အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅)
K Company ကို ဝင်ရောက်စီးနင်းတဲ့အကြောင်း သတင်းတွေက နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာနက် သတင်းစာမျက်နှာတွေမှာ ပြည့်နှက်သွားတယ်။ Brexit အဖြစ်အပျက်နောက်ပိုင်း K Companyက ကိုရီးယားမှာ အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအဖြစ် ရပ်တည်နေတာပါ။ အဲဒီလို ကုမ္ပဏီမျိုး ဝင်စီးခံရပြီး စီအီးအို ပတ်ဆန်းယော့ ပါ စစ်ဆေးဖို့ ဆင့်ခေါ်ခံရတယ်ဆိုတဲ့ သတင်းကြောင့် လူထုရဲ့ စိတ်ဝင်စားမှုက အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်။
အစိုးရရှေ့နေတွေကတော့ ဝေဖန်မှုတွေကို ကြိုတင်ခန့်မှန်းထားသလိုပဲ တုံ့ပြန်ခဲ့ကြတယ်။
"စီးနင်းမှုကို ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တာပါ"
"အချိန်ကိုကြည့်ရင်လည်း CL Chemicals နဲ့ Lite Shopping တို့ကိုလည်း တစ်ပြိုင်နက် ဝင်စီးခဲ့တာပါ"
"အခွန်ရှောင်တဲ့အကြောင်း ခိုင်လုံတဲ့ သတင်းပေးချက်တွေ ရထားလို့ စစ်ဆေးနေတာပါ"
"နိုင်ငံရေး ရည်ရွယ်ချက် လုံးဝမရှိပါဘူး"
အဓိက တီဗီချန်နယ် သုံးခုအပါအဝင် ရှေးရိုးစွဲ မီဒီယာတွေက အစိုးရဘက်ကနေ ထောက်ခံတဲ့ သတင်းတွေကို အဆက်မပြတ် ဖော်ပြကြတယ်။
အထူးသဖြင့် Joongilbo သတင်းစာက K Company ကို ပေါ်ပေါ်ထင်ထင် ဝေဖန်ခဲ့တယ်။
"K Company အနေနဲ့ ကိုရီးယားရဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားပါ"
ဒါ့အပြင် တခြားကုမ္ပဏီကြီးတွေကိုပါ တစ်ချိန်တည်းမှာ ဝင်စီးခဲ့တာကို ကြည့်ရင် ဒါဟာ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းပဲဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။
တရားမဝင် လုပ်ဆောင်မှုတွေနဲ့ အခွန်ရှောင်ဖို့ ကြိုးစားနေတယ်လို့ သံသယရှိတဲ့ ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ စစ်ဆေးတာဟာ သဘာဝကျပါတယ်။
တကယ်လို့ အမှားအယွင်းမရှိဘူးဆိုရင် စစ်ဆေးမှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရုံပါပဲ။ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိနေသယောင် ပုံဖော်ပြီး လူထုရဲ့ အမြင်ကို လှည့်စားဖို့ ကြိုးစားနေတာက တကယ်တော့ လမ်းလွဲနေတာပါ။
ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ဘယ်ကုမ္ပဏီမှ ဥပဒေအထက်မှာ မရှိဘူးဆိုတာ မှတ်သားထားသင့်ပါတယ်။
ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါဘူး။
နောက်ဆက်တွဲအနေနဲ့ K Company ရဲ့ မိခင်ကုမ္ပဏီက OTK Company ဖြစ်ကြောင်းနဲ့ OTK Company ရဲ့ စီအီးအိုက လေဆိပ်မှာ အရေးပေါ် အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြန်တယ်။
"K Company ကို OTK Company ရဲ့ ရန်ပုံငွေတွေနဲ့ တည်ထောင်ခဲ့တာ"
"OTK Company စီအီးအို လေဆိပ်မှာ အရေးပေါ် အဖမ်းခံရ"
"စီအီးအိုက အသက် ၂၀ အရွယ် ကိုရီးယား လူငယ်တစ်ယောက် ဖြစ်နေကြောင်း ပေါ်ထွက်လာ"
"ငွေကြေးစီမံခန့်ခွဲမှု ကော်မရှင် နဲ့ ဆက်နွှယ်ပြီး OTK Company ကို အပြင်းအထန် စစ်ဆေးဖို့ အစိုးရဥပဒေရုံးဘက်က ပြင်ဆင်နေ"
"OTK Company က အတွင်းသတင်း တွေကို အသုံးချပြီး အမြတ်ထုတ်ခဲ့တယ်လို့ သံသယရှိ"
[ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသ]
OTK Company က ကမ္ဘာကျော်နေပေမဲ့ အခုထက်ထိ လူသိနည်းနေခဲ့တာပါ။ K Company ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်နေတာကပဲ တော်တော်လေး အံ့ဩဖို့ ကောင်းနေပြီဖြစ်ပေမဲ့ စီအီးအိုက အသက် ၂၀ အရွယ် ကိုရီးယားလူငယ်တစ်ယောက် ဖြစ်နေတယ်ဆိုတာနဲ့ ယှဉ်လိုက်ရင်တော့ အဲဒါက ဘာမှမဟုတ်တော့ပါဘူး။
ဒီသတင်းရဲ့ ရိုက်ခတ်မှုက အများကြီး ပိုပြင်းထန်ပါတယ်။
အင်တာနက်ပေါ်မှာလည်း ဒီအကြောင်းတွေနဲ့ ပွက်လောရိုက်နေတော့တာပါပဲ။
– အသက် ၂၀ အရွယ် ကိုရီးယားလူငယ်တစ်ယောက်က L6 ပေါက်ကွဲတုန်းက သန်းထောင်နဲ့ချီချီ ရှာနိုင်ခဲ့ပြီး Brexit တုန်းကလည်း ထရီလီယံချီ ရှာနိုင်ခဲ့တယ်ပေါ့လေ
– အဲဒါတောင် သူက အထက်တန်းပဲ အောင်ထားတာလား
– အဲဒီပိုက်ဆံတွေနဲ့ OTK Company ကို ဘယ်လို တည်ထောင်နိုင်ခဲ့တာလဲ
– ပိုက်ဆံတွေ အများကြီးကို ဘယ်လိုရှာခဲ့တာလဲ
– ဒီတစ်ခါ Chrysler ကိုတောင် ဝယ်လိုက်သေးတယ်လေ
– တကယ့်ကို အုတ်အော်သောင်းနင်းဖြစ်သွားမယ့် Jackpot ပါပဲ
– ဒါပေမဲ့ သူက ဘာလို့ အဖမ်းခံရတာလဲ
– သူက ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ
– အာဏာပိုင်တွေကို သွားပြီး ဒေါသထွက်အောင် လုပ်မိလို့ ဖြစ်မှာပေါ့
– အခု အမေရိကန် မော်တော်ကား လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စက ဘာဖြစ်သွားမလဲ
သတင်းထောက်တွေက ကင်မရာတွေ၊ မိုက်ခရိုဖုန်းတွေ ကိုင်ပြီး ဆိုးလ်အလယ်ပိုင်း ခရိုင်တရားရုံးဆီကို အပြေးအလွှား ရောက်လာကြတယ်။
အစိုးရဥပဒေရုံးက သတင်းထောက်တွေကို စုဝေးစေပြီး စစ်ဆေးမှု အခြေအနေကို ကြေညာလိုက်ပါတယ်။
"OTK Company ကို အခွန်ကင်းလွတ်ခွင့်ရတဲ့ နိုင်ငံတစ်ခုမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး အစောပိုင်း ရန်ပုံငွေရဲ့ အရင်းအမြစ်က မရှင်းလင်းပါဘူး။ ဒါ့အပြင် အတွင်းသတင်း ကို သုံးပြီး တရားမဝင် အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ သံသယတွေကလည်း ခိုင်လုံနေပါတယ်။ သူ ပြည်တွင်းကို ဝင်လာတာကို သိတာနဲ့ လေဆိပ်မှာတင် ဖမ်းဆီးခဲ့တာပါ။ လောလောဆယ်တော့ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှု ဥပဒေတွေကို ဖောက်ဖျက်မှုနဲ့ အပြင်းအထန် စစ်ဆေးနေပါတယ်"
အဲဒီအချိန်မှာပဲ ရှေ့နေချုပ် ဟုန်မန်ဟို ဆီကို သမ္မတအိမ်ပြာတော်ကနေ ဖုန်းဝင်လာတယ်။ သူက ကြောင်တောင်တောင်နဲ့ မေးလိုက်မိတယ်။
"ဘာ-ဘာဖြစ်တယ်။ ငါတို့က လူမှားဖမ်းမိတယ်လို့ ပြောတာလား"
[ဟုတ်ပါတယ်။ OTK Company ရဲ့ စီအီးအိုက ကန်ဂျင်ဟူ ပါ၊ အိုတက်ဂယူ မဟုတ်ပါဘူး]
"······"
OTK Company ရဲ့ စီအီးအို အဖမ်းခံလိုက်ရပြီဆိုတာ တစ်ကမ္ဘာလုံး သိသွားပါပြီ။ OTK Company က ရိုနယ် ရဲ့ ရွေးကောက်ပွဲ လှုတ်ရှားမှုနဲ့ ဆက်နွှယ်နေတာမလို့ အမေရိကန် နိုင်ငံရေးလောကမှာတောင် ပွက်လောရိုက်နေတာပါ။
တကယ်လို့ သူတို့က လူမှားပြီး စစ်ဆေးနေတာသာ ပေါ်သွားရင် ဘာဖြစ်မလဲ။
ဟုန်မန်ဟို တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်လာတော့တယ်။
"ဒါကိုသာ ငါတို့ အမှားအယွင်း လုပ်မိရင်တော့ ဥပဒေလောက တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့မှာပဲ"
OTK Company က ပြည်တွင်းပြည်ပ မီဒီယာအားလုံးဆီကို အီးမေးလ်တွေ ပို့လိုက်ပြီး အရေးကြီးတဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်မယ်လို့ အသိပေးလိုက်တယ်။
အဲဒီလောက်နဲ့တင် မလုံလောက်သေးဘဲ ကုမ္ပဏီပတ်ဝန်းကျင်ကို စောင့်ကြည့်နေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) အေးဂျင့်ဆီကနေ အရေးပေါ် သတင်းတစ်ခု ထပ်တက်လာပြန်တယ်။
သူတို့က ကုမ္ပဏီပတ်ဝန်းကျင်မှာ သံသယဖြစ်စရာ လူတချို့ကို တွေ့လို့ လိုက်ဖမ်းတော့မှ သူတို့ရဲ့ ဓာတ်ပုံတွေကို ပြန်ရိုက်ခံထားရတာကို သိလိုက်ရတာပါ။ အဲဒီလူတွေက ဒီနားမှာ တစ်ရက်နှစ်ရက်လောက်ပဲ လာဝဲနေတာ မဟုတ်ပါဘူး။
"သူတို့က ကျွန်တော်တို့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ပုံရတယ်"
"ဘာတွေ လာပြောနေတာလဲ"
သူတို့ကို စောင့်ကြည့်နေတဲ့ NIS အေးဂျင့်တွေကို ပြန်ပြီး စောင့်ကြည့်နေတယ်ပေါ့လေ။
NIS ဒါရိုက်တာ ယွန်ဆီဝန် အကြီးအကျယ် အံ့ဩသွားတယ်။
ဒီလို တုံ့ပြန်မှုမျိုးကို လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။ များသောအားဖြင့် အစိုးရက ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားပြီဆိုရင် အဲဒီကုမ္ပဏီက အလျှော့ပေးလိုက်တာပဲ ရှိတာလေ။
ခြေလှမ်းတစ်လှမ်း မှားလိုက်တာနဲ့ တစ်ဖက်နဲ့တစ်ဖက် အလဲလဲအကွဲကွဲ ဖြစ်ကုန်တဲ့အထိ ရောက်သွားနိုင်ပါတယ်။
နိုင်ငံရေးနဲ့ စီးပွားရေးက ဘယ်တော့မှ သီးခြားစီ မရှိပါဘူး။ ဒါကြောင့် ခဏတဖြုတ် ထိပ်တိုက်တွေ့နေကြရင်တောင် နောက်ဆုံးမှာတော့ အလျှော့အတင်း တစ်ခုခု လုပ်ကြမှာပဲ။
ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်းအရာရှိတွေကို ဝင်ရောက်စီးနင်းတာ ဒါမှမဟုတ် ဖမ်းဆီးစစ်ဆေးတာတွေက ရှိနေကျပါပဲ။ ဒါပေမဲ့ အဲဒါက အစိုးရနဲ့ ကုမ္ပဏီကို ရန်ဘက်ဖြစ်သွားအောင်အထိတော့ မလုပ်နိုင်ပါဘူး။
သမ္မတရဲ့ သက်တမ်းက သတ်မှတ်ထားတာ ရှိပေမဲ့ အခုလက်ရှိ အခြေအနေအရ နောက်အစိုးရကလည်း ဒီပါတီကပဲ ဖြစ်လာဖို့ များနေတာပါ။
ဈေးကွက်တန်ဖိုး ဝမ် သန်းပေါင်း ကုဋေရာနဲ့ချီရှိတဲ့ ဆိုဆောင်း အုပ်စု နဲ့ ဝမ် သန်းပေါင်း ကုဋေ ရာကျော်ရှိတဲ့ အွန်ဆောင်း အုပ်စု လိုမျိုး ကုမ္ပဏီကြီးတွေတောင် သမ္မတရဲ့ စကားရှေ့မှာ ခေါင်းငုံ့ရတာပဲ။ OTK Company က နာမည်ကြီးတယ်ဆိုပေမဲ့ သူ့ရဲ့ ဈေးကွက်တန်ဖိုးက ဝမ် သန်းပေါင်း ၅ကုဋေလောက်ပဲ ရှိတာပါ။
"သူတို့က ဒီလောက်အထိတော့ ငါတို့ကို လျှော့မတွက်လောက်ပါဘူး..."
ဒါပေမဲ့ ဘာလို့ ဒီလို မကောင်းတဲ့ ခံစားချက်ကြီးက ရှိနေရတာလဲ။
ယွန်ဆီဝန် စဉ်းစားရင်းနဲ့ OTK Company နဲ့ တခြားကုမ္ပဏီကြီးတွေ ကြားက ကွာခြားချက်ကို သဘောပေါက်သွားတယ်။
ကိုရီးယားက ကုမ္ပဏီကြီးတွေက ရှယ်ယာအနည်းငယ်လေးနဲ့ အုပ်စုတစ်ခုလုံးကို ချုပ်ကိုင်ထားတာပါ။ ဥပမာ ဆိုဆောင်း အုပ်စု ရဲ့ အမှုဆောင်တွေ အားလုံးရဲ့ ရှယ်ယာတွေကို ပေါင်းလိုက်ရင်တောင် ၃ ရာခိုင်နှုန်းလောက်ပဲ ရှိပါလိမ့်မယ်။
ဒီ ၃ ရာခိုင်နှုန်းကို ပတ်လည်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သုံးပြီး လက်အောက်ခံ ကုမ္ပဏီအားလုံးအပေါ်မှာ ဩဇာလွှမ်းမိုးထားတာပါ။ အဲဒီတော့ သူတို့ရဲ့ အာဏာစက်နဲ့ အမွေဆက်ခံမှုက အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။
ဒါ့အပြင် ကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်အများစုက ငွေအလွဲသုံးစားလုပ်မှုနဲ့ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှုတွေကနေ ကင်းလွတ်တာ မဟုတ်ပါဘူး။ တရားဥပဒေနဲ့အညီ သေချာစစ်ဆေးမယ်ဆိုရင် သူတို့ထဲက ထက်ဝက်လောက်က အဖမ်းခံရမှာပါပဲ။
ဒါ့အပြင် အဲဒီကုမ္ပဏီတွေက ဥပဒေတွေကို သူတို့ဘက်ပါအောင် ပြင်ချင်ကြသလို အစိုးရရဲ့ အကူအညီကိုလည်း မျှော်လင့်ကြတယ်။
အတိုချုပ်ပြောရရင် သူတို့မှာ အားနည်းချက်တွေနဲ့ လိုချင်တပ်မက်မှုတွေ အများကြီးရှိနေလို့ အစိုးရကို ကြောက်ကြတာပါ။
ဒါဆို OTK Company ကကော ဘယ်လိုလဲ။
L6 အကြပ်အတည်းတုန်းက သူတို့ ဝမ် သန်း ၁ထောင်ကျော်ဖိုး Put Options တွေ ဝယ်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ အဲဒီပိုက်ဆံတွေက တကယ်ပဲ ဘယ်က လာတာလဲ။ ပြီးတော့ အခုထက်ထိ လုပ်ခဲ့သမျှ ရင်းနှီးမြှုပ်နှံမှုတွေမှာ တရားမဝင်တာတွေ တကယ်ပဲ မရှိဘူးလား။
ဘယ်သူမှတော့ လုံးဝ သန့်ရှင်းနေမှာ မဟုတ်ဘူးလေ။ စစ်ဆေးကြည့်လိုက်ရင် အားနည်းချက်တစ်ခုခုတော့ ပေါ်လာမှာပဲ။
ဒါပေမဲ့... တကယ်လို့ သူတို့မှာ ဘာအားနည်းချက်မှ မရှိရင်ကော ဘယ်လိုလုပ်မလဲ။ သူတို့မှာ နောင်တရစရာ ဘာမှမရှိနေရင်ကော ဘယ်လိုလုပ်မလဲ။
လောလောဆယ်မှာ OTK Company ကို ဒုက္ခပေးနိုင်တာ နှစ်ခုပဲ ရှိပါတယ်။ တစ်ခုက ကုမ္ပဏီဟာ ထောက်လှမ်းခံရတာ ဖြစ်ပြီး နောက်တစ်ခုကတော့ အိုတက်ဂယူ ကို ဖမ်းဆီးထားတာပါပဲ။
"သူတို့က ထောက်လှမ်းခံရတဲ့အကြောင်းကို ထုတ်ဖော်ပြောမှာ မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား"
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဝန်ကြီးချုပ်ရုံးကနေ အရပ်သားတွေကို အကြီးအကျယ် ထောက်လှမ်းခဲ့တာ ပေါ်သွားခဲ့ဖူးတယ်။ အဲဒါသာ ပေါက်ကြားသွားရင် အစိုးရတောင် ပြုတ်ကျသွားနိုင်တဲ့ ကိစ္စဖြစ်ပေမဲ့ မြောက်ကိုရီးယားက နူကလီးယား စမ်းသပ်မှု လုပ်လိုက်တယ်။ အကျိုးဆက်အနေနဲ့ အဓိက ရုပ်သံလိုင်းတွေနဲ့ ရှေးရိုးစွဲ မီဒီယာတွေက အဲဒီထောက်လှမ်းမှု ကိစ္စကို ရပ်လိုက်ပြီး မြောက်ကိုရီးယား နူကလီးယား ကိစ္စကိုပဲ အာရုံစိုက်သွားကြပါတယ်။
အဲဒါကြောင့်ပဲ အဲဒီကိစ္စမှာ ပါဝင်တဲ့ အောက်ခြေဝန်ထမ်း အနည်းငယ်ကိုပဲ ဖယ်ထုတ်ပြီး ကိစ္စကို အေးအေးဆေးဆေး အဆုံးသတ်နိုင်ခဲ့တာပါ။
ဒီတစ်ခါကော အဲဒီလိုမျိုး အေးအေးဆေးဆေး ပြီးသွားနိုင်ပါ့မလား။
ယွန်ဆီဝန် က ရှေ့နေချုပ် ဟုန်မန်ဟို နဲ့ စကားပြောလိုက်တယ်။
"သတင်းစာရှင်းလင်းပွဲ မလုပ်နိုင်အောင် တားဆီးလို့ရမယ့် နည်းလမ်း ရှိမလား"
[ဒါကို ဘယ်လိုပုံစံမျိုးနဲ့ ပြောရမလဲ]
အရင်က စစ်အစိုးရလက်ထက်မှာဆိုရင်တော့ အထူးတပ်ဖွဲ့တွေကို သုံးပြီးတော့တောင် အင်အားသုံး ဖယ်ရှားလိုက်မှာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ အဲဒီလို လုပ်လို့ မရတော့ဘူးလေ။
"ကန်ဂျင်ဟူ ကို ဖမ်းလိုက်ရင်ကော။ သူက OTK Company ရဲ့ စီအီးအိုပဲလေ။ သူ့ကို ဖမ်းလို့ မရဘူးလား"
ဟုန်မန်ဟို က စိတ်တိုတိုနဲ့ ပြောလိုက်တယ်။
[ဒါကို မပြောခင် အခု ဥပဒေလောကရဲ့ အခြေအနေကို နားလည်ရဲ့လား။ ဘယ်လို တရားရုံးအမိန့်နဲ့ သွားဖမ်းမှာလဲ။ ဖမ်းထားပြီးသား စီအီးအိုကိုပဲ ထပ်ပြီး ဖမ်းဝရမ်း ထုတ်ရမှာလား။ ကန်ဂျင်ဟူ ကို ဖမ်းလိုက်ရင် သတင်းစာရှင်းလင်းပွဲက ရပ်သွားမှာလား။ အိုဟျွန်းဂျူး ကော ဘယ်လိုလုပ်မလဲ။ Golden Gate ရဲ့ ကိုရီးယားဌာနခွဲ မန်နေဂျာကိုပါ ဖမ်းရမှာလား။ ဒါဆို ပတ်ဆန်းယော့ နဲ့ အယ်လီကင် ကိုပါ ဖမ်းလိုက်ရမလား]
"…"
ဟုတ်ပါတယ်။ ကန်ဂျင်ဟူ တစ်ယောက်ထဲကို ဖမ်းရုံနဲ့ ပြဿနာက ပြီးသွားမှာ မဟုတ်ပါဘူး။
[NIS ကိစ္စကို NIS ဘာသာ သေသေချာချာ ကိုင်တွယ်စမ်းပါ]
ဟုန်မန်ဟို က ပြောပြီး ဖုန်းချလိုက်တယ်။
"ချီးပဲ"
အခြေအနေက သူ ထင်ထားတာထက် အများကြီး ပိုပြီး ဆိုးရွားနေပါပြီ။
ယွန်ဆီဝန် က အမြန်ပဲ ညွှန်ကြားချက် ပေးလိုက်တယ်။
"ကန်ဂျင်ဟူ ဆီကို တိုက်ရိုက် ဆက်သွယ်လိုက်။ ဘယ်နည်းနဲ့မဆို သတင်းစာရှင်းလင်းပွဲကို တားဆီးရမယ်"
သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ အချိန်နီးလာတော့ ကျွန်တော် စီနီယာ ဆန်းယော့ ကို စကားပြောလိုက်တယ်။
"တကယ်လို့ သမ္မတရွေးကောက်ပွဲ မတိုင်ခင် ကျွန်တော် ပြန်မလာနိုင်ခဲ့ရင် ကျွန်တော် မှာထားတဲ့အတိုင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားလိုက်ပါ။ တစ်ခုခု အပြောင်းအလဲ ရှိရင်တော့ ရှေ့နေကတစ်ဆင့် အကြောင်းကြားပါ့မယ်"
"ကောင်းပါပြီ"
တကယ်လို့ ဒိုင်ယန် နိုင်သွားရင်တော့ ကမ္ဘ့ာစီးပွားရေးက ဒုံရင်းအတိုင်းပဲ ရှိနေပါလာလိမ့်မယ်။ ဒါပေမဲ့ ရိုနယ် နိုင်သွားရင်တော့ ကမ္ဘာ့စီးပွားရေးက နောက်တစ်ကြိမ် မငြိမ်မသက် ဖြစ်ဦးမှာပါ။ အဲဒါက ကျွန်တော်တို့ ပိုက်ဆံတွေ အများကြီး ရှာဖို့အတွက် အခွင့်အရေးကြီး တစ်ခုပါပဲ။
အစ်မ ဟျွန်းဂျူး က စီးကရက်သောက်ရင်း မေးတယ်။
"အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်ကဲ့"
နည်းနည်းတော့ ရင်ခုန်တာကို ဝန်ခံရပါမယ်။ ကျွန်တော်က အနုပညာရှင်လည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော့်ဘဝမှာ သတင်းစာရှင်းလင်းပွဲ လုပ်ရလိမ့်မယ်လို့လည်း တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူးလေ။
"တက်ဂယူ ပြန်ရောက်လာရင် သူ မရှိတုန်း သူလုပ်ခဲ့တာတွေအတွက် ကောင်းကောင်းလုပ်ခဲ့တယ်လို့ ပြောပေးပါဦး"
"ခဏလေး။ ဆံပင်တွေ ရှုပ်နေတယ်"
အယ်လီ က လက်လှမ်းပြီး ကျွန်တော့်ဆံပင်တွေကို သေသေချာချာ ပြင်ပေးတယ်။ ပြီးတော့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး အသာအယာ ပြုံးပြတယ်။
"ဒီနေ့ နင် ကြည့်ကောင်းနေတယ်။ ဘေးကင်းပါစေဟာ"
"ကျေးဇူးပါ"
တကယ့်ကို အရေးကြီးတဲ့ အလုပ်တစ်ခုကို လုပ်တော့မယ်လို့ ခံစားနေရတယ်။
K Company ဝန်ထမ်းတွေက ကျွန်တော် ထွက်မသွားခင် စီနီယာ ကီဟုမ် ကို စကားပြောနေတာကို နောက်ကနေ ကြည့်နေကြတယ်။
"စောစောကတည်းက ဘာမှ မပြောပြခဲ့မိလို့ အားနာပါတယ်။ စီနီယာ"
စီနီယာ ကီဟုမ် က အားတုံ့အားနာနဲ့ ပြုံးပြတယ်။
"ရပါတယ်။ ဒါပေမဲ့ အခုထိတော့ မယုံနိုင်သေးဘူး"
"ကျွန်တော် ပြန်လာရင် အေးအေးဆေးဆေး သောက်ရင်း အသေးစိတ် ပြောပြမယ်လေ"
"အေးပါ။ အဲလို လုပ်ကြတာပေါ့"
"သွားပြီနော်"
ကျွန်တော် အားလုံးကို ထားခဲ့ပြီး သတင်းစာရှင်းလင်းပွဲ လုပ်မယ့်နေရာကို ထွက်လာခဲ့တယ်။ ရုတ်တရက် ကျွန်တော့် အိတ်ထဲက ဖုန်း မြည်လာတယ်။ နံပါတ်ကတော့ ဖော်မပြထားဘူး။ Caller ID ပိတ်ထားတာ ဖြစ်နိုင်ပါတယ်။
ဒီဖုန်းက ဘယ်ကလာတယ်ဆိုတာ ကျွန်တော် ခန့်မှန်းလို့ ရပါတယ်။ သူတို့ ဒီနံပါတ်ကို ဘယ်လို သိသွားကြတာလဲ။
ကျွန်တော် ဖုန်းကို ဖြေလိုက်တယ်။
"ဟယ်လို"
ပုံပျက်နေတဲ့ အမျိုးသား အသံတစ်သံ ထွက်လာတယ်။
[သတင်းစာရှင်းလင်းပွဲကို ရပ်လိုက်ပါ]
"ဒါ ဘယ်သူလဲ"
[ဒါက ညှိနှိုင်းလို့ရတဲ့ ကိစ္စပါ။ နောင်တရမယ့်အလုပ်မျိုး မလုပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်]
"ဘာကို ညှိနှိုင်းမှာလဲ"
[မင်း လိုချင်တာ တစ်ခုခု ရှိရင်...]
"ကောင်းပြီလေ။ ကျွန်တော့်ဆီ ဖုန်းဆက်ခိုင်းတဲ့ လူကို သေသေချာချာ ပြောလိုက်ပါ"
ကျွန်တော် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်တယ်။
"မင်းတို့ ငါ့သူငယ်ချင်းကို ထိလိုက်ကတည်းက ညှိနှိုင်းဖို့ဆိုတာ မရှိတော့ဘူး။ နောက်ဆုံး ဘယ်သူ အနိုင်ရမလဲဆိုတာ အဆုံးထိ ကြည့်ကြတာပေါ့။ ခွေးမသားတွေ"
[ခဏလေးနေဦး...]
ဘုန်း
ကျွန်တော် ဘာစကားမှ ဆက်နားမထောင်တော့ဘဲ ဖုန်းကို မြေကြီးပေါ် ပစ်ချပြီး လုံးဝ ပျက်စီးသွားအောင် နင်းခြေလိုက်တယ်။
K Company အဆောက်အဦးရဲ့ လော်ဘီ ထဲမှာ သတင်းထောက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ပြည်တွင်း ရုပ်သံလိုင်းတွေတင်မကဘဲ CNN, BBC, NHN, CCTV လိုမျိုး နိုင်ငံခြား မီဒီယာတွေပါ ရောက်နေကြတာပါ။
လှေကားနားမှာ သတင်းစာရှင်းလင်းပွဲအတွက် စင်တစ်ခု လုပ်ထားပြီး ဘေးနားက ကွန်ပျူတာတွေနဲ့ ချိတ်ထားတဲ့ လက်မ ၁၀၀ အရွယ် တီဗီစကရင်ကြီး တစ်ခုလည်း ရှိနေပါတယ်။
ကျွန်တော် စင်ပေါ်ကို တက်လိုက်တယ်။
မရေမတွက်နိုင်တဲ့ ကင်မရာတွေက ကျွန်တော့်မျက်နှာကို ရိုက်ကူးနေကြတယ်။ တချို့ကတော့ တိုက်ရိုက်ထုတ်လွှင့်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒီနေ့ည သတင်းတွေမှာ ကျွန်တော့်မျက်နှာတွေ ပြည့်နေမှာ ဖြစ်ပေမဲ့ အဲဒါကို ဆိုဖာပေါ်မှာ လှဲပြီး ကြည့်နိုင်မှာတော့ မဟုတ်ပါဘူး။
ကျွန်တော် ကင်မရာတွေကို ကြည့်ပြီး စကားပြောလိုက်တယ်။
"ကျွန်တော်က ကန်ဂျင်ဟူ ပါ။ အလုပ်များနေတဲ့ ကြားက အခုလို လာရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ K Company ဝင်စီးခံရတာနဲ့ OTK Company ရဲ့ စီအီးအိုက လေဆိပ်မှာ စစ်ဆေးဖို့ အရေးပေါ် အဖမ်းခံလိုက်ရတဲ့ အကြောင်းကို အားလုံး သိကြမှာပါ။ အခု ကျွန်တော်က OTK Company ကိုယ်စား ကြေညာချက် ထုတ်ပြန်သွားမှာပါ"
အရင်ဆုံး K Company ဝန်ထမ်းတွေ စောင့်ကြည့်ခံနေရတဲ့ အချက်ကို ကျွန်တော် ပြောလိုက်တယ်။
"ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေတင်မကဘဲ ငွေကြေး အပေးအယူတွေနဲ့ ပတ်ဝန်းကျင်က အခြေအနေတွေကိုပါ စောင့်ကြည့်ခံနေရတာကို အတည်ပြုနိုင်ခဲ့ပါတယ်"
သတင်းထောက် တစ်ယောက်က လက်ထောင်လိုက်တယ်။
သူက အစိုးရရဲ့ လော်ဘီမီဒီယာလို့ ခေါ်ကြတဲ့ MBS က သတင်းထောက်ပါ။
" စောင့်ကြည့်ခံနေရတယ်ဆိုတာကို ဘယ်လို ယုံကြည်ချက်အပြည့်နဲ့ ပြောနိုင်တာလဲ"
"အဲဒါကို တိုက်ရိုက် ပြပေးပါ့မယ်"
ကျွန်တော် တီဗီကို ဖွင့်ပြီး ဓာတ်ပုံတချို့ကို ပြလိုက်တယ်။ အဲဒီပုံတွေထဲမှာ အဆောက်အဦးနားနဲ့ ဝန်ထမ်းတွေရဲ့ အိမ်နားမှာ လမ်းလျှောက်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ပုံတွေ ပါပါတယ်။
ကျွန်တော် ပုံတွေကို တစ်ပုံပြီးတစ်ပုံ ပြောင်းပြလိုက်တော့ ရက်စွဲတွေ မတူပေမဲ့ မျက်နှာတွေကတော့ အတူတူပဲ ထပ်ခါတလဲလဲ ပေါ်နေပါတယ်။
"ဒီဓာတ်ပုံတွေကို မီဒီယာတစ်ခုချင်းစီဆီကို သီးသန့် ပို့ပေးပါ့မယ်။ သူတို့က ဘယ်သူတွေလဲ၊ ဘယ်ဌာနကလဲဆိုတာ စစ်ဆေးကြည့်ရင် အားလုံး နားလည်သွားပါလိမ့်မယ်"
ကျွန်တော်တို့ စောင့်ကြည့်ခံနေရတာကို သိပြီးကတည်းက စောင့်ကြည့်နေတဲ့လူတွေကို ပြန်ရှာဖို့အတွက် ပရော်ဖက်ရှင်နယ် လုံခြုံရေးကုမ္ပဏီတစ်ခုကို ငှားခဲ့တာပါ။
အဲဒီလုံခြုံရေးကုမ္ပဏီက ဝန်ထမ်းတွေထဲမှာ NIS ဟောင်းတွေနဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ ပါဝင်တာကြောင့် ဒီလိုနယ်ပယ်မှာ သူတို့က ဘယ်သူ့ထက်မဆို ပိုနားလည်ကြတယ်။
အတိုချုပ်ပြောရရင် ကျွန်တော်တို့က စောင့်ကြည့်နေတဲ့သူတွေကို ပြန်ပြီး စောင့်ကြည့်နေခဲ့တာပါ။
"ပြစ်မှုတွေ ရှိနေရင် စုံစမ်းစစ်ဆေးဖို့ ခေါ်သင့်ပါတယ်။ အစိုးရဝန်ထမ်းတွေက အရပ်သားတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ခြေရာခံနေတာဟာ တရားမဝင် ထောက်လှမ်းမှုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍတွေကို အတည်ပြုပြီးတာနဲ့ အဲဒီလူတွေရော၊ သူတို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးရောမှာ တာဝန်ခံရမှာပါ"
ဂျောက်။ ဂျောက်။ ဂျောက်
သတင်းထောက်တွေက သူတို့ရဲ့ လက်ပ်တော့တွေပေါ်မှာ မှတ်စုတွေ ရိုက်နေကြသလို သတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ အင်တာနက်ပေါ် တင်နေကြတယ်။
"K Company က NIS ရဲ့ ထောက်လှမ်းမှုကို ခံခဲ့ရသလို အစိုးရဥပဒေရုံးနဲ့ အခွန်ဌာနတွေရဲ့ ဝင်ရောက်စီးနင်းမှုကိုလည်း ခံခဲ့ရပါတယ်။ သူ့ရဲ့ စီအီးအို ပတ်ဆန်းယော့ ကလည်း အပြင်းအထန် စစ်ဆေးခံနေရပါတယ်။ ဒါဆို သူတို့ တကယ်ပဲ ဘာတွေ ဖော်ထုတ်နိုင်ခဲ့လို့လဲ။ ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ စစ်ဆေးမှုတွေလို့ပဲ မြင်နိုင်ပါတယ်။ ဒါ့အပြင် အခုချိန်မှာ အစိုးရဥပဒေရုံးဘက်က OTK Company စီအီးအိုကို ဘာအထောက်အထားမှ မရှိဘဲ ဖမ်းဆီးစစ်ဆေးနေပါတယ်"
သတင်းထောက် တစ်ယောက်က လှမ်းအော်တယ်။
"OTK Company စီအီးအိုကို သံသယတွေ ရှိနေလို့ ဖမ်းထားတာ မဟုတ်ဘူးလား။ အစိုးရဥပဒေရုံးဘက်က စစ်ဆေးမှုရလဒ်တွေတောင် မထွက်သေးခင်မှာ အခုလို ကြေညာချက်တွေ ထုတ်ပြန်နေတာကလည်း နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ မဟုတ်လား"
အဲဒါကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အကြီးဆုံး သတင်းစာ Joongilboက သတင်းထောက်ပါ။ ထိပ်တန်းမီဒီယာက လူပီပီ တကယ့်ကို ကောင်းမွန်တဲ့ မေးခွန်းတစ်ခုပါပဲ။
"အရေးကြီးဆုံး အချက်ကတော့ အခု စစ်ဆေးခံနေရပြီး အဖမ်းခံထားရတဲ့လူက OTK Company ရဲ့ စီအီးအို မဟုတ်ပါဘူး။ ဘယ်သူဘယ်ဝါဆိုတာတောင် သေသေချာချာ မခွဲခြားနိုင်ဘဲ ဖမ်းဆီးလိုက်တာဟာ အစိုးရဥပဒေရုံးဘက်က စစ်ဆေးမှုတွေက အခုလက်ရှိ အစိုးရရဲ့ အကြိုက်ကို လိုက်ပြီး လုပ်ဆောင်နေတာဆိုတာကို ပြနေတာပဲ မဟုတ်လား"
ကျွန်တော့်စကားကို ကြားတော့ သတင်းထောက်အားလုံးရဲ့ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်သွားကြတယ်။
တစ်နည်းအားဖြင့် ပြောရရင် ဒါဟာ NIS ရဲ့ တရားမဝင် ထောက်လှမ်းမှုထက်တောင် ပိုပြီး ကြီးကျယ်တဲ့ ကိစ္စပါ။ OTK Company စီအီးအို အဖမ်းခံရတာက ကမ္ဘာလုံးဆိုင်ရာ မီဒီယာကိစ္စ ဖြစ်သွားခဲ့သလို အစိုးရဥပဒေရုံးဘက်ကလည်း စွဲချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တောင် လုပ်ခဲ့တာလေ။
ဒါပေမဲ့ လူမှားဖမ်းမိတာတဲ့လား။
တကယ်လို့ ဒါသာ အမှန်ဆိုရင် ဝရမ်းကို ဘာအတွက် တောင်းခဲ့တာလဲ။ ဘယ်သူက ထုတ်ပေးခဲ့တာလဲ။ ဘယ်သူက အမိန့်ပေးခဲ့တာလဲ စတဲ့ မေးခွန်းတွေက တစ်ခုပြီးတစ်ခု ပြဿနာ ဖြစ်လာတော့မှာပါ။
သတင်းထောက်တွေက မေးခွန်းတွေနဲ့ ဝိုင်းမေးကြတော့တယ်။
"ဒါကို ဘယ်လို အတည်ပြုနိုင်တာလဲ"
"ဒါဆို OTK Company ရဲ့ စီအီးအိုက ဘယ်သူလဲ"
"မင်းကရော ဘယ်သူလဲ"
"OTK Company နဲ့ ဘာပတ်သက်တာလဲ"
ကျွန်တော် ကင်မရာ ပေါင်းများစွာကို ကြည့်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်နေမယ့် တစ်စုံတစ်ယောက်ကို ပြုံးပြရင်း ပြောလိုက်တယ်။
"ကျွန်တော်က OTK Company ရဲ့ စီအီးအို ပါ"