← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 12 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 12 Ch. 193-194

အပိုင်း (၁၉၃) တောက်ယွမ်သို့ ပြန်ရန် ပြင်ဆင်ခြင်း။

အဘချီသည် အသက် ၄၀ ကျော်အရွယ်ရှိပြီး အသားအရေ မည်းနက်ကာ တောင်သူလယ်သမားအိုကြီး တစ်ယောက်နှင့် တူသည်။

သူက သိပ်ပြီး စကားမပြောတတ်ချေ။

ဖန်ကျန်းရီ၏ စကားကို ကြားသောအခါ အဘချီက အနည်းငယ် သက်ပြင်းချလိုက်၏။ "သခင်ကြီး... ခရိုင်ထဲက အိမ်တွေက ကျုပ် ဆောက်ဖို့ စောင့်နေကြသေးတယ်။ ကျုပ် ထွက်သွားရင် လက်အောက်က လူတွေ သေချာ မလုပ်နိုင်မှာ စိုးရိမ်တယ်။"

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ချေ။ "ကိစ္စမရှိပါဘူး။ ခင်ဗျားလည်း လက်လွှတ်သင့်ပြီ။ အရာရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်နေရရင် ဘယ်လိုလုပ် ကြီးမားတဲ့ ကိစ္စတွေကို အောင်မြင်အောင် လုပ်နိုင်မှာလဲ။

အဘချီ... လူဆိုတာ ရည်မှန်းချက် ရှိရမယ်။ သာမန်အိမ်တွေ အလုံးတစ်သောင်းလောက် ဆောက်နိုင်ရင်ရော ဘာအကျိုးရှိမှာလဲ။ ဘယ်သူကမှ ခင်ဗျားကို မှတ်မိနေမှာ မဟုတ်ဘူး။ ကျုပ်တို့ ဆောက်ရင် အံ့မခန်း အဆောက်အအုံတွေချည်းပဲ ဆောက်မယ်။ သေချာ ကြိုးစားလုပ်ပါ။ တခြားအရာတွေ စဉ်းစားမနေနဲ့။"

အဘချီက ဘာမှဆက်မပြောတော့ဘဲ သဘောတူလိုက်၏။

သူ ဆောက်ခဲ့သော ခရိုင်ရုံးတော် အဆောက်အအုံနှင့် တောက်ယွမ်ပြဇာတ်ရုံတို့ကို ပြန်စဉ်းစားမိသောအခါ စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားမိသည်။

သခင်ကြီးက ဒီလိုမျိုး ထူးဆန်းတဲ့ အရာတွေကိုပဲ သဘောကျတာ။ တောက်ယွမ်ခရိုင်က အပြင်လူတွေ နည်းလို့သာပေါ့။ အဲဒီလိုမှ မဟုတ်ရင် လူတော်တော်များများက သူ ဆောက်ထားတဲ့ ထူးဆန်းတဲ့ အဆောက်အအုံတွေကို လှောင်ပြောင်နေကြမှာ အသေအချာပဲ။ တွေးကြည့်ရင် နာမည်ပျက်ရတာပါပဲလား။

ကျန်းကျန်ကို ရောက်ရင်ရော ဘယ်လို အသစ်အဆန်းတွေ ထပ်လုပ်ခိုင်းအုံးမလဲ မသိဘူး။ အဲဒီနေရာမှာ လူသိပ်မရှိဖို့ပဲ မျှော်လင့်ရမယ်။

အားလုံးက သဘောတူလိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းလိုက်၏။

"သွားကြမယ်။"

...

ကျန်းကျန်၊ ချန်ရေကန် အပျော်စီးလှေပေါ်တွင်။

ရှဲ့ရှန်းက ဆေးပန်းကန်လုံးကို ကိုင်ကာ အခန်းတစ်ခန်းထဲသို့ သတိထား၍ ဝင်သွားခဲ့သည်။

ကုတင်ပေါ်ရှိ လူမမာကို မြင်သောအခါ သူက ပြောလိုက်၏။ "ဒုတိယသခင်လေး... ထပြီး ဆေးသောက်လိုက်အုံး။"

ကျိုးထျဲ့သည် မျက်နှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများ ခြောက်သွေ့နေ၏။ ရှဲ့ရှန်း ရောက်လာသည်ကို မြင်သောအခါ အားတင်းပြုံးပြလိုက်သည်။ "အဟွတ်... အဟွတ်... ခင်ဗျားကို ဒုက္ခပေးမိပြီ... ရှဲ့ရှန်း။"

ရှဲ့ရှန်းက သက်ပြင်းချလိုက်၏။ "မြင်းစီးပြီး လာလည်း ရသားနဲ့။ အဲဒီ နှစ်ရက်လောက်ကို မစောင့်နိုင်ဘဲ လှေစီးပြီး လာတော့ ရေထဲ ကျသွားရသေးတယ်။"

ကျိုးထျဲ့က ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။ "ခင်ဗျား မသိပါဘူး။ ကျန်းပြောင်က လှေမူးတယ်လို့ ကြားလို့... ဟီးဟီး... ကျုပ် တမင် လှေစီးတာပါ။ အဟွတ်... အဟွတ်။"

ရှဲ့ရှန်းက ကျိုးထျဲ့ကို အရူးတစ်ယောက်လို ကြည့်လိုက်၏။

ဆေးတစ်ပန်းကန်လုံး သောက်ပြီးသွားသောအခါ ရှဲ့ရှန်းက ဆေးပန်းကန်ကို လှမ်းယူကာ တိုးတိုးလေး မေးလိုက်သည်။ "လောင်ကျိုး... ဒီမှာ ကျုပ်တို့ နှစ်ယောက်တည်း ရှိတာ။ ခင်ဗျားရဲ့ သိုင်းဘွဲ့က ဝယ်ထားတာလား ကျုပ်ကို ပြောစမ်း။ ဘယ်လောက် ပေးရလဲ။"

ကျိုးထျဲ့ မျက်လုံးပြူးသွားပြီး အားယူကာ လက်တစ်ဖက်ကို ဆန့်ထုတ်၍ တုန်ရီစွာဖြင့် လက်ညှိုးထိုးလိုက်၏။

"ခင်ဗျား … ခင်ဗျား … ကျုပ် ခင်ဗျားကိုသူငယ်ချင်းလို သဘောထားတာ၊ ခင်ဗျား ကျုပ်ကို သံသယ ဝင်နေတာလား။"

ရှဲ့ရှန်းက အနည်းငယ် ရှက်သွားသည်။ "အဲလို မဟုတ်ပါဘူး။ မတွေးပါနဲ့။ ကျုပ်က မြို့တော်ကို စာမေးပွဲ သွားမဖြေလိုက်ရလို့ စိတ်မကောင်းဖြစ်နေတာပါ။ ခင်ဗျား အနားယူလိုက်အုံး။"

ပြောပြီးသည်နှင့် သူက ဆေးပန်းကန်ကို ယူကာ အပြင်သို့ ထွက်ရန် ပြင်လိုက်၏။

ကျိုးထျဲ့က သူ့ကို အလျင်အမြန် လှမ်းခေါ်လိုက်သည်။ "ရှဲ့ရှန်း... ခင်ဗျားတို့ ကျုပ်ကို အထင်သေးနေတယ်ဆိုတာ သိပါတယ်။

ကျုပ် လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... အဟွတ်...ကျုပ် လှေပေါ်မှာ အရက်မူးနေတုန်း ဓားသိုင်းတစ်ကွက် တီထွင်လိုက်တယ်။ အဲဒါကို ရူးသွပ်ဝံပုလွေ ဓားသိုင်းလို့ နာမည်ပေးထားတယ်။ သုံးကွက်... သုံးကွက်တည်းပဲ။ အကယ်၍ ကျန်းပြောင်သာ ကျုပ်နဲ့ တွေ့ရင် သူ့ခေါင်း ပြတ်ကျသွားစေရမယ်။

ခင်ဗျား တခြားလူတွေကို မပြောပြနဲ့နော်။ အဟွတ်။ ဒါက ကျုပ်ရဲ့ လျှို့ဝှက်လက်နက်ပဲ။ ခရိုင်ကို ပြန်ရောက်ရင် ကျုပ်ရဲ့ သိက္ခာကို ပြန်ဆယ်ရမယ်။ ဟားဟား…."

ပြောရင်းဖြင့် ကျိုးထျဲ့က မျက်နှာကျက်ကို မော့ကြည့်ကာ စိတ်ကူးယဉ်ရင်း ရူးသွပ်သူတစ်ယောက်လို ရယ်မော လိုက်၏။

ရှဲ့ရှန်းက သူ၏ အမူအရာကို မြင်သောအခါ ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

တံခါးဝသို့ ရောက်တော့ အခန်းထဲသို့ ဝင်လာမည့် လျန်ကွေ့နှင့် ဆုံမိ၏။

လျန်ကွေ့က ရှဲ့ရှန်း လက်ထဲမှ ဆေးပန်းကန်ကို မြင်တော့ မေးလိုက်သည်။ "ဆေးသောက်ပြီးပြီလား။ သူ အခု ဘယ်လိုနေလဲ။ ညီအစ်ကိုတွေ အကုန် ရောက်နေပြီ။ ခင်ဗျားကိုပဲ စောင့်နေတာ။"

"သူ သိပ်နေကောင်းတယ်။ ဓားသိုင်းတစ်ကွက် တီထွင်ထားတယ်လို့တောင် ပြောနေသေးတယ်။ သုံးကွက်တည်းနဲ့ ကျန်းပြောင်ကို ခေါင်းဖြတ်နိုင်တယ်တဲ့။"

"ဟားဟားဟားဟားဟား။"

"ဟားဟားဟားဟားဟားဟား။"

ကျိုးထျဲ့သည် အပြင်ဘက်မှ လှောင်ပြောင်ရယ်မောသံများကို ကြားသောအခါ မျက်နှာ နီရဲသွား၏။ သူက ကုတင်ဘောင်ကို အားကုန်လွှဲထုကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တောက်။"

ရှဲ့ရှန်းနှင့် လျန်ကွေ့တို့သည် အခန်းတွင်းမှ ဒေါသတကြီး အော်သံကိုကြားတော့ ပါးစပ်ကို အမြန်ပိတ်ကာ ထွက်ပြေးသွားကြ၏။

ဧည့်ခန်းမကြီးထဲတွင် အပျော်စီးလှေကို ပြုပြင်ပြောင်းလဲထားပြီး ဧရာမ စားပွဲရှည်ကြီး တစ်လုံးကိုသာ ချန်ထားခဲ့သည်။

ပတ်ပတ်လည်တွင် ထိုင်ခုံ အလုံးပေါင်း သုံးဆယ်ကျော် ရှိ၏။

ပုံမှန်အားဖြင့် လူတိုင်းက ဤစားပွဲတွင် စုဝေးကာ ဆွေးနွေးလေ့ရှိပြီး ထမင်းစားလေ့ရှိကြသည်။

အလယ်ဗဟိုရှိ ထိုင်ခုံမှာတော့ အမြဲတမ်း လွတ်နေလေ့ရှိပြီး ဖန်ကျန်းရီအတွက် ချန်ထားခြင်း ဖြစ်၏။

ရှဲ့ရှန်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လူစုံပြီဖြစ်ကြောင်း မြင်တော့ သူ၏ ထိုင်ခုံဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။ ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် သူက စတင် ပြောလိုက်သည်။ "ဒီလို လူစုံတာ ရှားတယ်။

ကျုပ်တို့ လှေပေါ်မှာ စုရတာ နောက်ထပ် အကြိမ်များများ ဒီလိုရှိတော့မှာ မဟုတ်ဘူး။ အလုပ်တစ်ခုလုပ်ပြီးရင် ထွက်သွားကြမယ်။ အခုတလော ဘာတွေ ထူးခြားနေလဲ အားလုံး ပြောပြကြအုံး။"

ရှန်ကျောက်ရွှမ်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။ "ဘာထူးခြားရမှာလဲ။ ဆန်ခိုးမလို့လား။ ခိုးရင် ဘယ်လောက်များများ ခိုးနိုင်မှာလဲ။ ကျုပ်ကို အချိန်နည်းနည်းလောက် ပေးရင် ကျန်းကျန်မှာရှိတဲ့ ဂိုဏ်းငယ်လေး တွေ အကုန်လုံးကို အုပ်စိုးနိုင်ပြီ။ ရေနတ်ဘုရားဂိုဏ်းရဲ့ ဌာနခွဲတစ်ခုကို မနက်ကပဲ ရှင်းလင်းပစ်လိုက်ပြီ။

"ကျုပ် ပြောချင်တာက ခင်ဗျားတို့ အားလုံး ရပ်လိုက်လို့ ရပြီ။ အချိန်ဖြုန်းနေတာပဲ အဖတ်တင်တယ်။ အကျိုး မရှိပါဘူး။"

"ကျုပ်စကားကို နားထောင်ပြီး နောက်ထပ် တစ်လလောက် နေကြအုံး။ အဲဒီအခါကျရင် ခင်ဗျားတို့ လိုချင်တဲ့ ဆန်ပမာဏကို ကျုပ် လုယူပေးနိုင်တယ်။"

"ကျုပ်တို့ အလုပ်တစ်ခုလုပ်ပြီးရင် ထွက်သွားကြမယ်။"

ရှန်ကျောက်ရွှမ် ပြောပြီးနောက် လေထုက အနည်းငယ် တိတ်ဆိတ်သွား၏။

ရှဲ့ရှန်းက ရှန်ကျောက်ရွှမ်ကို သေချာ ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "သခင်လေးက ကျုပ်တို့ကို အလျင်စလို မလုပ်ဖို့ မှာထားတယ်။ ခင်ဗျား ပြဿနာကို ဒီလိုကြီးအောင်လုပ်နေတာ ... သေချင်လို့လား။"

လျန်ကွေ့က အော်ဟစ်လိုက်၏။ "လောင်ရှန်က အခု အရမ်းကို တော်နေပြီပဲ။ ကျုပ်တို့ကိုတောင် အထင်မကြီးတော့ဘူး။ လက်အောက်မှာ လူငါးထောင်ကျော် ရှိနေတော့ ရမ်းကားနေတာပေါ့။ ကြည့်ရတာ သခင်လေး ရောက်လာရင်တောင် သူ့ကို နှိမ်နှင်းနိုင်မှာ မဟုတ်ဘူးထင်တယ်။"

အားလုံး၏ အကြည့်များက ရှန်ကျောက်ရွှမ်ထံသို့ စုပုံသွားကြ၏။

ရှန်ကျောက်ရွှမ်က တံတွေးမြိုချလိုက်ပြီး ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျားတို့ လျှောက်မပြောကြနဲ့။ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ပုံစံနဲ့ ပြန်သွားရင် မျက်နှာပျက်စရာကောင်းလို့ ကျုပ် ပြောတာ။

ပြီးတော့ လူတွေ အများကြီး ရှိလာတာကလည်း ကျုပ် ထိန်းချုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ အရင်တည်းက ခင်ဗျားတို့ကို ကျုပ် ပြောပြထားသားပဲ။"

ရှဲ့ရှန်း၏ အသံက ထပ်မံ ထွက်ပေါ်လာ၏။ "သခင်လေးက ကျုပ်တို့ကို ပြန်လာခဲ့ဖို့ ပြောထားတာပဲ။ အားလုံးက မျက်နှာပျက်မှာ စိုးလို့ အလုပ်တစ်ခုလောက် လုပ်ပြီးမှ ပြန်မယ်ဆိုပြီး နေနေကြတာ။ ခင်ဗျား အခုလို လုပ်နေရင် အဆုံးသတ်ဖို့ ခက်ခဲသွားလိမ့်မယ်။

ပြီးတော့ တော်တော်ကြာနေပြီ၊ ခင်ဗျား ကျုပ်ဆီက ငွေလာမတောင်းဘူး။ လူငါးထောင်ဆိုတော့ ပါးစပ်ပေါင်း ငါးထောင်ရှိတယ်။ ခင်ဗျား ငွေနဲ့ ဆန်တွေ ဘယ်က ရလာတာလဲ။"

ရှန်ကျောက်ရွှမ်က အတန်ကြာ တိတ်ဆိတ်သွား၏။ "ဟုတ်တယ်။ မျက်နှာပျက်မှာစိုးလို့ အားလုံး ဒီမှာ ဆက်နေကြတာပဲ။ အခု ကျုပ်မှာ အသုံးချလို့ရတဲ့ လူငါးထောင် ရှိနေပြီ။ ဘာပဲလုပ်လုပ် ပိုပြီး လွယ်ကူသွားပြီ။ အစိုးရရုံးတော်က လူတော်တော်များများလည်း ကျုပ်ကို လာရှာကြတယ်။ ဒါကြောင့် ငွေနဲ့ ဆန်အတွက် ခင်ဗျားတို့ စိတ်ပူစရာ မလိုဘူး။"

ရှဲ့ရှန်းက မျက်မှောင်ကြုတ်သွား၏။ "သူတို့ ခင်ဗျားကို သိသွားတာလား။ အသုံးချခံ ဖြစ်သွားမှာ ခင်ဗျား မကြောက်ဘူးလား။"

ရှန်ကျောက်ရွှမ်က လက်နှစ်ဖက်ကို ဖြန့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။ "ကြောက်တာပေါ့။ ဒါပေမဲ့ ကုပ်မှာ အဖမ်းခံရစရာ အကြောင်း ဘာမှမရှိဘူး။ ကျုပ် အပြင်ထွက်ရင် အမြဲတမ်း မျက်နှာဖုံး တပ်ထားတယ်။ ဘယ်သူကမှ ကျုပ်ပုံစံကို မသိဘူး။

ကျုပ်တို့ လွတ်လပ်ရေးဂိုဏ်းရဲ့ ဆောင်ပုဒ်က တိုင်းပြည်ကို ချစ်ပါ၊ မိသားစုကို ချစ်ပါ။ အလုပ်ကို ကြိုးစားလုပ်ပါ။ ကိုယ်ကျိုးစွန့်ပါ။ ဥပဒေကို လိုက်နာပါ။

ဂိုဏ်းဝင်တွေ လမ်းပေါ်ထွက်ရင် လူတိုင်းက လမ်းဘေးနှစ်ဖက်ကနေ ကြိုဆိုကြတာပဲ။ ဘယ်သူက မကြိုက်ဘဲ နေလဲ။

အပြင်မှာ ကျုပ် နှိမ်နှင်းခဲ့တဲ့ ဂိုဏ်းငယ်လေးတွေကမှ တကယ့် မိစ္ဆာဂိုဏ်းတွေ။ မီးရှို့၊ လူသတ်၊ လုယက်ပြီး မကောင်းမှုဟူသမျှ အကုန်လုပ်ကြတာ။ ဒါကြောင့် လောင်ရှဲ့.. ခင်ဗျား စိတ်ချလက်ချ နေပါ။ ပြဿနာ သိပ်မရှိပါဘူး။ ဒီနေ့ည ကျန်းကျန် မြို့ဝန်ကတောင် ကျုပ်ကို ညစာစားဖို့ ဖိတ်ထားသေးတယ်။"

လျန်ကွေ့က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "သွားစရာ မလိုပါဘူးကွာ။ မျက်နှာဖုံး တပ်ထားတိုင်း လုံခြုံပြီ ထင်နေတာလား။ ဟိုရောက်လို့ ခင်ဗျားကို ဖမ်းချုပ်ထားရင် ညီအစ်ကိုတွေ အကုန် ထောင်ထဲ ဝင်နေရမယ်”

"ခင်ဗျား လျှောက်ပြောနေတာပဲ။ သူတို့က ဘာအကြောင်းပြချက်နဲ့ ကျုပ်ကို ဖမ်းမှာလဲ။"

"အစိုးရအရာရှိဆိုတာ ဘယ်တုန်းက အကြောင်းပြချက် ပေးတတ်လို့လဲ။ သခင်လေး ဘယ်လိုလူလဲဆိုတာ ခင်ဗျားမသိဘူးလား။"

"တောက် .. ကျုပ် သခင်လေးကို တိုင်ပြောမယ်..."

ရှဲ့ရှန်း၏ စိတ်ထဲတွင် အတော်လေး ရှုပ်ထွေးသွား၏။ "တော်ကြတော့။ မငြင်းကြနဲ့တော့။ လောင်ရှန်... ခင်ဗျား မသွားနဲ့တော့။ ပြဿနာ တစ်ခုခု ရှိနေတယ်လို့ ကျုပ် ထင်တယ်။ အကြောင်းပြချက် တစ်ခုခုပေးပြီး ငြင်းလိုက်ပါ။

ပြီးတော့ ခင်ဗျားရဲ့ လူငါးထောင်ကိုလည်း ဖြန့်ခွဲနိုင်ရင် အမြန်ဆုံး ဖြန့်ခွဲလိုက်တော့။ ဘယ်လိုနည်းလမ်း သုံးသုံး ကျုပ် ဂရုမစိုက်ဘူး။"

ရှန်ကျောက်ရွှမ်၏ မျက်နှာတွင် မကျေနပ်မှုများ ပေါ်လာ၏။ "တကယ်ပဲ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ပုံစံနဲ့ ပြန်ရတော့မှာလား။ သခင်လေးအကြောင်းကို ခင်ဗျားတို့ သိသားပဲ။ သူက ကျုပ်တို့ ပြဿနာ ရှာတာကို မကြောက်ဘူး။ ပြဿနာ မရှာနိုင်မှာကိုပဲ ကြောက်တာ။

ပြန်သွားရင် မျက်နှာပျက်ရမှာပဲ။ ပြီးတော့ လူတွေကို လူစုခွဲဖို့ဆိုတာ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ဒီလို ရုတ်တရက်ကြီး လူစုခွဲလိုက်ရင် လက်အောက်က လူတွေကို ထိန်းချုပ်လို့ ရမှာ မဟုတ်ဘူး။ အချိန်လိုတယ်။"

"အဲဒီလိုမှ မဟုတ်ဘဲ ခဏလေးနဲ့ လူစုခွဲလိုက်ရင် နောက်တစ်ယောက်က ပြန်ဦးဆောင်ပြီး စုစည်းသွားလိမ့်မယ်။ အဲဒီအခါကျရင် လွတ်လပ်ရေးဂိုဏ်းက ဘယ်လိုဖြစ်သွားမလဲ။ ကျုပ် လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အကြမ်းဖက်သမားတွေ၊ မိစ္ဆာဂိုဏ်းဝင်တွေ ထွက်ပေါ်လာရင် ပိုပြီး ပြဿနာ တက်လိမ့်မယ်။"

"ခင်ဗျား အချိန်ဘယ်လောက် လိုလဲ။"

"အနည်းဆုံး တစ်လလောက်ပေါ့။ ကျုပ် လက်အောက်က အငြိမ်မနေတဲ့ ကောင်တွေကို တစ်ယောက်ချင်း ရှင်းပစ်ရမယ်။"

ရှဲ့ရှန်းက စားပွဲကို လက်ညှိုးဖြင့် ခေါက်ကာ အတန်ကြာ စဉ်းစားလိုက်၏။ "ကောင်းပြီ။ တစ်လပဲ။ အမြန်ဆုံး လုပ်ပါ။"

ရှန်ကျောက်ရွှမ်က ခေါင်းညိတ် သဘောတူလိုက်သည်။

"တခြားလူတွေရော ဘယ်လိုလဲ။"

ဝေ့ချိုက်က မတ်တတ်ရပ်ကာ ပြောလိုက်၏။ "ကျုပ်ဘက်မှာလည်း အချိန်နည်းနည်း လိုသေးတယ်။ မြေအောက်လှိုင်ခေါင်းကို တစ်ဝက်ပဲ တူးရသေးတယ်။ အခုတလော ဆွန်းအိမ်တော်နဲ့ ဝမ်အိမ်တော်ရဲ့ စပါးကျီတွေကို လာစောင့်တဲ့လူတွေ ပိုများလာတယ်။ ကျုပ်တို့လူတွေ လှုပ်ရှားမှု ကြီးကြီးမားမား လုပ်လို့မရဘူး။ ဒါကြောင့် အချိန် ကြန့်ကြာသွားတာ။

ဘာကြောင့်မှန်းတော့ မသိဘူး... အခုတလော အဲဒီ သူဌေးကြီးတွေရဲ့ စပါးကျီတွေကို သေချာ စောင့်ကြပ်နေကြသလိုပဲ"

ဘေးနားရှိ ပိုင်ရွေ့က ဝင်ပြောလိုက်သည်။ "လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့ ဖြစ်မှာပေါ့။ အခုတလော မြို့ပြင်က ကယ်ဆယ်ရေးစခန်းတွေမှာ ဆန်ပြုတ်တွေ ပိုပိုပြီး ကျဲလာတာကို ခင်ဗျားတို့ သတိမထားမိကြဘူးလား။ မနေ့ညက ကျုပ် အစိုးရစပါးကျီကို သွားစုံစမ်းတော့ စပါးကျီက အပြည့်နီးပါး ရှိနေတုန်းပဲ။ ဒါပေမဲ့..."

ပြောရင်းဖြင့် ပိုင်ရွေ့က ရင်ဘတ်ထဲမှ အဝတ်ထုပ်ငယ်တစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ လောင်းချလိုက်၏။

စားပွဲပေါ်တွင် အရောင်အမျိုးမျိုးရှိသော ဆန်စေ့များ ပြန့်ကျဲသွားသည်။

"အားလုံး ကြည့်ကြ။ အစိုးရစပါးကျီထဲက ဆန်တစ်ဝက်ကျော်က မှိုတက်နေတဲ့ ဆန်တွေချည်းပဲ။ ကျန်တဲ့ နည်းနည်းလေးကတော့ ဆန်ဟောင်းတွေပေါ့။"

"ဆန်ပြုတ် ဘာလို့ ပိုပိုကျဲလာလဲဆိုတာ စဉ်းစားနေစရာ လိုသေးလို့လား။ အစိုးရစပါးကျီမှာ ဆန်မရှိတော့ဘူး။"

"ဆွန်းအိမ်တော်နဲ့ ဝမ်အိမ်တော်က တိတ်တဆိတ် ဆန်တွေ ရောင်းနေကြတယ်။ အရင်က လေးတေလ်းတန်တဲ့ ဆန်တစ်အိတ်က အခုဆို လေးတေလ်းနဲ့ တစ်ပိဿာလောက် ဝယ်နိုင်ရင်တောင် ကံကောင်းနေပြီ။ ဆန်ဈေးက ရွှေဈေးလို ဖြစ်နေပြီ။"

ရှဲ့ရှန်းက သက်ပြင်းရှည်ကြီး ချလိုက်၏။ "အစိုးရစပါးကျီထဲမှာ မှိုတက်နေတဲ့ ဆန်တွေ မရှိသင့်ဘူး။ အဲဒီတော့ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်။ တိတ်တဆိတ် အရာရှိတွေနဲ့ ကုန်သည်တွေ ပူးပေါင်းပြီး မှိုတက်နေတဲ့ ဆန်တွေကို ဆန်သစ်တွေနဲ့ လဲလှယ်နေတာပဲ။"

"ကြည့်ရတာ ကျုပ်တို့ ရှာထားတဲ့ သူဌေးကြီးတွေက တကယ့်ကို မှန်ကန်နေတာပဲ။"

ရှန်ကျောက်ရွှမ်က ရယ်မောလိုက်သည်။ "ဒါဆို... ကျုပ်တို့လည်း အားနာနေစရာ မလိုတော့ဘူးပေါ့။ ညဘက်ရောက်ရင် လူတွေကို ခေါ်ပြီး အကုန်လုံး လုယူပစ်လိုက်မယ်။

သူတို့ စပါးကျီကို စောင့်တဲ့လူ ဘယ်လောက်များများ ဘာအရေးလဲ။ ကျုပ်တို့ လူအင်အားနဲ့ ယှဉ်နိုင်မလား။"

ရှဲ့ရှန်းက ချက်ချင်း ငြင်းပယ်လိုက်၏။ "မဖြစ်ဘူး။ အခြေအနေက အခုလိုဆိုရင် ကျုပ်တို့ ဝင်စွက်ဖက်လို့ ရတဲ့ အဆင့်ကို ကျော်လွန်သွားပြီ။ မြေအောက်လှိုင်ခေါင်းကို အမြန်ဆုံး ဆက်တူးကြ။ ဒီအတောအတွင်း သဲအိတ်တွေ အများကြီး ပြင်ဆင်ထား။ နောက်ထပ် ဆယ်ရက်ကျော်လောက်ကြာရင် ဆန်ဘယ်လောက် လဲနိုင်လဲ အဲဒီလောက်ပဲ လဲကြမယ်။

ပြီးတာနဲ့ ကျုပ်တို့ ခရိုင်ကို ပြန်ကြမယ်။"

အပိုင်း (၁၉၄) အိမ်ရှေ့စံမင်းသား လှုပ်ရှားပြီ။

နန်းတွင်းညီလာခံတွင် လီယွမ်ကျောက်သည် အမတ်ကြီးများ၏ ပြင်းထန်သော ဆွေးနွေးမှုများကို စိတ်မဝင်စားစွာဖြင့် ကြည့်ရှုနေ၏။

ဖန်ကြီး မရှိတော့သည်နှင့် နန်းတွင်းက တော်တော်လေး ပျင်းစရာကောင်းသွားသည်။

အဓိက အကြောင်းအရာက ဆန်ပြတ်လပ်မှု ပြဿနာပင် ဖြစ်သော်လည်း လီယွမ်ကျောက်က နားထောင်ရန်ပင် စိတ်မဝင်စားတော့ချေ။

သုံးရက်ဆက်တိုက် ခမည်းတော်ထံ စာလွှာတင်ပြီး ကျန်းကျန် အနီးနားရှိ မြို့သုံးမြို့တွင် အဆောက်အအုံများ အကြီးအကျယ် တည်ဆောက်ရန် အကြံပြုခဲ့သည်။

ပထမ အကြံပြုစာ နှစ်စောင်မှာတော့ အကြောင်းပြန်ကြားခြင်း မခံခဲ့ရပေ။ နောက်ဆုံးတွင် လီယွမ်ကျောက်က သည်းမခံနိုင်တော့ဘဲ နန်းတွင်းညီလာခံ၌ တိုက်ရိုက် အကြံပြုခဲ့၏။

အဖြေကတော့ ရှင်းသည်။ အမတ်ကြီးများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပြီး ကျင်းဘုရင်ကလည်း မျက်နှာသေဖြင့် စကားတစ်ခွန်းတည်းပြောကာ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။

ယနေ့ ဆန်ပြတ်လပ်မှု ပြဿနာနှင့် စပ်လျဉ်းသည့် ဆွေးနွေးချက်များမှာလည်း ယခင်နည်းတူပင် ဖြစ်သည်။ မည်သည့်ဒေသ၌ ဆန်လိုအပ်ချက် ရှိနေသနည်း၊ ထိုဒေသသို့ အလျင်အမြန်ဆုံး ဆန်တင်ပို့ပေးရန်၊ မည်သည့်နေရာတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသနည်း၊ ကုန်ဈေးနှုန်းများ ကျဆင်းလာစေရေး မည်သို့ဆောင်ရွက်မည် စသည့် ကိစ္စရပ်များသာ ဖြစ်၏။

လီယွမ်ကျောက်သည် နားထောင်ရင်း ခေါင်းပါ မူးသလို ခံစားလာရသည်။

နောက်ဆုံးတွင် နန်းတွင်းညီလာခံ ပြီးဆုံးသွားခဲ့၏။

လီယွမ်ကျောက်က နန်းတော်ထဲမှ မထွက်ဘဲ ကျင်းဘုရင်၏ နောက်မှ ကပ်လိုက်သွားခဲ့သည်။

ကျင်းဘုရင် က နောက်ကို လှည့်ကြည့်ကာ ပြုံးလိုက်၏။ "ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ။ မင်း ပြောစရာ ရှိလို့လား။"

လီယွမ်ကျောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ခမည်းတော် သွားတဲ့နေရာကို သားတော် လိုက်မှာပဲ။"

ကျင်းဘုရင်က ရယ်မောလိုက်၏။ "ဒါဆိုလည်း လိုက်ခဲ့လေ။ ငါ စာကြည့်ဆောင်ကို သွားမလို့။"

စာကြည့်ဆောင်သို့ ရောက်သောအခါ ကျင်းဘုရင်က သူ၏ နေရာတွင် ဝင်ထိုင်လိုက်ပြီး လီယွမ်ကျောက်ကို တစ်ချက်ကြည့်လိုက်သည်။

လီယွမ်ကျောက်က ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။

ကျင်းဘုရင်က အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ "ဘာတွေ ကြည့်နေတာလဲ။ ကိစ္စရှိလား။ ကိစ္စရှိရင် မြန်မြန်ပြော။ ကိစ္စမရှိရင် ထွက်သွားတော့။ ဒီမှာ လာရှုပ်မနေနဲ့။"

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် လက်ကို ပွတ်သပ်ကာ ပြောလိုက်၏။ "ထိုင်ခုံလေး ဘာလေး မရှိဘူးလား။ သားတော် ပင်ပန်းနေပြီ။"

"ဟမ့် … သူ့ကို ထိုင်ခုံတစ်လုံး ချပေးလိုက်။"

မိန်းမစိုးက ထိုင်ခုံတစ်လုံး ယူလာပေးသည်။ လီယွမ်ကျောက်က ပြုံးရွှင်စွာ ထိုင်လိုက်ပြီး သတိအပြည့်ဖြင့် မေးလိုက်သည်။ "သားတော် တင်ပြထားတဲ့ စာလွှာကို ခမည်းတော် မြင်ပြီးပြီလား။"

"ဒီကိစ္စအတွက်လား။" ကျင်းဘုရင်က ပြုံးလိုက်၏။

"ဒါဆို ငါ့ကို ထပ်မပြောနဲ့တော့။ မဖြစ်နိုင်ဘူး။ ဒါတွေ အကုန်လုံး ဖန်ကျန်းရီ မင်းကို သင်ပေးလိုက်တာ မဟုတ်လား။"

လီယွမ်ကျောက်၏ မျက်နှာထားက တည်ကြည်သွားသည်။ "မဟုတ်ပါဘူး။ သားတော် ကိုယ်တိုင် စဉ်းစားထားတာပါ။"

ဖန်ကြီးကို ဒုက္ခပေးလို့ မဖြစ်ဘူး။ တကယ်လို့ သူ့ကို ပိုဝေးတဲ့နေရာကို ပို့လိုက်ရင် မြို့တော်မှာ နေရတာ ပိုပျင်းစရာကောင်းသွားလိမ့်မယ်။

"အို... ဒါဆို မင်း ဘယ်လို စဉ်းစားထားလဲ ငါ့ကို ပြောပြစမ်း။"

လီယွမ်ကျောက်က အလျင်စလို ပြောပြလိုက်သည်။ "သားတော် စဉ်းစားကြည့်တာ... အစိုးရရဲ့ အင်အား တစ်ခုတည်းနဲ့ဆိုရင် သေချာပေါက် မလုံလောက်ဘူး။

အဆောက်အအုံတွေ တည်ဆောက်ဖို့၊ ဘုရားကျောင်းတွေ ဆောက်ဖို့၊ အစိုးရရုံးတော်တွေ ပြုပြင်ဖို့ အားပေးရင် လူအင်အား အများကြီး လိုအပ်လာလိမ့်မယ်။ အဲဒီအခါ ကပ်ဘေးသင့်နေတဲ့ ဒေသတွေမှာ အလုပ်အကိုင်တွေ အများကြီး ပေါ်လာပြီး ပြဿနာ ပြေလည်သွားလိမ့်မယ်။

ခမည်းတော်က အမိန့်ချမှတ်လိုက်ရင် ဒေသခံအရာရှိတွေက သူဌေးကြီးတွေ ပူးပေါင်းပါဝင်အောင် လုပ်ကြလိမ့်မယ်။ ဒီလိုဆိုရင် ပုန်းကွယ်နေတဲ့ ငွေကြေးနဲ့ ဆန်တွေ အများကြီး ထွက်ပေါ်လာလိမ့်မယ်။ သားတော် ပြောတာ မှန်တယ် မဟုတ်လား။"

ကျင်းဘုရင်က သက်ပြင်းချလိုက်၏။ "မှန်တယ်။ သိပ်မှန်တာပေါ့။ ယွမ်ကျောက်... မင်း တော်တော်လေး ရင့်ကျက်လာပြီပဲ။"

လီယွမ်ကျောက်က အလျင်စလို မေးလိုက်သည်။ "ဒါဆို ခမည်းတော်က ဘာလို့ ခွင့်မပြုရတာလဲ။"

"ဒီလို ရိုးရှင်းတဲ့ အကြောင်းအရာကို နန်းတွင်းထဲမှာ မသိတဲ့သူ ရှိမယ်ထင်လား။"

ကျင်းဘုရင်က မတ်တတ်ရပ်ကာ လီယွမ်ကျောက် အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ လီယွမ်ကျောက်၏ ပခုံးနှစ်ဖက်ကို ဖိကိုင်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ဒီလိုလုပ်ဖို့ ငါလုံးဝ ခွင့်ပြုလို့မရဘူး။ လောကမှာ မိုက်မဲတဲ့သူတွေ အများကြီး ရှိတယ်။ သူတို့က ဒီအထိ တွေးမိမှာ မဟုတ်ဘူး။" အကယ်၍ ငါ့ရဲ့ အမိန့်စာ ထွက်သွားရင် လောကရဲ့ ပညာရှိတွေက ငါ့ကို ဘယ်လို မြင်ကြမလဲ။

ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာတောင် အလွန်အကျွံ သုံးစွဲဖို့ အားပေးနေတဲ့၊ ပြည်သူတွေရဲ့ ပင်ပန်းဆင်းရဲမှုကို နားမလည်တဲ့ မင်းဆိုးမင်းညစ် တစ်ပါးလို့ မြင်ကြလိမ့်မယ်။ သမိုင်းမှတ်တမ်းတွေမှာလည်း ငါ့ကို ဘယ်လို ရေးကြမလဲ။"

လီယွမ်ကျောက်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွား၏။ သူက အသံကျယ်ကျယ်ဖြင့် ပြန်လည် ချေပလိုက်သည်။ "ခမည်းတော်ကလည်း နာမည်ပျက်မှာကို စိုးရိမ်နေတာလား။ ပြည်သူတွေရဲ့ အသက်က ပိုအရေးကြီးသလား၊ ဒါမှမဟုတ် ပညာရှိတွေရဲ့ အမြင်က ပိုအရေးကြီးသလား။"

"ဒီလောကကြီးက... နောက်ဆုံးတော့ ပညာရှိတွေရဲ့ လောကကြီးပါပဲ။"

ကျင်းဘုရင်၏ မျက်လုံးများက အနည်းငယ် မှိုင်းညို့သွား၏။ "ငါက လောကရဲ့ အရှင်သခင် ဖြစ်ပေမဲ့ … ပြည်သူတွေ အမြင်မှာတော့ အရာအားလုံးကို တတ်နိုင်တဲ့သူပေါ့။ ဒါပေမဲ့ ဒီနေရာကို ရောက်လာမှပဲ ငါ့ခန္ဓာကိုယ်မှာ ချည်နှောင်ထားတဲ့ ကြိုးတွေ အများကြီး ရှိနေမှန်း သိရတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုဆိုတာ ပြည်သူတွေဆီမှာ မရှိဘူး။ ပညာရှိတွေဆီမှာ ရှိတာ..."

လီယွမ်ကျောက်၏ မျက်နှာက နီရဲသွားပြီး အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။ "ခမည်းတော်က သားတော်ရဲ့ စိတ်ထဲမှာ အမြဲတမ်း ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ အခုလို အသုံးမကျတဲ့ ပညာရှိတစ်စုကို ကြောက်နေရတယ်လို့ မထင်ထားဘူး။

အဲဒီလူတွေက လူရမ်းကား အုပ်စုတွေပါ။ သူတို့က အမြဲတမ်း ကိုယ်ကျိုးပဲ ကြည့်ကြတာ။ သူတို့ ဘာပြောပြော ဂရုစိုက်နေစရာ မလိုပါဘူး။" နာမည်ပျက်သွားရင် ပြန်လည် ကယ်တင်လို့ ရသေးတယ်။ ဒါပေမဲ့ လူ့အသက် ဆုံးရှုံးသွားရင်တော့ တကယ် ပျောက်ကွယ်သွားတာပဲ။

သားတော်က အဲဒီ တရားဓမ္မစကားတွေကို နားမထောင်ချင်ဘူး။ ခမည်းတော် ဒီလောက် သတ္တိကြောင်လိမ့်မယ်လို့ မထင်ထားမိဘူး။"

ကော်ထျန်းယန်က ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန် ပြောလိုက်၏။ "အိမ်ရှေ့စံမင်းသား... စကားကို ဆင်ခြင်ပါ။ စကားကို ဆင်ခြင်ပါ။"

ကျင်းဘုရင်က ကော်ထျန်းယန်ကို လက်ဝှေ့ယမ်းကာ တားလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကျေနပ်မှု အရိပ်အယောင်လေးတစ်ခု ပေါ်လာသည်။

"အခုချိန်မှာ မင်း ဘာပဲပြောပြော ငါ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။ တစ်နေ့ကျလို့ မင်း ငါ့နေရာကို ရောက်လာတဲ့အခါ မင်း နားလည်လာပါလိမ့်မယ်။ လောကကြီးဆိုတာ မင်းထင်သလောက် မရိုးရှင်းဘူး။"

ပြောရင်းဖြင့် ကျင်းဘုရင်က စာပွဲဆီသို့ ပြန်လျှောက်သွားကာ အဝါရောင် ပိုးသားစာလွှာ တစ်ခုကို ယူ၍ လီယွမ်ကျောက်ထံသို့ ပစ်ပေးလိုက်သည်။

"ဒါက နယ်စပ်ကနေ နောက်ဆုံး ရောက်လာတဲ့ သတင်းပဲ။ မြောက်ပိုင်းရုန်း မြက်ခင်းပြင်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်လာပြီး မျိုးနွယ်စုတွေကို သိမ်းသွင်းနေတယ်။ မြက်ခင်းပြင်ကို ပေါင်းစည်းလိုက်ပြီ။

ငါ မြက်ခင်းပြင်မှာ ချထားတဲ့ သူလျှိုတွေ အကုန်လုံး အဖမ်းခံလိုက်ရပြီ။ အခုတလော သူတို့က နယ်စပ်ကို မကြာခဏ လာရောက် စမ်းသပ်နေကြတယ်။ နယ်စပ်က သတင်းတွေအရဆိုရင် မကြာခင်မှာ မြောက်ပိုင်းရုန်းလူမျိုးတွေက သံတမန် စေလွှတ်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်။

ဒီလူက အနာဂတ် ကျင်းတိုင်းပြည်ရဲ့ ကြီးမားတဲ့ ရန်သူ ဖြစ်လာမှာ သေချာတယ်။"

အန္တရာယ်တွေက ငါ့ဆီကနေ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ တကယ်လို့ ငါ့ရဲ့ အမိန့်စာ တစ်စောင်ကြောင့် လောကကြီး ဂယောက်ဂယက် ဖြစ်သွားပြီး ပညာရှိတွေက ငါ့ကို အထင်အမြင်လွဲသွားရင် သေးငယ်တဲ့ အရာလေးအတွက် ကြီးမားတဲ့ အရာကို ဆုံးရှုံးလိုက်ရသလို ဖြစ်သွားလိမ့်မယ်။ မင်း နားလည်ပြီလား။"

လီယွမ်ကျောက်က အဝါရောင် ပိုးသားစာလွှာပေါ်ရှိ စာသားများကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွား၏။

သူက ဝမ်းသာအားရဖြင့် မေးလိုက်သည်။ "စစ်ဖြစ်တော့မှာလား။ ကြောက်စရာ မလိုပါဘူး။ သားတော်က မြောက်ပိုင်းရုန်းလူမျိုးတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ပါတယ်။"

"တိရစ္ဆာန်ကောင် …. ထွက်သွားစမ်း။"

All Chapters