အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅)
နှလုံးသားကွဲကြေခြင်း
ချွမ်ယွမ်ဝေ့သည် (၁၀) ထပ်မှတစ်ဆင့် အဆောက်အအုံအတွင်းသို့ ဝင်ရောက်လိုက်သောအခါ၊ ပရမ်း ပတာ ဖြစ်နေသော ရုံးခန်းနှင့် ပျက်စီးနေသော စက်ကိရိယာများကို မြင်တွေ့ရသဖြင့် နှလုံးသားတစ်ခုလုံး ကွဲကြေမတတ် ခံစားလိုက်ရလေသည်။
သူသည် အချိန်ဆွဲခြင်းမရှိဘဲ လှေကားမှတစ်ဆင့် (၁၂) ထပ်သို့ အမြန် တက်လာခဲ့၏။
ပစ္စည်းသိုလှောင်ခန်း၏ တံခါးမှာ ဖျက်ဆီးခံထားရပြီး၊ ပစ္စည်းအမျိုးမျိုးမှာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေ ခဲ့လေသည်။ စင်များပေါ်တွင်လည်း ပစ္စည်းများမှာ ရှုပ်ပွနေပြီး အချို့စင်များမှာ ပြိုလဲနေပြီ ဖြစ်၏။
ချွမ်ယွမ်ဝေ့သည် လက်နှိပ်ဓာတ်မီးကို ယူကာ သူ၏ ကျောပိုးအိတ်ကို အမြန်ဖွင့်လိုက်ပြီး၊ ကြမ်းပြင်နှင့် စင်များပေါ်မှ ပစ္စည်းများကို ကောက်ယူလေတော့သည်။ ရူပဗေဒ သုတေသနဌာနရှိ ပစ္စည်းများမှာ သာမန်လူများအတွက် အသုံးမဝင်သော်လည်း၊ ချွမ်ယွမ်ဝေ့ကဲ့သို့သော သူများအတွက်မူ အဖိုးမဖြတ် နိုင်သော ရတနာများပင် ဖြစ်၏။
သိုလှောင်ခန်းတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီး ပစ္စည်းအများအပြားမှာလည်း ကွဲအက်နေပြီ ဖြစ် သည်။ သူသည် အခန်းတစ်ခုလုံးကို နှံ့စပ်အောင် ရှာဖွေခဲ့သော်လည်း အသုံးဝင်မည့် အရာများကိုမူ များများစားစား ရှာမတွေ့ခဲ့ရပေ။
ချွမ်ယွမ်ဝေ့သည် အပြင်သို့ ထွက်လာကာ ရှီရွှမ်းကို ပြောလိုက်လေသည်။
"မတွေ့သေးတဲ့ အစိတ်အပိုင်း အချို့ ရှိနေသေးတယ်၊ ကျွန်တော် ဓာတ်ခွဲခန်းထဲကို သွားပြီး ရှာကြည့် လိုက်ဦးမယ်...။"
"ကောင်းပါပြီ...။"
ရှီရွှမ်းက ခေါင်းငြိမ့်ပြလိုက်ပြီး ယောင်ရန်နှင့်အတူ သူ၏နောက်မှ လိုက်သွားခဲ့လေသည်။
ဤအဆောက်အအုံအတွင်း၌ ဓာတ်ခွဲခန်း အများအပြား ရှိနေပြီး၊ ချွမ်ယွမ်ဝေ့သည် တစ်ခန်းပြီးတစ်ခန်း လိုက်လံ ရှာဖွေခဲ့လေသည်။ စက်ကိရိယာ အများစုမှာ ပျက်စီးနေသည်ကို မြင်သောအခါ၊ သူသည် ၎င်း တို့ကို ဖြုတ်ယူကာ အသုံးပြု၍ ရနိုင်သေးသော အစိတ်အပိုင်းများကို သိမ်းဆည်းခဲ့လေသည်။
သူမအနေဖြင့် ကူညီပေးနိုင်ခြင်း မရှိသည်ကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မလည်း ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး တစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်လိုက်ဦး မယ်...။"
ရှီရွှမ်းသည် အနည်းငယ် စိုးရိမ်သွားသဖြင့် သူမနှင့်အတူ လိုက်သွားလိုသော်လည်း၊ ချွမ်ယွမ်ဝေ့ကို တစ်ယောက်တည်း ထားခဲ့၍ မရပေ။ ယောင်ရန်နှင့် ချွမ်ယွမ်ဝေ့ အကြားတွင် မည်သူက မိမိကိုယ်ကို ကာကွယ်နိုင်ပြီး၊ မည်သူက သူ၏ အကာအကွယ်ကို လိုအပ်သည်ကို သူ ကောင်းစွာ သိရှိထားသည်။
ရွေးချယ်မှု ပြုလုပ်ပြီးနောက် ရှီရွှမ်းက မှာကြားလိုက်လေသည်။
"ဂရုစိုက်ပါဦးနော်...။"
"အင်း..."
ယောင်ရန်သည် အပေါ်ထပ်များသို့ တက်လှမ်းကာ ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်လေသည်။ သစ်သားပရိဘောဂများ၊ တံခါးများနှင့် ထင်းအဖြစ် အသုံးပြုနိုင်သည့် အရာအားလုံးမှာ ဖျက်ဆီးယူ ဆောင်ခြင်း ခံထားရပြီ ဖြစ်၏။ သူမသည် အခန်းထောင့်တစ်နေရာ၌ ကျန်ရစ်နေသော ပလတ်စတစ် စိုက်ပျိုးအိုး အချို့ကို တွေ့ရှိသောအခါ၊ ၎င်းတို့ကို နေရာလွတ် အတွင်းသို့ သိမ်းဆည်းလိုက်လေသည်။
ဤအဆောက်အအုံအတွင်းရှိ ကွန်ပျူတာများနှင့် စက်ကိရိယာများတွင် အဖိုးတန်သော အသိပညာနှင့် အချက်အလက်များ ပါဝင်နေ၏။ ယောင်ရန်အနေဖြင့် ယခုအချိန်တွင် မလိုအပ်သော်လည်း၊ နောင်တစ် ချိန်တွင် တစ်စုံတစ်ယောက်အတွက် အသုံးဝင်လာနိုင်သည်ဟု တွေးကာ ၎င်းတို့ကို အကုန်ယူဆောင် လိုက်လေသည်။
အထပ်အတော်များများကို လှည့်ပတ်ကြည့်ရှုပြီးနောက်၊ သူမသည် အခြားသူများ မလိုချင်တော့သော ပစ္စည်းများနှင့် ပြပွဲခန်းမအတွင်း ပြသထားသော ပစ္စည်းများကို စုဆောင်းလိုက်၏။
သိပ္ပံနည်းကျ သုတေသန ထုတ်ကုန်များမှာ အလွန်ပင် ခေတ်မီဆန်းသစ်လှသဖြင့် ယောင်ရန်ပင်လျှင် ၎င်းတို့ကို ကောင်းစွာ မခွဲခြားနိုင်ပေ။ သူမ၏ နေရာလွတ် အတွင်း၌ သိုလှောင်ရန် နေရာအလုံအလောက် ရှိနေသဖြင့် သူမသည် တွေ့သမျှကို အကုန်ယူဆောင်သွားလေတော့သည်။
(၁၂) ထပ်သို့ ပြန်ရောက်သောအခါ၊ ချွမ်ယွမ်ဝေ့သည် ငါးဖမ်းစက်ကို တပ်ဆင်ပြီးစီးနေပြီ ဖြစ်သည်ကို တွေ့လိုက်ရလေသည်။ သေးငယ်သော်လည်း ရှုပ်ထွေးလှသော ထိုစက်၏ တည်ဆောက်ပုံကို ကြည့်ရင်း ယောင်ရန်သည် ချွမ်ယွမ်ဝေ့၏ ကျွမ်းကျင်မှုကို အံ့သြမိလေတော့သည်။
နောက်ထပ် ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက်၊ ချွမ်ယွမ်ဝေ့သည် ငါးဖမ်းစက်ကို အဆင်သင့် ဖြစ်အောင် ပြင်ဆင်လိုက်လေသည်။ သူ စက်ကို ဖွင့်လိုက်သောအခါ ဝူးဝူးဝါးဝါး အသံတစ်ခု ထွက်ပေါ်လာ၏။
စက်ကို ဖွင့်လိုက်သည့် ခဏမှာပင် ယောင်ရန်သည် စိတ်မသက်မသာ ဖြစ်သွားသဖြင့် မျက်မှောင် ကြုတ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။
ချွမ်ယွမ်ဝေ့သည် သူမ၏ အမူအရာကို သတိပြုမိသွားသဖြင့် စက်ကို ပိတ်လိုက်ကာ ပြောလိုက်လေ သည်။
"ရေက အရမ်းနက်နေလို့ ကျွန်တော် ကြိမ်နှုန်းကို တိုးလိုက်တာပါ၊ ဒီကြိမ်နှုန်းက လူတွေကို အန္တရာယ် မပေးနိုင်ပေမယ့်၊ ငါးတွေကတော့ ဒါကို မခံနိုင်ဘဲ မေ့မြောသွားပါလိမ့်မယ်...။"
"ဒါပေမဲ့ ကြိမ်နှုန်းကို တိုးလိုက်တဲ့အတွက် အား ပိုကုန်လိမ့်မယ်၊ အားအပြည့်သွင်းထားတဲ့ ဘက်ထရီ တစ်လုံးက သုံးနာရီပဲ ခံလိမ့်မယ်...။"
သူသည် စက်ကို ရှီရွှမ်းထံ ကမ်းပေးလိုက်ရင်း မေးလိုက်၏။
"ငါတို့ ဘယ်မှာ ငါးသွားဖမ်းကြမှာလဲ...။"
ရှီရွှမ်းသည် ငါးဖမ်းစက်ကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်လေသည်။
"ဒီညကျရင် အစ်ကို သိရမှာပါ...။"
သူ့ကို ပြောပြရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ၊ ချွမ်ယွမ်ဝေ့သည် ရှီရွှမ်းက သူ၏ ကတိကို ဖျက်သွားမည်ကို စိုးရိမ်လာခဲ့လေသည်။
သူသည် နောက်ပိုင်းတွင် ဘာမျှ မရရှိမည်ကိုလည်း ကြောက်ရွံ့နေသဖြင့် ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"အဲ့ဒီမှာ ငါးတွေ အများကြီး ရှိလားဟင်၊ ကူညီဖို့အတွက် လူတွေ ထပ်ခေါ်လာပေးရမလား...။"
လွန်ခဲ့သော တစ်ပတ်က သူ ပြန်ရောက်လာသည့် အချိန်မှစ၍၊ ချွမ်ယွမ်ဝေ့သည် အခြားနေထိုင်သူများ နှင့်အတူ အပြင်သို့ အကြိမ်အတော်များများ ထွက်ခဲ့သော်လည်း၊ ထင်းအနည်းငယ်နှင့် နေ့စဉ်သုံး ပစ္စည်း အချို့ကိုသာ သယ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူနှင့်မတူဘဲ (၂၀) ထပ်တွင် နေထိုင်သူများမှာ အားလုံး စွမ်းဆောင်ရည် မြင့်မားကြသူ များ ဖြစ်ကြပေသည်။
သူတို့ အပြင်မှ ပြန်လာသည့် အခါတိုင်း ရိက္ခာများ အမြောက်အမြား ပါလာတတ်၏။ ပြီးခဲ့သည့်တစ် ခေါက်က လူဟုန်၏ နှောင့်ယှက်မှုကြောင့်၊ သူတို့ တကယ်တမ်း၌ အသားများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူ သိလိုက်ရလေသည်။
လူများမှာ ပေါင်မုန့်တစ်စပင် ရှာရန် ခက်ခဲနေသည့် အချိန်တွင်၊ (၂၀) ထပ်မှ လူများမှာ အသားကို သုံးဆောင်နိုင်နေကြသည်။ ၎င်းက သူတို့ မည်မျှ စွမ်းဆောင်ရည် ရှိကြောင်းကို ပြသနေခြင်းပင် ဖြစ်၏။
သူတို့၏ အဖွဲ့တွင် ပါဝင်ကာ ကြိုးစား အားထုတ်နိုင်သရွေ့ သူ၏ အဘိုးနှင့် အဖွားကို ကောင်းမွန်စွာ ထောက်ပံ့နိုင်မည်ဟု သူ ယုံကြည်ထားလေသည်။
ချွမ်ယွမ်ဝေ့သည် ဤအခွင့်အရေးကို အသုံးပြု၍ အလုပ်များများ လုပ်ကာ ရိက္ခာများ ပိုမိုရရှိရန် မျှော်လင့်နေ၏။ မည်သို့ပင်ဖြစ်စေ၊ ဤနှစ်ရက်အတွင်း စားစရာ တစ်ခုခု ရှာမတွေ့ပါက သူ၏ အဘိုးနှင့် အဖွားမှာ ငတ်သေပေတော့မည်။
အန်းယွမ် ရေလှောင်ကန်ထဲ၌ ငါးမည်မျှ ရှိသည်ကို ယောင်ရန်နှင့် ရှီရွှမ်းတို့ မသိကြသော်လည်း၊ ၎င်းမှာ အလွန် ကြီးမားလှသဖြင့် ငါးများစွာ ရှိနေမည်မှာ သေချာလှ၏။
ကျားရှန်းမှာ ဒဏ်ရာရရှိထားသဖြင့် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ သူမနှင့်အတူ နေရန် လိုအပ်ပေ သည်။ ထို့ကြောင့် ငါးဖမ်းရန်အတွက် လူအင်အား မလုံလောက်ပေ။ ချွမ်ယွမ်ဝေ့အနေဖြင့် သူတို့အတွက် အလုပ်သမားများ ရှာပေးနိုင်သည် ဖြစ်ရာ၊ သူ ရှာပေးသော သူများမှာ ယုံကြည်ရသူများဖြစ်ပြီး ပြဿနာ မရှာသူများ ဖြစ်နေသရွေ့ ယောင်ရန်အနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။
အကျိုးနှင့် အပြစ်ကို တွက်ချက်ပြီးနောက် သူမက ခေါင်းငြိမ့်လိုက်ကာ ၊
"အစ်ကို အလိုရှိရင် လူခေါ်လာလို့ ရပါတယ်၊ ဒါပေမဲ့ အဲ့ဒီလူက ပြဿနာရှာတာဖြစ်ဖြစ်၊ ကျွန်မတို့ရဲ့ အစီအစဉ်ကို တခြားလူတွေကို ပြောပြတာဖြစ်ဖြစ် လုပ်ခဲ့ရင်တော့ ကျွန်မတို့ဘက်က အားနာနေမှာ မဟုတ်ဘူးနော်...။"
ချွမ်ယွမ်ဝေ့သည် သူမ၏ စကားမှာ အတည်ဖြစ်ကြောင်း သိရှိသဖြင့် ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့၊ ကျွန်တော် ခေါ်လာတဲ့လူက ပြဿနာရှာရင် ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ပါ့မယ်၊ အဲ့ဒီ အတွက် လျော်ကြေးအနေနဲ့ ကျွန်တော့်ကို အစ်မတို့ အလိုရှိသလို လုပ်နိုင်ပါတယ်...။"
ယောင်ရန်သည် သူ၏ အဖြေကို အလွန်ပင် ကျေနပ်သွားပြီး ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ဒီည ညကိုးနာရီမှာ တွေ့ကြမယ်လေ...။"
"ကောင်းပါပြီ...။"
မထွက်ခွာမီ ချွမ်ယွမ်ဝေ့သည် နောင်တစ်ချိန်တွင် သူ၏အတွက် အသုံးဝင်လာနိုင်မည့် အရာများကို ယူဆောင်သွားခဲ့လေသည်။
သူသည် ကြိုတင် ပြင်ဆင်လာခဲ့သူဖြစ်ရာ ပလတ်စတစ်အိတ် အများအပြား ပါလာခဲ့၏။ သူ ရူပဗေဒ သုတေသနဌာနမှ ထွက်ခွာလာသောအခါ၊ သူ ရှာဖွေတွေ့ရှိခဲ့သော အစိတ်အပိုင်းများနှင့်အတူ မော်တာဘုတ်မှာ ပြည့်လုနီးပါး ဖြစ်နေတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ရှီရွှမ်းနှင့် ယောင်ရန်တို့က ဘာမျှ မပြောကြပေ။ သူတို့အနေဖြင့် ထိုပစ္စည်း များကို နားမလည်သလို အသုံးလည်း မပြုနိုင်သဖြင့်၊ ချွမ်ယွမ်ဝေ့ကိုသာ အကုန်ယူခွင့် ပေးလိုက်ကြလေ သည်။
သူတို့ ပြန်ရောက်လာသည့် အချိန်တွင် မွန်းတည့်စာ စားချိန်ပင် ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ ယောင်ရန်နှင့် ရှီရွှမ်းတို့သည် သတ္တုအစိတ်အပိုင်းများ ပြည့်နှက်နေသော အိတ်များကို (၁၉) ထပ်အထိ သယ်ဆောင်ရန် ချွမ်ယွမ်ဝေ့ကို ကူညီပေးခဲ့ကြလေတော့သည်။
အခန်း (၁၂၆)
ဆိုးရွားလွန်းသော အစားအစာ
အခြားနေထိုင်သူများသည် ဆူညံသံကို ကြားသောအခါ တစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ကြလေသည်။
သို့သော်လည်း ယောင်ရန်နှင့် အခြားသူများမှာ သတ္တုအစအန အချို့ကိုသာ သယ်ဆောင်လာသည်ကို မြင်သောအခါ စိတ်ဝင်စားမှု လျော့နည်းသွားပြီး တံခါးများကို ပြန်ပိတ်လိုက်ကြလေသည်။
အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် သူမ၏ နေရာလွတ် အတွင်းသို့ ဝင်၍ ရေချိုးကာ အဝတ် အစား လဲလိုက်၏။ နေရာလွတ် ထဲမှ ထွက်လာပြီးနောက် သူမသည် နေ့လယ်စာအတွက် ငါးနှင့် ဂျင်းစွပ် ပြုတ် တစ်အိုး ပြုလုပ်ကာ ထမင်းတစ်လုံးကိုလည်း ပေါင်းလိုက်လေသည်။ သူမ တူကို ကိုင်ရန် ပြင်နေ စဉ်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က သူမကို လှမ်းခေါ်လိုက်လေသည်။
"ယောင်ရန်..."
လုံယု၏ အသံကို ကြားသဖြင့် တံခါးဖွင့်ကြည့်လိုက်သောအခါ၊ သူသည် ထမင်းချိုင့်တစ်လုံးကို ကိုင်လျက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ယောင်ရန်က ပြုံးပြလိုက်ပြီး မေးလိုက်၏။
"တစ်ခုခု လိုအပ်လို့လား...။"
လုံယုက သူမအား ထမင်းချိုင့်ကို ကမ်းပေးရင်း ပြောလိုက်လေသည်။
"ဒါ မင်းအတွက်...။ နေ့လယ်စာ ချက်ရင်းနဲ့ နည်းနည်း များသွားလို့ပါ...။"
သူ့လက်ထဲရှိ ထမင်းချိုင့်ကို ကြည့်ရင်း ယောင်ရန်က ခေတ္တမျှ စဉ်းစားလိုက်ကာ ၊
"ခဏလောက် စောင့်ပေးပါဦး...။"
ထိုသို့ပြောပြီးနောက် သူမသည် တံခါးကို မပိတ်ဘဲ အထဲသို့ ဝင်သွား၏။ မကြာမီမှာပင် ယောင်ရန်သည် ငါးနှင့် ဂျင်းစွပ်ပြုတ် တစ်ပန်းကန်ကို ကိုင်၍ ပြန်လာခဲ့လေသည်။
"ရော့... ကျွန်မလည်း အခုပဲ ဒီငါးနဲ့ ဂျင်းစွပ်ပြုတ်ကို လုပ်နေတာ၊ ရှင် သောက်ဖို့အတွက် အားဖြစ်စေ မှာပါ...။"
လုံယုသည် စွပ်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်ရင်း ပြုံးကာ ၊
"ကျေးဇူးပါပဲ...။" ဟု ပြောလိုက်လေသည်။
ယောင်ရန်ကလည်း ခေါင်းငြိမ့်ပြလိုက်ပြီး ၊
"ထမင်းချိုင့်အတွက် ကျေးဇူးတင်ပါတယ်...။"
သူတို့နှစ်ဦးသည် ခဏမျှ စကားပြောဆိုနေကြပြီးနောက် လုံယုက ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ မင်း ထမင်းစားတာကို အနှောင့်အယှက် မပေးတော့ပါဘူး၊ နောက်မှ တွေ့ကြမယ် လေ...။"
"အင်း..."
ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်လေသည်။
အစားအစာများ၏ သွားရည်ကျဖွယ် ရုပ်ထွက်ကို ကြည့်ခြင်းအားဖြင့် လုံယုသည် ဤရက်ပိုင်းအတွင်း ချက်ပြုတ်ခြင်း၌ အတော်ပင် အားထုတ်ထားကြောင်း သိသာလှပေသည်။ သူ၏ ချက်ပြုတ်နည်း ဆရာတစ်ဦးအနေဖြင့် ယောင်ရန်သည် သူ၏ တိုးတက်မှုအတွက် ဂုဏ်ယူမိလေသည်။
သူမသည် တူကို ယူကာ အမဲသားခေါက်ဆွဲကြော်ကို တစ်လုပ် မြည်းစမ်းလိုက်၏။ ခေါက်ဆွဲများ လျှာပေါ်သို့ ရောက်ရှိသွားသည့် ခဏမှာပင် ယောင်ရန်မှာ နှစ်စက္ကန့်ခန့် ကြောင်အသွားရလေသည်။ ထို့နောက် သူမသည် ခေါက်ဆွဲများကို အမြန်မျိုးချလိုက်ကာ ရေခွက်ကို ဆွဲ၍ တစ်ငုံတည်း ကုန်အောင် သောက်လိုက်တော့သည်။
သူမသည် အချည်းနှီးဖြစ်သွားသော ရေခွက်ကို ချလိုက်ရင်း အမဲသားခေါက်ဆွဲကြော်ကို မယုံကြည်နိုင် စွာ စိုက်ကြည့်နေမိလေသည်။ ရုပ်ထွက်အရ ကြည့်လျှင် ခေါက်ဆွဲမှာ အလွန်ပင် အရသာရှိပုံ ရသော် လည်း၊ တကယ်တမ်း မြည်းစမ်းကြည့်သည့် အခါတွင်မူ အရသာမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ဆိုးရွားလှပေသည်။
ယောင်ရန်သည် သူမ၏ လျှာကို အသာအယာ လှုပ်ရှားကြည့်လိုက်သည်။ လျှာမှာ ထုံကျင်မသွားဘဲ ခံစားမှု ပြန်ရှိလာသည်ကို သိလိုက်မှသာ သူမ စိတ်အေးသွားရလေသည်။
ခေါက်ဆွဲများကို ကြည့်ရင်း သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များ ဖြစ်ပေါ်နေ၏။ ထမင်း ချိုင့်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်၊ သူမသည် အဖုံးကို ပြန်ပိတ်ကာ သိုလှောင်ရုံ အတွင်းသို့ ထည့်လိုက်လေတော့သည်။
သူမအနေဖြင့် စား၍မရသော်လည်း အစားအစာကိုမူ မဖြုန်းတီးသင့်ပေ။ သူမ၌ ရှိသော တစ်ခုတည်း သော ရွေးချယ်မှုမှာ ဤထမင်းချိုင့်ကို သိမ်းဆည်းထားပြီး နောင်တစ်ချိန်တွင် ကံကောင်းသော တစ်စု တစ်ယောက်အား ပေးကမ်းရန်သာ ဖြစ်ပေ၏။
သူမသည် သက်ပြင်းချကာ ထမင်းကို စားရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"အစားအစာကို အပြင်ပန်း ရုပ်ထွက်နဲ့ပဲ မဆုံးဖြတ်သင့်ဘူးဆိုတာ တကယ်ပဲ၊ ဒါကတော့
တကယ့်ကို ဆိုးရွားလွန်းတဲ့ အစားအစာပဲ..."
နေ့လယ်စာ စားပြီးနောက် ယောင်ရန်သည် သူမ၏ နေ့စဉ် လေ့ကျင့်ခန်းများကို စတင်လိုက်လေသည်။ လေ့ကျင့်ခန်း ပြီးဆုံးသောအခါ ရေချိုးကာ အနွေးထည် အောက်တွင် ကျည်ကာ အင်္ကျီကို ဝတ်ဆင်လို က်၏။
ယခုအခါ ကျွင်းချန်မြို့အတွင်းမှ အဆိပ်ရှိသော ဖလံကောင်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ၊ သူမ အနေဖြင့် ကာကွယ်ရေးဝတ်စုံကို ဆက်လက် ဝတ်ဆင်ရန် မလိုအပ်တော့ပေ။
နာရီလက်တံ ကိုးနာရီသို့ ညွှန်ပြသောအခါ၊ ယောင်ရန်သည် မိုးကာအင်္ကျီကို ဝတ်၊ ကျောပိုးအိတ်ကို လွယ်ကာ တိုက်ခန်းမှ ထွက်လာခဲ့လေသည်။
လုံယုသည် သူမ လာသည်ကို မြင်သောအခါ ပြုံးလိုက်ရင်း ၊
"ငါးနဲ့ ဂျင်းစွပ်ပြုတ်က တကယ်ကို အရသာရှိတယ်၊ ကျွန်တော် အရမ်း ကြိုက်တယ်...။"
သူ၏ ချီးကျူးစကားကို ကြားသောအခါ ယောင်ရန်မှာ သူ၏ မျက်လုံးများကို တည့်တည့်မကြည့်ဝံ့ဘဲ ပြောလိုက်လေသည်။
"ဟုတ်ကဲ့... ရှင့်ရဲ့ အမဲသားခေါက်ဆွဲကြော်ကလည်း မဆိုးပါဘူး၊ ဒါပေမဲ့ ရှင့်ရဲ့ ချက်ပြုတ်မှု စွမ်းရည် တိုးတက်လာဖို့တော့ နောက်ထပ် ကြိုးစားဖို့ လိုပါသေးတယ်...။"
သူမ၏ ချီးကျူးစကားကြောင့် လုံယု၏ အပြုံးမှာ အပြစ်မကင်းသည့် ယောင်ရန်၏ မျက်လုံးများကို စူးရှစေလုနီးပါး ဖြစ်သွားစေခဲ့လေသည်။
သူမသည် သူ၏ ပြုံးရွှင်နေသော မျက်နှာကို အပြစ်ရှိသကဲ့သို့ တစ်ချက် ကြည့်လိုက်ပြီး ၊
*သူက ချက်ပြုတ်ရတာ ဝါသနာပါတာဆိုတော့၊ ငါ အချိန်ပေးပြီး သူ့ကို သင်ပေးရမယ်၊ မဟုတ်ရင် တစ်နေ့ကျရင် သူက ဒီဆိုးရွားတဲ့ အစားအစာတွေနဲ့ သူ့ကိုယ်သူဖြစ်ဖြစ် တခြားလူကိုဖြစ်ဖြစ် သတ်မိ လိမ့်မယ်...။* ဟု တွေးနေမိလေသည်။
ရှီရွှမ်းနှင့် ဟွမ်ချန်တို့ ထွက်လာသည်ကို မြင်သောအခါ၊ သူတို့သည် လေထိုးလှေ နှစ်စင်းကို အောက် ထပ်သို့ သယ်ဆောင်သွားကြ၏။ သူတို့ (၁၃) ထပ်တွင် ချွမ်ယွမ်ဝေ့ကို စောင့်နေစဉ် လုံယုက မော်တာဘုတ် သွားယူလေသည်။
ယခုအချိန်အထိ ယောင်ရန်သည် သူ မော်တာဘုတ်ကို ဘယ်မှာ ဝှက်ထားသည်ကို မသိသော်လည်း၊ သူမမှာ စူးစမ်းလိုစိတ်သာ ရှိပြီး ဤကိစ္စကို အသေးစိတ် လိုက်လံ စုံစမ်းရန် ရည်ရွယ်ချက်မူ မရှိပေ။
မကြာမီမှာပင် ချွမ်ယွမ်ဝေ့သည် လူငယ်တစ်ဦးနှင့်အတူ ရောက်ရှိလာ၏။ ယောင်ရန်သည် ထိုလူ၏ မျက်နှာကို ကြည့်ကာ၊ ကျွင်းချန်မြို့ကို စစ်တပ်က စတင် ထိန်းချုပ်စဉ်က အဖွားချွမ်နှင့် စကားပြော နေသော သူဖြစ်ကြောင်း မှတ်မိသွားခဲ့လေသည်။
ချွမ်ယွမ်ဝေ့သည် ရှီရွှမ်းကို ကြည့်ကာ ပြောလိုက်၏။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် မယောင်ရန်နဲ့ ဆွေးနွေးပြီးပါပြီ၊ သူကလည်း သဘောတူတဲ့အတွက် ဒီညမှာ ကျွန်တော့် သူငယ်ချင်းကို ခေါ်လာခဲ့တာပါ...။"
ထိုလူသည် ရှီရွှမ်း၊ ဟွမ်ချန်နှင့် ယောင်ရန်တို့ကို ခေါင်းညိမ့် နှုတ်ဆက်လိုက်ပြီး မိမိကိုယ်ကို မိတ်ဆက် လိုက်လေသည်။
"နေကောင်းကြလား...။ ကျွန်တော့်နာမည်က စီမာယွမ်ပါ၊ အခန်း (၁၉၀၁) မှာ နေပါတယ်၊ ဒီည အစ်ကို တို့နဲ့အတူ လိုက်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်က မေးလိုက်၏။
"နှင်းခူရောဂါ ဖြစ်နေတဲ့ ကလေးက ရှင့်မိသားစုထဲကလား...။"
စီမာယွမ်က ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်ကဲ့... အဲ့ဒါ ကျွန်တော့် အစ်ကိုရဲ့ သားလေးပါ...။"
ဟွမ်ချန်သည် သူတို့၏ စကားဝိုင်းကို ကြားသောအခါ မေးလိုက်လေသည်။
"ယောင်ရန်၊ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် သိကြတာလား...။"
ယောင်ရန်က ခေါင်းခါပြကာ ပြန်ဖြေလေသည်။
"အဖွားချွမ်က ကျွန်မဆီ လာပြီး အခန်း (၁၉၀၁) က ကလေးတစ်ယောက်မှာ ပြင်းထန်တဲ့ နှင်းခူရောဂါ ဖြစ်နေလို့ ကူညီပေးဖို့ ပြောဖူးတယ်၊ ဒါပေမဲ့ နှင်းခူရောဂါက အပ်စိုက်တာ တစ်ခုတည်းနဲ့ မပျောက်နိုင်လို့ ကျွန်မ မကူညီနိုင်ခဲ့ဘူး…။ ဆေးရှိရင်တောင်မှ နောက်ပိုင်းမှာ နှင်းခူရောဂါက ထပ်ဖြစ်နိုင်သေး တာမျိုးလေ...။"
ထိုစကားကို ကြားသောအခါ ဟွမ်ချန်က သက်ပြင်းချလိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။
ယခုခေတ်တွင် ဆေးဝါးမှာ အစားအစာထက်ပင် ပိုမို တန်ဖိုးကြီးပြီး ရှာဖွေရန် ခက်ခဲလှ၏။ သူတို့၌ ဆေးဝါးများ ရှိနေလျှင်ပင် သူစိမ်းများကို ထုတ်ပေးရန် ဝန်လေးကြမည်မှာ အမှန်ပင် ဖြစ်ချေသည်။
လူသားချင်း ကူညီရိုင်းပင်းခြင်းမှာ ကောင်းမွန်သော အမှုဖြစ်သော်လည်း၊ မိမိတို့၏ စေတနာကြောင့် မိမိတို့ကိုယ်တိုင် အန္တရာယ်အတွင်းသို့ ကျရောက်သွားမည်ဆိုလျှင်မူ ၎င်းမှာ မိုက်မဲသော လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ အသိဉာဏ် အနည်းငယ် ရှိသူတိုင်းသည် မိမိ၏ ကြွယ်ဝမှုကို လူအများရှေ့တွင် မပြသ သင့်ဟူသော အခြေခံသဘောတရားကို သိရှိကြပေသည်။
စီမာယွမ်နှင့် မိတ်ဆက်ပြီးနောက်၊ သူတို့သည် လုံယုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။ မကြာမီမှာ ပင် လုံယုသည် မော်တာဘုတ်ဖြင့် ပြန်ရောက်လာခဲ့လေသည်။
သူသည် မော်တာဘုတ်ကို အဆောက်အအုံအနီးတွင် ဆိုက်ကပ်လိုက်ပြီးနောက်၊ သူတို့သည် လေထိုး လှေ နှစ်စင်းကို မော်တာဘုတ်တွင် ချည်နှောင်ကာ လှေပေါ်သို့ တက်လိုက်ကြ၏။ မှောင်မိုက်နေသော ညအမှောင်အတွင်း၌ သူတို့သည် လင်းယွမ်တိုက်ခန်း အဆောက်အအုံမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြ လေတော့သည်။
ပတ်ဝန်းကျင်မှာ အလွန် မှောင်မိုက်နေသဖြင့် ရှင်းလင်းစွာ မြင်ရန် ခက်ခဲလှ၏။
လက်နှိပ်ဓာတ်မီးဖြင့် ဝန်းကျင်ကို ထိုးကြည့်နေရသော်လည်း၊ ရှီရွှမ်းအနေဖြင့် ရေထဲရှိ အတားအဆီး များကို ခဲခဲယဉ်ယဉ် ကြည့်နေရလေသည်။ ထို့ကြောင့်ပင် သူသည် လှေကို ပုံမှန်ထက် ပိုမို နှေးကွေးစွာ မောင်းနှင်နေရခြင်း ဖြစ်လေသည်။