← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 12 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 12 Ch. 197-198

အပိုင်း (၁၉၇) တော်ဝင်အမိန့်စာ အတုပြုလုပ်ခြင်း။

သူ၏ မတည်ငြိမ်သော ပုံစံကို ကြည့်ရင်း ကျင်းဘုရင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "တခြား ကိစ္စရှိသေးလား။ မရှိရင် စောစော ပြန်ပြီး အနားယူတော့။"

"ဪ... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ လျိုကျင်းက ညနေက မိန်းမစိုးကော်နဲ့ စကားသွားပြောတာ စကားပြောနေတုန်း မိန်းမစိုးကော် သတိမေ့သွားတယ်တဲ့။သမားတော်တွေ စစ်ဆေးပြီးပါပြီ။ အခု သူ့ကို အနားယူဖို့ ပို့ပေးထားပါတယ်။"

ကျင်းဘုရင်က နားမလည်စွာ မေးလိုက်သည်။ "ဘယ်တုန်းက ဖြစ်တာလဲ။ ငါ ဘာလို့ မသိရတာလဲ။"

လီယွမ်ကျောက်က ဘာမှမဖြစ်သလို ပုံစံဖြင့် ဖြေလိုက်၏။ "ခုနတင်ပဲ ဖြစ်တာပါ။ သားတော်လည်း လမ်းမှာ လျိုကျင်း ပြောမှ သိရတာ။"

လျိုကျင်းကလည်း ဘေးမှ ထောက်ခံလိုက်သည်။ "ဟုတ်ပါတယ်။ အဖေ ကျွန်တော်မျိုးနဲ့ စကားပြောနေတုန်း ရုတ်တရက် အားပြတ်ပြီး သတိမေ့သွားတာပါ။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။"

ကျင်းဘုရင်က အတန်ကြာ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်၏။

"ဟုတ်တာပေါ့။ ကော်လည်း အသက်ကြီးလာပြီပဲ။ သမားတော်တွေကို သူ့အတွက် အားဆေးတွေ သေချာ ပြင်ဆင်ပေးဖို့ မှာလိုက်ပါ။ အချိန်နည်းနည်းလောက် အနားယူပါစေ။"

"ခမည်းတော်... အရှေ့နန်းဆောင်မှာ သားတော်အတွက် လူတစ်ယောက်က ဂျင်ဆင်းကောင်းကောင်းလေးတွေ လာပေးထားတာ ရှိတယ်။ သားတော် အဲဒါတွေကို သောက်ရတာ မကြိုက်ဘူး။ အဲဒါကို သူ့ကိုပဲ ပေးလိုက်ပါ့မယ်။

သမားတော်တွေကို ဒုက္ခမပေးတော့ပါဘူး။ သားတော် ပြန်ရောက်ရင် တစ်ယောက်ယောက်ကို ပြုတ်ခိုင်းပြီး သူ့ဆီ တိုက်ရိုက် ပို့ပေးလိုက်မယ်။ ဒီအတိုင်း ထားထားရင်လည်း နှမြောစရာကြီးလေ။"

ကျင်းဘုရင်က လီယွမ်ကျောက်ကို ကျေနပ်စွာ ကြည့်လိုက်၏။ "ကောင်းပြီ။ မင်း အစီအစဉ်အတိုင်းပဲ လုပ်ပါ။ အိမ်ရှေ့စံက တခြားလူတွေကို ဂရုစိုက်တတ်လာပြီပဲ။ ဖန်အမတ်က မင်းကို သေချာ သင်ပေးထားတာပဲ။ သူ့အတွက် စိတ်မပူနဲ့။ အခြေအနေ ငြိမ်သွားရင် ငါ သူ့ကို ပြန်ခေါ်ပါ့မယ်။ တခြားကိစ္စ မရှိရင် သွားတော့လေ။ ငါ အလုပ်များနေတယ်။"

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "သားတော် ပြန်ပါပြီ။"

နှုတ်ဆက်ပြီးနောက် လီယွမ်ကျောက်က လျိုကျင်းကို ခေါ်ကာ သူ၏ နန်းဆောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

နန်းဆောင်သို့ ရောက်သောအခါ ကော်ထျန်းယန် နိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူ တစ်ကိုယ်လုံးမှာ ကောက်ညှင်းထုတ်ကဲ့သို့ ကြိုးတွေဖြင့် အချည်ခံထားရ၏။

လီယွမ်ကျောက် အခန်းထဲ ဝင်လာသည်ကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာပြီး ပါးစပ်မှလည်း တအင်းအင်းနှင့် အော်နေသည်။

လီယွမ်ကျောက်က သက်တော်စောင့်၏ ဓားကို ဆွဲထုတ်လိုက်ပြီး ကော်ထျန်းယန်၏ ရင်ဘတ်ကို ထောက်ကာ ပြုံးလိုက်၏။ "ကျုပ် ခင်ဗျားကို စကားပြောခွင့် ပေးမယ်၊ ဒါပေမဲ့ အော်လို့ မရဘူးနော်။ တကယ်လို့ တခြားလူ ကြားသွားရင် ဒီဓားက ခင်ဗျားရဲ့ ရင်ဘတ်ထဲကို ဝင်သွားလိမ့်မယ်။"

"အင်း... အင်း..." ကော်ထျန်းယန်မှာ မျက်ရည်များ ဝိုင်းလာပြီး ခေါင်းကို တရစပ် ညိတ်ပြသည်။

ဒီအရွယ်အထိ ရောက်မှ ဒီလို ဒုက္ခမျိုးနဲ့ ကြုံရတယ်လို့။ တော်ဝင်တံဆိပ်တုံးကို အိမ်ရှေ့စံမင်းသား ခိုးလိုက်ပြီဆိုတာ သေချာသွားပြီ။

တကယ့်ကို သတ္တိကောင်းလွန်းတယ်။ ဒီလို ကိစ္စမျိုးကိုတောင် လုပ်ရဲတယ်လို့။

ပါးစပ်ထဲမှ အဝတ်ကို ထုတ်ပေးလိုက်သောအခါ ကော်ထျန်းယန်က အသက်ကို ဝအောင် ရှူလိုက်၏။

ပြီးနောက် သူက အသနားခံလိုက်သည်။ "မင်းသား... အိမ်ရှေ့စံမင်းသား... ဘာလုပ်ချင်လို့လဲ။ ကျုပ် ဘာမှားခဲ့လို့လဲ။"

ဓားက ရင်ဘတ်ကို ထောက်ထားဆဲဖြစ်ပြီး လီယွမ်ကျောက်က မိစ္ဆာတစ်ယောက်လို ပြုံးကာ ပြောလိုက်၏။ "ကျုပ်အတွက် တော်ဝင်အမိန့်စာ အချို့ ရေးပေးစမ်းပါ။"

ဘာ။ တော်ဝင်အမိန့်စာ အတု လုပ်မလို့လား။

ကော်ထျန်းယန် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အိမ်ရှေ့စံမင်းသားက သူ့ကို ဓားနှင့်သာ ထိုးသတ်လိုက်ပါစေဟု ဆုတောင်းနေမိသည်။

သူက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။ "မရဘူး။ လုံးဝ မရဘူး။ မင်းကြီးရဲ့ အမိန့် မရှိဘဲနဲ့ ဒါကို လုံးဝ လုပ်လို့ မရပါဘူး။ မင်းသား ကျုပ်ကို သတ်လိုက်တာကမှ ပိုကောင်းပါလိမ့်မယ်။ ပညာရှိဆိုတာ အသေခံမယ်၊ အရှက်ကွဲ မခံဘူး။"

လီယွမ်ကျောက်က ဂရုမစိုက်ဘဲ အေးစက်စက် ပြုံးလိုက်သည်။ "မဟုတ်ဘူး။ တစ်ယောက်ယောက်က ကျုပ်ကို ပြောဖူးတယ်။ ပညာရှိဆိုတာ အရှက်ကွဲခံရမယ်၊ အသေမခံရဘူးတဲ့။

ခင်ဗျားက သေမှာမကြောက်ဘူးဆိုတော့ ခင်ဗျားကို အရှက်ခွဲရမှာပေါ့။ အရင်ဆုံး ခင်ဗျား ကိုယ်ပေါ်က အမွေးတွေကို အကုန်နုတ်ပစ်မယ်။ ပြီးရင် အဝတ်အစားတွေ အကုန်ချွတ်ပြီး မြို့ရိုးပေါ်မှာ ဆွဲထားမယ်။ ပြီးရင် သတင်းစာထဲမှာ ထည့်ပြီး ကြော်ငြာပစ်မယ်။"

ကော်ထျန်းယန် စိတ်ဓာတ်ကျသွား၏။

ဒီလို ယုတ်မာတဲ့ စကားမျိုးကို ဖန်ကျန်းရီ ဆိုတဲ့ကောင်ပဲ ပြောနိုင်တာ။ ဒီကောင် ထွက်သွားတာတောင် ိ ဒုက္ခပေးနေတုန်းလား။ အိမ်ရှေ့စံမင်းသားကတော့ လမ်းမှားကို ရောက်သွားပြီပဲ။

တဖြည်းဖြည်းနှင့် ကော်ထျန်းယန် မျက်ရည်များ ကျလာခဲ့သည်။ သူက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "မင်းသား... ဒီလိုလုပ်လိုက်ရင် မင်းကြီးအတွက်ကော စဉ်းစားပေးဖူးလား။"

လီယွမ်ကျောက်က ရှက်ရွံ့ခြင်းမရှိဘဲ ပြန်ပြောလိုက်၏။ "စဉ်းစားတာပေါ့။ ဒါက သူ့အတွက် ကောင်းဖို့ လုပ်ပေးတာ။ တိုင်းပြည်က စစ်မဖြစ်တော့ ခမည်းတော်မှာ အရင်ကလို တက်ကြွမှုတွေ မရှိတော့ဘူး။

ကျုပ်သာ သူ့ကို မတွန်းအားပေးရင် သူကိုယ်တိုင် ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ သူ သိမှာ မဟုတ်တော့ဘူး။"

ဘယ်လောက်တောင် လိမ်မာတဲ့သားလေးလဲ။

ကော်ထျန်းယန်က နာကျင်စွာဖြင့် မျက်လုံးကို ပိတ်လိုက်သည်။

"ကဲ... သူ့ကို ကြိုးဖြည်ပေးလိုက်စမ်း။ မိန်းမစိုးကော်က အသက်ကြီးနေပြီကို မင်းတို့ ဒီလောက် အတင်းကြီး ချည်ထားရသလား။ အရမ်းလွန်တာပဲ။"

ဘေးနားရှိ သက်တော်စောင့်များက မျက်နှာပျက်ကာ ကော်ထျန်းယန်ကို ကြိုးဖြည်ပေးလိုက်ကြ၏။

ကြိုးများ ပြုတ်ကျသွားချိန်တွင် ကော်ထျန်းယန်၏ မျက်နှာက ရှုံ့တွသွား၏။ လည်ပင်းနားက အေးစိမ့်စိမ့် ခံစားချက်က အိမ်ရှေ့စံမင်းသားက တကယ် လုပ်တော့မည်ဆိုသည်ကို သတိပေးနေသလိုပင်။

တောက် …. ဖန်ကျန်းရီဆိုတဲ့ကောင် သေသင့်တယ်။ အိမ်ရှေ့စံမင်းသားကတော့ လုံးဝ ပျက်စီးသွားပြီ။

အရင်တုန်းက တောရိုင်းတိရစ္ဆာန်တွေနဲ့ ဆော့တာတင် အားမရဘဲ အခုတော့ တော်ဝင်အမိန့်စာကိုတောင် အတုလုပ်ရဲတယ်လို့။

ကော်ထျန်းယန်က လည်ပင်းကို ဓားထောက်ခံထားရရင်း စားပွဲဆီသို့ သွားကာ ထိုင်လိုက်ရ၏။

စားပွဲပေါ်တွင် တော်ဝင်တံဆိပ်တုံးနှင့် အချည်းနှီးဖြစ်သော အမိန့်စာလိပ်များ အဆင်သင့် ရှိနေသလို စာရွက်အလွတ်များလည်း အများအပြား ရှိနေသည်။

"ရေးရင်လည်း သေမှာပဲ၊ မရေးရင်လည်း သေမှာပဲ။ အခုချိန်မှာ ဘာမှ စဉ်းစားမနေနဲ့တော့။ ရေးလိုက်စမ်းပါ။ အရာအားလုံးကို ကျုပ်အပေါ်ပဲ ပုံချလိုက်။ ခမည်းတော်ဆီမှာ ခင်ဗျားက ရောဂါသည်အဖြစ် အနားယူနေတယ်လို့ ပြောထားပြီးပြီ။

အမိန့်စာက ကျုပ် ခင်ဗျားရဲ့ လက်ရေးကို အတုခိုးပြီး ရေးတာလို့ ပြောလိုက်မယ်။ တံဆိပ်တုံးကိုလည်း ကျုပ်ကိုယ်တိုင် ခိုးတာလို့ ပြောမယ်။ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။"

ကော်ထျန်းယန်က တံတွေးကို ခါးခါးသီးသီး မြိုချပြီးမေးလိုက်သည်။ "ဘာရေးရမလဲ။"

"ကျန်းကျန်၊ လင်းဖူနဲ့ ယွမ်လု မြို့သုံးမြို့ကို အစိုးရရုံးတော်တွေ ပြုပြင်ဖို့၊ ဘုရားကျောင်းတွေ အကြီးအကျယ် ဆောက်ဖို့ အမိန့်ပေးစာ ရေးလိုက်။ ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့နဲ့ ပြည်သူတွေကို အိမ်တွေ ဆောက်ဖို့ တိုက်တွန်းတဲ့ အကြောင်းတွေလည်း ထည့်ရေး။ အသေးစိတ်ကိုတော့ ခင်ဗျားပဲ သေချာ ပြုပြင်ရေးလိုက်တော့။ အဓိပ္ပာယ် ရောက်ရင် ရပြီ။"

ကော်ထျန်းယန်က မျက်လုံးကို ပိတ်ကာ တုန်ရီနေသော အသံဖြင့် "မင်းသား... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ လောကက လူတွေက ဝိုင်းပြောကြလိမ့်မယ်။ မင်းကြီးကလည်း နန်းတွင်းညီလာခံမှာ ပြောပြီးပြီလေ။

ပြီးတော့ မင်းကြီးက ဗုဒ္ဓဘာသာကို မကြိုက်ဘူး။ အခု ဘုရားကျောင်းတွေ အကြီးအကျယ် ဆောက်ခိုင်းရင်... မင်းကြီး သေချာပေါက် ဒေါသထွက်လိမ့်မယ်။ မင်းသား... ကျုပ် သေတာက အရေးမကြီးပါဘူး။ မင်းသား ကိုယ့်အနာဂတ်အတွက် ကိုယ် စဉ်းစားပါအုံး။"

လီယွမ်ကျောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "စဉ်းစားရမယ်။ ဘာကို စဉ်းစားရမှာလဲ။

လောကမှာ ဘုရားကျောင်းတွေ ဘယ်လောက်ပဲ ရှိရှိ၊ ကျုပ် အဲဒါတွေကို တည်ဆောက်ခိုင်းနိုင်သလို တစ်ညတည်းနဲ့ ပျောက်ကွယ်သွားအောင်လည်း လုပ်နိုင်တယ်။နာမည်ပျက်သွားရင် ပြန်ပြင်လို့ ရတယ်။ သတင်းစာက ကျုပ် လက်ထဲမှာ ရှိတာပဲ။ လောကက လူတွေ ခဏတာ မှားသွားရင် ကျုပ် သူတို့ နားလည်အောင် လုပ်ပေးမယ်။

ဒါပေမဲ့ လူ့အသက် ဆုံးရှုံးသွားရင်တော့ အရာအားလုံး တကယ် ပျောက်ကွယ်သွားတာပဲ။ ခမည်းတော်က လောကကို အုပ်စိုးနေရင်တောင် လူသေကို ပြန်ရှင်အောင် လုပ်နိုင်လို့လား။"

"မြန်မြန် ရေးစမ်း။"

ကော်ထျန်းယန်က လီယွမ်ကျောက်ကို ငေးကြည့်နေမိပြီး သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပေါ်လာ၏။

တူလိုက်တာ။ အရမ်းတူတာပဲ။ အခု အိမ်ရှေ့စံမင်းသားရဲ့ ပုံစံက မင်းကြီး ငယ်ငယ်တုန်းက ပုံစံနဲ့ တစ်ပုံစံတည်းပဲ။

ရဲရဲဝံ့ဝံ့ ရှိပြီး ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံ၊ လောကရဲ့ စည်းမျဉ်းတွေကို ဘာမှမဟုတ်သလို သဘောထားတဲ့ ပုံစံ...

ဒါပေမဲ့ အခု အိမ်ရှေ့စံမင်းသားက ပိုပြီး စည်းကျော်နေတယ်၊ ပိုပြီး သတ္တိကောင်းနေတယ်။

ကော်ထျန်းယန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိတ်ဆိတ်စွာဖြင့် စတင် ရေးသားတော့သည်။

သိပ်မကြာမီမှာပင် အမိန့်စာတစ်စောင် ရေးပြီးသွားခဲ့၏။ တံဆိပ်တုံး ရိုက်ရန်သာ ကျန်တော့သည်။ ကော်ထျန်းယန်က အကျင့်အတိုင်း တံဆိပ်တုံး ရိုက်ရန် ပြင်လိုက်စဉ်။

လီယွမ်ကျောက်က ချက်ချင်း တားလိုက်၏။ "မလိုဘူး။ တံဆိပ်တုံးကို ကျုပ် ကိုယ်တိုင် ရိုက်မယ်။ ခင်ဗျားက ဒီအတိုင်း နောက်ထပ် အစောင်အနည်းငယ် ရေးပေးဦး။"

ကော်ထျန်းယန် အံ့သြသွား၏။ “ ဘာလို့လဲ။"

လီယွမ်ကျောက်က ပြုံးလိုက်သည်။ "အမိန့်စာ တစ်စောင်တည်းနဲ့ မလုံလောက်ဘူး။ သုံးစောင် ဆက်တိုက် ပို့ရမယ်။ ဒါမှ ဒေသခံ အရာရှိတွေက ခမည်းတော်ရဲ့ ဆန္ဒအစစ်အမှန်လို့ ယုံကြည်ကြမှာ။ မဟုတ်ရင် သူတို့က စာပြန်ပို့ပြီး မေးနေကြအုံးမယ်။ အဲဒါဆို အချိန်ကုန်တယ်။"

ကော်ထျန်းယန်ကတော့ လက်လျှော့လိုက်ပြီဖြစ်ရာ စုတ်တံကို ကိုင်ပြီး ထပ်မံ ရေးသားတော့၏။

အမိန့်စာ တစ်စောင်နှင့် အစောင်တစ်ရာ ဘာထူးတော့မည်နည်း။ မည်သို့ပင်ဖြစ်စေ သေရတော့မည်ဖြစ်ရာ ရေးလိုက်တော့မည်။

အမိန့်စာ အစောင်အနည်းငယ် ရေးပြီးနောက် ကော်ထျန်းယန်က ပင်ပန်းနွမ်းနယ်စွာဖြင့် လီယွမ်ကျောက်ကို ကြည့်လိုက်၏။ "ရပြီလား။"

လီယွမ်ကျောက်က ရေးထားသော အမိန့်စာများကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။

ထို့နောက် တော်ဝင်တံဆိပ်တုံးကို ယူကာ ဒုန်း ဒုန်း ဒုန်း နှင့် အကုန်လုံးကို ရိုက်နှိပ်လိုက်၏။

အမိန့်စာများကို လိပ်ပြီးနောက် လီယွမ်ကျောက်က စားပွဲပေါ်ရှိ စာရွက်အလွတ်များကို ကော်ထျန်းယန်ရှေ့သို့ တွန်းပို့လိုက်သည်။

"ဆက်ရေးအုံး ... တစ်ရွက်ချင်းစီကို လက်ရေး နည်းနည်း ရှုပ်အောင် ရေး။ ကျုပ် လက်ရေးကို အတုခိုးပြီး ရေးရင် ပိုကောင်းမယ်။ ဒါမှ ခမည်းတော်က ခင်ဗျားကို သံသယ မဝင်မှာ..."

အပိုင်း (၁၉၈) ကော်ထျန်းယန်၏ အိပ်မက်ဆိုး။

ကော်ထျန်းယန်က စိတ်ပျက်လက်ပျက်ဖြင့် ဆက်လက် ရေးသားနေရတော့သည်။

ယခုအချိန်တွင် သူတို့က လှေတစ်စင်းတည်း စီးနေရပြီဖြစ်ရာ နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။

စာရွက်ပေါင်း နှစ်ဆယ်ကျော် ရေးပြီးမှသာ လီယွမ်ကျောက်က ရပ်ခိုင်းလိုက်၏။

စာရွက်ပေါ်ရှိ လက်ရေးများက တစ်ရွက်ထက် တစ်ရွက် ပို၍ ရှုပ်ထွေးနေသည်။ လီယွမ်ကျောက်က ထိုအရာကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကော်ထျန်းယန်ကို နှင်ထုတ်ကာ သူကိုယ်တိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"ဟေ့…. မိန်းမစိုးကော်ကို ပြန်ချည်ထားလိုက်။ ပါးစပ်ကိုလည်း ပိတ်ထားလိုက်အုံး။"

"မင်းသား... ကျုပ် စကားကို နားထောင်ပါအုံး။ ဒါက အရေးကြီးတဲ့ ကိစ္စမို့ သေချာ ပြန်စဉ်းစားပါအုံး... အင်း... အင်း..."

ပြောပြီးသည်နှင့် လီယွမ်ကျောက်က ကော်ထျန်းယန် ရေးထားသော စာရွက်များ၏ နောက်တွင် ဆက်လက် ရေးသားနေတော့၏။

ဘေးနားရှိ သက်တော်စောင့်များကလည်း အချိန်ဆွဲမနေဘဲ ကော်ထျန်းယန်၏ ပါးစပ်ကို အရင်ဆုံး ပိတ်လိုက်ကြ၏။ ထို့နောက် သူ့ကို ထုပ်ပိုသလို ချည်နှောင်ကာ ကုတင်ပေါ်သို့ ပြန်တင်လိုက်သည်။

ကော်ထျန်းယန်က အသံအနည်းငယ် ထွက်ရန် ကြိုးစားသော်လည်း မည်သူကမှ ဂရုမစိုက်သောကြောင့် မျက်နှာကျက် ကိုသာ ငေးကြည့်နေရတော့၏။

လီယွမ်ကျောက်က နာရီဝက်ခန့် ရေးသားပြီးမှသာ ရပ်လိုက်ပြီး သေချာ စစ်ဆေးကြည့်ရာ အတော်လေး ကျေနပ်သွားသည်။

စာလုံးအရေအတွက် မများသောကြောင့် လုံးဝကို အစစ်အတိုင်း ဖြစ်နေ၏။

ခမည်းတော်က ငယ်ငယ်တုန်းက စစ်တိုက်ခဲ့ရသူဆိုတော့ စာပေမှာ သိပ်ပြီး ထူးချွန်မှာ မဟုတ်ပါဘူး။ ငါ့ရဲ့ လက်ရေးက သူ့ထက်တောင် ပိုကောင်းအုံးမယ်။

လီယွမ်ကျောက်က ပြုံးဖြီးဖြီးဖြင့် ရယ်မောလိုက်၏။

သူက မတ်တတ်ရပ်ကာ ကော်ထျန်းယန်ကို ပြောလိုက်သည်။ "စိတ်မလောနဲ့။ အမိန့်စာ သွားပို့မယ့်လူတွေ အဝေးကြီး ရောက်မှ ခင်ဗျားကို လွှတ်ပေးမယ်။ နောက်နှစ်ရက်လောက်နေရင် ရပြီ။ ခင်ဗျားအတွက် ဂျင်ဆင်းဟင်းချိုတောင် ပြင်ဆင်ပေးထားသေးတယ်။"

နှစ်ရက်…။ ကော်ထျန်းယန်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွား၏။

သူက ဒီအတိုင်း နှစ်ရက်လုံး အချည်ခံထားရမှာလား။ ဒါဆို ဘယ်လိုလုပ်မလဲ။ အိမ်သာ ဘယ်လိုတက်မလဲ။ တစ်ယောက်ယောက်ကို သူ့ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးခိုင်းရမှာလား။

"ဟင် … ဘာလို့ ထပ်ငိုနေပြန်တာလဲ။"

ကော်ထျန်းယန်၏ သနားစဖွယ် ပုံစံကို ကြည့်ရင်း လီယွမ်ကျောက်လည်း ထပ်ပြီး မစနောက်တော့ချေ။

သူက လျိုကျင်းတို့ သုံးယောက်ကို လှည့်ပြောလိုက်၏။ "လျိုကျင်း... မင်း အဝတ်လျှော်ဌာနကို သွားပြီး သူတို့အတွက် အဝတ်အစား နှစ်စုံ သွားယူခဲ့။ မနက်ဖြန် ငါ မင်းတို့ကို နန်းတော်ပြင်ပ ခေါ်ထုတ်သွားမယ်။ နန်းတော်ပြင်ပ ရောက်တာနဲ့ မြို့သုံးမြို့ကို သွားပြီး အမိန့်စာ ပို့ကြ။

အမြန်ဆုံး လုပ်ရမယ်။ မင်းတို့ သုံးယောက်အတူတူ သွားကြ။ မြို့တစ်မြို့ချင်းစီကို သွားပြီး အမိန့်စာ ပို့။ မြို့ဝန်တွေကို စာပြန်တင်ခွင့် မပေးစေနဲ့။ အချိန်ကို သေချာ တွက်ဆပြီး လုပ်ကြ။

အောင်မြင်သွားရင်တော့ မင်းတို့ကို ဆုလာဘ်တွေ အကြီးအကျယ် ပေးမယ်။ မင်းတို့ရဲ့ အနာဂတ်က တောက်ပနေမှာပဲ။ ဒါပေမဲ့ တကယ်လို့ မအောင်မြင်ခဲ့ရင် ဒါမှမဟုတ် တခြားလူ သိသွားရင်တော့... ဟင်း... ဟင်း... အကျိုးဆက်ကို သိမှာပါ။"

သုံးယောက်သား၏ စိတ်ထဲတွင် ထိတ်လန့်သွားကြပြီး ပြိုင်တူ ဖြေကြားလိုက်ကြ၏။ "အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်။"

အရေးကြီးတာတွေ မှာကြားပြီးနောက် လီယွမ်ကျောက်က ကော်ထျန်းယန်ကို လှည့်ကြည့်လိုက်သည်။

"ဒီနှစ်ရက်အတွင်း ခင်ဗျားရဲ့ စားသောက်မှု၊ အိပ်စက်မှုအားလုံး ဒီမှာပဲ ဖြစ်ရမယ်။ ခမည်းတော်ဘက်ကိုတော့ ကျုပ်ပဲ တားဆီးပေးထားမယ်။ ပြီးတော့ ခင်ဗျားကို ဂရုစိုက်ပေးမယ့်လူ တစ်ယောက်လည်း ရှာပေးမယ်။ နှစ်ရက်လောက် ထမင်းမစားတာက ပြဿနာ မဟုတ်ပါဘူး။ ရေငတ်ရင် ခေါင်းနဲ့ ကုတင်ကို ဆောင့်ပြီး လူခေါ်လိုက်။ အပေါ့အလေး သွားချင်ရင်လည်း ဒီကုတင်ပေါ်မှာပဲ ဖြေရှင်းလိုက်ပေါ့။ ဒီကုတင်ကို ကျုပ် မလိုချင်တော့ဘူး။"

"အင်း... အင်း..." ကော်ထျန်းယန်က အတင်း ရုန်းကန်နေသော်လည်း အချည်းနှီးပင်။

အပေါ့အလေး အကုန်လုံး ကုတင်ပေါ်မှာပဲလား။ နှစ်ရက်လုံးလုံးလား။ ဒါက သတ်တာထက် ပိုဆိုးတယ်။

ဒီလောက် ကူညီပေးနေတာတောင် ဒီလောက်အထိ အရှက်ခွဲရသလား။

ကော်ထျန်းယန်က မျက်ရည်များ ကျလာသလို စိတ်ထဲမှာလည်း နာကျင်နေသည်။

ဖန်ကျန်းရီနဲ့ တွေ့ကတည်းက ဘာလို့ ဒီလောက်အထိ ကံဆိုးနေရတာလဲ။ သူ့ဆီက ပိုက်ဆံနည်းနည်း ယူမိတာ ဒီလောက်အထိ ဖြစ်ရသလား။

လီယွမ်ကျောက်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ဘာလို့ အော်နေတာလဲ။ အလုပ်ကြီး အလုပ်ကောင်း လုပ်မယ့်သူက ဒီလောက်လေးတော့ သည်းခံရမှာပေါ့။"

"အင်း... အင်း..."

ကော်ထျန်းယန်ကတော့ ငိုရခက်၊ ရယ်ရခက် ဖြစ်နေတော့သည်။ သူ၏ တစ်သက်တာတွင် ဤသို့သော ဖြစ်ရပ်မျိုး ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

ထိုညမှာပဲ လီယွမ်ကျောက်က ရှန်ပေါက်ကျန်းထဲသို့ တစ်ဖန် ခိုးဝင်ကာ တံဆိပ်တုံးကို မူလအတိုင်း ပြန်ထားခဲ့သည်။

...

နောက်တစ်နေ့ နန်းတွင်းညီလာခံတွင် လီယွမ်ကျောက်က ပုံမှန်အတိုင်းတက်ရောက်ခဲ့၏။

သူ၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး ပုံမှန်နှင့် မထူးခြားပေ။ အမတ်ကြီးများ ဆွေးနွေးနေချိန်တွင်လည်း တစ်ခါတစ်ရံ ဝင်ရောက် ဆွေးနွေးတတ်သေးသည်။

သူ၏ စကားအချို့က အပေါ်ယံဆန်နေသော်လည်း ကျင်းဘုရင်ကတော့ ကျေနပ်နေသည်။

ကြည့်ရတာ အိမ်ရှေ့စံက တကယ်ပဲ နားဝင်သွားပုံရတယ်။

အခုတော့ အတော်လေး ရင့်ကျက်လာပြီပဲ။ အရင်တုန်းကဆိုရင်တော့ အတင်းအကျပ် ငြင်းခုံနေမှာ အသေအချာပဲ။ ဖန်ကျန်းရီက တကယ် ကောင်းကောင်း သင်ပေးခဲ့တာပဲ။

နန်းတွင်းညီလာခံ ပြီးဆုံးသောအခါ လီယွမ်ကျောက်က အချိန်ဆွဲမနေဘဲ အရှေ့နန်းဆောင်သို့ ပြန်လာကာ လျိုကျင်းတို့ သုံးယောက်ကို အထုပ်အပိုးများဖြင့် ထွက်ခွာခိုင်းလိုက်၏။

သူကိုယ်တိုင် နန်းတော်ပြင်ပသို့ ပို့ဆောင်ပေးပြီးမှသာ စိတ်သက်သာရာ ရသလိုပြုံးလိုက်မိသည်။

ထို့နောက် သူက အေးအေးဆေးဆေးပင် အရှေ့နန်းဆောင်သို့ ပြန်လာခဲ့၏။

နန်းဆောင်ထဲတွင် ကော်ထျန်းယန်၏ မျက်နှာမှာ နီရဲနေပြီး သူ၏ ဆီးအိမ်နှင့် အတော်လေး ပြင်းထန်သော တိုက်ပွဲ ဖြစ်နေပုံရသည်။ အိမ်ရှေ့စံမင်းသား ပြန်လာသည်ကို မြင်သောအခါ သူက ချက်ချင်း အသံထွက်ရန် ကြိုးစားတော့သည်။

လီယွမ်ကျောက်က ကိုယ့်ဘာကိုယ် လက်ဖက်ရည် တစ်ခွက် ငှဲ့သောက်လိုက်၏။

ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။ "ထားလိုက်ပါတော့။ မရုန်းကန်ပါနဲ့တော့။ ကျုပ် ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး။အမိန့်စာ ပို့မယ့်လူတွေကို ကျုပ် ပို့လိုက်ပြီ။ သူတို့ကို နှစ်ရက်လောက် ပြေးခိုင်းလိုက်အုံးမယ်။ နှစ်ရက်နေရင်တော့ ခင်ဗျား လွတ်ပါပြီ။"

"အင်း... အင်း..."

ကော်ထျန်းယန်၏ မျက်လုံးများက နီရဲလာခဲ့သည်။

ကျုပ် အပေါ့သွားချင်လို့ပါ။ ကျုပ် မအော်တော့ပါဘူး။ ကျုပ်ကို လွှတ်ပေးပါအုံး။ ဒီအသက်အရွယ်ကြီးရောက်မှ သေးထွက်မကျပါရစေနဲ့။ စကားတစ်ခွန်းလောက် ပြောပါရစေ။

"အင်း... အင်း..."

ကော်ထျန်းယန်က အဆက်မပြတ် အော်နေသဖြင့် လီယွမ်ကျောက် စိတ်အနှောင့်အယှက် ဖြစ်လာ၏။

ထို့ကြောင့် သူက နှုတ်ခမ်းကို စေ့ကာ အသံပြုလိုက်သည်။"ရှူး... ရှူး... ရှူး..."

စူးရှသော လေချွန်သံ ကြားရချိန်တွင် ကော်ထျန်းယန်မှာ မအော်ရဲတော့ချေ။ အိမ်ရှေ့စံမင်းသား ဤမျှအထိ ယုတ်မာလလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူချက်ချင်း အသံပိတ်လိုက်မိသည်။ အိမ်ရှေ့စံမင်းသား လေဆက်ချွန်နေလျှင် သူ ဒုက္ခရောက်ပေလိမ့်မည်။ ကော်ထျန်းယန်က စိတ်ထဲမှနေ၍ ဖန်ကျန်းရီကို အပြင်းအထန် ကျိန်ဆဲနေတော့သည်။

သို့နှင့် ကုတင်ပေါ်တွင် ဘာမှမတတ်နိုင်ဘဲ လဲလျောင်းနေရတော့၏။

...

နောက်ထပ် နှစ်ရက် ကြာသောအခါ လီယွမ်ကျောက်က အနီရောင် ဝတ်စုံကြီးကို ဝတ်ကာ နန်းတွင်းညီလာခံသို့ တက်ရောက်လာခဲ့သည်။

ကျင်းဘုရင်က ဘာမှမမေးသော်လည်း ထူးဆန်းစွာဖြင့် တစ်ချက် ကြည့်လိုက်၏။

ဒီနေ့က ပွဲလမ်းသဘင်လည်း မဟုတ်ဘဲ ဘာလို့ ဒီလောက် တောက်ပတဲ့ ဝတ်စုံကို ဝတ်လာတာလဲ။

လီယွမ်ကျောက်ကတော့ ဘာမှမသိသလိုပင် ငြိမ်သက်စွာ နေနေပြီး နန်းတွင်းညီလာခံ ပြီးသည်နှင့် အရှေ့နန်းဆောင် သို့ အပြေးအလွှား ပြန်လာခဲ့သည်။

ကော်ထျန်းယန်၏ အခြေအနေမှာ သေလူတစ်ယောက်လို ဖြစ်နေသည်ကို မြင်တော့ လီယွမ်ကျောက်က ချက်ချင်း ကြိုးဖြည်ပေးလိုက်၏။

"ကဲ …. ခင်ဗျား လွတ်ပြီ။"

ကော်ထျန်းယန်က အားတင်း ပြုံးလိုက်ရပြီး ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလိုက်၏။ သူ၏ အသံမှာလည်း ခြောက်ကပ်နေသည်။ "ကျုပ်... မင်းသားကို ကျေးဇူးတင်ပါတယ်..."

ထို့နောက် သူက ကြမ်းပြင်ပေါ်တွင် တွားသွားနေတော့၏။

လီယွမ်ကျောက်က ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ခင်ဗျား ကြမ်းပြင်ပေါ်မှာ ဘာလုပ်နေတာလဲ။ မအေးဘူးလား။ သွားလို့ ရပြီလေ။"

ကော်ထျန်းယန်၏ မျက်နှာက ရှုံ့မဲ့သွား၏။

သွားရမယ်။ နှစ်ရက်လုံးလုံး ထမင်းမစား၊ ရေမသောက်ရပေမဲ့ ခန္ဓာကိုယ်ထဲမှာ အရည်တွေ ကျန်သေးတယ်။ အခု မတ်တတ်ရပ်လိုက်ရင် အကုန်လုံး ထွက်ကျကုန်တော့မှာပေါ့။ ဒါပေမဲ့ ဒီပုံစံနဲ့ အပြင်ကို ထွက်လို့ မရဘူး။

ကော်ထျန်းယန်က ကုတင်ဘောင်ကို ကိုင်ကာ နဖူးတွင် အကြောများ ထောင်ထလာသည်အထိ အားယူကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်၏။ ဤမျှလောက်လှုပ်ရှားသည်ကိုပင် ကော်ထျန်းယန်၏ နဖူး၌ ချွေးစေးများ ထွက်လာခဲ့သည်။

သူက လီယွမ်ကျောက်ကို အားယူကာ ကြည့်ပြီး ပြောလိုက်၏။ "ဒါဆို... ကျုပ် သွားပါပြီ။ မင်းကြီးဘက်ကိုတော့..."

လီယွမ်ကျောက်က ပြုံးကာ အာမခံ လိုက်သည်။ "စိတ်ချပါ။ ခမည်းတော်ကို ခင်ဗျား ရောဂါသည်းနေတယ်လို့ ပြောထားပြီးပြီ။ ခင်ဗျား အရင် ပြန်ပြီး လဲလျောင်းနေလိုက်ပါ။ ညကျရင် ကျုပ် ခင်ဗျားဆီ လာခဲ့မယ်။ ခမည်းတော်ဆီကို အတူတူ သွားနှုတ်ဆက်ကြတာပေါ့။"

ကော်ထျန်းယန်က စိတ်ထဲမှ ပြုံးပြီး ခေါင်းညိတ် သဘောတူလိုက်၏။ ထို့နောက် သူက တရွေ့ရွေ့ဖြင့် ထွက်ခွာ သွားတော့၏။

ကော်ထျန်းယန်၏ နှေးကွေးသော နောက်ကျောကို ကြည့်ရင်း လီယွမ်ကျောက်က လှောင်ပြုံး ပြုံးလိုက်၏။

မိန်းမစိုးကော်က နှစ်ရက်လုံး ထမင်းမစား၊ အိပ်မရဖြစ်နေတော့ တော်တော်လေး ပိန်သွားတာပဲ။ ပြီးတော့ မျက်လုံးတွေကလည်း မှိုင်းညို့နေပြီး မျက်နှာက ဖြူဖျော့ကာ ခြေကုန်လက်ပန်း ကျနေတယ်။ ကြည့်ရတာ ရောဂါသည်းနေတဲ့ လူတစ်ယောက်နဲ့ ဘာမှမခြားတော့ဘူး။

ခမည်းတော် ရှေ့ကို ခေါ်သွားရင်... သေချာပေါက် ယုံကြည်သွားမှာပဲ။ အဲဒီအချိန်ကျရင် ငါ့ရဲ့ နောက်ထပ် အစီအစဉ်ကို စလို့ ရပြီ။

"ဟေ့ … ငါ့ဆီက အားဆေးတွေ မိန်းမစိုးကော်ဆီ အကုန်ပို့ပေးလိုက်စမ်း။"

All Chapters