← Chapters

နေမင်းကြီး၏ လှည်း

Vol. 12 Ch. 179

နေမင်းကြီး၏ လှည်း

Vol. 12 Ch. 179

“ လူ့ဘီလူးကြီးနဲ့ နဂါးလှည်း ”

ရွှီချင်း အတွေးနက်သွားပြီး ပင်လယ်ပြင်မှ ပြန်ရောက်ပြီးနောက် အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်သို့ သွား၍ ထိုကိစ္စအား တင်ပြခဲ့သည်ကို ပြန်တွေးမိလိုက်သည်။

ထိုသို့ တင်ပြပြီးသည်နှင့် သူက ဂိုဏ်းမှထွက်ခွာကာ အနီရောင်လွင်ပြင်သို့ သွားခဲ့သည်။ ယခု သူ ပြန်ရောက်သည်မှာ မကြာသေးခင် ထိုအကြောင်းကို လာရောက်မေးမြန်းနေပေရာ သင့်တော်သည်လည်း ရှိသလို မသင့်တော်သည်လည်း ရှိနေသည်။

သင့်တော်သည်မှာ အချိန်ကိုက် ရောက်လာခြင်း ဖြစ်ပြီး မသင့်တော်သည်မှာ သူ့ကို ကိုယ်တိုင်လာရောက်ဆင့်ခေါ်နေခြင်း ဖြစ်သည်။

သို့ဖြစ်ပေရာ လူ့ဘီလူးကြီးနှင့် နဂါးလှည်းကိစ္စက အလွန် အရေးကြီးသော အရာဖြစ်မှန်း ရွှီချင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့်သာ အကြီးအကဲကျောက် စိတ်ဝင်စားနေရခြင်း ဖြစ်သည်။

ထိုကိစ္စကို ရွှီချင်း မငြင်းပယ်နိုင်ကြောင်း သိသည်။

သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ပြီး မှော်လှေကို သိမ်းဆည်းလိုက်သည်။ ဂိုဏ်းထောက်လီကို သူ ကြည့်လိုက်သောအခါ ဂိုဏ်းထောက်လီက ဟန်ဆောင်ပြုံးဖြင့် ပြောလိုက်သည်။

“ အကြီးအကဲကို အကြာကြီး စောင့်နေရအောင် မလုပ်ဖို့ ငါ အကြံပေးချင်တယ်။ ပြီးတော့ ငါကလည်း တောင်ခြေက လာတာ။ မင်းလိုကျင့်ကြံခြင်းအဆင့်ရှိတဲ့ လူတစ်ယောက်က ပျံသန်းစေနိုင်တဲ့ အဆောင်မရှိတာ ငါ မယုံဘူး ”

“ ဒီတော့ မင်းကိုယ်တိုင်သွားချင်လား၊ ဒါမှမဟုတ် ငါကပဲ မင်းကို ခေါ်သွားရမလား ”

ဂိုဏ်းထောက်လီက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပျံသန်းစေနိုင်သော အဆောင်ကို သူ့ခြေထောက်တွင် တပ်လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေထဲသို့ ချက်ချင်း ရောက်သွား၏။

ဂိုဏ်းထောက်လီက သက်တန့်တစ်ခုအသွင် ပြောင်းလဲသွားပြီး သတ္တမမြောက်တောင်ထိပ်သို့ ဦးတည်သွားလိုက်သည်။

ရွှီချင်းက နောက်မှ လိုက်သွားသည်။

သတ္တမမြောက်တောင်ထိပ်သို့ သူတို့ နီးကပ်လာသည်နှင့် ရွှီချင်းက ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်သည်။ ယင်းသည် ဤတောင်ပေါ်သို့ သူ ဒုတိယအကြိမ် ရောက်ခြင်း ဖြစ်သည်။

ပထမတစ်ကြိမ်က ဂိုဏ်းသို့ ဝင်ရောက်စဉ်အခါက ဖြစ်သည်။

‘ ဒီတစ်ကြိမ်ပဲ မင်းတို့ တောင်ပေါ်ကို တက်ခွင့်ရမှာ ’ ဆိုခဲ့သည့် မျက်နှာဝိုင်းဝိုင်းနှင့် ကျင့်ကြံသူ၏ စကားကို သူ ပြန်အမှတ်ရလိုက်သည်။

ယခု ထိုစကားကို သူ ပြန်တွေးမိသောအခါ မှန်ကန်နေသည်။ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရေးသည် လူတိုင်း၏ မျှော်လင့်ချက် ဖြစ်မနေသည် မဟုတ်ပါလား။ သူသည်ပင် အခြေတည်အဆင့်အတွက် ရင်းမြစ်များစွာ ရှာဖွေရဦးမည်။

သူသည် စဉ်းစားတွေးတောနေရင်း သတိကိုလည်း လွတ်မသွားစေခဲ့ပေ။ ဂိုဏ်းထောက်လီ၏ စကားများကို သူ အပြည့်အဝ မယုံကြည်ပါသော်လည်း ယခုတစ်ခေါက်တွင် သူ့မှာ ရွေးချယ်စရာ မရှိပေ။

ထိုသို့ဖြင့် သတ္တမမြောက်တောင်ထိပ်က သူ့အမြင်အာရုံထဲတွင် တဖြည်းဖြည်း ပြတ်သားလာသည်။ တောင်အများစုကို အစိမ်းရောင်သစ်ပင်များဖြင့် ဖုံးလွှမ်းထားပြီး တောင်ခြေမှ တောင်ထိပ်သို့ ဖြောင့်တန်းနေသော တောင်တက်လမ်းလေးကိုမြင်နိုင်သည်။

ထိုတောင်တက်လမ်းတွင် နန်းတော်ကြီးကဲ့သို့ အဆောက်အအုံများစွာဖြင့် ချိတ်ဆက်ထားသော လမ်းခွဲများစွာ ရှိသည်။ ထို့ပြင် တောင်ပေါ်ရှိ နေရာအများစုတွင် ဂူများနှင့် မြေကွက်လပ်များလည်း ရှိနေသည်။

သူတို့နှစ်ဦးက တောင်ပေါ်သို့ ချက်ချင်း ပျံသန်းလာကြပြီး ခန်းမများစွာကို ကျော်ဖြတ်လာကြသည်။ ယခင်က ရွှီချင်း တာအိုဝတ်ရုံနှင့် မှော်လှေ ထုတ်ယူခဲ့သည့်နေရာကိုလည်း ကျော်ဖြတ်လာခဲ့သည်။ နောက်ဆုံး၌ တောင်ထိပ်အနီးတွင် ရှိနေသော ခံ့ညားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခုက ရွှီချင်း၏ အမြင်အာရုံထဲ ဝင်ရောက်လာသည်။

ထိုခန်းမဆောင်ကြီးသည် လမ်းတစ်လျှောက် ရွှီချင်း မြင်ခဲ့သည့်အရာအားလုံးထက် ကြီးကျယ်ခမ်းနားနေသည်။ ယင်းကို အစိမ်းရောင်နှင့် အဖြူရောင်ရောယှက်ထားသော ဝိညာဉ်ကျောက်တိုင်များဖြင့် ဆောင်လုပ်ထားခြင်းဖြစ်သည်။ ခန်းမဆောင်၏ ထောင့်တိုင်း၌ ကောင်းကင်ကြီးကို ဟစ်ကြွေးနေဟန်ရှိသည့် ထူးဆန်းသော သားရဲရုပ်တုများ ရှိသည်။

ခန်းမဆောင်ရှေ့တွင် ဧရာမလူရုပ်ကြီးနှစ်ရုပ်က လူ့ဘီလူးကြီးများအလား ကြောက်မက်ဖွယ်ဖိအားများ ထုတ်လွှတ်နေလျက် ရပ်နေသည်။

ခန်းမဆောင်တံခါးက ပိတ်မထားပါသော်ငြား မည်သည့်အတွက်ကြောင့်မသိ အတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ဝိုးတဝါးသာ မြင်ရသည်။

ဂိုဏ်းထောက်လီ အောက်သို့ ဆင်းသက်လိုက်သည်နှင့် ရွှီချင်းသည်လည်း ဆင်းသက်လိုက်သည်။

ထိုအချိန်၌ ပြင်းထန်သော အန္တရာယ်အငွေ့အသက်က သူ့ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ မမြင်နိုင်သော အစီအရင်အငွေ့အသက်များက သူ့ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်ဟန်တူသည်။ ပို၍ တုန်လှုပ်ချောက်ချားစရာကောင်းသည်မှာ ခန်းမဆောင်ထဲရှိ အရာပင်။

ခန်းမဆောင်ထဲ၌ ကြောက်ခမန်းလိလိ သားရဲကြီးတစ်ကောင် မြဲမြံခိုင်မာစွာ ကပ်တွယ်နေသည့်အလားပင်။ ၎င်းထံမှ ထွက်သက်က ဝိညာဉ်လွင့်သွားစေနိုင်လောက်သော မုန်တိုင်းတစ်ခုအလားပင်။ ထိုအငွေ့အသက်က ဘေးပတ်လည်သို့ ပျံ့လွင့်လာသည်နှင့် ဂိုဏ်းထောက်လီက လေးစားစွာ ခေါင်းငုံ့၍ ပြောလိုက်သည်။

“ အကြီးအကဲ၊ ကျနော် ရွှီချင်းကို ခေါ်လာခဲ့ပါပြီ ”

“ ဝင်ခဲ့ ”

ခန်းမဆောင်ထဲမှ အိုမင်းရင့်ရော်နေသော ခပ်အက်အက်အသံ လွင့်ပျံလာသည်။

ထိုအသံက ရွှီချင်း၏နားထဲ ရောက်သွားသည်နှင့် မိုးခြိမ်းသံကဲ့သို့ ပြောင်းလဲသွားသည့်အလား ရွှီချင်း၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ့အပေါ်သို့ ပြင်းထန်သော ဖိအားတစ်ရပ် သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။

သူ့ကိုယ်သူ တည်ငြိမ်စေရန် အတော်လေး ထိန်းချုပ်လိုက်ရသည်။ သူက ခေါင်းငုံ့၍ အရိုအသေပေးပြီးနောက် ခြေထောက်နှစ်ဖက်ကို ခက်ခက်ခဲခဲ မ,၍ တစ်လှမ်းချင်း လျှောက်သွားသည်။

သူ ခြေလှမ်းလိုက်တိုင်း သူ၏နဖူးမှ ချွေးများ စီးကျလာသည်။ ခန်းမဆောင်မှ လာနေသော ကြောက်မက်ဖွယ်ဖိအားကြောင့် သူ နီးကပ်လာတိုင်း သူ့စိတ်ထဲ တဝုန်းဝုန်းမြည်ဟည်းနေသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အသွေးအသားများ တုန်ရီနေခြင်းကြောင့် သူ လမ်းလျှောက်ရန် ခက်ခဲနေတော့သည်။

သို့သော်လည်း ခန်းမဆောင်ထဲရှိ ပုဂ္ဂိုလ်ထံတွင် ဆိုးယုတ်သောစိတ်ထား ရှိနေဟန်မတူဘဲ ထိုဖိအားက အလိုလို ဖြစ်တည်နေခြင်းသာ ဖြစ်ဟန်တူသည်။ ထို့ကြောင့် ရွှီချင်းမှာ ခက်ခဲပါသော်လည်း အပြင်အားပညာရပ်နှင့် ကျင့်ကြံခြင်းအပေါ် မှီခို၍ တစ်လှမ်းချင်း လျှောက်သွားသည်။

ခန်းမဆောင်ထဲ ဖြတ်လျှောက်သွားစဉ် နောက်ဆုံးတွင် မည်သည့်အတွက်ကြောင့် အပြင်ဘက်မှ မြင်နေရသည်မှာ ဝိုးတဝါးဖြစ်နေရသည်ကို သူ နားလည်သွားသည်။ ခန်းမဆောင်ထဲရှိ အရာအားလုံး ပုံပျက်ရှုံ့တွနေခြင်းေြာင့် ဖြစ်သည်။

ပရိဘောဂပစ္စည်းများဖြစ်စေ၊ ကျောက်တိုင်များဖြစ်စေ၊ ဘေးပတ်ဝန်းကျင်ရှိ နံရံများသည်ပင် ရွှီချင်း၏ အမြင်တွင် တဆတ်ဆတ် တုန်ခါပြီး တွန့်လိမ်နေသည်။ ထိုအခြင်းအရာအားလုံး၏ ဇစ်မြစ်မှာ ရှေ့တူရှုရှိ ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသော အဘိုးအိုထံမှ ဖြစ်ပေသည်။

သူ့မျက်နှာကို သဲကွဲစွာ မမြင်ရဘဲ ခရမ်းရောင်တာအိုဝတ်ရုံနှင့် ဆံပင်ဖြူများကိုသာ မြင်ရသည်။

သူ၏ခန္ဓာကိုယ်မှ မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်နေဟန်တူပြီး ထိုအားက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံကာ ရှင်းရှင်းလင်းလင်း မမြင်ရအောင် လုပ်ထားဟန်တူသည်။

“ အကြီးအကဲကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းက မြေပြင်ပေါ်မှ ပုံပျက်ရှုံ့တွခြင်းများကြောင့် ရီဝေနောက်ကျိလာရသည်ကို ထိန်းချုပ်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။

“ မင်းမြင်ခဲ့ရတဲ့ ရွှေကျီးကန်းနဂါးလှည်းအကြောင်း ငါ့ကို အသေးစိတ်ပြောပြပါဦး ”

ရွှီချင်း၏ နားထဲသို့ ရှေးဟောင်းအသံကြီး ဝင်ရောက်လာပြီး အတော်ကြာသည်အထိ ပဲ့တင်ထပ်သွားသည်။

ရွှီချင်း သက်ပြင်းရှိုက်လိုက်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဖုန်းကွယ်နေစရာ အကြောင်းမရှိပေ။ ယင်းသည် မတော်တဆ ကြုံတွေ့ခဲ့ခြင်းသာ ဖြစ်ပြီး ထို့ကြောင့်လည်း သူ စာကြည့်တိုက်သို့ သွားရောက်တင်ပြခဲ့ခြြင်း ဖြစ်သည်။ သို့ဖြစ်၍ အကြီးအကဲက မေးလာသောအခါတွင် သူ မြင်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။

အကြီးအကဲကျောက်က စကားတစ်ခွန်းမဆိုဘဲ ငြိမ်သက်စွာသာ နားထောင်နေသည်။

ရွှီချင်း၏ စကားဆုံးသောအခါ ခန်းမဆောင်တစ်ခုလုံး ငြိမ်ကျသွားသည်။

ရွှီချင်းက ပြင်းထန်သော ဖိအားကို တိတ်တဆိတ် တောင့်ခံနေသည်။

ခဏအကြာ ခံစားချက်အရိပ်အငွေ့ အနည်းငယ်ပင် မပါဝင်သော အကြီးအကဲကျောက်၏ စကားသံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“ မင်း အခွင့်အရေးကို လွဲသွားတာပဲ ”

ရွှီချင်း ငြိမ်နေသည်။

“ ဒါပေမဲ့ မင်း အသက်ရှင်သွားခဲ့တယ် ”

ရွှီချင်းမှာ ချီတုံချတုံ ဖြစ်သွားရသည်။ သူက ဖိအားနှင့် မူးဝေနောက်ကျိနေသည်ကို ကြိတ်မှိတ်တောင့်ခံ၍ လက်နှစ်ဖက်ကို ဆုပ်လိုက်သည်။

“ အကြီးအကဲ၊ အဲဒီနဂါးလှည်းက ဘာလဲဆိုတာ ကျနော် မေးလို့ရမလားခင်ဗျ ”

ခန်းမဆောင် ငြိမ်ကျသွားသည်။ အချိန်အတော်ကြာပြီးနောက် အိုမင်းရင့်ရော်သောအသံ ထပ်မံ ထွက်ပေါ်လာသည်။

“ မင်းကိုယ်တိုင် မြင်လာခဲ့ရပြီးပြီဆိုတော့ ငါ မင်းကို ပြောပြလိုက်လည်း ကိစ္စမရှိပါဘူး ”

“ အဲဒါ နေမင်းကြီးရဲ့ လှည်းပဲ ”

ထိုစကားကို ရွှီချင်း ကြားသောအခါ စိတ်ထဲ တုန်ရီသွားသည်။

“ ကြေးနဂါးလှည်းရဲ့ အတွင်းနံရံတွေမှာ လျှို့ဝှက်ပညာရပ်တစ်ခုကို ထွင်းထားတယ်။ အဲဒီပညာရပ်ကို ကျင်းဝူလျန့်ဝမ့်လင် လို့ခေါ်တယ်။ အဲဒီပညာရပ်က ရှေးခေတ်တုန်းကတောင် ရှားပါးတဲ့ ဧကရာဇ်အဆင့်လျှို့ဝှက်ပညာရပ်တစ်မျိုးပဲ ”

( ဘာသာပြန်သူမှတ်စု၊ ကျင်းဝူလျန့်ဝမ့်လင် ဆိုသည်မှာ ဝိညာဉ်အများကြီးကို သန့်စင်နိုင်သော ရွှေကျီးကန်းဆိုပြီး အဓိပ္ပာယ်ရပါသည်။ )

“ လူနည်းစုလောက်ပဲ အဲဒီနေမင်းကြီးရဲ့လှည်းထဲ ဝင်ရောက်နိုင်တာ။ ပြီးတော့ အဲဒီလူနည်းစုထဲက လူနည်းစုလောက်ပဲ အဲဒီလျှို့ဝှက်ပညာရပ်ကို မြင်ခွင့်ရကြတာ။ အဲဒီပညာရပ်ကို မြင်ခွင့်ရပြီး သင်ယူနိုင်တဲ့လူက အင်မတန် ရှားတယ် ”

ထိုစကားကို ပြောနေသည့် အိုမင်းရင့်ရော်သောလေသံတွင် ခံစားချက်အရိပ်အငွေ့များ ပါဝင်နေသည်။

“ လျှို့ဝှက်ပညာရပ် ”

ရွှီချင်း၏ စိတ်ထဲတွင် ယခင်က မြင်ခဲ့ရသည့် လူ့ဘီလူးကြီးနှင့် နဂါးလှည်းအကြောင်း ပေါ်လာသည်။

“ အဲဒါကြောင့် မင်း အခွင့်အရေးကို လွဲသွားတယ်လို့ ငါ ပြောခဲ့တာ။ မင်းကံက ညံ့တယ် ”

“ ဒီလောက်နှစ်တွေကြာတာတောင် ချီရွှဲ့ထုံဂိုဏ်းရဲ့ ခုနစ်ဂိုဏ်းမဟာမိတ်အရှင်သခင်တစ်ပါးပဲ ကလေးတုန်းက အဲဒီအခွင့်အရေးကို ရခဲ့တာ။ သူက နဂါးလှည်းကြီးထဲမှာ အသက်တစ်ရှိုက်စာ နေခွင့်ရခဲ့ပြီးတော့ ပညာရပ်တစ်ပိုင်းတစ်စကို သင်ယူနိုင်ခဲ့တယ် ”

“ အဲဒါပြီးတာ့ နဂါးလှည်းကြီးက ပင်လယ်အောက်ကို နစ်မြှုပ်သွားခဲ့တာ နှစ်တစ်ရာလောက် ရှိနေပြီ။ အခု ပြန်ပေါ်လာတယ်ဆိုတော့ ကံထူးတဲ့လူတွေကို ရှာနေတာ သိသာတယ်။ နဂါးလှည်းကြီးထဲက လျှို့ဝှက်ပညာရပ်ကို နောက်ထပ်နားလည်တဲ့လူရှိလာရင် အဲဒီလှည်းကြီးက ပင်လယ်အောက်ကို ထပ်နစ်မြှုပ်ပြီး အိပ်ပျော်သွားမှာပဲ ”

ရွှီချင်း၏အတွေးများ ယောက်ယက်ခတ်သွားရသည်။ ထိုအကြောင်းအရာများသည် သူ့ကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေသည်။ ယင်းက လျှို့ဝှက်ချက်များလည်း ဖြစ်တန်ရာသည်။ သူကဲ့သို့ သာမန်ဂိုဏ်းသားတစ်ယောက်က ထိုကဲ့သို့အကြောင်းများကို သိရန် မဖြစ်နိုင်ပေ။

“ ဒီအကြောင်းကို အဏ္ဏဝါမှတ်တမ်းစာကြည့်တိုက်မှာ မှတ်တမ်းတင်မထားသလို ဝိညာဉ်ကျောက်တုံးနဲ့ လဲလှယ်ဖို့လည်း ခက်လို့ မင်းကို ပြောပြတာ။ ဒီတော့ ဒါကို မင်းအတွက် နစ်နာကြေးပေးတယ်လို့လဲ သဘောထားလို့ရတယ် ”

“ ပြီးတော့ မင်းကျင့်ကြံခြင်းအခြေခံကို ကြည့်ရတာလည်း ဖောက်ထွက်တော့မှာပဲ။ သတ္တမမြောက်တောင်ထိပ်ရဲ့ ပြိုင်ပွဲကြီးလည်း မကြာခင် ကျင်းပတော့မှာဆိုတော့ အစွမ်းကုန် ကြိုးစား ”

အိုမင်းရင့်ရော်သောအသံကြီး ပဲ့တင်ထပ်လာသည်နှင့် အရပ်မျက်နှာအနှံ့မှ ပြင်းထန်သော အားတစ်ရပ် တိုက်ခတ်သွားသည်။ ရွှီချင်း၏ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရတုန်ခါသွားပြီး ခန်းမဆောင်အပြင်ဘက် ရောက်သောအခါမှသာ ပြန်လည်တည်ငြိမ်သွားသည်။ ခန်းမဆောင်ထဲရှိ အရာအားလုံးသည်လည်း တဖန်ဝေဝါးသွား၏။

ခန်းမဆောင်ထဲကို ကြည့်၍ ရွှီချင်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။

ထိုအချိန်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ ခန်းမဆောင်ထဲရှိ တိုတောင်းသော အချိန်လေးအတွင် သူ တောင့်ခံခဲ့ရသည့်ဖိအားက အလွန် ကြီးမားသည်။ ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသော အကြီးအကဲကျောက်က ယခင်က သူ မြင်ခဲ့ဖူးသည့် တားမြစ်နယ်မြေတောအုပ်ထဲမှ ရက်စက်ကြမ်းကြုတ်သော သားရဲများထက် ပို၍ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ခံစားချက်ကို ဖြစ်စေသည်။

ဂိုဏ်းထောက်လီက ခန်းမဆောင်အပြင်ဘက်တွင် ရှိနေဆဲဖြစ်ပြီး အပြင်ထွက်လာသော ရွှီချင်းကို မြင်သောအခါ အပြုံးဖြင့် ပြောလိုက်သည်။

“ ရွှီချင်း၊ ငါ မင်းကို လိုက်ပို့ပေးမယ် ”

သူသည် ပြောရင်းဆိုရင်း လေထဲသို့ ပျံတက်လိုက်သည်။

ရွှီချင်းက သက်ပြင်းရှိုက်လိုက်ပြီး နောက်မှလိုက်သွားသည်။ တောင်ပေါ်လေပြေက တဟူးဟူး တိုက်ခတ်နေပြီး သူ့ကိုယ်ပေါ်မှ ချွေးများကို ခြောက်သွေ့အောင် လုပ်လိုက်သည်။ သို့သော်လည်း သူ၏ရင်ထဲမှ အကြီးအကဲကျောက်၏ ခွန်အားကို ကြောက်လန့်စိတ်အား လွင့်ပျယ်သွားအောင် မစွမ်းဆောင်နိုင်ချေ။

“ အကြီးအကဲကျောက်က သာမန်အကြီးအကဲတစ်ယောက် မဟုတ်ဘူး ”

ထိပ်ဆုံးတွင် ရှိနေသော ဂိုဏ်းထောက်လီက ရွှီချင်းကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ သတ္တမမြောက်တောင်ထိပ်က အကြီးအကဲဆယ့်သုံးယောက်ထဲမှာ အကြီးအကဲကျောက်က အဆင့်သုံးပဲ ”

“ ပြီးတော့ ကျုံးဟန်က မင်းအကြောင်းပြောတာကိုလည်း ငါ ကြားတယ်။ အကြီးအကဲပြောတာတော့ ကျုံးဟန်က တုံးအပေမဲ့ လူဆိုးမဟုတ်ဘူးတဲ့ ”

သတ္တမမြောက်တောင်ထိပ်အပြင်ဘက်တွင် ဂိုဏ်းထောက်လီက ရည်ရွက်ချက်ရှိရှိပြော၍ ထွက်သွားသည်။

ရွှီချင်းက ဂိုဏ်းထောက်လီ၏နောက်ကျောကို ကြည့်၍ ခဏအကြာ ငြိမ်သက်နေပြီးနောက် မြို့ထဲသို့ ဝင်ရောက်သွားတယ်။

ဂိုဏ်းထောက်လီ၏ နောက်ဆုံးစကားကို သူ ကောင်းစွာ နားလည်သည်။ ယင်းမှာ သေးငယ်သော ရန်ငြိုးအတွက်ဖြင့် ကျောက်ကျုံးဟန်ကို တိတ်တဆိတ် မသတ်ပစ်ရန် သူ့အား သတိပေးလိုက်ခြင်း ဖြစ်သည်။

ယခုတွင် ရွှီချင်းမှာ ထိုကဲ့သို့ အတွေးများ မရှိပေ။

“ ကျောက်ကျုံးဟန်က သိပ်ကောင်းတဲ့အဘိုးတစ်ယောက် ရထားတာပဲ ”

“ ပြိုင်ပွဲကလည်း မကြာခင် စတော့မှာပါလား ”

ရွှီချင်းက တည်ငြိမ်သောအမူအရာဖြင့် မြို့ထဲမှ လျှောက်လာပြီး အကြီးအကဲကျောက်၏ ဖိအားကြောင့် ဖြစ်ခဲ့ရသည့် ခံစားချက်များလည်း တဖြည်းဖြည်း ငြိမ်သက်လာသည်။ သူက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထံမှ ရခဲ့သည့် အစီအရင်လေးအကြောင်းကို တွေးမိသောအခါတွင် လမ်းကြောင်းပြောင်း၍ သယ်ယူပို့ဆောင်ရေးဌာနသို့ လျှောက်သွားလိုက်သည်။

ပြိုင်ပွဲမစတင်ခင် သူ၏မှော်လှေကို အနည်းငယ် တောင့်တင်းစေရန် သူ ပြင်ဆင်ချင်သည်။

နေ့လယ်ခင်းအချိန်ရောက်နေပြီး မြို့ထဲတွင် လမ်းသွားလမ်းလာများစွာ ရှိနေသည်။ ပြေးလွှားလှုပ်ရှားနေကြသည့် လူများကြားထဲတွင် သွားလာရင်း သစ်သီးတန်းတစ်ခုကို သူ ကျော်ဖြတ်လာခဲ့သည်။ သစ်သီးတန်း၌ ယနေ့တွင် အဝယ်ကျဲသွားခဲ့သော ပန်းသီးကြီးအနည်းငယ်လည်း ရှိနေသည်။

ရွှီချင်းက ပန်းသီးကြီးများကို မြင်၍ ဝယ်ကာ သူ့အိတ်ထဲထည့်လိုက်ပြီးနောက် ဆိပ်ကမ်းဘက်သို့ လျှောက်လာသည်။

သယ်ယူပို့ဆောင်ရေးဌာနသို့ သူ သွားနေစဉ် လမ်းကြားလေးတစ်ခုကို ကျော်ဖြတ်လာခဲ့၏။ ရွှီချင်းက တစ်ခုခုကို အာရုံခံမိလိုက်၍ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။

သူ ကြည့်လိုက်သည်နှင့် လမ်းကြားလေးထဲရှိ အမှောင်ရိပ်ထဲမှ လူငယ်တစ်ယောက် ပေါ်လာသည်။

ထိုလူငယ်သည် ခပ်ပွပွ မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ထားသည်။ ထိုဝတ်ရုံအောက်တွင် ခွေးသားရေအနွေးထည်ကိုလည်း ဝတ်ထား၏။ သူ၏မျက်နှာလေးက ညစ်ပတ်ပေရေနေသည်။ သူသည် လူဆိုးထိန်းဌာနမှ လူအလေးမှလွဲ၍ တခြားမဟုတ်ချေ။

သူ စောင့်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်ဟန်တူသည်။ ရွှီချင်းကို သူ မြင်သောအခါ အလောင်းတစ်လောင်းကို ချက်ချင်း ဆွဲထွက်လာသည်။ အလောင်းကို ရွှီချင်း၏ ရှေ့တွင် ချထားလိုက်ပြီးနောက် သူ၏တောင့်တင်းသော မျက်နှာတွင် အတင်းအကြပ်လုပ်ယူထားသော ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာအနည်းငယ် ပေါ်လာသည်။ ပြီးသည်နှင့် သူက နောက်ပင်လှည့်မကြည့်တော့ဘဲ အဝေးသို့ အလျင်အမြန် ပြေးသွားသည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး ရှေ့မှ အလောင်းကို ကြည့်လိုက်သည်။

ယင်းသည် ရာဇဝတ်ကောင်တစ်ယောက်ဖြစ်သည်။ သူ့အလောင်းတွင် တစ်ကိုယ်လုံး ကိုက်ရာများဖြင့် ပြည့်နှက်နေ၏။ အကောင်းပကတိအတိုင်း ရှိနေသော ခေါင်းနေရာမှလွဲ၍ တစ်ကိုယ်လုံး သားရဲတစ်ကောင်၏ ကိုက်ဖြတ်ခြင်းခံခဲ့ရသည့်အလား စုတ်ပြတ်နေသည်။

All Chapters