← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 12 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 12 Ch. 199-200

အပိုင်း (၁၉၉) ကျန်းကျန်ကို သွားပြီး ဖန်ကြီးကို ရှာမယ်။

မှောင်ရီပျိုးစချိန်တွင် လီယွမ်ကျောက်က တောက်ပသော အနီရောင် ဝတ်စုံကြီးကို ဝတ်ကာ စာကြည့်ဆောင် တံခါးဝသို့ ရောက်လာခဲ့သည်။

သူ၏ ဘေးတွင်တော့ စိတ်ဓာတ်ကျနေသော ကော်ထျန်းယန် ရပ်နေ၏။

ယခင်က ဆီးအိမ်ထဲမှ အရည်တွေက သူ့ကို စိတ်အာရုံ ထွေပြားအောင် လုပ်နိုင်ခဲ့သော်လည်း ယခု အရည်တွေ ထွက်သွားတော့ သက်တောင့်သက်သာ ရှိသွားသလိုခံစားလိုက်ရသည်။ သို့ပေမည့် ကြီးမားသော ထိတ်လန့်မှုက တစ်ကိုယ်လုံးကို လွှမ်းမိုးလာခဲ့သည်။

အိမ်ရှေ့စံမင်းသားကို အမိန့်စာအတုလုပ်ဖို့ ကူညီပေးတာက သေဒဏ်ထိုက်တဲ့ အပြစ်ပဲ။ တကယ်လို့ သိသွားရင် ငါ့ကို အသားလွှာတွေ ဖြစ်အောင် လှီးဖြတ်ပစ်ကြမှာ အသေအချာပဲ...

ကော်ထျန်းယန်က တိုးတိုးလေး အသနားခံလိုက်၏။ "မင်းသား... ကျုပ်ရဲ့ အသက်က မင်းသား လက်ထဲမှာပဲ ရှိပါတော့တယ်။"

လီယွမ်ကျောက်က အထင်သေးစွာ ပြုံးလိုက်သည်။ "ကြွက်သတ္တိပဲ ရှိတာကိုး။ ပုံမှန်အတိုင်းပဲ နေစမ်းပါ။ တခြားအရာတွေ စဉ်းစားမနေနဲ့။"

ကော်ထျန်းယန်က ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရ၏။ ထို့နောက် သူတို့ နှစ်ယောက် စာကြည့်ဆောင်ထဲသို့ ဝင်သွားခဲ့ကြသည်။

ကျင်းဘုရင်က ကော်ထျန်းယန်ကို မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်၏။ "ဟင် … ကော် ရောက်လာပြီလား။ ဟူး... ကြည့်ရတာ ရောဂါက တကယ်ပဲ သည်းနေပုံရတယ်။ မျက်နှာကလည်း မကောင်းဘူး။ ဒီနှစ်ရက်အတွင်း ခန္ဓာကိုယ် အခြေအနေ ဘယ်လိုလဲ။"

ကော်ထျန်းယန်က ကျင်းဘုရင်၏ စကားကို ကြားသောအခါ စိတ်ထဲတွင် အတော်လေး ဝမ်းနည်းသွားမိသည်။ အမှန်တရားကို ဖွင့်ပြောလိုက်ချင်စိတ်တောင် ပေါက်သွားသည်။

မင်းကြီးကပဲ ကျုပ်အပေါ် အကောင်းဆုံး။ ဆယ်စုနှစ်များစွာ သံယောဇဉ်က အလကား မဟုတ်ဘူးပဲ။

ကော်ထျန်းယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး... အခု အဆင်ပြေပါပြီ။"

ကျင်းဘုရင်က "အင်း။ မလောပါနဲ့အုံး။ အချိန်နည်းနည်းလောက် ထပ်ပြီး အနားယူလိုက်ပါ။"

ထိုသို့ ပြောပြီးနောက် "အိမ်ရှေ့စံ... ကိစ္စရှိလို့လား။"

လီယွမ်ကျောက်က ချက်ချင်း အရိုအသေပေးလိုက်၏။ "ဘာမှ မဟုတ်ပါဘူး။ ခမည်းတော်ကို လာနှုတ်ဆက်တာပါ။ ခမည်းတော် အလုပ်များနေတယ်ဆိုရင် သားတော် အရင် သွားပါရစေ။"

ကျင်းဘုရင်မှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ ယခင်က နှုတ်ဆက်လျှင် စကားအနည်းဆုံး နှစ်ခွန်းလောက်တော့ ပြောသေးသည်။ ယခုကျတော့ နှုတ်ဆက်ပြီးသည်နှင့် ထွက်သွားတော့မည်တဲ့လား။

သို့ပေမည့် သူလည်း သိပ်ပြီး စဉ်းစားမနေတော့ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ "အင်း။ သွားကြ... အားလုံး သွားကြတော့။"

သူတို့ နှစ်ယောက် စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့ကြသည်။

ကော်ထျန်းယန်လည်း နားမလည်နိုင်ဖြစ်နေပြီး လီယွမ်ကျောက်ကို မေးလိုက်၏။ "မင်းသား... ဒါက ဘာသဘောလဲ။ လာပြီးတော့ မင်းကြီးကို ဘာမှလည်း မပြောဘူး။"

လီယွမ်ကျောက်က ပြုံးကာ ပြောလိုက်သည်။ "ကျုပ်ရဲ့ ဝတ်စုံလေးက လှလား။ အသစ်ချုပ်ထားတာလေ။ ခမည်းတော်ကို ခဏလောက် ပြချင်လို့ပါ။"

ကော်ထျန်းယန် - "..."

"ဒါဆို ကျုပ် အရင် ပြန်ပါတော့မယ်။ အမိန့်စာ ကိစ္စကတော့..."

"စိတ်ချပါ။ အကုန် စီစဉ်ထားပြီးသား။"

ပြောပြီးသည်နှင့် နှစ်ယောက်သား လူစုခွဲကာ ထွက်ခွာသွားကြ၏။ လီယွမ်ကျောက်က အရှေ့နန်းဆောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

နန်းဆောင်ထဲရှိ သူ၏ ကိုယ်ရံတော် နန်းတွင်းသူကို ရှာကာ အင်္ကျီလက်ထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်၏။ "ဘာမှ မမေးနဲ့။ မှတ်ထား။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ရဲ့ သတင်းကို လာမေးရင် ဒီစာကို ပေးလိုက်။ ပြီးတော့ ငါ့အခန်းထဲက စာရွက်တွေကို လုံးဝ မရှင်းလင်းနဲ့။ ငါ့ရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ အထဲကို ပေးမဝင်နဲ့။"

ပြောပြီးသည်နှင့် နန်းတွင်းသူ၏ စကားကို မစောင့်တော့ဘဲ အခန်းထဲသို့ ဝင်ကာ မနက်ကတည်းက ပြင်ဆင်ထားသော အထုပ်ကို ယူလိုက်၏။ ထို့နောက် အပြင်သို့ ထွက်ကာ ကြိုတင် ပြင်ဆင်ထားသော မြင်းပေါ်သို့ တက်၍ နန်းတော်ပြင်ပသို့ ဖြည်းဖြည်းချင်း ထွက်ခွာခဲ့သည်။

နန်းတော်ပြင်ပသို့ ရောက်၍ နောက်ကို လှည့်ကြည့်လိုက်ရာ နန်းတော်တံခါးစောင့်များ၏ ပုံရိပ်ကို မမြင်ရတော့ပေ။

ထိုအခါမှ သူက ဇက်ကြိုးကို အားကုန်ဆွဲကာ ပန်းရှန်းရပ်ကွက်ဆီသို့ မြင်းကို အရှိန်ပြင်းပြင်း စီးနှင်သွား၏။

လေက လီယွမ်ကျောက်၏ စိတ်လှုပ်ရှားနေသော မျက်နှာကို တိုးဝှေ့တိုက်ခတ်နေ၏။ ယခုအချိန်တွင် သူ၏ မျက်လုံးထဲတွင် အရောင်အဝါများ တောက်ပနေသည်။

အခုတော့ ငါက သမုဒ္ဒရာထဲကို ရောက်သွားတဲ့ နဂါးတစ်ကောင်လိုပဲ။ လွတ်လပ်သွားပြီ။

ခမည်းတော်က နောက်ပိုင်းကျရင် ငါ အမိန့်စာ အတုလုပ်တာကို သိသွားမှာပဲ။ ဒါပေမဲ့ ကျန်းကျန်ဘက်က သတင်းက ဘယ်တော့ ပြန်ရောက်လာမလဲဆိုတာ မသိနိုင်ဘူး။

ငါ နန်းတော်ထဲမှာ ထိုင်စောင့်နေမယ့်အစား အရင်ဆုံး ထွက်ပြေးတာ ပိုကောင်း၏တယ်။

ဒီလိုမှ မဟုတ်ရင် ခမည်းတော် သိသွားတဲ့အခါ ငါ သေချာပေါက် အသတ်ခံရမှာပဲ။

အရင်ဆုံး ဖန်ကြီးဆီသွားပြီး အခြေအနေ ကြည့်ရမယ်။ လအနည်းငယ်လောက် ကြာလို့ ခမည်းတော် စိတ်ပြေသွားမှ ပြန်လာမယ်။ အဲဒီအချိန်ကျရင် အရိုက်ခံရရင်တောင် ပြဿနာ မရှိဘူး။

ဒါပေမဲ့... ခမည်းတော်ရဲ့ လူတွေက ငါ့ထက် ပိုမြန်နိုင်တယ်။ ဒါကြောင့် လိုက်လာမယ့်လူတွေကို အချိန်ဆွဲဖို့ နည်းလမ်း ရှာရမယ်။

သိပ်မကြာမီ လီယွမ်ကျောက်က ပန်းရှန်း သတင်းစာတိုက်သို့ ရောက်ရှိလာ၏။ မှောင်နေပြီဖြစ်သော်လည်း သတင်းစာတိုက်၏ ပြတင်းပေါက်များတွင် မီးလင်းနေဆဲဖြစ်ပြီး သတင်းထောက်များမှာလည်း အလုပ် ကြိုးစားနေကြဆဲပင်။

လီယွမ်ကျောက်က ကျေနပ်စွာ ပြုံးလိုက်သည်။

ထို့နောက် မြင်းပေါ်မှ ဆင်းကာ အပေါ်ထပ်သို့ တက်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ "အစောဆုံး ရောက်နေတဲ့ သတင်းထောက်တွေ အကုန် အောက်ဆင်းခဲ့ကြစမ်း။"

အလုပ်များနေသော သတင်းထောက်များမှာ လီယွမ်ကျောက်၏ အသံကို ကြားတော့ အံ့သြသွားကြ၏။ ထို့နောက် လူအနည်းငယ်က ထကာ အောက်ထပ်သို့ ဆင်းလာကြသည်။

အောက်ထပ်သို့ ရောက်သောအခါ လီယွမ်ကျောက်က အားလုံးကို တစ်ချက် ကြည့်ပြီး ပြောလိုက်၏။ "ကျုပ် အပြင်ကို ခရီးထွက်ရမယ်။ ခင်ဗျားတို့ထဲက ဘယ်သူ ကျုပ်နဲ့အတူ လိုက်ချင်လဲ။"

"လိုက်ချင်တဲ့သူ လက်ညှိုးထောင်။"

အားလုံးက တစ်ပြိုင်နက် လက်ညှိုးထောင်လိုက်ကြ၏။

အိမ်ရှေ့စံမင်းသားနဲ့အတူ အပြင်ထွက်ရမှာဆိုတော့ … ဒီလို အခွင့်အရေးကောင်းကို ဘယ်သူ လက်လွတ်ခံမှာလဲ။

လီယွမ်ကျောက်က ဟားဟားတိုက် ရယ်မောလိုက်သည်။ "ကောင်းပြီ။ ဒီည ခင်ဗျားတို့ အိမ်ပြန်ပြီး မိသားစုကို နှုတ်ဆက်ကြ။ ဒီနေ့ ကျုပ် ခင်ဗျားတို့ကို အလုပ်စောစော သိမ်းခွင့် ပေးမယ်။ ပြန်လာတဲ့အခါကျရင်တော့ အကြွေးတင်နေတဲ့ အလုပ်ချိန်တွေကို ပြန်ဖြည့်ရမယ်နော်။

"မနက်ဖြန် မြို့တံခါး မဖွင့်ခင် သတင်းစာတိုက် ရှေ့မှာ လာစုကြ။ ကျုပ်ကတော့ ဒီည ဒီမှာပဲ အိပ်မယ်။"

“ကောင်းပါပြီ။”

အားလုံးက ပြိုင်တူ ဖြေကြားလိုက်ကြပြီး အိမ်ပြန်သွားကြ၏။

လီယွမ်ကျောက်က အခန်းတစ်ခန်းကို ရှာကာ အနီရောင် ဝတ်စုံကို ချွတ်ပြီး ကြိုတင် ပြင်ဆင်ထားသော သာမန် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်ကာ မွေ့ရာတစ်ခု ရှာပြီး အိပ်လိုက်သည်။

နောက်တစ်နေ့ မနက်စောစောတွင် လီယွမ်ကျောက်က မျက်နှာသစ်ပြီး သတင်းစာတိုက် ရှေ့တွင် စောင့်နေ၏။

သတင်းထောက်များလည်း အဆင်သင့် ရောက်နေကြပြီဖြစ်သည်။

လူစုံပြီဖြစ်ကြောင်း မြင်သောအခါ လီယွမ်ကျောက်က ပြောလိုက်၏။ "ခင်ဗျားတို့ လုပ်ရမယ့် အလုပ်တစ်ခု ရှိတယ်။ ဒီမှာရှိတဲ့ လူတွေကို နှစ်ဖွဲ့ ခွဲလိုက်မယ်။ ခင်ဗျားကနေ စပြီး ဘယ်နဲ့ ညာ ခွဲလိုက်ကြ။"

လီယွမ်ကျောက်က လက်ညှိုးညွှန်ပြလိုက်ရာ သတင်းထောက်များက နှစ်ဖွဲ့ ကွဲသွား၏။ တစ်ဖွဲ့လျှင် ဆယ်ယောက်ခန့် ရှိသည်။

ရှန်ရီက ရှေ့ဆုံးမှနေ၍ နားမလည်စွာ မေးလိုက်၏။ "မင်းသား... ကျုပ်တို့ ဘာလုပ်ရမှာလဲ။"

"ဘာမှ မမေးနဲ့။ ကျုပ် ခိုင်းတာကိုပဲ လုပ်။"

လီယွမ်ကျောက်က လူအုပ်ထဲတွင် လိုက်ကြည့်နေရင်း သူနှင့် အရပ်အမောင်း တူညီသော လူတစ်ယောက်ကို တွေ့လိုက်၏။ ထိုသူ့ကို လက်ညှိုးညွှန်ကာ မေးလိုက်သည်။ "ခင်ဗျား နာမည် ဘယ်လို ခေါ်လဲ။"

"အိမ်ရှေ့စံ... ကျုပ် နာမည်က ယွီထောင် ပါ။"

"ကောင်းပြီ။ ကျုပ် ခင်ဗျားကို အင်္ကျီတစ်စုံ လက်ဆောင်ပေးမယ်။ အခု ချက်ချင်း ဝတ်လိုက်။ ခင်ဗျားက ညာဘက်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ပဲ။"

ပြောပြီးသည်နှင့် သူက မနေ့က ဝတ်ခဲ့သော အနီရောင် ဝတ်စုံကို ယွီထောင်ထံသို့ ပေးလိုက်၏။

ယွီထောင်က အင်္ကျီကို ယူကာ သေချာ ကြည့်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ "မင်းသားအတွက် အသက်ပေးပြီး အလုပ်အကျွေး ပြုပါ့မယ်။"

လီယွမ်ကျောက်က ပြုံးကာ ပြော၏။ "ကောင်းတယ်။ ခင်ဗျား ညာဘက်အဖွဲ့ကို ဦးဆောင်ပြီး တောက်ယွမ်ခရိုင်ကို အခု ချက်ချင်း သွား။ အမှားအယွင်း မရှိစေနဲ့။ အခုပဲ ထွက်ခွာတော့။"

ယွီထောင်မှာ နားမလည်ဖြစ်သွားသည်။ "မင်းသား... သွားတာကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ တောက်ယွမ်ခရိုင် ကို ဘယ်လို သွားရမလဲ။"

"စိတ်မပူနဲ့။ ကျုပ် ခင်ဗျားအတွက် မြေပုံ ပြင်ဆင်ပေးထားပြီးသား။ အင်္ကျီထဲမှာ ပါတယ် …. မြေပုံအတိုင်း သွားရင် ရပြီ။ မြန်မြန် အင်္ကျီလဲပြီး ထွက်သွားကြတော့။ အချိန်မဆွဲနဲ့။"

ယွီထောင်က ဘာမှထပ်မစဉ်းစားတော့ဘဲ အင်္ကျီထဲမှ မြေပုံကို ထုတ်ယူကာ အနီရောင် ဝတ်စုံကို အလျင်အမြန် ဝတ်ဆင်လိုက်၏။

ထို့နောက် သူ၏ အဖွဲ့ကို ဦးဆောင်ကာ ထွက်ခွာသွားသည်။

ကျန်ရှိနေသော ရှန်ရီတို့ အဖွဲ့ကတော့ ဘာလုပ်ရမှန်းမသိဘဲ ကြည့်နေကြ၏။

လီယွမ်ကျောက်က အမိန့်ပေးလိုက်သည်။ "ခင်ဗျားတို့ကို နာရီဝက် အချိန်ပေးမယ်။ တစ်ယောက်ကို မြင်းတစ်ကောင် ရှာခဲ့ကြ။ ရိက္ခာတွေလည်း ပြင်ဆင်ထား။ ထွက်ခွာဖို့ ပြင်ကြ။"

ရှန်ရီက မနေနိုင်ဘဲ မေးလိုက်၏။ "မင်းသား... ကျုပ်တို့ ဘယ်ကို သွားမှာလဲ။"

"ကျန်းကျန်ကို သွားမယ်။ ဖန်ကြီးကို သွားရှာမယ်။"

အပိုင်း (၂၀၀) ဖန်ကျန်းရီ ရောက်လာပြီ။

ဖန်ကျန်းရီသည် ဆယ်ရက်ကျော် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် ကျန်းကျန်မြို့သို့ ရောက်ရှိလာခဲ့၏။ မြို့ထဲသို့ မဝင်မီ အကွာအဝေး တစ်ခုတွင် ဖန်ကျန်းရီက တခြားလူများနှင့် လူစုခွဲလိုက်သည်။

သူ တစ်ယောက်တည်း လှည်းမောင်းကာ မြို့ထဲသို့ ဝင်မည်ဖြစ်ပြီး ကျန်သောသူတွေကတော့ သီးခြားစီ သွားကြမည်။

သူ့လက်ထဲတွင် ရှဲ့ရှန်းတို့ ပေးထားသော လိပ်စာ ရှိနေသဖြင့် ထိုနေရာသို့သွားလျှင် လူရှာတွေ့နိုင်မည် ဖြစ်သည်။ ဤသို့စီစဉ်ရသည်မှာ ဖန်ကျန်းရီက သတိကြီးသူ ဖြစ်သောကြောင့်ပင်။

ကျန်းကျန်မြို့က မြို့တော်နှင့် မတူပေ။ ဤနေရာက မြေပိုင်ရှင် သူဌေးကြီးများ၏ နယ်မြေဖြစ်ပြီး မြို့တော်မှာလို ကျင်းဘုရင်ဆိုသော အားကိုးရာ မရှိပေ။

ရောက်သည်နှင့် ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ပေးနိုင်ဖို့ လက်နက်တွေ အများကြီး ရှိနေမှသာ စိတ်အေးရမည်။

လှည်းကိုမောင်းကာ ကျန်းကျန်မြို့ရိုးအောက်သို့ ရောက်ချိန်မှာတော့ ဖန်ကျန်းရီ၏ စိတ်ထဲတွင် အတော်လေး လေးလံသွားမိ၏။

နေက အလယ်တည့်တည့် ရောက်နေသော်လည်း မြို့ပြင်မှာတော့ ဒုက္ခသည်တွေ အပြည့် ဖြစ်နေသည်။

စစ်သား တော်တော်များများက တုတ်တွေနှင့် ရိုက်နှက်ကာ ဒုက္ခသည်တွေကို မောင်းထုတ်နေကြပြီး စည်းကမ်းတကျ ဖြစ်အောင် လုပ်ဆောင်နေကြ၏။

မြို့ပြင်မှာ ဆန်ပြုတ်တိုက်သော နေရာ ဆယ်ခုလောက် ရှိပြီး စစ်သားတွေက ဆန်ပြုတ် တိုက်နေကြသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဆန်ပြုတ် သောက်ပြီးသော ဒုက္ခသည် တော်တော်များများက ကြမ်းပြင်ပေါ်တွင် ဟိုတစ်စု ဒီတစ်စု လဲလျောင်းနေကြ၏။

ရာသီဥတုက ပူပြင်းသဖြင့် လူတော်တော်များများက အင်္ကျီကို ဖြန့်ထားကြပြီး မျက်နှာတွင် မည်သည့် အမူအရာမှ မရှိကြပေ။

မည်းနက်နေသော အသားအရေအောက်တွင် အရိုးငေါငေါနှင့် ခန္ဓာကိုယ်များကို မြင်နေရပြီး ရင်ဘတ် လှုပ်ရှားနေမှသာ လူက အသက်ရှင်နေသေးကြောင်း သိနိုင်သည်။

လေထုထဲတွင်လည်း နံစော်သော အနံ့အသက်များ လွှမ်းမိုးနေပြီး ယင်ကောင်များမှာလည်း ဟိုဟိုဒီဒီ ပျံသန်း နေကြ၏။

လူပေါင်း ထောင်နှင့်ချီကာ လပေါင်းများစွာ ရေမချိုးရဘဲ ပူပြင်းသော နွေရာသီမှာ စုဝေးနေကြသဖြင့် အနံ့ကတော့ ပြောနေစရာ မလိုပေ။

ဖန်ကျန်းရီက မြင်းလှည်းပေါ်မှ ဆင်းကာ မြင်းကိုသာ စီးပြီး ရှေ့သို့ ဆက်သွားခဲ့၏။ ဆန်ပြုတ်တိုက်သော နေရာသို့ ရောက်ချိန်တွင် ငုံ့ကြည့်လိုက်ရာ ဆန်ပြုတ်အိုးထဲတွင် ဆန်ပြုတ် မဟုတ်ဘဲ ဖြူဖွေးနေသော ရေများသာ ရှိနေသည်။

ထိုအရာကို ဘယ်လိုပဲကြည့်ကြည့် ဆန်ပြုတ်ဟု ခေါ်၍မရပေ။

ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်မိ၏။ ကျန်းကျန်မြို့၏အခြေအနေက သူ ထင်ထားတာထက် အများကြီး ပိုပြီး ဆိုးရွားနေသည်။

ဤသို့သောဆန်ပြုတ်မျိုးကို သောက်လျှင် ရေဓာတ် နည်းနည်းပဲ ရမှာဖြစ်ပြီး အာဟာရဓာတ်ကတော့ ဘာမှ မရှိပေ။

ဒုက္ခသည်တွေက ဤသို့သောအရာမျိုးနှင့် အဘယ်သို့ အသက်ဆက်ရမည်နည်း။

ဖန်ကျန်းရီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အခြေအနေကို အကဲခတ်ကာ မြို့ထဲသို့ ဝင်လာခဲ့သည်။

မြို့တံခါးဝသို့ ရောက်သောအခါ စောင့်ကြပ်နေသော စစ်သားများက သူ့ကို တားဆီးကြ၏။ ဖန်ကျန်းရီက ခရီးသွားလက်မှတ်ကို ထုတ်ပြလိုက်သော်လည်း နန်းတွင်းမှ အမိန့်စာကိုတော့ ထုတ်မပြခဲ့ပေ။

သူ၏အဝတ်အစားက တန်ဖိုးကြီးသည်ကို မြင်သောအခါ စစ်သားများက သိပ်ပြီး မတားဆီးကြချေ။ သို့ပေမည့် ငွေတစ်ပြား ယူပြီးမှသာ မြို့ထဲသို့ ပေးဝင်လိုက်ကြ၏။

ဤသို့သော ကိစ္စရပ်ငယ်များကို သူ စိတ်ထဲ၌ ထားရှိမည် မဟုတ်ချေ။ သူသည် အစောကြီး ရောက်ရှိနေသည်ဖြစ်ရာ ပြည်သူတို့၏ဘဝကို အရင်လေ့လာရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက ရာထူးတက်သည် နှင့် အမှန်တရားကို ဖုံးကွယ်ထားသော လူတို့၏ လှည့်စားမှုကို ခံရပေလိမ့်မည်။

ကျန်းကျန်မြို့၏ မြို့ဝန်ရာထူးသည် မကြီးမားသော်လည်း ဧကရာဇ်မင်းမြတ်ထံသို့ တိုက်ရိုက် စာတင်သွင်းနိုင်သည့် အခွင့်အရေး ရှိသည်။

ထို့အပြင် ဆန်ရိက္ခာနှင့် ရေလုပ်ငန်းကိုပါ တာဝန်ယူရမည်ဖြစ်ရာ တကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပါက အပြစ်ဟူသမျှသည် သူ့အပေါ်သို့ ကျရောက်လာမည်မှာ သေချာလှ၏။

ဖန်ကျန်းရီ၏ စိတ်အစဉ်သည် လေးလံနေခဲ့ပြီး လမ်းမထက်၌ မြင်းစီးနှင်ရင်း ပတ်ဝန်းကျင်ကို အကဲခတ် လေ့လာနေသည်။

မြို့တွင်း အခြေအနေမှာလည်း သိပ်မကောင်းလှချေ။ လမ်းပေါ်တွင် လူသူသွားလာမှု သိပ်မရှိသည့်အပြင် ရှိနေသူတို့မှာလည်း မျက်နှာများ ဖြူဖျော့လျက် အာဟာရ ချို့တဲ့နေကြဟန် ရှိ၏။

မြို့ထဲ၌ နှစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် လူတော်တော်များများက သူ့အား စူးစိုက် ကြည့်ရှုလာကြသည်။

ဖန်ကျန်းရီသည်လည်း ဆက်လက် လှည့်လည်မနေတော့ဘဲ ရှဲ့ရှန်းတို့ ပေးထားခဲ့သည့် လိပ်စာအတိုင်း အလျင်အမြန် ထွက်ခွာသွားခဲ့၏။

ရှဲ့ရှန်းသည် အတော်အတန် သတိကြီးသူတစ်ဦး ဖြစ်သည့်အလျောက် သတင်းအချက်အလက် အားလုံးကို တိကျစွာ ပေးအပ်ထားလေရာ ဖန်ကျန်းရီအနေဖြင့် သူတို့ ဝယ်ယူထားသော အိမ်ကို အလွယ်တကူပင် ရှာဖွေတွေ့ရှိခဲ့သည်။

အိမ်ရှေ့သို့ ရောက်၍ တံခါးအား ခေါက်လိုက်ရာ သိပ်မကြာမီမှာပဲ တံခါး ပွင့်ဟလာခဲ့၏။

ထိုလူသည် ဖန်ကျန်းရီအား မြင်တွေ့လိုက်သည်နှင့် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ "သခင်လေး …. ခင်ဗျား ဘယ်လိုလုပ် ရောက်လာတာလဲ။"

ဖန်ကျန်းရီက ဘာမှပြန်လည်မပြောဆိုဘဲ မျက်နှာထား တင်းမာစွာဖြင့် အိမ်ထဲသို့ ဝင်ရောက်လိုက်၏။

ပိုင်ရွေ့မှာမူ သူ၏နောက်မှ ကြောက်ကြောက်လန့်လန့်ဖြင့် ကပ်ပါလာ၏။

ဒုက္ခ ရောက်ရချေပြီ။ သူတို့ ပြုလုပ်ထားခဲ့သော ကိစ္စရပ်များသည် အတော်လေး ကြီးကျယ်သွားခဲ့ပုံ ရသည်။ ယခု သခင်လေး ကိုယ်တိုင်ပင် ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။ ကြည့်ရသည်မှာ အပြစ်ပေးခံရတော့မည်မှာ သေချာလှသည်။

ဖန်ကျန်းရီသည် ဧည့်ခန်းထဲသို့ ရောက်ရှိသောအခါ အလယ်ဗဟိုရှိ ထိုင်ခုံထက်၌ ဝင်ထိုင်လိုက်ပြီး အေးစက်စက် အသံဖြင့် မေးမြန်းလိုက်၏။ "ကျန်တဲ့လူတွေ ဘယ်မှာလဲ။"

ပိုင်ရွေ့က တံတွေးတစ်ချက် မြိုချလိုက်ပြီးနောက် ပြန်လည်ဖြေကြား၏။ "ကျန်တဲ့လူတွေက အဲ ကျုပ်တို့ အပျော်စီးလှေ တစ်စင်း ဝယ်ထားတယ်။ ပုံမှန်ဆိုရင် လူတော်တော်များများက အဲဒီမှာပဲ နေကြတာ။ ကျုပ်ကတော့ အိမ်စောင့်အဖြစ် ဒီမှာ နေတာ။ နေ့ဘက်ဆို အိပ်ပြီး ညဘက်မှ အလုပ်လုပ်တာပါ။"

"အင်း … လူတွေ အကုန်လုံးကို ခေါ်လိုက်စမ်း။ အထူးသဖြင့် ရှန်ကျောက်ရွှမ်။ သူ သေချာပေါက် ရောက်လာရမယ်။ သွားတော့။"

ပိုင်ရွေ့မှာ အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။ ဒုက္ခပင် … သခင်လေး မှာ တကယ်ပင် ဒေါသထွက်နေချေပြီ။ ယခင်ကလည်း သူသည် အပြစ်ပေးရမည်ဆိုလျှင် လုံးဝ လက်နှေးတတ်သူ မဟုတ်ချေ။

"ဘာလို့ မသွားသေးတာလဲ။"

"ဗျာ … အခုပဲ သွားပါပြီ။ ချက်ချင်း သွားလိုက်ပါ့မယ်။" ထိုသို့ပြောဆိုပြီးသည်နှင့် ပိုင်ရွေ့မှာ အိမ်ထဲမှနေ၍ ပြေးထွက်သွားတော့သည်။

နာရီဝက်ခန့် ကြာမြင့်ပြီးသောအခါ တောက်ယွမ်ခရိုင်မှ စေလွှတ်လိုက်သော လူများသည် တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ရောက်ရှိလာကြတော့၏။

ဖန်ကျန်းရီသည် ခြံဝင်းထဲ၌ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း အခြားသော ပြင်ပလူများကို မတွေ့မြင်ရပေ။ ကြည့်ရသည်မှာ ဤလူများသည် အတော်လေး သတိကြီးကြပုံရသဖြင့် သူ ကျေနပ်သွားမိသည်။

လူစုံလင်သွားသောအခါ စားပွဲရှည်ကြီးထက်၌ ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး အလယ်တွင် ထိုင်နေသည့် ဖန်ကျန်းရီအား ကြောက်ရွံ့စွာဖြင့် စောင့်ကြည့်နေကြ၏။

ခဏအကြာတွင် ဖန်ကျန်းရီက ဖြည်းညင်းစွာ စကားစတင် ပြောဆိုလာခဲ့သည်။ "ခင်ဗျားတို့တွေ …။"

"သခင်လေး တောင်းပန်ပါတယ်။ ကျုပ် နောက်ကျသွားတယ်။" ဟူသော အော်ဟစ်သံတစ်သံသည် ခြံဝင်းထဲမှ ထွက်ပေါ်လာ၏။

ကျိုးထျဲ့သည် အမောတကောဖြင့် ခြံဝင်းထဲသို့ ပြေးဝင်လာခဲ့သည်။ ထို့နောက် နေရာ၌ ရပ်တန့်လိုက်ပြီး ဖန်ကျန်းရီအား ကြည့်ရှုကာ လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။

ဖန်ကျန်းရီက အေးစက်စက် ပြောဆိုလိုက်၏။ "ဘာလို့ အခုမှ ရောက်လာတာလဲ။ လူတွေအကုန် စုံနေပြီကို ခင်ဗျားက နောက်ကျနေသေးတယ်။ ကျုပ်ကို အထင်သေးတာလား။"

ကျိုးထျဲ့မှာ တံတွေးတစ်ချက် မြိုချလိုက်ပြီး မည်သို့မျှ ဆက်လက် မပြောဆိုရဲတော့ချေ။

ရှဲ့ရှန်းက ဘေးမှနေ၍ ဝင်ရောက် ဖြေရှင်းပေးလိုက်၏။ "သခင်လေး … သူ့မှာ ဒဏ်ရာတွေ ရထားလို့ပါ။"

ကျိုးထျဲ့ကလည်း အလျင်အမြန် ထောက်ခံလိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ်မှာ ဒဏ်ရာတွေ ရထားလို့ပါ။ သခင်လေး … ကျုပ် တမင် နောက်ကျတာ မဟုတ်ပါဘူး။ လမ်းမှားသွားလို့ပါ။ တောင်းပန်ပါတယ်။"

"လမ်းမှားသွားတယ် ဟုတ်လား။ ခင်ဗျား ဘယ်လို လာတာလဲ။" ဖန်ကျန်းရီက သူ့အား စူးစူးစိုက်စိုက် ကြည့်ရှုကာ မေးမြန်းလိုက်၏။

ကျိုးထျဲ့က တိုးလျသော အသံသဲ့သဲ့ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "လမ်းလျှောက်လာတာပါ။"

ဖန်ကျန်းရီသည် လှောင်ရယ်လိုက်၏။ "လမ်းလျှောက်လာတယ် ဟုတ်လား။ ကျုပ်တို့ အပြင်ထွက်ရင် ဝေါယာဉ်တွေ၊ မြင်းလှည်းတွေနဲ့သွားတာ။ ခင်ဗျားက လမ်းလျှောက်လာတာဆိုတော့ လမ်းမှားတာလည်း မဆန်းပါဘူး။ လမ်းလျှောက်လာတာဆိုရင် ခင်ဗျားက ဒီအစည်းအဝေးကို တက်ဖို့တောင် မထိုက်တန်ဘူး။"

ကျိုးထျဲ့က ချက်ချင်းပင် အော်ဟစ်ပြောဆိုလိုက်သည်။ "ကျုပ် မတရားဘူးလို့ ခံစားရတယ် သခင်လေး။ သူတို့က ကျုပ်ကို လှေပေါ်မှာ တစ်ယောက်တည်း ချန်ထားခဲ့တာ။ ကျုပ်မှာလည်း ပိုက်ဆံ မရှိတော့ လမ်းလျှောက်လာရတာပေါ့။"

ဖန်ကျန်းရီက စိတ်မရှည်စွာဖြင့် ဆိုလိုက်၏။ "အေးလေ ထားလိုက်ပါတော့။ ကိုယ့်နေရာကိုယ် ရှာထိုင်။ ဒါနဲ့ ဒဏ်ရာက ဘယ်လိုရတာလဲ။ တစ်ယောက်ယောက် ခင်ဗျားကို ရိုက်လိုက်တာလား။"

ကျိုးထျဲ့က ရှက်ရွံ့စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ "အဲ ရေထဲ ကျသွားလို့ပါ။ ပြဿနာ မရှိပါဘူး ပြဿနာ မရှိပါဘူး။"

ဖန်ကျန်းရီမှာလည်း မတတ်နိုင်တော့သည့်အလား ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။

"ထားလိုက်ပါတော့။ ရှဲ့ရှန်း ခင်ဗျား ပြောစမ်း။ အခု အခြေအနေတွေက ဘယ်လိုလဲ။ ခင်ဗျားတို့ ဘာတွေ လုပ်ထားကြလဲ။"

ရှဲ့ရှန်းသည် သူ၏ ရင်ခွင်ထဲမှနေ၍ မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူကာ ဖတ်ပြလိုက်သည်။ "သခင်လေး …သခင်လေး ရောက်လာတာ အချိန်ကိုက်ပဲ။ ကျုပ်တို့ ဘာမှ ကြီးကြီးမားမား မလုပ်ရသေးပါဘူး။

ရှန်ကျောက်ရွှမ်က လွတ်လပ်ရေးဂိုဏ်း ဆိုတာကို တည်ထောင်ထားပြီး အခု ဂိုဏ်းဝင်ပေါင်း ငါးထောင် ငါးရာ ရှိနေပါပြီ။

ဝေ့ချိုက်တို့ကတော့ မြေအောက်လှိုင်ခေါင်းတစ်ချို့ တူးထားတယ်။ ကျန်းကျန်မြို့ထဲက နာမည်ကြီး သူဌေးကြီးတွေရဲ့ စပါးကျီတွေဆီကို ဆက်သွယ်ထားတာပါ။ ဒါပေမဲ့ အခုထိတော့ ဘာမှ မလှုပ်ရှားရသေးပါဘူး။

ကျုပ်တို့ လှိုင်ခေါင်းတူးထားတဲ့ အိမ်တွေကတော့ အပြင်ပန်းမှာ နာမည်ကောင်း ရှိကြပေမဲ့ တကယ်တမ်းကျတော့ ယုတ်မာတဲ့သူတွေချည်းပါပဲ။

ဆန်ပြတ်လပ်မှုကို အခွင့်ကောင်းယူပြီး ဈေးတွေကို အတင်းနှိမ်ဝယ်ကြတယ်။ လယ်ယာမြေတွေကို သိမ်းယူကြတယ်။ လူတော်တော်များများလည်း သေကုန်ကြပြီ။ ပိုင်ရွေ့က အဲဒါတွေကို တစ်ခုချင်း သွားရောက် စုံစမ်းထားပါတယ်။

အရေးကြီးဆုံး သတင်းကတော့ အစိုးရစပါးကျီက ဆန်တွေမှာ ပြဿနာ ရှိနေတာပါ။ အဲဒီမှာ ရှိနေတဲ့ ဆန်တွေက မှိုတက်နေတဲ့ ဆန်တွေနဲ့ ဆန်ဟောင်းတွေချည်းပါပဲ။

အစိုးရအရာရှိတွေနဲ့ ဒေသခံ သူဌေးကြီးတွေ ပူးပေါင်းပြီး ဆန်သစ်တွေကို ဆန်ဟောင်းတွေနဲ့ လဲလှယ်ပြီး အမြတ်ထုတ်နေကြတယ်လို့ ကျုပ်တို့ သံသယ ရှိနေပါတယ်။"

ဖန်ကျန်းရီသည် အားလုံးကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ "မဆိုးဘူးပဲ။ ကောင်းကောင်း လုပ်နိုင်ကြသားပဲ။ ကျုပ်ကတော့ ခင်ဗျားတို့တွေ ပြဿနာ ရှာနေကြပြီလို့ ထင်နေတာ။ မထင်မှတ်ဘဲ ကျုပ် ရောက်တာနဲ့ လက်ဆောင်ကြီးတစ်ခု ပေးလိုက်တာပဲ။"

ထိုသို့ ပြောဆိုနေရင်းနှင့်ပင် ဖန်ကျန်းရီ၏ မျက်ဝန်းအစုံတို့သည် စူးရဲလာခဲ့၏။ "ဒါပေမဲ့ ခင်ဗျားတို့လို လူတွေကြောင့်သာ မဟုတ်ရင် ကျုပ်လည်း ရာထူးချခံရမှာ မဟုတ်ဘူး။"

All Chapters