← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇)

OTK Company ရဲ့ သတင်းစာရှင်းလင်းပွဲက ကိုရီးယားမှာတင်မကဘဲ တစ်ကမ္ဘာလုံးက မီဒီယာတွေဆီအထိ ပျံ့နှံ့သွားခဲ့တယ်။

စီအီးအိုက အသက် ၂၀ ကျော် ကိုရီးယားလူငယ်လေးတစ်ယောက် ဖြစ်နေတာက တုန်လှုပ်စရာကောင်းပေမဲ့ အစိုးရက တရားမဝင် ထောက်လှမ်းတာနဲ့ မတရားသဖြင့် စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အချက်က ပိုပြီးတော့တောင် ထိတ်လန့်စရာ ကောင်းနေခဲ့တယ်။

အဲဒီအရှုပ်တော်ပုံ မငြိမ်သေးခင်မှာပဲ နောက်ထပ်သတင်းတစ်ခု ထပ်ထွက်လာပြန်တယ်။ News Breakthrough ကနေ PAS နဲ့ ပတ်သက်တဲ့ အထူးသတင်းတစ်ပုဒ်ကို ဖွင့်ချလိုက်တာပါ။

[“သမ္မတကြီးအတွက် ဆောင်းပါး။ PAS က ဘယ်သူပိုင်တာလဲ”]

PAS နဲ့ သမ္မတ ပက်ဆီဟျွန်း ကြားက ဆက်ဆံရေးဟာ ကိုရီးယားအမျိုးသားပါတီရဲ့ ရွေးကောက်ပွဲတုန်းကလည်း ပေါ်ခဲ့ဖူးပြီး အထူးစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမဲ့ ဘာပြဿနာမှမရှိဘူးလို့ ဆုံးဖြတ်ချက် ထွက်ခဲ့ဖူးတာပါ။

ဒါပေမဲ့ အခုထွက်လာတဲ့ News Breakthrough ရဲ့ ဆောင်းပါးမှာတော့ PAS ရဲ့ စီမံခန့်ခွဲမှုပိုင်းမှာ အိမ်ပြာတော်က ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေလဲဆိုတာကို ဖွင့်ချလိုက်တယ်။

မက္ကဆီကို သံအမတ်က မက္ကဆီကိုမှာ စက်ရုံတည်ဖို့အတွက် PAS ဆီ တိုက်ရိုက်ဆက်သွယ်ခဲ့တာတွေ ပြီးတော့ NIS က PAS အတွက် ကုမ္ပဏီခွဲတွေကို ဈေးပေါပေါနဲ့ ဝယ်လို့ရအောင် တက်တက်ကြွကြွ ကူညီပေးခဲ့တာတွေ အကုန်ပါနေတာပါ။

ဒီဆောင်းပါးမှာ သံသယဖြစ်ရုံတင်မကဘဲ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ အထောက်အထားတွေ အများကြီး ပါဝင်နေတယ်။ ဆောင်းပါးလည်း တက်လာရော အင်တာနက်ပေါ်မှာ ဟိုးလေးတကျော် ဖြစ်သွားတော့တာပဲ။

"PAS ရဲ့ တကယ့်ပိုင်ရှင်"၊ "သမ္မတ ပက်ဆီဟျွန်း" နဲ့ "PAS က ဘယ်သူလဲ" ဆိုတဲ့ စကားလုံးတွေက Portal ဆိုက်တွေမှာ Real-time Trending ဖြစ်ကုန်တယ်။

ဒါပေမဲ့ ဒီမှာတင် ရပ်မသွားပါဘူး။

News Breakthrough ရဲ့ ဆောင်းပါးကြောင့် တောမီးလို ပျံ့နေတုန်းမှာပဲ Golden Gate Asia ကနေ ကိုရီးယားဈေးကွက်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်တယ်။

"ကိုရီးယားမှာက မြောက်ကိုရီးယားရဲ့ နူကလီးယား အန္တရာယ်ထက် နိုင်ငံရေး အန္တရာယ်က ပိုကြီးမားနေတယ်"

အဲဒီအစီရင်ခံစာက OTK Company နဲ့ K Company တို့အပေါ်မှာ အာရုံစိုက်ထားပြီး သမ္မတနဲ့ PAS ကြားက ဆက်ဆံရေးကို မီးမောင်းထိုးပြထားတာပါ။ အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက အခွင့်ထူးခံရပြီး အစိုးရမျက်စိဆံပင်မွှေးစူးခံရတဲ့ ကုမ္ပဏီတွေကတော့ အနှိပ်စက်ခံနေရတယ်ဆိုတာကို ဖော်ပြထားတာပေါ့။

အစိုးရရဲ့ ဦးတည်ချက်အပေါ် မူတည်ပြီး ကုမ္ပဏီတွေရဲ့ ရေရှည်တည်တံ့နိုင်စွမ်းမှာ ပြဿနာရှိနိုင်တာကို ထောက်ပြထားတာကြောင့် မြောက်ကိုရီးယားကိစ္စထက်တောင် ပိုပြီး ကိုရီးယားရဲ့ တန်ဖိုးကို ကျဆင်းစေတဲ့ အချက် ဖြစ်လာခဲ့တယ်။

ကိုရီးယား စတော့ဈေးကွက်က နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုဘဏ်တွေရဲ့ အစီရင်ခံစာဆိုရင် အတော်ကို အထိအခိုက်မခံတာပါ။

အဆိုးဆုံးကတော့ ဒီအစီရင်ခံစာကို ရေးတဲ့သူက သာမန် Analyst တစ်ယောက် မဟုတ်ဘဲ Golden Gate Asia ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာဖြစ်သလို အာရှရဲ့ ဂန္ထဝင်ရင်းနှီးမြှုပ်နှံသူ ချေ့ ဆောက်ဝဲ ဖြစ်နေတာပါပဲ။

အစီရင်ခံစာ ထွက်လာတာနဲ့ အမေရိကန်ဈေးကွက်က ငွေတွေက ငွေတိုက်စာချုပ်တွေဆီ စီးဝင်သွားပြီး KOSPI ညွှန်းကိန်းက ၂.၅ ရာခိုင်နှုန်း ချက်ချင်းထိုးကျသွားသလို ငွေလဲနှုန်းကလည်း ထိုးတက်သွားတော့တယ်။

အခြားတစ်ဖက်မှာတော့ အစားထိုး ရင်းနှီးမြှုပ်နှံဖို့ အကြံပြုထားတဲ့ ဗီယက်နမ်ရဲ့ Ho Chi Minh VN Index က ၃.၈ ရာခိုင်နှုန်းနဲ့ ဂျပန်ရဲ့ Nikkei Index က ၁.၅ ရာခိုင်နှုန်းစီ အသီးသီး တက်သွားကြတယ်။

စတော့ဈေးကွက် ဘုတ်ပြားတွေပေါ်မှာတော့ ပွက်လောရိုက်ကုန်တာပေါ့။

သေပြီဟေ့။ ငါ့စတော့တွေ ကျကုန်ပြီ

Golden Gate က ငါ့စတော့တွေကို ဖျက်စီးလိုက်တာပဲ

ဒါက Golden Gate ရဲ့ အမှားမှ မဟုတ်တာ၊ ပက်ဆီဟျွန်း ကြောင့်လေ။

စတော့ကစားရတာ တော်တော် ခက်ခဲတဲ့လမ်းပဲ။ ဘန့်ကွိုင် ပဲ သွားကစားတော့မယ်

အခုခေတ်စားနေတာ အီသီရီယမ် ကွ၊ အီသီရီယမ်ဆီပဲ သွားကြစို့

အားးးး

ဒီနေ့တော့ ဈေးကွက်ကြီး ပြိုလဲသွားပြီ။ ဟန်မြစ်မှာပဲ ဆုံကြစို့။

ဟန်မြစ်ကို သွားကြစို့

ဒါနဲ့ PAS က ဘယ်သူလဲ

အစိုးရကတော့ မီဒီယာတွေကို ထိန်းချုပ်ဖို့ပဲ အစွမ်းကုန် အာရုံစိုက်နေတယ်

သမ္မတအိမ်ပြာတော် ပြည်သူ့ဆက်ဆံရေးအတွင်းရေးမှူး လီဂျောင်ဟွန်း က KBC သတင်းဌာနမှူးဆီ ဖုန်းဆက်ပြီး တောင်းပန်နေရတယ်။

"နေရာမှာ အပြောဆိုခံနေရပါတယ်ဆိုကာမှ ပြည်သူ့ရုပ်သံလိုင်းဖြစ်တဲ့ KBC ကတောင် ည ၉ နာရီသတင်းမှာ ဒီလိုမျိုး တင်ပြနေရင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။

အစိုးရမှာပဲ အမှားရှိသလိုမျိုး သတင်းတင်နေကြတာလေ။ ဒီနေ့မှ သမ္မတကြီးကလည်း KBC ကို ကြည့်နေတာ။ ဒုက္ခပါပဲဗျာ။ အယ်ဒီတာချုပ်ကြီး ဒီတစ်ခါတော့ ကူညီပေးပါဦး"

ယွန်ဆီဝန် ကလည်း ဝန်ထမ်းတွေကို ညွှန်ကြားချက်တွေ ပေးနေတယ်။

"ရှေးရိုးစွဲအဖွဲ့တွေကို ဆက်သွယ်ပြီး သတင်းတွေကို ပြန်တိုက်ခိုက်ခိုင်းလိုက်။ TJBC ရှေ့မှာလည်း ဆန္ဒပြပွဲတစ်ခု ဖြစ်အောင် စီစဉ်လိုက်"

အဲဒီအချိန်မှာပဲ ဖျော်ဖြေရေးလောကမှာ မူးယစ်ဆေးဝါး အရှုပ်တော်ပုံတစ်ခု ပေါက်ကွဲလာတယ်။ အစိုးရဥပဒေရုံးဘက်က မူးယစ်ဆေးမှောင်ခိုသမားတွေကို စစ်ဆေးရင်းနဲ့ ဝယ်ယူတဲ့သူတွေကို လိုက်ရှာတော့ SGY Entertainment က အနုပညာရှင် K နဲ့ L တို့ရဲ့ ဝယ်ယူထားတဲ့ မှတ်တမ်းတွေကို တွေ့ခဲ့တာပါ။

အစိုးရဥပဒေရုံးဘက်က SGY Entertainment အောက်က မန်နေဂျာတွေနဲ့ အနုပညာရှင်တွေကို ခေါ်ယူပြီး ဆေးစစ်လိုက်တဲ့အခါ ၄ ယောက်မှာ ဆေးမအောင်မဘူး (Positive ဖြစ်တယ်။ ဆေးသုံးထားတယ်) လို့ ကြေညာလိုက်တယ်။

အဓိက ရုပ်သံလိုင်း သုံးခုလုံးက ဒီကိစ္စကို ခေါင်းကြီးပိုင်းသတင်း လုပ်လိုက်သလို ဂျုံအီသတင်းစာကဆိုရင် မျက်နှာဖုံးမှာတောင် အကျယ်တဝင့် ဖော်ပြခဲ့တယ်။ ဒါတင်မကသေးဘဲ နောက်လမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အထူးဆောင်းပါးတွေကို ဆက်တိုက် တင်ပေးမယ်လို့တောင် ကြေညာလိုက်သေးတာ။

[ဟောလိဝုဒ်စတား K နဲ့ L တို့ ဆေးခြောက်သောက်တာကို ဝန်ခံ]

[ဖျော်ဖြေရေးလောကရဲ့ မူးယစ်ဆေးဝါး အရှုပ်တော်ပုံမှာ ဘာတွေ ပြဿနာရှိနေလဲ]

[ကိုရီးယားက မူးယစ်ဆေးကင်းစင်တဲ့ နိုင်ငံ မဟုတ်တော့ဘူး]

[တက္ကသိုလ်တွေအထိ ပျံ့နှံ့လာတဲ့ မူးယစ်ဆေးဝါးရဲ့ အမှောင်လက်တံများ]

ပုံမှန်ဆိုရင်တော့ တခြားဆောင်းပါးတစ်ပုဒ်က ဒီသတင်းကို သဘာဝအတိုင်း ဖုံးသွားမှာပါ။ ဒါပေမဲ့ အခုကတော့ လူထုရဲ့ အာရုံကို လွှဲဖို့ တော်တော် ခက်နေတယ်။

ဟောလိဝုဒ်စတားတွေရဲ့ ဆေးသတင်းထက် 'အိုတာကူ နဲ့ ဘုရင်စနစ်' က ပိုစိတ်ဝင်စားဖို့ မကောင်းဘူးလား

ဖျော်ဖြေရေးလောကရဲ့ မူးယစ်ဆေး < ကျော်ဖြတ်လို့မရတဲ့ နိုင်ငံရေးတံတိုင်း < OTK Company

အမှုကို ဖုံးဖို့အတွက် ငါတို့ရဲ့ အိုပါးတွေကို မဖမ်းပါနဲ့ဦးနော် 😭

ဆေးခြောက်လေး နည်းနည်းသောက်တာကို တစ်သက်တစ်ကျွန်း ကျမယ့်အတိုင်း လုပ်နေကြတာပဲ။

SGY က ကလေးတွေရဲ့ တကယ့်ပြစ်မှုက ဘာလဲ

မူးယစ်ဆေးသုံးတာလေ။

SGY ဆိုတာ ထုံးစံအတိုင်းပဲ။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အမ်ဖက်တမင်း ဆေးဝါး မှောင်ခိုသွင်းတာ မိထားသေးတာပဲ။

အမ်ဖက်တမင်းက မူးယစ်ဆေး မဟုတ်ဘူးလား။ ပြီးခဲ့တဲ့တစ်ခေါက် SH က ကလေးတွေလည်း Ecstasy သုံးထားတာလေ။

ဆေးခြောက်က မူးယစ်ဆေးပါ၊ ဒါပေမဲ့ Cannabis ကတော့ မူးယစ်ဆေး မဟုတ်ပါဘူး။ တချို့နိုင်ငံတွေမှာ တရားဝင်သလို ဆေးဖက်ဝင်အပင်အဖြစ် သုံးနေတာ။

ဆေးခြောက် (Marijuana) က Cannabis ပဲလေ။ ငတုံးရဲ့။

- ဒါနဲ့ PAS က ဘယ်သူလဲ

ကျွန်တော်ကတော့ အစိုးရဥပဒေရုံးထဲမှာ ထိုင်နေပါတယ်။ အခုချိန်ဆို အပြင်လောကကြီးမှာ ပွက်လောရိုက်နေလောက်ပါပြီ။ ကျွန်တော့်မျက်နှာလည်း တီဗီပေါ်မှာ အပြည့် ဖြစ်နေမှာပဲ။

အမေ့ကို စိတ်မပူအောင် လုပ်ရမယ်။ အစ်မဟျွန်းဂျူး ကို အမေနဲ့ စကားပြောခိုင်းထားရမယ်။

"PAS ဆောင်းပါးနဲ့ Golden Gate အစီရင်ခံစာကို မင်း ခိုင်းထားတာလား"

ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ အစိုးရရှေ့နေက ကင်ဂျောင်ဂျွန် ပါ။ သူက အကြီးတန်း ဥပဒေအရာရှိ ရာထူးကို ယူထားတာပါ။ အကြီးတန်း တစ်ယောက်ကိုယ်တိုင် လာပြီး စစ်ဆေးတယ်ဆိုတော့ ကျွန်တော်က အထူးအခွင့်အရေး ရနေသလိုပါပဲ။

"ကျွန်တော် မေးချင်တာက ကျွန်တော့်ကို ဖမ်းဖို့ အမိန့်ပေးတာက သမ္မတလား"

ဥပဒေအရာရှိ ကင်ဂျောင်ဂျွန် က ကျွန်တော့်ကို အေးစက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေတယ်။

"မင်း အခု ဘယ်လို အခြေအနေ ရောက်နေလဲဆိုတာ သိရဲ့လား"

ကျွန်တော်က ပြုံးပြီး ပြောလိုက်တယ်။

"အေသီနာ ကို သိလား။ ဂရိဒဏ္ဍာရီထဲက ဉာဏ်ပညာနတ်ဘုရားမလေ။ အရင်တုန်းက အေသီနာ ဆိုတဲ့ ID ကို သုံးတဲ့ Netizen တစ်ယောက် ရှိခဲ့ဖူးတယ်။ Lehman Brothers တွေ ဒေဝါလီခံမယ့်အကြောင်းနဲ့ ဘဏ္ဍာရေး အကြပ်အတည်းတုန်းက ကိုရီးယားစတော့ဈေးကွက် ပြိုလဲမယ့်အကြောင်းကို ကြိုဟောခဲ့လို့ နာမည်ကြီးခဲ့တာလေ"

တကယ်တော့ အရမ်းကို ပြင်းထန်တဲ့ ကြိုဟောချက်တွေက လူတွေကို နာမည်ကြီးစေတတ်တာပါ။

သူက အဲဒီနောက်ပိုင်းမှာလည်း ဆက်ပြီး ရေးခဲ့သေးတယ်။ လူတွေက အေသီနာ ကို 'စီးပွားရေး သမ္မတ' လို့တောင် ခေါ်ခဲ့ကြသလို သူ့ရဲ့ နာမည်ကျော်ကြားမှုက ကြီးထွားလာတဲ့အခါ ပင်မမီဒီယာတွေ ကလည်း အေသီနာ အကြောင်း ဆောင်းပါးတွေ တင်လာကြတယ်။

ပြဿနာက အေသီနာ ရဲ့ ကြိုဟောချက် အများစုဟာ အဲဒီအချိန်က အစိုးရရဲ့ မူဝါဒတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတာပါ။ အစိုးရက ငွေလဲနှုန်းကို ထိန်းဖို့ နိုင်ငံခြားအရန်ငွေတွေကို ထုတ်သုံးနေသလို စတော့ဈေးနှုန်းတွေကို ထိန်းဖို့ အမျိုးသားပင်စင်ရန်ပုံငွေကို သုံးနေတဲ့ အချိန်ပေါ့။

ဒါပေမဲ့ အေသီနာ ကတော့ ငွေလဲနှုန်းက ထိုးတက်လာပြီး စတော့ဈေးနှုန်းတွေက ထိုးကျသွားလိမ့်မယ်လို့ ပြောခဲ့တယ်။ သူ့ရဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် နှစ်ကုန်ပိုင်းမှာ ငွေလဲနှုန်းကို လျှော့ချဖို့အတွက် ဒေါ်လာမဝယ်ဖို့ ဘဏ်တွေကို အစိုးရက အကြောင်းကြားစာ ပို့ထားတယ်ဆိုတဲ့ ကောလာဟလအကြောင်း ပါခဲ့တယ်။

အစိုးရဥပဒေရုံးဘက်ကနေ အေသီနာ ကို သတင်းမှားတွေ ဖြန့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ် ဖမ်းဆီးလိုက်တယ်။

"တကယ်တမ်းတော့ အစိုးရက အဲဒီလို အကြောင်းကြားစာမျိုး ဘယ်တော့မှ မပို့ခဲ့ဘူး။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲသိလား။ သူတို့ တရားဝင် အကြောင်းကြားစာ မပို့ခဲ့ပေမဲ့ ဒုတိယဝန်ကြီးချုပ်က နှစ်ကုန်ပိုင်းမှာ ဘဏ်အမှုဆောင်တွေကို ခေါ်ယူပြီး အဲဒီလို ညွှန်ကြားချက်မျိုးတွေ ပေးခဲ့တာလေ။ ဆိုလိုတာက ညွှန်ကြားချက်တော့ ပေးခဲ့တယ်။ ဒါပေမဲ့ တရားဝင်စာ မဟုတ်လို့ သတင်းမှား ဖြန့်တယ်ဆိုပြီး အစိုးရဥပဒေရုံးဘက်က စွပ်စွဲခဲ့တာပေါ့။ ဒါက လူစကားလား၊ အဓိပ္ပာယ်မရှိတဲ့ စကားလား"

ကျွန်တော်က ကင်ဂျောင်ဂျွန် ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း ဆက်ပြောနေလိုက်တယ်။

"အစိုးရဥပဒေရုံးဘက်က မီဒီယာတွေကို ဘယ်လို ကြေညာခဲ့လဲဆိုရင် အေသီနာ ရဲ့ ရေးသားမှုကြောင့် အစိုးရဟာ ငွေလဲနှုန်း ထိန်းသိမ်းဖို့အတွက် ဒေါ်လာ သန်း ၂ထောင်လောက် ဆုံးရှုံးခဲ့ရပါတယ်တဲ့။ အခုပြန်စဉ်းစားကြည့်ရင် ဒါက ရယ်စရာကြီးလေ။ သာမန် Netizen တစ်ယောက်ရဲ့ ပို့စ်တစ်ခုကြောင့် အစိုးရက ဒေါ်လာ သန်း ၂ထောင် ဆုံးရှုံးသွားတယ်ဆိုတာ ဖြစ်နိုင်စရာ တစ်ကွက်မှကို မရှိဘူး။ ဒါက အစိုးရဟာ ငတုံးကြီးပါလို့ အစိုးရဥပဒေရုံးဘက်က ထောက်ခံချက် ပေးနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် အေသီနာ က စွဲချက်တင်ခံခဲ့ရပေမဲ့... ရလဒ်ကိုတော့ ခင်ဗျား သိမှာပါ"

တရားစီရင်ရေးက အာဏာရပါတီရဲ့ အလိုကျ စီရင်ချက်ချပေးဖို့ ကြိုးစားရင်တောင် အကန့်အသတ်တော့ ရှိသင့်တာလေ။

တကယ်လို့ အေသီနာ သာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရမယ်ဆိုရင် အင်တာနက်ပေါ်မှာ အချက်အလက် နည်းနည်းလေး မှားယွင်းတာ တင်မိတဲ့လူတိုင်းဟာ သတင်းမှား ဖြန့်ချိမှုနဲ့ အဖမ်းခံရမှာလား။

ဒါဆို Netizen တစ်ဝက်လောက်တော့ အဖမ်းခံရမှာပေါ့။ မဟုတ်ဘူးလား။

နောက်ဆုံးတော့ အေသီနာ ဟာ ပထမအကြိမ် ရုံးတင်စစ်ဆေးမှုမှာတင် အပြစ်မရှိကြောင်း ပေါ်ပေါက်ခဲ့ပြီး လွတ်မြောက်ခဲ့တယ်။

"အဖမ်းခံထားရတဲ့ လူတစ်ယောက်က ပထမအကြိမ် ရုံးတင်စစ်ဆေးမှုမှာတင် အပြစ်မရှိကြောင်း လွတ်ဖို့ဆိုတာ ဘယ်လောက်အထိ အခွင့်အလမ်း ရှိမလဲ။ ကျွန်တော် သိသလောက်ဆိုရင် ၁ ရာခိုင်နှုန်းတောင် မပြည့်ဘူး"

အေသီနာ လွတ်လာတဲ့အခါ အတိုက်အခံတွေနဲ့ တိုးတက်လိုတဲ့ မီဒီယာတွေက အမှန်တရားက အောင်နိုင်သွားပြီဆိုပြီး ပျော်ခဲ့ကြတယ်။

ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ အစိုးရအတွက် အောင်ပွဲတစ်ခုပါပဲ။ အေသီနာ အဖမ်းခံရပြီးတဲ့နောက်မှာ Netizen တွေဟာ သူတို့တင်မယ့် အကြောင်းအရာတွေကို ကိုယ့်ဘာသာကိုယ် ပြန်ပြီး ထိန်းချုပ်လာကြတော့တာလေ။

"ပုံမှန်အားဖြင့်တော့ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ဥပဒေအရာရှိက တာဝန်ယူရမှာ။ ဒါပေမဲ့ တကယ်က ဘာဖြစ်ခဲ့လဲ။ အစိုးရရဲ့ အလိုကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ ဥပဒေအရာရှိတွေဟာ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ လုပ်ခဲ့တာတောင်မှ အောင်မြင်မှုတွေ ရနေခဲ့ကြတယ်"

ကျွန်တော်က ခပ်ပြုံးပြုံးနဲ့ ဆက်ပြောလိုက်တယ်။

"အဲဒီတုန်းက တာဝန်ခံခဲ့တဲ့ ဒုတိယ ဥပဒေအရာရှိဟာ အခုတော့ အကြီးတန်း ဥပဒေအရာရှိအဖြစ် ရာထူးတိုးသွားပြီး ကျွန်တော့်ရှေ့မှာ ရောက်နေတာပေါ့။ ဝိုး… ဒါက တကယ့်ကို မယုံနိုင်စရာပဲ"

ဒုန်း

ကင်ဂျောင်ဂျွန် က စားပွဲကို ထုပြီး အော်လိုက်တယ်။

"မင်းက ကိုရီးယားက ဥပဒေအရာရှိတွေကို ဟာသလို့ ထင်နေတာလား"

"ဒါဆို ခင်ဗျားကရော ကိုရီးယား ပြည်သူတွေကို ဟာသလို့ ထင်နေတာလား"

"မအေဘေး"

ကျွန်တော်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။

"အေသီနာ နဲ့ ကျွန်တော်နဲ့ ဘာကွာလဲ သိလား"

"ဘာကွာလို့လဲ"

အစ်မဟျွန်းဂျူး ပြောခဲ့တာကို ကျွန်တော် ပြန်သတိရလိုက်တယ်။

ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံက ကျွန်တော့်ရဲ့ လက်နက်ပဲလို့ သူ ပြောခဲ့တာ။ ဒီလက်နက် ရှိသရွေ့တော့ ဘယ်သူမှ ကျွန်တော့်ကို မရိုမသေ မဆက်ဆံရဲပါဘူး။

"အေသီနာ မှာ ပိုက်ဆံမရှိဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရှိတယ်။ အခုချက်ချင်း စကားတစ်လုံးထဲနဲ့တင် ကျွန်တော်က ဝမ် သိန်းပေါင်း ၅ကုဋေလောက်ကို လှုပ်ခတ်နိုင်တယ်။ ကျွန်တော် စဉ်းစားကြည့်တာ တစ်ခုရှိတယ်။ ကျွန်တော်သာ သမ္မတနဲ့ တွေ့ပြီး PAS မှာ ဝမ် သိန်းပေါင်း ၁ကုဋေလောက် ရင်းနှီးမြှုပ်နှံမယ်။ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်။ အဲဒါက အကြီးတန်း ဥပဒေအရာရှိ ကင်ဂျောင်ဂျွန် ကို ရာထူးက ဖြုတ်ပေးဖို့ပဲ။ ရာထူးက ဖြုတ်ရုံတင် မဟုတ်ဘူး။ သူ့ကိုရော၊ သူ့မိန်းမ၊ မိဘတွေနဲ့ ဆွေမျိုးတွေကိုပါ NIS ကနေ စုံစမ်းစစ်ဆေးခိုင်းမယ်။ တစ်ခုခု တွေ့တာနဲ့ ဖမ်းမယ်။ ခင်ဗျား ဘာဖြစ်သွားမယ် ထင်လဲ။ သမ္မတက ဝမ် သိန်းပေါင်း ၁ကုဋေကို ငြင်းမလား။ ဒါမှမဟုတ် အဲဒီပိုက်ဆံကို ယူပြီး ကျွန်တော့် တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမလား"

ကင်ဂျောင်ဂျွန် ရဲ့ မျက်နှာကြီး ရှုံ့မဲ့သွားတော့တယ်။

"မင်း..."

ကျွန်တော်က အကျယ်ကြီး ရယ်မောလိုက်တယ်။

"ဟားဟားဟား။ နောက်တာပါဗျာ။ ဥပဒေစိုးမိုးတဲ့ နိုင်ငံမှာ ဒီလိုမျိုး ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါက စစ်အာဏာရှင်စနစ်မှ မဟုတ်တာ။ သမ္မတက တရားမဝင် တောင်းဆိုချက်ကို လက်ခံပြီး သူ့ကို သစ္စာရှိရှိ အမှုထမ်းနေတဲ့ ဥပဒေအရာရှိတစ်ယောက်ကို ဖြုတ်ပစ်မှာ မဟုတ်ပါဘူးလေ။ ဟုတ်တယ်မလား"

ကျွန်တော် နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်။

"ဒါပေမဲ့ သတိထားတာတော့ မမှားပါဘူး။ ဟုတ်တယ်မလား။ ကဲ... စစ်ဆေးမှုကို စလိုက်ရအောင်"

ကင်ဂျောင်ဂျွန် က ဘာမှမဖြစ်သလိုမျိုး စာရွက်စာတမ်းတွေကို လွှဲပေးလိုက်တယ်။ သေချာကြည့်လိုက်ရင် သူ့လက်တွေက နည်းနည်း တုန်နေတာကို တွေ့ရမှာပါ။ သူက တစ်သက်လုံး အာဏာနောက်ကိုပဲ လိုက်ခဲ့တဲ့လူလေ။ အာဏာရဲ့ သဘောသဘာဝကို ဘယ်သူ့ထက်မဆို သူ ပိုသိတာပေါ့။

ဥပဒေအရာရှိတွေ ဆိုတာကလည်း သူတို့မှာ အပြစ်ကင်းစင်နေတာမှ မဟုတ်တာ။

"အခုတော့ ကျွန်တော့် ခေါင်းထဲမှာ တော်တော်လေး ရှုပ်ထွေးနေပြီ။

ကျွန်တော်က ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာ မှီလိုက်ပြီး မျက်စိမှိတ်ထားလိုက်တော့မယ်။

ဖမ်းခံထားရတဲ့ အခြေအနေမှာတောင် ကျွန်တော့်စိတ်က အခုလိုမျိုး အေးချမ်းနေတာပဲ။

ပိုက်ဆံက တကယ်ကို ကောင်းတာပဲဗျာ"

ပင်မမီဒီယာတွေက ဘယ်လောက်ပဲ ဖုံးဖိထားဖို့ ကြိုးစားကြပေမဲ့ အင်တာနက်ပေါ်မှာတော့ ဆူညံနေတာပါပဲ။ သတင်းဝက်ဘ်ဆိုက်ကနေ 'အရှင်မင်းကြီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ' အကြောင်း ဆောင်းပါးတွေကို ဆက်တိုက် တင်နေခဲ့တယ်။

သမ္မတ ပက်ဆီဟျွန်း နဲ့ PAS ကြားက ဆက်ဆံရေး၊ ပြီးတော့ PAS နဲ့ အွန်ဆောင်း မော်တာ ကြားက ဆက်ဆံရေးတွေကို သူတို့က အသေးစိတ် ဖော်ထုတ်ခဲ့ကြတာပါ။ ဆောင်းပါးတွေ တက်လာတာနဲ့ ကြည့်ရှုနှုန်းတွေက သန်းနဲ့ချီပြီး ထိုးတက်သွားတော့တယ်။

– ဝိုး…. ဒီနေ့လည်း တကယ့်ကို ကောင်းတဲ့နေ့ပဲ

– နောက်ထပ် ဆောင်းပါးတွေ ထပ်တင်ပေးပါဦး

– ဆောင်းပါးကို ပြန်ဖတ်ရအောင်

– နောက်ထပ် တစ်ခုလောက် မရှိတော့ဘူးလား

– ဒီရက်ပိုင်းတော့ ဒီဆောင်းပါးတွေ ဖတ်ရတဲ့ အရသာနဲ့ပဲ အသက်ဆက်နေရတာ။

– နောက်ထပ်အပိုင်းကိုလည်း စောင့်နေပါတယ်

– ဒါနဲ့ PAS က ဘယ်သူလဲ

အစိုးရကလည်း ဒီအတိုင်း ငြိမ်ထိုင်မနေပါဘူး။ ချက်ချင်းဆိုသလို NISရဲ့ Comment Unit နဲ့ ဆိုက်ဘာဌာနချုပ် စိတ်ဓာတ်စစ်ဆင်ရေး အဖွဲ့တွေကနေ ပြန်ပြီး တိုက်စစ်ဆင်လာတယ်။

– ကွန်မြူနစ်တွေ ပြန်စနေပြီ။

– မြောက်ကိုရီးယား ထောက်ခံတဲ့ လက်ဝဲသမားတွေကို နှိမ်နင်းကြစို့

– ဂျင်ရယ်ဂျွန် ရဲ့ စကားတွေကို မယုံကြနဲ့။ သူက ကင်အီဆွန်း ကို ချီးကျူးလို့ MBS ကနေ အထုတ်ခံရတာ။

– ဂျိုဝူဂျင် က အသက်မပြည့်သေးတဲ့သူနဲ့ ပျော်ပါးတယ်လို့ သံသယရှိရ (ဓာတ်ပုံနဲ့ Link ပါ ပူးတွဲထားသည်)

– ညစ်ပတ်တဲ့ လက်ဝဲသမားတွေ

– ဒီဆောင်းပါးက အလိမ်အညာတွေဆိုတာ အားလုံး သိကြရဲ့လား

ဒါပေမဲ့ ဆန့်ကျင်တဲ့ မှတ်ချက်တွေနဲ့ပဲ ဆောင်းပါးကို ဖုံးဖို့ ကြိုးစားတာက အချည်းနှီးပါပဲ။

"DDoS နဲ့ တိုက်ခိုက်စမ်း။ သူတို့ ဝက်ဘ်ဆိုက်ကို ကျသွားအောင် လုပ်လိုက်"

ယွန်ဆီဝန် ရဲ့ အမိန့်ပေးမှုအောက်မှာ NIS ဝန်ထမ်းတွေက DDoS နဲ့ တိုက်ခိုက်လိုက်တာကြောင့် News Breakthrough ဆိုက်က ဝင်လို့မရတော့ဘူး။

ဂျင်ရယ်ဂျွန် က ဝင်လို့မရတော့တဲ့ ဝက်ဘ်ဆိုက်ကို ကြည့်ပြီး ပြောလိုက်တယ်။

"ဒီကောင်တွေက DDoS တိုက်ခိုက်ရတာကို အရမ်း ဝါသနာပါတာပဲ"

ဂျိုဝူဂျင် ကလည်း ခေါင်းညိတ်ရင်း ပြောတယ်။

"အိုင်တီ ထိပ်တန်းနိုင်ငံပဲလေ။ ဟုတ်တယ်မလား"

"အေးလေ။ တခြားနိုင်ငံက အသက် ၂၀ ကျော်တွေက အရက်သောက်ပြီး ရန်ဖြစ်ကြပေမဲ့ ကိုရီးယားမှာတော့ အရက်သောက်ပြီး DDoS တိုက်ခိုက်ကြတာကွ"

အဲ့ဒီအဖြစ်အပျက်က ဆိုးလ်မြို့တော်ဝန် ကြားဖြတ်ရွေးကောက်ပွဲ တုန်းက ဖြစ်ခဲ့တာပါ။

အဲဒီတုန်းက ကိုရီးယားရဲ့ အာဏာရပါတီကနေ အတိုက်အခံပါတီကို ထောက်ခံလေ့ရှိတဲ့ အသက် ၂၀ နဲ့ ၃၀ ကြား မဲဆန္ဒရှင်တွေ မဲရုံရှာမရအောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသားရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်ကို DDoS နဲ့ တိုက်ခိုက်ခဲ့တာပါ။

နောက်ပိုင်းမှာ ဒီအချက် ပေါ်သွားတဲ့အခါ အစိုးရဥပဒေရုံးဘက်က ဘယ်လို အဆုံးသတ်လိုက်လဲဆိုရင် အသက် ၂၀ ကျော် အရွယ် အဖွဲ့တစ်ဖွဲ့က အရက်မူးပြီး မရည်ရွယ်ဘဲ လုပ်မိတာပါဆိုပြီး အမှုကို ပိတ်လိုက်ကြတာပေါ့။

"ဥမင်လိုဏ်ခေါင်း DDoS တိုက်ခိုက်မှုလည်း ရှိသေးတယ်လေ။ လူအင်အားနဲ့ လမ်းပိတ်ပြီး DDoS လုပ်တာလေ။ တကယ်ကို ဖန်တီးမှု ရှိတဲ့ မအေဘေးတွေပါကွာ"

ချန်ဝန် ဥမင်လိုဏ်ခေါင်းကို ဖြတ်ပြီး အလုပ်ဆင်းမယ့် အလုပ်သမားတွေ မဲမပေးနိုင်အောင် အာဏာပိုင်တွေက ဥမင်ထဲမှာ လမ်းပြုပြင်ရေးတွေ လုပ်ပြီး တမင်တကာ ကားပိတ်အောင် လုပ်ခဲ့တာပါ။ အဲဒီတုန်းကလည်း စုံစမ်းစစ်ဆေးမှုက ဘာမှ ထွက်မလာခဲ့ပါဘူး။

သူတို့ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုပြီး မျှော်လင့်ထားခဲ့ပြီးသားပါ။

"ဆောင်းပါးအပြည့်အစုံကို FaceNote ပေါ်မှာ တင်လိုက်။ ပြီးတော့ YouTube ပေါ်မှာလည်း ဗီဒီယိုနဲ့ တင်လိုက်"

ပြည်တွင်းက ဝက်ဘ်ဆိုက်တွေကို DDoS နဲ့ ပိတ်လို့ရပေမဲ့ နိုင်ငံခြားဆိုက်တွေကိုရော အဲဒီလို လုပ်လို့ရပါ့မလား။

"စာတန်းထိုးတာ ပြီးပြီလား"

"ပြီးပြီ။ တော်တော်လေး တိတိကျကျ ဘာသာပြန်ထားတယ်"

ဂျင်ရယ်ဂျွန် က အားရပါးရ အော်လိုက်တယ်။

"ကဲ... သောက်ကျိုးနည်းသွားအောင် လုပ်လိုက်ကြစို့"

(မဟာဗျူဟာ)

– (ဂျင်ရယ်ဂျွန်) ဒီအဖြစ်အပျက်တွေကို ကြည့်လိုက်ရင် နောက်ဆုံးတော့ သမ္မတက PAS ရဲ့ တကယ့်ပိုင်ရှင် ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပါတယ်။ ပြီးတော့ PAS က သူ့ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကျော်ကို အွန်ဆောင်း မော်တာ ဆီကနေ ရနေတာလေ။ ဆိုလိုတာက အွန်ဆောင်း မော်တာ အဆင်ပြေရင် PAS အဆင်ပြေမယ်။ PAS အဆင်ပြေရင် သမ္မတ အဆင်ပြေမယ်။ ဟုတ်တယ်မလား။

– (ဂျိုဝူဂျင်) မှန်ပါတယ်။ အဲဒါကြောင့်ပဲ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ NIS က သမ္မတအတွက် အစွမ်းကုန် လုပ်ပေးခဲ့ကြတာပေါ့။

– (ဂျင်ရယ်ဂျွန်) ရီပတ်ဘလစ်ကန် သမ္မတလောင်း ရိုနယ် က အွန်ဆောင်း မော်တာ ကို မကြိုက်ဘူး။ သူသာ သမ္မတ ဖြစ်လာရင် အမေရိကန်-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် FTA ကို ဖျက်သိမ်းပြီး မော်တော်ကားတွေအပေါ် အခွန်တိုးကောက်ဖို့ စီစဉ်နေတာ။ ဒါပေမဲ့ OTK Company နဲ့ သူ့ရဲ့ လက်အောက်ခံ K Company ကတော့ ရိုနယ် ကို ထောက်ခံနေကြတာမလား။ သူတို့က အမေရိကန် ကားကုမ္ပဏီတွေကို ဝယ်ယူဖို့ ဝမ် သိန်းပေါင်း ကုဋေပေါင်းများစွာ သုံးနေကြပြီး ရိုနယ် ရဲ့ ရေပန်းစားမှုကို မြှင့်တင်ပေးနေကြတာလေ။

– (ဂျိုဝူဂျင်) တကယ်လို့ ရိုနယ် သာ အနိုင်ရသွားရင် အွန်ဆောင်း မော်တာ ရော၊ PAS ရော၊ သမ္မတရော အကြီးအကျယ် ထိခိုက်ကုန်မှာပေါ့။

– (ဂျင်ရယ်ဂျွန်) ဒါဆိုရင် သမ္မတက OTK Companyဟာ ရိုနယ် ကို ထောက်ခံနေတာကို သဘောမကျဘူးလို့ ငါတို့ တွေးလို့ရမလား။ ရိုနယ် တကယ် အနိုင်ရသွားရင် ပြဿနာ အကြီးကြီး ဖြစ်လာမှာလေ။ အဲဒီတော့ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်အထိ OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်နှေးအောင် လုပ်ဖို့အတွက် သူတို့က အကြီးအကျယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်နိုင်မလား... ဒါက ဖြစ်နိုင်ခြေ ရှိမလား။

– (ဂျိုဝူဂျင်) လုံးဝ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီမှာ မထင်မှတ်ထားတဲ့ အချက် နှစ်ချက် ရှိသွားတယ်။ ပထမအချက်က K Company ကို သေသေချာချာ စုံစမ်းပေမဲ့ ဘာမှ ထွက်မလာတာ၊ ဒုတိယအချက်က အိုတက်ဂယူ ကို စီအီးအိုလို့ ထင်ပြီး လူမှားဖမ်းမိသွားတာပဲ။

– (ဂျင်ရယ်ဂျွန်) အဲဒီအချိန်မှာ တကယ့် စီအီးအို ဖြစ်တဲ့ ကန်ဂျင်ဟူ ကတော့ Chrysler ကို ဝယ်ယူတာနဲ့ CarOS နဲ့ ပေါင်းစည်းတာတွေ အပါအဝင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အားလုံးကို အတည်ပြုပြီး လုပ်ဆောင်နေခဲ့တာ။ အဲဒီအလုပ်တွေ အကုန်ပြီးသွားတော့မှ သူက သူ့အလိုလို အစိုးရဥပဒေရုံးကို လမ်းလျှောက်ဝင်သွားခဲ့တာပေါ့။

– (ဂျိုဝူဂျင်) တကယ်လို့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင် နှောက်ယှက်ဖို့ ရည်ရွယ်ချက်သာ တကယ် ရှိခဲ့ရင် ဒါက တကယ်ကို ကြီးလေးတဲ့ ကိစ္စပဲ။ ဒိုင်ယန် အနိုင်ရရင်တော့ တော်သေးတာပေါ့၊ ဒါပေမဲ့ ရိုနယ် အနိုင်ရသွားရင် သမ္မတအတွက် အရမ်း နစ်နာသွားမှာ မဟုတ်ဘူးလား။

– (ဂျင်ရယ်ဂျွန်) ဟားဟား။ အတိအကျပဲ။ လုံးဝ နစ်နာမှာပေါ့။ သမ္မတက အရှုံးသမား ဖြစ်သွားမှာ

– (ဂျိုဝူဂျင်) အင်း

ဂျစ်ဂျစ်

ဗီဒီယိုကို ကြည့်ရင်း သမ္မတ ပက်ဆီဟျွန်း က အံကြိတ်နေမိတယ်။

"မအေဘေးတွေ..."

ဒီလို သာမန် အွန်လိုင်းမီဒီယာက ဒီအချက်အလက်တွေကို သူတို့ဘာသာ စုဆောင်းနိုင်လိမ့်မယ်လို့ သူ မယုံပါဘူး။ တစ်စုံတစ်ယောက်က သူတို့ကို သတင်းပေးလိုက်တာ သေချာတယ်။

အဲဒီလူက OTK Company က ဖြစ်နေမယ်ဆိုတာ မေးနေစရာတောင် မလိုပါဘူး။

ဒါက ကိုရီးယားမှာတင် ဖြစ်တဲ့ ကိစ္စဆိုရင်တော့ တော်သေးတာပေါ့။ ဒါပေမဲ့ အခုက အမေရိကန် နိုင်ငံရေး လောကထဲအထိပါ ပဲ့တင်ထပ်သွားခဲ့ပါပြီ။

K Company ကို ဝင်စီးတာနဲ့ စီအီးအိုကို ဖမ်းဆီးစစ်ဆေးတဲ့ ကိစ္စအပေါ်မှာ ဒိုင်ယန် နဲ့ ရိုနယ် တို့က ထိပ်တိုက်တွေ့နေကြပြီလေ။

'ဘယ်နေရာကနေ လွဲသွားတာလဲ'

K Company နဲ့ စပြီး ပတ်သက်ခဲ့တုန်းက အခြေအနေက ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။

ဒါပေမဲ့...

တကယ်လို့ ရိုနယ် သာ တကယ် ရွေးကောက်ခံလိုက်ရရင် ဘာတွေ ဆက်ဖြစ်လာမလဲ။

All Chapters