အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁)
တော်တော်ကြာမှ ရှင်ယူရီ ဆီက ဖုန်းလာပါတယ်။
"ကျောင်းပြန်နားလိုက်ပြန်ပြီလား"
"အင်း"
အစက အမေရိကန်ကို လာတုန်းက အလုပ်တွေ အမြန်ဖြတ်ပြီး တစ်လ၊ နှစ်လအတွင်း ပြန်လာနိုင်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိစ္စတွေက ရှုပ်ထွေးသွားခဲ့တယ်။
မူလကတော့ အစီအစဉ်အတိုင်း တဖြည်းဖြည်းချင်း ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ တစ်နည်းနည်းနဲ့ ဒေါ်လာ သန်း ၂၀,၀၀၀အထိ အတိုင်းအတာ ကြီးမားသွားခဲ့ပါတယ်။
အလုပ်တွေနဲ့ လုံးပန်းနေရင်း အမေရိကန်မှာ နေထိုင်တဲ့ သက်တမ်းက ပိုကြာလာခဲ့သလို ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန်အထိတောင် ပြန်မလာနိုင်ခဲ့ပါဘူး။
ရှင်ယူရီ က စိတ်ကောက်တဲ့ လေသံနဲ့ ပြောတယ်။
"ဘာလဲဟ။ ဒီလိုဖြစ်မှာဆိုရင်လည်း ကြိုပြောရမှာပေါ့"
ကျွန်တော်ကတော့ ရယ်ပြီး ပြန်ပြောလိုက်တယ်။
"ငါလည်း ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူးလေ"
"ရှင် အမေရိကန်မှာ တကယ်ပဲ ဘာတွေလုပ်နေတာလဲ"
သူက မေးပါတယ်။
"ဒီလိုပါပဲ..."
အမှန်အတိုင်း ပြောပြလိုက်ရင် သူ အံ့ဩသွားနိုင်တာကြောင့် မျိုသိပ်ထားလိုက်ရပါတယ်။
"ကိုရီးယားကို ဘယ်တော့ပြန်လာမှာလဲ"
"နောက်ရက်အနည်းငယ်အတွင်း ပြန်လာမှာပါ"
ကျွန်တော်က ကမ္ဘာလှည့်ဗီဇာနဲ့ ဝင်လာတာဖြစ်ပြီး နေထိုင်ခွင့် ရက် ၉၀ ပြည့်ဖို့ နီးကပ်နေပါပြီ။ သက်တမ်းတိုးလို့ရတဲ့ နည်းလမ်းတွေ ရှိပေမဲ့ ကိုရီးယားကို ပြန်ဖို့ လေယာဉ်လက်မှတ် ဖြတ်ထားပြီးသားမလို့ မထူးတော့ပါဘူး။
"ကိုရီးယားပြန်ရောက်ရင် ကျွန်မကို မဖြစ်မနေ ဆက်သွယ်နော်။ သိလား"
"အိုကေ"
ဖုန်းချပြီးတဲ့နောက် Starbucks ကနေ ကော်ဖီဝယ်ပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အစ်မအိုဟျွန်းဂျူး ကို ကော်ဖီ ကမ်းပေးလိုက်တယ်။
"ဒါက Double Shot Americano ပါ"
"ကျေးဇူးပဲ"
ကော်ဖီသောက်ရင်း အယ်လီ က ပြောတယ်။
"အလုပ်ကြောင့် စိတ်ဖိစီးလာရင် ငါ့မှာ ကော်ဖီနဲ့ အရေးအကြောင်းတွေပဲ ကျန်တော့တယ်"
သူက အဲဒီလို ပြောနေပေမဲ့ သူ့မျက်နှာကတော့ အရေးအကြောင်း တစ်ခုမှမရှိဘဲ ချောမွတ်နေတုန်းပါ။ အလှအပထက်ကို သူ့မျက်နှာကနေ ဖြာထွက်နေတဲ့ တက်ကြွမှုတွေက ဆွဲဆောင်မှု ရှိနေပါတယ်။
ဟင်နရီ က ကျွန်တော်တို့ဘက်ကို ကြည့်နေရင်း မျက်နှာတွေ နီမြန်းလာပါတယ်။
"ကော်ဖီသောက်ပါဦး"
"ဪ… ကျေးဇူးပါ"
ကျွန်တော် ကော်ဖီလှမ်းပေးလိုက်တော့ ဟင်နရီ က ချောင်းဟန့်လိုက်ပြီး တခြားဘက်ကို လှည့်သွားပါတယ်။
သူက အယ်လီ ကို တကယ်ပဲ သဘောကျနေတာလား။
တက်ဂယူ က နာနတ်သီး ဖျော်ရည်ကို ယူလိုက်တယ်။
"ထူးဆန်းတယ်နော်။ ပိုက်ဆံတွေ အများကြီး ရလာရင် ဘဝက ပိုလွယ်ကူလာမယ်လို့ ထင်ထားတာ။ ဘာလို့ အရင်ကထက် ပိုအလုပ်ရှုပ်နေသလို ခံစားနေရတာလဲ"
"ငါလည်း နားလည်ပါတယ်"
ကျွန်တော်လည်း အဲဒီလိုပဲ တွေးပြီး ကျောင်းပြန်တက်ခဲ့တာပါ။ ဒါပေမဲ့ နှစ်ဝက်အတွင်းမှာပဲ ပြန်နားခဲ့ရပြန်တယ်။ ဒီအတိုင်းဆိုရင် ကျောင်းပြီးပါ့မလားတောင် မသိတော့ပါဘူး။ စိတ်ထဲကနေ သက်ပြင်းချနေတုန်း မက်ဆေ့ချ်တစ်ခု ဝင်လာပါတယ်။
[ဒီနံပါတ်ကို ချက်ချင်း ဖုန်းပြန်ဆက်ပါ။ အမေရိကန် ဖုန်းနံပါတ် ဖြစ်ရင် ပိုကောင်းမယ်။ မင်းရဲ့ဖုန်းကို ဘယ်လို အခြေအနေမျိုးမှာမှ မသုံးနဲ့။
-SY-]
" ဘာလဲဟ။ SY ဆိုတာ ဆန်းယော့ လား"
ဘာလို့ တခြားဖုန်းနဲ့ ဆက်ခိုင်းရတာလဲ။
စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပါတယ်။
ကျွန်တော် ဟင်နရီ ဘက်ကို လှည့်လိုက်တယ်။
"မင်းရဲ့ဖုန်း ခဏလောက် ငှားလို့ရမလား"
"ရော့။ ရော့"
ဟင်နရီ ရဲ့ ဖုန်းကို ယူပြီး ဖုန်းခေါ်လိုက်ပါတယ်။ ခဏအကြာမှာ ဖုန်းဝင်သွားတယ်။
" စီနီယာလား"
"အေး။ ဂျင်ဟူ"
"ဒီနံပါတ်က ဘာအတွက်လဲ"
"ဒါက တခြားသူနာမည်နဲ့ မှတ်ပုံတင်ထားတဲ့ ယာယီဖုန်းကွ။ ခဏလောက်တော့ ဒီဖုန်းနဲ့ပဲ ဆက်သွယ်ကြတာပေါ့။ မင်းရဲ့ဖုန်းကိုကော၊ တက်ဂယူ ဖုန်းကိုကော မသုံးနဲ့ဦး။ ဖုန်းကြားဖြတ်နားထောင်ခံရနိုင်တဲ့ အခြေအနေ ရှိနေတယ်"
"ဟုတ်လား"
ဒါက ဘယ်လိုစကားမျိုးလဲ။
စီနီယာ့ လေသံက တည်ငြိမ်နေတာကို ကြည့်ရင် နောက်ပြောင်နေတာ မဟုတ်မှန်း သိသာပါတယ်။
"ဘာတွေဖြစ်နေလို့လဲ"
[K Company ကို အစိုးရရှေ့နေတွေနဲ့ အခွန်ရုံးကနေ ဝင်စီးသွားပြီ]
ဒါက ရယ်စရာကောင်းလွန်းလို့ ခဏလောက်တော့ နောက်နေတာလို့တောင် ထင်မိပါတယ်။
"ဟမ်… ဝင်စီးခံရတာလား"
[အဲဒါတင် မကဘူး။ အမျိုးသား ထောက်လှမ်းရေးဌာန ကနေ စောင့်ကြည့်နေတာ တော်တော်ကြာပြီ ထင်တယ်]
"ဘာတွေ ပြောနေတာလဲ"
[ငါ့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေကနေ ဘဏ္ဍာရေး ဆက်သွယ်မှုတွေအထိ အကုန် စုံစမ်းစစ်ဆေးခံလိုက်ရတယ်။ ကုမ္ပဏီတင် မကဘူး၊ မှတ်ပုံတင်ထားတဲ့ ဝန်ထမ်းတွေ အကုန်လုံး စောင့်ကြည့်ခံနေရတာ။ မင်းတို့ကိုလည်း စုံစမ်းထားလောက်ပြီကွ]
ကျွန်တော် အော်လိုက်မိတယ်။
"ဒါက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"
စီနီယာ ဆန်းယော့ က အခြေအနေကို ရှင်းပြပါတယ်။
OTK Company ဆီကနေ အလုပ်တွေ အပ်နှံခံထားရတဲ့ K Companyဟာ ပရမ်းပတာ ဖြစ်နေခဲ့ပါတယ်။ အားလုံးက နေ့လယ်စာတောင် ကောင်းကောင်းမစားရဘဲ အလုပ်လုပ်နေတုန်းမှာ အစိုးရရှေ့နေတွေနဲ့ အခွန်ရုံးက ရောက်လာကြတာပါ။
အစိုးရရှေ့နေက တရားရုံးက ထုတ်ပေးထားတဲ့ ရှာဖွေဝရမ်းကို ကြောင်နေတဲ့ စီနီယာ ဆန်းယော့ ကို ကမ်းပေးလိုက်တယ်။
တရားဝင်ဝရမ်း ပါလာတာမလို့ သူတို့ကို တားဆီးဖို့ နည်းလမ်းမရှိပါဘူး။ သူတို့က ပြင်ဆင်လာတဲ့ သေတ္တာတွေကို ဖွင့်ပြီး ရုံးခန်းတစ်ခုလုံးကို မွှေနှောက်ကာ စာရွက်စာတမ်းတွေ၊ Hard driveတွေ၊ ပြက္ခဒိန်တွေနဲ့ မှတ်စုစာအုပ်တွေအထိ စာရွက်တစ်ရွက်မှ မကျန်အောင် သိမ်းသွားကြပါတယ်။
"ဒါတွေအားလုံးရဲ့ အကြောင်းပြချက်က ဘာလဲ"
[နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှု၊ ဘဏ္ဍာရေး ဆက်သွယ်မှု ဥပဒေ စတာတွေပေါ့။ စွပ်စွဲချက်တွေက များလွန်းလို့ မှတ်တောင် မမှတ်နိုင်တော့ဘူး]
သူတို့က အခွန်ရှောင်မှု စာရင်းကိုပါ ထည့်ထားပါသေးတယ်။
"အခွန်ရှောင်မှုဟုတ်လား"
[ငါ့ကို ပစ်စာ တစ်ခု ပို့ခံရရှိပြီး အထူး အခွန်စုံစမ်းစစ်ဆေးမှု စတင်ခံလိုက်ရတာ]
တည်ထောင်တာ နှစ်နှစ်တောင် မပြည့်သေးတဲ့ ကုမ္ပဏီတစ်ခုက အထူး အခွန်စုံစမ်းစစ်ဆေးမှု ခံရတာကတော့ အတော်လေး ထူးဆန်းပါတယ်။
K Company လိုမျိုး အခွန်ကို တိတိကျကျ ပေးဆောင်တဲ့ ကုမ္ပဏီက ရှားပါတယ်။ အမြတ်မရသေးတဲ့ startup တွေမှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပေမဲ့ ရရှိလာတဲ့ အမြတ်မှန်သမျှကိုတော့ အခွန်တွေ အပြည့်အဝ ပေးဆောင်ခဲ့တာပါ။
ဒါပေမဲ့ သူတို့က ဘာလို့ အခွန်စုံစမ်းစစ်ဆေးမှု လုပ်ရတာလဲ။
[ငါကတော့ အခုပဲ အစိုးရဥပဒေရုံးကို သွားပြီး စစ်ဆေးမှု ခံယူရမယ့် အခြေအနေမှာ ရှိနေတယ်။ ခဏလောက်တော့ အလုပ်တွေဘက်ကို အာရုံစိုက်နိုင်မှာ မဟုတ်တော့ဘူး]
"ဒါက..."
ကိုရီးယားမှာတော့ အင်အားကြီး အဖွဲ့အစည်း လေးခု ရှိပါတယ်။ အဲဒါတွေကတော့ အမျိုးသား ထောက်လှမ်းရေးဌာန၊ အစိုးရဥပဒေရုံး၊ ရဲတပ်ဖွဲ့နဲ့ အမျိုးသား အခွန်ဦးစီးဌာန တို့ပါ။ အဲဒီထဲက သုံးခုက K Company ကို တစ်ပြိုင်နက်တည်း ဓားဦးလှည့်လိုက်ကြတာပဲ။
ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။ နောက်ကွယ်မှာ တစ်ခုခုသော အင်အားကြီး အရှိန်အဝါက ကြိုးကိုင်နေတာကတော့ ရှင်းပါတယ်။
စီနီယာ ဆန်းယော့ က စိတ်အေးအေးထားပြီး ပြောတယ်။
"ကံကောင်းတာ တစ်ခုကတော့ အရေးကြီးတဲ့ အချက်အလက် အများစုကို Cloud ပေါ်မှာ သိမ်းထားတာပဲ"
Cloudကို ဝင်ကြည့်နိုင်တာက ကျွန်တော်၊ တက်ဂယူ၊ အစ်မအိုဟျွန်းဂျူး နဲ့ စီနီယာ ဆန်းယော့ တို့ပဲ ရှိတာပါ။ Server က နိုင်ငံခြားမှာ ရှိတာကြောင့် လုပ်ထုံးလုပ်နည်း အမှန်မရှိဘဲ သိမ်းဆည်းဖို့က မဖြစ်နိုင်ပါဘူး။
ပြဿနာကတော့ အသိမ်းခံလိုက်ရတဲ့ အချက်အလက်တွေပါ။ အဲဒါတွေကို အတည်ပြုလိုက်တာနဲ့တင် K Company နဲ့ OTK Company ကြားက ဆက်ဆံရေးတွေအပြင် ကျွန်တော်တို့ရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းတွေပါ အကုန် ပေါ်သွားမှာပါ။
ဘာလို့ K Company ကို ပစ်မှတ်ထားရတာလဲ။ K Company က အာဏာပိုင်တွေကို ဆန့်ကျင်တာမျိုး ဘာမှ မလုပ်ခဲ့ဖူးပါဘူး။
ဒါဆိုရင်...
"သူတို့က OTK Company ကို ပစ်မှတ်ထားနေပုံရတယ်"
" ဖြစ်နိုင်တယ်"
သူတို့ရဲ့ အတွေးကို ကျွန်တော်လည်း သဘောတူပါတယ်။
"ဘာတွေဖြစ်နေလဲဆိုတာကို ငါ အတတ်နိုင်ဆုံး စုံစမ်းကြည့်ဦးမယ်"
"ဂရုစိုက်နော်။ တစ်ခုခုဖြစ်ရင် ချက်ချင်း ဆက်သွယ်လိုက်"
"အိုကေ"
ကျွန်တော် ဖုန်းချလိုက်ပါတယ်။
အားလုံးက သူတို့လုပ်နေတာတွေကို ရပ်လိုက်ပြီး ကျွန်တော့်ကို ကြည့်နေကြတယ်။
အစ်မအိုဟျွန်းဂျူး က စာရွက်စာတမ်းတွေကို ချလိုက်ပြီး မေးတယ်။
"ဘာဖြစ်လို့လဲ"
ကျွန်တော် အားလုံးကို ဝေ့ကြည့်ပြီး ပြောလိုက်တယ်။
"ငါတို့မှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေပြီ"
ကျွန်တော် ပြောတာကို ကြားတဲ့သူတိုင်း စကားတစ်လုံးမှ မပြောနိုင်ဘဲ မျက်နှာတွေ တင်းမာသွားကြပါတယ်။
ခဏအကြာမှာ ဟင်နရီ က သတိထားပြီး မေးတယ်။
"ဘာသက်သေမှ မရှိဘဲ ဝင်ပြီး ရှာဖွေသိမ်းဆည်းတာက ဖြစ်နိုင်လို့လား"
တက်ဂယူ က ခေါင်းငြိမ့်ပြီး ပြောတယ်။
"ကိုရီးယားမှာတော့ ဖြစ်နိုင်တယ်"
ကန့်သတ်ချက်တချို့ ရှိမယ်လို့ သူ ထင်ထားပေမဲ့ ဖြစ်လာတဲ့ အခြေအနေက ခန့်မှန်းထားတာထက် ပိုပြီး ဆိုးရွားနေပါတယ်။
အစ်မအိုဟျွန်းဂျူး က လက်ပိုက်ပြီး ပြောတယ်။
"အမျိုးသား ထောက်လှမ်းရေးဌာန က K Company ကို အရင် စုံစမ်းတယ်။ အဲဒီလုပ်ငန်းစဉ်မှာပဲ OTK Company နဲ့ ပတ်သက်မှုကို သိသွားတာ။ အဲဒါကြောင့် သူတို့က အစိုးရရှေ့နေတွေနဲ့ အခွန်ရုံးကို K Company ဘက်ကို ချက်ချင်း လွှတ်လိုက်တာပဲ"
ကျွန်တော်လည်း အဲဒီအတိုင်းပဲ တွေးမိပါတယ်။
ဒါပေမဲ့ ကျွန်တော် နားမလည်တာ တစ်ခု ရှိသေးတယ်။
"ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့... အစိုးရအဆင့်အထိ ဖြစ်သွားရတာလဲ"
စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာ အမြဲတမ်း ဒွန်တွဲနေတာပါ။ အထူးသဖြင့် အခု အစိုးရက စီးပွားရေး လုပ်ငန်းစုကြီးတွေဘက်ကို အားသာတဲ့ လက္ခဏာ ပြနေတာလေ။
ဒါတောင်မှ ခိုင်လုံတဲ့ သက်သေမရှိဘဲ ရှာဖွေသိမ်းဆည်းမှု လုပ်တာက ထူးဆန်းမနေဘူးလား။
တော်တော်ကြာကြာ တိတ်ဆိတ်သွားပြီးနောက်မှာတော့ အစ်မအိုဟျွန်းဂျူး က စကားပြောလာပါတယ်။
"ဟိုသတင်းက အမှန်ဖြစ်ပုံရတယ်"
တက်ဂယူ က မေးတယ်။
"ဘာသတင်းလဲ"
အစ်မအိုဟျွန်းဂျူး က တိုတိုပဲ ဖြေတယ်။
"PAS"
ကျွန်တော် ချက်ချင်း နားလည်သွားပါတယ်။
"ဪ"
နားမလည်တဲ့ တက်ဂယူ က မေးတယ်။
"PAS ဆိုတာ ဘာလဲ"
"အဲ့ဒါက ကားအတွက် ပလတ်စတစ် အစိတ်အပိုင်းတွေနဲ့ Airbag တွေ ထုတ်တဲ့ ကုမ္ပဏီလေ"
"အဲ့ဒါက ဘာဖြစ်လို့လဲ"
"အဲ့ဒါက သမ္မတနဲ့ ပတ်သက်နေတာ"
တက်ဂယူ အပါအဝင် ဟင်နရီ နဲ့ အယ်လီ တို့က PAS အကြောင်း မသိကြတာကြောင့် အစ်မအိုဟျွန်းဂျူး က ရှင်းပြပါတယ်။
"ဒီအကြောင်းကို အတိအကျ သိဖို့ဆိုရင် အွန်ဆောင်း လုပ်ငန်းစု အကြောင်းကနေ စပြောရမယ်"
အွန်ဆောင်း မော်တာ လုပ်ငန်းစု ရဲ့ ပင်မကတော့ အွန်ဆောင်း လုပ်ငန်းစု ပါ။
အွန်ဆောင်း လုပ်ငန်းစု ဆိုတာ ဥက္ကဋ္ဌ ဟန်ယောင်ဂျူး က ဘာမှမရှိရာကနေ တည်ထောင်ခဲ့တဲ့ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး အွန်ဆောင်း ဆောက်လုပ်ရေး၊ အွန်ဆောင်း စက်မှုလက်မှု၊ အွန်ဆောင်း မော်တာ၊ အွန်ဆောင်း ကုန်တိုက် နဲ့ အွန်ဆောင်း အာမခံ စတဲ့ လက်အောက်ခံ ကုမ္ပဏီကြီးတွေ ရှိပါတယ်။
သမ္မတ ပက်ဆီဟျွန်း က အရင်က အွန်ဆောင်း စက်မှုလက်မှု မှာ အလုပ်လုပ်ခဲ့ပြီး ဥက္ကဋ္ဌ ဟန်ယောင်ဂျူး ရဲ့ ယုံကြည်မှုအောက်မှာ စီအီးအို ရာထူးအထိ တက်လှမ်းခဲ့သူပါ။
အဲဒီနောက်မှာ အွန်ဆောင်း မော်တာ က အစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို သီးခြားစီ ခွဲထုတ်တဲ့ လုပ်ငန်းစဉ်မှာ ဥက္ကဋ္ဌ ဟန်ယောင်ဂျူး ရဲ့ အကူအညီနဲ့ သူ့ရဲ့ ညီဖြစ်သူ ပက်ဆီဟန် က PASကို တည်ထောင်ခဲ့တယ်။ PAS က ကားအတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ ပလတ်စတစ် ပစ္စည်းတွေကို ထုတ်လုပ်ပြီး အွန်ဆောင်း မော်တာ ဆီကို ပို့ပေးတဲ့ ကုမ္ပဏီတစ်ခုပါ။
ဒါပေမဲ့ ဥက္ကဋ္ဌ ဟန်ယောင်ဂျူး သေဆုံးပြီးနောက်မှာ အာဏာလုမှုတွေကြောင့် လက်အောက်ခံ ကုမ္ပဏီတွေက ကွဲထွက်သွားပါတယ်။ တတိယသားဖြစ်တဲ့ ဥက္ကဋ္ဌ ဟန်မင်းဂူ က အွန်ဆောင်း မော်တာ ကို သူ့ရဲ့ ရှယ်ယာအဖြစ် ယူပြီး လုပ်ငန်းစုကနေ ထွက်သွားခဲ့တယ်။ အဲဒီအချိန်မှာ PAS ကလည်း အွန်ဆောင်း လုပ်ငန်းစုကနေ လွတ်လပ်သွားခဲ့ပြီး ကန်ထရိုက် ကုမ္ပဏီလေးတွေထဲက သေးငယ်တဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ခဲ့တာပါ။
အစ်မအိုဟျွန်းဂျူး က စီးကရက်တစ်လိပ် မီးညှိပြီး ပြောတယ်။
"ဒါပေမဲ့ ပက်ဆီဟျွန်း က နိုင်ငံရေးလောကထဲ ဝင်လာပြီး ကျောင်ဂီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားတယ်"
အဲဒီနောက်မှာ PAS က လျင်လျင်မြန်မြန် ကြီးထွားလာခဲ့ပါတယ်။ အရင်းအနှီး မရှိပေမဲ့လည်း အွန်ဆောင်း မော်တာ ရဲ့ အာမခံချက်နဲ့ ဘဏ်ကနေ အတိုးနည်းနည်းနဲ့ ချေးငွေ အမြောက်အမြား ရခဲ့တယ်။ အဲဒီပိုက်ဆံတွေကို သုံးပြီး ကန်ထရိုက် ကုမ္ပဏီ အများအပြားကို ဝယ်ယူခဲ့သလို စက်ရုံတွေကိုလည်း တိုးချဲ့ခဲ့တာပါ။
ဒါက အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပေမဲ့ အွန်ဆောင်း မော်တာက သူတို့ရဲ့ ကုန်ထုတ်လုပ်မှု အများစုကို PAS ဆီကိုပဲ ပေးခဲ့တာကြောင့် အရာအားလုံးက အဆင်ပြေခဲ့တယ်။
အပြန်အလှန် အကျိုးပြုတာလားတော့ မသိပေမဲ့ အွန်ဆောင်း မော်တာ ဟာလည်း ကျောင်ဂီ ပြည်နယ်ကနေ ဘတ်စ်ကားတွေနဲ့ အစိုးရကားတွေအတွက် ကန်ထရိုက်တွေ ရတာမျိုး စတဲ့ အထူးအခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။
"ပြီးတော့ နှစ်အနည်းငယ် ကြာတဲ့အခါမှာ သူက သမ္မတအဖြစ် ရွေးကောက်ခံရတယ်"
PAS က Airbag နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကို ဝယ်ယူပြီး Airbag ကဏ္ဍအထိပါ တိုးချဲ့ကာ ဆက်ပြီး ကြီးထွားလာခဲ့တယ်။
Airbag တွေက ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးတာကြောင့် မော်တော်ကား ကုမ္ပဏီတွေက များသောအားဖြင့် နည်းပညာ ခိုင်မာတဲ့ ကုမ္ပဏီတွေဆီကပဲ အစိတ်အပိုင်းတွေကို ဝယ်ယူလေ့ ရှိကြပါတယ်။
ဒါပေမဲ့ အွန်ဆောင်း မော်တာ ကတော့ ရှိပြီးသား ကန်ထရိုက်တွေကို ဖျက်သိမ်းပြီး အမှာစာ အားလုံးကို PAS ဆီကိုပဲ ပေးလိုက်ပါတယ်။ ဒါ့အပြင် PAS ရဲ့ နိုင်ငံတကာအထိ ချဲ့ထွင်မှုတွေကိုလည်း တက်တက်ကြွကြွ ပံ့ပိုးပေးခဲ့ပါတယ်။
ဒါတွေကြောင့်ပဲ PAS ဟာ ကိုရီးယားမှာ စက်ရုံ ၂ ခုနဲ့ နိုင်ငံခြားမှာ စက်ရုံ ၁၄ ခုအထိ ရှိတဲ့ အတိုင်းအတာကြီးမားတဲ့ အစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်လာခဲ့တာပါ။
"အဲဒီ PAS က သမ္မတနဲ့ ပတ်သက်နေတာလား"
"တိုက်ရိုက်တော့ မဟုတ်ဘူး။ သမ္မတ ပက် က PAS ရဲ့ ရှယ်ယာ ဘာမှ မပိုင်ဆိုင်ဘူး"
ပက် နဲ့ PAS ကြားက ဆက်ဆံရေးက ရွေးကောက်ပွဲအတွင်းမှာ ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ကျောင်ဂီ ပြည်နယ်အုပ်ချုပ်ရေးမှူး မဝင်ခင်မှာပဲ သူ့ရဲ့ ရှယ်ယာအားလုံးကို ရောင်းချခဲ့သလို စီးပွားရေးလောကနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း ရှိခဲ့တယ်ဆိုတာကို နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေမှာ အတည်ပြုနိုင်ခဲ့တယ်။
"သမ္မတ ပက် က အမှန်တကယ် ပိုင်ရှင်လားဆိုတာ အငြင်းပွားစရာ ရှိနေပေမဲ့ ပက် မိသားစုက အဲဒီလုပ်ငန်းတွေမှာ ပါဝင်နေတာကတော့ အမှန်ပဲ။ သူ့ရဲ့ အစ်မက ဥက္ကဋ္ဌ ဖြစ်သလို သူ့ရဲ့ ယောက်ဖနဲ့ သားမက်တွေကလည်း ဒါရိုက်တာတွေပဲလေ"
အစ်မအိုဟျွန်းဂျူး က စိတ်ညစ်နေတဲ့ ပုံစံနဲ့ သူ့ရဲ့ နားထင်ကို ဖိလိုက်ပါတယ်။
"PAS ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကျော်က အွန်ဆောင်း ကားတွေအပေါ်မှာပဲ မှီခိုနေတာ။ သူတို့က အွန်ဆောင်း နဲ့ တစ်သားတည်း ဖြစ်နေတာပဲ"
"······"
အွန်ဆောင်း ကို တိုက်ခိုက်နေရင်းကနေ အစိုးရရဲ့ ရန်သူ ဖြစ်သွားတာလား။
ဒါကို ကျွန်တော် ထည့်မတွက်မိခဲ့ဘူး...
တက်ဂယူ က ပြောတယ်။
"K Company ကို ဝင်စီးတာက အစိုးရကို လာမရှုပ်နဲ့လို့ သတိပေးတာလား"
အိုဟျွန်းဂျူး က စီးကရက်ငွေ့တွေကို မှုတ်ထုတ်လိုက်တယ်။
"ဒါက အကြောင်းပြချက် တစ်ခု ဖြစ်နိုင်ပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်နှေးအောင် လုပ်တာက ပိုပြီး ဖြစ်နိုင်တယ်"
လောလောဆယ်မှာ အွန်ဆောင်း နဲ့ PAS တို့က ခြိမ်းခြောက်မှု နှစ်ခုနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒါကတော့ OTK Company က မော်တော်ကား လုပ်ငန်းထဲ ဝင်လာတာနဲ့ ရိုနယ် သမ္မတ ဖြစ်လာမှာကိုပါပဲ။ OTK က ရိုနယ် ကို ပံ့ပိုးပေးနေတာကြောင့် ဒီနှစ်ခုက နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။ တကယ်လို့ ရိုနယ် နိုင်သွားရင် ပို့ကုန် အများကြီး တင်ပို့နေတဲ့ အွန်ဆောင်း က ထိခိုက်မှာ ဖြစ်သလို သူတို့ကို ပံ့ပိုးပေးနေတဲ့ PAS လည်း ထိခိုက်မှာပါ။
အယ်လီ က ပြောတယ်။
"OTK ကို နှောင့်ယှက်ဖို့ K Company ကို ပစ်မှတ်ထားသလို ရတ်စ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်နှေးအောင် လုပ်ပြီး ရိုနယ် ရဲ့ အင်အားကို လျှော့ချဖို့ ကြိုးစားနေတာပဲ"
တက်ဂယူ က မယုံနိုင်တဲ့ လေသံနဲ့ ပြောတယ်။
"တကယ့်ကို အောက်တန်းကျတာပဲ"
အယ်လီ က စိုးရိမ်တဲ့ မျက်နှာနဲ့ မေးတယ်။
"တကယ်လို့..."
"ဒီလို အခြေအနေမှာ ကိုရီးယားကို ပြန်သွားရင် အဆင်ပြေပါ့မလား"
စီးပွားရေး လုပ်ငန်းစုကြီးတွေနဲ့ အစိုးရရဲ့ လုပ်ရပ်တွေကတော့ အရင်အတိုင်းပါပဲ။ ဒီလိုမျိုး ကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုကို ဖျက်ဆီးပစ်တာက သေးငယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။
တော်တော်ကြာအောင် စဉ်းစားပြီးတဲ့နောက် ကျွန်တော် စကားပြောလိုက်တယ်။
"ဒီလို အခြေအနေမျိုးမှာ ငါတို့ ပိုပြီးတော့တောင် ပြန်သွားသင့်တယ်"
စီနီယာ ဆန်းယော့ နဲ့ K Company တို့က ဒီရင်းနှီးမြှုပ်နှံမှု ကိစ္စမှာ အများကြီး ပါဝင်နေတာပါ။ ဒါပေမဲ့ အခုတော့ ရှာဖွေသိမ်းဆည်းမှုကြောင့် အရာအားလုံးက ရပ်တန့်သွားခဲ့ပြီ။ ဒီအတိုင်းဆိုရင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေက နှောင့်နှေးသွားမှာ အသေအချာပါပဲ။
ကိုယ်စားလှယ် ဆန်းယော့ က အစိုးရဥပဒေရုံးမှာ အစစ်ဆေးခံဖို့ ခေါ်ယူခံထားရပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က K Company ကို တာဝန်ယူရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော် အစကတည်းက စခဲ့တဲ့ တိုက်ပွဲပဲလေ။ ဒါကြောင့် တစ်ဖက်က ဘယ်လိုပဲ ထွက်လာပါစေ ကျွန်တော်ကတော့ အသာတကြည် လက်ခံရမှာပါ။
အိုအစ်မ ဟျွန်းဂျူး က စီးကရက်ကို ငြှိမ်းလိုက်ပြီး ပြောတယ်။
"အဆင်သင့် ဖြစ်ပြီလား"
"ဟုတ်ကဲ့"
"ဒါဆိုရင်တော့ ငါ မတားတော့ဘူး"
တက်ဂယူ က ကျွန်တော့် ပုခုံးကို ပုတ်ပြီး ပြောတယ်။
"ငါ မင်းနဲ့အတူ ရှိနေမယ်။ သူငယ်ချင်း"
အယ်လီ ကလည်း ထပ်ပြောတယ်။
"ငါလည်းပဲ ရှိနေမယ်။ ငါက ဂျင်ဟူ ဘက်ကပါ"
ဟင်နရီ က ပုခုံးတွန့်ပြလိုက်တယ်။
"ငါလည်း ကိုရီးယားကို သွားမယ်။ ငါက အခု OTK Company ရဲ့ ဝန်ထမ်းပဲလေ"
မထွက်ခွာခင်မှာ ရိုနယ် နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးတွေကြောင့် အလုပ်ရှုပ်နေပေမဲ့ ဖုန်းကတော့ ချက်ချင်း ဝင်သွားပါတယ်။ ကျွန်တော် ပြောတာကို ကြားတော့ ရိုနယ်က စိုးရိမ်တကြီး ပြောလာပါတယ်။
[မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ]
တကယ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ အခု ရပ်တန့်သွားရင် ရတ်စ်ဘဲ က လူထုတွေ စိတ်ပျက်သွားမှာ ဖြစ်သလို ရိုနယ် ရဲ့ ရွေးကောက်ပွဲကလည်း အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။
ကျွန်တော် သူ့ကို စိတ်ချအောင် ပြောလိုက်ပါတယ်။
"အခြေအနေကို သုံးသပ်ဖို့ ကိုရီးယားကို အရင် ပြန်သွားပါ့မယ်။ ကိစ္စတွေက အနှောင့်အယှက်မရှိဘဲ ချောချောမွေ့မွေ့ ဖြစ်သွားမှာပါ။ ရွေးကောက်ပွဲအထိ အများဆုံး ရင်းနှီးမြှုပ်နှံနိုင်အောင် ကျွန်တော် သေချာ လုပ်ပေးပါ့မယ်"
[ပြဿနာ ဘာမှ မရှိဘူးဆိုတာ သေချာရဲ့လား]
ကျွန်တော် တိုက်ရိုက် မဖြေဘဲ ဒီလိုပဲ ပြောလိုက်ပါတယ်။
"ရွေးကောက်ခံရပြီးရင် ပြန်တွေ့ကြတာပေါ့"
ရိုနယ် က ရယ်လိုက်တယ်။
[ကျမ်းသစ္စာကျိန်ဆိုပွဲကို ငါ ဖိတ်မှာမလို့ မဖြစ်မနေ လာခဲ့နော်]
"လာရမှာပေါ့"
ဖုန်းချပြီးတဲ့နောက် အဖော်တွေနဲ့အတူ ကိုရီးယားကို သွားမယ့် လေယာဉ်ပေါ်ကို တက်ခဲ့ပါတော့တယ်။