← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃)

ချွမ်ယွမ်ဝေ့ထံသို့ သွားရောက်ခြင်း

ယောင်ရန်သည် အာလူးအိုး တစ်ဆယ်ကျော်ကို စိုက်ပျိုးခဲ့ရာမှ အာလူး ကီလိုဂရမ် (၁၈၀) ခန့် ရိတ်သိမ်း နိုင်ခဲ့လေသည်။ ထိုစဉ်က သူမ ခံစားလိုက်ရသော ကျေနပ်ပီတိမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှပေ၏။

အာလူးများကို ပြန်လည်စိုက်ပျိုးပြီးနောက်၊ ယောင်ရန်သည် ရေကန်ရေကို လောင်းပေးကာ အာလူးပျိုး ပင်များဆီသို့ သစ်စွမ်းရည်ကို ပို့လွှတ်လိုက်လေသည်။ သူမ လက်ဆေးရန် ပြင်နေစဉ်မှာပင် ဟွမ်ကျိဟွေးက တံခါးလာခေါက်ခဲ့လေသည်။

"အစ်မယောင်ရန်၊ အစ်ကိုလုံယုက ရိက္ခာတွေ ခွဲဝေဖို့ သူ့ဆီ လာခဲ့ပါဦးလို့ ပြောလိုက်ပါတယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း ပြောလိုက်လေသည်။

"ကောင်းပါပြီ၊ ခဏနေရင် ကျွန်မ လာခဲ့မယ်...။"

ဟွမ်ကျိဟွေး ထွက်သွားပြီးနောက် ယောင်ရန်သည် လက်ဆေးကာ လုံယု၏ တိုက်ခန်းသို့ ထွက်လာခဲ့ လိုက်လေသည်။

လုံယု၏ ဧည့်ခန်းအတွင်း စုပုံနေသော ရိက္ခာမျိုးစုံကို ကြည့်ရင်း ယောင်ရန်က မေးလိုက်လေသည်။

"အရောင်းအဝယ် ကိစ္စတွေ အားလုံး ပြီးသွားပြီလား...။"

လုံယုက ခေါင်းငြိမ့်ပြကာ ၊

"ဟုတ်ကဲ့၊ ပြီးပါပြီ။ ယွမ်ရီဟွေးက အသားတွေ ထပ်လိုချင်သေးတယ်၊ ဒါပေမဲ့ ကျွန်တော် ဘာမှ ကတိ မပေးခဲ့ဘူး၊ နောက်ခါ ရောင်းစရာ အသားရှိရင် သူ့ကို အရင်ဆုံး အကြောင်းကြားမယ်လို့ပဲ ပြောလိုက် တယ်...။"

လုံယုအနေဖြင့် ဤကဲ့သို့သော ကိစ္စအသေးအမွှားများကို ကိုင်တွယ်နိုင်မည်ဟု ယောင်ရန် ယုံကြည်ထား သဖြင့် ဘာမျှ ဆက်မပြောတော့ပေ။ ကျားရှန်းနှင့် တန်ချီချီတို့မှလွဲ၍ လူတိုင်း ရောက်ရှိနေကြပြီ ဖြစ်သ ဖြင့် ရိက္ခာများကို စတင်ခွဲဝေခဲ့ကြလေသည်။

ဓာတ်ဆီကိုမူ အများသုံးရန်အတွက် သီးသန့်ထားရှိပြီး ကျန်ရှိသော ပစ္စည်းများကိုမူ အညီအမျှ ခွဲဝေ ခဲ့ကြလေသည်။ ဤတစ်ကြိမ်တွင် လုံယုသည် ယွမ်ရီဟွေးထံမှ ရေစင် တစ်ဆယ့်လေးခုကိုလည်း တောင်းဆိုခဲ့လေသည်။

လုံယုက အခြားသူများကို ကြည့်ကာ ပြောလိုက်၏။

"မနက်ဖြန်ကျရင် မိုးရေစုဖို့အတွက် ရေစင်တွေ တပ်ဆင်ကြမယ်၊ ရေစင်နဲ့ ရေဘုံဘိုင်ကို ချိတ်ဆက်ပြီး ရင်တော့ ရေသုံးရတာ ပိုပြီး အဆင်ပြေသွားလိမ့်မယ်...။"

ဟွမ်ကျိဟွေးသည် ထိုစကားကို ကြားသောအခါ မျက်ဝန်းများ ဝင်းလက်သွားပြီး လုံယု၏ စဉ်းစားပေးမှု ကို ကျေးဇူးတင်လိုက်လေသည်။ သူမအနေဖြင့် ရေချိုးလိုသည့်အခါတိုင်း မိုးရေစုဆောင်းရန်မှာ ခက်ခဲ လှသဖြင့် ခေါင်းကို သုံးရက်မှ တစ်ကြိမ်သာ လျှော်နိုင်ပြီး၊ ကိုယ်ကိုလည်း တစ်ရက်မှ တစ်ကြိမ်သာ သုတ်နိုင်ခြင်း ဖြစ်၏။

ရိက္ခာများ ခွဲဝေပြီးနောက် လုံယုသည် ပလတ်စတစ်အိတ်တစ်အိတ်ကို ထုတ်၍ လူတိုင်း၏ ရှေ့၌ ချထားလိုက်လေသည်။

ယောင်ရန်သည် ပလတ်စတစ်အိတ်ထဲရှိ ငါးအချို့ကို မြင်သောအခါ မေးလိုက်လေသည်။

"ဒီငါးတွေကို ဘယ်က ဖမ်းလာတာလဲ...။"

လုံယုက ရှင်းပြလေသည်။

"ပြန်လာတဲ့ လမ်းမှာ အန်းယွမ် ရေလှောင်ကန်ထဲကနေ ငါးတွေ အများကြီး ထွက်လာတာကို အမှတ်မ ထင် တွေ့ခဲ့တယ်လေ၊ ရေလှောင်ကန်ထဲက ရေတွေက လျှံတက်နေပြီး ငါးတွေ အပြင်ကို ထွက်လာကြ တာ၊ ရေ ထပ်မတက်ခင် ငါးသွားဖမ်းသင့်တယ်လို့ ကျွန်တော် ထင်တယ်...။"

ထိုစကားကို ကြားသောအခါ ဟွမ်ချန်က ပြောလိုက်၏။

"ဖမ်းဖို့က မလွယ်ဘူးလေ၊ ရေစီးက အရမ်းသန်တော့ ငါးဖမ်းဖို့ အချိန်နဲ့ အင်အား အများကြီး ပေးရလိမ့် မယ်၊ အချိန်အကြာကြီး ပေးလိုက်ပေမယ့် ငါတို့အားလုံး ဝေစုရဖို့ လုံလောက်တဲ့ ငါးကို ရချင်မှ ရမှာ...။"

သူ၏ အစ်ကိုဖြစ်သူ ပြောသည်ကို ကြားသောအခါ ဟွမ်ကျိဟွေးက လက်ထောင်၍ ပြောလိုက်လေ သည်။

"အဖွားချွမ်ရဲ့ မြေးက ရူပဗေဒ သုတေသနဌာနမှာ အလုပ်လုပ်တာလို့ ကြားဖူးတယ်၊ သူဆိုရင်

ရိုးရှင်းတဲ့ ငါးဖမ်းစက်တွေကို လုပ်ပေးနိုင်မှာပါ..."

ဟွမ်ချန်သည် သူ၏ ညီမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ၊

"မင်းက ဘယ်တုန်းက အဖွားချွမ်ရဲ့ မြေးအကြောင်းကို ဒီလောက် သိသွားရတာလဲ...။" ဟု မေးလိုက်လေ သည်။

ဟွမ်ကျိဟွေးက သက်ပြင်းချကာ ပခုံးတွန့်ပြလိုက်ပြီး ၊

"အပြင်လည်း ထွက်လို့မရတော့ ပျင်းတာနဲ့ အဖွားချွမ်နဲ့ စကားပြောရင်း သိခဲ့တာပေါ့...။"

ဟွမ်ချန်သည် သူ၏ ညီမကို ခဏမျှ စိုက်ကြည့်နေသော်လည်း ဘာမျှ ဆက်မပြောတော့ပေ။ သူသည် အချိန်ပေးကာ သူမနှင့် စကားပြောရန်နှင့် အမျိုးသားများအကြောင်း သတိပေးရန် လိုအပ်နေပြီ ဖြစ်၏။ ယခု ကမ္ဘာကြီးမှာ အရင်ကနှင့် မတူတော့သဖြင့် သူမအနေဖြင့် သူစိမ်းများကို ယခင်ကထက် ပိုမို သတိ ထားသင့်ပေသည်။

လုံယုက ယောင်ရန်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ယောင်ရန်၊ မင်းရော ဘယ်လို ထင်လဲ...။"

ယောင်ရန်က ပြန်ဖြေလေသည်။

"ကျွန်မ အဘိုးချွမ်ကို ကုသပေးဖူးသလို သူတို့နဲ့လည်း စကား အတော်များများ ပြောဖူးပါတယ်၊ သူတို့က လူကောင်းတွေလို့ ထင်ရပေမယ့် လူ့စိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်လေ၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက် လို့ ရပေမယ့် လုံးဝကြီးတော့ ယုံကြည်လို့ မရဘူး...။"

ထိုစကားကို ကြားသောအခါ ရှီရွှမ်းက ပြောလိုက်၏။

"ဒါဆိုရင်တော့ မနက်ဖြန် မနက်စောစောကျရင် အဖွားချွမ်ရဲ့ မြေးနဲ့ သွားပြီး စကားပြောကြည့်လိုက် မယ်...။"

ဟွမ်ချန်ကလည်း ဝင်ပြောလေသည်။

"အစ်ကိုရှီ၊ ကျွန်တော်လည်း အတူတူ လိုက်ခဲ့မယ်လေ...။"

"ကောင်းပါပြီ...။"

နောက်ထပ် အစီအစဉ်များကို ဆွေးနွေးပြီးနောက်၊ လုံယုသည် ယောင်ရန်၏ ရိက္ခာများကို သူမ၏ တိုက်ခန်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့လေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရှီရွှမ်းနှင့် ဟွမ်ချန်တို့သည် မနက်စာ စားပြီးနောက် ချွမ်ယွမ်ဝေ့ကို ရှာရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။

သူတို့ (၁၉) ထပ်သို့ ရောက်သည်နှင့် အခန်း (၁၉၀၃) မှ အမျိုးသမီးငယ် တစ်ဦး ထွက်လာခဲ့လေသည်။ သူမသည် ဟွမ်ချန်နှင့် ရှီရွှမ်းတို့ လျှောက်လာသည်ကို မြင်သောအခါ မျက်ဝန်းများ ဝင်းလက်သွားခဲ့ လေသည်။

ထိုအမျိုးသမီးငယ်က သူတို့ကို ချိုသာစွာ ပြုံးပြရင်း မေးလိုက်၏။

"နေကောင်းလား အစ်ကိုတို့၊ ဘယ်သူ့ကို လာရှာတာလဲဟင်...။"

အမျိုးသမီးငယ်၏ ချိုသာလွန်းသော ခေါ်သံကြောင့် ဟွမ်ချန်မှာ တစ်ကိုယ်လုံး ကြက်သီးများပင် ထသွား ရလေသည်။ သူသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"အဲ့လိုကြီး လာမခေါ်နဲ့၊ ငါတို့က ခင်တာမှ မမဟုတ်တာ၊ ရွံစရာကြီး...။"

သူ၏ အေးစက်သော တုံ့ပြန်မှုကြောင့် အမျိုးသမီးငယ်မှာ ခဏမျှ ကြောင်အသွားသော်လည်း ချက်ချင်း ပင် သတိပြန်ဝင်လာလေသည်။

သူမသည် စိတ်မဆိုးဘဲ ပြုံးလျက် ထပ်မေးလိုက်ပြန်လေသည်။

"နောက်ထပ် အစ်ကိုတစ်ယောက်ကော ဘယ်မှာလဲဟင်၊ ဘာလို့ အတူတူ မလာတာလဲ၊ သူ အလုပ်များ နေလို့လား...။"

ရှီရွှမ်းသည် သူမ၏ မေးခွန်းကို ကြားသည်နှင့် သူမ ဘာကို ရည်ရွယ်နေသည်ကို သိလိုက်လေသည်။ သူက ပြုံးလိုက်သော်လည်း သူ၏ အေးစက်သော မျက်ဝန်းများတွင်မူ အပြုံးအရိပ်အယောင် မရှိပေ။

သူက သက်ပြင်းချကာ ပြောလိုက်၏။

"ညီမလေး၊ ဘာမှ လုပ်စရာ မရှိရင် ဖယ်ပေးပါဦး၊ လမ်းကို မပိတ်ပါနဲ့...။"

ရှီရွှမ်း ပြောသည်ကို နားထောင်ပြီးနောက် ဟွမ်ချန်ကလည်း ရက်ရက်စက်စက် ဝင်ပြောလိုက်လေသည်။

"ဟုတ်တယ်၊ ခွေးကောင်းဆိုရင် လမ်းမပိတ်ဘူးလေ...။"

သူတို့ ပြောလိုက်သည်ကို ကြားသောအခါ အမျိုးသမီးငယ်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး နေရာမှာတင် ကြောင်ရပ်နေတော့၏။ သူမသည် အနိုင်ကျင့်ခံရသူကဲ့သို့ ဝမ်းနည်းပက်လက် ဖြစ်နေသော မျက်နှာထား ဖြင့် ကြည့်နေသဖြင့် ဟွမ်ချန်က စက်ဆုပ်စွာဖြင့် မျက်လုံးလှန်ပြလိုက်လေသည်။ သူသည် ဤကဲ့သို့ ဟန်ဆောင်လွန်းသော အမျိုးသမီးများကို အမုန်းဆုံးပင် ဖြစ်ပေသည်။

ရှီရွှမ်းသည် သူမကို ဂရုမစိုက်တော့ဘဲ အခန်း (၁၉၀၂) ၏ တံခါးကို သွားရောက် ခေါက်လိုက်လေသည်။

မကြာမီမှာပင် ချွမ်ယွမ်ဝေ့က တံခါးဖွင့်ပေးလိုက်၏။ သူသည် ဟွမ်ချန်နှင့် ရှီရွှမ်းတို့ကို မြင်သောအခါ အံ့သြသွားပြီး မေးလိုက်လေသည်။

"ဒီနေ့ ငါ့ဆီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ...။"

ရှီရွှမ်းသည် မျက်ရည်ဝဲကာ နှုတ်ခမ်းဆူလျက် ကြည့်နေဆဲဖြစ်သော အမျိုးသမီးငယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ ချက်ချင်းပင် အကြည့်လွှဲကာ ချွမ်ယွမ်ဝေ့ကို ပြုံးပြလိုက်လေသည်။

"အစ်ကိုချွမ်၊ ငါတို့ အထဲဝင်ပြီး စကားပြောလို့ ရမလား...။"

ချွမ်ယွမ်ဝေ့သည် ထိုအမျိုးသမီးငယ်ကို သတိပြုမိသွားပြီး ပြောလိုက်လေသည်။

"ရတာပေါ့၊ ဝင်ခဲ့ကြလေ...။"

အခန်း (၁၂၄)

ဖားတစ်ကောင်က ဟင်္သာသား စားချင်နေခြင်း

ဟွမ်ချန်နှင့် ရှီရွှမ်းတို့ကို အထဲသို့ ဖိတ်ခေါ်ပြီးနောက်၊ ချွမ်ယွမ်ဝေ့သည် ထိုအမျိုးသမီးငယ်ကို အေးစက် စွာ တစ်ချက်ကြည့်ကာ တံခါးကို ပိတ်လိုက်လေသည်။

ဧည့်ခန်းသို့ လျှောက်လာရင်း ချွမ်ယွမ်ဝေ့က ပြောလိုက်လေသည်။

"ထိုင်ကြပါဦး...။"

သူသည် သူတို့၏ ရှေ့၌ ဝင်ထိုင်လိုက်ပြီးနောက် မေးလိုက်လေသည်။

"ဒါ ငါတို့ ပထမဆုံး စကားပြောဖူးတာပဲ၊ အစ်ကိုတို့ ဘာကိစ္စရှိလို့လဲ...။"

ရှီရွှမ်းက မေးလိုက်လေ၏။

"အစ်ကိုချွမ်... အစ်ကို ငါးဖမ်းစက် လုပ်ပေးနိုင်မလား...။"

သူတို့က ဤကိစ္စကို လာရောက်မေးမြန်းလိမ့်မည်ဟု ချွမ်ယွမ်ဝေ့က မထင်ထားသဖြင့် အံ့သြသွားသော် လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။

"ငါးဖမ်းစက် လုပ်ဖို့က မခက်ခဲပါဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ အသုံးအဆောင် ပစ္စည်းတွေ အကုန်မရှိ ဘူး...။"

ရူပဗေဒ သုတေသနဌာနမှ ဝါရင့်သုတေသနပညာရှင် တစ်ဦးဖြစ်သော ချွမ်ယွမ်ဝေ့အတွက် ငါးဖမ်းစက် ပြုလုပ်ရန်မှာ လွယ်ကူလှပေသည်။ သို့သော်လည်း မည်မျှပင် ကျွမ်းကျင်ပါစေ၊ ပစ္စည်းကိရိယာများ မရှိဘဲနှင့်မူ သူ ဘာမျှ မလုပ်နိုင်ပေ။

ရှီရွှမ်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ပစ္စည်းတွေ ရှာဖို့ ငါတို့ ကူညီနိုင်ပါတယ်၊ ဒါပေမဲ့ အစ်ကို ဘာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်မှာ ရှာရမလဲ ဆိုတာတော့ ငါတို့ မသိဘူး...။"

ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့၏ မျက်ဝန်းများ ဝင်းလက်သွားပြီး ပြောလိုက်လေသည်။

"ရူပဗေဒ သုတေသနဌာနမှာတော့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လှေမရှိ ဘူး...။"

ပစ္စည်းသိုလှောင်ခန်းမှာ (၁၂) ထပ်တွင် ရှိခြင်းဖြစ်သော်လည်း၊ ထိုနေရာမှာ ရေမြုပ်သွားပြီလား သို့မဟုတ် တစ်စုံတစ်ယောက်က ယူဆောင်သွားပြီလား ဆိုသည်ကိုမူ သူ မသေချာပေ။

ရူပဗေဒ သုတေသနဌာနမှာ လင်းယွမ်တိုက်ခန်း အဆောက်အအုံနှင့် သိပ်မဝေးလှဘဲ ရှစ်ကီလိုမီတာခန့် သာ ကွာဝေးပေသည်။

ရှီရွှမ်းက ပြုံးလိုက်ရင်း ပြောလိုက်လေသည်။

"အစ်ကို့ကို အဲ့ဒီကို ငါ ခေါ်သွားပေးနိုင်ပါတယ်...။"

သူတို့က သူ့ကို ရူပဗေဒ သုတေသနဌာနသို့ လိုက်ပို့ရန် ဝန်မလေးသည်ကို မြင်သောအခါ၊ ချွမ်ယွမ်ဝေ့ သည် သူတို့ တစ်ခုခုကို ကြံစည်နေကြကြောင်း သိလိုက်လေသည်။ ရိက္ခာများ၊ အချိန်နှင့် အင်အားများကို အသုံးပြု၍ ငါးဖမ်းစက် ပြုလုပ်ပြီးမှတော့ သူတို့အနေဖြင့် ငါးအနည်းငယ်မျှ ဖမ်းရုံနှင့် ကျေနပ်ကြမည် မဟုတ်သည်မှာ သေချာလှပေ၏။

ချို့တဲ့စွာ စားသောက်နေရသဖြင့် ပိန်လှီနေသော သူ၏ အဘိုးနှင့် အဖွားတို့ကို တွေးတောကာ၊ ချွမ်ယွမ်ဝေ့ သည် ရှီရွှမ်းနှင့် ညှိနှိုင်းရန် ဆုံးဖြတ်လိုက်လေသည်။

"ကျွန်တော် အစ်ကိုတို့အတွက် ငါးဖမ်းစက် လုပ်ပေးမယ်ဆိုရင်၊ ငါးသွားဖမ်းတဲ့အခါ ကျွန်တော်ပါ အတူတူ လိုက်လို့ ရမလား...။"

သူ၏ တောင်းဆိုချက်မှာ လွန်ကဲခြင်း မရှိသဖြင့် ရှီရွှမ်းက ငြင်းပယ်ခြင်း မပြုပေ။ သူက ပြောလိုက်၏။

"ရတာပေါ့၊ ဒါပေမဲ့ ရေက အရမ်းနက်နေတာ၊ အစ်ကို့ရဲ့ ငါးဖမ်းစက်က တကယ်ပဲ ငါးဖမ်းနိုင်ပါ့မ လား...။"

ချွမ်ယွမ်ဝေ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

"ရေထဲမှာ ငါးရှိနေသရွေ့တော့ ကျွန်တော့်ရဲ့ ငါးဖမ်းစက်က သူတို့အားလုံးကို အပေါ်တက်လာအောင် လုပ်နိုင်ပါတယ်...။"

သူ့အနေဖြင့် အာထရာဆောင်း ကြိမ်နှုန်းကို ညှိရန်သာ လိုအပ်ခြင်းဖြစ်ပြီး၊ ၎င်းမှာ အလွန်ပင် ရိုးရှင်းလှ ပေသည်။

ချွမ်ယွမ်ဝေ့က ထိုသို့ ပြောလာသဖြင့် ရှီရွှမ်းက ခေါင်းငြိမ့်လိုက်ပြီး သတိပေးလိုက်လေသည်။

"ဒီကိစ္စကို လျှို့ဝှက်ထားရမယ်၊ တကယ်လို့ တစ်ယောက်ယောက် သိသွားရင်တော့...။"

ချွမ်ယွမ်ဝေ့မှာ လူအ မဟုတ်ပေ။ ကာကွယ်နိုင်စွမ်း မရှိဘဲ ပစ္စည်းဥစ္စာ ရှိနေခြင်းမှာ အပြစ်တစ်ခု ဖြစ် ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤအကြောင်းကို သိသွားပါက၊ အထပ် (၂၀) မှ လူများအတွက် အကြောင်းမဟုတ်သော်လည်း၊ သူနှင့် သူ၏ အဘိုး အဖွားများအတွက်မူ အန္တရာယ် ရှိနိုင်ပေသည်။

ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြလိုက်ပြီး ၊

"စိတ်မပူပါနဲ့၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး...။"

ဟွမ်ချန်က မေးလိုက်၏။

"ငါးဖမ်းစက် ပြီးဖို့ ဘယ်လောက်ကြာမလဲ...။"

ငါးဖမ်းစက် ပြုလုပ်ရန်မှာ မရှုပ်ထွေးလှပေ။ ချွမ်ယွမ်ဝေ့သည် အထက်တန်းကျောင်းသား ဘဝကတည်း က ၎င်းကို ပြုလုပ်ဖူးခြင်း ဖြစ်သည်။

သူက ပြုံးလျက် ပြောလိုက်လေသည်။

"ပစ္စည်းတွေသာ အစုံအလင် ရှိမယ်ဆိုရင် နှစ်နာရီအတွင်း ပြီးနိုင်ပါတယ်...။"

ရေမျက်နှာပြင်မှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေသဖြင့်၊ ရူပဗေဒ သုတေသနဌာနရှိ ပစ္စည်းများ ရေမမြုပ်မီ သူတို့ အမြန်သွားရန် လိုအပ်လှပေသည်။

ရှီရွှမ်းက မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်၏။

"ကောင်းပြီ၊ ဒါဆိုရင် နောက်ငါးမိနစ်နေရင် စထွက်ကြမယ်...။"

အထပ် (၂၀) သို့ ပြန်ရောက်သောအခါ ရှီရွှမ်းသည် လုံယုနှင့် ယောင်ရန်တို့ကို သွားရောက် ရှာဖွေခဲ့လေ သည်။ သူသည် အခန်း (၁၉၀၂) သို့ သွားခဲ့သော အကြောင်းကို ပြောပြလိုက်ပြီး ၊

"ဟွမ်ချန်နဲ့ ငါကတော့ ချွမ်ယွမ်ဝေ့နဲ့အတူ ပစ္စည်းသွားရှာလိုက်မယ်..." ဟု ဆိုလေသည်။

ရေစင်များကို ယနေ့တွင် တပ်ဆင်ရန် လိုအပ်နေသဖြင့် လုံယုမှာ သူတို့နှင့်အတူ လိုက်ပါနိုင်ခြင်း မရှိပေ။

ယောင်ရန်သည် ရူပဗေဒ သုတေသနဌာနသို့ သွားမည်ဟု ကြားသောအခါ၊ သူမအတွက် အသုံးဝင်မည့် အရာများ ရှိကောင်းရှိနိုင်သည်ဟု တွေးကာ လိုက်ပါလိုကြောင်း ပြောလိုက်၏။ ထိုအခါ ဟွမ်ချန်က လုံယု ကို ကူညီရန် ကျန်ရစ်ခဲ့လေသည်။

ငါးမိနစ်ခန့် ကြာသောအခါ ရှီရွှမ်းနှင့် ယောင်ရန်တို့သည် (၁၃) ထပ်၌ ချွမ်ယွမ်ဝေ့နှင့် ဆုံခဲ့ကြလေသည်။ သူတို့သည် တိတ်တဆိတ် သွားခဲ့ကြသော်လည်း အချို့သော နေထိုင်သူများကမူ သူတို့ကို သတိပြုမိသွား ကြလေ၏။

အခန်း (၁၉၀၃) မှ အမျိုးသမီးငယ်သည် ချွမ်ယွမ်ဝေ့က ရှီရွှမ်း၊ ယောင်ရန်တို့နှင့်အတူ ထွက်သွားသည်ကို မြင်သောအခါ နှုတ်ခမ်းဆူလိုက်လေသည်။

သူမ၏ ဝမ်းကွဲအစ်မဖြစ်သူက သူမ၏ မျက်နှာထားကို ကြည့်ကာ မေးလိုက်၏။

"သူတို့ကို သိလို့လား...။"

အမျိုးသမီးငယ်က ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်လေသည်။

"ချွမ်ယွမ်ဝေ့က ညီမရဲ့ တက္ကသိုလ်က စီနီယာလေ၊ ဒါပေမဲ့ ဌာနတော့ မတူဘူး၊ ညီမ တစ်ယောက် ယောက်ကို သဘောကျတိုင်း သူက အမြဲတမ်း ဝင်နှောင့်ယှက်တတ်တယ်...။"

"ဒီတစ်ခါလည်း (၂၀) ထပ်မှာ နေတဲ့ လူကို ညီမ သဘောကျနေတာကို၊ သူကပဲ ဝင်ပါပြီး အိမ်မက်မက် မနေနဲ့လို့ လာပြောသေးတယ်...။"

ထိုသို့ပြောပြီးနောက် အမျိုးသမီးငယ်က သူမ၏ ဝမ်းကွဲအစ်မကို ကြည့်ကာ မေးလိုက်၏။

"ပြောပါဦး...။ သူက ဘာလို့ ညီမအပေါ် အမြဲတမ်း အဲ့လိုမျိုး လုပ်နေရတာလဲ၊ ညီမ သူ့အပေါ် ဘာမှ မကောင်းတာ မလုပ်ဖူးပါဘူး...။"

သူမ၏ ဝမ်းကွဲအစ်မက ထိုစကားကို ကြားသောအခါ တဟားဟား ရယ်မောလိုက်ပြီး အမျိုးသမီးငယ်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"အဲ့ဒီစီနီယာက ညည်းကို သဘောကျနေတာပေါ့ အေ...။"

အမျိုးသမီးငယ်မှာ ခဏမျှ ကြောင်အသွားပြီးနောက်၊ မျက်နှာလေး ရဲတက်လာကာ ရှက်ကိုးရှက်ကန်း ဖြင့် ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ၊ သူက ညီမကို အမြဲတမ်း အေးစက်စက် မျက်လုံးတွေနဲ့ပဲ ကြည့်တာကို...။"

ဝမ်းကွဲအစ်မက ပြုံးစိစိဖြင့် စနောက်လိုက်လေသည်။

"မယုံဘူးလား... ဒါဆို နောက်မှ သူ့ကို မေးကြည့်လိုက်လေ၊ တကယ်လို့ သူက ညည်းကို တကယ် သဘောကျတာဆိုရင်တော့ ညည်းရဲ့ အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့၊ သူက ညည်းကို ကောင်းကောင်းကျွေးပြီး အလိုလိုက်ထားမှာ သေချာပါတယ်...။"

အမျိုးသမီးငယ်သည် ခေတ္တမျှ စဉ်းစားလိုက်ရာ လုံယု၏ ခန့်ညားသော မျက်နှာမှာ သူမ၏ ရုံထဲသို့ ရောက်လာခဲ့လေ၏။ သူမက သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဒါပေမဲ့ ညီမက (၂၀) ထပ်က လူကိုပဲ ပိုသဘောကျတယ်၊ သူက အရမ်း ခန့်ညားပြီး စွမ်းအားလည်း ရှိ တယ်လေ၊ သူ့နောက်ကို လိုက်သွားရင် ညီမ စားစရာတွေ အများကြီး ရမှာဖြစ်သလို အနာဂတ်မှာလည်း ပျော်ပျော်ရွှင်ရွှင် နေရမှာ...။"

ဝမ်းကွဲအစ်မသည် ထိုစကားကို ကြားသောအခါ စိတ်ထဲမှ မျက်လုံးလှန်ပြလိုက်ပြီး ဖားတစ်ကောင်က ဟင်္သာသား စားချင်နေတာပဲ ဟု တွေးလိုက်မိလေတော့သည်။

အမျိုးသမီး နှစ်ဦးက သူ၏အကြောင်းကို ဆွေးနွေးနေကြသည်ကို ချွမ်ယွမ်ဝေ့မှာ သိရှိခြင်း မရှိဘဲ၊ သည်းထန်စွာ ရွာသွန်းနေသော မိုးထဲ၌ အားသွန်ခွန်စိုက် အလုပ်လုပ်နေရလေသည်။

ပင်ပန်းသော အလုပ်များကို တစ်ခါမျှ မလုပ်ဖူးသော နုနယ်သည့် သူ၏ လက်အစုံဖြင့် တက်ကို ကိုင်ကာ ပြင်းထန်သော ရေစီးကြောင်းကို အံတုလျက် အားကုန် လှော်ခတ်နေရ၏။

သူတို့သည် လင်းယွမ်တိုက်ခန်း အဆောက်အအုံမှ လှေဖြင့် ထွက်လာပြီးမှ ရှီရွှမ်းက အင်ဂျင်ကို စတင် နှိုးလိုက်လေသည်။

မိနစ်သုံးဆယ်ခန့် ကြာသောအခါ ရူပဗေဒ သုတေသနဌာနသို့ ရောက်ရှိလာကြ၏။ ကွဲအက်နေသော ပြတင်းပေါက်များကို မြင်လိုက်ရသည်နှင့် ဤနေရာမှာ ဖောက်ထွင်းလုယက် ခံထားရပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြလေတော့သည်။

All Chapters