အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉)
အစိုးရဥပဒေရုံးဘက်ကနေ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ ဥက္ကဋ္ဌကို စုံစမ်းစစ်ဆေးတယ်ဆိုတာက ဖြစ်နေကျကိစ္စတစ်ခုပါပဲ။ အဲဒီလိုမျိုး အစစ်ဆေးမခံရတာကမှ ထူးဆန်းတဲ့ကိစ္စ ဖြစ်နေတာပါ။
ကိုရီးယားရဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းစု ၁၀ ခုထဲမှာ ရာဇဝတ်မှုမှတ်တမ်း မရှိတဲ့ဥက္ကဋ္ဌ ဘယ်နှယောက်ရှိမယ် ထင်လဲ။
ဒါပေမဲ့ စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌတွေ အကြာကြီး အဖမ်းခံနေရရင် ကိုရီးယားစီးပွားရေး ခက်ခဲသွားနိုင်တာကြောင့် များသောအားဖြင့်တော့ ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး ဆိုင်းငံ့ပြစ်ဒဏ် ၅ နှစ်လောက်ပဲ ပေးလေ့ရှိကြတယ်။
အစိုးရဥပဒေရုံးဘက်ကလည်း အဲဒီလောက်အထိပဲ စွဲချက်တင်ပြီး တရားရုံးကလည်း အဲဒီအတိုင်းပဲ ဆုံးဖြတ်ပေးတာပါ။
အလွဲသုံးစားလုပ်ထားတဲ့ ပမာဏက အရမ်းများနေရင်တော့ ဥပဒေအရ အပြစ်ပေးဖို့လိုတာကြောင့် ထောင်ထဲမှာ အပြစ်ဒဏ်ခံရတာမျိုးတွေတော့ ရှိတတ်ပါတယ်။
အဲဒီလိုဆိုရင်လည်း များသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးတတ်ကြတာပဲလေ။ SSK Group ဥက္ကဋ္ဌ ချဲထယ်အန် ဆိုရင်လည်း ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကပဲ သမ္မတရဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တာပါ။
OTK Companyကျတော့ တိုက်ရိုက် မလည်ပတ်ဘူးဆိုပေမဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတွေ အများကြီး ရှိပါတယ်။ အခု ပါဝင်ပတ်သက်နေတဲ့ နယ်ပယ်တွေဆိုရင် ဘဏ္ဍာရေး၊ မော်တော်ကား၊ ဖျော်ဖြေရေး၊ Cryptocurrency၊ အွန်လိုင်းအရောင်းအဝယ်၊ ဂိမ်း၊ လူကြီးဖျော်ဖြေရေး အစရှိသဖြင့်ပေါ့။
OTK Companyက စီးပွားရေးလုပ်ငန်းစုကြီးတွေလိုပဲ လုပ်ငန်းတွေကို ချဲ့ထွင်နေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း OTK Group ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာဆိုတော့ တစ်နေ့ကျရင် အစိုးရဥပဒေရုံးဘက်ကနေ စုံစမ်းစစ်ဆေးခံရနိုင်တယ်လို့ ကြိုတွေးထားမိပါတယ်။
"ဒီလောက်အထိ စောစောစီးစီး ဖြစ်လာလိမ့်မယ်လို့တော့ မထင်ထားမိဘူး"
အစိုးရဥပဒေရုံးထဲ ရောက်သွားပြီးတဲ့နောက် စားတာနဲ့ အမေးမြန်းခံရတာကလွဲရင် ဘာမှလုပ်စရာ မရှိပါဘူး။ ဒီမှာက ဖုန်း ဒါမှမဟုတ် အင်တာနက်လည်း သုံးလို့မရဘူးလေ။
တစ်ချိန်လုံး အလုပ်တွေရှုပ်နေခဲ့ပြီးမှ ရုတ်တရက် ဘာမှလုပ်စရာ မရှိတော့တာက ခံစားရတာ တစ်မျိုးကြီးပဲ။ အလုပ်မလုပ်ရလို့ စိုးရိမ်စိတ်ဝင်နေတာဆိုတော့ ကျွန်တော်လည်း အစ်မ ဟျွန်းဂျူးလို အလုပ်ကိုပဲ စွဲလမ်းတဲ့သူ ဖြစ်နေပြီလား။
ဒီအချိန်အတွင်းမှာ ဖြစ်ခဲ့သမျှ အကုန်လုံးကို ကျွန်တော် ပြန်တွေးကြည့်နေမိတယ်။
အခုထိတော့ ကျွန်တော့်အတွက် ဒါက တကယ်ကြီး ဖြစ်နေတယ်လို့ မခံစားရသေးဘူး။
အနာဂတ်အလားအလာ အနည်းငယ်ကို မြင်လိုက်ရုံနဲ့ ဒီအခြေအနေအထိ ရောက်လာတာက မယုံနိုင်စရာပါပဲ။ စစ်တပ်က ထွက်လာတုန်းက ပိုက်ဆံ တစ်ပြားမှ မရှိခဲ့ပေမဲ့ အခုတော့ ဝမ် သန်းပေါင်း ၅ကုဋေကျော် တန်ဖိုးရှိတဲ့ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်နေပြီလေ။
ဒါပေမဲ့ သွားဖို့လမ်းက အဝေးကြီး ကျန်ပါသေးတယ်။ အွန်ဆောင်း မော်တာ နဲ့ ကစားပွဲက အခုမှ စတာပါ။
"စဉ်းစားကြည့်လိုက်မှ..."
မဲရေတွက်တာတွေ စတော့မယ့် အချိန်ရောက်ပြီ ထင်တယ်။
Brexit တုန်းကလောက်တော့ ကျွန်တော် မရင်ခုန်တော့ပါဘူး။
အဲဒီတုန်းကတော့ အရာအားလုံးကို ပုံအောပြီး လောင်းကြေးထပ်ခဲ့ရတဲ့ လောင်းကစားကြီး ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ ဒီတစ်ခါတော့ အဲဒီလောက်အထိ အစွန်းမရောက်ပါဘူး။ ဒိုင်ယန် သာ ရွေးကောက်ခံရရင်တောင် အခြေအနေက အဆိုးဆုံး ဖြစ်မသွားနိုင်ဘူးလေ။ ကျွန်တော့်ဘက်က ပိုက်ဆံ နည်းနည်းရှုံးနိုင်ပြီး အနာဂတ်မှာ ကိစ္စတွေ နည်းနည်း ရှုပ်ထွေးသွားရုံပါပဲ။
လုပ်ရပ်တိုင်းမှာ သူ့ရလဒ်နဲ့သူ ရှိတာပဲလေ။
များသောအားဖြင့် လူတွေက အကြောင်းရင်းကို အရင်ရှာပြီးမှ ရလဒ်ကို ဖော်ထုတ်ကြတာ။ ဒါပေမဲ့ ကျွန်တော်ကတော့ မတူဘူး။ ကျွန်တော်က ရလဒ်ကို အရင်တွေ့ပြီးမှ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကို ပြောင်းပြန် ပြန်ပြီး ဆန်းစစ်ခဲ့တာပါ။
ရိုနယ် နဲ့ ပထမဆုံးတွေ့တုန်းက အမှတ်ရမိပါတယ်။ သူက စကားကို ခပ်ပြတ်ပြတ် ပြောတတ်တဲ့ ပုံစံရှိပေမဲ့ အံ့သြစရာကောင်းတာက သူပြောတဲ့ တချို့အချက်တွေက အဓိပ္ပာယ်ရှိနေတာပါပဲ။
ဘဏ္ဍာရေး အကြပ်အတည်းကနေ ပြန်လည်နာလန်ထူလာတဲ့ ဘဏ္ဍာရေးနဲ့ အိုင်တီ လုပ်ငန်းတွေနဲ့ မတူဘဲ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကတော့ ဆက်တိုက် ဆုတ်ယုတ်လာခဲ့တာလေ။
လတ်တလော စီးပွားရေး တိုးတက်မှုနှုန်းက ၃ ရာခိုင်နှုန်းအထိ ရောက်နေပြီး စတော့ဈေးတွေနဲ့ မြို့ပြ အိမ်ခြံမြေဈေးတွေ တက်နေပေမဲ့ အလုပ်သမားတွေကတော့ ဒါတွေရဲ့ အကျိုးကျေးဇူးကို မခံစားရသလောက်ပါပဲ။
White-collar အလုပ်သမားတွေကိုပဲ အဓိက ကိုယ်စားပြုတဲ့ အထက်တန်းလွှာ နိုင်ငံရေးသမား ဒိုင်ယန် နဲ့ မတူဘဲ ရိုနယ် ကတော့ အပယ်ခံလူတန်းစားတွေရဲ့ ခံစားချက်ကို နက်နက်နဲနဲ တူးဖော်ခဲ့တယ်။
အမေရိကန် လူဖြူတွေရဲ့ လူ့အဖွဲ့အစည်းကနေ အပယ်ခံရမှာကို စိုးရိမ်နေတဲ့ စိတ်ကို သူက ပါးပါးနပ်နပ် အသုံးချခဲ့တာပါ။ အဲဒီအတွက်ကြောင့် သူက တရားမဝင် ဝင်ရောက်လာသူတွေကို မူးယစ်ဆေးသမားတွေ၊ ရာဇဝတ်သားတွေ ဒါမှမဟုတ် အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်ပြီး အများပြည်သူရဲ့ ရန်သူအဖြစ် ဖန်တီးခဲ့တယ်။
ဒါက အမှန်လား၊ အမှားလား ဆိုတာက အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က လူဖြူတွေရဲ့ အလုပ်အကိုင်တွေကို လုယူနေတဲ့ လူဆိုးတွေအဖြစ် မြင်ခံခဲ့ရတာလေ။
ရိုနယ် က တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးဖို့အတွက် မက္ကဆီကို နယ်စပ်တစ်လျှောက်မှာ ကြီးမားပြီး လှပတဲ့ တံတိုင်းကြီး တစ်ခုကို ဆောက်ပေးမယ်လို့ ကတိပေးခဲ့တယ်။
ဒါက အလကားကတိတွေလို့ ထင်ရပေမဲ့ အဲဒီနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ နိုင်ငံရေး တွက်ချက်မှုတစ်ခု ရှိနေပါတယ်။
လူမည်း ဒါမှမဟုတ် တခြားလူမျိုးစု အများစုက ဒီမိုကရက်တစ်ပါတီကို ထောက်ခံကြတာပါ။ ဒါကြောင့် သူတို့ကို ရန်သူအဖြစ် သတ်မှတ်လိုက်တာက ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဒိုင်ယန် ကိုပဲ မဲပေးကြမှာမလို့လေ။
စိတ်ဝင်စားဖို့ကောင်းတာက သူတို့ထဲက တချို့ကလည်း ရိုနယ် ကို ထောက်ခံကြတာပါပဲ။
ရိုနယ် က အနာဂတ်မှာ တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို တားဆီးဖို့ပဲ ကတိပေးခဲ့တာဖြစ်ပြီး အခြေချနေထိုင်ပြီးသား (မဲပေးခွင့်ရှိတဲ့) တရားဝင် ဝင်ရောက်လာသူတွေကို နှင်ထုတ်ဖို့ မဟုတ်ပါဘူး။ တကယ်လို့ တရားမဝင် ဝင်ရောက်လာသူတွေသာ အလုံးအရင်းနဲ့ ဝင်လာရင် ဘယ်သူတွေက အန္တရာယ်အရှိဆုံး ဖြစ်မလဲ။ အဲဒါက အရင်ဆုံး ရောက်ရှိပြီး အခြေချနေထိုင်နေတဲ့ လူမျိုးစုတွေကိုပဲ ထိခိုက်မှာ သေချာတယ်လေ။
ရိုနယ် က ဒေါသတွေနဲ့ အားကိုးရာမဲ့ ဖြစ်နေတဲ့သူတွေကို သူတို့ ကြားချင်တဲ့ စကားတွေပြောပြီး နှစ်သိမ့်ပေးခဲ့တယ်။ ဒါက ဆဲဆိုတာပဲဖြစ်ဖြစ်၊ ရိုးရိုးပြောတာပဲဖြစ်ဖြစ် သိပ်အရေးမကြီးပါဘူး။
ဒိုင်ယန် က ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူမှုဖူလုံရေး စတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ပန်းတိုင်တွေကို ပြောနေချိန်မှာ ရိုနယ် ကတော့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့နဲ့ အခွန်လျှော့ပေါ့ပေးဖို့ကိုပဲ တည့်တည့်မတ်မတ် အာရုံစိုက်ခဲ့တယ်။
ဒီလို ကွဲပြားမှုတွေက ဘယ်လိုရလဒ်တွေ ယူဆောင်လာမလဲ။ နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်ရင် ခန့်မှန်းချက်တွေ မှန်မမှန် သိရတော့မှာပါ။
မဲရေတွက်တာတွေ စတင်နေပါပြီ။
ဒိုင်ယန် က ကယ်လီဖိုးနီးယားနဲ့ နယူးယောက်မှာ ရှိတဲ့ မဲအမြောက်အမြားကို အပိုင်ရပြီး အေးအေးဆေးဆေး စတင်နိုင်ခဲ့တယ်။ တစ်ခုပြီးတစ်ခု၊ အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်း ဒေသတွေမှာ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုတဲ့ အပြာရောင်တွေ ဖုံးလွှမ်းသွားခဲ့တယ်။
တစ်ဖက်မှာလည်း ရိုနယ် က တက္ကဆက် ကနေ ဒုတိယမြောက် မဲအများဆုံးကို ရရှိခဲ့တယ်။ ဒိုင်ယန် က ကမ်းရိုးတန်းဒေသတွေကို အပြာရောင် ခြယ်သနေချိန်မှာ ရိုနယ် ကတော့ ကုန်းတွင်းပိုင်း ဒေသတွေကို အနီရောင် ချယ်သနေခဲ့တာပါ။
မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီထရိုက် ရှိတဲ့ မစ်ရှီဂန် မှာ အနီရောင်တွေ လင်းလာခဲ့တယ်။ ဒါပေမဲ့ အီလီနွိုက် မှာ အပြာရောင် လင်းလာတဲ့အခါမှာတော့ ဒီမိုကရက်တစ်ပါတီဆီကနေ အားပေးသံတွေ ထွက်ပေါ်လာခဲ့တယ်။
"ယေး"
ဒိုင်ယန် လည်း သက်ပြင်းချနိုင်သွားခဲ့တယ်။ ရတ်စ်ဘဲ ထဲက နေရာအနည်းငယ်လောက်မှာ အနိုင်ရရုံနဲ့တင် လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ကို ကျော်ဖြတ်နိုင်တော့မှာလေ။
မွန်းလွဲပိုင်းလောက်ဆိုရင် ရလဒ်တွေ ထွက်လာတော့မှာပါ။
CNN က ဒိုင်ယန် အနိုင်ရဖို့ သေချာသလောက် ရှိနေပြီလို့ သတင်းထုတ်ပြန်လိုက်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲ စခန်းမှာလည်း အားလုံး အနိုင်ရသွားသလို ခံစားနေကြရပါပြီ။
ဒိုင်ယန် က သူ့ရဲ့ ခံစားချက်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ဂျိုအယ် ကို တိုးတိုးလေး မှာလိုက်တယ်။
"နိုင်ပွဲရ မိန့်ခွန်းကို နောက်တစ်ခေါက် ပြန်စစ်ဆေးပေးပါဦး"
ဂျိုအယ် က ခေါင်းညိတ်လိုက်တယ်။
"နားလည်ပါပြီ"
တစ်ကမ္ဘာလုံးက ဘဏ္ဍာရေး အဖွဲ့အစည်းတွေကလည်း ရွေးကောက်ပွဲ ထုတ်လွှင့်မှုကို ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။
ဒိုင်ယန် ရဲ့ အောင်ပွဲက သေချာသလောက် ရှိနေပြီဆိုတော့ အားလုံးက ပျော်နေကြတာပေါ့။ စတော့ဈေးကွက်ကလည်း ဆက်တိုက် တက်နေသလို နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ကလည်း တည်ငြိမ်တဲ့ အလားအလာကို ပြသနေခဲ့တယ်။
အိုဟျွန်းဂျူး ကတော့ မော်နီတာကနေ မျက်တောင်မခတ်တမ်း ကြည့်ရင်း တစ်ကမ္ဘာလုံးက စတော့ဈေးကွက်တွေနဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်တွေကို စောင့်ကြည့်နေခဲ့တယ်။
"ရွေးကောက်ပွဲ ဘယ်လိုနေလဲ"
ဟင်နရီ က CNN ရဲ့ ရွေးကောက်ပွဲ သတင်းတွေနဲ့ Golden Gate ကနေ ရလာတဲ့ အချိန်နဲ့တစ်ပြေးညီ အချက်အလက်တွေကို လှည့်ကြည့်လိုက်တယ်။
"အီလီနွိုက် က ဒိုင်ယန် ဘက်ကို ပါသွားပြီ"
အယ်လီ ကလည်း ချက်ချင်း ထပ်ပြောတယ်။
"အော်ရီဂွန် နဲ့ ဝါရှင်တန် လည်း ပါသွားပြီ။ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံး အပြာရောင် ဖြစ်သွားပြီ"
ဒါက ဝင်ငွေမြင့်မားတဲ့ နေရာတွေနဲ့ လူဦးရေ ထူထပ်တဲ့ နေရာတွေက ဒီမိုကရက်တစ်ပါတီကို ထောက်ခံတတ်ကြတယ်ဆိုတဲ့ လူထုစစ်တမ်းတွေကို ထင်ဟပ်နေတာပါ။
"ရတ်စ်ဘဲ ကော ဘာဖြစ်နေလဲ"
"ဒီမိုကရက်တစ်ပါတီက ပြည်နယ်အနည်းငယ်မှာ ဦးဆောင်နေပေမဲ့ မဲအရေအတွက်က အရမ်းကို ကပ်နေတယ်"
ဝါရှင်တန်ဒီစီ ဒါမှမဟုတ် ဝိုင်အိုမင်း လိုမျိုး မဲအရေအတွက် ကွာခြားချက် ကြီးမားတဲ့ နေရာတွေမှာတော့ မဲရေတွက်ပြီး တစ်နာရီအတွင်းမှာတင် ရလဒ် ထွက်လာတတ်ပါတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာတွေမှာတော့ မဲရေတွက်တာ ပြီးတဲ့အထိ စောင့်ကြည့်ရမှာပါ။
OTK Company က ဒေါ်လာ သန်းပေါင်း ၂သောင်းခွဲ ရင်းနှီးမြှုပ်နှံထားခဲ့ပေမဲ့ လက်ထဲမှာလည်း ဒေါ်လာ သန်း ၅ထောင်ကျော် ပိုနေပါသေးတယ်။ K Company ဆီမှာလည်း ဒေါ်လာ သန်း ၄သောင်း ရှိနေခဲ့တာပါ။
အခြား အာမခံကုမ္ပဏီတွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေနဲ့ Hedge Funds တွေက တစ်ဖက်တည်းကို ပုံအောဖို့ သတိထားနေကြပေမဲ့ ဒီရလဒ်ကြောင့် ခဏတာ ဈေးတက်နေတာ (Relief Rally) ကိုတော့ ပျော်နေကြပါတယ်။
တစ်ဖက်မှာလည်း OTK Company ကတော့ ဆန့်ကျင်ဘက် အနေအထားမှာ အကွက်ချပြီးသားပါ။
အခုချိန်မှာ K Company က အရောင်းအဝယ်တွေကို ကိုင်တွယ်နေတာပါ။ ပတ်ဆန်းယော့ က ဈေးတက်နေတဲ့ အခွင့်အရေးကို သုံးပြီး ရောင်းမယ့် အော်ဒါတွေကို ဆက်တိုက် တင်နေခဲ့တယ်။ အိုဟျွန်းဂျူး ကတော့ မျက်မှောင်ကြုတ်ပြီး စီးကရက် တစ်လိပ် မီးညှိလိုက်တယ်။
"ဂျင်ဟူ ဆီကို ဆက်သွယ်လို့ မရတာက တကယ် စိတ်ပျက်ဖို့ကောင်းတယ်"
အိုတက်ဂယူ ကတော့ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တယ်။
"စိတ်ပူနေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ရိုနယ် က သမ္မတ ဖြစ်လာမှာပဲလေ"
"နင်က ဘာလို့ အဲဒီလို ထင်ရတာလဲ"
"အစ်မကြီးသာ သူ့ကို တိုက်ရိုက်တွေ့ဖူးရင် ဒီလိုပဲ ထင်မှာပါ။ သူက သာမန်လူတော့ မဟုတ်ဘူး"
အိုဟျွန်းဂျူး ခေါင်းညိတ်လိုက်တယ်။
"အဲဒါတော့ ဟုတ်ပါတယ်"
ပထမဆုံးအနေနဲ့ သူသာ သာမန်လူဆိုရင် ဒီအခြေအနေအထိ ရောက်လာမှာ မဟုတ်ဘူးလေ။
ဟင်နရီ က အလောတကြီး အော်ပြောလိုက်တယ်။
"ရိုနယ် က ဝစ္စကွန်းဆင်း နဲ့ ပင်ဆယ်လ်ဗေးနီးယား မှာ ဦးဆောင်နေပြီဗျ"
"ဘာ"
အိုဟျွန်းဂျူး က တီဗွီဆီကို မျက်လုံးလှည့်ကြည့်လိုက်တယ်။ ရွေးကောက်ပွဲ ထုတ်လွှင့်ပေးနေတဲ့ သတင်းတင်ဆက်သူ ကိုယ်တိုင်တောင် ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံပါပဲ။ ခုနကတင် ဒိုင်ယန် အနိုင်ရတော့မယ်လို့ ယုံကြည်မှုအပြည့်နဲ့ သတင်းတင်ပြနေခဲ့ကြတာလေ။
အယ်လီ ကလည်း အံ့သြတကြီးနဲ့ အော်ပြောတယ်။
"နေပါဦး။ ဖလော်ရီဒါ လည်း ရလဒ်တွေက ပြောင်းပြန် ဖြစ်သွားပြီ"
အိုဟျွန်းဂျူး က မော်နီတာဆီကို ပြန်ကြည့်လိုက်တယ်။ တည်ငြိမ်စွာ တက်နေတဲ့ ကမ္ဘာ့စတော့ဈေးကွက်က တစ်ခဏချင်းမှာပဲ ထိုးကျသွားတော့တယ်။
အိုတက်ဂယူ ကတော့ ရယ်မောရင်း ပြောလိုက်တယ်။
"တွေ့လား။ ဂျင်ဟူ ပြောတာ မှန်နေတယ်"
ရတ်စ်ဘဲ တစ်ခုလုံး အနီရောင် ပြောင်းသွားပါပြီ။
မစ်ရှီဂန် က ရိုနယ် ဘက် ပါသွားမယ်ဆိုတာ သူတို့ သိပြီးသားပါ။ ပင်ဆယ်လ်ဗေးနီးယား ဒါမှမဟုတ် အိုဟိုင်းယိုး လည်း ပါသွားနိုင်တယ်လို့ ထင်ခဲ့ကြတယ်။ ရတ်စ်ဘဲ ပြည်နယ် အနည်းငယ် ပြောင်းလဲသွားရင်တောင် အလုံးစုံ အလားအလာကို မထိခိုက်နိုင်ဘူးလို့ ယူဆခဲ့ကြတာပါ။
ဒါပေမဲ့...
အီလီနွိုက် တစ်ခုပဲ ကျန်ခဲ့ပြီး ကျန်တဲ့နေရာတွေ အကုန်လုံး ရှုံးသွားခဲ့ပြီ။ ဒီမိုကရက်တွေဟာ အိုဟိုင်းယိုး၊ ပင်ဆယ်လ်ဗေးနီးယား၊ ဝစ္စကွန်းဆင်း နဲ့ အင်ဒီယားနား တို့မှာ ရှုံးနိမ့်သွားခဲ့တယ်။ ဒီနေရာ အများစုက အရင်က ဒီမိုကရက်တစ်ပါတီကို ထောက်ခံခဲ့တဲ့ နေရာတွေလေ။
အကုန်လုံး ပြီးမသွားသေးပါဘူး။ ဒိုင်ယန် က မျှော်လင့်ချက် အနည်းငယ်နဲ့ ရွေးကောက်ပွဲ သတင်းကို စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး တိုက်ပွဲနယ်မြေဖြစ်တဲ့ ဖလော်ရီဒါ တောင်မှ ရိုနယ် လက်ထဲကို အလွယ်တကူ ပါသွားတဲ့အခါမှာတော့ မျှော်လင့်ချက် မီးစလေးက ငြိမ်းသွားခဲ့ပါပြီ။
ရိုနယ် က လိုအပ်တဲ့ ၂၇၀ ကို အလွယ်တကူ ကျော်ဖြတ်ပြီး မဲ ၃၀၆ မဲ ရရှိခဲ့ချိန်မှာ ဒိုင်ယန် ကတော့ ၂၃၂ မဲနဲ့ပဲ ကျန်ရစ်ခဲ့တယ်။ ဒိုင်ယန် က မဲ ၃၀၀ ကျော်နဲ့ နိုင်မယ်ဆိုတဲ့ လူထုရဲ့ အမြင်က လုံးဝကို မှားသွားခဲ့တာပါ။
ဒါက လုံးဝကို အပြတ်အသတ် ရှုံးနိမ့်မှုပါပဲ။
တစ်ယောက်ယောက်က မယုံနိုင်သလိုနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
"ဒါက မဖြစ်နိုင်တာကြီး..."
ယုတ္တိဗေဒအရတော့ ဒါက မဖြစ်နိုင်ပါဘူး။
ဒါကို အံ့ဖွယ်ကိစ္စတစ်ခုလို့ ပြောတာကလွဲရင် တခြား ရှင်းပြစရာ နည်းလမ်း မရှိတော့ဘူးလေ။
လုံးဝ မမျှော်လင့်ထားတဲ့ ရလဒ်တွေကြောင့် မဲဆွယ်စခန်း တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။
တကယ်တော့ သူက ပြိုင်ဘက်ထက် လူထုမဲ ၃ သန်းကျော် ပိုရခဲ့တာပါ။ ဒါပေမဲ့ ရရှိတဲ့ မဲအရေအတွက်ကတော့ ၇၄ မဲအထိ ကွာခြားသွားခဲ့တယ်။
ဒီလို ရလဒ်က ဘယ်လိုဖြစ်လာတာလဲ။
အတိုချုပ်ပြောရရင် ဒါက အပယ်ခံနယ်မြေတွေနဲ့ လူဖြူ အလုပ်သမား လူတန်းစားတွေရဲ့ ပုန်ကန်မှုပါပဲ။ ဒါပေမဲ့ အဲဒါတစ်ခုထဲနဲ့တော့ ရှင်းပြလို့ မရဘူး။ တခြား အကြောင်းရင်းတွေလည်း ရှိဦးမှာပါ။
"OTK Company"
ဂျိုအယ် က သူတွေ့ခဲ့တဲ့ အာရှသား လူငယ်လေးကို ပြန်သတိရလိုက်တယ်။
တကယ်လို့ OTK Company သာ ရိုနယ် နဲ့ လက်မတွဲခဲ့ဘဲ ရတ်စ်ဘဲမှာ ဒေါ်လာ သန်း ၂သောင်းခွဲ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ရင် ဒီလို ရလဒ်မျိုး ဖြစ်လာပါ့မလား။
ရိုနယ် က ရီပတ်ဘလစ်ကန် ပဏာမရွေးကောက်ပွဲမှာ ပါဝင်လာတုန်းက လူအများစုက ဒါကို ပြက်လုံးတစ်ခုလို့ပဲ ထင်ခဲ့ကြတာပါ။ သူ နိုင်ဖို့ အခွင့်အလမ်းက ၂ ရာခိုင်နှုန်းတောင် မရှိခဲ့ဘူးလေ။
ဒါပေမဲ့ သူက ထိပ်သီး ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း အားလုံးကို အနိုင်ယူပြီး ရွေးချယ်ခံခဲ့ရတယ်။ ပြီးတော့ အဓိက ရွေးကောက်ပွဲမှာလည်း တော်လှန်ရေးတစ်ခုကို ဖန်တီးခဲ့တယ်။
နိုင်ငံရေး လောကထဲကို အခုမှ ရောက်လာတဲ့ အိမ်ခြံမြေ သူဌေးကြီး ရိုနယ် စတန်ပါ က နိုင်ငံရေး မျိုးရိုးက လာပြီး အထက်လွှတ်တော် အမတ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမား ဒိုင်ယန် အန်ဒါဝုဒ် ကို အနိုင်ယူလိုက်တာပါပဲ။
ဘယ်သူက ဒီလို ရလဒ်မျိုးကို တွေးကြည့်ဖူးမှာလဲ။
ရိုနယ် ကိုယ်တိုင်တောင် ဒီရလဒ်ကို မယုံနိုင်အောင် ဖြစ်နေခဲ့တယ်။ ရင်တထိတ်ထိတ်နဲ့ မဲရေတွက်တာကို စောင့်ကြည့်နေရင်း မျှော်လင့်ချက်တွေက အမှန်တကယ် ဖြစ်လာတဲ့အခါမှာတော့ သူက လက်နှစ်ဖက်ကို မြှောက်ပြီး ထိုင်ခုံကနေ ထရပ်လိုက်တယ်။
သတင်းကြည့်နေတဲ့ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတွေကလည်း အားပေးကြတော့တာပေါ့။
"ယေး"
"ဟားဟားဟား"
ရိုနယ် ကလည်း အားရပါးရ ရယ်မောရင်း သူ့ရဲ့ မဲဆွယ်အဖွဲ့ဝင်တွေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။
မမျှော်လင့်ထားတဲ့ ရလဒ်တွေကြောင့် အမေရိကန်တင် မကဘဲ တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့တယ်။
ရွေးကောက်ပွဲ ထုတ်လွှင့်မှုကို ကြည့်နေတဲ့ သမ္မတ ပက်ဆီဟျွန်း ဆိုရင်လည်း စကားတောင် မပြောနိုင်တော့ပါဘူး။ သူက အခု အာဏာရနေတဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သလို ဒိုင်ယန် ကိုလည်း သွယ်ဝိုက်ပြီး ထောက်ခံခဲ့တာလေ။
ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တာကြောင့် ဘယ်ဘက်ကမှ မပါတာက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဒိုင်ယန် ကို သွယ်ဝိုက်ပြီး ထောက်ခံတာက တခြားနိုင်ငံတွေလည်း လုပ်ခဲ့တဲ့ ရွေးချယ်မှုပါပဲ။ လူတိုင်းက ရိုနယ် သမ္မတ ဖြစ်လာဖို့ အခွင့်အလမ်း မရှိဘူးလို့ ထင်ခဲ့ကြတာကိုး။
ဒါပေမဲ့ အခုတော့ ဒီလို မမျှော်လင့်ထားတဲ့ ရလဒ် ထွက်လာခဲ့ပါပြီ။
ဒိုင်ယန် ကို ထောက်ခံခဲ့တာတင် မကဘဲ OTK Company ကို နှောင့်ယှက်ခဲ့တာက ရိုနယ် နဲ့ ဆက်ဆံရေးကို ပိုပြီး တင်းမာသွားစေပါတယ်။
ကိုရီးယား သမ္မတက အမြင့်ဆုံး အာဏာကို သုံးနိုင်တယ်ဆိုပေမဲ့ အမေရိကန် သမ္မတနဲ့တော့ နှိုင်းယှဉ်လို့ မရဘူးလေ။ အဆိုးဆုံး အခြေအနေတွေ ဖြစ်လာတော့မယ့် ပုံပဲ။
သမ္မတ ပက်ဆီဟျွန်း လည်ချောင်းတွေ ခြောက်လာသလို ခံစားလိုက်ရတယ်။
"ဘယ်... ဘယ်လို လုပ်ရမလဲ"
ရိုနယ် ရဲ့ အောင်ပွဲမှာ OTK Company က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ အဲဒီ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်ကို ချခဲ့တဲ့လူက ကန်ဂျင်ဟူ ပါ။
သံသယတွေ ရှိနေပေမဲ့လည်း အဓိက စွဲချက်တွေက အခြေအမြစ် မရှိဘူးဆိုတာ ပေါ်သွားတဲ့အချိန်မှာ ကန်ဂျင်ဟူ ကို ဆက်ပြီး ထိန်းသိမ်းထားဖို့က မဖြစ်နိုင်တော့ပါဘူး။ အိမ်ပြာတော်ကနေ ဘာညွှန်ကြားချက်မှ မရှိသေးပေမဲ့ ဟုန်မန်ဟို က ဆိုးလ်အလယ်ပိုင်း ခရိုင်ဥပဒေရုံးဆီကို ဖုန်းဆက်လိုက်တယ်။
"စွဲချက်တွေကို ပယ်ဖျက်လိုက်ပါ။ ကန်ဂျင်ဟူ ကိုလည်း လွှတ်ပေးလိုက်တော့"
သူက ထိုင်ခုံပေါ်ကို မှီချလိုက်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိတယ်။
"ဟူး..."
အခု သူ့ကို လွှတ်ပေးလိုက်ရုံနဲ့တင် ကိစ္စက ပြီးသွားမှာ မဟုတ်ပါဘူး။ ရာထူးနိမ့်တဲ့ အရာရှိ အနည်းငယ်ကို ရာထူးကနေ ဖယ်ရှားလိုက်ရုံနဲ့လည်း ဒါက လုံလောက်မှာ မဟုတ်ဘူးလေ။
မေးခွန်းကတော့... အစိုးရဥပဒေရုံးဘက်ကော၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့နဲ့ အိမ်ပြာတော်ကပါ ဘယ်လောက်အထိ တာဝန်ယူရမှာလဲ ဆိုတာပါပဲ။