အခန်း (၂၀၁-၂၀၂)
Vol. 12 Ch. 201-202
အပိုင်း (၂၀၁) ကျန်းပြောင် နှင့် သိုင်းပညာထူးချွန်သူ။
ရှဲ့ရှန်း၏ မျက်နှာမှာ ဖြူလျော့သွား၏။ "ဘာ … သခင်လေး ရာထူးချခံလိုက်ရတာလား။ ကျုပ်တို့ ကိစ္စတွေ ပေါက်ကြားသွားလို့ သခင်လေးကို ထိခိုက်သွားတာလား။"
ဖန်ကျန်းရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ကျန်းကျန်မြို့ရဲ့ ဒုတိယမြို့ဝန်အဖြစ် ရာထူးချခံရတာက ခင်ဗျားတို့နဲ့ သေချာပေါက် သက်ဆိုင်တာပေါ့။
ဘယ်သူက ခင်ဗျားတို့ကို စားနပ်ရိက္ခာတွေ ခိုးယူပြီး မိစ္ဆာဂိုဏ်းထောင်ခိုင်းလို့လဲ။ ကျုပ်က ခင်ဗျားတို့ဆီမှာ ပြဿနာတက်မှာကို စိုးရိမ်လွန်းလို့ မြို့တော်မှာ ရိက္ခာတွေ အလောတကြီး ရှာဖွေရင်း လူတော်တော်များများကို ပြစ်မှားမိခဲ့ပြီ။
အခုအချိန်က အရင်အချိန်တွေနဲ့ မတူတော့ဘူး။ ကျုပ်က ဘုရင်မင်းမြတ်ရဲ့ အနားမှာ အလုပ်လုပ်နေရတာ။ ခင်ဗျားတို့ ခိုးယူခဲ့တာက မတရားသဖြင့် ချမ်းသာနေတဲ့ ခွေးသူဌေးတွေဆီက ဖြစ်နေပါစေအုံး၊ ကျန်းကျန်မြို့ဝန်ရုံး တစ်ခုလုံးက အကျင့်ပျက် ခြစားနေတာပဲ ဖြစ်နေပါစေအုံး။ ခင်ဗျားတို့ လုပ်ခဲ့တဲ့ လုပ်ရပ်က ပုန်ကန်တာလို့ ခေါ်တယ်။"
ဖန်ကျန်းရီ၏ အသံက ကျယ်လောင်သွား၏။ "ပုန်ကန်တာ။ နားလည်လား။
ကျုပ် မြို့တော်ထဲ ဝင်သွားတာနဲ့ ညီလာခံတစ်ခုလုံးက ကျုပ်ကို ကြည့်မရဖြစ်နေကြတာ။ ခင်ဗျားတို့က ဒီမှာ ဒီလောက်ကြီးမားတဲ့ အားနည်းချက်ကြီးကို ဖန်တီးထားတယ်။ ကျုပ်ကို သေစေချင်နေတာလား။ ကျုပ် သေသွားရင် တောက်ယွမ်ခရိုင်ကို ခင်ဗျားတို့ကပဲ ဆက်ခံကြမလို့လား။
သူက မြို့တော်ထဲမှာ ဘယ်လောက်ပဲ ထောင်လွှားနေပါစေ၊ ဘုရင်မင်းမြတ် သတ်မှတ်ထားသော စည်းမျဉ်းများကို မကျူးလွန်သရွေ့တော့ ဘယ်လိုပဲ ကစားကစား ရနိုင်သည်။
တောက်ယွမ်ခရိုင်နှင့် သူ၏ တန်ဖိုးက လုံလောက်အောင် ကြီးမားသည့်အပြင် ယမ်းမှုန့်များကိုလည်း သုတေသန ပြုလုပ်နေဆဲ ဖြစ်သောကြောင့် ကျင်းဘုရင်က ထိုအရာကို မည်သည့်အရာထက်မဆို ပို၍ အရေးပေးထား၏။
သို့ပေမည့် ပုန်ကန်ခြင်းဆိုသည်က ဤကိစ္စရပ်များထဲတွင် လုံးဝ အကျုံးမဝင်ချေ။ ထို့အပြင် ကျင်းဘုရင်က ခွန်အားကြီးမားပြီး ရင့်ကျက်နေသော ဧကရာဇ်တစ်ပါး ဖြစ်သည်။
သူက အမတ်များကို အထင်သေး၍ရနိုင်သော်လည်း အာဏာစက်ကို အထင်သေးမည်ဆိုပါက တကယ့်ကို အရူးလုပ်ရပ်ပဲ ဖြစ်လိမ့်မည်။
"မိစ္ဆာဂိုဏ်းကိုတောင် ထောင်ရဲသေးတယ်။ လူငါးထောင်ငါးရာတောင်။ ခင်ဗျားတို့ ထိန်းချုပ်နိုင်လို့လား။ အဲဒီလူတွေ ထမင်းမစားရလို့ ဗိုက်ဆာလာရင်သူပုန်တွေ ဖြစ်ကုန်ကြတော့မှာပဲ။"
ရှန်ကျောက်ရွှမ်၏ မျက်နှာက ဖြူရော်သွားပြီး နှုတ်ခမ်းများ လှုပ်ရွလာကာ တစ်စုံတစ်ရာ ပြောလိုဟန် ရှိသော်လည်း နှုတ်မဟရဲချေ။
အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွား၏။
ရှဲ့ရှန်းက ရှက်ရွံ့စွာဖြင့် ဆိုသည်။ "သခင်လေး... လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက လွတ်လပ်ခြင်းဂိုဏ်းကို ဖျက်သိမ်းဖို့ ကျုပ် သူ့ကို ခိုင်းထားခဲ့တာပါ။ အခုတော့ တကယ်ကို ထိန်းချုပ်လို့ မရတော့ဘူး။ ကျုပ်တို့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ။"
ရှန်ကျောက်ရွှမ်က တီးတိုးရေရွတ်၏။ "ဟုတ်... ဟုတ်ပါတယ်။ လက်အောက်က လူတွေကို နည်းနည်း ထိန်းချုပ်လို့ မရတော့လို့ပါ။ သခင်လေး... ကျုပ်ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ။"
ဖန်ကျန်းရီက အေးစက်စွာ ပြုံးလိုက်သည်။ "ခင်ဗျားကို အချိန်ထပ်ပေးရအုံးမှာလား။ ခင်ဗျားက ကျန်းကျန်မြို့ကို သိမ်းပိုက်ချင်နေတာလား။
သွားစမ်း။ ထိန်းမရတဲ့ လူတွေကို အပြင်ခေါ်ထုတ်လာခဲ့။ ပြီးတော့ ဂိုဏ်းသားတွေကို စုဝေးခိုင်းလိုက်။ သူတို့ရှေ့မှာပဲ အရက်နဲ့ ဟင်းလျာတွေ ပြင်ဆင်ပြီး ပြဿနာရှာတဲ့ကောင်တွေကို ကောင်းကောင်းမွန်မွန် ဧည့်ခံလိုက်စမ်း။"
ရှန်ကျောက်ရွှမ်၏ မျက်လုံးများက အရောင်လက်သွား၏။
ဟုတ်သားပဲ။ သွေးခွဲရမှာပဲ။
ယုတ်မာရက်စက်မှုတွင်တော့ သခင်လေးကို မည်သူမှ မမီနိုင်ချေ။ တောက်ယွမ်ခရိုင်မှ ဉာဏ်နီဉာဏ်နက်များကို သခင်လေးကသာ အကုန် သိမ်းကျုံးယူထားခြင်း ဖြစ်မည်။
"ဟုတ်ကဲ့ပါ။ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်။" ပြောပြီးသည်နှင့် ရှန်ကျောက်ရွှမ်က ကမန်းကတန်း ပြေးထွက်သွားတော့သည်။
"နေအုံး …. အစည်းအဝေး ပြီးမှ သွား။"
ထိုစကားကြောင့် ရှန်ကျောက်ရွှမ်က ပြန်ထိုင်လိုက်ရ၏။
ရှဲ့ရှန်းက စိုးရိမ်တကြီးဖြင့် မေးသည်။ "သခင်လေး... ဒါဆို ကျုပ်တို့ ပြန်ရတော့မလား။"
ဖန်ကျန်းရီက ကုလားထိုင်နောက်မှီကို သက်သောင့်သက်သာ မှီလိုက်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ပေါ်လာသည်။ "ခင်ဗျားတို့ စိတ်လှုပ်ရှားနေဖို့ မလိုဘူး။ သေချာတာပေါ့... ကျုပ်ကလည်း ဘေးဒုက္ခသည်တွေကို ကယ်တင်ချင်တဲ့ စိတ်ရှိပါတယ်။ ဒီကို ရောက်နေမှတော့ သေချာပေါက် ကောင်းကောင်း လုပ်ရမှာပေါ့။
ကျုပ် မြို့တော်မှာတုန်းက ဆန်စပါး နှစ်သောင်းနီးပါးလောက် စုဆောင်းခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက ကျန်းကျန်မြို့ကို ရောက်နေသင့်ပြီ။ ခင်ဗျားတို့ သတင်းအစအနလေးများ ကြားမိလား။"
ရှဲ့ရှန်းက ခေါင်းခါပြလိုက်ပြီး နားမလည်စွာဖြင့် ဆို၏။ "မသိပါဘူး။ မြို့ထဲမှာ ရိက္ခာတွေ ပို့လာတယ်ဆိုတဲ့ သတင်းမျိုး ဘာမှ မရှိပါဘူး။ ပြီးတော့... မြို့ပြင်က စတုဒိသာမဏ္ဍပ်တွေမှာ ကျွေးတဲ့ ဆန်ပြုတ်တွေက ပိုပိုပြီး ကျဲလာတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်းမှာပဲ လူတစ်ရာနီးပါးလောက် ငတ်သေသွားတယ်လို့ ကြားရတယ်။"
"အင်း... သိပြီ။" ဖန်ကျန်းရီက ထပ်မမေးတော့ချေ။
ဒေသတွင်း အခြေအနေများကို မိမိလူများထံမှ ကြားရုံနှင့် မလုံလောက်ချေ။ အစိုးရရုံးတော်သို့ သွားရောက်၍ စုံစမ်းလေ့လာရန် လိုအပ်သေး၏။ နှစ်ရက်ခန့်အကြာ ရာထူးလက်ခံပြီးချိန်မှ ဆက်ပြောကြရမည်။
"ကျုပ် မြို့တော်ကနေ လာတုန်းက ကန်စွန်းဥ တစ်ရာ ပါလာတယ်။ ဆိပ်ကမ်းမှာ လူတွေရဲ့ မျက်စိများလွန်းလို့ ကုန်းလမ်းကနေပဲ သယ်လာခဲ့တာဆိုတော့ နည်းနည်း နောက်ကျမှ ရောက်လာလိမ့်မယ်။
ရှဲ့ရှန်း... နောက်ကျရင် ခင်ဗျား လူလွှတ်ပြီး ဖုန်းရွာဆိုတဲ့ နေရာမှာ သွားစောင့်ခိုင်းလိုက်။ ဒီကန်စွန်းဥတွေကို စိုက်မလား၊ စားမလားဆိုတာ မစဉ်းစားရသေးဘူး။ လောလောဆယ် သေချာလေး သိမ်းထားလိုက်အုံး။ ဒီအချိန်လေးမြေဈေးတွေ ကျနေတုန်း ကျန်းကျန်မြို့မှာ လယ်ယာမြေတွေ ပိုဝယ်ထားလိုက်။ ပြီးတော့ ရိက္ခာခိုးတဲ့ ကိစ္စကို အရင် မလှုပ်ရှားနဲ့အုံး။ ကျုပ် အစီအစဉ်ဆွဲတာကို စောင့်။"
ဖန်ကျန်းရီက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်များကို ရေးဆွဲနေ၏။
"တခြားကိစ္စတွေတော့ သိပ်မရှိလောက်တော့ဘူး။ နောက်ဆိုရင် ဒီအိမ်တော်မှာ ကျုပ်ပဲ နေတော့မယ်။ ကျန်တဲ့လူတွေ ကိုယ့်နေရာကိုယ် ရှာပြီး နေကြတော့။ ကိစ္စရှိရင် အပျော်စီးသင်္ဘောပေါ်မှာ စုကြမယ်။ ပိုင်ရွေ့က ကျုပ်နောက်ကို လိုက်ခဲ့။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက လက်နောက်ပစ်၍ ထွက်သွားလေရာ ပိုင်ရွေ့လည်း အလျင်အမြန် နောက်မှ လိုက်သွားသည်။
ကျန်ရှိနေသော လူများက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။
"ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။"
ရှဲ့ရှန်းက ပြုံးလိုက်သည်။ "လုပ်စရာရှိတာ လုပ်ကြတာပေါ့။ သခင်လေးရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ ကျုပ်တို့အပေါ် တော်တော်လေး ကျေနပ်နေပုံပဲ။ ဘာကိစ္စမှ မရှိတော့ရင်လည်း လူစုခွဲကြတာပေါ့။"
ကျိုးထျဲ့က ဟီးဟီးဟားဟား ရယ်မောလိုက်၏။ "ကျန်းပြောင် မလာဘူးဆိုတော့ ကျုပ်ပဲ သခင်လေးကို ကာကွယ်ပေးရတော့မှာပေါ့။"
စကားသံဆုံးသည်နှင့် ခြံဝင်းအတွင်းမှ ကျန်းပြောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ "ညီအစ်ကိုတွေ အကုန်ရှိနေကြတာပဲ။ သောက်ကျိုးနည်း... ဒီနေရာက ရှာရတာ တော်တော် ခက်တာပဲ။"
ကျိုးထျဲ့၏ မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွား၏။
လူတိုင်းက ကျန်းပြောင်တို့ကို မြင်သောအခါ အသီးသီး နှုတ်ဆက်ကြသည်။
"ဟာ... လောင်ချီ၊ ဆရာဝူ တို့လည်း ရောက်နေတာလား။ ဘယ်လိုလုပ် ဘုန်းကြီးတစ်ပါးကိုပါ ခေါ်လာရတာလဲ။"
လျန်ကွေ့က သွားဖြီးကာ ရယ်မောလိုက်၏။ "အစ်ကိုပြောင်... ကျိုးထျဲ့က ဓားသိုင်းအသစ်တစ်ခု ကျင့်ထားတယ်။ သုံးကွက်တည်းနဲ့ ခင်ဗျားရဲ့ ခေါင်းကို ဖြတ်ပစ်နိုင်တယ်တဲ့။ သူနဲ့ ယှဉ်မချကြည့်ချင်ဘူးလား။"
"အိုး။"
ကျန်းပြောင်၏ မျက်လုံးများက အရောင်လက်သွားပြီး ကျိုးထျဲ့၏အနားသို့ ပြေးသွားကာ ပခုံးကို ပုတ်လိုက်သည်။ "ခင်ဗျား တိုးတက်လာမယ်လို့ မထင်ထားဘူး။ လာ... ကျုပ်တို့ ယှဉ်ကြည့်ရအောင်။"
ပြောပြီးသည်နှင့် ကျန်းပြောင်က အင်္ကျီကို ချွတ်ပစ်လိုက်ရာ ကျစ်လစ်တောင့်တင်းသော အပေါ်ပိုင်း ခန္ဓာကိုယ် ပေါ်လွင်လာသည်။ ပြီးနောက် သူက ခြံဝင်းအလယ်သို့ လျှောက်သွား၏။
လက်နက်လျှို့ဝှက်များ အပြည့်ပါသော အင်္ကျီက မြေပြင်ပေါ်သို့ ဒိုင်း ခနဲ ကျသွားသည်။
ကျိုးထျဲ့၏ ခန္ဓာကိုယ်က တစ်ချက် တုန်ယင်သွားပြီး ကျန်းပြောင်ကို ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်၏။
သူက လက်ဗလာဖြင့် ဖြစ်နေသည်ကို မြင်သောအခါ အံကိုကြိတ်ကာ ဓားကို ကိုင်လျက် လျှောက်သွားသည်။
လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါမိကြ၏။
အရမ်း အားနည်းလွန်းတယ်။ ဓားကိုတောင် ကိုင်ထားသေးတယ်။ ဘယ်လောက်တောင် အားနည်းလိုက်လဲ။
ကျန်းပြောင်က သူ ဓားကိုင်လာသည်ကို ဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ရတယ်။ ခင်ဗျားကို ဓားသုံးခွင့် ပေးမယ်။ လာခဲ့။"
"ခင်ဗျားက ကျွန်တော့်ကို လက်တစ်ဖက် အလျှော့ပေးရဲလား။" ကျိုးထျဲ့က ရှက်ရွံ့ခြင်း အလျဉ်းမရှိဘဲ အော်ဟစ် လိုက်၏။
ပတ်ဝန်းကျင်မှ လူများက ချက်ချင်းပင် ဝိုင်းဝန်းရယ်မောကြတော့သည်။
"ခင်ဗျားက အရှက်ကို မရှိတော့တာပဲ။ ဓားကိုင်ထားတာတောင် မရသေးဘူး။ ထပ်ပြီး လက်တစ်ဖက် အလျှော့ပေးခိုင်းသေးတယ်။"
ကျိုးထျဲ့၏ မျက်နှာတစ်ခုလုံး နီရဲသွားပြီး အော်ဟစ်လိုက်သည်။ "မရယ်ကြနဲ့... မရယ်ကြနဲ့။ ခင်ဗျားတို့ ဘာနားလည်လို့လဲ။ ကျုပ် ရောဂါ မပျောက်သေးဘူးကွ။"
ကျန်းပြောင်က စိတ်မရှည်သော မျက်နှာထားဖြင့် လက်တစ်ဖက်ကို နောက်ပစ်ထားလိုက်၏။ "မြန်မြန်လုပ်စမ်း။ ချမှာလား... မချဘူးလား။"
ကျိုးထျဲ့က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာတည်သွားပြီး ဓားကို ကိုင်ကာ မတ်မတ် ရပ်လိုက်သည်။ "ဟမ့်... ခင်ဗျားကို အနိုင်ကျင့်တယ်လို့ မပြောနဲ့။ ကျုပ် ဓားသိုင်းအသစ် တီထွင်ထားတယ်။ သုံးကွက်တည်းနဲ့ ခင်ဗျား ခေါင်းကို ဖြတ်မယ်။"
"ကျုပ် သုံးအထိ ရေတွက်မယ်။ ပြီးတာနဲ့ ချက်ချင်း စမယ်။"
ကျန်းပြောင်က အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်၏။
"သုံး။" ကျိုးထျဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ပြေးဝင်သွားသည်။
ဘေးနားမှ လူများအားလုံး ဆွံ့အသွားကြသည်။ ဒီကောင် နိုင်ဖို့အတွက်ဆို တကယ့်ကို အရှက်မရှိတော့တာပဲ။
သို့ပေမည့် လူတိုင်းက သူ့ကို အပြစ်မတင်ရသေးမီမှာပဲ တိုက်ပွဲက ပြီးဆုံးသွားခဲ့၏။
ကျိုးထျဲ့က ဓားကို ဟိုယမ်းဒီယမ်း လုပ်ကာ ရှေ့သို့ ပြေးဝင်သွားသော်လည်း ကျန်းပြောင်က ခြေတစ်ချက် ကန်ထည့်လိုက်ရာ မြေပြင်အနှံ့ ဖုန်တလုံးလုံး ထသွား၏။
ဖုန်လုံးများကြားမှ ကျိုးထျဲ့၏ စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာသည်။ "ကျုပ် မျက်လုံးတွေ။"
ထို့နောက် သူ၏ ခန္ဓာကိုယ်က နံရံဆီသို့ လွင့်စင်သွားချေပြီ။
ဖုန်လုံးများကြားမှ ကျန်းပြောင်က ဖြည်းညင်းစွာ လျှောက်ထွက်လာ၏။ ဘောင်းဘီတွင် ကပ်ငြိနေသော ဖုန်များကို ခါထုတ်လိုက်ရင်း အထင်သေးလှောင်ပြောင်သော မျက်နှာထားဖြင့် ဆိုသည်။ "အရမ်း အားနည်းလွန်းတယ်။ အရင်ကလောက်တောင် မစွမ်းတော့ပါလား။"
လူတိုင်းက တံတွေး တစ်ချက် မြိုချလိုက်ပြီး ကျိုးထျဲ့ကို လှမ်းကြည့်ကြသည်။
ကျိုးထျဲ့က ဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိထားရင်း နံရံကို အားပြု ထလာပြီး အသံတုန်တုန်ယင်ယင်ဖြင့် ကြိမ်းဝါးနေသေး၏။ "ယုတ်မာတဲ့ကောင် ... ဒါ ဘာတိုက်ကွက်လဲ။ ကျုပ် ခန္ဓာကိုယ် ကောင်းလာတဲ့ တစ်နေ့ကျရင်... ။"
လူတိုင်းက သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ဆရာဝူတို့ အနားသို့ ဝိုင်းအုံသွားကြသည်။
အပိုင်း (၂၀၂) ဖန်ကျန်းရီ ရာထူးလက်ခံခြင်း။
လူတိုင်းကဆရာဝူကို မြင်သောအခါ ဝိုင်းဝန်း နှုတ်ဆက်ကြ၏။
"ဆရာဝူ...ဘယ်လိုလုပ် ရောက်လာတာလဲ။"
ဆရာဝူကမုတ်ဆိတ်မွေးများကိုပွတ်သပ်ရင်း ဤကဲ့သို့ မြှောက်ပင့်ခံရသည့်အခြေအနေကို အလွန် သဘောကျနေပုံ ရသည်။ သို့နှင့် ပြုံးရွှင်စွာဖြင့်ဆိုသည်။ "သခင်လေးက ဒီမှာ ပျင်းစရာကောင်းလို့ ကျုပ်ကို ခေါ်လာတာနဲ့ ရောက်လာခဲ့တာပေါ့။"
"ကျွတ်...ကျွတ်... ကျွတ်... သခင်လေးက ဒီလိုမျိုး သဘောကျမယ်လို့ မထင်ထားဘူး။"
"….."
"ဆရာဝူ ပြဇာတ်အသစ် ဘာတွေ ထုတ်ထားသေးလဲ။"
လူတိုင်းကစကားစမြည် ပြောဆိုနေကြချိန်မှာတော ဟွမ်ရှန်းရုံက သွားရည်ကျမတတ် နားစွင့်နေ၏။
စိတ်လှုပ်ရှားစရာပဲ။တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။ ကြားရုံနဲ့တင်လူ့ဘဝကို ပြန်လာချင်စိတ် ပေါက်သွားတယ်။
"အေး...လောင်ချီ၊ ခင်ဗျား ခရိုင်ထဲမှာ အိမ်မဆောက်ဘဲ သခင်လေးနောက်ကို ဘာလို့ လိုက်လာတာလဲ။"
ရုတ်တရက်လူတစ်ယောက်က လောင်ချီကို လှမ်းမေးလိုက်၏။
လောင်ချီက အားကိုးရာမဲ့စွာ ခေါင်းကုတ်လိုက်ပြီး အင်္ကျီရင်ဘတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
"သခင်လေးကဒီမှာ အိမ်လာဆောက်ခိုင်းတာလေ။ ခမ်းနားတဲ့ ပြည့်တန်ဆာအိမ် ဆောက်မယ်တဲ့။"
"ပုံစံကြမ်းကိုလည်း လမ်းမှာတင် ဆွဲပေးခဲ့တယ်။"
ပြောရင်းဖြင့် ရင်ဘတ်ထဲမှ ပြည့်တန်ဆာအိမ် ပုံစံကြမ်းကို ထုတ်ပြလိုက်၏။ ပုံကြမ်းကို ကြည့်လိုက်လျှင် အနောက်တိုင်းပုံစံများ လွှမ်းမိုးနေပြီး ထူးဆန်းသော အလှဆင်မှုများနှင့် ရောမတိုင်များ ပါဝင်နေကြောင်း အကြမ်းဖျင်း မြင်တွေ့နိုင်သည်။
လူတိုင်းက ကြည့်ပြီးနောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်ကြသည်။
"သောက်ကျိုးနည်း...ဒါ ဘာကြီးလဲ။ အရမ်း အရုပ်ဆိုးတာပဲ။"
"ဒီပုံနဲ့ အိမ်ဆောက်လို့ရပါ့မလား။ ရှုပ်ယှက်ခတ်နေတာပဲ။"
လောင်ချီက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။
"မရဘူး။ ဒီပုံအတိုင်း ဆောက်ရင် သေချာပေါက် ပြိုကျမှာပဲ။ ကျုပ်က ပြန်ပြီး ပြင်ဆွဲရအုံးမယ်။"
ရှဲ့ရှန်းက ချီးကျူးလိုက်သည်။ "လောင်ချီ... ခင်ဗျားရဲ့ လက်ရာက တကယ့်ကို ပိုပိုပြီး ကျွမ်းကျင်လာတာပဲ။ ဒီလောက် အရုပ်ဆိုးတဲ့ ပုံကိုတောင် နားလည်အောင် ကြည့်နိုင်တယ်။"
လောင်ချီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆို၏။ "ဒါက ဘာမှမဟုတ်ပါဘူး။ အရင်တုန်းကလည်း သခင်လေးက ပုံတွေ ဆွဲဖူးတယ်။ ခရိုင်ရုံးတော်နဲ့ ပြဇာတ်ရုံဆိုရင် ကျုပ် ပြန်ပြင်ဆွဲပြီးမှ ဆောက်လို့ရတာ။"
ချက်ချင်းပင် လူတိုင်းထံမှ မြှောက်ပင့်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ရှဲ့ရှန်းက ရုတ်တရက် မေးလိုက်၏။ "ဒါဆို... ဒီဆရာတော်က..."
လူတိုင်း၏ အကြည့်များက ဟွမ်ရှန်းရုံထံသို့ ပြန်လည် ရောက်ရှိသွားရာ ဆရာဝူက လှမ်းကာ မိတ်ဆက် ပေးလိုက်သည်။
"ကျုပ် မိတ်ဆက်ပေးပါရစေ။ ဒီဆရာတော်က ဟွေ့ကျွယ်..."
...
လမ်းမကြီးပေါ်တွင် ဖန်ကျန်းရီနှင့် ပိုင်ရွေ့တို့က ဖြည်းညင်းစွာ လျှောက်လှမ်းနေကြပြီး ပိုင်ရွေ့က မြို့ထဲရှိ အခြေအနေ အမျိုးမျိုးကို အဆက်မပြတ် ရှင်းပြနေ၏။
ထိုစကားများကို ကြားရသော ဖန်ကျန်းရီက မျက်မှောင်ကြုတ်သွားသည်။
ပိုင်ရွေ့ ပြောဆိုပြီးဆုံးချိန်မှာတော့ ဖန်ကျန်းရီက စကားစလိုက်၏။ "ခင်ဗျားတို့ ကောင်းကောင်း လုပ်ခဲ့တယ်။ အစကတော့ မြို့ထဲမှာ နှစ်ရက်လောက် လျှောက်လည်အုံးမလို့ တွေးထားပေမဲ့ အခုတော့ မလိုတော့ဘူး။
မနက်ဖြန်မနက်ကျရင် ကျုပ် ရာထူးသွားယူမယ်။ ခင်ဗျားက ကျုပ်အနားမှာပဲ နေ။ ပေါ်ပေါ်ထင်ထင်တော့ မနေနဲ့။ လူရှင်းတဲ့ အချိန်မှ ထွက်လာခဲ့။"
ပိုင်ရွေ့က နားမလည်စွာဖြင့် မေးသည်။ "သခင်လေး... ဒီလောက်ထိ သတိထားနေဖို့ လိုလို့လား။ ကျုပ်တို့မှာ ရန်သူမှ မရှိတာ။"
ဖန်ကျန်းရီက ခေတ္တမျှ စဉ်းစားလိုက်၏။ "အသစ်ရောက်လာတာဆိုတော့ သတိထားတာက အမှားတော့ မရှိပါဘူး။ ပြီးတော့... ကျုပ်က ဒီတစ်ခေါက် ကျန်းကျန်မြို့ရဲ့ ရိက္ခာကိစ္စကို အဓိက တာဝန်ယူရမှာ။ အစိုးရစပါးကျီထဲက ရိက္ခာတွေ မှိုတက်နေတာက လူတွေကို သေစေနိုင်တယ်။
ဘုရင်မင်းမြတ်ဆီကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် ဖြေရှင်းလို့ ရပါတယ်။
ဒါပေမဲ့ ကျုပ်ဘက်က နည်းနည်းလေး မှားသွားတာနဲ့ မြို့ပြင်မှာ လူတွေ အများကြီး သေကုန်လိမ့်မယ်။ ပေါ့ဆလို့ မရဘူး။ အစိုးရနဲ့ ကုန်သည်တွေ ပူးပေါင်းကြံစည်တဲ့ကိစ္စကို စုံစမ်းပြီးမှပဲ ကျုပ် သတ်ဖြတ်ပွဲကြီး စလို့ရမယ်။
အခု မြို့ဝန်ရုံးထဲက အခြေအနေကို မသိရသေးဘူး။ ရန်သူလား၊ မိတ်ဆွေလား မသဲကွဲသေးတော့ သိုသိုသိပ်သိပ်ပဲ နေရမယ်။ မလောနဲ့။ ခင်ဗျားတို့ကို အသုံးပြုရမယ့် အချိန် သေချာပေါက် ရောက်လာမှာပါ။"
...
နောက်တစ်နေ့ နံနက်စောစောတွင် ဖန်ကျန်းရီက ရုံးတော်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး သေသပ်စွာ ပြင်ဆင်ပြီးနောက် ရာထူးခန့်စာကို ကိုင်ဆောင်ကာ မြင်းစီး၍ မြို့ဝန်ရုံးတော်သို့ ခန့်ညားစွာ ထွက်လာခဲ့၏။
ရုံးတော်ဂိတ်ပေါက်သို့ ရောက်သောအခါ ဧည့်ခံအရာရှိလေးက အသစ်ရောက်လာသော ဒုတိယမြို့ဝန်မှန်း သိလိုက်သည်နှင့် ချက်ချင်းပင် ရုံးခန်းထဲသို့ ကမန်းကတန်း ပြေးဝင်သွားသည်။
ကျန်းကျန်မြို့ဝန်ကို မြင်သည်နှင့် ချက်ချင်း အလောတကြီး အစီရင်ခံ၏။ "မြို့ဝန်မင်းလျို … ဖန်ကျန်းရီ ရောက်လာပါပြီ။"
လျိုရွှင်က ထိုစကားကို ကြားသောအခါ ခေါင်းမော့လာသည်။ "အိုး။ သူ့ကို ခေါ်လာခဲ့လိုက်။"
ခဏအကြာတွင် ဖန်ကျန်းရီကို ခေါ်ဆောင်လာခဲ့၏။
လျိုရွှင်က ဖန်ကျန်းရီကို အကဲခတ်နေသလို ဖန်ကျန်းရီကလည်း လျိုရွှင်ကို အကဲခတ်နေသည်။
ဤလူက ငယ်ရွယ်ပြီး ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အလွန် ကြွားလုံးထုတ်လိုသည့် အသွင်ကို ဆောင်နေသည်။ ညာဘက် လက်မတွင် ကြီးမားသော ကျောက်စိမ်းလက်စွပ်တစ်ကွင်းကို စွပ်ထား၏။
ဘယ်ဘက်လက်တွင်လည်း ရွှေလက်စွပ်ကြီး အများအပြားကို ဝတ်ဆင်ထားသေးသည်။ ကြွားလုံးထုတ်လွန်းသည်။ မြို့တော်တွင်း သတင်းများထဲကအတိုင်း ကြွားလုံးထုတ်လွန်းလှသည်။
ဖန်ကျန်းရီကတော့ လျိုရွှင်၌ ထူးခြားချက် တစ်စုံတစ်ရာ ရှိသည်ဟု မထင်မှတ်ချေ။ ခြောက်ကပ်ကပ် အဘိုးအို တစ်ဦးမျှသာ ဖြစ်သော်လည်း အင်္ကျီတွင် ဖာထေးရာများ ပါရှိနေသည်က... နတ်ဝင်သည်တစ်ဦး၏ သွင်ပြင်မျိုး အနည်းငယ် ပေါက်နေ၏။
သို့သော်ငြား မြို့ဝန်အဆင့်ထိ ရောက်လာနိုင်သူတစ်ဦးက သာမန်လူတော့ မဖြစ်နိုင်ချေ။
လျိုရွှင် စကားမစရသေးမီ ဖန်ကျန်းရီက အရင် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "အောက်ခြေအရာရှိ ဖန်ကျန်းရီ ရာထူးလက်ခံဖို့ ရောက်လာပါပြီ။ မြို့ဝန်မင်းလျိုကို ဂါရဝပြုပါတယ်။"
လျိုရွှင်က ပြုံးရွှင်စွာဖြင့် တုံ့ပြန်၏။ "အမတ်မင်းဖန် ဘာတွေ ပြောနေတာလဲ။ အမတ်မင်းဖန်က မြို့တော်မှာတုန်းက အိမ်ရှေ့စံရုံးတော်ရဲ့ အကြီးအကဲအမတ်ဖြစ်ခဲ့တယ်လို့ ကြားပါတယ်။ အားနာနေစရာ မလိုပါဘူး။"
ဖန်ကျန်းရီက ပို၍ နှိမ့်ချဟန် ပြလိုက်သည်။ "မြို့ဝန်မင်းက အောက်ခြေအရာရှိကို မြှောက်လွန်းနေပါပြီ။ အတိတ်ကိစ္စတွေက လွင့်မျောသွားတဲ့ မီးခိုးငွေ့တွေလိုပါပဲ။ တကယ့်အစစ်အမှန် မဟုတ်ပါဘူး။ ကျုပ်ကို ရှောင်ဖန် လို့ပဲ ခေါ်ပါ။"
ရှောင်ဖန်လား။
လျိုရွှင်၏ မျက်နှာထားက တောင့်တင်းသွားပြီး နှုတ်ခမ်းထောင့်များက တုန်ယင်သွား၏။
ဒီကောင်လေးက... ပုံမှန်လူတွေနဲ့ တကယ် မတူတာပဲ။
"အမတ်မင်းဖန် အားနာနေစရာ မလိုပါဘူး။ ရာထူးခရီးလမ်းဆိုတာ အမြဲတမ်း ဖြောင့်ဖြူးနေတာမှ မဟုတ်တာ။ ခင်ဗျားက ဒီလောက် ငယ်ရွယ်သေးတော့ အနာဂတ်မှာ အလားအလာ ကောင်းတွေ အများကြီး ရှိပါသေးတယ်။
ဒါပေမဲ့ ဒီမြို့ဝန်က နည်းနည်း သိချင်မိတာက... ခင်ဗျားက ဘာဖြစ်လို့ လက်စွပ်တွေ ဒီလောက် အများကြီး ဝတ်လာရတာလဲ။"
ဖန်ကျန်းရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ဪ... ဒါက ဘာမှမဟုတ်ပါဘူး။ အောက်ခြေအရာရှိက ဒီလောက်ဝေးတဲ့ နေရာကို ပထမဆုံးအကြိမ် လာရတာဆိုတော့ ပြန်မသွားရတော့ဘူးလို့ တွေးမိလို့ပါ။ ဒါကြောင့် ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ရောင်းချပြီး ကိုယ်နဲ့အတူ ယူလာခဲ့တာပါ။ ဒါက ပိုပြီး အဆင်ပြေမယ် ထင်လို့ပါ။"
လျိုရွှင်က ဟန်ဆောင်ပြုံး ပြုံးလိုက်၏။ "အမတ်မင်းဖန်က တကယ့်ကို ရိုးသားဖြောင့်မတ်တာပဲ။"
"မြို့ဝန်မင်းက မြှောက်လွန်းနေပါပြီ။ မသိလို့ မေးပါရစေ... ဘဏ္ဍာရေးရုံးခန်းက ဘယ်မှာလဲ။ ကျုပ် အခု အလုပ်စလုပ်လို့ ရပြီလား။ အောက်ခြေအရာရှိက တစ်ရက် အားလပ်နေတာနဲ့ ရင်ဘတ်ကို ဓားနဲ့ အမွှမ်းခံရသလို ခံစားရတယ်။ နန်းတော်က လစဉ် လစာတွေ ပေးနေတာတောင် ကျုပ်က ဘာမှ မလုပ်ရသေးဘူးဆိုရင် မကောင်းဘူးလေ။ ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို တကယ် ကျေပွန်နိုင်မှာ မဟုတ်ဘူး။ ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီက ကောင်းကင်သို့ မော့ကာ အရိုအသေ ပေးလိုက်၏။
သောက်ကျိုးနည်း။
ရုတ်တရက် လျိုရွှင်က သူကိုယ်သူ အိုမင်းသွားသလို ခံစားလိုက်ရသည်။
အသက်နှစ်ဆယ်ကျော်လေးက ဒီလောက်တောင် အရှက်မရှိ ဖြစ်နိုင်သလား။ ဒီကောင်လေး နန်းတော်ထဲမှာ အောင်မြင်ခဲ့တာ မဆန်းပါဘူးလေ။
သူ ကိုယ်တိုင်ကတော့ နယ်မှာပဲ အလုပ်လုပ်နေရပြီး ခေါင်းထောင်နိုင်မယ့် နေ့ရက်ဆိုတာ မရှိသေးဘူး။
လျိုရွှင်က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ "မလောပါနဲ့... မလောပါနဲ့။ အရာရှိသစ် ရောက်လာတဲ့ အခါတိုင်း မြို့ဝန်ရုံးတော်က ကြိုဆိုပွဲ အခမ်းအနား လုပ်ပေးလေ့ ရှိတယ်။
ပတ်ဝန်းကျင် အခြေအနေကို အရင် လေ့လာကြည့်ပါအုံး။ ကြိုဆိုပွဲမှာ လူတချို့နဲ့ မိတ်ဆက်ပေးမယ်။ ရုံးတော်ထဲ အရင် လျှောက်ကြည့်လိုက်ပါ။ စာရေးတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်။"
ပြောပြီးသည်နှင့် စာရေးတစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။
"ဝေ့ရှန်း … အမတ်မင်းဖန်နဲ့ လိုက်သွားလိုက်။"
"ဟုတ်ကဲ့... မြို့ဝန်မင်း။"
ဖန်ကျန်းရီက ထပ်မံ ဦးညွှတ်လိုက်ပြန်သည် "ဒါဆိုရင်... မြို့ဝန်မင်းလျိုကို ကျေးဇူးတင်ပါတယ်။"
ဖန်ကျန်းရီ ထွက်သွားသော ကျောပြင်ကို ကြည့်ကာ လျိုရွှင်၏ မျက်နှာထားက အနည်းငယ် ထူးဆန်းနေ၏။
ဒီကောင်လေးက ယဉ်ကျေးပုံရပေမဲ့ စကားပြောတာ ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ။ ဒါမှမဟုတ်... နန်းတော်ထဲက လူတွေက ဒီလိုပုံစံမျိုးကို သဘောကျလို့များလား။
ဖန်ကျန်းရီနှင့် စာရေး ဝေ့ရှန်းတို့က ရုံးတော်အတွင်း လျှောက်လှမ်းနေကြပြီး ဝေ့ရှန်းက လမ်းတစ်လျှောက် ရှင်းပြနေသည်။
"အမတ်မင်း... ဒီနေရာက အုပ်ချုပ်ရေးရုံးခန်းပါ။ အရှေ့ကို နည်းနည်း ထပ်သွားရင် ဌာနခြောက်ခု ရုံးခန်း ရှိပါတယ်။ အဲဒီကနေ တည့်တည့် ဆက်သွားရင် အဆုံးမှာ ဘဏ္ဍာရေးရုံးခန်း ရှိပါတယ်။"
ဖန်ကျန်းရီက မေးလိုက်၏။ "ကျုပ် မလာခင်က ဒုတိယမြို့ဝန်တွေရော။"
"ဪ... အမတ်မင်း မလာခင်က ဒီမှာ ဒုတိယမြို့ဝန် နှစ်ယောက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က တခြားကို ပြောင်းရွှေ့ခံရတယ်။ ဘယ်ကိုပြောင်းသွားလဲဆိုတာတော့ ကျုပ်လည်း မသိဘူး။" ဝေ့ရှန်းက ရိုသေစွာ ဖြေကြားသည်။
"ဒါဆို... ရုံးတော်မှာ ပုံမှန်စားတဲ့ ထမင်းက ဘာတွေလဲ။"
ဝေ့ရှန်းက ဆို၏။ "ဒါက... အခုလက်ရှိ အခြေအနေက တော်တော်လေး ခက်ခဲနေတော့ ရုံးတော်မှာ စားရတဲ့ ထမင်းကလည်း သိပ်မကောင်းပါဘူး။ များသောအားဖြင့်တော့ အရည်ကျဲကျဲတွေပါပဲ။ ဟင်းသီးဟင်းရွက်လေး နည်းနည်း ပါရင် ကံကောင်းတယ်လို့ ဆိုရမယ်။ အများဆုံး သောက်ရတာကတော့ ဆန်ပြုတ်ကျဲကျဲပဲ။"
ဖန်ကျန်းရီက အကဲခတ်သလို ကြည့်လိုက်သည်။ "ဆန်ပြုတ်ကျဲကျဲလား။ အပြင်က စတုဒိသာမဏ္ဍပ်တွေက ဆန်ပြုတ်တွေလိုပဲ ကျဲတာလား။"
ဝေ့ရှန်းက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေ၏။
"အကြမ်းဖျင်းတော့ ဆင်တူပါပဲ။"