စစ်ဆေးလိုက်ခြင်းပင် ဖြစ်သည်။
နံနက် ငါးနာရီသာ ရှိသေးသည်ကို မြင်သောအခါ သူမသည် သမ်းဝေလိုက်ပြီး မျက်နှာသစ်ရန် သွား လိုက်လေသည်။
နံနက်ခင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ကာ နံနက်စာ စားပြီးနောက် သူမသည် ငါးဖမ်းစက်ကို ကိုင်ဆောင်၍ အပြင်သို့ ထွက်လာခဲ့လေသည်။ အခန်းအမှတ် (၂၀၀၂) ၏ တံခါးကို ခေါက်ကာ ယောင်ရန် က လှမ်းခေါ်လိုက်လေသည်။
"လုံယု၊ ရှင် နိုးနေပြီလား...။"
လုံယု တံခါးလာဖွင့်ပေးသည်အထိ သူမ ခဏမျှ စောင့်ဆိုင်းနေလိုက်သည်။ ရှုပ်ပွနေသော ဆံပင်များနှင့် အိပ်ချင်မူးတူး ဖြစ်နေသော သူ၏ မျက်နှာကို ကြည့်ရင်း သူမက အားနာစွာဖြင့် ပြောလိုက်လေသည်။
"နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်နော်...။"
လုံယုက ခေါင်းယမ်းလိုက်ကာ အက်ရှရှ အသံဖြင့် မေးလိုက်လေ၏။
"ဘာဖြစ်လို့လဲ...။"
ယောင်ရန်သည် သူ့အား ငါးဖမ်းစက်ကို ကမ်းပေးရင်း ပြောလေသည်။
"အားအပြည့် သွင်းပြီးသွားပြီ၊ အခု ငါတို့ ထွက်သွားကြမလား၊ နောက်ကျသွားရင် ငါးတွေ မရှိတော့မှာ ကို ကျွန်မ စိုးရိမ်လို့ပါ...။"
လုံယုမှာ အိပ်ချင်မူးတူး ဖြစ်နေသေးသော်ငြားလည်း သူမ ဆိုလိုသည်ကို နားလည်လိုက်ပေသည်။ မနေ့ ညက ငါးများ သယ်ဆောင်လာစဉ် သူတို့သည် စစ်သားတစ်စုနှင့် ဆုံတွေ့ခဲ့ကြလေ၏။
ထိုစစ်သားများမှာလည်း လူမိုက်များ မဟုတ်ကြပေ။ မနေ့ညက သူတို့ လာခဲ့သော လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် ထိုငါးများကို အန်းယွမ်ရေလှောင်တမံမှ ဖမ်းဆီးလာကြောင်း စစ်သားများ သိရှိသွားလောက်ပြီ ဖြစ်ပေသည်။
အကယ်၍ အခြားထူးခြားမှု မရှိပါက ယနေ့တွင် သူတို့သည် အန်းယွမ်ရေလှောင်တမံ၌ စစ်တပ်နှင့် ဆုံတွေ့ ရမည် ဖြစ်လေသည်။ သို့သော်လည်း သူတို့ ကံကောင်းမည် ဆိုပါက ထိုစစ်သားများသည် အခြားရေလှောင်တမံများသို့ သွားရောက် ငါးဖမ်းကြမည်ဖြစ်ပြီး သူတို့ကို အနှောင့်အယှက် ပေးမည် မဟုတ်ပေ။
လုံယုက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ငါ့ကို ငါးမိနစ်လောက် အချိန်ပေးပါ....။"
ယောင်ရန်က ပြန်ပြောလိုက်၏။
"ကျွန်မ ရှီရွှမ်းနဲ့ ဟွမ်ချန်တို့ကို သွားနှိုးလိုက်မယ်လေ...။"
ထိုသို့ပြောပြီးနောက် သူမသည် အခန်းအမှတ် (၂၀၀၁) သို့ သွားရောက် တံခါးခေါက်လိုက်လေသည်။ ဟွမ်ကျိဟွေး တံခါးဖွင့်ပေးသောအခါ သူမက ပြောလိုက်လေသည်။
"ကျိဟွေး၊ နောက်ငါးမိနစ်နေရင် အန်းယွမ်ရေလှောင်တမံကို ငါတို့ ထွက်တော့မယ်လို့ မင်းအစ်ကိုနဲ့ ရှီရွှမ်းကို ပြောပေးပါဦးနော်...။"
ထိုစကားကို ကြားသောအခါ ဟွမ်ကျိဟွေးက ခေါင်းငြိမ့်ပြကာ မေးလိုက်လေသည်။
"အစ်ကိုချွမ်ကိုကော သွားပြောပေးရဦးမလား...။"
"အင်း... ကျေးဇူးပဲနော်...။"
သတင်းပေးပြီးနောက် ယောင်ရန်သည် အိမ်သို့ပြန်ကာ အပေါ်အင်္ကျီကို ဝတ်ဆင်၍ ကျောပိုးအိတ်ကို လွယ်လိုက်လေသည်။ နှစ်မိနစ်ခန့် ကြာသောအခါ သူမ အပြင်သို့ ထွက်လာခဲ့ပြီး စင်္ကြံလမ်း၌ သူမကို စောင့်ဆိုင်းနေသော လုံယုကို တွေ့လိုက်ရလေသည်။
သုံးမိနစ် ကြာပြီးနောက် ဟွမ်ချန်နှင့် ရှီရွှမ်းတို့ ထွက်လာကြကာ ပြောလေသည်။
"ငါတို့ အဆင်သင့် ဖြစ်ပြီ...။"
လုံယုက ခေါင်းငြိမ့်ပြလိုက်၏။
"သွားကြရအောင်...။"
ဟွမ်ချန်နှင့် လုံယုတို့သည် လေထိုးရော်ဘာလှေများကို သယ်ဆောင်လာခဲ့ကြပြီး အထပ် (၁၉) တွင် ချွမ်ယွမ်ဝေ့၊ စီမာယွမ်တို့နှင့် ဆုံတွေ့ခဲ့ကြလေသည်။
အိပ်ချင်မူးတူး ဖြစ်နေသော သူတို့၏ မျက်နှာများကို ကြည့်ခြင်းအားဖြင့် ခုလေးတင်မှ နိုးလာကြပုံရပေ သည်။ သူတို့နှစ်ဦးသည် မည်သည့်စကားမျှ မဆိုဘဲ လုံယုနှင့် အခြားသူများ၏ အနောက်မှ လိုက်ပါကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။
မနေ့က စီဟန်က ငါး ကီလိုဂရမ် ကိုးထောင်ခန့် လိုချင်သည်ဟု ပြောခဲ့သောကြောင့်၊ ယနေ့တွင် သူတို့ သည် အချိန်ပိုမိုယူ၍ ငါးဖမ်းရန် စီစဉ်ထားကြလေသည်။
သူတို့ စောစောစီးစီး ထွက်ခွာလာခဲ့ကြပြီး လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာလာချိန်တွင် မည်သူမျှ မရှိကြပေ။ အန်းယွမ်ရေလှောင်တမံသို့ ရောက်ရှိသောအခါ ရေမျက်နှာပြင်မှာ သိသိသာသာ မြင့်တက်လာကြောင်း ယောင်ရန် တွေ့ရှိလိုက်ရလေသည်။
သူတို့သည် နံနက်စာ မစားရသေးဘဲ ထွက်လာခဲ့ကြခြင်း ဖြစ်သောကြောင့် အလုပ်မစတင်မီ သစ်ပင် များအောက်၌ ထိုင်ကာ ဗိုက်ဖြည့်လိုက်ကြ၏။ မနေ့က အစီအစဉ်အတိုင်း သူတို့သည် အဖွဲ့နှစ်ဖွဲ့ ခွဲကာ ငါးများကိုစတင် ဖမ်းဆီးကြလေတော့သည်။
ငါးဖမ်းစက်ကို မဖွင့်မီ ချွမ်ယွမ်ဝေ့သည် သူ့အဖွားနှင့်အတူ တစ်ညလုံး ပြုလုပ်ထားခဲ့သော ငါးဖမ်းပိုက် နှစ်ခုကို ကျောပိုးအိတ်ထဲမှ ထုတ်ယူကာ လုံယုနှင့် ယောင်ရန်တို့အား ကမ်းပေးလိုက်လေသည်။
"မနေ့ညက အဖွားနဲ့ ကျွန်တော် ဒီငါးဖမ်းပိုက်တွေကို လုပ်ထားတာလေ၊ ဒီနေ့ အဲဒါတွေကို သုံးကြတာ ပေါ့...။"
ခပ်ပိုက်ကို အသုံးပြု၍ ငါးဖမ်းခြင်းထက် ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရခြင်းက ပိုမို မြန်ဆန်လှပေသည်။ လုံယုနှင့် ယောင်ရန်တို့သည် ငြင်းဆန်ခြင်း မရှိဘဲ ငါးဖမ်းပိုက်ကို ယူလိုက်ကြလေသည်။
တစ်နာရီခန့် ကြာပြီးနောက် သူတို့၏ လေထိုးရော်ဘာလှေပေါ်၌ ငါးအိတ်များ အပြည့်ဖြစ်သွားသဖြင့် လုံယုသည် ကုန်းမြေသို့ ပြန်လည် မောင်းနှင်လာခဲ့လေသည်။
တစ်နာရီအတွင်းမှာပင် ငါးအိတ် (၂၀) ကျော် ဖမ်းမိခဲ့သည်ကို မြင်သောအခါ ဟွမ်ချန်၊ စီမာယွမ်နှင့် ရှီရွှမ်းတို့သည် ပိုမို ကြိုးကြိုးစားစား အလုပ်လုပ်ကြလေတော့သည်။
လုံယုက ရေထဲသို့ ပြန်လည် မောင်းနှင်ရန် ပြင်လိုက်ချိန်မှာပင် တစ်စုံတစ်ယောက် လာနေကြောင်း ယောင်ရန် ခံစားလိုက်ရလေသည်။
သစ်ပင်များနှင့် ချိတ်ဆက်ရန် သစ်စွမ်းရည်ကို အသုံးပြုနိုင်ကြောင်း သိရှိပြီးကတည်းက ယောင်ရန်သည် ပတ်ဝန်းကျင် အခြေအနေများကို စူးစမ်းလေ့လာရန် ၎င်းစွမ်းရည်ကို အသုံးပြုခဲ့လေသည်။
သူမသည် ကျောပိုးအိတ်ထဲမှ မှန်ပြောင်းကို လျင်မြန်စွာ ထုတ်ယူ၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့် လိုက်လေသည်။ မကြာမီမှာပင် အဝေးမှ လာနေသော လူတစ်စုကို သူမ မြင်တွေ့လိုက်ရလေသည်။
"လူတွေ လာနေတယ်...။"
လူသုံးဆယ်၊ လေးဆယ်ခန့် ပါဝင်သော လူအုပ်ကြီးတစ်စု ရောက်လာခြင်း ဖြစ်သည်။ ရှီရွှမ်းနှင့် အခြား သူများ ငါးဖမ်းနေသည်ကို မြင်သောအခါ သူတို့က အဝေးမှနေ၍ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေသည်။
"ဟိုမှာ လူတွေ ငါးဖမ်းနေကြတယ်ဟေ့...။"
ထိုလူများ၏ စိတ်လှုပ်ရှားနေမှုများကို မြင်သောအခါ ချွမ်ယွမ်ဝေ့ မျက်မှောင်ကြုတ်သွားကာ ပြောလိုက် လေသည်။
"ငါတို့ကို တွေ့သွားကြပြီ၊ ဘယ်လို လုပ်ကြမလဲ...။"