အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀)
ကျွန်တော် အဝတ်အစားလဲပြီး သိမ်းထားတဲ့ ပစ္စည်းတွေကို ပြန်ယူလိုက်တယ်။ ဒီကိုလာတုန်းက ယူလာတာဆိုလို့ ပိုက်ဆံအိတ်နဲ့ ဖုန်းပဲ ရှိတာလေ။
အိတ်ထဲ ပြန်ထည့်ပြီး စာရွက်စာတမ်း တချို့မှာ လက်မှတ်ထိုးလိုက်တော့ အကုန်ပြီးသွားပါပြီ။
"ကျွန်တော် သွားလို့ရပြီလား"
"ဟုတ်ကဲ့"
ကျွန်တော် ထွက်သွားဖို့ ပြင်လိုက်တော့ လမ်းပြပေးတဲ့ ဝန်ထမ်းက သတိထားပြီး ပြောလာတယ်။
"ခင်ဗျားရဲ့ ကားက မြေအောက် ကားပါကင်ကို ရောက်နေပါပြီ။ အရှေ့ဘက် ဂိတ်ပေါက်ကိုတော့ ရှောင်တာ ပိုကောင်းပါလိမ့်မယ်..."
ပင်မ ဝင်ပေါက်ရှေ့မှာတော့ သတင်းထောက် ဒါဇင်ပေါင်းများစွာက တဲတွေထိုးပြီး စောင့်နေကြတာပါ။ သူတို့အချင်းချင်းတောင် ဓာတ်ပုံရိုက်ဖို့ နေရာတွေ သတ်မှတ်ပြီးသား ဖြစ်နေပါပြီ။ ကျွန်တော်သာ အပြင်ထွက်လိုက်ရင် သူတို့က ဝိုင်းဖမ်းပြီး မေးခွန်းတွေနဲ့ ဗုံးကြဲကြတော့မှာပါ။
အစိုးရဥပဒေရုံးဘက်ကနေ လူကိုဖမ်းပြီး စုံစမ်းစစ်ဆေးပြီးမှ စွဲချက်တွေကို ပြန်ပယ်ဖျက်လိုက်ရတာက ရှက်စရာကောင်းတဲ့ ကိစ္စပါ။ အစကတည်းက လူမှားဖမ်းမိခဲ့တာကလည်း သူတို့ရဲ့ အမှားပဲလေ။
အစိုးရဥပဒေရုံးဘက်က အမြင်နဲ့ကြည့်ရင်တော့ ဒီကိစ္စကို မီဒီယာတွေမှာ ချက်ချင်းကြီး ပေါက်ကြားသွားတာမျိုး မဖြစ်စေချင်ဘူးပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်မျက်နှာကို လူအများကြားမှာ အကြာကြီး အာရုံစိုက်ခံနေရတာမျိုး မဖြစ်ချင်တော့ပါဘူး။ သတင်းစာရှင်းလင်းပွဲ တစ်ခါလုပ်ခဲ့တာနဲ့တင် လုံလောက်နေပါပြီ။ ဒါကြောင့်မလို့ အရှေ့ဘက်ဂိတ်ကနေ ယုံကြည်မှုအပြည့်နဲ့ ထွက်သွားမယ့်အစား မြေအောက် ကားပါကင်ဆီကိုပဲ ဦးတည်လိုက်တယ်။ အဲဒီမှာ စီနီယာ ဆန်းယော့၊ တက်ဂယူ နဲ့ အယ်လီတို့က စောင့်နေကြပါတယ်။
"အားလုံးနဲ့ မတွေ့ရတာ ကြာပြီနော်"
တက်ဂယူ က ကျွန်တော့်ကို မြင်တာနဲ့ အိတ်အမည်းတစ်လုံး ကမ်းပေးလိုက်တယ်။
"ဒါလေး စားလိုက်ဦး"
"ဒါက ဘာလဲ"
အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ လတ်လတ်ဆတ်ဆတ် တို့ဖူးအဖြူတုံးကြီး ရှိနေတာပါ။
ဘေးလူသာ ကြည့်ရင်တော့ ရာဇဝတ်သားတစ်ယောက် ထောင်ကလွတ်လာတယ်လို့ ထင်သွားမှာပဲ။
"မင်းကော စားဖို့ မလိုဘူးလား"
သူလည်း ကျွန်တော့်လိုပဲ စစ်ဆေးမေးမြန်းခံရပြီးမှ ပြန်လွတ်လာတာလေ။
"ငါက စားပြီးပြီ"
"... အေးပါ"
ဒါတောင်မှ သူ့ရဲ့ စေတနာကို ငဲ့ပြီး ကျွန်တော် တစ်ကိုက်လောက်တော့ စားပေးလိုက်ပါတယ်။
စီနီယာ ဆန်းယော့က ကျွန်တော့်ပုခုံးကို ပုတ်လိုက်တယ်။
"မင်း တော်တော်ပင်ပန်းသွားပြီ။ ဂျင်ဟူ"
"စီနီယာလည်း ပင်ပန်းသွားပြီထင်တယ်"
စီနီယာ ဆန်းယော့က သက်ပြင်းချရင်း ပြောလာတယ်။
"ကိုရီးယားမှာ စီးပွားရေးလုပ်ရတာ တကယ်ကို မလွယ်ဘူး။ စီးပွားရေးလုပ်ရတာ အဆင်ပြေတယ်ဆိုတာက ချေဘော (မိသားစုကြီး) တွေအတွက်ပဲ ကန့်သတ်ထားတာ။ ကုမ္ပဏီအသစ်တွေအတွက် အဲဒါက မသက်ဆိုင်ဘူးဆိုတာကို အခုမှပဲ သဘောပေါက်တော့တယ်"
"ဟင်း... ဟူး..."
"ဟင်"
ကျွန်တော် ခေါင်းလှည့်ကြည့်လိုက်တော့ အယ်လီ က မျက်ရည်တွေကို အောင့်ထားပုံရတယ်။ သူက မျက်ရည်မကျအောင် ထိန်းထားဖို့ ကြိုးစားနေပေမဲ့လည်း သူ့ဆန္ဒနဲ့မဆိုင်ဘဲ မျက်ရည်တွေက ဆက်တိုက် ကျနေတာပါပဲ။
"ဘာဖြစ်လို့လဲ"
"အာ... ဘာမှမဟုတ်ပါဘူး"
အယ်လီ က ပျာပျာသလဲနဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။
တက်ဂယူ က ကျွန်တော့်နံဘေးကို တို့ပြီး တိုးတိုးလေး ပြောတယ်။
"မင်း ဘာလုပ်နေတာလဲ။ သူ့ကို မြန်မြန် ချော့လိုက်လေ"
"ဟင်"
ကျွန်တော်က ချော့ရမှာလား။ တခြားလူတွေကလည်း ဝင်မပြောကြတော့ ကျွန်တော်ပဲ ရှေ့ထွက်ပြီး ပြောလိုက်ရတယ်။
"ဟိုလေ... အဲဒါက..."
ကျွန်တော် စကားစလိုက်ရုံပဲ ရှိသေးတယ်။
"ဝါး..."
အယ်လီ က အသံထွက်ပြီး ငိုချလိုက်ပြီး ကျွန်တော့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားတော့တယ်။
"ဟင်"
"ဟီး... ဂျင်ဟူ အတွက် တကယ် စိတ်ပူနေခဲ့တာ..."
"ဪ... အေးပါ"
ကျွန်တော်လည်း ကြောင်သွားပေမဲ့ သူ့ကျောကို ပြန်ပုတ်ပေးလိုက်ပါတယ်။
"ငါ အဆင်ပြေပါတယ်။ ဘာဒဏ်ရာမှ မရဘဲ ထွက်လာနိုင်ခဲ့တာပဲလေ"
"ဟီး..."
ကျွန်တော် ချော့ပေးလိုက်လို့ထက် သူကိုယ်တိုင်ပဲ တဖြည်းဖြည်း ငိုတာ ရပ်သွားတယ်။
မျက်ရည်တွေကို သုတ်ရင်း အယ်လီ က မေးတယ်။
"ဟင့်... လူကော တကယ် နေကောင်းရဲ့လား"
"အင်း"
ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီးမှ ပြန်လာရသလိုမျိုး ခံစားနေရတာပါ။
စီနီယာ ဆန်းယော့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောတယ်။
"လောလောဆယ် ကုမ္ပဏီကိုပဲ အရင်သွားရအောင်"
ကျွန်တော်တို့ ကားထဲ ဝင်ထိုင်လိုက်ကြတယ်။ စီနီယာ ဆန်းယော့က ကားမောင်းပြီး ထွက်လာခဲ့တာပေါ့။
ကျွန်တော် မရှိတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အယ်လီ က အကျဉ်းချုပ်ပြီး ရှင်းပြပေးတယ်။
ကျွန်တော်ကတော့ အရေးကြီးတဲ့ မေးခွန်းကို အရင်မေးလိုက်တယ်။
"ဘယ်လောက်အထိ မြတ်လိုက်လဲ"
အယ်လီ က ကျွန်တော့်ကို တစ်ချက် စွေကြည့်လိုက်တယ်။
"ဒီလို အခြေအနေမျိုးမှာ ပိုက်ဆံက အရေးကြီးလို့လား"
"အဲဒါက..."
ဘာပဲဖြစ်ဖြစ် ပိုက်ဆံရဖို့ကလည်း အရေးကြီးတာပဲလေ။
စီနီယာ ဆန်းယော့က ဝင်ပြောတယ်။
"ဒေါ်လာ သန်း ၂၈၀၀ ဝန်းကျင်လောက် ဖြစ်လိမ့်မယ်"
"ဒေါ်လာ သန်း ၉ထောင် ရင်းနှီးမြှုပ်နှံပြီး သန်း ၂၈၀၀ မြတ်တယ်ဆိုတော့ အဆင်ပြေတာပဲ"
ဒါက ကိုရီးယားဝမ်နဲ့ဆိုရင် သိန်းပေါင်း ၃ကုဋေလောက် ရှိတာလေ။
အရမ်းကြီး ပုံအောပြီး မလောင်းခဲ့လို့ အမြတ်ရာခိုင်နှုန်းက နည်းနေပေမဲ့လည်း အချိန်တိုအတွင်းမှာ ဒီလောက်အထိ ရတာကတော့ အများကြီးပါပဲ။
"ပြီးခဲ့တဲ့တစ်ခေါက် ပေါင်ငွေကို ရောင်းသလိုမျိုး မက္ကဆီကိုငွေ ပီဆိုကိုပါ ရောင်းလိုက်ရင် ပိုမြတ်ခဲ့မှာနော်"
" အဲဒါကို ထည့်မစဉ်းစားမိခဲ့ဘူး"
ရိုနယ် သမ္မတ ဖြစ်လာတာကြောင့် ဒီတစ်ခါ အထိနာဆုံး နိုင်ငံက မက္ကဆီကို ပါ။
မက္ကဆီကို ရဲ့ အကြီးမားဆုံး အားသာချက်နဲ့ အားနည်းချက်က အမေရိကန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပဲ။ နယ်စပ်ကို ဖြတ်လိုက်တာနဲ့ အမေရိကန်ကို ရောက်သွားပေမဲ့ လုပ်အားခကတော့ အမေရိကန်ရဲ့ တစ်ဝက်တောင် မရှိပါဘူး။ မက္ကဆီကို ကို မူးယစ်ဆေးဝါးတွေနဲ့ပဲ တွဲပြီး မြင်တတ်ကြပေမဲ့ တကယ်တော့ သူက ကုန်ထုတ်လုပ်မှု အားကောင်းတဲ့ နိုင်ငံကြီးတစ်ခုပါ။
မော်တော်ကား ထုတ်လုပ်မှုက တောင်ကိုရီးယားနဲ့ ရင်ပေါင်တန်းနိုင်သလို လေကြောင်းလိုင်း အပါအဝင် အဆင့်မြင့် စက်မှုလုပ်ငန်းတွေလည်း တော်တော်လေး ဖွံ့ဖြိုးပါတယ်။
ဒါက နိုင်ငံရဲ့ နည်းပညာ မြင့်မားလို့ မဟုတ်ဘဲ လုပ်အားခ သက်သာတာနဲ့ အမေရိကန်နဲ့ နီးစပ်တာကြောင့်ပါ။
ပြဿနာကတော့ နိုင်ငံခြား ကုမ္ပဏီတွေက အမေရိကန် ဈေးကွက်ကို ဝင်တဲ့အခါ အမေရိကန်မှာ စက်ရုံမဆောက်ဘဲ မက္ကဆီကို မှာပဲ သွားဆောက်ကြတာပါ။
ဒါက အွန်ဆောင်း မော်တာ တင်မကဘဲ ဆိုဆောင်း အီလက်ထရောနစ်နဲ့ CL အီလက်ထရောနစ် တို့နဲ့လည်း သက်ဆိုင်ပါတယ်။ သူတို့က ကားတွေ၊ တီဗွီတွေ၊ ရေခဲသေတ္တာတွေနဲ့ အဝတ်လျှော်စက်တွေကို မက္ကဆီကို မှာ ထုတ်ပြီး အမေရိကန်ကို ကုန်းလမ်းကနေ တင်ပို့ကြတာလေ။
ရိုနယ် က ဒါကို ထောက်ပြပြီး မက္ကဆီကို ထုတ်ကုန်တွေအပေါ် အခွန်ကြီးကြီးမားမား ကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ (စကားမစပ်၊ ကြီးမားပြီး လှပတဲ့ နယ်စပ်တံတိုင်းကြီးအကြောင်းလည်း ပါတာပေါ့)။
ဒါကြောင့်မလို့ မက္ကဆီကို က တခြားနိုင်ငံတွေထက် ပိုပြီး ရိုနယ် သမ္မတ မဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်တွေ ပျက်သုဉ်းပြီး ရိုနယ် နိုင်တာ သေချာသွားတဲ့အခါ စတော့ဈေးတွေနဲ့ မက္ကဆီကိုငွေ ပီဆို ရဲ့ တန်ဖိုးက ထိုးကျသွားတော့တာပဲ။
"ဒီတစ်ခါက Brexit နဲ့ နည်းနည်း ကွာတယ်"
Brexit က ဗြိတိန် ပြည်သူတွေက သူတို့ရဲ့ ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စလေ။ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တော့ သူတို့က သိပ်ပြီး တွေဝေမနေခဲ့ကြဘူး။ ဒါကြောင့် နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ကို ဝင်ကစားဖို့က သိပ်ပြီး အခက်အခဲ မရှိခဲ့ပါဘူး။
ဒါပေမဲ့ မက္ကဆီကို ကတော့ ဘာအမှားမှ မလုပ်ဘဲနဲ့ မတရားသဖြင့် အပြစ်ပေးခံရသလို ဖြစ်နေတာပါ။ တကယ်လို့ ကျွန်တော်တို့သာ ဝင်ပြီး နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ကို ဝိုင်းတိုက်ခိုက်လိုက်ရင် အဲဒီနိုင်ငံရဲ့ စီးပွားရေးအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်သွားနိုင်တယ်။
"အမြတ်နဲ့ ယှဉ်ရင် စွန့်စားမှု အရမ်းများတာက သိပ်ပြီး မကောင်းဘူး။ စီးပွားရေးကို ဆက်လုပ်သွားချင်တယ်ဆိုရင်တော့ နိုင်ငံတစ်ခုခုကို ရန်သူဖြစ်အောင် လုပ်တာမျိုးက ရှောင်တာ ပိုကောင်းတယ်"
"ဟုတ်တယ်"
စကားပြောနေရင်းနဲ့ ၃၈ ထပ်မြင့်တဲ့ အဆောက်အဦး နှစ်လုံးက မျက်စိထဲ ရောက်လာတယ်။
ညာဘက်က အဆောက်အဦးမှာ "Golden Gate" လို့ ရေးထားပြီး ဘယ်ဘက်က တစ်လုံးမှာတော့ 'OTK Company' လို့ ရေးထားတာပါ။
"အဲဒီ ဆိုင်းဘုတ်တွေကို ဘယ်တုန်းက တင်လိုက်တာလဲ"
"ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှပါ။ ဖုံးကွယ်ထားစရာ ဘာမှ မရှိတော့ဘူးလေ"
"အဲဒါကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့..."
အိုတာကူ (Otaku) အဆောက်အဦးလို့ ခေါ်ကြမှာကိုပဲ စိုးရိမ်မိတယ်။
ကားက အရင်ဆုံး Golden Gate အဆောက်အဦးရဲ့ မြေအောက် ကားပါကင်ထဲကို ဝင်သွားခဲ့တယ်။ ရုံးခန်းဆီ သွားလိုက်တော့ အစ်မဟျွန်းဂျူး နဲ့ ဟင်နရီ တို့က စောင့်နေကြပါတယ်။
"နင် တော်တော်ပင်ပန်းသွားပြီ။ အချုပ်ခံနေရတာ ဘယ်လိုနေလဲ"
ကျွန်တော် ခေါင်းကို အားမရှိသလို ခါယမ်းလိုက်တယ်။
"ဘာပဲဖြစ်ဖြစ် အစ်မတော့ အဲဒီကို မသွားပါနဲ့"
"ဘာလို့လဲ"
"အဲဒီမှာ ဆေးလိပ်သောက်လို့ မရဘူး"
အစ်မဟျွန်းဂျူး က အားရပါးရ ရယ်မောလိုက်တယ်။
"ဟားဟား။ နင်က နောက်ပြောင်နိုင်သေးတယ်ဆိုတော့ အဆင်ပြေပုံရပါတယ်"
အလုပ်တွေပြီးလို့ အနားယူလိုက်ရလို့လား မသိဘူး။ အစ်မရဲ့ မျက်နှာက အရင်ကထက် အများကြီး ကြည့်ကောင်းနေတယ်။ အရင်တုန်းကဆိုရင် အိပ်ရေးပျက်လွန်းလို့ ပင်ပန်းပြီး လဲကျတော့မယ့် ပုံစံမျိုး ဖြစ်နေတာလေ။
"ရိုနယ် ဖုန်းဆက်လာတယ်။ သူက နင်နဲ့ စကားပြောချင်နေတာတဲ့လေ"
"ဪ"
ရွေးကောက်ခံရပြီးတဲ့ နောက်မှာတောင် သူ ကျွန်တော့်ကို မမေ့သေးဘူးပဲ။
အိမ်ခြံမြေ သူဌေးကြီးကော၊ နိုင်ငံရေး မျက်နှာသစ်ကော ဖြစ်တဲ့ ရိုနယ်ဟာ သမ္မတလောင်း ဘဝကနေ သမ္မတအဖြစ် ရွေးကောက်ခံရသူ ဘဝကို အမြန်ဆုံး ကူးပြောင်းသွားခဲ့တယ်။ သူက သင့်တော်တဲ့ လုံခြုံရေးနဲ့ ဆက်ဆံမှုတွေကို စတင် ရရှိနေပါပြီ။
ဗြိတိန်သားတွေက Brexit တုန်းက အကြီးမားဆုံး တုန်လှုပ်မှုကို ခံစားခဲ့ရသလို ရိုနယ် ရွေးကောက်ခံရတာကလည်း အမေရိကန်တွေအတွက် အကြီးမားဆုံး တုန်လှုပ်မှု ဖြစ်ခဲ့တာပါ။
မယုံနိုင်ဘူးလို့ ပြောကြတာတွေ၊ မဲပြန်ပေးဖို့ အကြံပြုတာတွေ၊ ဒါမှမဟုတ် ရိုနယ် ရဲ့ မဲကိုယ်စားလှယ်တွေက ဒိုင်ယန် ကိုပဲ မဲပေးသင့်တယ်လို့ ပြောကြတာတွေလည်း ရှိနေပါတယ်။
ကျွန်တော်တို့နိုင်ငံလို သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့ စနစ်နဲ့ မတူဘဲ အမေရိကန်ကတော့ အရင်ဆုံး မဲကိုယ်စားလှယ် Electors တွေကို ရွေးချယ်ပြီး အဲဒီကမှတစ်ဆင့် Electoral College စနစ်နဲ့ သမ္မတကို မဲပေးကြတာပါ။
ဒါက အခု ရွေးချယ်ခံထားရတဲ့ မဲကိုယ်စားလှယ်တွေကသာ တခြား ကိုယ်စားလှယ်လောင်းကို မဲပေးလိုက်ရင် ရလဒ်တွေက ပြောင်းလဲသွားနိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမဲ့ ဒါက သီအိုရီအရပဲ ဖြစ်နိုင်တာပါ။
ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် မဲအရေအတွက် ကွာခြားချက်ကလည်း အရမ်းကြီးမားနေတာကြောင့် မဲ တစ်မဲ နှစ်မဲ ပြောင်းရုံနဲ့ ရလဒ်ကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
အချိန်ကွာခြားချက်ကို ထည့်တွက်ရင်တောင် အခုက သိပ်မနောက်ကျသေးပါဘူး။
ကျွန်တော် ဖုန်းခေါ်လိုက်တယ်။ လုပ်ထုံးလုပ်နည်း အနည်းငယ်ပြီးတဲ့နောက်မှာ ဖုန်းဝင်သွားခဲ့တယ်။
"ဂုဏ်ယူပါတယ်။ သမ္မတကြီး"
ရိုနယ် ရဲ့ အားမာန်ပါတဲ့ အသံ ထွက်ပေါ်လာတယ်။
"မတွေ့ရတာ ကြာပြီနော်။ မစ္စတာကန်။ နေကောင်းရဲ့လား"
"အပြင်က လတ်ဆတ်တဲ့ လေက တကယ်ကို လန်းဆန်းစေပါတယ်"
ရိုနယ် က အားရပါးရ ရယ်မောလိုက်တယ်။
"ဟားဟား။ မင်း တော်တော်ပင်ပန်းသွားပြီ။ ငါ မင်းကို တစ်ခွက် တိုက်ပါရစေ"
"ကျွန်တော် မကြာခင် အမေရိကန်ကို လာခဲ့ပါ့မယ်"
"မင်းကို အမြဲ ကြိုဆိုနေမှာပါ"
အချိန်ကန့်သတ်ချက် ရှိတာကြောင့် ကျွန်တော်တို့ အကြာကြီး စကားမပြောဖြစ်ခဲ့ပါဘူး။ သူက တွေ့ရမယ့်လူ တစ်ယောက် နှစ်ယောက်ထဲ ရှိတာမှ မဟုတ်တာလေ။
ရိုနယ် ရဲ့ ပြတ်သားတဲ့ စကားတွေကြောင့် (တကယ်တော့ သူ နိုင်မှာ မဟုတ်ဘူးလို့ ထင်လို့) သူ့ကို ထောက်ခံဖို့ လက်လျှော့ထားခဲ့တဲ့ ရီပတ်ဘလစ်ကန်တွေက အခုတော့ သူဟာ ထူးချွန်တဲ့ သမ္မတတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုပြီး ရုတ်တရက်ကြီး ချီးကျူးနေကြတော့တာပဲ။
အာဏာရှိတဲ့လူနောက်ကို လိုက်ကပ်တာကတော့ ကိုရီးယားမှာပဲဖြစ်ဖြစ်၊ အမေရိကန်မှာပဲဖြစ်ဖြစ် အတူတူပါပဲ။
လူတိုင်းက ရွေးကောက်ပွဲမှာ နိုင်ဖို့ ဘာလို့ ဒီလောက်အထိ ကြိုးစားနေကြလဲဆိုတာ အံ့သြစရာ မရှိပါဘူး။
"တခြား ဘာရှိသေးလဲ"
ကျွန်တော့်ရဲ့ မေးခွန်းကို အစ်မ ဟျွန်းဂျူးက စီးကရက်ကို ပါးစပ်မှာ ခဲရင်း ပြောလာတယ်။
"နင် မရှိတဲ့အချိန်မှာ အတိုက်အခံပါတီနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက နင့်ကို အပူတပြင်း ရှာနေကြတယ်"
အမျိုးမျိုးသော အရှုပ်တော်ပုံတွေကနေ လွတ်မြောက်ခဲ့ပေမဲ့ သမ္မတ ပက်ဆီဟျွန်း ဟာ သူ့ရဲ့ သက်တမ်းမှာ အကြီးမားဆုံး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။ အတိုက်အခံပါတီက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အိမ်ပြာတော်နဲ့ အာဏာရပါတီကို နိုင်ငံရေးအရ တိုက်ခိုက်နေကြသလို ကျွန်တော့်ကိုလည်း အစိုးရရဲ့ ယဇ်ပူဇော်တဲ့ သိုးကလေးတစ်ကောင်လို ပုံဖော်နေကြတာပါ။
အေသီနာ အဖမ်းခံရတုန်းက လာပြောခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ယောက်ရဲ့ စကားကို ရုတ်တရက် ပြန်သတိရမိတယ်။
'ခင်ဗျားသာ ဒီမှာ အဆုံးစီရင်လိုက်ရင် ကျွန်တော်တို့ အစိုးရကို ဖြုတ်ချနိုင်လိမ့်မယ်။ ကျေးဇူးပြုပြီး ကူညီပါ' တဲ့။
အမေရိကန်နဲ့ တောင်ကိုရီးယားက နိုင်ငံရေးတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ နိုင်ငံရေးသမားတွေဟာ အရာအားလုံးကို နိုင်ငံရေးအမြင်နဲ့ပဲ ကြည့်ကြတယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားခဲ့တယ်။ သမ္မတနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှအပ ကျွန်တော်ကတော့ အတိုက်အခံတွေရဲ့ နိုင်ငံရေး တိုက်ကွက်တွေထဲမှာ အဆွဲခံရဖို့ ဆန္ဒမရှိပါဘူး။
အစ်မ ဟျွန်းဂျူးက ကျွန်တော့်ကို မေးတယ်။
"ပက်ဆီဟျွန်း ဘာလုပ်မယ်လို့ နင် ထင်လဲ"
"အကောင်းဆုံး လုပ်ဆောင်ချက်က ဘာဖြစ်မလဲ"
ကျောင်းမှာ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးအကြောင်း သင်ခဲ့ရပေမဲ့ နိုင်ငံရေး တွက်ချက်မှုတွေအကြောင်းတော့ ကျွန်တော် အများကြီး မသိသေးပါဘူး။
စီနီယာ ဆန်းယော့က ပြောတယ်။
"တရားမဝင် ထောက်လှမ်းတာ၊ စီးနင်းရှာဖွေတာ၊ ဖမ်းဆီးတာ၊ စုံစမ်းစစ်ဆေးတာ၊ ပြီးတော့ PAS နဲ့ အွန်ဆောင်း မော်တာ တို့နဲ့ ဆက်နွယ်မှုတွေ။ ဒီထဲက တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်သာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ရင်တော့ ဒါက သမ္မတကို ရာထူးက ဖယ်ရှားဖို့ အထိ ဖြစ်မလာနိုင်ဘူးလား"
အစ်မ ဟျွန်းဂျူးက ခေါင်းညိတ်လိုက်တယ်။
"ငါ နောက်ထပ် အချက်အလက်တွေကို ဆက်ပြီး ရှာနေတုန်းပဲ"
"တခြား ဘာတွေ ထပ်တွေ့သေးလဲ"
"ကိုင်တွယ်ရမှာတွေက များလွန်းတယ်။ သူ ဂယောင်ဂီ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်စဉ်က ရခဲ့တဲ့ ရန်ပုံငွေကနေစပြီး ဘယ်ကနေ စတူးပြီးဖော်ထုတ်ရမလဲဆိုတာတောင် ငါ စဉ်းစားနေရတုန်းပဲ"
"..."
ဒါက ဘယ်လောက်အထိ နက်ရှိုင်းနေတာပါလိမ့်။
စီနီယာဆန်းယော့ ရဲ့ စကားကို ကြားပြီးနောက်မှာ ဟင်နရီ က ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ မေးတယ်။
"ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး သမ္မတ ဖြစ်လာတာလဲ"
"အမေရိကန်မှာ ရိုနယ် သမ္မတ ဖြစ်လာသလိုမျိုးပေါ့"
"ဪ... အေးပါလေ"
တက်ဂယူ ရဲ့ စကားကို ဟင်နရီ က ချက်ချင်း သဘောတူလိုက်တယ်။
အာဏာရပါတီက လွှတ်တော်ထဲမှာ အမတ်နေရာ ထက်ဝက်နီးပါး ကိုင်ထားသလို လူအများအပြားကလည်း ပက်ဆီဟျွန်း ကို ထောက်ခံနေကြတာကြောင့် ရာထူးက ဖယ်ရှားဖို့ဆိုတာက လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။
"ဒါတောင်မှ ဒီတစ်ခါတော့ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်တာ အကောင်းဆုံးပဲ။ သူတို့ နောက်တစ်ခါ ဒီလိုမျိုး ထပ်မလုပ်ရဲအောင် သေချာအောင် လုပ်ကြစို့"
အစ်မဟျွန်းဂျူး လည်း အဲဒီလိုပဲ တွေးနေပုံရတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။
"ငါ အတိုက်အခံပါတီနဲ့ ဒီကိစ္စကို စကားပြောလိုက်မယ်။ အနည်းဆုံးတော့ အမျိုးသားထောက်လှမ်းရေးအဖွဲ့နဲ့ အစိုးရဥပဒေရုံးဘက်က တာဝန်ယူရမှာပေါ့"
"..."
သူက သူ့မောင်လေး အဖမ်းခံလိုက်ရတာကို တော်တော်လေး ဒေါသထွက်နေပုံရပါတယ်။ ဒီငတုံးတွေက တက်ဂယူ ကို မလိုအပ်ဘဲ ရန်စလိုက်မိတာက အစ်မဟျွန်းဂျူး ကို ပေါက်ကွဲသွားစေခဲ့တာပဲ။
"အမေ နေကောင်းရဲ့လား"
တက်ဂယူ က ပြောတယ်။
"အမေ့ကို စိတ်အေးအောင် ငါကိုယ်တိုင် သွားတွေ့ပြီး အားပေးခဲ့ပါတယ်"
ကျွန်တော် သက်ပြင်းချရင်း ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်"
အယ်လီ က ပြောတယ်။
"ဒါတောင်မှ စိတ်ပူနေမှာ သေချာတာမလို့ ဖုန်းလေးတော့ ဆက်သွယ်လိုက်ပါဦး"
"အေးပါ"
အရင်တစ်ခေါက် သွားတွေ့တုန်းက အစိုးရဥပဒေရုံးဘက်က ဖမ်းခံရနိုင်တဲ့ အခြေအနေရှိတာကို ကျွန်တော် တမင် မပြောခဲ့တာပါ။ တကယ်လို့ ကျွန်တော့်လူတွေသာ သိခဲ့ရင် ကျွန်တော့်ကို သေချာပေါက် တားကြမှာလေ။
နောက်မှ အဖြစ်မှန်ကို သိသွားတဲ့အခါ ကျွန်တော့်လူတွေ ဘယ်လောက်အထိ တုန်လှုပ်သွားမလဲဆိုတာ တွေးကြည့်ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပါတယ်။
စီနီယာ ဆန်းယော့က မေးတယ်။
"နောက်ထပ် ဘာလုပ်ဖို့ စဉ်းစားထားလဲ။ ကျောင်းပြန်တက်ဖို့ကတော့ ခက်ခဲလိမ့်မယ် ထင်တယ်နော်"
ကျွန်တော်ကတော့ ခါးသီးတဲ့ အပြုံးတစ်ခုကိုပဲ ဖန်တီးလိုက်မိတယ်။
"အဲဒါကတော့ ဟုတ်မှာပါ"
မင်ယောင်း နဲ့ ကျောင်ဂီ အပါအဝင် ဌာနထဲက လူတွေအားလုံး သတင်းကြားပြီး တုန်လှုပ်သွားကြမှာ သေချာပါတယ်။ ဆွန်းအာလည်း အတူတူပဲ ဖြစ်မှာပါ။
"ဖြစ်နိုင်ရင်တော့ ကိုယ့်အထောက်အထားကို ဖုံးကွယ်ထားချင်ခဲ့တာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် လုပ်လိုက်ရတယ်လေ။ ဒါပေမဲ့လည်း လူထုရဲ့ စိတ်ဝင်စားမှုက မကြာခင် လျော့ပါးသွားမှာပါ"
အချိန်တွေ ကြာလာရင်တော့ အားလုံး ပြန်ကောင်းသွားမှာပါ။
"လောလောဆယ်တော့ အလုပ်ပဲ လုပ်ရတော့မယ်"
ကျွန်တော် တစ်ယောက်ထဲ ရှိနေတုန်းက စဉ်းစားထားတဲ့ အရာတစ်ခု ရှိပါတယ်။
မော်တော်ကား လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာ အပါအဝင် အတွေ့အကြုံ အမျိုးမျိုးကနေတစ်ဆင့် လူအင်အား မလုံလောက်တဲ့ ပြဿနာကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတယ်။ ဝမ် သန်းပေါင်း ကုဋေလောက် တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုကို ရှယ်ယာရှင် သုံးယောက်ထဲနဲ့ လည်ပတ်နေတာက ဖြစ်သင့်ရဲ့လား။ ကျွန်တော်တို့တွေ လူတော်တွေကို ချက်ချင်း စတင် စုဆောင်းဖို့ လိုအပ်နေပါပြီ။
"ဒီအခွင့်အရေးကို သုံးပြီး OTK Company ကို စနစ်တကျ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲကြရအောင်။ စီအီးအိုနဲ့ COO ကလွဲလို့ တခြား ဝန်ထမ်း မရှိတာက ထူးဆန်းနေတယ်လေ"
တက်ဂယူ က ပြောတယ်။
"ငါတို့ဆီမှာ ဝန်ထမ်း တစ်ယောက်တော့ ရှိသားပဲ"
"ဪ... ဟုတ်သားပဲ"
ဟင်နရီ က သတိထားပြီး လက်လေး ထောင်ပြတယ်။
"စဉ်းစားကြည့်မှပဲ... ငါ ဒီမှာ အလုပ်လုပ်တာ တော်တော်ကြာနေပြီ။ အခုထိ လစာ မရသေးဘူးနော်"