အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄)
ချောင်ဒမ်ဒေါင်းက အဆင့်မြင့်စားသောက်ဆိုင်တစ်ခု။
ဂိုဂျွန်ဟျွန်းနဲ့ ဆွန်းအာတို့က ကြိုတင်ဘိုကင်လုပ်ထားတဲ့ အခန်းထဲမှာ နေရာယူလိုက်ကြတယ်။ ခဏကြာတော့ ဟွမ်ဂျုဆန် ဝင်လာတယ်။
"စောင့်နေရတာ ကြာသွားလား"
"အခုလေးတင် ရောက်တာပါ" လို့ ဆွန်းအာက ပြန်ဖြေတယ်။
သူ့ဘေးမှာတော့ ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ အမျိုးသမီးတစ်ယောက် ပါလာပါတယ်။
ဆွန်းအာက ထရပ်ပြီး နှုတ်ဆက်လိုက်တယ်။
"နေကောင်းလား။ စီနီယာ"
ကျောင်းမှာရော၊ လူမှုရေးပွဲတွေမှာပါ ခဏခဏဆုံဖူးတော့ သူတို့က ရင်းနှီးနေကြပြီလေ။
"ဘာလို့ တွေ့ဖို့ ခေါ်တာလဲ" လို့ ဂိုဂျွန်ဟျွန်းက မေးတယ်။
ဟွမ်ဂျုဆန်က ပြုံးပြီး ဂိုဂျွန်ဟျွန်းရဲ့ မေးခွန်းကို ပြန်ဖြေတယ်။
"ငါ့ရည်းစားနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ ဒါက ယောင်ဆိုဟီး တဲ့။ မကြာခင်ကမှ ပွဲဦးထွက်ထားတဲ့ မင်းသမီးသစ်လေးလေ"
ယောင်ဆိုဟီးက သူ့ဆံပင်တွေကို သပ်လိုက်ပြီး နှုတ်ဆက်လိုက်တယ်။
"မင်္ဂလာပါ"
သူက အေဂျင်စီရဲ့ မိတ်ဆက်ပေးမှုကနေတစ်ဆင့် ဟွမ်ဂျုဆန် နဲ့ မကြာခင်ကမှ ဆုံခဲ့ပြီး တွဲနေကြတာပါ။ သူ အကြိုက်ဆုံးအချက်ကတော့ ဟွမ်ဂျုဆန် က ဝန်ကြီးချုပ် ဟွမ်ဂျူဟွမ်ရဲ့ သားဖြစ်နေတာပါပဲ။
ဟွမ်ဂျုဆန် နဲ့ တွဲနေတယ်ဆိုတာ သိသွားကြတော့ ရိုက်ကူးရေးကွင်းမှာ ဆက်ဆံခံရတဲ့ပုံစံက ပြောင်းလဲသွားတယ်။ အေဂျင်စီက သူ့အတွက် ကိုယ်ပိုင်မန်နေဂျာနဲ့ ကားတစ်စီး စီစဉ်ပေးသလို ဒါရိုက်တာကလည်း ဇာတ်ပို့နေရာကနေ သူ့ရဲ့ အခန်းကဏ္ဍကို တိုးပေးခဲ့တယ်။ ရိုက်ကူးရေးကွင်းမှာ ဇာတ်ညွှန်းတွေကို ပြင်ဆင်တဲ့အထိ ဖြစ်လာခဲ့တာပါ။
စားသောက်ဖို့ စောင့်နေတုန်း ဝိုင်အရင်လာချပေးတယ်။ လေးယောက်သား ဝိုင်ခွက်ချင်း အသာအယာ တိုက်လိုက်ကြတယ်။
ဟွမ်ဂျုဆန် က ဂိုဂျွန်ဟျွန်းဘက် လှည့်လိုက်တယ်။
"ဒါနဲ့ OTK Company အကြောင်း သတင်းကြားပြီးပြီလား"
OTK Company စီအီးအို အဖမ်းခံရတဲ့အကြောင်းကို ဘယ်မီဒီယာကမှ သတင်းမတင်ကြပါဘူး။ ဒါပေမဲ့ နိုင်ငံရေးနဲ့ စီးပွားရေးလောကထဲမှာတော့ ဒီသတင်းက ပျံ့နေပါပြီ။
"တကယ်ကို ဟိုးဟိုးကျော်ဖြစ်သွားတာ မဟုတ်လား။ အဲဒီလို လူထူးလူဆန်းမျိုးက စီအီးအိုတဲ့။ OTK Company ဆိုတဲ့ နာမည်ကလည်း အိုတက်ဂယူ ရဲ့ နာမည်ရှေ့စာလုံးတွေကို ယူထားတာလို့ ပြောကြတယ်"
"ဟုတ်တယ်။ အဲဒီလိုလူမျိုးရဲ့ စကားတစ်ခွန်းက အမေရိကန်နိုင်ငံရေးကိုတောင် တုန်လှုပ်စေခဲ့တာလေ"
"ဒါနဲ့ ကန်ဂျင်ဟူ က အိုတက်ဂယူ ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာလို့ မထင်ထားဘူးနော်။ သူကလည်း တကယ့်ကောင်ပဲ"
ဂိုဂျွန်ဟျွန်းအတွက်ကတော့ ဒါက သိပြီးသားအချက်မလို့ မအံ့ဩပေမဲ့ ဆွန်းအာကတော့ ဒါကို ပထမဆုံးအကြိမ် ကြားလိုက်ရတာမလို့ အကြီးအကျယ် တုန်လှုပ်သွားတယ်။
"ဒါက ဘာကို ဆိုလိုတာလဲ"
ဂိုဂျွန်ဟျွန်းက သူသိထားတဲ့ အချက်အလက်တွေကို စုစည်းပြီး ပြောပြတယ်။
"ကျောင်းဖွင့်ပွဲတုန်းက ကန်ဂျင်ဟူ ဒေါ်လာ ၅ သန်း ထုတ်ပေးနိုင်ခဲ့တာရော၊ သူ့ရဲ့ စီးပွားရေးအခြေအနေ တိုးတက်လာတာရောက သူ့သူငယ်ချင်းတွေကြောင့်ပဲ"
ဟွမ်ဂျုဆန် က ထပ်ဖြည့်ပြောတယ်။
"အိုတက်ဂယူ ဆီကနေ ဝမ် သန်း ၁ထောင်လောက် ရလိုက်ပုံရတယ်။ သူ့ကို ကားတောင် ဝယ်ပေးထားသေးတယ်ဟ။ ကတ်နဲ့ 7 Series ဝယ်ပေးသလို Porsche Panamera ကိုလည်း ကုမ္ပဏီအမည်နဲ့ ငှားပေးထားတာ"
သူက ဘာမှမဟုတ်သလို ပြောလိုက်ပေမဲ့ ဝမ် သန်း ၁ထောင်ဆိုတာက တုန်လှုပ်စရာ ပမာဏပါ။ အထူးသဖြင့် လူမှုပတ်ဝန်းကျင်ထဲကို ခြေစုံပစ်ဝင်ခါစ အနုပညာရှင်အသစ်တစ်ယောက်အတွက်ပေါ့။
ယောင်ဆိုဟီးက မနာလိုသလိုနဲ့ ပြောတယ်။
"ကောင်းလိုက်တာ။ သူငယ်ချင်းကောင်းတွေကြောင့် သန်း ၁ထောင်တောင် ရတယ်ဆိုပဲ"
"ဒါပေမဲ့ အိုတက်ဂယူ နဲ့ အိုဟျွန်းဂျူး တို့ ပိုက်ဆံတွေ အတူတူရှာနေကြရင် ကန်ဂျင်ဟူ ကို မကြာခင်မှာ ကန်ထုတ်တော့မှာ မဟုတ်လား။ ပတ်ဆန်းယော့ ကတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု စွမ်းရည်ကို သက်သေပြပြီးသားဆိုပေမဲ့ ကန်ဂျင်ဟူ ကတော့ သိပ်ပြီး အသုံးဝင်မှာမဟုတ်ဘူးလေ" လို့ ဂိုဂျွန်ဟျွန်းက ရယ်ပြီး ပြောတယ်။
"သူ့ကို ကြိုးဆွဲဖို့အတွက် ဆက်ထားထားတာများလား"
"အေးလေ၊ ရုပ်သေးရုပ်တစ်ရုပ် လိုအပ်ရင်တော့ ထားထားမှာပေါ့"
"ဒါနဲ့ အိုတက်ဂယူ က ဘာဖြစ်သွားမလဲ"
"သူ မကြာခင် ပြန်လွတ်လာမှာပါ။ ဒီတစ်ခါတော့ မဆင်မခြင် မလုပ်နဲ့လို့ သတိပေးလိုက်တဲ့ သဘောပါပဲ"
အစိုးရရဲ့ အာဏာက ထင်ထားတာထက် ပိုပြင်းထန်ပါတယ်။ ကိုရီးယားမှာ စီးပွားရေးလုပ်နေတဲ့ ဘယ်သူမှ အာဏာပိုင်တွေကို ထိပ်တိုက်မတွေ့ချင်ကြပါဘူး။ တစ်ဖက်မှာလည်း အာဏာပိုင်တွေက ချေဘော (မိသားစုကြီး)သူဌေးကြီးတွေကို မယှဉ်ချင်ကြဘူးလေ။ နောက်ဆုံးတော့ နိုင်ငံရေးနဲ့ စီးပွားရေးက တစ်သားထဲပါပဲ။
အခုလောလောဆယ်တော့ အတိုက်အခံဖြစ်နေကြပေမဲ့ နောက်ဆုံးမှာတော့ အလျှော့အတင်း လုပ်ကြမှာပါ။ OTK Company ဘက်က တစ်ခုခု လုပ်မလာမချင်းပေါ့။
"OTK Company ကလည်း ငြိမ်နေတာပဲ။ အိုတက်ဂယူ ပြန်လွတ်လာတဲ့အထိ ငြိမ်နေကြလောက်မယ်"
ဆွန်းအာကတော့ အခုထိ အံ့ဩမဆုံး ဖြစ်နေတုန်းပါပဲ။
"အိုတက်ဂယူ က OTK Company ရဲ့ စီအီးအို ဟုတ်လား"
သူတွဲနေတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ သူငယ်ချင်း ကန်ဂျင်ဟူ ကတစ်ဆင့် အိုတက်ဂယူ နဲ့ ခဏခဏ ဆုံဖူးပါတယ်။ သူသိတဲ့ အိုတက်ဂယူ က ဒီလို ကြီးမားတဲ့ အဖြစ်အပျက်တွေကို ကြိုးကိုင်မယ့်သူနဲ့ မတူပါဘူး။
"ဒါပေမဲ့ ဂျင်ဟူ က..."
ကျောင်းဖွင့်ပွဲတုန်းက ကန်ဂျင်ဟူ ပြောခဲ့တာကို ဆွန်းအာ ပြန်သတိရသွားတယ်။
"ငါ့သူငယ်ချင်းမှာ ပိုက်ဆံရှိတယ်။ ငါ့မှာက ပိုရှိတယ်"
အဲဒါက နောက်ပြောင်တာ မဟုတ်ဘူးလို့ သူ ခံစားလိုက်ရတယ်။
တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ။
ဆွန်းအာက သတိမထားမိဘဲ ပြောလိုက်မိတယ်။
"မဟုတ်ဘူး"
ဟွမ်ဂျုဆန်နဲ့ ဂိုဂျွန်ဟျွန်းတို့က စကားဖြတ်ပြီး သူ့ကို လှည့်ကြည့်လိုက်ကြတယ်။
"မဟုတ်ဘူးဟုတ်လား။ ဘာက မဟုတ်တာလဲ"
သူတို့ အတူတူ အလုပ်လုပ်ကြတယ်ဆိုရင် ကန်ဂျင်ဟူ က ဦးဆောင်ပြီး အိုတက်ဂယူ က ပံ့ပိုးပေးနေတာများလား။
တခြားတစ်မျိုးတော့ မဖြစ်နိုင်လောက်ပါဘူးလေ။
ကျွန်တော် အစ်မ ဟျွန်းဂျူး ရယ်၊ အယ်လီ ရယ်နဲ့အတူ ဒုံတန်ကို ကားနဲ့ သွားခဲ့ကြတယ်။ လမ်းကို ကောင်းကောင်းသိနေတော့ ကျွန်တော်ပဲ ကားမောင်းခဲ့ပါတယ်။
"ဒီအကြောင်းကို ကြားလိုက်ရင် အံ့ဩသွားမှာပဲနော်"
အစ်မ ဟျွန်းဂျူး က အသေအချာပဲဆိုတဲ့ ပုံစံနဲ့ ပြောတယ်။
"သတိတောင် လစ်သွားနိုင်တယ်"
"..."
တကယ်ပဲ အဲဒီလောက်အထိ ဖြစ်သွားမှာလား။
တက်ဂယူ ရဲ့ အမေဆိုရင် အစ်မ ဟျွန်းဂျူး က Golden Gate ရဲ့ ကိုရီးယားဌာနခွဲ မန်နေဂျာ ဖြစ်လာတယ်ဆိုတာကို တီဗီကနေ သိလိုက်ရတုန်းက သတိလစ်သွားတယ်လို့ ကြားရတယ်။ ဒါကြောင့် အဲဒီလိုမျိုး ထပ်မဖြစ်အောင် သတင်းစာရှင်းလင်းပွဲ မလုပ်ခင်မှာ အမေ့ဆီကို ကြိုပြီး သွားတွေ့တာပါ။ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်တာလည်း တော်တော်ကြာပါပြီ။
ကျွန်တော့်ဆီက ကြားရတာပဲဖြစ်ဖြစ်၊ တီဗီကနေ မြင်ရတာပဲဖြစ်ဖြစ် အတူတူပဲ ဖြစ်နိုင်ပေမဲ့ တိုက်ရိုက်ပြောပြတာက ပိုကောင်းပါလိမ့်မယ်။
ဘေးခုံမှာ ထိုင်နေတဲ့ အယ်လီ ကတော့ မျက်ရည်တွေ သုတ်လိုက်၊ သမ်းလိုက်နဲ့ အိပ်ချင်နေပုံရတယ်။ တစ်နေကုန် အိပ်ရေးပျက်ပြီး အလုပ်လုပ်ထားရတာဆိုတော့ အိပ်ချင်နေတာက သဘာဝပါပဲ။
"ကျွန်တော်နဲ့ အစ်မ နှစ်ယောက်ထဲ သွားရင် မရဘူးလား"
မူလကတော့ အတူတူ သွားဖို့ပါပဲ။ ဒါပေမဲ့ အမေ့ဆီ သွားမယ်လို့ ကြားတော့ အလုပ်တွေ လုပ်ရလွန်းလို့ စိတ်မွန်းကြပ်နေတဲ့ အယ်လီ ကလည်း လိုက်ချင်တယ်ဆိုလို့ ခေါ်လာခဲ့တာပါ။ ကျွန်တော် အဲဒီလို ပြောလိုက်တော့ အယ်လီ က ခေါင်းကို အပြင်းအထန် ခါပြတယ်။
"ဟင့်အင်း။ ဒီအတောအတွင်း အလုပ်ပဲ လုပ်နေရလို့ စိတ်ညစ်နေတာ။ ဒုံတန်ကို သွားလည်ချင်နေတာ ကြာပြီ"
"တကယ်လား။ ဒုံတန် အကြောင်း သိလို့လား"
အယ်လီ က ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေတယ်။
"သိတာပေါ့။ အဲဒီမှာ အရင်က အမေရိကန် စစ်စခန်း ရှိခဲ့တာလေ။ သတင်းတွေထဲမှာ ခဏခဏ တွေ့ဖူးတယ်"
နောက်ခန်းကနေ အစ်မ ဟျွန်းဂျူး က လှမ်းပြောတယ်။
"အမေရိကန်စစ်စခန်းရှိခဲ့တာက ဒုံဒူချွန်း မဟုတ်ဘူးလား"
"..."
အယ်လီ က ရှက်ရှက်နဲ့ စကားလမ်းကြောင်း လွှဲလိုက်တယ်။
"ဂျင်ဟူ ရဲ့ အမေက ဘယ်လိုလူမျိုးလဲ"
"အရင်ကတော့ သာမန်အိမ်ရှင်မ တစ်ယောက်ပါပဲ"
ဒါပေမဲ့ ကုမ္ပဏီက ရုတ်တရက် ဒေဝါလီခံလိုက်ရပြီး အဖေ ဆုံးပါးသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး မိသားစုရဲ့ အဓိကထောက်တိုင် ဖြစ်လာတဲ့ အမေက မနားမနေ အလုပ်လုပ်ခဲ့ရတာပါ။
ကျွန်တော့်စကားကို ကြားတော့ အယ်လီ က "တကယ်ကို လေးစားဖို့ကောင်းတာပဲ" လို့ ပြောတယ်။
ကျွန်တော် ရယ်လိုက်မိတယ်။
"ဟုတ်ပါတယ်။ မိဘတိုင်းက လေးစားဖို့ ကောင်းကြတာပါပဲ"
တစ်နာရီလောက် မောင်းပြီးတဲ့နောက် ဒုံတန် အစွန်အဖျားက အိမ်ရာဝင်းတစ်ခုကို ရောက်လာခဲ့တယ်။ အမေက အပြင်အထိ ထွက်ပြီး ကြိုနေပါတယ်။
"လာကြလေ"
ကျွန်တော့်ကို မြင်လို့ ဝမ်းသာနေတဲ့ အမေက ကျွန်တော့်နောက်ကနေ ဆင်းလာတဲ့ အစ်မ ဟျွန်းဂျူး နဲ့ အယ်လီ ကို မြင်တော့ အံ့ဩသွားတယ်။
"ဒီကလေးမတွေက ဘယ်သူတွေလဲ"
ကျွန်တော် အစ်မ ဟျွန်းဂျူး ကို အရင် မိတ်ဆက်ပေးလိုက်တယ်။
"ဒါက တက်ဂယူ ရဲ့ အစ်မ အိုဟျွန်းဂျူး ပါ။ သိတယ်မလား"
အမေက အစ်မ ဟျွန်းဂျူး ကို ခေါင်းငြိမ့်ပြပြီး "မင်္ဂလာပါကွယ်။ အန်တီက ဂျင်ဟူ ရဲ့ အမေပါ။ သမီးအကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ အရင်က အန်တီတို့ ဂျင်ဟူ ကို သေချာစောင့်ရှောက်ပေးခဲ့တယ်လို့ သိရတယ်။ ရှေ့လျှောက်လည်း ကူညီပေးပါဦးနော်"
"မဟုတ်တာ အန်တီရယ်။ ကျွန်မကသာ ဂျင်ဟူ ကို အကြွေးတင်နေတာပါ"
"သမီးက Golden Gate မှာ မန်နေဂျာ ဖြစ်လာတယ်ဆိုတာ ကြားတယ်။ ဂုဏ်ယူပါတယ်နော်။ သတင်းထဲမှာ တွေ့လိုက်တယ်"
"Golden Gate ရဲ့ ကိုရီးယားဌာနခွဲ မန်နေဂျာပါ"
အမေ့ကို သေချာပြန်ပြောပြပြီးတဲ့နောက် အယ်လီ ကို မိတ်ဆက်ပေးလိုက်တယ်။
"ဒါက အယ်လီ ပါ။ အစ်မ ဟျွန်းဂျူး တို့နဲ့အတူ Golden Gate မှာ အလုပ်လုပ်နေတဲ့ ရှေ့နေပါ"
အမေက အယ်လီ ကို နှုတ်ဆက်တယ်။
"အေး။ မင်္ဂလာပါကွယ်။ အန်တီက ဂျင်ဟူ ရဲ့ အမေပါ။ How are you? And you?"
"..."
အမေ့ရဲ့ အင်္ဂလိပ်စာ အသံထွက်က တကယ်ကို မှန်ကန်လွန်းနေပါတယ်။
အယ်လီ က တုံ့ဆိုင်းမနေဘဲ ကိုရီးယားလို ပြန်ဖြေလိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်ရှင်။ ကျွန်မ နာမည်က အယ်လီ ပါ"
အမေ အံ့ဩသွားတယ်။
"အိုမို"
"အယ်လီ က ကိုရီးယားစကား ကောင်းကောင်း တတ်တယ်"
"ဒါဆိုလည်း စောစောက ပြောရောပေါ့"
ကျွန်တော့်ကို အပြစ်တင်သလို ကြည့်လိုက်ပြီး အမေက ပြောတယ်။
"ဘာပဲဖြစ်ဖြစ် လာကြတာ ကျေးဇူးပါ။ အထဲဝင်ကြရအောင်"
ကျွန်တော်တို့ အိမ်ထဲ ဝင်ခဲ့ကြတယ်။
အိမ်က ဖုန်တစ်စက်မှ မရှိအောင် သန့်ရှင်းနေပါတယ်။ ဒီအိမ်ကို မလာဖြစ်တာ တကယ်ကို ကြာသွားပြီလို့ ကျွန်တော် ရုတ်တရက် သတိရလိုက်မိတယ်။
အရင်ကဆိုရင် အမေကပဲ ဂန်နမ်ကို လာလေ့ရှိတာလေ။
"ထိုင်ကြဦး။ အန်တီ ကော်ဖီ ဖျော်ပေးမယ်"
အမေက ပန်းပွင့်ပုံပါတဲ့ ကော်ဖီခွက်တွေထဲကို အသင့်ဖျော်ကော်ဖီတွေ ထည့်ပေးတယ်။ အစ်မ ဟျွန်းဂျူး ကတော့ ထုံးစံအတိုင်း တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အယ်လီ ကတော့ တော်တော်လေး တောင့်တောင့်ကြီး ဖြစ်နေပုံရတယ်။
"အမေရိကန်က ဘယ်တုန်းက ပြန်ရောက်တာလဲ။ ရောက်ရင်လည်း အဆက်အသွယ်လေးတော့ လုပ်ဦးလေ"
"လုပ်စရာလေးတွေ ရှိနေလို့ပါ"
"တက်ဂယူ နဲ့ စီးပွားရေးတွေကော အဆင်ပြေရဲ့လား"
"ဟုတ်"
အဆင်ပြေလွန်းနေတာကပဲ ပြဿနာပါ။
တော်ရုံတန်ရုံ အဆင်ပြေနေရင် ကောင်းမှာပေါ့။
"အဲဒါနဲ့ ပတ်သက်ပြီး ပြောစရာ ရှိလို့ပါ"
ကျွန်တော် သေသေချာချာ ပြောလိုက်တယ်။
"OTK Company နဲ့ K Company အကြောင်း ကြားဖူးလား"
ကျွန်တော့် မေးခွန်းကို အမေက ခေါင်းငြိမ့်ပြတယ်။
"သိတာပေါ့။ အဲဒါတွေက နာမည်ကြီး ကုမ္ပဏီတွေပဲလေ"
"အခု ကျွန်တော် ပြောမှာကို ကြားရင် မလန့်သွားနဲ့နော်"
"ဘာဖြစ်လို့လဲ"
ကျွန်တော် ဘယ်ကနေ စပြောရမှန်း မသိတော့ဘူး။
တက်ဂယူ နဲ့ ကျွန်တော်က ဝမ် သန်း ၃သောင်းလောက်နဲ့ စတော့ရှယ်ယာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတယ်လို့ပဲ အမေ ထင်ထားတာပါ။ ဝမ် သန်းပေါင်း ကုဋေလောက်အထိ ကိုင်တွယ်နေတယ်လို့ သူ ဘယ်လိုမှ စိတ်ကူးယဉ်မိမှာ မဟုတ်ပါဘူး။
"အိမ်မှာ ချောင်ဆင်ဟွမ် (နှလုံးငြိမ်ဆေး) လိုမျိုး ရှိလား"
အမေ့ရဲ့ မျက်နှာက ဒါက သာမန်ကိစ္စ မဟုတ်ဘူးဆိုတာကို သိသွားတဲ့ပုံစံနဲ့ တည်ကြည်သွားတယ်။
"ဟင်၊ ပိုက်ဆံတွေ ချေးထားလို့လား။ ချေးငွေတွေ ယူထားတာလား"
"အဲဒါ မဟုတ်ပါဘူး..."
အဲဒါထက် ပိုပြီး တုန်လှုပ်စရာ ကောင်းပါတယ်။
"အရင်ဆုံး အသက်ဝဝ ရှူလိုက်ပါဦး"
အမေက အသက်ဝဝ ရှူလိုက်ပြီး ပြတ်ပြတ်သားသား ပြောတယ်။
"ပြောသာပြောပါ။ အမေ နားထောင်ဖို့ အဆင်သင့်ပါပဲ"
"OTK Company ကို ကျွန်တော် ဦးစီးနေတာပါ"
ကျွန်တော့်စကားကြောင့် အမေ ကြောင်သွားတယ်။
"ဒါက ဘာကို ဆိုလိုတာလဲ"
အစ်မ ဟျွန်းဂျူး က ကော်ဖီခွက်ကို ချလိုက်ပြီး ကျွန်တော့်ကိုယ်စား အမေ့ကို ရှင်းပြပေးတယ်။
တက်ဂယူ က ဘန့်ကွိုင် ရောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ နိုင်ငံခြားမှာ OTK Company ကို တည်ထောင်ခဲ့ပြီး သူတို့ အတူတူ ရင်းနှီးမြှုပ်နှံခဲ့ကြတာကြောင့် အခုလို အခြေအနေမျိုး ရောက်လာတာ ဖြစ်ကြောင်းပေါ့။
အချိန်၊ နေရာ၊ အကြောင်းအရာ စတဲ့ အချက်အလက်တွေနဲ့ တိုတိုနဲ့ ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်တာပါ။
"ခဏလေး။ ဒါဆို OTK Company က ငါတို့ရဲ့ အကြီးဆုံး ရှယ်ယာရှင်ပေါ့။ အခု အမေရိကန် မော်တော်ကား လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီလား"
"ဟုတ်ပါတယ်။ အတိအကျ ပြောရရင် ဂျင်ဟူ က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်တာပါ"
"ဒါဆို အဲဒါ ဘယ်လောက်တန်လဲ"
"ခန့်မှန်းခြေ ဝမ် သန်း ၄ကုဋေ လောက်ပါ"
"အို..."
အမေက သူ့နဖူးကို ကိုင်ပြီး ပြိုလဲသွားတော့ အယ်လီ က ဘေးကနေ အမြန် ထိန်းပေးလိုက်တယ်။
"အဆင်ပြေရဲ့လား"
"ဒါ တကယ်ပဲလား"
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။
"ဟုတ်ကဲ့"
စစ်မှုထမ်းပြီးတဲ့အထိ ပိုက်ဆံ တစ်ပြားမှ မရှိခဲ့တဲ့ သားဖြစ်သူက နှစ်နှစ်မပြည့်ခင်မှာ ဝမ် သန်းပေါင်းသောင်းချီမက တန်တဲ့ ကုမ္ပဏီတစ်ခုရဲ့ စီအီးအို ဖြစ်လာတယ်ဆိုတာက ယုံဖို့ခက်ပါတယ်။
ကျွန်တော် ကိုယ်တိုင်ပြောရင် တွန့်ဆုတ်နေမိမှာပါ။ ဒါပေမဲ့ တက်ဂယူရဲ့ အစ်မ (Golden Gate ရဲ့ ကိုရီးယားဌာနခွဲ မန်နေဂျာ) ကိုယ်တိုင် ပြောပြတာဆိုတော့ မယုံလို့ မရတော့ဘူးလေ။
အမေ စိတ်ပြန်တည်ငြိမ်လာဖို့ အချိန် တော်တော်လေး ယူလိုက်ရတယ်။
ကျွန်တော် ဒီကို လာတဲ့ ရည်ရွယ်ချက်ကို ပြောပြလိုက်တယ်။
"ကျွန်တော် မကြာခင် မီဒီယာတွေကို အသိပေးတော့မှာပါ။ အဲဒါကြောင့် အမေ့ကို ကြိုပြောပြချင်လို့..."
အစကတည်းက ကျွန်တော့်ရဲ့ သရုပ်အမှန်က နောက်ဆုံးမှာ ပေါ်လာလိမ့်မယ်လို့ ထင်ထားပြီးသားပါ။ ဒီအခြေအနေမှာ အဓိက စိုးရိမ်ရတာက အမေ့ရဲ့ ဘေးကင်းလုံခြုံရေးပါပဲ။
အမေ့ကို သက်တောင့်သက်သာရှိပြီး ဘေးကင်းတဲ့ နေရာတစ်ခုကို ပြောင်းရွှေ့ပေးချင်ပေမဲ့ သူကတော့ အခုချိန်မှာ အိမ်ကနေ ထွက်သွားချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် K Company က ဘေးအိမ်အပါအဝင် ပတ်ဝန်းကျင်က အိမ် သုံးလုံးကို သူတို့နာမည်နဲ့ ဝယ်လိုက်ပြီး လုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပါတယ်။
"အိမ်ပတ်ပတ်လည်မှာ လုံခြုံရေးတွေ ချထားပေးမယ်။ အမေ အပြင်သွားတဲ့အခါတိုင်းလည်း အမျိုးသမီး လုံခြုံရေးဝန်ထမ်းတွေက လိုက်ပါစောင့်ရှောက်ပေးလိမ့်မယ်"
အမေက ဖြည်းဖြည်းချင်း ခေါင်းငြိမ့်တယ်။
"အမလေး။ ဒါတွေ ဘယ်လိုဖြစ်ကုန်တာလဲဆိုတာ တကယ်ကို နားမလည်နိုင်တော့ဘူး"
"စောစောကတည်းက မပြောပြမိလို့ တောင်းပန်ပါတယ်"
တကယ်တော့ ကျွန်တော် ပြောပြဖို့ ခက်နေတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာပါပဲ။
အဲဒါကိုသာ သိရင် အမေ တကယ်ကို လန့်သွားမှာပါ။
စကားပြောပြီးတဲ့နောက် ကျွန်တော်တို့ အိမ်ကနေ ထွက်ခဲ့ကြတယ်။
"တစ်ခုခု စားသွားကြပါဦးလား"
"နောက်တစ်ခါမှပေါ့"
"တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ချက်ချင်း ဖုန်းဆက်လိုက်နော်"
"ဆက်ပါ့မယ်"
အမေက အစ်မ ဟျွန်းဂျူး ရဲ့ လက်ကို ကိုင်ပြီး ပြောတယ်။
"ကျွန်မတို့ ဂျင်ဟူ ကို သေချာစောင့်ရှောက်ပေးပါဦး"
"ဟုတ်ကဲ့။ စိတ်ချပါရှင်"
ပြီးတော့ အယ်လီ ကိုလည်း ပြောတယ်။
"နောက်မှ အတူတူ ထမင်းစားကြတာပေါ့"
"ဟုတ်ကဲ့။ ကျွန်မ သေချာပေါက် ပြန်လာခဲ့ပါ့မယ်"
ကျွန်တော်တို့ ကားပေါ် တက်လိုက်ကြတယ်။ အမေကတော့ ကျွန်တော်တို့ကို မမြင်ရတော့တဲ့အထိ လက်ပြပြီး ကျန်ခဲ့တယ်။
အစ်မ ဟျွန်းဂျူး က မေးတယ်။
"တွေ့စရာ လူ ရှိသေးလား"
"မသိဘူးလေ"
ရုတ်တရက် လူတစ်ယောက်ရဲ့ မျက်နှာက ပေါ်လာပါတယ်။
ကျွန်တော် မပြောဘဲနေရင် သူ စိတ်ဆိုးသွားမလား။
ကျောင်းနားက ကဖေးတစ်ခုကို ကျွန်တော် ရောက်လာခဲ့တယ်။
မကြာခင်မှာပဲ သာမန်အဝတ်အစားတွေ ဝတ်ထားပြီး ဆံပင်အဝါရောင်ကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားပြီး သိုးမွှေးဦးထုပ် ဆောင်းထားတဲ့ ကျောင်းသူလေးတစ်ယောက် တံခါးဖွင့်ပြီး ဝင်လာတယ်။
ဒီနေ့ သူက ချစ်စရာကောင်းပြီး လှနေပါတယ်။ မတွေ့တာ ကြာသွားလို့များလား။
"ဒီမှာ"
"စီနီယာ"
ယူရီ က ကျွန်တော့်ကို မြင်တော့ ဝမ်းသာအားရ နှုတ်ဆက်လိုက်တယ်
"ကိုရီးယားကို ဘယ်တုန်းက ပြန်ရောက်တာလဲ"
"မကြာသေးဘူး"
"ဘာလို့ ဖုန်းက အမြဲတမ်း ပိတ်ထားရတာလဲ။ ပြီးတော့ နံပါတ်ကော ဘာလို့ ပြောင်းသွားတာလဲ"
"ပျက်သွားလို့"
ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ ပေါက်ကြားသွားတယ်ဆိုတာ သိပြီးကတည်းက ဖုန်းကို စိတ်အေးလက်အေး မသုံးရဲတော့ပါဘူး။ ဖုန်းခိုးနားထောင်တာ ဒါမှမဟုတ် ခြေရာခံခံရမှာ စိုးရိမ်တာကြောင့် ကိုရီးယားကို ပြန်ရောက်ပြီးနောက်မှာ ဖုန်းကို လုံးဝ ပိတ်ထားပြီး Golden Gate ကုမ္ပဏီသုံးဖုန်းကိုပဲ သုံးခဲ့တာပါ။
ကျွန်တော်တို့ ကော်ဖီမှာပြီး ထိုင်လိုက်ကြတယ်။
ယူရီ က နှုတ်ခမ်းလေးစူပြီး ပြောတယ်။
"အမေရိကန်မှာ သုံးလလောက် ကြာမယ်ဆိုရင် ကြိုပြောရမှာပေါ့။ ကျောင်းပိတ်ရက်တစ်လျှောက်လုံး ကျွန်မ ဘယ်လောက် ပျင်းနေရလဲ သိလား"
"အဲဒီလောက်အထိ ကြာမယ်လို့ မထင်ထားလို့ပါ"
အချိန်က သိပ်မရှိတာမလို့ ကျွန်တော် တိုက်ရိုက်ပဲ ပြောလိုက်တယ်။
"တစ်ခု ဝန်ခံစရာ ရှိတယ်"
"ဝ-ဝန်ခံမယ်ဟုတ်လား"
"ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သိသွားမှာဆိုပေမဲ့ နင့်ကို အရင်ပြောပြတာက ပိုမှန်မယ်လို့ ထင်လို့ပါ"
မနက်ဖြန်ဆိုရင် တစ်နိုင်ငံလုံး သိသွားကြတော့မှာပါ။ ဒါပေမဲ့ သူ့ကို အရင်ပြောပြရမယ်လို့ ကျွန်တော် ခံစားရတယ်။ သူ့အပေါ်မှာလည်း ကျေးဇူးတွေ ရှိနေသလို လိမ်ထားခဲ့မိတာကိုလည်း အားနာလို့ပါ။
ယူရီ က ရှက်ပြီး မျက်နှာလေး နီသွားတယ်။
"ဘာလို့ ရုတ်တရက်ကြီးလဲ။ တွေ့တွေ့ချင်း အနေရခက်အောင် လုပ်နေတာလား"
"ဟိုဟာလေ..."
ကျွန်တော် ပြောဖို့ ကြိုးစားပေမဲ့ သက်ပြင်းပဲ ချလိုက်မိတယ်။
"ဟူး။ အခုချိန်မှာ အမှန်အတိုင်းပြောဖို့က မလွယ်ဘူး ဖြစ်နေတယ်"
ကျွန်တော် စကားမပြောနိုင်ဖြစ်နေတာကို ယူရီ က အသံလေးနဲ့ ပြောရှာတယ်။
"ရပါတယ် စီနီယာရယ်။ သတ္တိမွေးပြီး အမှန်အတိုင်းသာ ပြောလိုက်ပါ"
ကျွန်တော် ခေါင်းငြိမ့်လိုက်တယ်။
"လန့်သွားနိုင်လို့ အရင်ဆုံး အားတင်းထားဦးနော်"
ယူရီ က ခဏလောက် မျက်လုံးမှိတ်ပြီး အသက်ဝဝ ရှူလိုက်တယ်။ ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့ ပုံစံနဲ့ မျက်လုံးပြန်ဖွင့်လိုက်တယ်။
"အဆင်သင့်ပါပဲ။ ကဲ…. ပြောတော့"
ကျွန်တော် အမှန်အတိုင်း ပြောလိုက်တယ်၊
"တကယ်တော့..."
ကျွန်တော့် စကားကို ကြားတော့ ယူရီ က အံ့ဩပြီး မျက်လုံးလေးတွေ ဝိုင်းသွားတော့တာပါပဲ။