← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈)

OTK Company ကနေ မီဒီယာတွေကို ဝေငှလိုက်တဲ့ ဓာတ်ပုံထဲကလူတွေဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ဝန်ထမ်းတွေ ဖြစ်နေတယ်ဆိုတာ ပေါ်သွားဖို့ သိပ်မကြာလိုက်ပါဘူး။

အင်တာနက်ပေါ်မှာတော့ ဆူညံသွားတာပေါ့။

– ဒီကောင်တွေက အရပ်သားတွေကို တရားမဝင် ထောက်လှမ်းတာ နောက်တစ်ခါ ထပ်လုပ်ပြန်ပြီ။

– အရင်တုန်းကလည်း အမိခံရဖူးတာကို အခုထိ သင်ခန်းစာ မရကြသေးဘူးလား။

– တခြားလူကို လိုက်ချောင်းတဲ့လူတွေက ပြန်ပြီး အချောင်းခံလိုက်ရတာ ရယ်ဖို့ကောင်းလိုက်တာ။

– ဒီထက်ပိုပြီး ပါးပါးနပ်နပ် လုပ်သင့်တာပေါ့။ ဒီလိုမျိုးနဲ့ NIS က သူလျှိုတွေကို ဘယ်လိုဖမ်းမလဲ။

– စိတ်မပူပါနဲ့။ သူတို့က ဘယ်သူ့ကိုမဆို ဖမ်းပြီး သူလျှိုလုပ်လိုက်မှာပဲလေ။ တခြားနိုင်ငံရဲ့ တရားဝင်စာရွက် စာတမ်းတွေကို အတုလုပ်တယ်ဆိုတာ ဝန်ခံလား။ အေး... ဝန်ခံတယ်ဆိုပြီး လုပ်မှာကွ။

– ဒီကောင်တွေက ဘာမှကို မပြောင်းလဲကြတာပါလား။

– ပြောင်းလဲသွားတာ တစ်ခုတော့ ရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဝန်ကြီးချုပ်ရုံးရဲ့ ပြည်သူ့ဝန်ဆောင်မှု ကျင့်ဝတ်ထောက်ကူရေးဌာန၊ ဒီတစ်ခါတော့ NIS ပေါ့။

– NIS က ကွန်မြူနစ်တွေကို ထောက်လှမ်းတာ ဘာပြဿနာရှိလို့လဲ။

– NIS၊ ငါတို့ မင်းတို့ကို ထောက်ခံတယ်။ ရန်သူတွေကို ချေမှုန်းပစ်။

– အပေါ်က မှတ်ချက်ပေးတဲ့လူတွေကတော့ NIS ရဲ့ မှတ်ချက်ပေးတဲ့အဖွဲ့ (Comment Corps) ထဲက ဖြစ်မှာ သေချာတယ်။

– မင်းတို့က ငါတို့ကို လျစ်လျူရှုနေတာလား။

ဘယ်သူက NIS ဝန်ထမ်းတွေကို တရားမဝင် ထောက်လှမ်းဖို့အတွက် စေခိုင်းနိုင်မှာလဲ။

သူတို့က ဘယ်သူ့ဆီကို အစီရင်ခံကြတာလဲ။

– အစီရင်ခံစာတွေက ဘယ်အထိ ရောက်သွားတာလဲ။

– သမ္မတကြီးဆီအထိ ရောက်မှာ သေချာတယ် မဟုတ်လား။

– ယွန်ဆီဝန် နဲ့ ပက်ဆီဟျွန်း က ရင်းနှီးကြတယ်ဆိုတာ အားလုံးသိပြီးသားပဲလေ။

– တာဝန်ယူပါတယ်ဆိုတဲ့လူတစ်ယောက် မကြာခင် ထွက်လာလိမ့်မယ်လို့ ငါ ခံစားနေရတယ်။

– ပြီးခဲ့တဲ့တစ်ခေါက်က သမ္မတရဲ့ အလုပ်သမားရေးရာ အတွင်းရေးမှူး၊ ဒီတစ်ခါတော့ ဘယ်သူဖြစ်မလဲ။

– ဒါနဲ့ PAS ရဲ့ တကယ့်ပစ်မှတ်က ဘယ်သူလဲ။

အငြင်းပွားမှုတွေ ပျံ့နှံ့နေတုန်းမှာပဲ NIS ရဲ့ ဒုတိယညွှန်ကြားရေးမှူးက သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ရုတ်တရက် ရှေ့ထွက်လာတယ်။

ဒုတိယညွှန်ကြားရေးမှူး လီမြောင်ဟို က သတင်းထောက်တွေရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ ရပ်နေခဲ့တယ်။

"တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော့်ရဲ့ တာဝန်သိစိတ်နဲ့ အစွမ်းကုန် ကြိုးစားခဲ့တာပါ။ ကျွန်တော်ကပဲ တာဝန်ရှိတဲ့သူပါ"

သတင်းထောက်တွေကလည်း တစ်ပြိုင်ထဲ မေးခွန်းတွေ ဝိုင်းမေးကြတော့တယ်။

"ဘယ်သူက ညွှန်ကြားချက် ပေးတာလဲ"

"အိမ်ပြာတော်နဲ့ ပတ်သက်မှု ရှိလား"

"ဘာဖြစ်လို့ တရားမဝင် ထောက်လှမ်းတာတွေ လုပ်ခဲ့တာလဲ"

သူက ခိုင်မာတဲ့ မျက်နှာပေးနဲ့ အော်ပြောလိုက်တယ်။

"ကျွန်တော်ကပဲ အမိန့်ပေးခဲ့တာပါ။ အစီရင်ခံစာတွေကိုလည်း ကျွန်တော်ပဲ လက်ခံခဲ့တာ။ ဒါက တိုင်းပြည်နဲ့ ပြည်သူအတွက် သက်သက်ပါပဲ။ ကျွန်တော့်ကိုပဲ တာဝန်ယူခိုင်းကြပါ"

ကွန်ဆာဗေးတစ်(ရှေးရိုးစွဲ) မီဒီယာတွေကလည်း ဒါကို ခေါင်းကြီးပိုင်းမှာ အကျယ်တဝင့် ဖော်ပြကြတယ်။

[တရားမဝင် ထောက်လှမ်းမှုကို NIS ဒုတိယညွှန်ကြားရေးမှူး တစ်ယောက်ထဲ လုပ်ခဲ့တာဖြစ်ကြောင်း ပေါ်ထွက်လာ]

[NIS အရာရှိတွေရဲ့ သစ္စာရှိလွန်းမှုကြောင့် မှားယွင်းသွားခြင်း]

[တရားမဝင် ထောက်လှမ်းဖို့ အမိန့်ပေးတာတွေက အရင်အစိုးရလက်ထက်မှာလည်း ရှိခဲ့ဖူးတယ်]

[အိမ်ပြာတော်က ဘာအစီရင်ခံစာမှ လက်မခံခဲ့ရ]

[အတိုက်အခံပါတီတွေနဲ့ လူထုအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအရ တိုက်ခိုက်နေတာတွေကို ရပ်တန့်လိုက်ပါ]

ဒါပေမဲ့ အဲဒီစကားတွေကို ဘယ်သူမှ မယုံကြပါဘူး။

လူထုရဲ့ ဝေဖန်မှုတွေ ပြင်းထန်နေပေမဲ့လည်း အစိုးရဥပဒေရုံးဘက်ကနေ လီမြောင်ဟို နဲ့ ပတ်သက်နေတဲ့ အရာရှိတွေကိုပဲ စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပြီး အထက်လူကြီးတွေကိုတော့ ဆက်ပြီး စုံစမ်းစစ်ဆေးတာ မလုပ်တော့ဘဲ ချောင်ထိုးထားလိုက်တယ်။

ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန် ပါတီတွေရဲ့ ပဏာမရွေးကောက်ပွဲတွေအပြီး မေလမှာတော့ ယန်ဂျင်ယောင်း ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်လိုက်ကြတယ်။ အဲဒီကနေစပြီး ၆ လကြာမယ့် သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲကြီးက တဖြည်းဖြည်း စတင်လာခဲ့တယ်။

မဲဆွယ်ကာလတစ်လျှောက်လုံးမှာ အရင်က နောက်ကနေ လိုက်နေခဲ့ရတဲ့ ရိုနယ် ဟာ OTK Company က အမေရိကန် မော်တော်ကားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုက်တဲ့အချိန်မှာတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့တယ်။

အဲဒီနောက်မှာ OTK Company ဟာ ထိပ်သီးကုမ္ပဏီ သုံးခုထဲက တစ်ခုဖြစ်တဲ့ Chrysler ကို ဝယ်ယူလိုက်ပြီး သူ့ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ CarOS နဲ့ ပေါင်းစည်းလိုက်သလို ပျက်စီးယိုယွင်းနေတဲ့ ရက်စ်ဘဲ မှာလည်း စက်ရုံတစ်ရုံ တည်ဆောက်ခဲ့တယ်။

ကားတွေက ချက်ချင်း ထုတ်လုပ်လို့ မရသေးပေမဲ့ ဒေသတွင်း စီးပွားရေးကတော့ တဖြည်းဖြည်း ပြန်လည်ရှင်သန်လာခဲ့တယ်။ ပိတ်ထားတဲ့ ဆိုင်တွေ ပြန်ဖွင့်လာသလို ဆောက်လုပ်ရေး လုပ်သားတွေလည်း အလုပ်အကိုင်တွေ ပြန်ရလာကြတယ်။

ဒါကြောင့်မလို့ ရိုနယ် ရဲ့ အဲဒီဒေသမှာ ထောက်ခံမှုနှုန်းက သိသိသာသာ တက်လာခဲ့တယ်။

CNN ကတော့ သူ့ကို သမိုင်းမှာ မဲဆွယ်စရိတ် အများဆုံးသုံးတဲ့ ကိုယ်စားလှယ်လောင်းလို့ လှောင်ပြောင်ခဲ့ပေမဲ့ ရိုနယ် ကတော့ "အမေရိကန်တွေအတွက် အလုပ်အကိုင်တွေ တိုးလာဖို့ ပိုက်ဆံသုံးရတာကို ကျွန်တော် ဂုဏ်ယူပါတယ်" လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောခဲ့တယ်။

ဒိုင်ယန် ရဲ့ နောက်ဆုံး မဲဆွယ်ပွဲကတော့ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက် ပြီးရင် တတိယမြောက် မဲအများဆုံးဖြစ်တဲ့ ဖလော်ရီဒါ ပြည်နယ်မှာပါ။

(နယူးယောက်လိုပဲ မဲ ၂၉ မဲ ရှိပါတယ်)

ဒါက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ခုစလုံးမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့တဲ့ ဒေသဖြစ်ပြီး ဖလော်ရီဒါ ကိုသာ အပိုင်ရရင် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ နီးစပ်သွားမှာပါ။

ဒိုင်ယန် က သူ့ရဲ့ မဲဆွယ်ပွဲမှာ OTK Company နဲ့ ရိုနယ် ကိုပဲ အဓိက တိုက်ခိုက်ခဲ့တယ်။

"ကိုရီးယားမှာ ဘာတွေဖြစ်နေလဲဆိုတာ အားလုံး သိကြမှာပါ။ အမေရိကန်အတွက် ရင်းနှီးမြှုပ်နှံတယ်လို့ ပြောနေတဲ့ အမေရိကန်ကုမ္ပဏီ OTK ဆိုတာ တကယ်တော့ ကိုရီးယားလူမျိုးတွေ တည်ထောင်ပြီး လည်ပတ်နေတာပါ။ OTK Company ရဲ့ စီအီးအိုကလည်း အခုချိန်မှာ ကြီးလေးတဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတယ်။ ကုမ္ပဏီကလည်း အခွန်ရှောင်တဲ့ နေရာမှာ ရှိနေသလို သူ့ရဲ့ ကနဦးအရင်းအနှီးက ဘယ်ကလာလဲဆိုတာလည်း မရှင်းလင်းဘူး။ သူတို့က ဘဏ္ဍာရေးဈေးကွက်မှာ တရားမဝင်နည်းနဲ့ ရထားတဲ့ ပိုက်ဆံတွေနဲ့ ရိုနယ် ကို ကူညီနေကြတာ။ ဒါက တရားမျှတမှု မဟုတ်ပါဘူး။ ကျွန်မကတော့ အမေရိကန်ရဲ့ တရားမျှတမှုဘက်မှာ ရပ်တည်နေတာပါ"

"ကျွန်မကတော့ တည့်တည့်မတ်မတ် ရပ်တည်သွားမှာပါ။ အားလုံးနဲ့အတူ တရားမျှတတဲ့ နိုင်ငံဖြစ်အောင် လုပ်ဆောင်သွားပါမယ်။ အတူတကွ ပိုပြီး သန်မာအောင်လုပ်ကြစို့"

ဒိုင်ယန် ရဲ့ ထောက်ခံသူတွေကလည်း အော်ဟစ်အားပေးကြတယ်။

"အတူတကွ၊ ပိုပြီး သန်မာအောင် လုပ်ကြစို့ (Stronger! Together!)"

ရိုနယ် ရဲ့ နောက်ဆုံး မဲဆွယ်ပွဲအတွက် ရွေးချယ်လိုက်တဲ့ နေရာကတော့ ပင်ဆယ်လ်ဗေးနီးယား ပါ။ ထောက်ခံသူတွေကတော့ မဲဆွယ်ပွဲဆီကို တိမ်တိုက်တွေလို အုပ်စုလိုက် ရောက်လာကြတာပေါ့။

လူပေါင်း ၅ သောင်းကြားမှာ ရိုနယ် က မိုက်ကိုကိုင်ပြီး အော်ပြောလိုက်တယ်။

"OTK Company ဆိုတာ အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဒဲလားကျွန်း မှာ တည်ထောင်ထားတဲ့ အမေရိကန်ကုမ္ပဏီပါ။ ပြီးတော့ ကျွန်တော်တို့က အမေရိကန်မှာပဲ ရင်းနှီးမြှုပ်နှံနေတာလေ။ စီအီးအိုက ကိုရီးယားလူမျိုး ဖြစ်နေတာ ဘာအရေးကြီးလို့လဲ။ ဪ… သူတို့က ကိုရီးယားလူမျိုး ဖြစ်နေလို့ ခင်ဗျားတို့က စိတ်မသက်မသာ ဖြစ်နေတာလား။ ကျွန်တော့်ကို လူမျိုးရေးခွဲခြားသူလို့ စွပ်စွဲပြီးတော့ အခုကျ သူကိုယ်တိုင်က အာရှသားတွေကို မုန်းတီးနေတာပဲ"

"ဟားဟားဟား"

ထောက်ခံသူတွေကလည်း အော်ဟစ်ရယ်မောကြတယ်။

"ကိုရီးယားအစိုးရက အွန်ဆောင်း ကားတွေကို မတရားသဖြင့် အားပေးခဲ့လို့ ကျွန်တော်တို့ရဲ့ မော်တော်ကား လုပ်ငန်းတွေ ထိခိုက်ခဲ့ရတာ။ ဒီမိုကရက်တစ်ပါတီက အမေရိကန်ကို ၈ နှစ်လုံးလုံး အကြီးအကျယ် ဖျက်စီးခဲ့တယ်။ သူက စီးပွားရေး ပြန်ကောင်းအောင် လုပ်မယ်လို့ပဲ ပါးစပ်က ပြောနေတုန်းမှာ ကျွန်တော်ကတော့ အမေရိကန်တွေအတွက် အလုပ်အကိုင် ပေါင်းသိန်းချီကို ဖန်တီးပေးပြီးသား ဖြစ်နေပြီ။ ဘယ်နိုင်ငံက ကုမ္ပဏီပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အမေရိကန်မှာ စက်ရုံတွေဆောက်ပြီး အမေရိကန်တွေကို အလုပ်ပေးသရွေ့တော့ ကျွန်တော် ကြိုဆိုနေမှာပဲ"

အဲဒီမှာတင် ရိုနယ် ဟာ ကန်ဂျင်ဟူ အစိုးရဥပဒေရုံးထဲ မဝင်ခင်လေးမှာပဲ အတည်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ကြေညာလိုက်တယ်။

"ကျွန်တော်က ပင်ဆယ်လ်ဗေးနီးယား နဲ့ အိုဟိုင်းယိုး မှာ စက်ရုံအသစ်တွေဆောက်ဖို့ ဒေါ်လာ သန်း ၅ထောင် ရင်းနှီးမြှုပ်နှံပြီး အမေရိကန် အလုပ်သမားတွေကို ခန့်အပ်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။ CarOS။ ကျေးဇူးတင်ပါတယ်။ OTK Company"

"ဝိုး"

"ရိုနယ်။ ရိုနယ်"

ထောက်ခံသူတွေရဲ့ အားပေးသံတွေက မဲဆွယ်ပွဲ တစ်ခုလုံးမှာ ပြည့်နှက်သွားတော့တယ်။ ရိုနယ် ကလည်း သူ့ရဲ့ လက်ကို ဂုဏ်ယူစွာနဲ့ မြှောက်ပြလိုက်တယ်။

"ဒီမှာ ကျွန်တော်ပေးနိုင်တဲ့ ကတိက တစ်ခုထဲပါ။ အမေရိကန်ကို ပြန်ပြီး ကြီးကျယ်အောင် လုပ်မယ် (Make America Great Again) ဆိုတာပဲ"

ထောက်ခံသူတွေကလည်း တစ်စိတ်တစ်ဝမ်းထဲနဲ့ ရိုနယ် ရဲ့ မဲဆွယ်ကြွေးကြော်သံကို အော်ဟစ်လိုက်ကြတယ်။

"Make America Great Again!"

အစိုးရဥပဒေရုံးဘက်က ကြည့်မယ်ဆိုရင် အရေးကြီးဆုံးက ကန်ဂျင်ဟူ ကို စွဲချက်တင်နိုင်မလား ဆိုတာပါပဲ။

OTK Company စီအီးအိုကို စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စက ကမ္ဘာ့အဆင့် ပြဿနာတစ်ခု ဖြစ်နေပြီလေ။ တကယ်လို့ အစိုးရဥပဒေရုံးဘက်ကသာ ဒီအခြေအနေမှာ အရှုံးပေးလိုက်ရမယ်ဆိုရင် အာဏာရပါတီရဲ့ အလိုကျ အလွန်အကျွံ စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတာကို ဝန်ခံသလို ဖြစ်သွားမှာပါ။ အဲဒါကြောင့် အစိုးရဥပဒေရုံးဘက်က သူတို့ရဲ့ ဂုဏ်သိက္ခာကို အရင်းပြုပြီးတော့တောင် စွဲချက်တင်နိုင်ဖို့အတွက် အပြည့်အဝ ယုံကြည်မှု ပြသနေခဲ့တယ်။

အဓိက စွဲချက်က နှစ်ခုရှိပါတယ်။ ပထမတစ်ခုက OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးဖြစ်ပြီး ဒုတိယတစ်ခုကတော့ အတွင်းသတင်းကို သုံးပြီး ကစားတာပါ။

OTK Company က L6 အကြပ်အတည်းတုန်းက ဘဏ္ဍာရေးဈေးကွက်မှာ ပထမဆုံး ပေါ်လာခဲ့တာပါ။ သူတို့က L6 ရပ်နားလိုက်တဲ့အချိန် မတိုင်ခင်မှာတင် Stock Options နဲ့ Index Put Options တွေကို အာရုံစိုက်ပြီး ဝယ်ယူခဲ့တာကြောင့် အမြတ်အစွန်း အဆ ၅၀ ရခဲ့တာလေ။ သူတို့ရဲ့ လုပ်ရပ်က ရှုံးနိမ့်မှုရဲ့ အန္တရာယ်တွေကိုတောင် ထည့်မတွက်ဘဲ အဆင်အခြင်မဲ့ လုပ်ခဲ့တာမျိုးပေါ့။ အဲဒီလိုမျိုး ကြိုတင်သိထားတာ မရှိဘဲနဲ့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အဲဒါကြောင့် ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ငွေကြေးကြီးကြပ်ရေးအဖွဲ့ (FSS) ဆီကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အစိုးရဥပဒေရုံးဘက်ကလည်း ဒီအချက်ကိုပဲ နက်နက်ရှိုင်းရှိုင်း စုံစမ်းခဲ့တယ်။

"ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး" လို့ ဟုန်မန်ဟို က အစီရင်ခံစာကို ပြန်ပြောလိုက်တဲ့အခါ သူ တော်တော်လေး ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ အတည်ပြုချက် ရလိုက်တာကတော့ OTK Company ဟာ L6 တွေ Recall မလုပ်ခင်တုန်းကတောင် Options တွေကို ဝယ်ထားခဲ့တာပါ။

အဲဒီအချိန်တုန်းက ဆောင်း အီလက်ထရောနစ် ကိုယ်တိုင်တောင် ဘာပြဿနာမှ ရှိလာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ တကယ်လို့ သူတို့သာ သိခဲ့ရင် ပြန်သိမ်းဖို့ကို ဒီလောက် အလောတကြီး လုပ်မှာ မဟုတ်ဘူးလေ။

အဲဒီနောက်ပိုင်းမှာလည်း ထပ်ပြီး ဝယ်တာမျိုး မရှိခဲ့ဘူး။ အတွင်းလူတစ်ယောက်ယောက်က အမြတ်တွေရအောင်နဲ့ ထုတ်လုပ်မှု ရပ်နားအောင် ကြိုးကိုင်ခဲ့တာလားဆိုတဲ့ သံသယလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ရပ်နားဖို့ ဆုံးဖြတ်ချက်ကို ဒုတိယဥက္ကဋ္ဌ လင်အီကွမ် ကိုယ်တိုင်ကပဲ ချခဲ့တာဖြစ်လို့ သူက ကန်ဂျင်ဟူ နဲ့ ပေါင်းပြီး ရပ်နားအောင် လုပ်ခဲ့တယ်ဆိုတာက မဖြစ်နိုင်ပါဘူး။

OTK Company က Put Options တွေကနေ ရခဲ့တဲ့ အမြတ်က ဝမ် သန်းပေါင်း ၆သိန်း ဝန်းကျင်ပါ။ ဒါပေမဲ့ ဆောင်း အီလက်ထရောနစ် ကတော့ ပြန်သိမ်းတာနဲ့ ရပ်နားတာတွေအတွက် အဲဒီထက် ဆယ်ဆမကတဲ့ ကုန်ကျစရိတ်တွေ ရှိခဲ့တာလေ။ အတွင်းသတင်း သုံးတယ်ဆိုတဲ့ သံသယတွေကြောင့် ကုမ္ပဏီ နှစ်ခုလုံးကတော့ ထိတ်လန့်နေခဲ့ကြတယ်။ တကယ်လို့ ဒါကသာ အမှန်ဖြစ်သွားရင် ဆောင်း အီလက်ထရောနစ် ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေပြီး တစ်ကမ္ဘာလုံးကနေ သပိတ်မှောက်တာတွေနဲ့ တရားစွဲတာတွေပါ ကြုံလာရနိုင်ပါတယ်။

နောက်ဆုံးမှာတော့ အစိုးရဥပဒေရုံးဘက်ကနေ ကုမ္ပဏီတည်ထောင်တဲ့ အရင်းအနှီးကို လိုက်ရှာဖို့ပဲ အာရုံစိုက်လိုက်တယ်။ OTK ရဲ့ အမှုဆောင် အရာရှိနှစ်ယောက်စလုံးကတော့ ဒီကိစ္စမှာ ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့ကြတယ်။ တကယ်လို့ တရားမဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်တွေ ဒါမှမဟုတ် အခွန်ရှောင်တဲ့ နေရာတွေကို ပိုက်ဆံပို့တဲ့ တရားမဝင် နည်းလမ်းတွေကိုသာ တွေ့ခဲ့ရင်တော့ စွဲချက်တင်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူးလေ။

ဒါပေမဲ့...

[OTK Company ရဲ့ မူလအရင်းအနှီးက ဘန့်ကွိုင် ဖြစ်နေကြောင်း ပေါ်ထွက်လာ]

[ဒီနေ့ခေတ် OTK Company ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ ဘန့်ကွိုင်]

[အလယ်တန်းတုန်းက ရခဲ့တဲ့ ၁၁,၀၀၀ BNT နဲ့ ကမ္ဘာ့အဆင့် ကုမ္ပဏီတစ်ခု တည်ဆောက်ခဲ့တာပါတဲ့]

[Cryptocurrency ကနေ ယူဆောင်လာတဲ့ အံ့ဖွယ်ရလဒ်]

ကန်ဂျင်ဟူ က အစိုးရဥပဒေရုံးမှာ စုံစမ်းစစ်ဆေးခံနေရတဲ့ အချိန်မှာပဲ OTK Company က မီဒီယာအသီးသီးဆီကို အချက်အလက်တွေ ပို့လိုက်တယ်။

"OTK Company ကို အလယ်တန်းတုန်းက ရခဲ့တဲ့ ဘန့်ကွိုင် တွေကို ရောင်းပြီး တည်ထောင်ခဲ့တာလို့ ပြောကြတယ်"

ဟုန်မန်ဟို က ရုတ်တရက် ထရပ်ပြီး အော်လိုက်တယ်။

"ဘန့်ကွိုင် ဆိုတာ ဘာကြီးလဲ"

"ဒါက Cryptocurrency တစ်မျိုးပါ။ Blockchain လိုမျိုး တစ်ခုခုပေါ်မှာ လည်ပတ်နေတာ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလယ်တန်းတုန်းက ရခဲ့တဲ့ ဘန့်ကွိုင် တွေကို နိုင်ငံခြား Exchange တစ်ခုမှာ ရောင်းခဲ့တာလို့ ပြောကြတယ်"

"နိုင်ငံခြား Exchangeဟုတ်လား"

"အဲဒါကို Mountain Hill လို့ ခေါ်ပါတယ်။ အခုတော့ Hacking ခံရလို့ ဒေဝါလီခံသွားပါပြီ။ ဒါပေမဲ့ မီဒီယာဆီ ပို့လိုက်တဲ့ အချက်အလက်တွေအရတော့ ဒါက အမှန်ပဲ ဖြစ်နိုင်တယ်"

"ဒါ... ဒါဆိုရင် ဥပဒေဘက်ကကော"

"ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားမှာ ရောင်းပြီး နိုင်ငံခြား အကောင့်ထဲကိုပဲ ထည့်ခဲ့တာဆိုတော့ နိုင်ငံခြားငွေ လဲလှယ်ရေး စည်းမျဉ်းတွေကို အသုံးချလို့ မရတော့ဘူး။ ကျွန်တော်တို့ တခြား စွဲချက်တွေကိုပဲ ရှာရတော့မယ်"

"... "

မူလအရင်းအနှီးနဲ့ ပတ်သက်တဲ့ တရားမဝင် လုပ်ရပ်တွေကို ရှာဖို့လုပ်တာကတော့ လုံးဝကို နောက်ကျသွားခဲ့ပါပြီ။

ဒါဟာ အစိုးရဥပဒေရုံးဘက်ကနေ တင်ပြခဲ့တဲ့ အဓိက စွဲချက်တွေ အကုန်လုံးက အဓိပ္ပာယ် မရှိတော့ဘူးဆိုတဲ့ သဘောပါပဲ။ စွဲချက်တင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို ပြနေတာပေါ့။

ဟုန်မန်ဟို လည်း အားပြတ်ပြီး ထိုင်ချလိုက်မိတယ်။

"ပြီးသွားပြီ"

ကန်ဂျင်ဟူ နဲ့ သွားတွေ့ခဲ့တဲ့ ရှေ့နေ ပြန်ရောက်လာတယ်။

"သူ ဘာပြောလိုက်လဲ"

ပတ်ဆန်းယော့ ရဲ့ မေးခွန်းကို ရှေ့နေက သူ့ရဲ့ စကားတွေကို ပြန်ပြောပြလိုက်တယ်။

"ဘာမှ မပြောင်းလဲဘူး။ ဒါကြောင့် အစီအစဉ်အတိုင်းပဲ ဆက်လုပ်ပါတဲ့"

ဘယ်သူက နောက်ထပ် အမေရိကန် သမ္မတ ဖြစ်လာမလဲဆိုတာက ကမ္ဘာ့စီးပွားရေးနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတာပါ။ တစ်ခုခုကြောင့် ကန်ဂျင်ဟူ က အစကတည်းက ရိုနယ် ကို ထောက်ခံခဲ့တာပါ။ ငွေကြေးအရ ကူညီရုံတင် မဟုတ်ဘဲ ကန်ဂျင်ဟူ က ရိုနယ် နဲ့ လက်ဆွဲနှုတ်ဆက်ပြီး အမေရိကန် ကားဈေးကွက်မှာ ဒေါ်လာ သန်းပေါင်း ၂သောင်းခွဲ ရင်းနှီးမြှုပ်နှံခဲ့တာလေ။

တကယ်လို့ ရိုနယ် သာ သမ္မတ ဖြစ်လာခဲ့ရင် သူက အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုကို ပြန်လည်ရှင်သန်အောင် လုပ်မယ်လို့ ကြွေးကြော်နေတာကြောင့် အကြီးအကျယ် အားပေးကူညီမှုတွေ ရလာနိုင်တာပေါ့။

တစ်ဖက်မှာလည်း ဒိုင်ယန် သာ သမ္မတ ဖြစ်လာရင်တော့ အခြေအနေက သိပ်ကောင်းမှာ မဟုတ်ပါဘူး။ ရိုနယ် ရဲ့ အရှိန်အဟုန်တွေက ရှိနေပေမဲ့လည်း အခြေအနေကတော့ ဒိုင်ယန် ဘက်မှာပဲ ရှိနေတုန်းပါ။ နောက်ဆုံး လူထုစစ်တမ်းတွေအရ ဒိုင်ယန်က အသာစီးရနေပြီး မဲ ၃၀၀ ကနေ ၃၃၀ ကြား ရမယ်လို့ ခန့်မှန်းထားကြတာပါ။

ဒါပေမဲ့ ကန်ဂျင်ဟူ ကတော့ ရိုနယ် ပဲ သမ္မတ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားတုန်းပါပဲ။ နည်းနည်း စိတ်မအေးဖြစ်နေပေမဲ့ ကန်ဂျင်ဟူ က အရင်ကလည်း တစ်ခါမှ မမှားခဲ့ဖူးဘူးလေ။

အဲဒီနေရာမှာ ရှိနေတဲ့လူတွေထဲက တစ်ယောက်ထဲပဲ ဒီလို ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကို သိနေခဲ့တယ်။

"ဂျင်ဟူ ပြောတဲ့အတိုင်းပဲ လုပ်ကြစို့"

အိုဟျွန်းဂျူး ရဲ့ စကားကို အိုတက်ဂယူ က ခေါင်းညိတ်လိုက်တယ်။

"ဒီတစ်ခါတော့ Golden Gate ကလည်း ကူညီပေးလိမ့်မယ်"

"Golden Gate လည်း ပါမှာလား"

"ဌာနချုပ်ကနေ အမိန့်ကျလာပြီလေ"

အမိန့်ပေးခဲ့တဲ့လူကတော့ တခြားသူမဟုတ်ဘဲ စီအီးအို ဂျိန်း စီ ဂိုးမန်းပါပဲ။

Golden Gate က အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေအပေါ် မူတည်ပြီး ကမ္ဘာ့စီးပွားရေးကို ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတဲ့ အခြေအနေတွေကို အသေးစိတ် အစီရင်ခံစာတွေ ပြင်ဆင်ထားခဲ့တယ်။

တကယ်လို့ ဒိုင်ယန် သာ နိုင်ခဲ့ရင်တော့ သူက အခုအစိုးရရဲ့ မူဝါဒတွေကိုပဲ ဆက်လုပ်သွားမှာဖြစ်လို့ အပြောင်းအလဲ အကြီးကြီး ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရိုနယ် သာ နိုင်သွားရင်တော့ Brexit (ဗြိတိန် ဥရောပသမဂ္ဂမှ ထွက်ခွာခြင်း) ပြီးရင် နောက်ထပ် အကြီးမားဆုံး တုန်လှုပ်စရာတစ်ခု ဖြစ်လာဦးမှာပါ။ ရိုနယ် ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ကာကွယ်ရေး မူဝါဒတွေက ကိုရီးယားဈေးကွက် အပါအဝင် ထွန်းသစ်စ ဈေးကွက်တွေရဲ့ စတော့တွေနဲ့ ငွေကြေးတွေအပေါ်မှာ သက်ရောက်မှု ရှိလာမှာ သေချာတယ်လေ။

တကယ်လို့ ကမ္ဘာ့ရန်ပုံငွေတွေက စိတ်ချရတဲ့ ပိုင်ဆိုင်မှုတွေဆီ ပြောင်းသွားမယ်ဆိုရင် ရွှေနဲ့ ယန်းငွေတွေက တက်လာဖို့ ရှိတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာတော့ Bitcoin လိုမျိုး Cryptocurrency တွေကလည်း ဒီအုပ်စုထဲမှာ ပါဝင်လာခဲ့ပြီ။

ကမ္ဘာ့စီးပွားရေးမှာ တုန်လှုပ်စရာတွေ ဖြစ်လာတိုင်း Cryptocurrency တွေက အကြီးအကျယ် ထိုးတက်လေ့ ရှိတာပါ။ Brexit ပြီးတဲ့နောက်မှာ K Company က Cryptocurrency တွေမှာ ရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ တိုးမြှင့်ခဲ့သလို နိုင်ငံခြားမှာလည်း Mining စက်ရုံတွေ တည်ဆောက်ခဲ့တယ်။

OTK Company၊ K Company နဲ့ Golden Gate တို့ဟာ ထွန်းသစ်စ ဈေးကွက်တွေရဲ့ စတော့တွေနဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွေမှာ Short Positions (ဈေးကျရင် အမြတ်ရမယ့်ဘက်) တွေကို ပြင်ဆင်ထားခဲ့ကြတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ ပွဲကြီးဖြစ်တာကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံက ဒီမှာပဲ ရှိနေခဲ့တယ်။ အမေရိကန် ပြည်သူတွေကလည်း သူတို့ ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ မဲရုံတွေဆီကို အုပ်စုလိုက် သွားခဲ့ကြတယ်။ မဲရုံတွေ ပိတ်တာနဲ့ မဲရေတွက်တာတွေ ချက်ချင်း စတင်ခဲ့တယ်။

သမ္မတ ပက်ဆီဟျွန်း ကတော့ အခြေအနေ မကောင်းတဲ့ အထဲမှာ ရှိနေတယ်။ ပင်မမီဒီယာတွေက သူ့ကို အကောင်းတွေ ရေးပေးနေကြပေမဲ့လည်း ပြည်သူတွေရဲ့ ဝေဖန်မှုကတော့ လျော့ကျသွားမယ့် အရိပ်အယောင် မရှိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒိုင်ယန် သာ နိုင်သွားရင်တော့ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေကို ပြန်ထိန်းနိုင်ပြီး အကြပ်အတည်းကို ကျော်လွှားနိုင်လိမ့်မယ်။ ကန်ဂျင်ဟူ နဲ့ OTK Company ကို နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကတော့ အချိန်ယူပြီး သေသေချာချာ စဉ်းစားလို့ ရတာပဲလေ။

သမ္မတ ပက်ဆီဟျွန်း က မဲရေတွက်မှု ထုတ်လွှင့်နေတာကို အေးအေးဆေးဆေး ကြည့်နေခဲ့တယ်။ အဲဒီအချိန်မှာ သူ့ခေါင်းထဲ မေးခွန်းတစ်ခု ရုတ်တရက် ပေါ်လာတယ်။

"ဘာဖြစ်လို့ ကန်ဂျင်ဟူ က ရိုနယ် ကို ထောက်ခံခဲ့တာလဲ"

အစကတည်းက ရိုနယ် အနိုင်ရဖို့ အခွင့်အလမ်းက သိပ်မရှိပါဘူး။ အခုချိန်မှာလည်း လူထုစစ်တမ်းတွေ အကုန်လုံးနီးပါးက ဒိုင်ယန် အနိုင်ရမယ်လို့ ခန့်မှန်းနေကြတာလေ။

ဒါပေမဲ့...

အရင်တုန်းကကိစ္စတွေကို ပြန်စဉ်းစားကြည့်ရင် Brexit တုန်းကလည်း ဒီလိုပါပဲ။ လူတိုင်းက ဥရောပသမဂ္ဂထဲမှာပဲ ဆက်နေမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ကန်ဂျင်ဟူ ကတော့ ဆန့်ကျင်ဘက်ကို ရွေးခဲ့တာလေ။ Brexit မတိုင်ခင်ကလည်း အဲဒီလိုပါပဲ။

သူ့ရဲ့ ခန့်မှန်းချက် အားလုံးက မှန်ကန်ခဲ့ပြီး အဲဒီကျေးဇူးကြောင့်ပဲ OTK Company ဟာ အဆမတန်များပြားတဲ့ ကိန်းဂဏန်းတွေလောက်အထိ များပြားတဲ့ ပိုက်ဆံတွေကို ရခဲ့တာပါ။

သမ္မတ ပက်ဆီဟျွန်း စိုးရိမ်စိတ်တွေ ဝင်လာခဲ့တယ်။

"... ဒီတစ်ခါလည်း ထပ်မှန်ဦးမှာလား"

All Chapters