← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 12 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 12 Ch. 191-192

အပိုင်း (၁၉၁) ထွက်မခွာမီ ပြင်ဆင်မှုများ။

လီမြောင်ဟန်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။ သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားများက အထင်းသား ပေါ်လွင်နေသည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "မင်းသမီး... ကျုပ်အိမ်က ဆင်းရဲပေမဲ့ ပိုလျှံတဲ့ ငွေလေးနည်းနည်းတော့ ရှိပါသေးတယ်။ စိတ်မပူပါနဲ့။ ကျုပ်ရဲ့ ဒီလက်ဆောင်ကို... မင်းသမီး သဘောကျရဲ့လား။"

လီမြောင်ဟန်က ခေါင်းညိတ်လိုက်၏။ "သဘောကျပါတယ်။ ဒါပေမဲ့ စိန်ဆိုတာ တကယ်တမ်း ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျွန်မ မြင်ကြည့်ချင်သေးတယ်။"

မိန်းမဆိုတာ ဒီလိုပါပဲလား။

ဖန်ကျန်းရီက အနည်းငယ် သက်ပြင်းချလိုက်မိသည်။ "ရပါတယ်။ မင်းသမီး သဘောကျတယ်ဆိုရင် မနက်ဖြန် စိန်တစ်သုတ်လောက် လူကြုံနဲ့ ပေးပို့လိုက်ပါ့မယ်။ ဒါဆို... ကျုပ် အရင် သွားလိုက်ပါအုံးမယ်။"

လီမြောင်ဟန်၏ မျက်နှာအမူအရာက အနည်းငယ် ရှုပ်ထွေးသွား၏။ "ရှင်က တကယ်ပဲ ရှစ်နှစ်၊ ဆယ်နှစ်လောက် သွားရတော့မှာလား။"

"မသိသေးပါဘူး... မသေချာသေးဘူး။ မင်းသမီး ကျုပ်အတွက် စိတ်ပူပေးနေစရာ မလိုပါဘူး။ ကျုပ် သေချာပေါက် ကြိုးစားပြီး... မြို့တော်ကို စောစောစီးစီး ပြန်လာခဲ့ပါ့မယ်။"

လီမြောင်ဟန်က ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်၏။ "ကောင်းပြီလေ။ ရှင့်အတွက် ခမည်းတော်ဆီမှာ ကျွန်မ အသနားခံပေးပါ့မယ်။ ရှင် စောစောစီးစီး ပြန်လာနိုင်ဖို့ ကြိုးစားပေးမယ်။"

ဖန်ကျန်းရီက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျုပ် သွားပြီ။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက နောက်ကိုလှည့်မကြည့်တော့ဘဲ ထွက်ခွာသွားခဲ့၏။

လီမြောင်ဟန်က သူ၏နောက်ကျောကို ကြည့်ရင်း လက်ကိုဆန့်ထုတ်ကာ တစ်ခုခု ပြောရန် ပါးစပ်ဟ လိုက်သော်လည်း နောက်ဆုံးတွင်တော့ သက်ပြင်းချကာ လက်ကို အောက်ချလိုက်ရသည်။

……..

မင်းသမီးကို နှုတ်ဆက်ပြီးနောက် ဖန်ကျန်းရီက နန်းတော်ထဲမှ ထွက်ကာ ပန်းရှန်းရပ်ကွက်ဆီသို့ ချက်ချင်း မြင်းစီး၍ ထွက်သွားခဲ့၏။

တောက်ယွမ်ခရိုင်ဘက်တွင်လည်း သူက လူလွှတ်၍ အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်။

အခုချိန်မှာ လီယွမ်ကျောက်ဘက်ကို သွားပြီး မှာကြားစရာရှိတာတွေ မှာကြားပြီးလျှင် ကျန်းကျန်ဆီကို တိုက်ရိုက် ထွက်ခွာသွားလို့ ရပြီဖြစ်၏။

သတင်းစာတိုက်သို့ ရောက်ချိန်မှာတော့ လီယွမ်ကျောက်က လှိုက်လှဲစွာဖြင့် ထွက်ကြိုသည်။

"အိမ်ရှေ့စံမင်းသား... နောက်နှစ်ရက်နေရင် ကျုပ် သွားရတော့မယ်။ ဒါကြောင့် မင်းသားဆီ လာနှုတ်ဆက်တာပါ။"

လီယွမ်ကျောက်က မျက်နှာကို ရှုံ့မဲ့လိုက်၏။ "ဒီလောက် မြန်မြန် သွားမှာလား။ တစ်လတောင် အချိန်ရသေးတယ် မဟုတ်လား။"

"စောစောသွားတော့ စောစောပြန်ရတာပေါ့။ ဒီတစ်ခေါက် သတင်းစာတိုက်မှာ ပြဿနာ တစ်ခုခု ရှိနေသေးလား လာကြည့်တာပါ။ အားလုံး အဆင်ပြေသွားပြီဆိုရင် ကျုပ်လည်း စိတ်ချရပြီလေ။"

ဖန်ကျန်းရီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ အပြင်ကို လွှတ်ထားသော စုံစမ်းရေး သတင်းထောက် တော်တော်များများ ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူတို့က တကယ်ပဲ အတော်လေး ဝဖြိုးလာခဲ့ကြ၏။

မလှမ်းမကမ်းတွင် ရှိနေသော ရှန်ရီကို မြင်သောအခါ သူက ပြုံးကာ မေးလိုက်သည်။ "ဘယ်လိုလဲ ရှောင်ရှန်။ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုခု ရှာတွေ့ခဲ့လား။"

ရှန်ရီက ပြုံးလိုက်၏။ "သခင်လေးဖန်... ကျုပ် ကျန်းအိမ်တော်ကို သွားစုံစမ်းတော့ သူတို့က အရမ်းကို ဖော်ရွေကြတယ်။ အသားငါးတွေ အများကြီးနဲ့ ဧည့်ခံတယ်။ ဒါပေမဲ့ အသေးစိတ် မေးကြည့်တဲ့ ချိန်မှာတော့ ဘာမှမသိဘူးလို့ပဲ ဖြေကြတယ်။ သတင်းဆောင်းပါး အသစ်ကိုတော့ ရေးပြီးသွားပြီ။ ကျန်းအိမ်တော်က အလွန်အကျွံ ဖြုန်းတီးပြီး သတင်းထောက်တွေကို လာဘ်ထိုးဖို့ ကြိုးစားနေတယ်လို့ ရေးထားတယ်။"

ကျန်တဲ့လူတွေကလည်း အခြေအနေ တူညီကြသည်။

ဖန်ကျန်းရီက ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။

သူတို့ရဲ့ အိမ်မှာ ခွေးလိုကျွေးမွေးထားတဲ့ လူတွေက ကိုယ့်အိမ်ကို ပြန်ကိုက်မယ့်သူတွေ ဖြစ်နေမယ်လို့ ဒီသူဌေးကြီးတွေ တွေးမိခဲ့မှာ မဟုတ်ပေ။

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အားလုံး ပင်ပန်းသွားကြပြီ။ ဒီအကြောင်းအရာကို နောက်ထပ် ဆက်မလုပ်ကြနဲ့တော့။ သတင်းဆောင်းပါးတွေ အကုန်လုံးကို ဖျက်သိမ်းလိုက်။ အသစ်ပြန်ရေးကြ။"

သတင်းထောက်များက ထိုစကားကို ကြားသောအခါ ချက်ချင်း မတ်တတ်ရပ်လိုက်ကြ၏။ "သခင်လေးဖန်... ဒါက ဘာဖြစ်လို့လဲ။ သခင်လေးပဲ ကျုပ်တို့ကို ဒီလိုလုပ်ခိုင်းခဲ့တာ မဟုတ်ဘူးလား။"

"ဟုတ်တယ်။ သခင်လေးက တရားမျှတမှုကို ဖော်ဆောင်ပြီး လောကကြီးကို ရှင်းလင်းအောင် လုပ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။"

"ကျုပ်တို့က အာဏာပိုင်တွေကို ရင်ဆိုင်ရမှာမို့ အခုပဲ နောက်ဆုတ်လိုက်ရတော့မှာလား။"

လူတော်တော်များများက စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းထုတ်လာကြသည်။

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ကာကာ အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်၏။ "ခင်ဗျားတို့မှာ ရည်မှန်းချက်တွေ၊ စိတ်အားထက်သန်မှုတွေ ရှိတယ်ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ ကိစ္စရပ်တွေကို ဒီလိုမျိုး လုပ်လို့မရဘူး။"

"အခုချိန်မှာ သတင်းစာတိုက်က အတောင်ပံ မစုံသေးဘူး။ တချို့လူတွေကို ကျုပ်တို့ ရန်မစလို့ မရနိုင်သေးဘူး။ ဒါမှမဟုတ် ရန်စလိုက်ရင် ဘယ်လို ပြဿနာတွေ တက်လာမလဲဆိုတာ မသိနိုင်ဘူး။ ခင်ဗျားတို့က ကောင်းတဲ့အလုပ်ကို လုပ်နေတယ်လို့ ထင်နေပေမဲ့ တခြားလူ အများကြီးကို ဒုက္ခရောက်စေနိုင်တယ်။

အလုပ်တစ်ခု မလုပ်ခင် သေချာ စဉ်းစားကြ။ ဦးနှောက်ကို အသုံးချကြ။"

"ကျုပ်က အခု ရာထူးချခံထားရပြီး ကျန်းကျန်ကို သွားရတော့မယ်။ ခင်ဗျားတို့က အိမ်ရှေ့စံမင်းသားရဲ့ နာမည်ကောင်းကိုပါ ထိခိုက်အောင် လုပ်ချင်နေကြသေးတာလား။"

လီယွမ်ကျောက်က ဖန်ကျန်းရီ၏အင်္ကျီစကို ဆွဲကာ တိုးတိုးလေး ပြောလိုက်၏။ "ဖန်ကြီး... ကျုပ်က ကိစ္စမရှိပါဘူး။"

ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်ချေ။

"အခုချိန်ကစပြီး နန်းတွင်းရေးရာနဲ့ ပတ်သက်တဲ့ သတင်းတွေ အကုန်လုံးကို ဆက်မရေးဖို့ တားမြစ်လိုက်တယ်။ ပြည်သူတွေရဲ့ နေထိုင်မှု ဘဝနဲ့ ပတ်သက်တဲ့ သတင်းတွေကိုပဲ ရေးကြ။

မတရားမှုတွေနဲ့ ကြုံလာရင် ကျုပ်တို့ ဝင်ပါရမယ်။ ဒါပေမဲ့ ကိုယ့်စွမ်းရည်နဲ့ ကိုက်ညီတဲ့ အတိုင်းအတာ အတွင်းမှာပဲ လုပ်ရမယ်။ ပြည်သူတွေရဲ့ ကိစ္စက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးပဲ အကောင်းဆုံး ကြိုးစားကြပါ။"

သတင်းထောက် တော်တော်များများက စိတ်ဓာတ်ကျစွာဖြင့် ထိုင်ခုံများပေါ် ပြန်ထိုင်လိုက်ကြ၏။ သူတို့က မကျေမနပ်ဖြစ်နေကြပြီး သတင်းစာတိုက်၏ အနာဂတ်အတွက် ထိခိုက်နစ်နာသွားသည်ဟု ခံစားနေရသည်။

ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ "အားလုံးပဲ စိတ်မပျက်ကြပါနဲ့။ ထမင်းကို တစ်လုတ်ချင်းစားရသလို လမ်းကိုလည်း တစ်လှမ်းချင်း လျှောက်ရတာပဲ။ နောက်ပိုင်းကျရင် လုပ်ငန်းသစ်တွေ ချဲ့ထွင်ဖို့ အခွင့်အရေး ရလာမှာပါ။

"အိမ်ရှေ့စံမင်းသားက ခင်ဗျားတို့ကို အနာဂတ် နန်းတွင်းရဲ့ အရည်အချင်းရှိတဲ့ လူတွေအဖြစ် သတ်မှတ်ပြီး ပြုစုပျိုးထောင်ပေးနေတာ။ ပြည်သူတွေရဲ့ အခြေအနေကို နားမလည်ရင် ပြည်သူတွေအတွက် ဘယ်လိုလုပ် အလုပ်လုပ်ပေးနိုင်မှာလဲ။"

ငါ ဒီလို မတွေးဖူးပါဘူး။ ခင်ဗျား ပုံပြင်တွေ လျှောက်ပြောနေပြန်ပြီ။ လီယွမ်ကျောက်က မျက်လုံးအပြူးသားဖြင့် ကြည့်နေမိ၏။

"ခင်ဗျားတို့ သေချာ ကြိုးစားလုပ်ရင် နောက်ပိုင်း ရာထူးတိုးပြီး လစာတွေလည်း တက်လာမှာပဲ။ တစ်နှစ်ကို ငွေတစ်ရာ၊ ရှစ်ဆယ်လောက် ရှာနိုင်ဖို့ဆိုတာ ပြဿနာ မဟုတ်ဘူး။

သတင်းစာတိုက်ကြီး အောင်မြင်လာရင် ခင်ဗျားတို့လည်း အောင်မြင်လာမှာပဲ။ အဲဒီအချိန်ကျရင် ဂုဏ်သိက္ခာရှိရှိနဲ့ လူတိုင်းက လေးစားရုံတင်မကဘူး။ စားကောင်းသောက်ဖွယ်တွေလည်း အများကြီး စားရမှာ။ ညီအစ်ကိုတို့... ပြဿနာ ရှိသေးလား။"

"ပြဿနာ မရှိဘူး။"

အားလုံးက တက်ကြွစွာဖြင့် ပြန်လည် ဖြေကြားလိုက်ကြ၏။ အားပေးစကားများ ကြားပြီးနောက် သတင်းထောက်များ၏ စိတ်ဓာတ်က ပြန်လည် တက်ကြွလာခဲ့သည်။

ရှန်ရီက လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ တိုးတိုးလေး မေးလိုက်၏။ "သခင်လေးဖန်... ကျုပ် မေးစရာ ရှိတယ်။"

"ပြောလေ။"

"ကျုပ်တို့ရဲ့ စားဖိုဆောင်မှာ... ဆားရည်အစား ဟင်းချိုလေးနည်းနည်းလောက် ပြောင်းချက်ပေးလို့ မရဘူးလား။ လူတော်တော်များများက ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြတယ်။"

"ဘာ။" ဖန်ကျန်းရီ အံ့သြသွား၏။ ကြက်ဥဟင်းချို ချက်ခိုင်းထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဆားရည် ဖြစ်သွားရတာလဲ။

"ရူယွင်... ရူယွင်။"

"ဖန်ကြီး... မအော်ပါနဲ့တော့။" လီယွမ်ကျောက်က အလျင်စလို တားလိုက်သည်။

သူက တိုးတိုးလေး ရှင်းပြ၏။ "ရူယွင်ကို ကြက်ဥ မထည့်ခိုင်းတာ ကျုပ်ကိုယ်တိုင်ပဲ။ အဲဒီ ကြက်ဥနည်းနည်းလေးက... ထည့်လည်း မထူးခြားဘူးလို့ ထင်လို့ ဆားရည်လေးပဲ လုပ်ခိုင်းလိုက်တာ။

ကုန်ကျစရိတ်ကို တွက်ကြည့်တော့ ဆားက တော်တော်လေး ဈေးကြီးတယ်။ သတင်းစာတိုက်ကလည်း အခုချိန်မှာ ပိုက်ဆံ မဝင်သေးဘူးလေ။"

ဖန်ကျန်းရီက မျက်လုံးပြူးကာ လီယွမ်ကျောက်ကို ကြည့်လိုက်၏။

ခင်ဗျား တကယ့်ကို ရက်စက်တဲ့သူပဲ။ ကျုပ်ထက်တောင် ရက်စက်သေးတယ်။ ကြက်ဥဟင်းချိုမှာ ကြက်ဥ မထည့်ဘူးတဲ့လား။

ကောင်းတာတွေကို မြန်မြန် သင်ယူတတ်သလို ဆိုးတာတွေကိုလည်း မြန်မြန် သင်ယူတတ်တာပဲ။ အိမ်ရှေ့စံမင်းသားပီသပါတယ်။

ဖန်ကျန်းရီက လူအများကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "အားလုံးပဲ … စိတ်ချပါ။ ဟင်းချိုကိစ္စကို သေချာပေါက် ဖြေရှင်းပေးပါ့မယ်။ ဆားရည်ချည်းပဲ သောက်နေလို့ ဘယ်ဖြစ်မလဲ။ အားလုံးပဲ အလုပ်ဆက်လုပ်ကြပါ။ ကျုပ် သွားပြီး ပြဿနာကို ဖြေရှင်းလိုက်ပါ့မယ်။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက လီယွမ်ကျောက်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းသွား၏။

စားသောက်ခန်းထဲသို့ ရောက်သောအခါ ရေကျိုထားသော အိုးကြီးကို မြင်လိုက်ရသဖြင့် သူ အံ့သြသွားသည်။

ရူယွင်ကိုခေါ်ကာ ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။ "နောက်ဆိုရင် ကြက်ဥဟင်းချိုမှာ ကြက်ဥ ပမာဏကို နှစ်ဆ တိုးထည့်။ နားလည်လား။"

ရူယွင်က နားမလည်နိုင်စွာဖြင့် တွေဝေသွား၏။ အခု ကြက်ဥ မထည့်ဘူးဆိုတော့ နှစ်ဆတိုးထည့်ဆိုတာ လုံးဝ ကြက်ဥ မထည့်ဘူးဆိုတဲ့ သဘောပဲလား။

"နားလည်ပါပြီ။"

လီယွမ်ကျောက်က သက်ပြင်းချကာ ပြောလိုက်သည်။ "ဖန်ကြီးရာ... သူတို့ရဲ့ စားသောက်မှု အခြေအနေက တော်တော်လေး ဆိုးတယ်ဆိုတာ ကျုပ်လည်း သိပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကို ထိန်းချုပ်လို့ မရဘူးလေ။"

အရင်တုန်းက စာရင်းတွေကို ခင်ဗျားပဲ တွက်ချက်ခဲ့တာ။ အခု ကျုပ်ကို လွှဲပေးတော့မှ တော်တော်လေး ခက်ခဲမှန်း သိတော့တယ်။

ကျုပ်က သူတို့ကို ကောင်းကောင်းမွန်မွန် ကျွေးချင်ပေမဲ့ ဒီလို လုပ်လေလေ အရှုံးပေါ်လေလေပဲ။ အခု သတင်းထောက်တွေကလည်း ပိုများလာပြီ။ သူတို့ကို အပြင်လွှတ်တဲ့ ကုန်ကျစရိတ်က တော်တော်လေး များနေပြီ။ အခုချိန်မှာ အရှုံးပေါ်နေတာ။ ကျုပ်မှာလည်း ပိုက်ဆံ မရှိဘူး။

ခင်ဗျား ကျုပ်ကို ပိုက်ဆံနည်းနည်းလောက် ချေးပါလား။ နောက်ပိုင်း ကြော်ငြာခတွေ ရလာရင် ပြန်ဆပ်ပါ့မယ်။"

ဖန်ကျန်းရီက ပြတ်သားစွာ ငြင်းပယ်လိုက်၏။ “မရဘူး … မင်းသား... စီးပွားရေးဆိုတာ ဒီလိုလုပ်ရတာ မဟုတ်ဘူး။ အရှုံးခံပြီး စီးပွားရေးလုပ်တဲ့ ထုံးစံ ဘယ်မှာရှိလို့လဲ။ ရူယွင်... ခင်ဗျား ပုံမှန်ဆိုရင် ထမင်းကို ဘယ်လို ခပ်ပေးလဲ။"

ရူယွင်က ယောက်ချိုကြီးကို ယူကာ သရုပ်ပြလိုက်သည်။

ဖန်ကျန်းရီက မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်၏။ "ဒီလို ခပ်ပေးလို့ ဘယ်ဖြစ်မလဲ။ ကျုပ် သင်ပေးမယ်။"

ပြောပြီးသည်နှင့် သူက ယောက်ချိုကြီးကို လုယူကာ လက်ကို အနည်းငယ်လောက် တုန်ခါပြလိုက်သည်။ “ဒီလောက်ဆို ရပြီပေါ့။”

အပိုင်း (၁၉၂) ဝူဆရာကြီးရဲ့ လက်ရာသစ်။

သတင်းစာတိုက်ကို သေချာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးနောက် ဖန်ကျန်းရီကလည်း စိတ်အေးသွားရသည်။

အကယ်၍ ဘာအနှောင့်အယှက်မှ မရှိဘူးဆိုလျှင် မနက်ဖြန် မနက်လောက်ဆို လုဖာ ယူလာပေးမည့် အသစ် ပြန်လုပ်ထားတဲ့ ဧကရာဇ်ဓားကို ယူပြီး သူနှင့်အတူ လိုက်ပါမည့် လူတွေနှင့်အတူ ထွက်ခွာ၍ ရပြီဖြစ်၏။

ကျန်းကျန်ဘက်မှာ ဘယ်လို အခြေအနေတွေ ရှိနေလဲဆိုတာကို အတိအကျ မသိရသေးပေ။ သူ လွှတ်လိုက်တဲ့ လူတွေ ပြဿနာ သိပ်မရှာဖို့ပဲ မျှော်လင့်ရပေမည်။

သို့သော်ငြား နန်းတွင်းထဲက အမတ်ကြီးတွေက သတင်းစာရဲ့ လှုံ့ဆော်မှုကြောင့် အတော်လေး တက်ကြွစွာ လှုပ်ရှားနေကြ၏။

ပထမဆုံး ဆန်အသုတ်အနေဖြင့် ဆန်အိတ်ပေါင်း နှစ်သောင်းခန့်ကို စုစည်းပြီး ကျန်းကျန်ဆီကို ပို့ဆောင်နေပြီ ဖြစ်သည်။

ကုန်းလမ်းကနေ သွားမည်ဆိုလျှင် သူကိုယ်တိုင် ကြိုတင်ပို့ဆောင်ထားသော ဆန်တွေနှင့် တစ်ချိန်တည်းလောက် ရောက်ရှိသွားနိုင်၏။

ညဘက်တွင် ဖန်ကျန်းရီက အိပ်မပျော်နိုင်ဘဲ ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်နေသည်။

တစ်ခုခုကို မေ့ကျန်ခဲ့သလို ခံစားနေရပြီး မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ခေါင်းထဲတွင် သေချာ ပြန်လည် စဉ်းစားနေမိ၏။

မြို့တော်ထဲက ကိစ္စတွေကိုတော့ သေချာ စီစဉ်ပြီးသွားပြီ။ ရှောင်ထောင်နှင့် တခြားလူတွေကိုလည်း တောက်ယွမ်ခရိုင်ကို ပြန်ခိုင်းလိုက်သောကြောင့် ပြဿနာ မရှိနိုင်တော့ပေ။ ထို့အပြင် အိမ်ရှေ့စံမင်းသားကလည်း ကူညီစောင့်ရှောက်ပေးပေမည်။

တစ်ခုတည်းသော စဉ်းစား၍မရသော ကိစ္စက လျှို့ဝှက်ဆန်းကြယ်သော ဝူမင်းသားအကြောင်းပင်။

သူ့အကြောင်းကို သွားစုံစမ်းခိုင်းထားပေမဲ့ အခုချိန်ထိ ဘာသတင်းမှ ပြန်မရောက်လာသေးချေ။ လွှတ်ထားသော စုံစမ်းရေးသမားတွေနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေ၏။

ဖန်ကျန်းရီက ခေါင်းကိုက်လာသည်အထိ စဉ်းစားနေသော်လည်း ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပေ။

ထားလိုက်ပါတော့။ လော့နင်ရှင်းဆီကို စာထပ်ရေးလိုက်ရင် ပိုကောင်းမယ်။ သဲလွန်စ တစ်ခုခုများ ရနိုင်မလား။

ဒါပေမဲ့ ငါ့ခေါင်းထဲမှာ ရှိသမျှ အကုန်လုံး စဉ်းစားပြီးပြီ... ဘယ်လိုလုပ်ရမလဲ။

သီချင်းစာသားတွေပဲ ကူးရေးလိုက်တော့မယ်။

အကြံရသွားပြီးနောက် ဖန်ကျန်းရီက စာရွက်နှင့် စုတ်တံကို ယူကာ တိတ်တဆိတ် ရေးသားလိုက်၏။

"လူဆိုတာ …. အရှုံးမပေးနဲ့ ကြိုးစား….”

ရေးပြီးသွားသောအခါ ဖန်ကျန်းရီက စာရွက်ကို ဂုဏ်ယူစွာဖြင့် ခေါက်လိုက်သည်။

ဒီစာက မင်းရဲ့ စိတ်ကို ဖမ်းစားနိုင်မလား။

...

နောက်တစ်နေ့ မနက်စောစောတွင် ဖန်ကျန်းရီက မျက်နှာသစ်ပြီးနောက် ရှောင်ထောင်တို့နှင့်အတူ မနက်စာ စားနေ၏။

အိမ်ရှိအစေခံအားလုံးကို မနေ့ကတည်းက ကြိုတင်၍ အလုပ်ဖြုတ်ကာ အိမ်ပြန်လွှတ်လိုက်ပြီဖြစ်သည်။

ဖန်ကျန်းရီက သနားကြင်နာတတ်သူပီပီ နစ်နာကြေးများလည်း ပေးခဲ့သည်။ လူတော်တော်များများက ငိုယိုကာ ထွက်သွားကြ၏။

ဖန်ကျန်းရီက အပိုတွေမခိုင်းသလို အိမ်ကိစ္စအားလုံးကိုလည်း ရှောင်ထောင်က ကြီးကြပ်စီမံပေးခဲ့သည်။ ဖန်အိမ်တော်လိုမျိုး အခွင့်အရေးကောင်းသော အိမ်ရှင်မျိုးကို ရှာတွေ့ဖို့ဆိုသည်မှာ တကယ့်ကို ခက်ခဲလှသည်။

လစာက သာမန်လောက်သာ ရှိသော်လည်း အလုပ်က သိပ်မများချေ။ တခြားနေရာတွေက အိမ်ရှင်တွေလို မောက်မောက်မာမာ ဆက်ဆံတတ်ခြင်း မရှိဘဲ အစေခံများကို လူလို သူလို ဆက်ဆံပေးသည်။ထို့အပြင် အိမ်တော်ထဲက အစားအသောက်တွေကလည်း ကောင်းမွန်တဲ့အတွက် မည်သူကမှ ထွက်မသွားချင်ကြပေ။

နောက်ဆုံး ရှောင်ထောင်က သေချာ ရှင်းပြပြီးမှသာ အားလုံးက လူစုခွဲကာ ထွက်သွားကြတော့၏။

မနက်စာ စားပြီး မကြာမီမှာပဲ လုဖာက လူအချို့ကို ခေါ်ဆောင်ကာ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

ဖန်ကျန်းရီကို မြင်သည်နှင့် အသစ်ပြန်လည် ပန်းပဲပြုလုပ် ပြင်ဆင်ထားသော ဓားကို သူ့လက်ထဲသို့ အလျင်အမြန် ပေးလိုက်၏။

ဖန်ကျန်းရီက ဓားကို ချက်ချင်း ဆွဲထုတ်ပြီးနောက် သက်ပြင်းချလိုက်မိသည်။

ဆိုးလိုက်တာ။ အရမ်းကို ဆိုးရွားလွန်းတယ်။ အရင်က ကျိုးနေတဲ့ ဓားသွားကို ပြန်ဆက်ထားတာလောက်တောင် မကောင်းဘူး။

အသစ်ပြန်လုပ်ထားသောဓားက ယခင်ကလို ထက်မြက်သော အငွေ့အသက်မျိုး လုံးဝ မရှိတော့ပေ။ ထို့အပြင် ဓားသွားပေါ်က ပုံစံတွေကလည်း လုံးဝ ကွဲပြားသွားခဲ့သည်။

လုဖာက သူ၏ မျက်နှာအမူအရာကို မြင်သောအခါ အလျင်အမြန် ရှင်းပြလိုက်၏။ "သခင်လေး... ပန်းပဲဆရာက ပြောတယ်။ သူ့ရဲ့ အရည်အချင်းနဲ့ ဒီဓားကို ဘယ်လိုပဲ လုပ်လုပ် အရင်ကလိုမျိုး မဖြစ်နိုင်တော့ဘူးတဲ့။

ပြီးတော့ အချိန်က အရမ်း ကပ်နေတာမို့ ဓားကို သေချာ မလုပ်ရသေးဘူး။ သွေးလည်း မသွေးရသေးဘူး။ နည်းနည်းလေး ကြွပ်ဆတ်နေနိုင်လို့ သိပ်မသုံးတာ အကောင်းဆုံးပဲ။"

ချီယန်တိုင်းပြည်မှ နန်းသုံး ပန်းပဲပညာရှင်များ၏ လက်ရာက တောက်ယွမ်ခရိုင်ထက် အများကြီး သာလွန် နေသည်။ သို့သော်လည်း ဤကိစ္စက လက်မခံနိုင်စရာတော့ မဟုတ်ပေ။

ဖန်ကျန်းရီက ခေါင်းညိတ်ပြီး ဓားကို အိမ်ထဲသို့ ပြန်သွင်းကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ထားလိုက်ပါတော့လေ။ ဒါက အခမ်းအနားမှာ သုံးမယ့် ပစ္စည်းတစ်ခုသတ်သတ်ပါပဲ။ နောက်မှ အချိန်ရရင် အသစ်ပြန်လုပ်လိုက်တာပေါ့။"

ထို့နောက် သူက ဝူရှန်းကို ကြည့်ကာ ပြုံးလိုက်၏။ "ဝူဆရာကြီး... ကျုပ်တို့ မတွေ့ရတာ တော်တော်ကြာပြီပဲ။ ခင်ဗျားရဲ့ နေ့စဉ်ဘဝက တော်တော်လေး အဆင်ပြေနေတယ်လို့ ကြားတယ်။"

ဝူရှန်းက တံတွေးမြိုချလိုက်ပြီး စိတ်ထဲတွင် ထိတ်လန့်သွားသည်။ သို့ပေမည့် ခြောက်ကပ်ကပ် ပြုံးပြလိုက်သည်။ "အဆင်ပြေပါတယ်... အဆင်ပြေပါတယ်။ သခင်လေးဖန်က သိပ်ယဉ်ကျေးလွန်းနေပါပြီ။"

"သခင်လေးဖန်... ကျုပ်ကို လာရှာတာ ဘာကိစ္စများ ရှိလို့လဲ။"

ဝူရှန်းက လမ်းတစ်လျှောက်လုံး ထိတ်လန့်လာခဲ့ရသည်။ ညသန်းခေါင်ယံမှာ လုဖာက သူ့ကို အတင်း ဆွဲခေါ်လာခြင်းဖြစ်သည်။ ဘာမှမရှင်းပြဘဲ မြို့တော်ဆီကို တိုက်ရိုက် ခေါ်လာခဲ့သဖြင့် အခုချိန်ထိ ဘာကိစ္စမှန်း သူ မသိသေးချေ။

ဖန်ကျန်းရီက သူ့အနီးသို့ လျှောက်သွားကာ ပခုံးကို ပုတ်လိုက်၏။

"ဘယ်လိုလုပ် သခင်လေးဖန်... သခင်လေးဖန် ဖြစ်နေရတာလဲ။ ကျုပ်တို့အားလုံးက တောက်ယွမ် ခရိုင်သားတွေချည်းပဲ။ခင်ဗျား ကျုပ်ကို သခင်ကြီးလို့တောင် မခေါ်ချင်ဘူးလား။ ဒါက ကျုပ်ကို ကိုယ့်လူလို သဘောမထားတာပဲ။"

ဝူရှန်းက ချက်ချင်းပင် ထိတ်လန့်သွား၏။ "အို... မရဲပါဘူး။ သခင်ကြီး မင်္ဂလာပါ။"

ဖန်ကျန်းရီက ထိုအမူအရာကို မြင်သောအခါ ကျေနပ်စွာ ပြုံးလိုက်သည်။ "ကောင်းပြီ။ ခင်ဗျား ကြောက်နေစရာ မလိုပါဘူး။ ကိစ္စကြီးကြီးမားမား မရှိပါဘူး။ ဒီတစ်ခေါက် ကျုပ်က ခင်ဗျားကို ကျန်းကျန်ဆီ ခေါ်သွားမလို့။ ကျုပ်က ခင်ဗျားရဲ့ အရည်အချင်းတွေကို အမြဲတမ်း အထင်ကြီးလေးစားတယ်။

ကျန်းကျန်ကို သွားတာက တခြားကိစ္စ မဟုတ်ဘူး။ ခင်ဗျားက ပြဇာတ်တွေ ရိုက်တတ်တယ်၊ ပြည့်တန်ဆာရုံတွေ ဖွင့်တတ်တယ် မဟုတ်လား။ ကျုပ်က အဲဒီကိုရောက်ရင် တော်တော်လေး အထီးကျန်နေမှာမို့ ခင်ဗျားလို အရည်အချင်းရှိတဲ့သူမျိုး လိုအပ်တယ်။

ကျန်းကျန်ကို ရောက်ရင် အသစ်အဆန်းလေးတွေ အများကြီး တီထွင်ပေးပါအုံး။"

ဝူရှန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြုံးလိုက်၏။ "သခင်ကြီးက ကျုပ်ကို နားလည်ပေးမယ့်သူ ဖြစ်နေမယ်လို့ မထင်ထားဘူး။ ဝူရှန်းအနေနဲ့ သေရမယ်ဆိုရင်တောင် နောင်တမရတော့ပါဘူး။"

ဘေးနားရှိ လူများက ဝူရှန်းကို အထင်သေးစွာ ကြည့်လိုက်ကြသည်။

ဖားတတ်လိုက်တဲ့ကောင်။

ဝူရှန်းက ပြောပြီးသည်နှင့် သူ၏ ရင်ဘတ်ထဲမှ အဝတ်စတစ်ခုကို ထုတ်ကာ ဖန်ကျန်းရီရှေ့သို့ ထိုးပေးလိုက်၏။ "သခင်ကြီး.. ကြည့်ကြည့်ပါ။ ဒါက ကျုပ် အသစ်တီထွင်ထားတဲ့ ရတနာလေးပဲ။"

ဖန်ကျန်းရီက အဝတ်စကို ယူကာ သေချာ ကြည့်လိုက်သည်။ အဝတ်စအဝိုင်းလေးတစ်ခု ဖြစ်ပြီး ထူးထူးခြားခြား မရှိပေ။

သူက နားမလည်စွာဖြင့် မေးလိုက်၏။ "ဒီပစ္စည်းက... ဘာလဲ။"

ဝူရှန်းက ဂုဏ်ယူစွာဖြင့် ပြုံးကာ တိုးတိုးလေး ရှင်းပြလိုက်သည်။ "ဒီပစ္စည်းကို ခြေထောက်ကွင်းလို့ ခေါ်တယ်။ အမျိုးသမီးတွေရဲ့ ပေါင်ပေါ်မှာ စွပ်ထားရင် ဆွဲဆောင်မှုကို အဆပေါင်းများစွာ တိုးစေတယ်။ သခင်ကြီး မသိသေးဘူး... နှင်းလမင်းစံအိမ်မှာ အခု..."

တိုးတိုးတိတ်တိတ် စကားပြောသံများက ဘေးနားရှိ အမျိုးသားများ၏ နားထဲသို့ ရောက်သွားပြီး အားလုံး၏ မျက်နှာပေါ်တွင် ရမ္မက်ဆန်သော အပြုံးများ ပေါ်လာကြ၏။

ဟွေကျောက်ဆရာတော်ဆိုလျှင် သွားရည်ကျမတတ် ဖြစ်နေလေသည်။

ပိုင်ရီနှင့် ရှောင်ထောင်တို့က မျက်နှာလွှဲကာ ရှက်သွေးဖြာသွားကြ၏။ ဖန်ကျန်းရီမှာ စကားပင် မပြောနိုင်တော့ချေ။

ခင်ဗျား သုတေသနဌာနကို သွားပြီး ဒါကို သုတေသန လုပ်နေတာလား။ တကယ့်ကို ရတနာတစ်ခုပဲ။ ကျုပ်လို ခေတ်သစ်လူသားတစ်ယောက်တောင် ခင်ဗျားရဲ့ လက်စွမ်းပြမှုအောက်မှာ အံ့သြသွားရတယ်။

ဖန်ကျန်းရီက ဝူရှန်းကို လေးစားစွာဖြင့် ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ "ဝူဆရာကြီးက တကယ့်ကို အရည်အချင်းရှိတာပဲ။ ကျုပ် လက်ခံပါတယ်။ ခင်ဗျားလို အရည်အချင်းရှိတဲ့သူ ရှိနေတာက ကျင်းတိုင်းပြည်ရဲ့ ကံကောင်းမှုပဲ။ ကျုပ် လူရွေးမမှားဘူးဆိုတာ သေချာသွားပြီ။"

ဝူရှန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြော၏။ "သခင်ကြီး အဲဒီလို မပြောပါနဲ့။ ဒါက ဘာမှမဟုတ်သေးပါဘူး။ ကျုပ်မှာ လက်တွေ့ မစမ်းသပ်ရသေးတဲ့ အကြံဉာဏ်တွေ အများကြီး ရှိသေးတယ်။ နောက်မှ အခွင့်အရေးရရင် သခင်ကြီးဆီက အကြံဉာဏ်တွေ တောင်းချင်ပါသေးတယ်။"

ထို့နောက် သူက သက်ပြင်းချလိုက်သည်။ "ကျုပ်လည်း တောက်ယွမ်ခရိုင်ကို ရောက်မှပဲ ကိုယ့်ရဲ့ ရည်မှန်းချက် တွေကို ရှာတွေ့ခဲ့တာ။ အရင်တုန်းက ဘဝကို ပြန်တွေးကြည့်ရင် တကယ့်ကို အဓိပ္ပာယ်မဲ့လွန်းတယ်။ ဒါပေမဲ့... အခုချိန်မှာ ကျုပ် စိတ်ပူတာလေး တစ်ခုရှိတယ်။"

"ဝူဆရာကြီး... ပြောပါ။"

ဝူရှန်းက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "ကျုပ် လုပ်နေတဲ့ ဒီပစ္စည်းတွေက... ပြင်ပလောကက လက်ခံမပေးနိုင်မှာကို စိုးရိမ်တယ်။"

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ချေ။

မြို့တော်ရဲ့ တုံ့ပြန်မှုက ဘယ်လောက်တောင် အားကောင်းနေလဲဆိုတာကို ကြည့်။ ပြင်ပလောကက ဘယ်လိုလုပ် လက်မခံဘဲ နေမှာလဲ။

အမတ်ကြီးတွေ အားလုံးကို ခင်ဗျား ဒုက္ခပေးခဲ့တာတောင် ဘယ်သူကမှ ကျုပ်ကို ပြဿနာ လာမရှာကြဘူး။

ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ … စိတ်လှုပ်ရှားစရာတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ အဆုံးထိ သွားရမှာပဲ။အရာအားလုံးကို ကျုပ် တာဝန်ယူတယ်။ ခင်ဗျား စိတ်ချလက်ချ လုပ်ပါ။"

ဝူရှန်းက ရိုသေစွာဖြင့် အရိုအသေပေးလိုက်၏။ "ဒါဆိုရင် သခင်ကြီးရဲ့ အမိန့်အတိုင်းပဲ လုပ်ဆောင်ပါ့မယ်။"

ပြောပြီးသည်နှင့် ဝူရှန်းက နောက်သို့ တစ်လှမ်း ဆုတ်သွားခဲ့သည်။

ဖန်ကျန်းရီက အခြားလူတစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်သည်။ "အဘချီ... ဒီတစ်ခေါက်တော့ ကျုပ်နဲ့အတူ လိုက်ခဲ့ဖို့ အဘချီကို အကူအညီ တောင်းရတော့မယ်။"

All Chapters