← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇)

ငါးဖမ်းခြင်း (၁)

သူတို့ အန်းယွမ်ရေလှောင်တမံသို့ ရောက်ရှိချိန်တွင် ညဆယ်နာရီခန့် ရှိနေပြီဖြစ်၏။

ရှီရွှမ်းသည် စက်လှေကို သစ်ပင်တစ်ပင်၌ ကြိုးချည်ပြီးနောက် သူတို့သည် လေထိုးရော်ဘာလှေများကို တောင်ပေါ်သို့ သယ်ဆောင်သွားခဲ့ကြလေသည်။ ရေလှောင်တမံမှာ မြင့်မားသော နေရာ၌ တည်ရှိသော ကြောင့် သူတို့သည် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ရန် လိုအပ်ပေသည်။

ညအချိန် အပြင်ထွက်လာခြင်း ဖြစ်သောကြောင့် အမြင်အာရုံမှာ ရှင်းလင်းမှု မရှိလှပေ။ ထို့ပြင် လမ်းမှာ လည်း ကြမ်းတမ်းကာ ချော်နေ၏။ မိနစ်အနည်းငယ်မျှ လမ်းလျှောက်ပြီးသည်နှင့် ယောင်ရန်မှာ ခြေချော် ကာ နောက်သို့ လဲကျသွားခဲ့လေသည်။

သူမ၏ အနောက်၌ လျှောက်လာသော လုံယုသည် လျင်မြန်စွာပင် လှမ်းဖမ်းလိုက်လေသည်။ သူသည် အလိုအလျောက်ပင် သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ထိန်းဖက်လိုက်ကာ လဲကျမည့်အဖြစ်မှ ကာကွယ် ပေးလိုက်လေသည်။

ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး…၊

"သတိထားဦး...။"

ယောင်ရန်က ခေါင်းငြိမ့်ပြကာ တောင့်တင်းစွာဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးပဲ...။"

သူမ၏ ကိုယ်နေဟန်ထားကို တည့်မတ်ပေးပြီးနောက် လုံယုသည် သူ၏ လက်များကို ပြန်လည် ရုပ်သိမ်း လိုက်လေသည်။ ထို့နောက် သူ့အနောက်မှ လျှောက်လာကြသော ချွမ်ယွမ်ဝေ့နှင့် စီမာယွမ် တို့ကို ကြည့် ကာ ပြောလိုက်လေသည်။

"သတိထားကြ၊ မြေကြီးက တော်တော်ချော်တယ်...။"

စီမာယွမ်မှာ သန်မာကာ ပျော့ပျောင်းသော ခန္ဓာကိုယ် ပိုင်ရှင် သိုင်းပညာရှင်တစ်ဦး ဖြစ်ပေသည်။ ချော်နေသော လမ်းများပေါ်တွင် လမ်းလျှောက်ခြင်းမှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။

သို့သော်လည်း ချွမ်ယွမ်ဝေ့မှာမူ ခန္ဓာကိုယ် အားနည်းသူ တစ်ဦးသာ ဖြစ်၏။ သူသည် ရူပဗေဒပညာရှင် တစ်ဦးဖြစ်ကာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရန် အချိန်နည်းပါးလှသည်။ ရွှံ့ဗွက်ထနေသော ကုန်းစောင်းကို တက်ရန်မဆိုထားနှင့်၊ ညီညာသော လမ်းပြောင်ပေါ်တွင် လျှောက်ရလျှင်ပင် သူ့အတွက် ပင်ပန်းလှပေသည်။

သူ အဆက်မပြတ် ခြေချော်ကာ အသက်ရှူပြင်းနေသည်ကို မြင်သောအခါ စီမာယွမ်က သူ့ကို ဆွဲထူ လိုက်ရင်း ပြောလေသည်။

"အစ်ကိုယွမ်ဝေ့၊ ကျွန်တော့်ရှေ့ကနေ လျှောက်ပါ၊ အနောက်ကနေ ထိန်းပေးမယ်...။"

ချွမ်ယွမ်ဝေ့သည် ဤညီငယ်အပေါ် မှီခိုရခြင်းအတွက် အနည်းငယ် ရှက်ရွံ့နေသော်ငြားလည်း စီမာယွမ် ၏ စေတနာကို လက်ခံကာ သူ၏ အရှေ့မှ ဝင်လျှောက်လိုက်လေသည်။

စီမာယွမ်က ချွမ်ယွမ်ဝေ့ကို အနောက်မှ ထိန်းပေးထားပြီး၊ လုံယုကလည်း ယောင်ရန်ကို ကူညီ ထိန်း ကိုင်ပေးထားသောကြောင့် သူတို့သည် နောက်ဆုံးတွင် ပိုမိုမြန်ဆန်စွာ လျှောက်လှမ်းနိုင်ခဲ့ကြလေသည်။

မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပြီးနောက် တောင်တန်းများကြားရှိ ကျယ်ပြောလှသော ရေလှောင် တမံကြီးကို နောက်ဆုံးတွင် သူတို့ မြင်တွေ့လိုက်ရလေသည်။

လုံယုသည် လေထိုးရော်ဘာလှေကို အောက်သို့ချလိုက်ရင်း ပြောလိုက်လေသည်။

"ယောင်ရန်နဲ့ ချွမ်ယွမ်ဝေ့က ငါနဲ့ တစ်လှေတည်း စီးမယ်၊ ရှီရွှမ်း၊ ဟွမ်ချန်နဲ့ စီမာယွမ်က နောက်တစ်လှေ ယူလိုက်...။"

ချွမ်ယွမ်ဝေ့မှာ အဖွဲ့ထဲတွင် အားအနည်းဆုံးသူ ဖြစ်သောကြောင့် နောင်တစ်ချိန် အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာပါက ကာကွယ်ပေးနိုင်ရန် လုံယုသည် သူ့ကို မိမိအဖွဲ့ထဲသို့ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

အဖွဲ့များ ခွဲဝေပြီးနောက် သူတို့သည် သစ်ပင်တစ်ပင်အောက်၌ အနားယူကာ ခွန်အားပြန်လည် ပြည့်ဖြိုး စေရန် တစ်စုံတစ်ရာကို စားသောက်လိုက်ကြသည်။ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့သည် သူတို့၏ ကျောပိုး အိတ်ထဲမှ အာလူးတစ်ဝက်ကို ထုတ်ယူကာ ဖြည်းညင်းစွာ စားသောက်နေကြသည်ကို ယောင်ရန် မြင်တွေ့လိုက်ရလေသည်။

သူမ မျက်လွှာချလိုက်ကာ တွေးမိလိုက်လေသည်။

*လူတိုင်းမှာ စားနပ်ရိက္ခာတွေ တကယ်ပဲ ပြတ်လပ်နေပြီ ထင်တယ်...။*

ဆယ်မိနစ်ခန့် အနားယူပြီးနောက် သူတို့သည် လေထိုးရော်ဘာလှေများပေါ်သို့ တက်ရောက်ခဲ့ကြ၏။

ရေလှောင်တမံ၏ အလယ်ဗဟိုသို့ ရောက်ရှိသောအခါ ချွမ်ယွမ်ဝေ့က သတိပေးလိုက်လေသည်။

"အသံက နည်းနည်းတော့ ဆူလိမ့်မယ်၊ တကယ်လို့ သည်းမခံနိုင်ဘူး ဆိုရင် နားကို ပိတ်ထားပေးပါ...။"

သူမ၏ စွမ်းရည်များကြောင့် ယောင်ရန်၏ အာရုံငါးပါးမှာ သာမန်လူများထက် ပိုမို အကဲဆတ်လှပေ သည်။ ထို့ကြောင့် သူမသည် နားကြပ်များ တပ်ဆင်ကာ နားကို ပိတ်ထားလိုက်၏။ ချွမ်ယွမ်ဝေ့က ငါးဖမ်းစက်ကို ဖွင့်လိုက်သောအခါ ဆူညံသော အသံကြောင့် မူးဝေလာသဖြင့် သူမ မျက်မှောင်ကြုတ် သွားခဲ့လေသည်။

လုံယုသည် ထိုအရာကို သတိပြုမိသွားကာ သူမအနီးသို့ ချဉ်းကပ်လာခဲ့သည်။ သူသည် သူမ၏ အနောက် ၌ ထိုင်လိုက်ပြီး သူ၏ လက်များဖြင့် သူမ၏ နားများကို အုပ်ကာ ပိတ်ပေးထားလိုက်လေသည်။

ယောင်ရန်သည် သူမ၏ လက်ချောင်းငယ်လေးများကို သူ၏ လက်ဖဝါးကြီးများဖြင့် ဖုံးအုပ်ထားသည်ကို ခံစားလိုက်ရသောအခါ အနောက်သို့ လှည့်ကြည့်လိုက်လေ၏။ ထိုအခါ လုံယုက ရေပြင်ကိုသာ စူးစိုက် ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဟွမ်ချန်၏ စိတ်လှုပ်ရှားနေသော အသံမှာ အခြားလှေတစ်စင်းပေါ်မှ ထွက်ပေါ်လာခဲ့လေသည်။

"ကြည့်ကြပါဦး၊ ဒီနေရာမှာ တကယ်ပဲ ငါးတွေ ရှိနေတယ်...။"

သူ၏ အသံနှင့်အတူ ပိုမိုများပြားလှသော ငါးများသည် ရေထဲမှ ခုန်ထွက်လာကြပြီး မေ့မြောကာ ရေပေါ် ပေါ်လာခဲ့ကြလေ၏။ ထို့နောက် ၎င်းတို့၏ နှင်းကဲ့သို့ ဖြူဖွေးနေသော ဗိုက်များကို လှန်ပြထားလေသည်။

ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ထဲမှ ညကြည့်မှန်ပြောင်းကို ထုတ်ယူကာ ရေပြင်ကို ကြည့်လိုက် လေသည်။ အံ့သြစရာကောင်းစွာပင်၊ သူမ ထင်ထားသည်ထက် ငါးများမှာ ပိုမို များပြားနေပေသည်။

ငါးအများအပြား မေ့မြောနေသည်ကို မြင်သောအခါ ချွမ်ယွမ်ဝေ့သည် ငါးဖမ်းစက်ကို ပိတ်လိုက်ပြီး ပြောလိုက်လေ၏။

"သူတို့ သတိမရလာခင် မြန်မြန် ဖမ်းကြရအောင်...။"

သူ၏ စကားကို ကြားပြီးနောက် လုံယုနှင့် အခြားသူများသည် ငါးဖမ်းပိုက်ကို လျင်မြန်စွာ ယူလိုက်ကာ ယနေ့ည ယူဆောင်လာသော အမှိုက်အိတ်များထဲသို့ မေ့မြောနေသော ငါးများကို ဆယ်ယူထည့်သွင်း လိုက်ကြလေတော့သည်။

မေ့မြောနေသော ငါးများသည် ရေစီးနှင့်အတူ မျောပါသွားကာ အမှောင်ထုထဲ၌ ပျောက်ကွယ်သွားကြ လေသည်။ ထိုအရာကို မြင်သောအခါ လူခြောက်ယောက်သည် သူတို့၏ အရှိန်ကို မြှင့်တင်လိုက်ကြပြီး ငါးများကို တတ်နိုင်သမျှ များများ စုဆောင်းလိုက်ကြလေသည်။

ငါးအများစုကို အမှိုက်အိတ်များထဲသို့ ထည့်သွင်းပြီးသွားသည်ကို မြင်သောအခါ ချွမ်ယွမ်ဝေ့က ပြောလိုက်လေသည်။

"နေရာ ပြောင်းကြရအောင်...။"

လုံယုက ခေါင်းငြိမ့်ပြပြီး အင်ဂျင်ကို နှိုးလိုက်လေ၏။ သူသည် လေထိုးရော်ဘာလှေကို နောက်ဆုံး နေရာ မှ မီတာနှစ်ဆယ်ခန့် အကွာသို့ မောင်းနှင်သွားပြီးနောက် ချွမ်ယွမ်ဝေ့က ငါးဖမ်းစက်ကို ပြန်လည် ဖွင့် လိုက်လေသည်။

နောက်တစ်စက္ကန့်၌ပင်၊ လုံယု၏ လက်များက သူမ၏ နားများကို ထပ်မံ ဖုံးအုပ်လာသည်ကို ယောင်ရန် ခံစားလိုက်ရသည်။

ချွမ်ယွမ်ဝေ့ ငါးဖမ်းစက်ကို ဖွင့်လိုက်တိုင်း၊ လုံယုသည် ယောင်ရန်၏ နားများကို သူ၏ လက်များဖြင့် အုပ်ပေးလေ့ရှိ၏။ အစပိုင်းတွင် သူမသည် ရှက်ရွံ့ကာ အနေခက်သလို ခံစားခဲ့ရသည်။ သို့သော်လည်း သူက လေးကြိမ်တိုင်တိုင် ထပ်မံ ပြုလုပ်ပြီးနောက်တွင်မူ၊ သူမ၏ နားများကို ဖုံးအုပ်ပေးရန် သူ့ကို တည်ငြိမ်စွာပင် ခွင့်ပြုထားလိုက်လေတော့သည်။

ငါးများ ပက်လက်လန်သွားသောအခါ ချွမ်ယွမ်ဝေ့က ငါးဖမ်းစက်ကို ပိတ်လိုက်ပြီး လူခြောက်ယောက် သည် ၎င်းတို့ကို ဆက်လက်ဖမ်းယူကာ အမှိုက်အိတ်များထဲသို့ ထည့်သွင်းခဲ့လိုက်ကြပေသည်။ ထို့ နောက် ၎င်းလုပ်ငန်းစဉ်ကို ထပ်မံ ပြုလုပ်ကာ ငါးများကို ပိုမို ဖမ်းယူခဲ့ကြလေသည်။

ငါးများမှာ မသေးငယ်လှပေ။ အများစုမှာ နှစ်ကီလို သို့မဟုတ် သုံးကီလိုခန့် အလေးချိန်ရှိပြီး အချို့ ဆိုလျှင် ငါးကီလို သို့မဟုတ် ခြောက်ကီလိုခန့်ပင် ရှိလေသည်။

ရေလှောင်တမံထဲတွင် မြက်စားငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးကြင်း၊ ငါးသိုင်း၊ ငါးသလောက်၊ တီလား ပီးယားငါး အစရှိသည်ဖြင့် ငါးအမျိုးအစားများစွာ ပါဝင်ပြီး အခြားငါးများလည်း များစွာ ရှိလေသည်။

အဖွဲ့နှစ်ဖွဲ့သည် သီးခြားစီ ငါးဖမ်းခဲ့ကြပြီး အလွန်လျင်မြန်စွာ အလုပ်လုပ်ခဲ့ကြသောကြောင့် အချိန်တို အတွင်းမှာပင် ငါးအမြောက်အမြားကို ဖမ်းမိခဲ့ကြလေသည်။

တစ်နာရီ မပြည့်ခင်မှာပင် ယောင်ရန်၊ လုံယုနှင့် ချွမ်ယွမ်ဝေ့တို့သည် တစ်အိတ်လျှင် ကီလိုဂရမ် နှစ်ရာခန့် အလေးချိန်ရှိသော အမှိုက်အိတ် ခြောက်အိတ်ကို အပြည့် ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဟွမ်ချန်၊ ရှီရွှမ်း နှင့် စီမာယွမ်တို့မှာလည်း သိပ်မကွာလှဘဲ သူတို့၏ သတ္တမမြောက် အိတ်ကို စတင် ဖြည့်သွင်းနေကြပြီ ဖြစ်၏။

သူတို့ ငါးအိတ် အိတ်နှစ်ဆယ်ခန့် စုဆောင်းပြီးနောက် လုံယုနှင့် ရှီရွှမ်းတို့သည် ကုန်းမြေသို့ မောင်းနှင် သွားကာ သစ်ပင်တစ်ပင်အောက်တွင် သွားထားလိုက်ကြလေသည်။ ထိုသစ်ပင်အောက်၌ အလေးချိန် ရှစ်ထောင် ကီလိုဂရမ်ထက်မက ရှိသော ငါးအိတ်ပေါင်း လေးဆယ်ကျော်မျှ ရှိနေပြီ ဖြစ်သည်။

ငါးများ အပြည့်ပါဝင်သော အိတ်ပုံကြီးကို မြင်သောအခါ ယောင်ရန်က မေးလိုက်လေသည်။

"အဲဒါတွေကို ဘယ်လို သယ်ကြမလဲ...။"

ရှီရွှမ်းကလည်း မေးလာခဲ့၏။

"မနက်ဖြန်ကျရင် ငါတို့ ထပ်လာကြဦးမှာလား...။"

ချွမ်ယွမ်ဝေ့သည် ငါးဖမ်းစက်၏ ပါဝါမီတာကို ကြည့်ကာ ပြောလိုက်လေသည်။

"ဘက်ထရီက နောက်ထပ် နှစ်နာရီလောက်ပဲ ခံတော့မယ်၊ မနက်ဖြန် ငါတို့ ထပ်လာချင်ရင် ဘက်ထရီ တွေကို အားပြန်သွင်းဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ ယောင်ရန်က ပြောလိုက်၏။

"အားပြန်သွင်းဖို့ ကျွန်မဆီမှာ နည်းလမ်းရှိတယ်...။"

အခန်း (၁၂၈)

ငါးဖမ်းခြင်း (၂)

ယောင်ရန်၌ နေရောင်ခြည်သုံး လျှပ်စစ်မီးစက် ရှိသည်ကို သတိရသွားသောအခါ ဟွမ်ချန်၏ မျက်ဝန်း များ ဝင်းလက်သွားကာ ပြောလိုက်လေသည်။

"ကောင်းလိုက်တာ၊ ဒါဆို မနက်ဖြန် ငါတို့ ဆက်ပြီး ငါးဖမ်းလို့ ရတာပေါ့...။"

ရှီရွှမ်းက သူ့ကို တစ်ချက်ကြည့်ကာ မျှော်လင့်ချက်များကို ရေအေးဖြင့်ပက်ချလိုက်လေသည်။

"ငါတို့ ငါးဖမ်းလို့ ရပေမယ့်၊ ငါးတွေကို အကြာကြီး သိမ်းထားလို့ မရဘူးလေ၊ ငါတို့ စားနိုင်တာထက် ပိုဖမ်းတာက ဓာတ်ဆီနဲ့ အချိန်တွေကို ဖြုန်းတီးရာ ကျလိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ ဟွမ်ချန်မှာ အနည်းငယ် စိတ်ပျက်သွားလေ၏။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက ပြောလေသည်။

"ငါးတွေကို ရိက္ခာတွေနဲ့ သွားလဲကြရအောင်...။"

ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့မှလွဲ၍ ကျန်လူများအားလုံးသည် သူက လင်းယိနှင့် ယွမ်ရီဟွေးတို့ကို ရည်ညွှန်းနေကြောင်း နားလည်ကြလေသည်။ အခြားသူများကလည်း ကန့်ကွက်ခြင်း မရှိသောကြောင့် ယွမ်ရီဟွေးထံသို့ ငါးများကို မည်သူ သယ်ဆောင်သွား၍ လဲလှယ်မည်ကို ဆွေးနွေးကြလေတော့၏။

ငါးဖမ်းစက်မှာ နောက်ထပ် နှစ်နာရီခန့် ဆက်လက် အသုံးပြုနိုင်သေးပြီး၊ ငါးများကို စောင့်ရှောက်ရန် တစ်စုံတစ်ယောက် ကျန်ရစ်နေခဲ့ရန်လည်း လိုအပ်ပေသည်။

တောင်အောက်သို့ ငါးများ သယ်ဆောင်ရာတွင် ခွန်အားများစွာ လိုအပ်သောကြောင့်၊ လုံယု၊ ရှီရွှမ်း၊ ဟွမ်ချန်နှင့် စီမာယွမ်တို့က ငါးများကို သယ်ဆောင်၍ သွားရောက် လဲလှယ်ရန်နှင့် ယောင်ရန်နှင့် ချွမ်ယွမ်ဝေ့တို့ နှစ်ဦးကိုမူ ဆက်လက် ငါးဖမ်းနေရန် သဘောတူညီလိုက်ကြလေသည်။

ထိုသို့ စီစဉ်ပြီးနောက် လုံယုနှင့် အခြားသူများသည် ငါးအိတ်များကို ထမ်းပိုးကာ တောင်အောက်သို့ ဆင်းသွားကြလေတော့သည်။

သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ချွမ်ယွမ်ဝေ့က ပြောလိုက်လေသည်။

"ကျွန်တော်က လှေတစ်စင်းကို မောင်းပြီး ငါးဖမ်းစက်ကို သုံးလိုက်မယ်၊ မင်းက အသံကို သည်းမခံ နိုင်ဘူးဆိုတော့ နောက်လှေတစ်စင်းကို မောင်းပြီး ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းမှာပဲ နေပါ...။"

"ကောင်းပါပြီ..."

ထို့နောက် သူတို့နှစ်ဦးသည် လေထိုးရော်ဘာလှေများကို အသီးသီး မောင်းနှင်ကာ အခြားနေရာတစ်ခုသို့ ထွက်ခွာသွားကြလေသည်။

ချွမ်ယွမ်ဝေ့ တစ်ယောက် အလုပ်ရှုပ်နေစဉ် ယောင်ရန်သည် ရေထဲသို့ လက်နှိုက်ကာ သူမ၏ နေရာလွတ် အတွင်းသို့ ငါးများကို ဖမ်းယူထည့်သွင်းရန် ကြိုးပမ်းကြည့်လေသည်။

ကံမကောင်းစွာဖြင့်၊ သူမသည် မိမိ၏ ရေစွမ်းရည်ကို အသုံးပြု၍ သွက်လက်ဖျတ်လတ်နေသော ငါးများ ကို ဖမ်းဆီးနိုင်ရန် လုံလောက်သော ကျွမ်းကျင်မှု မရှိသေးပေ။

ချွမ်ယွမ်ဝေ့က ငါးဖမ်းစက်ကို ဖွင့်လိုက်ပြီး စက္ကန့်အနည်းငယ် ကြာသောအခါ ငါးများ ရေပေါ်သို့ ပေါ်လာ ခဲ့ကြလေသည်။ ယောင်ရန်သည် ငါးဖမ်းပိုက်ကို လျင်မြန်စွာ ယူလိုက်ပြီး ရေထဲမှ ဆယ်ယူလိုက်လေ သည်။ သူမ တစ်ခါ ခပ်ယူလိုက်တိုင်း အမှိုက်အိတ် တစ်ဝက်ခန့် ပြည့်သွားလေတော့သည်။

ချွမ်ယွမ်ဝေ့က ငါးဖမ်းစက်ကို ဖွင့်လိုက်တိုင်း ယောင်ရန်သည် ငါးကောင်ရေ သုံးရာခန့် ဖမ်းဆီးနိုင်လေ သည်။ ချွမ်ယွမ်ဝေ့ ဖမ်းမိသော ငါးများနှင့်ပါ ပေါင်းလိုက်လျှင် သူတို့နှစ်ဦးသည် စုစုပေါင်း ငါးကောင်ရေ ခြောက်ရာကျော်ခန့် ဖမ်းမိနိုင်ခဲ့ပြီး အိတ် ခြောက်အိတ်မှ ရှစ်အိတ်ခန့်အထိ အပြည့်ဖြည့်ရန် လုံလောက် လှပေသည်။

ချွမ်ယွမ်ဝေ့က ငါးဖမ်းစက်ကို သတ္တမအကြိမ်မြောက် ဖွင့်ပြီးနောက်တွင်မူ ဘက်ထရီမှာ အပြီးတိုင် ကုန်ဆုံးသွားလေတော့သည်။ ကုန်းမြေပေါ်သို့ ပြန်လည်ရောက်ရှိသောအခါ သူတို့သည် သစ်ပင်တစ်ပင် အောက်၌ ငါးအိတ်များကို စုပုံထားလိုက်ကြ၏။

ချွမ်ယွမ်ဝေ့မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေသည်။

"ဒီနေရာမှာ အရင် အနားယူကြရအောင်၊ ပြီးမှ လုံယုနဲ့ တခြားသူတွေကို စောင့်ကြတာပေါ့...။"

ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြကာ ပင်ပန်းနွမ်းနယ်စွာ ပြုံးရင်း ပြန်ဖြေလေ၏။

"ကောင်းပါပြီ...။"

ယောင်ရန်နှင့် ချွမ်ယွမ်ဝေ့တို့ နာရီဝက်ခန့် အနားယူပြီးချိန်တွင်မူ လုံယုနှင့် အခြားသူများ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပေသည်။

သူမက လုံယုကို ကြည့်ကာ မေးလိုက်လေသည်။

"အခြေအနေ ဘယ်လိုလဲ...။"

လုံယုက ပြန်ဖြေလေ၏။

"သူတို့က လိုချင်ကြတယ်၊ ဒါပေမယ့် ငါးကို လိုချင်တဲ့လူက သိပ်မရှိတော့ ဈေးက နည်းနည်း နှိမ်ခံရ တယ်၊ ငါး နှစ်ကီလိုကို ဆန်သစ် တစ်ကီလို၊ ဖိသိပ်ဘီစကွတ် ငါးထုပ် ဒါမှမဟုတ် ဆန်ကွဲ နှစ်ကီလိုနဲ့ လဲလို့ရတယ်...။"

"ယွမ်ရီဟွေးက သူတို့မှာ ဆန်သစ် ကီလို (၂၀၀) နဲ့ ဆန်ကွဲ ကီလို (၁၀၀၀) အများဆုံး လဲပေးနိုင်မယ်လို့ ပြောတယ်၊ ဖိသိပ်ဘီစကွတ်ကတော့ အထုပ် (၁၀၀၀၀) အထိ လဲလို့ရတယ်၊ ကျန်တဲ့ ငါးတွေကိုတော့ တခြား ရိက္ခာတွေနဲ့ လဲလို့ရတယ်တဲ့...။"

လုံယု၏ ရှင်းပြချက်ကို ကြားပြီးနောက် ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ပစ္စည်းတစ်ခု၏ ရှားပါးမှုကသာလျှင် တန်ဖိုးကို မြင့်တက်စေကြောင်း လူတိုင်း သိနားလည်ထားကြ၏။ ယခုမူ သူတို့သည် ငါးအမြောက်အမြားကို ဖမ်းဆီးရမိထားသောကြောင့် ဈေးနှုန်းကျဆင်းသွားခြင်းမှာ သဘာဝပင် ဖြစ်လေ သည်။

ဟွမ်ချန်သည် သစ်ပင်အောက်ရှိ ငါးအိတ်များကို လှမ်းကြည့်ရင်း မေးလိုက်လေသည်။

"ကျန်နေတဲ့ ငါးတွေကို ဘယ်လို လုပ်ကြမလဲ...။"

ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။

"ငါတို့ ငါးတွေကို ဆန်သစ် ကီလို( ၂၀၀)၊ ဆန်ကွဲ ကီလို (၁၀၀၀) နဲ့ ဖိသိပ် ဘီစကွတ် အထုပ် (၁၀၀၀၀) နဲ့ အရင်လဲကြမယ်၊ ကျန်တဲ့ ငါးတွေကိုတော့ ဆေးဝါးတွေ၊ စည်သွပ်ဗူးတွေ၊ ဆား၊ ဆီ၊ အဝတ်အစားနဲ့ လောင်စာဆီတွေနဲ့ လဲလှယ်ကြတာပေါ့...။"

"တကယ်လို့ ငါးတွေ ကျန်နေသေးတယ် ဆိုရင်လည်း ဆားနယ်ငါး၊ ငါးကြော် ဒါမှမဟုတ် ငါးကျပ်တင် တွေ လုပ်လို့ရသေးတယ်လေ၊ အဲဒီလို လုပ်ထားရင် အချိန်ကြာကြာ အထားခံတယ်...။"

သူမ စကားဆုံးသွားသည်နှင့် လုံယုက ပြောလိုက်လေသည်။

"တကယ်လို့ တစ်ယောက်ယောက်က အစားအစာ အရေးပေါ် လိုအပ်နေတယ် ဆိုရင် ငါ့ဝေစုထဲက ဆန်ကွဲကို စည်သွပ်ဗူး၊ ဆား၊ ဆီ ဒါမှမဟုတ် ဆေးဝါးတွေနဲ့ ပြန်လဲပေးလို့ ရတယ်...။"

ယောင်ရန်၌ စားနပ်ရိက္ခာများစွာ ရှိနေပြီး၊ သူမ၏ နေရာလွတ် အတွင်း၌လည်း ကိုယ်တိုင် စိုက်ပျိုးနိုင် သေးသည်။ ထို့ကြောင့် သူမက လုံယု၏ ပုံစံအတိုင်း လိုက်လံပြောဆိုလိုက်လေသည်။

"ကျွန်မ ဝေစုဖြစ်တဲ့ ဆန်သစ်နဲ့ ဆန်ကွဲတွေကို စည်သွပ်ဗူး၊ ဆား၊ ဆီ ဒါမှမဟုတ် ဆေးဝါးတွေနဲ့ လဲပေးဖို့ ဆန္ဒရှိပါတယ်...။"

ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့၏ မျက်ဝန်းများ ဝင်းလက်သွားကြပြီး တစ်ပြိုင် နက်တည်း အလျင်စလို ပြောလိုက်ကြလေသည်။

"ကျွန်တော်က စည်သွပ်ဗူးနဲ့ ဆီကို ပေးပြီး ဆန်ကွဲနဲ့ လဲချင်ပါတယ်...။"

ထိုသူနှစ်ဦးသည် ဆန်သစ်ထက် စျေးပိုမို သက်သာသောကြောင့် ဆန်ကွဲကိုသာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်၏။ သူတို့တွင် ကျွေးမွေးစောင့်ရှောက်ရမည့် မိသားစုများ ရှိနေသောကြောင့် ဗိုက်ပြည့်စေမည် ဆိုပါက ဆန်ကွဲစားရခြင်းကိုလည်း ဝန်လေးနေမည် မဟုတ်ပေ။

သို့သော် ဆားနှင့် ဆေးဝါးများမှာမူ မရှိမဖြစ် လိုအပ်သော အသုံးအဆောင်များ ဖြစ်သောကြောင့် ဆန်နှင့် လဲလှယ်၍ မရနိုင်ပေ။

ခဏမျှ ဆွေးနွေးတိုင်ပင်ပြီးနောက် လုံယုနှင့် အခြားသူများသည် ငါးအိတ်များကို သယ်ဆောင်၍ ထွက် ခွာသွားခဲ့ကြပြီး၊ ယောင်ရန်မှာ ကျန်ရှိနေသေးသော ငါးအိတ်များကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့လေ သည်။ သူမ တစ်ဦးတည်းသာ ကျန်ရစ်ကာ လုပ်စရာ ထွေထွေထူးထူး မရှိသဖြင့် ငါးများထပ်မံ ဖမ်းဆီး၍ သူမ၏ ငါးကန်ကို ဖြည့်တင်းထားရန် ဆုံးဖြတ်လိုက်လေ၏။

ရေပြင်ကျယ်ထဲ၌ ငါးများမှာ အလျှံပယ် ရှိနေ၏။ ယောင်ရန်သည် သူမ၏ ငါးကန်ကြီး အပြည့် ဖြည့် တင်းလိုက်မည် ဆိုလျှင်ပင် ထိုနေရာ၌ ငါးအမြောက်အမြား ကျန်ရှိနေဦးမည်သာ ဖြစ်လေသည်။

လုံယုနှင့် အခြားသူများသည် လေထိုးရော်ဘာလှေများကိုပါ ယူဆောင်သွားကြသောကြောင့် ယောင်ရန် သည် သူမ၏ နေရာလွတ် အတွင်းမှ ငါးဖမ်းလှေတစ်စင်းနှင့် ငါးဖမ်းစက် တစ်လုံးကို ထုတ်ယူလိုက် လေသည်။ သူမသည် ငါးဖမ်းလှေကို ရေလှောင်တမံ အလယ်ဗဟိုသို့ မောင်းနှင်သွားကာ နားကြပ်များ တပ်ဆင်လိုက်ပြီး ငါးဖမ်းစက်ကို ဖွင့်လိုက်လေ၏။

သူမ၏ ငါးဖမ်းစက်မှာ ချွမ်ယွမ်ဝေ့ ပြုလုပ်ထားသော စက်ထက်များစွာ ပိုမို အဆင့်မြင့်လှပေသည်။ စက္ကန့်အနည်းငယ်မျှ အတွင်းမှာပင် ငါးအမြောက်အမြားသည် ရေပြင်ပေါ်သို့ ပေါ်လာကြလေတော့ သည်။

ထိုငါးဖမ်းလှေတွင် ပိုက်ဆွဲစက်နှင့် ချိတ်ဆက်ထားသော ငါးဖမ်းပိုက်များကို တပ်ဆင်ထားလေသည်။ ယောင်ရန်က ပိုက်ဆွဲစက်ကို ဖွင့်လိုက်သည်နှင့် ထိုစက်သည် ပိုက်ကွန်ကို ဖြန့်ကြက်ကာ ရေထဲသို့ ပစ်ချလိုက်လေ၏။ သူမသည် စက်ကို အသုံးပြု၍ ငါးများအားလုံးကို ဖမ်းဆီးလိုက်ပြီးနောက် ပိုက်ကွန် ကို အပေါ်သို့ ပြန်လည် ဆွဲတင်လိုက်လေသည်။

ငါးဖမ်းပိုက် အတွင်း၌ ပါလာသော ငါးများကို ကြည့်ရင်း ယောင်ရန်သည် ဤတစ်ကြိမ်တွင် အနည်းဆုံး ငါးကီလိုဂရမ် (၅၀၀) ခန့် ဖမ်းမိမည်ဟု ခန့်မှန်းမိလိုက်လေတော့သည်။

All Chapters