အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆)
ကိုရီးယားတက္ကသိုလ်၊ စီးပွားရေးစီမံခန့်ခွဲမှုဌာန ရဲ့ စာသင်ခန်းထဲမှာ။
အဓိကဘာသာရပ် ဖြစ်တာကြောင့် ကျောင်းသားအများစုက စာသင်တာကို အာရုံစိုက်နေကြပါတယ်။ ဒါပေမဲ့ အမှတ်ကောင်းကောင်းရဖို့ သိပ်စိတ်မဝင်စားတဲ့ တချို့ကျောင်းသားတွေကတော့ နောက်ဆုံးတန်းမှာ ထိုင်ပြီး ဖုန်းနဲ့ ဆိုရှယ်မီဒီယာသုံးတာ ဒါမှမဟုတ် သတင်းတွေ ရှာဖတ်နေကြတာပေါ့။
"ကော်ပိုရိတ် စီမံခန့်ခွဲမှုနဲ့ အမှုဆောင်တွေရဲ့ ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်တွေအကြောင်း ပြောရမယ်ဆိုရင်..."
စာသင်နေတုန်းမှာပဲ ကျောင်းသားတစ်ယောက်က ရုတ်တရက် "ဟာ" ခနဲ အော်လိုက်တယ်။
ကျောက်သင်ပုန်းမှာ စာရေးနေတဲ့ ပရော်ဖက်ဆာ ကင်မြောင်ဂျွန် က အဲဒီကျောင်းသားကို လှည့်ကြည့်ပြီး "ဘာဖြစ်လို့လဲ" လို့ မေးလိုက်တယ်။
"ဟိုလေ... အခု OTK Company မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတယ်ဗျ..."
"အဲဒါ ဘာဖြစ်လဲ"
"အဲဒီမှာ စီနီယာ ကန်ဂျင်ဟူ ထွက်လာလို့ပါ"
"ဘာ"
ဒါက ဘယ်လိုဖြစ်ရတာလဲ။
တခြားကျောင်းသားတွေလည်း တစ်ပြိုင်ထဲ ဟင်ခနဲ ဟာခနဲ ဖြစ်ကုန်ကြတယ်။
"တကယ်ကြီးပဲဟ"
"တကယ်ကိုစီနီယာ ကန်ဂျင်ဟူပဲ"
အဲဒီစကားကို ကြားတော့ ပရော်ဖက်ဆာ ကင်မြောင်ဂျွန် အပါအဝင် ကျောင်းသားတွေအားလုံး အိတ်ထဲက ဖုန်းတွေကို အလုအယက် ထုတ်ကြည့်ကြတော့တယ်။ သတင်းစာရှင်းလင်းပွဲကို တချို့ရုပ်သံလိုင်းတွေနဲ့ YouTuber တွေက တိုက်ရိုက် ထုတ်လွှင့်နေကြတာပါ။
"စီနီယာ ကန်ဂျင်ဟူ က ဘာလို့ သတင်းစာရှင်းလင်းပွဲ လုပ်နေတာလဲ"
"သူက OTK Company နဲ့ ဘာပတ်သက်နေလို့လဲ"
ကန်ဂျင်ဟူ ပြောသမျှ စကားတစ်လုံးချင်းစီက ချက်ချင်းဆိုသလို သတင်းခေါင်းကြီးပိုင်းတွေ ဖြစ်ကုန်တယ်။
"K Company ကို ဝင်စီးတာက နိုင်ငံရေး ရည်ရွယ်ချက်ကြောင့်လား"
"K Company ကို တရားမဝင် ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ပေါ်ထွက်လာ"
"တရားမဝင် ထောက်လှမ်းမှု အရှုပ်တော်ပုံ နောက်တစ်ခု ထပ်ပေါ်လာပြန်ပြီ"
"ဓာတ်ပုံထဲက NIS ဝန်ထမ်းလို့ သံသယရှိရသူ အမျိုးသားနဲ့ အမျိုးသမီး"
အဲဒီနောက် အစိုးရဥပဒေရုံးဘက်ကနေ ဖမ်းဆီးစစ်ဆေးနေတဲ့သူက OTK Company ရဲ့ စီအီးအို မဟုတ်ဘူးလို့ ကန်ဂျင်ဟူ က ပြောလိုက်တယ်။
သူနောက်ထပ် ပြောလိုက်တဲ့စကားကတော့ အားလုံးကို တုန်လှုပ်သွားစေတာပါပဲ။
"စီနီယာက OTK Company ရဲ့ စီအီးအို ဟုတ်လား"
"မယုံနိုင်စရာပဲ"
ပြီးခဲ့တဲ့ စာသင်နှစ် တုန်းက ကျောင်းမှာ အတူတူရှိနေတဲ့ စီနီယာက OTK Company ရဲ့ စီအီးအို ဖြစ်နေတယ်တဲ့လေ။
စာသင်ခန်းတစ်ခုလုံး အံ့ဩတုန်လှုပ်နေကြပေမဲ့ စာသင်ခန်းထဲက တစ်ယောက်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
ရှင်ယူရီ က ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း မနေ့က သူတို့တွေ့ခဲ့တာကို ပြန်စဉ်းစားနေမိတယ်။
အဲဒီတုန်းက ကန်ဂျင်ဟူ က သူနဲ့ သူ့သူငယ်ချင်းတွေ ဘယ်လိုမျိုး OTK Company ကို တည်ထောင်ခဲ့လဲ။ ဘယ်လို ရင်းနှီးမြှုပ်နှံပြီး ရန်ပုံငွေတွေ ရှာခဲ့လဲဆိုတာကို ရှင်ယူရီ ကို ပြောပြခဲ့တာပါ။
တကယ်တော့ ရှင်ယူရီ က ကြိုပြီး သံသယရှိနေခဲ့တာပါ။ ကျောင်းဖွင့်ပွဲ ပါတီတုန်းက ဒေါ်လာ ၅ သန်းလောက် ရှာနိုင်ခဲ့ကတည်းက K Company နဲ့ တစ်ခုခု ပတ်သက်နေမယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ K Company က OTK Company ရဲ့ လက်အောက်ခံ ကုမ္ပဏီ ဖြစ်နေလိမ့်မယ်လို့ရော၊ ကန်ဂျင်ဟူ ကိုယ်တိုင်က စီအီးအို ဖြစ်နေလိမ့်မယ်လို့ရော တစ်ခါမှ မတွေးမိခဲ့ပါဘူး။
သူ အံ့ဩနေတာကို ကြည့်ပြီး ကန်ဂျင်ဟူ က ပြုံးရင်း အခုထိ ဖုံးကွယ်ထားခဲ့မိလို့ တောင်းပန်ခဲ့သေးတယ်။ သတင်းထဲကနေ သိရတာထက် သူကိုယ်တိုင် အရင်ပြောပြချင်လို့ပါလို့တောင် ပြောခဲ့သေးတာလေ။
"အဲဒီစကားကို မကြားချင်ခဲ့ဘူး" လို့ ရှင်ယူရီ က စိတ်ထဲကနေ ရေရွတ်ရင်း သက်ပြင်းချလိုက်တယ်။
ကိုရီးယားတက္ကသိုလ်ရဲ့ အတန်းတွေ အားလုံးကို ခေတ္တရပ်နားထားလိုက်ရတယ်။ နေရာတိုင်းမှာ အံ့ဩတုန်လှုပ်သံတွေပဲ ကြားနေရတာပါ။
တခြားစာသင်ခန်းထဲမှာ ရှိနေတဲ့ ကင်မင်ယောင်း နဲ့ မင်ကျောင်ဂီတို့လည်း အကြီးအကျယ် တုန်လှုပ်နေကြတယ်။
"ကန်ဂျင်ဟူ က စီအီးအိုလား"
"ဒါက ဖြစ်နိုင်လို့လား"
"သူ့မှာ ပိုင်ဆိုင်မှု ဘယ်လောက်တောင် ရှိမလဲ"
"သန်းပေါင်း ၂ကုဋေလောက်လား။ သန်းပေါင်း ၃ကုဋေလောက်လား"
"ဒါဆို ကန်ဂျင်ဟူ က ငါတို့နိုင်ငံမှာ အချမ်းသာဆုံးလူ ဖြစ်မနေဘူးလား"
"ဝိုး… မယုံနိုင်စရာပဲ"
ယွန်ဆွန်းအာ ကတော့ သတင်းကို ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိတယ်။
ကျောင်းပိတ်ရက်တုန်းက ကျောင်းမှာ သူ့ကို မထင်မှတ်ဘဲ တွေ့ခဲ့သေးတာလေ။ အဲဒီတုန်းက သူ တစ်ခုခု ပြောင်းလဲသွားတယ်လို့ ခံစားခဲ့ရပေမဲ့ သိပ်ပြီး ဂရုမစိုက်မိခဲ့ဘူး။
ယွန်ဆွန်းအာ မသိလိုက်တဲ့အချိန်မှာ သူ့ဘဝထဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။
"ဘာလို့ ငါ့ကို ဘာမှ မပြောခဲ့တာလဲ" လို့ ဆွန်းအာ တွေးနေမိတယ်။
သူသာ ကြိုသိခဲ့မယ်ဆိုရင်...
သမ္မတအိမ်ပြာတော်။
သမ္မတ ပက်ဆီဟျွန်း တီဗီကြည့်နေတယ်။ အဓိက ရုပ်သံလိုင်း သုံးခုက တိုက်ရိုက်မပြဘဲ ဓာတ်ပုံတွေနဲ့ပဲ သတင်းတင်နေကြပေမဲ့ နိုင်ငံခြားသတင်းတွေနဲ့ သီးသန့်ချန်နယ်တွေကတော့ တိုက်ရိုက်ပြသနေကြတာပါ။
သတင်းစာရှင်းလင်းပွဲက ထင်ထားတာထက်ကို ပိုပြီး ကြီးကျယ်နေပါတယ်။
ဒီလောကမှာ ထာဝရမိတ်ဆွေဆိုတာလည်း မရှိသလို ထာဝရရန်သူဆိုတာလည်း မရှိပါဘူး။ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တာပဲဖြစ်ဖြစ် အစိုးရရဲ့ အမှားတွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖွင့်ချတယ်ဆိုတာကတော့ တစ်သက်လုံး ရန်သူဖြစ်ဖို့ ရွေးချယ်လိုက်တာပါပဲ။
'သူတို့ တကယ်ပဲ ဒီလောက် မိုက်မဲတာကို လုပ်ရဲတယ်ပေါ့လေ...'
မတရားဘူးဆိုပြီး ပြောရုံနဲ့ မပြီးဘဲ အဆုံးအဖြတ်ပေးတဲ့အထိ သွားချင်နေတာလား။
ဒါပေမဲ့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်အနေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် ထွက်လာတဲ့ ကန်ဂျင်ဟူ က အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) နဲ့ အစိုးရဥပဒေရုံးရဲ့ အမှားတွေကို အကုန်ဖွင့်ချလိုက်တယ်။
သံသယရှိရုံတင် မဟုတ်ဘဲ အထောက်အထားတွေပါ ပြလိုက်တာပါ။ ဆိုလိုတာက သူက အစကတည်းက အစိုးရကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာပဲ။
NIS ရဲ့ တရားမဝင် ထောက်လှမ်းမှုတွေ၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဝင်ရောက်စီးနင်းတာတွေ၊ မဟုတ်မတရား ဖမ်းဆီးစစ်ဆေးတာတွေ စတာတွေပေါ့။
ပက်ဆီဟျွန်း အကြီးအကျယ် ဒေါသထွက်သွားတယ်။
"ဒါက ရူးနေတာပဲ..."
တကယ်တော့ သူက အရင်စပြီး ဓားထုတ်ပြခဲ့တာပါ။ ဒါပေမဲ့ ရန်သူဖြစ်သွားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။
အစကတော့ အစိုးရပိုင်းကနေ တချို့ကိစ္စတွေကို မျက်ကွယ်ပြုပေးထားပြီး အမေရိကန် ရွေးကောက်ပွဲပြီးရင် သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာလေ။
အားလုံး အဆင်ပြေသွားရင် နောက်ကျရင် PAS ကနေ Chrysler ကို ပစ္စည်းတွေ သွင်းပေးလို့ရမလားလို့တောင် တွေးခဲ့သေးတာ။
'ဘယ်နေရာကနေ လွဲသွားတာလဲ'
သေသေချာချာ ပြန်ကြည့်လိုက်တော့ အရာအားလုံးက ထင်ထားတာနဲ့ တခြားစီ ဖြစ်နေခဲ့တယ်။
စီးနင်းမှု လုပ်ပြီးတဲ့နောက်မှာ K Company က ပထမဆုံး ပြဿနာ ဖြစ်လာပါတယ်။
ကုမ္ပဏီကြီးပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားပဲဖြစ်ဖြစ် စစ်ဆေးခံရပြီဆိုရင် အကုန်လုံးက ပေါ်လာစမြဲပါ။ စီးပွားရေးလောကကနေ လာတဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ပက်ဆီဟျွန်း က ဒါကို ဘယ်သူ့ထက်မဆို ပိုသိတာပေါ့။
ဒါပေမဲ့ ဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာတောင် K Company ဆီကနေ ဘာမှ ထွက်မလာခဲ့ဘူး။ ပုံမှန်ကုမ္ပဏီဆိုရင်တော့ ငွေအလွဲသုံးစားလုပ်တာတို့ ဘာတို့ အနည်းနဲ့အများ ရှိမှာပဲ။ ဒါပေမဲ့ K Company ရဲ့ ပိုင်ဆိုင်မှု ပုံစံမှာ ပတ်ဆန်းယော့ က ၂ ရာခိုင်နှုန်းပဲ ပိုင်ပြီး OTK Company က ၉၈ ရာခိုင်နှုန်း ပိုင်ထားတာပါ။ အများပြည်သူဆီကနေ ရင်းနှီးမြှုပ်နှံမှု ယူတဲ့ ကုမ္ပဏီမျိုး မဟုတ်တာကြောင့် K Company က အပြင်ကနေ ဘာရင်းနှီးမြှုပ်နှံမှုမှလည်း မယူထားဘူး။
တခြားရှယ်ယာရှင်လည်း မရှိဘဲ ကိုယ်ပိုင်အရင်းအနှီးနဲ့ပဲ လည်ပတ်နေတာဆိုတော့ အစကတည်းက ငွေအလွဲသုံးစားလုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ပိုပြီး အံ့ဩဖို့ကောင်းတာက သူတို့ ရခဲ့တဲ့ အမြတ်တွေအပေါ်မှာ အခွန်ကို တိတိကျကျ ပေးဆောင်ထားသလို ကုန်ကျစရိတ်တွေအတွက်လည်း အပြစ်ပြောစရာမရှိအောင် အထောက်အထားတွေ ပြနိုင်ခဲ့တာပါ။ အဲဒီတော့ ယိုပေါက်ရှာဖို့ တော်တော်လေး ခက်သွားတယ်။
အကြီးဆုံး အမှားကတော့ အိုတက်ဂယူ ကို ဖမ်းလိုက်တာပါပဲ။ စီအီးအိုကို ဖမ်းလိုက်တာတောင် K Company က ကုမ္ပဏီကို ထိန်းသိမ်းရုံကလွဲလို့ ဘာထူးခြားတဲ့ လှုပ်ရှားမှုမှ မပြခဲ့ဘူး။ ပက်ဆီဟျွန်း က အဲဒါကို အစိုးရကို ပြန်မတိုက်ရဲလို့လို့ ထင်ခဲ့တာ၊ အဲဒါက လုံးဝကို မှားသွားတာပဲ။
အိုတက်ဂယူ ကို စစ်ဆေးနေတုန်းမှာ သူတို့က ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အားလုံးကို မြန်မြန်ဆန်ဆန် ပြီးအောင် လုပ်လိုက်ကြတယ်။ အကုန်လုံး ပြီးသွားတာနဲ့ သူတို့က ပြန်ပြီး တိုက်စစ်ဆင်လာတော့တာပါပဲ။
ကန်ဂျင်ဟူ က သူကိုယ်တိုင် OTK Company ရဲ့ စီအီးအို ဖြစ်ကြောင်း ထုတ်ဖော်လိုက်တယ်။ သူက ပြုံးပြီး ကင်မရာကို စိုက်ကြည့်နေတာပေါ့။
အဲဒီအကြည့်က သူ့ဆီကို ဦးတည်နေတာဆိုတာ ပက်ဆီဟျွန်း သိတာပေါ့။
"မင်းက အဆုံးထိ ကြည့်ချင်တာပေါ့ ဟုတ်လား"
ထောက်လှမ်းမှု ကိစ္စ ပေါ်လာတုန်းကလိုပဲ မြောက်ကိုရီးယားကသာ နူကလီးယား စမ်းသပ်မှု လုပ်လိုက်ရင် ကောင်းမှာပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ မြောက်ကိုရီးယားကလည်း အခုတလော ငြိမ်နေတယ်။
လောလောဆယ်တော့ ဒီအရှုပ်တော်ပုံကို ဖုံးဖိထားရမယ်။
မီဒီယာတွေကို ကိုင်တွယ်တာကတော့ သူ့ရဲ့ အထူးပြုအလုပ်ပဲလေ။
ပက်ဆီဟျွန်း က သမ္မတအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လီဆီယွန်ကို ဆက်သွယ်လိုက်တယ်။
"မီဒီယာတစ်ခုချင်းစီဆီကနေ ပူးပေါင်းဆောင်ရွက်ဖို့ ချက်ချင်း တောင်းဆိုလိုက်ပါ"
သမ္မတ ပက်ဆီဟျွန်း က မီဒီယာတွေကသာ အစိုးရကို ဆန့်ကျင်လာရင် အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လောက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလဲဆိုတာ ကောင်းကောင်း သိတာပေါ့။
ဒါကြောင့် သူ အုပ်ချုပ်ရေး စကတည်းက မီဒီယာတွေကို ထိန်းချုပ်ဖို့ပဲ အာရုံစိုက်ခဲ့တာ။
ရှေးရိုးစွဲ သတင်းစာတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားခဲ့သလို ကျန်တဲ့ ရုပ်သံလိုင်း သုံးခုရဲ့ ဥက္ကဋ္ဌတွေကိုလည်း ရာထူးက ဖြုတ်ပစ်ပြီး သူ့လူယုံတွေကို အဲဒီနေရာတွေမှာ ခန့်ထားခဲ့တယ်။
အမှုဆောင်သစ်တွေက လက်ရှိရေးရာ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီး သတင်းဌာနရဲ့ အခန်းကဏ္ဍကိုလည်း လျှော့ချလိုက်ကြတယ်။ အဲဒါကို ဆန့်ကျင်တဲ့ သတင်းထောက်တွေကိုလည်း တခြားနေရာတွေကို ပြောင်းပစ်လိုက်ကြတာပေါ့။
မနေ့ကအထိ တက်တက်ကြွကြွ လုပ်နေတဲ့ သတင်းထောက်တွေနဲ့ ထုတ်လုပ်သူတွေဟာ ရေခဲပြင်စကိတ်ကွင်း မန်နေဂျာတွေနဲ့ အဆောက်အဦး စောင့်ရှောက်သူတွေ ဖြစ်ကုန်ကြတော့တာပဲ။
ဂျင်ရယ်ဂျွန် က MBS ရဲ့ နာမည်ကြီး လက်ရှိရေးရာ အစီအစဉ်ဖြစ်တဲ့ "PD Note" ရဲ့ ထုတ်လုပ်သူ (PD) တစ်ယောက်ပါ။ ဥက္ကဋ္ဌသစ် ကင်ချောင်ဂျေး က "PD Note" ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူက မီဒီယာလွတ်လပ်ခွင့်နဲ့ ဥက္ကဋ္ဌ ကင်ချောင်ဂျေး နှုတ်ထွက်ဖို့အတွက် ဆန္ဒပြခဲ့တယ်။
ဒါပေမဲ့ သူ ပြန်ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ကြီးမားပါတယ်။
သူ့ရဲ့ စားပွဲကို ချက်ချင်း ဖယ်ထုတ်ခံလိုက်ရသလို တည်းဖြတ်ခန်းထဲ ဝင်ခွင့်ကိုလည်း ပိတ်လိုက်တယ်။ MBS က သူ့ကို တရားမဝင် ဆန္ဒပြမှုကို ဦးဆောင်တယ်ဆိုပြီး အလုပ်ကနေ ထုတ်ပစ်လိုက်တာပေါ့။
"ချီး။ မအေဘေးတွေ"
ဂျင်ရယ်ဂျွန် က ဒေါသတကြီးနဲ့ MBS ကနေ ထွက်လာခဲ့တယ်။ ဒါပေမဲ့ သူက အလျှော့ပေးဖို့ စိတ်ကူးမရှိပါဘူး။
သူက MBS ၊ KBC နဲ့ SBC တို့ကနေ အလုပ်ထုတ်ခံရတဲ့ သတင်းထောက်တွေကို စုစည်းပြီး "News Breakthrough" ဆိုတဲ့ အင်တာနက် သတင်းဌာနတစ်ခုကို တည်ထောင်ခဲ့တယ်။ အဲဒီမှာ သမ္မတ ပက်ဆီဟျွန်း က မီဒီယာတွေကို ဘယ်လို ထိန်းချုပ်နေလဲဆိုတဲ့ အမှန်တရားကို အသေးစိတ် ဖွင့်ချခဲ့တာပေါ့။
အာဏာပိုင်တွေ ဖုံးကွယ်ထားချင်တဲ့ ကိစ္စတွေကို သူက စုံစမ်းစစ်ဆေးပြီး သတင်းတင်ခဲ့တယ်။ သူတို့မှာ အာဏာ ဘယ်လောက်ရှိရှိ အွန်လိုင်းမီဒီယာကိုတော့ တိုက်ရိုက်ဝင်နှောက်ဖို့ ခက်ခဲတယ်လေ။
အဲဒီအစား သူတို့က နောက်ကွယ်ကနေ ရှေးရိုးစွဲ အဖွဲ့အစည်းတွေကို မြှောက်ပင့်ပေးပြီး တရားစွဲခိုင်းတာမျိုးတွေနဲ့ နှောင့်ယှက်ကြတယ်။ ဒါပေမဲ့ ဂျင်ရယ်ဂျွန် ကတော့ မတုန်လှုပ်ပါဘူး။ အစိုးရဥပဒေရုံးဘက်က နေ့တိုင်း စစ်ဆေးဖို့ ခေါ်နေပေမဲ့လည်း သူက သမ္မတ ပက်ဆီဟျွန်း အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေကို မမောနိုင်မပန်းနိုင် ဖော်ထုတ်နေခဲ့တာပါ။
ဒါပေမဲ့ ပင်မမီဒီယာ (Mainstream) မှာ မဟုတ်တာကြောင့် သူ့ရဲ့ လွှမ်းမိုးမှုမှာတော့ အကန့်အသတ် ရှိနေပါတယ်။ သူ ဘယ်လောက်ပဲ ကြီးကျယ်တဲ့ သတင်းကို ဖော်ထုတ်ဖော်ထုတ်၊ ရုပ်သံလိုင်းတွေနဲ့ သတင်းစာတွေက တခြားအကြောင်းအရာတွေနဲ့ ဖုံးအုပ်လိုက်ရင် အကုန် ပြီးသွားတာပဲလေ။
အစိုးရဘက်က ကြည့်ရင်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေမဲ့ သူတို့က ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ မဟုတ်ဘူး မဟုတ်လား။ ဆိုးလ်မြို့၊ ချောင်ဂျုံရို မှာ ရှိတဲ့ "News Breakthrough" ရုံးခန်းလေးက ဒီနေ့တော့ ပုံမှန်ထက် ပိုပြီး တိတ်ဆိတ်နေတယ်။
ဂျိုဝူဂျင် ဆိုတဲ့ ဝါရင့်သတင်းထောက်က ဝက်သားပဲခေါက်ဆွဲ မှာစားပြီး တီဗီရှေ့မှာ ထိုင်နေပါတယ်။
ဂျင်ရယ်ဂျွန် က ဖိနပ်ပါးလေး စီးပြီး တည်းဖြတ်ခန်းထဲက ထွက်လာပြီး "အားလုံး ဘယ်သွားကုန်ကြတာလဲ" လို့ ဂျိုဝူဂျင် ကို မေးလိုက်တယ်။
"OTK Company ရဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့နေရာကို သွားကြတယ်" လို့ ဂျိုဝူဂျင် က ပြန်ဖြေတယ်။
အင်တာနက် မီဒီယာ သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲတွေမှာ ဖိတ်ခဲပါတယ်။ သူတို့က တခြားသတင်းထောက်တွေကြားထဲမှာ ခိုးဝင်ပြီး သတင်းယူရတာ များတာပေါ့။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ OTK Company က အီးမေးလ် ပို့လာပြီး "News Breakthrough" က သတင်းထောက်တွေကို သေသေချာချာ သတင်းယူခွင့် ပေးခဲ့တာပါ။
"မင်းကော ဘာလို့ မသွားတာလဲ" လို့ ဂျိုဝူဂျင် က ခေါက်ဆွဲစားရင်း မေးတယ်။
"ငါ့လိုမျိုး တော်တဲ့ သတင်းထောက်တွေ ဖြစ်လာအောင် လူငယ်တွေကို အခွင့်အရေး ပေးလိုက်တာပါကွာ" လို့ ဂျင်ရယ်ဂျွန် က ပြန်ပြောတယ်။
"ဟားဟား။ မင်းကတော့ ပြောတော့မယ်"
"ခေါက်ဆွဲသာ စားစမ်းပါ"
သူတို့က သတင်းချန်နယ်တစ်ခုကနေ တိုက်ရိုက်ပြနေတာကို ကြည့်နေကြတုန်း တက္ကသိုလ်ကျောင်းသားလို့ ထင်ရတဲ့ အသက် ၂၀ ကျော် လူငယ်လေးတစ်ယောက်က K Company ကို ဝင်စီးတာဟာ မတရားတဲ့အကြောင်းနဲ့ NIS ရဲ့ တရားမဝင် ထောက်လှမ်းမှုတွေအကြောင်းကို ပြောနေတာ တွေ့လိုက်ရတယ်။
ရုတ်တရက် အီးမေးလ် အသိပေးသံ တစ်ခု မြည်လာတယ်။
ဂျိုဝူဂျင် က သူ့ရဲ့ Tablet ကို အမြန်စစ်ကြည့်လိုက်တော့ ဓာတ်ပုံပေါင်း ရာနဲ့ချီကို တွေ့လိုက်ရတယ်။
"ဝိုး… ငါတို့ကို စောင့်ကြည့်နေတဲ့လူတွေကို ပြန်ပြီး စုံစမ်းနေခဲ့တာပဲ"
ဂျင်ရယ်ဂျွန် က ပုံတွေကို ကြည့်ရင်း ခေါင်းခါလိုက်တယ်။
"ဒီလူတွေက တကယ် ရူးနေတာပဲ"
"အေးလေ။ ငါတို့လည်း သူတို့ကို ပြန်ရင်ဆိုင်လိုက်ရအောင်"
ကန်ဂျင်ဟူ က သူကိုယ်တိုင် OTK Company ရဲ့ စီအီးအို ဖြစ်ကြောင်း ထုတ်ဖော်လိုက်တဲ့အခါမှာတော့ ဂျင်ရယ်ဂျွန် က ပါးစပ်ထဲက ခေါက်ဆွဲတောင် မကုန်သေးဘဲ အော်ရယ်လိုက်တော့တယ်။
"ဟားဟား။ ဒီကောင်လေးကတော့ လူလည်လေးပဲ"
စားလက်စ အစားအသောက်တွေတောင် နေရာအနှံ့ လွင့်စင်ကုန်တာပေါ့။
ဂျိုဝူဂျင် က "ဟာ…ရွံစရာကြီးကွာ" လို့ အော်လိုက်တယ်။
အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးကို လာခေါက်ပါတော့တယ်။
ဒေါက်။ ဒေါက်
"ပို့ဆောင်ရေး ဝန်ဆောင်မှု Quick Service ကပါ"
ဂျိုဝူဂျင် က ပစ္စည်းလက်ခံကြောင်း လက်မှတ်ထိုးပေးလိုက်ပြီး ပါဆယ်ဗူးကို ယူလိုက်တယ်။
"ဘယ်သူ ပို့တာလဲ"
"ဘာမှ ရေးမထားဘူး"
ဂျင်ရယ်ဂျွန် က လက်ကာပြလိုက်တယ်။
"အိမ်ပြာတော်က ပို့တဲ့ ဗုံးလည်း ဖြစ်နိုင်တာပဲ။ အပြင်မှာ သွားဖွင့်လိုက်"
"ကိစ္စမရှိပါဘူး။ သေရင်လည်း အတူတူ သေရတာပေါ့"
ဂျိုဝူဂျင် က ပါဆယ်ဗူးကို ချက်ချင်း ဖွင့်လိုက်တယ်။ ကံကောင်းချင်တော့ ဗုံးအစား စာရွက်စာတမ်းတွေနဲ့ USB တစ်ခုပဲ ပါလာတာပါ။
အဲဒီ စာရွက်စာတမ်းတွေကို စစ်ကြည့်လိုက်တော့ သူတို့ အံ့ဩသွားကြတယ်။
"ဒါ... ဒါက ဘာတွေလဲ"
"ဒါ PAS နဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ"
သမ္မတ ပက်ဆီဟျွန်း နဲ့ PAS ကြားက ဆက်ဆံရေးကို အမြဲတမ်း သံသယရှိနေခဲ့ကြတာပါ။ ဂျိုဝူဂျင် က ဒီကိစ္စကို အကြာကြီး စုံစမ်းနေခဲ့တာ ဖြစ်ပေမဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ခဲ့ရဘူး။
"ဒါကို ဘယ်သူ လုပ်တာဖြစ်မလဲ"
သူတို့ မသိလိုက်တာကတော့ ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်တဲ့ Golden Gate ရဲ့ သတင်းအချက်အလက် စွမ်းအားကို သုံးပြီး အချက်အလက်တွေကို စုဆောင်းခဲ့တာပါ။ အဲဒါကို အိုဟျွန်းဂျူး က တစ်ညလုံး မအိပ်ဘဲ စုစည်းပေးခဲ့တာပေါ့။
ပိုင်ဆိုင်မှု ပုံစံကိုတော့ သူတို့ မဖော်ထုတ်နိုင်ခဲ့ပေမဲ့ သမ္မတအိမ်ပြာတော်က PAS ရဲ့ အကျိုးစီးပွားအတွက် ဘယ်လိုမျိုး ကြားဝင် ဆောင်ရွက်ပေးခဲ့လဲဆိုတဲ့ အထောက်အထားတွေ အများကြီး ပါဝင်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက PAS ရဲ့ ပြည်ပဈေးကွက်ချဲ့ထွင်မှုကို ကူညီပေးခဲ့တာရော၊ NIS က ကုမ္ပဏီခွဲတွေ ဝယ်ယူနိုင်ဖို့ ကူညီပေးခဲ့တာရော အကုန်ပါနေတာပါ။
တကယ်လို့ ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုက သူ့ရဲ့ ကိုယ်ပိုင်အကျိုးအတွက် ကုမ္ပဏီကို သုံးခဲ့ရင် ဒါဟာ ငွေအလွဲသုံးစားလုပ်မှုပါပဲ။ အဲဒီလိုပဲ သမ္မတက သူ့ရဲ့ အာဏာကို သီးခြား ကုမ္ပဏီတစ်ခုအတွက် သုံးခဲ့ရင် ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်တာပါပဲ။
ဒါကိုသာ ထုတ်ပြန်လိုက်ရင် ပက်ဆီဟျွန်း ကတော့ သေမင်းနဲ့ ရင်ဆိုင်ရသလို ဖြစ်သွားမှာပါ။
ဂျင်ရယ်ဂျွန် နဲ့ ဂျိုဝူဂျင် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
"ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ သိလား"
"ခန့်မှန်းလို့တော့ ရတယ်"
သူတို့ နှစ်ယောက်လုံး တီဗီကို ချက်ချင်း လှည့်ကြည့်လိုက်ကြတယ်။ အဲဒီမှာ သတင်းစာရှင်းလင်းပွဲပြီးလို့ ဆိုးလ်အလယ်ပိုင်း ခရိုင်တရားရုံးဆီကို သွားနေတဲ့ ကန်ဂျင်ဟူ ရဲ့ မျက်နှာကို မြင်လိုက်ရတယ်။
"ဒါကိုသာ ငါတို့ ဖွင့်ချလိုက်ရင် ငါတို့အားလုံး အဖမ်းခံရမှာ မဟုတ်ဘူးလား"
ဂျိုဝူဂျင် ရဲ့ စကားကို ဂျင်ရယ်ဂျွန် က ရယ်ရင်း ပြန်ပြောလိုက်တယ်။
"ဟားဟားဟား။ ဒါဆိုရင်တော့ ပြီးတာပဲလေ။ ငါတော့ ဝှီးချဲ တစ်စီးလောက် ကြိုမှာထားရမယ်"
" ဘာလို့လဲ"
"မီဒီယာကုမ္ပဏီ ပိုင်ရှင်တွေ အစိုးရဥပဒေရုံးဘက်က အဖမ်းခံရရင် ဝှီးချဲ စီးရတာ ထုံးစံပဲလေ"
ပြန်ပြီး တိုက်စစ်ဆင်ဖို့ အခွင့်အရေး ရောက်လာပါပြီ။ ဒါကိုသာ သူတို့ ဖွင့်ချလိုက်ရင် သမ္မတ ပက်ဆီဟျွန်း ဘယ်လို မျက်နှာမျိုး ဖြစ်သွားမလဲ။
စဉ်းစားကြည့်ရုံနဲ့တင် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေက အထွတ်အထိပ် ရောက်နေတော့တာပဲ။
"ကဲ... အလုပ်စကြရအောင်"
ဥပဒေလောက တစ်ခုလုံးလည်း ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါပြီ။
သတင်းစာရှင်းလင်းပွဲကတစ်ဆင့် အစိုးရဥပဒေရုံးဟာ အစိုးရရဲ့ အကြိုက်ကို လိုက်ပြီး လူမှားဖမ်းဆီး စစ်ဆေးနေတာတွေ ပေါ်သွားခဲ့ပြီလေ။ ကန်ဂျင်ဟူ က သူဟာ စီအီးအိုဖြစ်ကြောင်း အထောက်အထားတွေ ကိုင်ပြီး ဆိုးလ်အလယ်ပိုင်း ခရိုင်တရားရုံးဆီကို လမ်းလျှောက်ဝင်သွားခဲ့တယ်။ သူ့နောက်မှာတော့ သတင်းထောက်တွေ အများကြီး လိုက်ပါသွားကြတာပေါ့။
အခုလို အခြေအနေမှာ ကန်ဂျင်ဟူ ကို ဖမ်းလိုက်ရင်ကော ဘာထူးမှာလဲ။
ဒါပေမဲ့ အစိုးရဥပဒေရုံးဘက်ကတော့ OTK Company စီအီးအိုကို ဖမ်းဆီးစစ်ဆေးဖို့ လုံလောက်တဲ့ စွဲချက်တွေ ရှိနေပြီလို့ ကြေညာထားခဲ့ပြီးသားပါ။ အခုကျမှ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အပြစ်မရှိတဲ့လူကို ဖမ်းထားမိပါတယ်လို့ ဝန်ခံဖို့ဆိုတာ သူတို့ရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပါတယ်။ အရင်က ပြန်လည်စစ်ဆေးတဲ့ အမှုတွေမှာ တွေ့ရသလိုပဲ ဥပဒေလောကဆိုတာ သူတို့ရဲ့ အမှားကို ဘယ်တော့မှ ဝန်မခံတတ်တဲ့ အဖွဲ့အစည်းမျိုး မဟုတ်လား။
နောက်ဆုံးမှာတော့ အစိုးရဥပဒေရုံးဘက်က ကန်ဂျင်ဟူ ကို ဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်ပြီး အိုတက်ဂယူ ကိုတော့ အချုပ်ထဲကနေ ပြန်လွှတ်ပေးလိုက်တယ်။ အိုတက်ဂယူ က သံသယတွေကနေ လုံးဝ ကင်းလွတ်သွားတာ မဟုတ်ပေမဲ့ ထွက်ပြေးဖို့ ဒါမှမဟုတ် အထောက်အထား ဖျက်ဆီးဖို့ အစီအစဉ် မရှိတာကြောင့် အချုပ်ပြင်ပကနေ စစ်ဆေးခံဖို့ ပြောင်းလဲလိုက်တာပါ။
သတင်းထောက်တွေက မေးခွန်းတွေနဲ့ ဝိုင်းမေးကြတယ်။
"မင်းတို့ လူမှားဖမ်းခဲ့တာပဲလေ။ အရင်ဆုံး တောင်းပန်သင့်တာ မဟုတ်ဘူးလား"
"ဒါကို ဘယ်သူက တာဝန်ယူမှာလဲ"
"ဘယ်သူက အမိန့်ပေးခဲ့တာလဲ"
"နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိခဲ့တာကို ဝန်ခံမှာလား"
"အိမ်ပြာတော်က ညွှန်ကြားချက်တွေ ပေးခဲ့တာလား"
အစိုးရဥပဒေရုံးဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ ဘာမှပြန်မဖြေဘဲ ဝင်သွားခဲ့သလို ဝန်ထမ်းတွေကလည်း သတင်းထောက်တွေကို အပြင်ကို မောင်းထုတ်လိုက်ကြတယ်။
ဥပဒေလောကမှာ အကြာကြီး ကျင်လည်ခဲ့တဲ့ ဝါရင့်သတင်းထောက်တွေကတော့ ဒီအဖြစ်အပျက်ဟာ သမ္မတ ပက်ဆီဟျွန်း အစိုးရအတွက် အဆိုးရွားဆုံး အရှုပ်တော်ပုံ ဖြစ်လာတော့မယ်ဆိုတာကို အလိုလို သိနေကြပါပြီ။