← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 12 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 12 Ch. 195-196

အပိုင်း (၁၉၅) အဆင့်နိမ့် စိတ်ဝင်စားမှုများမှ ရုန်းထွက်လာသော အိမ်ရှေ့စံမင်းသား။

အကြံပြုစာ ထပ်မံ ငြင်းပယ်ခံရရုံသာမက ကြိုးနှင့်ချိတ်ဆွဲကာ အရိုက်ပါ ခံလိုက်ရသည်။

လီယွမ်ကျောက်က စာကြည့်ဆောင်ထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့၏။

ဤသို့ဖြစ်လာမည်မှန်း ကြိုတင်သိရှိခဲ့ပါလျှင် တစ်စုံတစ်ရာ အကာအကွယ် ခံခဲ့မိပေမည်။ မိမိ၏ စွမ်းရည်များ လျော့ကျသွားသည့်အခိုက်တွင် ခမည်းတော်၏ အလစ်အငိုက် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။

ယခုချိန်မှာတော့ သူက စိတ်ဓာတ်ကျနေပြီး ပန်းရှန်းရပ်ကွက်သို့ သွားရန်လည်း စိတ်မပါတော့သဖြင့် အရှေ့နန်းဆောင်သို့သာ တိုက်ရိုက် ပြန်လာခဲ့သည်။

စီချင့်နန်းဆောင်သို့ ပြန်ရောက်သောအခါ လီယွမ်ကျောက်က အလိုလိုနေရင်း စိတ်တိုလာ၏။

ကျန်မိန်းမစိုးများနှင့် နန်းတွင်းသူများကို နှင်ထုတ်လိုက်ပြီး သူ၏အနီးတွင် လျိုကျင်း တစ်ယောက်တည်းကိုသာ အလုပ်အကျွေးပြုရန် ချန်ထားခဲ့သည်။

သူက ငြိမ်သက်စွာ ထိုင်နေရင်း မျက်လုံးများက ကြောင်တောင်တောင် ဖြစ်နေကာ ဘာလုပ်ရမှန်’ မသိအောင် ဖြစ်နေ၏။

အချိန်က မွန်းတည့်ချိန်အထိ ရောက်ရှိသွားခဲ့သည်။

လျိုကျင်းက သူ၏ အမူအရာကို ကြည့်ကာ ခါးကို ကိုင်း၍ မေးလိုက်သည်။ "မင်းသား ဗိုက်ဆာနေပြီလား။ ကျွန်တော်မျိုး စားစရာ တစ်ခုခု သွားပြင်ဆင်ပေးရမလား။"

လီယွမ်ကျောက်က ခေါင်းခါကာ သက်ပြင်းချလိုက်၏။ "မလိုဘူး။ ခံတွင်းမတွေ့ဘူး။"

"ဟူး... ဖန်ကြီးရှိနေတုန်းက တစ်နေ့လုံး လုပ်စရာတွေ အများကြီး ရှိနေသလို ခံစားရတယ်။ အခု သူ ထွက်သွားတော့ ငါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။"

လျိုကျင်း၏ မျက်လုံးများက အရောင်လက်သွား၏။ "မင်းသား ပျင်းနေလို့လား။ ဒါဆို ကျွန်တော်မျိုး တောကြောင်တွေ၊ ကျားသစ်တွေ သွားယူလာပေးရမလား..."

"ပါးစပ်ပိတ်ထား။ အသုံးမကျတဲ့ကောင်။ ကြောင်လေး ၊ ခွေးလေးတွေနဲ့ ကစားတာကလွဲပြီး အသစ်အဆန်း တစ်ခုခု မလုပ်တတ်တော့ဘူးလား။"

လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ ယခုချိန်၌ သူသည် အဆင့်နိမ့် စိတ်ဝင်စားမှုတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သည်။

ကြောင်လေး သုံး၊လေးကောင်က ဘာများ ကစားစရာ ကောင်းသနည်း။

လျိုကျင်းက ပြုံးကာ ပြောလိုက်၏။ "မင်းသား ဘာကစားချင်လဲ။ ကျွန်တော်မျိုး အတူတူ ကစားပေးပါ့မယ်။"

"မင်း သတင်းစာ ထုတ်တတ်လား။"

"မင်း ကယ်ဆယ်ရေးတွေ လုပ်တတ်လား။"

"မင်း ကဗျာစပ်တတ်လား။" လီယွမ်ကျောက်က လျိုကျင်းကို အထင်သေးစွာဖြင့် ကြည့်ကာ မေးလိုက်၏။

လျိုကျင်း၏ မျက်နှာက တင်းမာသွားပြီး စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ချေ။

လီယွမ်ကျောက်က လက်ကို ဝှေ့ယမ်းလိုက်သည်။ "ထားလိုက်ပါတော့။ မင်း လုပ်တတ်မှာ မဟုတ်ပါဘူး။ အဲဒီ မှန်ဘီလူးအပျက်ကြီးကို ကိုင်ပြီး အောက်ကို တကြည့်ကြည့် လုပ်ဖိုပဲ သိတယ်။

သွား... ငါ့အတွက် ဖတ်စရာ စာအုပ်နည်းနည်း သွားရှာခဲ့။ အရင်တုန်းက ဖန်ကြီးက ငါ့ကို အမြဲတမ်း စာဖတ်ခိုင်းတယ်။ အခု လုပ်စရာ မရှိတော့လည်း စာဖတ်တာပေါ့။"

လျိုကျင်း၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာ ပေါ်လာပြီး စာအုပ်သွားယူရန် ထွက်သွားခဲ့၏။ ခဏအကြာတွင် စာအုပ်တစ်ပုံကို ပွေ့ကာ ပြန်ရောက်လာ၏။

လီယွမ်ကျောက်၏ စားပွဲခုံပေါ်တွင် စာအုပ်များကို တင်လိုက်ပြီး တစ်အုပ်ချင်းစီ ဖြန့်ခင်းပေးလိုက်သည်။

"ဇနီးမယားများစွာ"

"လွတ်လပ်သော နတ်သမီး"

"ရွှေအကြေးခွံ"...

လီယွမ်ကျောက်၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်သွား၏။ လျိုကျင်းကို မျက်နှာသေဖြင့် တစ်ချက်ကြည့်ပြီးနောက် သူ့ရှေ့ရှိ စားပွဲခုံကို အားကုန်လွှဲ၍ မှောက်လှန်ပစ်လိုက်၏။

ဖော်ပြရန် ခက်ခဲသော စာအုပ်များအားလုံး ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

လျိုကျင်း သတိမဝင်လာသေးခင်မှာပဲ လီယွမ်ကျောက်၏ ဒေါသတကြီး အော်သံကို ကြားလိုက်ရသည်။ "မင်း ဒီအရူးကောင် … ငါ အခု ဒါတွေစိတ်မဝင်စားဘူးဆိုတာကို မသိဘူးလား။ ငါ ဖတ်ချင်တာက ဒါတွေလား။

တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ။ ထားလိုက်ပါတော့။ ကြမ်းပြင်ပေါ်က ဟာတွေ အကုန်လုံး ရှင်းလိုက်။ စာအုပ်မဖတ်တော့ဘူး။ သတင်းစာတွေ အကုန်လုံး သွားယူခဲ့။"

လျိုကျင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ပြန့်ကျဲနေသော စာအုပ်များကို သိမ်းဆည်းလိုက်၏။

သို့သော်လည်း စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်နေသည်။

အရင်တုန်းက နေ့တိုင်း ဖတ်နေတာပဲ မဟုတ်ဘူးလား... အခုကျတော့ ရိုးသားချင်ယောင် ဆောင်နေပြန်ပြီ... ဟူး။

ရှင်းလင်းပြီးနောက် လျိုကျင်းက သတင်းစာ သွားယူရန် လှည့်ထွက်သွားခဲ့၏။

သတင်းစာတိုက် တည်ဆောက်ပြီးတည်းက လီယွမ်ကျောက်၌ အကျင့်တစ်ခု ရှိလာခဲ့သည်။ နေ့စဉ် ထုတ်ဝေသော သတင်းစာများကို အရှေ့နန်းဆောင်တွင် တစ်စောင် သိမ်းဆည်းထားလေ့ရှိခြင်းပင်။

တခြား အကြံအစည်တော့ မရှိပေ။ အဓိကက နေ့စဉ်သတင်းစာမှာ သူ့နာမည် ပါနေခြင်းပင်။

တစ်ခါတစ်ရံ အရှေ့နန်းဆောင်သို့ ပြန်ရောက်၍ ဖတ်ကြည့်လိုက်လျှင် စိတ်ထဲတွင် အောင်မြင်မှုတစ်ခု ရလိုက်သလို ခံစားရသည်။

လျိုကျင်း သတင်းစာ ယူလာပေးသောအခါ လီယွမ်ကျောက်က စားပွဲခုံရှေ့တွင် ထိုင်ကာ တစ်ရွက်ချင်းစီ လှန်လှော ဖတ်ရှုနေ၏။

သတင်းစာပေါ်ရှိ အကြောင်းအရာများကို ဖတ်ရင်း တစ်ခါတစ်ရံ ပြုံးလိုက်၊ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်လိုက် ဖြစ်နေသည်။

လျိုကျင်းကတော့ ဘေးတွင် ရပ်နေပြီး အားသည့်အချိန်တွင် မျက်လုံးစွေကာ တစ်ချက်နှစ်ချက် ကြည့်လိုက်သည်။ အလုပ်မရှိလျှင် ဘောင်းဘီကိုဟ၍ မှန်ဘီလူးနှင့် မသိမသာ ကြည့်နေတတ်၏။

ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာပြီး စားပွဲပေါ်တွင် ဆီမီးခွက် ထွန်းထားရပြီဖြစ်သည်။ ဧည့်ခန်းမကြီး ထဲတွင် လျိုကျင်း တစ်ယောက်တည်း ဖယောင်းတိုင်များကို လိုက်လံ ထွန်းညှိနေသည်။

နောက်ဆုံးတွင် လီယွမ်ကျောက်က သတင်းစာများ အားလုံးကို ဖတ်ရှုပြီးစီးသွားခဲ့သည်။ သူက တာဝန်ကျေသွားသလို သက်ပြင်းရှည်ကြီး ချပြီး တီးတိုးရေရွတ်လိုက်၏။ "ဖန်ကြီးက တကယ်ပဲ... သတ္တိကောင်းလွန်းတယ်။"

ထို့နောက် လျိုကျင်းကို မေးလိုက်သည်။ "လျိုကျင်း... ငါ မင်းကို မေးမယ်။ အကယ်၍ ငါ့မှာ ကိစ္စတစ်ခုရှိလို့ ခမည်းတော်ဆီကို အကြိမ်ကြိမ် စာတင်ပေမဲ့ ခွင့်မပြုရင် ဘာဆက်လုပ်သင့်လဲ။"

လျိုကျင်းက လက်ထဲမှ အလုပ်များကို ရပ်တန့်ကာ အလေးအနက် ပြန်ဖြေလိုက်သည်။ "အဲဒါက အရှင်မင်းကြီးမှာ သူ့အစီအစဉ်နဲ့သူ ရှိလို့နေလို့ဖြစ်ပါမယ်။။"

"ငါက အဲဒီကိစ္စကို မဖြစ်မနေ လုပ်ချင်တယ် ဆိုရင်ရော။"

"ဒါက... ကျွန်တော်မျိုး မသိပါဘူး။" လျိုကျင်းက မျက်နှာကို ရှုံ့မဲ့လိုက်၏။

ဒီကိစ္စကို ဘာလို့ လာမေးနေတာလဲ။ ကျွန်တော်မျိုးလို မိန်းမစိုး တစ်ယောက်က ဘယ်လိုလုပ် နားလည်နိုင်မှာလဲ၊ ဘယ်လိုလုပ် ပြောရဲမှာလဲ။

လီယွမ်ကျောက်က မျက်ခုံးပင့်လိုက်သည်။ "မင်း မပြောရဲဘူးလား။ ကောင်းပြီ။ ဒါဆို ငါ မင်းကို ထပ်မေးမယ်။ အကယ်၍ ဖန်ကြီးသာ ခမည်းတော်ဆီ စာတင်လို့ ခွင့်မပြုရင် သူ ဘာလုပ်မယ်ထင်လဲ။"

လျိုကျင်း၏ မျက်နှာပေါ်တွင် အခက်အခဲ ဖြစ်နေသည့် အမူအရာ ပေါ်လာ၏။

မမေးပါနဲ့တော့... မမေးပါနဲ့တော့... ဘယ်သူ့ကိုမှ ကျွန်တော်မျိုး ရန်မစရဲပါဘူး။

လီယွမ်ကျောက်က သူ စကားမပြောသည်ကို မြင်သောအခါ စူးရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အော်လိုက်သည်။ "ပြောစမ်း။ ငါ့ကို အမှန်အတိုင်း ပြောရမယ်။ တကယ်လို့ လျှောက်ပြောရင် မင်းရဲ့ မှန်ဘီလူးကို ငါ ရိုက်ခွဲပစ်မယ်။"

လျိုကျင်းက တစ်ကိုယ်လုံး တုန်ယင်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။ "မင်းကြီးက ခွင့်မပြုရင် ဘယ်သူမှ ဘာမှလုပ်လို့ မရပါဘူး။ သခင်လေးဖန်က ပုံမှန်ဆိုရင် မင်းသားနဲ့ အမြဲတမ်း အတူတူ ရှိနေတာလေ။ သူ ဘာလုပ်မလဲဆိုတာ ကျွန်တော်မျိုး ဘယ်လိုလုပ် သိမှာလဲ။ အိမ်ရှေ့စံမင်းသား... ကျွန်တော်မျိုး တကယ် နားမလည်ပါဘူး။"

"ကောင်းပြီ။ မင်း ထွက်သွားတော့။" လီယွမ်ကျောက်က လျိုကျင်းကို နှင်ထုတ်လိုက်၏။ ယခု သူ တစ်ယောက်တည်းသာ ဧည့်ခန်းမကြီးထဲတွင် ထိုင်နေရသည်။

ဖယောင်းတိုင်တွေ အများကြီး ထွန်းထားပေမဲ့ ဧည့်ခန်းမကြီးက မှောင်မိုက်နေဆဲဖြစ်ပြီး တိတ်ဆိတ် ငြိမ်သက်နေ၏။

လီယွမ်ကျောက်က သေချာ စဉ်းစားနေသည်။

အကယ်၍ ဖန်ကြီးသာဆိုလျှင်... ဘာလုပ်မည်နည်း။

ငါ့လိုမျိုး အကြိမ်ကြိမ် စာတင်နေမှာလား။ မဟုတ်ဘူး၊ သူ သေချာပေါက် အဲဒီလို လုပ်မှာ မဟုတ်ဘူး။

ဖန်ကြီးက နန်းတွင်းကို ဝင်လာတာ တော်တော်ကြာနေပြီ။ သူက ပုံမှန်ဆိုရင် စကားမပြောဘူး၊ စကားပြောရင် သတင်းကောင်းပဲ ပြောတယ်၊ သတင်းဆိုး မပြောဘူး။ ခမည်းတော်က သူ့ကို မြင်တာနဲ့ သဘောကျပြီး ပြုံးနေတာပဲ။

ပုံမှန် အလုပ်လုပ်ရင်လည်း သူက အရင်လုပ်ပြီးမှ ပြောတာ... ခမည်းတော်ဆီကို ဘယ်တော့မှ ကြိုပြီး စာမတင်ဘူး။ သတင်းစာလို ကြီးမားတဲ့ ကိစ္စရပ်မှာလည်း အဲဒီလိုပဲ လုပ်ခဲ့တာ...

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသည့် အရိပ်အယောင် ပေါ်လာကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "လျိုကျင်း … လျိုကျင်း … ဘယ်ထွက်သွားတာလဲ။ ငါ့ရှေ့ကို ချက်ချင်း လာခဲ့စမ်း။"

လျိုကျင်းက တံခါးဝတွင် စောင့်နေပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အထဲသို့ ပြေးဝင်လာခဲ့သည်။

လီယွမ်ကျောက်က ပြုံးကာ မေးလိုက်၏။ "မိန်းမစိုးကော်က မင်းရဲ့ ခေါင်းကိုင်အဖေလား။"

လျိုကျင်းက ဘာပြောရမှန်းမသိဖြစ်ကာ တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်။"

"ရှန်ပေါက်ကျန်းကို သူ အုပ်ချုပ်တာ မဟုတ်လား။ ဒီအချိန်ဆို သူ ရှန်ပေါက်ကျန်းမှာ ရှိနေလောက်လား။"

(ရှန်ပေါက်ကျန်း - တော်ဝင်တံဆိပ်တော် ထိန်းသိမ်းရေးဌာန)

လျိုကျင်းက နားမလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

လီယွမ်ကျောက်က ကျေနပ်စွာ ပြုံးလိုက်သည်။ "ကောင်းပြီ။ ယုံကြည်စိတ်ချရတဲ့ သက်တော်စောင့် နှစ်ယောက် သွားခေါ်ခဲ့။ အသံမထွက်စေနဲ့။ တကယ်လို့ တခြားလူတွေ သိသွားရင် မင်းကို နောက်တစ်ခါ ထပ်ပြီး သင်းကွပ်ပစ်မယ်။"

"နားလည်ပါပြီ။ ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ်။" လျိုကျင်းက ဘာမှဆက်မမေးတော့ဘဲ နဖူးမှ ချွေးများကို သုတ်ကာ ပြေးထွက်သွား၏။

မင်းသား ဒီနေ့ တော်တော်လေး ပုံမှန်မဟုတ်ဘူး။ စိတ်အပြောင်းအလဲ အရမ်း မြန်နေတယ်။ သူ ပြောသလိုလုပ်လိုက်တာ အကောင်းဆုံးပဲ။

အချိန်သိပ်မကြာမီ လျိုကျင်းက သက်တော်စောင့် နှစ်ယောက်ကို ခေါ်လာခဲ့သည်။

လီယွမ်ကျောက်က လူရောက်လာသည်ကို မြင်သောအခါ ချက်ချင်း အမိန့်ပေးလိုက်သည်။ "မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့။ လမ်းမှာ စကားမပြောနဲ့။"

ပြောပြီးသည်နှင့် သူက သူတို့သုံးယောက်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ အပြင်သို့ တိုက်ရိုက် ထွက်သွားခဲ့၏။

ယခုအခါ အပြင်ဘက်တွင် မှောင်မိုက်နေပြီဖြစ်ပြီး နန်းတွင်း ကင်းလှည့်တပ်ဖွဲ့များကလည်း နန်းတော်ထဲတွင် လှည့်လည် စစ်ဆေးနေကြပြီဖြစ်သည်။

လီယွမ်ကျောက်က သူတို့သုံးယောက်ကို ခေါ်ကာ ရှန်ပေါက်ကျန်း သို့ အလျင်အမြန် လျှောက်သွားခဲ့သည်။ လမ်းတွင် မေးမြန်းသူများ ရှိသော်လည်း အိမ်ရှေ့စံမင်းသား ဖြစ်ကြောင်း သိသောအခါ ဘာမှဆက်မပြောတော့ချေ။

ရှန်ပေါက်ကျန်းသို့ ချောမွေ့စွာ ရောက်ရှိသွားပြီး လီယွမ်ကျောက်က သူတို့သုံးယောက်ကို အပြင်တွင် စောင့်ခိုင်းကာ သူ တစ်ယောက်တည်း ခြေလှမ်းကျဲကြီးများဖြင့် အထဲသို့ ဝင်သွားခဲ့၏။

အထဲသို့ ရောက်သောအခါ မိန်းမစိုးတစ်ယောက်က ထွက်ကြိုသည်။ လီယွမ်ကျောက်က ဘာမှမပြောဘဲ ကော်ထျန်းယန်၏ နေရာကို မေးမြန်းပြီးနောက် သူကိုယ်တိုင် သွားရှာလိုက်၏။

ကော်ထျန်းယန်က လီယွမ်ကျောက် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း ပြုံးပြလိုက်သည်။ "အို... အိမ်ရှေ့စံမင်းသား... ဒီအချိန်ကြီး ဘာကိစ္စများ ရှိလို့ လာရတာလဲ။"

အပိုင်း (၁၉၆) ဖန်ကျန်းရီ ပြန်မလာပါစေနဲ့။

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။ "ခင်ဗျားကို ရှာတာ ကိစ္စကြီးရှိလို့။ ဒီအခန်းထဲက လူတွေကို အကုန်နှင်ထုတ်လိုက်။ တစ်ယောက်မှ မကျန်စေနဲ့။"

"ဒါက..." ကော်ထျန်းယန်က တွေဝေစွာဖြင့် လီယွမ်ကျောက်ကို ကြည့်လိုက်သည်။

ပြီးနောက် သူက တိုးတိုးလေး ပြော၏။ "မင်းသား... ဒီမှာပဲ ပြောပါ၊ ကိစ္စမရှိပါဘူး။ ကျုပ်တို့ နှစ်ယောက်တည်း ရှိတာဆိုတော့ ဘယ်သူမှ မကြားနိုင်ပါဘူး။"

လီယွမ်ကျောက်က ထိုစကားကို ကြားသောအခါ မျက်လုံးပြူးသွားပြီး ဒေါသတကြီး ပြောလိုက်သည်။ "ဘာလဲ။ အခု ကျုပ်ပြောတာကို ခင်ဗျားက နားမထောင်တော့ဘူးပေါ့။ ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စမို့ တခြားလူတွေကို အကုန်နှင်ထုတ်လိုက်လို့ ပြောနေတာ။"

ကော်ထျန်းယန်က တုံ့ဆိုင်းနေသော်လည်း လီယွမ်ကျောက်၏ အမူအရာကြောင့် နောက်ဆုံးတွင်တော့ သဘောတူလိုက်ရ၏။

"ကောင်းပါပြီ … မင်းသား ခဏစောင့်ပါ၊ အခုပဲ လူတွေကို ဖယ်ပေးပါ့မယ်။"

သိပ်မကြာမီမှာပင် ကော်ထျန်းယန်က အမောတကောဖြင့် ပြန်ရောက်လာပြီး ဖားသည့်လေသံဖြင့် ပြောလိုက်သည်။ "မင်းသား... အခု ဘယ်သူမှ မရှိတော့ဘူး။ ပြောလို့ရပါပြီ။"

လီယွမ်ကျောက်က အတော်လေး ကျေနပ်သွားပြီး ပြုံးကာ ပြောလိုက်၏။ "ကောင်းတယ်။"

ထို့နောက် သူက လျှို့ဝှက်ချက်တစ်ခု ပြောတော့မည့်အလား အသံကို နှိမ့်ကာ ပြောလိုက်သည်။ "တကယ်တော့ တခြားကိစ္စ မဟုတ်ပါဘူး။ ကျုပ် အခုတလော သတင်းစာ ထုတ်နေတာ ခင်ဗျား သိတယ် မဟုတ်လား။"

"သိပါတယ်... သိပါတယ်။" ကော်ထျန်းယန်က ခေါင်းကို တရစပ် ညိတ်ပြ၏။

"သတင်းစာတိုက်က သတင်းထောက်တွေက ပြည်သူတွေကြားထဲက သတင်းတစ်ခု ရလာခဲ့တယ်။ အခု ခမည်းတော် သုံးနေတဲ့ တော်ဝင်တံဆိပ်တုံးက အတုကြီးတဲ့။ အစစ်က အရင်တည်းက အလဲလှယ်ခံလိုက်ရပြီလို့ ပြောနေကြတယ်။အစစ်မှာက နဂါးအမြီးနားမှာ ခြစ်ရာတစ်ခု ပါတယ်တဲ့။ ကျုပ် အဲဒီကိစ္စ ဟုတ်မဟုတ် လာစစ်ဆေးတာ။

တကယ်လို့ ခမည်းတော်သာ တံဆိပ်တုံးအတုကြီး သုံးနေတယ်ဆိုရင် သတင်းပျံ့သွားရင် ဒုက္ခရောက် ကုန်လိမ့်မယ်။ ဒါကြောင့် ကျုပ်ကို အမြန်သွားပြစမ်း။"

ကော်ထျန်းယန် မျက်နှာ ပျက်သွား၏။ "ဘာ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်တို့ ကျင်းတိုင်းပြည် တည်ထောင်တည်းက တော်ဝင်တံဆိပ်တုံး တစ်ခါမှ မပြောင်းလဲခဲ့ပါဘူး။"

သူက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။ "မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ကျုပ် နေ့တိုင်း စစ်ဆေးနေတာပါ။ တံဆိပ်တုံးက လုံးဝ မမှားနိုင်ဘူး။ ဒါတွေက ကောလာဟလတွေပါ မင်းသား။ စိတ်ထဲ ထည့်မနေပါနဲ့။"

လီယွမ်ကျောက်က သက်ပြင်းချလိုက်၏။ "အေးလေ... ကျုပ်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကြားထဲမှာ ဒီလို သတင်းတွေ ပျံ့နေတယ်ဆိုတော့ ပြဿနာ တစ်ခုခု ရှိလို့နေမှာပေါ့။

အခု ကျုပ် စိတ်မချလို့ ခင်ဗျားကို လာစစ်ဆေးခိုင်းတာ။ ဒီကိစ္စကို တတိယလူ မသိစေနဲ့။ တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် ချက်ချင်း သတင်းစာထဲမှာ ကောလာဟလဖြစ်ကြောင်း ထည့်ပေးမယ်။ဒီလိုမှ မဟုတ်ရင် ကျုပ်ခမည်းတော်ရဲ့ မျက်နှာ ဘယ်နားသွားထားရမလဲ။"

ကော်ထျန်းယန်က စိတ်လျှော့လိုက်ပြီး ပြောသည်။ "မှန်ပါတယ်။ မင်းသားက သေချာ စဉ်းစားတတ်တာပဲ။ ဒါဆို ကျုပ် လိုက်ပြပါ့မယ်။"

ပြောပြီးသည်နှင့် သူက လီယွမ်ကျောက်ကို လမ်းပြခေါ်ဆောင်သွားခဲ့၏။

တော်ဝင်တံဆိပ်တုံး သိမ်းဆည်းထားသည့် နေရာသို့ ရောက်သောအခါ ကော်ထျန်းယန်က သေတ္တာကို ဖွင့်လိုက်ပြီး ဧကရာဇ်၏ တံဆိပ်တုံးကို ရိုသေစွာဖြင့် ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။

"မင်းသား ကြည့်ပါ။ ဒါ ကောလာဟလပဲဆိုတာ ကျုပ် ပြောသားပဲ။ ဘယ်မှာ ခြစ်ရာ ပါလို့လဲ။"

လီယွမ်ကျောက်က တံဆိပ်တုံးကို ယူကာ သေချာ ကြည့်လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ "အင်း... ဟုတ်တယ်။ တကယ့်ကို ကောလာဟလပဲ။ အခုမှပဲ ကျုပ် စိတ်အေးရတော့တယ်။"

ကော်ထျန်းယန်က ဂုဏ်ယူစွာဖြင့် ပြောသည်။"မင်းသား... ဒီလို ကိစ္စတွေကို နောက်ဆို စိတ်ထဲ ထည့်မနေပါနဲ့။ ကျုပ် ရှိနေသရွေ့ ဘာမှ မမှားစေရပါဘူး။"

"ဟမ် …. ခင်ဗျား နောက်မှာ လူတစ်ယောက်။"

ကော်ထျန်းယန်က ဘာမှမစဉ်းစားဘဲ နောက်ကို လှည့်ကြည့်လိုက်၏။

"ဒုန်း။"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကော်ထျန်းယန်မှာ မျက်စိထဲ မှောင်အတိ ကျပြီး လဲကျသွားတော့သည်။

လီယွမ်ကျောက်က တော်ဝင်တံဆိပ်တုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု အရောင်အဝါများ လက်လာ၏။

ပန်းရှန်းရပ်ကွက် လမ်းမပေါ်တွင် ရန်ဖြစ်ခဲ့သည့် အတွေ့အကြုံများက ယနေ့ အသုံးဝင်သွားခဲ့သည်။ အားကလည်း မပြင်းလွန်း၊ မပျော့လွန်းဘဲ အတော်လေး ကွက်တိပင်။

ထို့နောက် လီယွမ်ကျောက်က တံဆိပ်တုံးကို ချထားပြီး အခန်းထဲတွင် ဟိုဟိုဒီဒီ ရှာဖွေတော့သည်။

သိပ်မကြာမီမှာပင် အချည်းနှီးဖြစ်သော တော်ဝင်အမိန့်စာလိပ် အချို့ကို ရှာတွေ့သွားပြီးနောက် အရာအားလုံးကို မူလအတိုင်း ပြန်ထားလိုက်၏။

ထို့နောက် သူက တံခါးဝသို့ သွားကာ လျိုကျင်းနှင့် သက်တော်စောင့် နှစ်ယောက်ကို အထဲသို့ ခေါ်လိုက်သည်။

သုံးယောက်သား ကြမ်းပြင်ပေါ်တွင် လဲနေသော ကော်ထျန်းယန်ကို မြင်သောအခါ ချက်ချင်း ထိတ်လန့် သွားကြ၏။

လျိုကျင်းမှာ ခြေထောက်များ တုန်ယင်နေပြီး တိုးတိုးလေး ခေါ်နေမိသည်။ "ခေါင်းကိုင်အဖေ... ခေါင်းကိုင်အဖေ..."

လီယွမ်ကျောက်က သူတို့သုံးယောက်ကိုကြည့်ကာ အေးစက်စက် အမိန့်ပေးလိုက်၏။ "သူ့ကို ငါ့ရဲ့ နန်းဆောင်ထဲ သယ်သွားကြ။ ဒီကိစ္စကို ခမည်းတော် သိသွားရင် မင်းတို့ ခေါင်းပြတ်လိမ့်မယ်။ မသေချင်ရင် ငါခိုင်းတာ လုပ်ကြ။ နားလည်လား။"

သုံးယောက်သား ခေါင်းကို တရစပ် ညိတ်လိုက်ကြသည်။

အခုချိန်မှာ အိမ်ရှေ့စံမင်းသားက သူတို့ကို ရေထဲ ဆွဲချလိုက်ပြီဖြစ်ရာ ဘာမှ တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။

"မင်းတို့ သူ့ကို တွဲပြီး သွားကြ။ ငါက အရှေ့ကနေ သွားမယ်။ တစ်ယောက်ယောက် မေးရင် ဘာမှ မပြောနဲ့၊ ငါပဲ ဖြေမယ်။"

ပြောပြီးသည်နှင့် လီယွမ်ကျောက်က အချည်းနှီးဖြစ်သော အမိန့်စာလိပ်များကို သူတို့ သုံးယောက်၏ အင်္ကျီကြားထဲသို့ ထိုးထည့်ပေးလိုက်ပြီး တော်ဝင်တံဆိပ်တုံးကို ကိုင်ကာ ရဲရဲဝံ့ဝံ့ဖြင့် အပြင်သို့ ထွက်လာခဲ့သည်။

အပြင်သို့ ရောက်သောအခါ မိန်းမစိုးအချို့က သက်တော်စောင့် နှစ်ယောက် တွဲလာသော သတိမေ့နေသည့် ကော်ထျန်းယန်ကို မြင်ပြီး အပြေးအလွှား ရောက်လာကြ၏။

"ဟာ... မင်းသား... မိန်းမစိုးကော် ဘာဖြစ်တာလဲ။"

လီယွမ်ကျောက်က ဝမ်းနည်းပူဆွေးသည့် မျက်နှာပေးဖြင့် ဖြေလိုက်သည်။ "ဟူး... အသက်ကြီးလာတော့ ရောဂါ ရုတ်တရက် ထဖောက်တာပေါ့။ ငါနဲ့ စကားပြောနေတုန်း ရုတ်တရက် သတိမေ့သွားတာ။ အခု သူ့ကို သမားတော်ဆီ ခေါ်သွားမလို့။ မင်းတို့ အလုပ် မင်းတို့ လုပ်ကြ။ ဟိုဟိုဒီဒီ လျှောက်မပြောနဲ့။ နောက်မှ ငါ ခမည်းတော်ဆီ သွားတင်ပြလိုက်မယ်။"

မိန်းမစိုးများက စိုးရိမ်နေကြသော်လည်း ခေါင်းညိတ်ကာ လက်ခံလိုက်ကြရ၏။

လမ်းတစ်လျှောက်တွင် ကင်းလှည့်တပ်ဖွဲ့ နှစ်ဖွဲ့နှင့် ဆုံခဲ့သော်လည်း ဤအတိုင်းပင် လှည့်ပတ် ပြောဆိုကာ ကျော်ဖြတ်လာနိုင်ခဲ့သည်။

နောက်ဆုံးတွင် လီယွမ်ကျောက်၏ နန်းဆောင်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။ အခန်းထဲသို့ ရောက်သောအခါ ကော်ထျန်းယန်ကို ကုတင်ပေါ်တွင် တင်လိုက်၏။ သူက အေးချမ်းစွာ အိပ်ပျော်နေဆဲပင်။

လျိုကျင်းနှင့် သက်တော်စောင့်နှစ်ယောက်မှာတော့ ဘာလုပ်ရမှန်းမသိဘဲ ကြောက်ရွံ့စွာ မတ်တတ် ရပ်နေကြသည်။

လီယွမ်ကျောက်က သက်တော်စောင့် နှစ်ယောက်ကို ပြောလိုက်၏။ "မင်းတို့ နှစ်ယောက် သူ့ကို သေချာ စောင့်ကြည့်ထား။ ကြိုးနဲ့ ချည်ပြီး ပါးစပ်ကို ပိတ်ထားလိုက်။ ငါ ပြန်လာမှ စီရင်မယ်။ တကယ်လို့ တခြားလူတွေ သိသွားရင်တော့... ဟင်း... ဟင်း..."

"လျိုကျင်း... ငါနဲ့အတူ ခမည်းတော်ဆီ သွားနှုတ်ဆက်မယ်။"

လျိုကျင်းက တုံ့ဆိုင်းစွာဖြင့် ပြောသည်။ "ဒီအချိန်ဆို မင်းကြီး အနားယူနေလောက်ပြီ မဟုတ်လား။"

"စိတ်ချစမ်းပါ။ ဒီအချိန်ဆို ခမည်းတော် စာကြည့်ဆောင်မှာ ရှိနေမှာ အသေအချာပဲ။"

ထို့နောက် သူက လျိုကျင်းကို ခေါ်ကာ စာကြည့်ဆောင်သို့ ထွက်လာခဲ့၏။

စာကြည့်ဆောင်သို့ ရောက်သောအခါ လီယွမ်ကျောက်က လျိုကျင်းကို တစ်ချက် ကြည့်လိုက်သည်။ တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်သောအခါ လီယွမ်ကျောက်က သူ၏ တင်ပါးကို တစ်ချက် ပိတ်ကန်လိုက်သည်။

"ဘာလို့ တုန်နေတာလဲ။ ထပ်တုန်နေရင် မင်းကို ထပ်ပြီး သင်းကွပ်ပစ်မယ်။ မှန်ဘီလူးလည်း ကယ်နိုင်မှာ မဟုတ်ဘူး။"

လျိုကျင်းက တံတွေးမြိုချလိုက်ပြီး အားတင်းပြုံးကာ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်၏။

"ကျွန်တော်မျိုး အဆင်သင့် ဖြစ်ပါပြီ။"

လီယွမ်ကျောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကျင်းဘုရင်ထံ သတင်းပို့ခိုင်းလိုက်သည်။

ကျင်းဘုရင်က လီယွမ်ကျောက်ကို မြင်သောအခါ အံ့သြသွား၏။ "ဒီအချိန်ကြီး ဘာလို့ ရောက်လာတာလဲ။"

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် ဖြေသည်။ "ခမည်းတော်ကို လာနှုတ်ဆက်ဖို့ မေ့သွားလို့ပါ။ ဒါကြောင့် နောက်ကျမှ လာခဲ့တာ။"

ကျင်းဘုရင်က ရယ်မောလိုက်၏။ "ဒါကြောင့်ကိုး။ ငါက မင်း စိတ်ကောက်ပြီး မလာတော့ဘူးလို့ ထင်နေတာ။"

"မရဲပါဘူး။ သားတော် ပြန်စဉ်းစားကြည့်တော့ ခမည်းတော် ဒီနေ့ ပြောတာတွေက အရမ်းကို ယုတ္တိတန်ပါတယ်။ လောကကြီးဆိုတာ နယ်ရုပ်လေး တစ်ရုပ် ရွှေ့လိုက်ရင်တောင် တစ်ခုလုံးကို ထိခိုက်စေနိုင်တာပဲ မဟုတ်လား။ ဒါကြောင့် သားတော်မှာ ဘာမှ မကျေနပ်စရာ မရှိပါဘူး။"

ကျင်းဘုရင်က ထိုစကားကို ကြားသောအခါ အတော်လေး ဝမ်းသာသွားသည်။ "အိမ်ရှေ့စံ ငါ့ကို နားလည်ပေးနိုင်တာ ကောင်းပါတယ်။ နောက်ဆို နန်းတွင်းညီလာခံမှာ သေချာ လေ့လာပါ။"

"ဒါနဲ့ ခမည်းတော်... ဖန်ကြီး ဘယ်တော့ ပြန်လာရမှာလဲ။ သူ့ကို စောစော ပြန်ခေါ်လို့ မရဘူးလား။" လီယွမ်ကျောက် က စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။

ကျင်းဘုရင်က ချက်ချင်း မျက်နှာပျက်သွားသည်။ "မရဘူး။ မြောင်ဟန်ကလည်း ဒီနေ့ပဲ ငါ့ဆီ လာပြောသေးတယ်။ မင်းတို့တွေ ဖန်ကျန်းရီ မရှိရင် မနေနိုင်ကြတော့ဘူးလား။

သူ ဒီလောက် ပြဿနာကြီး ရှာထားတာကို ဒီမှာ ဆက်ထားလို့ မရဘူး။ ဒါက သူ့အတွက်လည်း ကောင်းပါတယ်။"

"ဘာ။"

လီယွမ်ကျောက်က အံ့သြသလို အော်လိုက်၏။ "မြောင်ဟန်ကပါ သူ့အတွက် အသနားခံပေးတယ် ဟုတ်လား။ ဒါဆိုလည်း သူ့ကို ကျန်းကျန်မှာပဲ ဆက်ထားလိုက်ပါတော့။ ပြန်မလာစေနဲ့။"

All Chapters