အခန်း (၂၀၃-၂၀၄)
Vol. 12 Ch. 203-204
အပိုင်း (၂၀၃) ကြိုဆိုပွဲ အခမ်းအနား။
"ဟူး။ ဒါဆိုရင် တော်တော်လေး ခက်ခဲတာပဲ။ မထင်ထားဘူး။ ကျုပ်လိုလူကတောင် ဆန်ပြုတ်ကျဲကျဲ သောက်ရမယ့် အခြေအနေကို ရောက်လာလိမ့်မယ်လို့။ ညကျရင် ကြိုဆိုပွဲမှာ ဘာစားရမလဲ။"
ဖန်ကျန်းရီက အားကိုးရာမဲ့စွာ ခေါင်းခါလိုက်လေရာ ဝေ့ရှန်းက တိတ်တဆိတ် အထင်သေးသွား၏။
ဘာကောင်လဲဟ။ အမွေးကျွတ်နေတဲ့ ဒေါင်းက ကြက်လောက်တောင် မတန်ဘူး။ ဟန်ဆောင်ရင်လည်း ပီပြင်အောင် ဟန်ဆောင်ပါအုံး။ ဒီလောက်တောင် လောဘကြီးရလား။
"ဒါကတော့... ကျုပ် မစားဖူးပါဘူး။ ကြိုဆိုပွဲကို တက်ဖို့ အရည်အချင်း မရှိလို့ပါ။"
ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ "ဟူး... ခင်ဗျားတို့ တကယ် သနားစရာကောင်းတာပဲ။ ကျုပ်က အသားမပါရင် ထမင်းမစားတတ်တဲ့ လူမျိုး။ လမ်းမှာတုန်းကလည်း ကောင်းကောင်း မစားခဲ့ရဘူး။ ခြောက်သွေ့တဲ့ ရိက္ခာတွေပဲ စားခဲ့ရတာ။ သွားမယ်... သွားမယ်။ ဆက်ကြည့်ကြတာပေါ့။"
ထိုသို့ လျှောက်ကြည့်ရင်းဖြင့် ညနေစောင်းသွားခဲ့၏။
ရုံးတော်၏ နေ့လယ်စာက တစ်နေ့လျှင် နှစ်နှပ်ဖြစ်ပြီး ညနေပိုင်းအချိန်၌ ဖန်ကျန်းရီ အမီရောက်လာခြင်း ဖြစ်သည်။
ဘဏ္ဍာရေးရုံးခန်းထဲတွင် ဝေ့ရှန်း လာပို့သော ဆန်ပြုတ်ကျဲကျဲ တစ်ခွက်နှင့် အချဉ်ဖတ် အနည်းငယ်ကို ကြည့်ပြီး ဖန်ကျန်းရီက ပြုံးလိုက်၏။
ဒီဆန်ပြုတ်က အပြင်ဘက်က စတုဒိသာမဏ္ဍပ်တွေက ဆန်ပြုတ်ထက်တော့ အနည်းငယ် ပျစ်သည်က သေချာသည်။ သနားစရာကောင်းသော အချဉ်ဖတ်လေးများကို ကြည့်ရသည်မှာ စားချင်စရာ လုံးဝ မရှိချေ။
ဖန်ကျန်းရီက တစ်ငုံ သောက်လိုက်ပြီးနောက် ချက်ချင်း ပြန်ထွေးထုတ်လိုက်ရာ စားပွဲတစ်ခုလုံး ပေပွ သွားတော့သည်။
ထို့နောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ငေးမောနေ၏။
တောက်ယွမ်ခရိုင်မှာ ရှိစဉ်က အခက်ခဲဆုံး အချိန်များတွင်ပင် ရုံးတော်ဝတ်စုံကို ဖာထေးစရာ မလိုခဲ့ပေ။
အနည်းဆုံးတော့ အဖတ်ပါသော အစားအစာများကို စားခဲ့ရသေးသည်။
ယခုတော့ ဤမြို့ဝန်က အစတည်းက ဟန်ဆောင်လွန်းနေ၏။ မြို့တစ်မြို့၏ အုပ်ချုပ်သူတစ်ဦးက ခြောက်သွေ့သော ရိက္ခာမျှပင် မစားနိုင်သည့် အခြေအနေ မဖြစ်နိုင်ချေ။
သူ့အား ငတ်မွတ်မှုကို မခံစားဖူးဘူးလို့ ထင်နေတာလား။ ဒီလောက် လွယ်လွယ်နဲ့ လှည့်စားလို့ ရမလား။ ဒီပြဇာတ်က သိပ်ကို အတုအယောင် ဆန်လွန်းတယ်။
ထို့နောက် ဝေ့ရှန်းကို ခေါ်၍ စားပွဲပေါ်မှ အစားအစာများကို သိမ်းဆည်းခိုင်းလိုက်သည်။
ရှင်းလင်းပြီးနောက် ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူနေ၏။
ဝေ့ရှန်းက အပြင်သို့ ရောက်သောအခါ အထင်သေးစွာဖြင့် တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ဆန်ပြုတ်ခွက်ကို ကိုင်ကာ ရုံးတော်ခန်းမဆီသို့ ခပ်သုတ်သုတ် ပြေးသွားသည်။
လျိုရွှင်က ဝေ့ရှန်းကို မြင်သည်နှင့် ချက်ချင်း မေးလိုက်၏။ "ဘယ်လိုလဲ။ ထမင်း မပို့ရသေးဘူးလား။"
ဝေ့ရှန်းက တီးတိုး ပြောသည်။ "မြို့ဝန်မင်း … ပို့ပြီးပါပြီ။ သူက တစ်ငုံသောက်ပြီး ချက်ချင်း ပြန်ထွေးထုတ်လိုက်တာ။ ထမင်းက အရသာမရှိဘူးလို့ ညည်းနေတယ်။ ကျန်တဲ့ဟာတွေကို တစ်ချက်တောင် မတို့ဘူး။ ဒီလူက သာမန်လူတော့ မဟုတ်ဘူး။ သူ ဝတ်စားထားတာတွေကို ကြည့်ရင် ဒီလို အကြမ်းအစာတွေကို စားနိုင်မှာ မဟုတ်ဘူး။ နေ့လယ်တုန်းကတောင် ကျုပ်ကို ပြောသေးတယ်။ အသားမပါရင် ထမင်းမစားတတ်ဘူးတဲ့။"
ထိုစကားကို ကြားသောအခါ လျိုရွှင်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရယ်မောလိုက်၏ "ကောင်းတယ်... ကောင်းတယ်။ မြို့တော်ကနေ စေလွှတ်လိုက်တယ်ဆိုတော့ အရည်အချင်း တော်တော် ရှိမယ်လို့ ထင်ထားတာ။
ကြည့်ရတာတော့ ကိုယ်လက်လှုပ်ရှားမှု မရှိသလို ကောက်ပဲသီးနှံတွေကိုလည်း ခွဲခြားမသိတဲ့ကောင်ပဲ။ ခင်ဗျား သူ့နောက်ကို ဆက်လိုက်နေလိုက်။ ဂရုတစိုက် ကြည့်ထား။ ဒီလူက အစီအစဉ်တွေကို ဖျက်ဆီးမယ့်သူ မဖြစ်စေနဲ့။
ညနေ ကြိုဆိုပွဲကျရင် သူ့ရဲ့ အရည်အချင်း အစစ်အမှန်ကို ဒီမြို့ဝန်ကိုယ်တိုင် စမ်းသပ်ကြည့်မယ်။"
...
အလုပ်ဆင်းချိန် ရောက်ချိန်မှာတော့ လျိုရွှင်က ရုံးတော်မှ အရာရှိများကို ခေါ်ဆောင်ကာ ကြိုတင် စီစဉ်ထားသော စားသောက်ဆိုင်သို့ ခမ်းနားစွာ သွားရောက်ကြ၏။
လူအုပ်ကြားထဲတွင် ဖန်ကျန်းရီက လူတိုင်း၏ အခြေအနေကို သေချာစွာ အကဲခတ်နေသည်။
အများစု၏ ရုံးတော်ဝတ်စုံများတွင် ဖာထေးရာများ ပါရှိနေ၏။
ဤအရာက ထူးဆန်းသည် မဟုတ်ပေ။ လျိုရွှင်ကိုယ်တိုင်က ဖာထေးထားသော အဝတ်ကို ဝတ်ဆင်ထားလေရာ အထက်က လုပ်လျှင် အောက်က လိုက်လုပ်ခြင်းက ပုံမှန်ပင်။
ထိုအချက်က ပြဿနာ အများကြီးကို မဖော်ပြနိုင်ချေ။
သို့ပေမည့် လူတော်တော်များများ၏ မျက်လုံးများက ပြဿနာကို ဖော်ပြနေ၏။ သူ၏ ခမ်းနားသော ဝတ်စားဆင်ယင်မှုကို မြင်သောအခါ အနည်းငယ်သောလူများက သူ့ကို ဖုံးကွယ်ခြင်း အလျဉ်းမရှိဘဲ အထင်သေးစွာ ကြည့်နေကြသည်။
ဖန်ကျန်းရီကလည်း ပြုံးရုံသာ ပြုံးနေလိုက်၏။
ရုံးတော်အတွင်း ကြီးမားသော အကျင့်ပျက် ခြစားမှုများ ရှိနေသည်က အသေအချာပင်။ မည်သူတို့က ပူးပေါင်း ကြံစည်သူများ ဖြစ်မည်ဆိုသည်ကိုသာ မသိရသေးခြင်းဖြစ်သည်။
လျိုရွှင်ကတော့ သံသယအရှိဆုံးလူပင်။ မြို့ဝန်တစ်ဦးအနေဖြင့် အစိုးရစပါးကျီထဲမှ ရိက္ခာများ မှိုတက်နေသည်ကို မသိစရာ အကြောင်း မရှိချေ။
ဤမျှကြီးမားသော ကိစ္စ၌ ပူးပေါင်းကြံစည်သူတွေလည်း အများကြီး ရှိရမည်။
စားပွဲဝိုင်းသို့ ရောက်သောအခါ လျိုရွှင်က ဖန်ကျန်းရီ၏လက်မောင်းကို ဆွဲကာ တစ်ယောက်ချင်းစီ မိတ်ဆက် ပေးတော့သည်။
"လာ... ကျုပ် မိတ်ဆက်ပေးမယ်။ ဒါက မြို့ဝန်ရုံးတော်ရဲ့ ဒုတိယအရာရှိ ယွမ်ရှန်ရွှင်။"
"အမတ်မင်းယွမ်ကို ဂါရဝပြုပါတယ်။"
"ဒါက အုပ်ချုပ်ရေးရုံးခန်းရဲ့ တာဝန်ခံ လီ..."
အပေါ်မှအောက်သို့ မိတ်ဆက်ပေးပြီးနောက် ဖန်ကျန်းရီက တစ်ယောက်ချင်းစီကို အရိုအသေပေးကာ အရက်ခွက်ဖြင့် နှုတ်ဆက်၏။
အားလုံးကို မိတ်ဆက်ပြီး ချိန်မှာတော့ စားသောက်ဆိုင်က ဟင်းလျာများကို ချပေးသည်။
ဟင်းပွဲတိုင်းက အရည်ကျဲကျဲ ဟင်းသီးဟင်းရွက်များသာ ဖြစ်၏။ သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ထမင်းဖြူ အနည်းငယ် ပါလာသည်။
လျိုရွှင်က နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။ "လာ... အမတ်မင်းဖန် စားပါအုံး။ ဒီနေ့တော့ ခင်ဗျားရဲ့ ကျေးဇူးကြောင့် ကျုပ်တို့ ကောင်းကောင်း စားရတာပါ။
ပုံမှန်ဆိုရင် တော်တော်လေး ခက်ခဲပေမဲ့ အခုလို ဘေးဒုက္ခ ရင်ဆိုင်နေရချိန်မှာ ပြည်သူတွေနဲ့အတူ အခက်အခဲကို ကျော်ဖြတ်ရမယ်လေ။"
"စားကြပါအုံး။"
ရုတ်တရက် ဖန်ကျန်းရီက သူ၏ စကားလုံးများကို လုပြောခံလိုက်ရသလို ခံစားလိုက်ရသည်။
ခင်ဗျားလည်း ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်နေတာလား။
ဖန်ကျန်းရီက ချက်ချင်း ပြုံးကာ ပြန်ပြောလိုက်၏။ "မြို့ဝန်မင်းလျိုက တကယ့်ကို မြင့်မြတ်တာပဲ။ ဒါဆိုရင် အောက်ခြေအရာရှိက အားမနာတော့ဘူးနော်။"
ပြောပြီးသည်နှင့် အရွက်စိမ်းတစ်ရွက်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်၍ ဖြည်းညင်းစွာ ဝါးစားလိုက်သည်။
မျက်နှာပေါ်ရှိ အမူအရာက အနည်းငယ် ထူးဆန်းနေ၏။
လူတစ်ယောက်က စတင် စားသောက်သည်ကို မြင်သောအခါ အားလုံးကလည်း စကားပြောရင်း စားသောက် ကြသည်။
ဖန်ကျန်းရီက စကားကို ဟိုတစ်ပေါက် ဒီတစ်ပေါက် ပြောနေရင်း တစ်ဖက်တွင်လည်း လူတိုင်း၏ အပြုအမူကို တိတ်တဆိတ် အကဲခတ်နေကာ တစ်ခါတစ်ရံမှသာ ဟင်းတစ်ဖတ်ကို ယူစား၏။
လူတစ်ဝက်ခန့်က အစားအစာများကို စိတ်ဝင်စားပုံမရဘဲ နှစ်ခွန်း သုံးခွန်းမျှသာ စားကြ၏။ အရက်ကိုမူ အများကြီး သောက်ကြသည်။ လျိုရွှင်လည်း အပါအဝင်ပင်။
ယုတ္တိအရဆိုလျှင် အိမ်မှ ထမင်းမပို့ပါက ဤလူတွေ နေ့လယ်တည်းက ဆန်ပြုတ်တစ်ခွက်ပဲ သောက်ထားရမည် မဟုတ်ပါလား။
ထမင်းပို့ခြင်းဆိုသည်က မဖြစ်နိုင်ချေ။ အားလုံး ဆန်ပြုတ် သောက်နေချိန်တွင် ကောင်းကောင်းစားလျှင် အားနာစရာ မကောင်းဘူးလား။ လူတွေ သိသွားမှာ မကြောက်ဘူးလား။
ထိုအရာကိုကြည့်လျှင် ဤလူတွေ ပုံမှန်စားသောက်နေသည်မှာ ဤအရာများ မဟုတ်ကြောင်း သိသာသည်။
လျိုရွှင်က ဖန်ကျန်းရီ ခံတွင်းမတွေ့သည်ကို မြင်သောအခါ မေးလိုက်သည်။ "အမတ်မင်းဖန်... ဘာလို့ မစားတာလဲ။ ဟင်းတွေက အရသာ မရှိလို့လား။ ဒါလေး မြည်းကြည့်ပါအုံး။"
ဖန်ကျန်းရီ ပြန်မဖြေရသေးမီ လျိုရွှင်က ဟင်းရွက်တစ်ဖတ်ကို ခပ်ထည့်ပေးလိုက်၏။
ဖန်ကျန်းရီက မျက်နှာသေဖြင့် အတန်ကြာ ဝါးပြီးမှ မြိုချလိုက်သည်။ ထို့နောက် ခါးသီးစွာ ပြုံးလိုက်သည်။ "မြို့ဝန်မင်းလျို... ဒီနေ့ ဒီထမင်း စားရတာ အောက်ခြေအရာရှိ တကယ်ကို ကျေနပ်ပါတယ်။ မကြာခင်ကပဲ ရိက္ခာခြောက် နည်းနည်း စားထားလို့ သိပ်မဆာတော့ဘူး။"
လျိုရွှင်က နားလည်သွားဟန်ဖြင့် နှမြောတသစွာ ဆိုသည်။ "ဪ... ဒီလိုကိုး။ ကျွတ်... နှမြောစရာပဲ။ ဒီလို အရက်နဲ့ ဟင်းမျိုးကို ကျုပ်တို့ ပုံမှန်အချိန်ဆို သိပ်မစားရဘူး။
အမတ်မင်းဖန်က မြို့တော်ကနေ အဝေးကြီး လာရတာဆိုတော့ ဒီပတ်ဝန်းကျင်နဲ့ ချက်ချင်း အသားကျဖို့တော့ ခက်မှာပဲ။"
ဖန်ကျန်းရီက နှိမ့်ချစွာ ဆို၏။ "ဘယ်က သာပါ့မလဲ။ မြို့ဝန်မင်းလျိုလို စံပြပုဂ္ဂိုလ်ရှိနေမှတော့ အောက်ခြေအရာရှိက ဆန်ပြုတ်သောက်ရရင်တောင် ဝမ်းသာကျေနပ်စွာ သောက်မှာပါ။
အခု ဘုရင်မင်းမြတ်က ကျန်းကျန်မြို့ရဲ့ ဒုတိယမြို့ဝန်အဖြစ် စေလွှတ်လိုက်တာ။ ကျုပ်က ကောင်းကောင်း မစားရလို့ဆိုပြီး နောက်ဆုတ်သွားလို့ ဖြစ်ပါ့မလား။ အဲဒီလိုဆိုရင် ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို စော်ကားရာ ကျမှာပေါ့။"
"ဒါနဲ့ စကားစပ်လို့..." ဖန်ကျန်းရီက ဟင်းသီးဟင်းရွက် အများကြီးကို ပါးစပ်ထဲ ထည့်ရင်း ဗလုံးဗထွေး ပြောလိုက်သည်။
"ဘုရင်မင်းမြတ်ကို သတိရလိုက်တော့... ဟင်းစားရတာတောင် ပိုပြီး အရသာ ရှိလာသလိုပဲ။"
တောက်... သောက်ကျိုးနည်း။
တစ်စားပွဲလုံးရှိ အရာရှိများ အားလုံး ကြောင်အသွားကြ၏။
ဘယ်လို ဟန်ဆောင်နေတာလဲ။ ဘယ်သူ့ကို ပြဖို့ ဟန်ဆောင်နေတာလဲ။ ဘုရင်မင်းမြတ်မှ ဒီမှာမှ မရှိတာ။ ခင်ဗျား အရင်တုန်းက အောင်မြင်ခဲ့တာ မဆန်းပါဘူး။ ဖားတတ်လွန်းလို့ ရာထူးတက်လာတာကိုး။
လူတိုင်း၏ မျက်လုံးများထဲတွင် အထင်သေးမှုများ ဖြတ်ပြေးသွား၏။
လျိုရွှင်က ပြုံးကာ ဆိုသည်။ "အမတ်မင်းဖန်ရဲ့ တိုင်းပြည်အပေါ် ချစ်မြတ်နိုးတဲ့ စိတ်က တကယ်ကို လေးစားစရာပဲ။"
"ဒါနဲ့ အမတ်မင်းဖန်... နေစရာ နေရာ စီစဉ်ပြီးပြီလား။ အနားမှာရော ပြုစုစောင့်ရှောက်မယ့်သူ ရှိလား။"
ဖန်ကျန်းရီက ခေါင်းခါလိုက်၏။ "ဟူး... ဘုရင်မင်းမြတ်ကို အားမနာစေချင်လို့ နန်းတော်က အမိန့်ကျတာနဲ့ ချက်ချင်း မြင်းစီးပြီး ထွက်လာခဲ့တာ။
အလောတကြီး လာခဲ့ရတော့ ပိုက်ဆံလောက်ပဲ ပါလာတယ်။ မြို့ထဲရောက်မှ အိမ်တစ်လုံး ဝယ်လိုက်တာ။ အစေခံတွေတောင် မဝယ်ရသေးဘူး။"
လျိုရွှင်၏ မျက်လုံးများက အရောင်လက်သွားသည်။ "ကိစ္စမရှိပါဘူး။ ကိစ္စမရှိဘူး။ အခုချိန်မှာ မြို့ဝန်ရုံးတော်က ငွေနဲ့ ရိက္ခာပဲ လိုနေတာ။ လူကတော့ အများကြီးပဲ။
စားသောက်ပြီးရင် ခင်ဗျားဆီကို အစေခံတချို့ ပို့ပေးလိုက်မယ်။ နေထိုင်စားသောက်ရေးမှာလည်း အများကြီး သက်သာသွားလိမ့်မယ်။"
"ဒါဆိုရင်... အောက်ခြေအရာရှိက ငြင်းပယ်ဖို့ ခက်သွားပြီ။"
အပိုင်း (၂၀၄) အစေခံမိန်းကလေးများပေးပို့ခြင်း။
အရက်ဝိုင်းက သိုက်မြိုက်စွာ ကျင်းပနေပြီး လျိုရွှင်က ဖန်ကျန်းရီနှင့် အခြားသူများ အပြန်အလှန် အရက်တိုက်နေကြသည်ကို ကြည့်ကာ စိတ်ထဲတွင် အထင်သေးမှုများ ဖြစ်ပေါ်နေ၏။
မြို့တော်မှလာသော သတင်းများအရ ဤလူက အရည်အချင်း အနည်းငယ် ရှိသော်လည်း အပြုအမူက ယဉ်ကျေးမှု မရှိဘူးဟု ဆိုကြသည်။
ကျန်းကျန်မြို့သို့ ရောက်လာချိန်မှာတော့ အရိုင်းအစိုင်း ဆန်သည့် အပြုအမူကို မတွေ့ရဘဲ စကားပြောဆိုရာတွင် နေရာတိုင်း၌ မြှောက်ပင့်ဖားယားနေသည်ကိုသာ တွေ့ရ၏။
အိမ်ရှေ့စံကို အားကိုးပြီး ဗိုလ်ကျနေတာ ဖြစ်ရမည်။ ယခု နယ်ကို ရောက်လာတော့ အားကိုးစရာ မရှိတော့၍ ခေါင်းငုံ့နေခြင်း ဖြစ်မည်။
... ဟမ့်... ဒါက တကယ့် လူယုတ်မာပဲ။
ကောင်းသည်။ အနည်းဆုံးတော့ အသုံးချလို့ လွယ်သည်။
သို့ပေမဲ့ ဤကဲ့သို့သော လူမျိုးကတောင် အောင်မြင်မှုတွေ ရနေသည်ကို တွေးမိသောအခါ လျိုရွှင်က သူကိုယ်တိုင် အချိန်အခါကောင်းနှင့် မကြုံခဲ့ရသည်ကို နှမြောတသ ဖြစ်မိ၏။
ဘုရင်မင်းမြတ်က ဖန်ကျန်းရီကို ယုံကြည်အားကိုးတယ်တဲ့လား။ တကယ်ကို မျက်စိကန်းနေတာပဲ။
လျိုရွှင်က ဖန်ကျန်းရီနှင့် ပတ်သက်သည့် သတင်းများကို သေချာစွာ ပြန်လည် စဉ်းစားကြည့်သော်လည်း စိတ်မချနိုင်သေးချေ။
ထို့ကြောင့် အရက်ခွက်ကို မြှောက်ကာ ဖန်ကျန်းရီကို ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "အမတ်မင်းဖန်... မြို့တော်မှာ ခင်ဗျားရဲ့ ကဗျာစွမ်းရည်က ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးတယ်။ ဒီနေ့ လူတိုင်း အဲဒီ အရည်အချင်းကို မြင်တွေ့ခွင့် ရနိုင်မလား။"
ဖန်ကျန်းရီက အရက်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ထို့နောက် ရဲရင့်စွာ ဆို၏။ "ကောင်းပြီလေ။ အောက်ခြေအရာရှိက ဒီမြို့ကို ပထမဆုံးအကြိမ် ရောက်လာတာ။ မြို့ဝန်မင်းလျိုက ဒီလောက် ဖိတ်ခေါ်နေမှတော့ အောက်ခြေအရာရှိက မစပ်ဆိုဘဲ နေလို့ ဘယ်ဖြစ်မလဲ။
ဒါပေမဲ့... အောက်ခြေအရာရှိက ဘုရင်မင်းမြတ်ရှေ့တော်မှောက်မှာတောင် ကဗျာတစ်ပုဒ် အပြည့် မစပ်ဆိုဖူးဘူး။ တကယ်လို့ ကောင်းကောင်း မစပ်ဆိုနိုင်ခဲ့ရင် လူတိုင်းက နားလည်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။"
ကဗျာတစ်ပုဒ်တစ်လေ စပ်ဆိုရခြင်းမှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။ ပညာအရည်အချင်း မည်မျှ နိမ့်ကျစေကာမူ ကဗျာတစ်ပုဒ်၊ နှစ်ပုဒ်ခန့်ကိုတော့ မှတ်မိနိုင်စွမ်း ရှိကြသည်။ ထို့အပြင် လက်ရှိအခြေအနေနှင့် ဆီလျော်ကိုက်ညီလှသော ကဗျာတစ်ပုဒ်ကိုပင် အမှတ်ရလိုက်ပါသေးသည်။
ယခု လျိုရွှင်တို့နှင့် တစ်သားတည်း ဖြစ်အောင် ပေါင်းသင်းရန် မျက်နှာသာ အပြည့်အဝ ပေးထားရမည်။
မျှော်လင့်ထားသည့်အတိုင်း လျိုရွှင်က ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် ဝင့်ကြွားသော အမူအရာ ပေါ်လာပြီး မုတ်ဆိတ်မွေးကို နှစ်ချက်ခန့် ပွတ်သပ်လိုက်၏။
ခဏအကြာတွင် ဖန်ကျန်းရီက အရက်ခွက်ကို မြှောက်ကာ ကျယ်လောင်စွာ ရွတ်ဆိုလိုက်သည်။
"နေ့လယ်ခင်းမှာ ပေါင်းသင်တယ်၊ ချွေးပေါက်တွေက မြေကြီးပေါ် ကျတယ်။ ပန်းကန်ထဲက ထမင်းတစ်လုပ် တိုင်းက ဘယ်လောက် ပင်ပန်းတယ်ဆိုတာ ဘယ်သူသိမလဲ။"
တောင်သူလယ်သမားများကို သနားခြင်း ကဗျာတစ်ပုဒ်ကို သူက အလွတ်ကျက်ထားသကဲ့သို့ တည့်တိုးကြီး ရွတ်ဆိုလိုက်ခြင်းက ကျောင်းသားတစ်ဦးကို ဆရာက စာမေးနေသည်နှင့် အလွန် တူနေ၏။
လူတိုင်းက ထိုကဗျာကို ကြားသောအခါ ဖန်ကျန်းရီကို အံ့သြစွာ ကြည့်လိုက်ကြသည်။
ကဗျာရွတ်ဆိုရာတွင် ခံစားချက် လုံးဝ မပါဝင်ဘဲ ကြွေးကြော်သံ တစ်ခုလို ဖြစ်နေသော်ငြား သောက်ကျိုးနည်း... သူက နှုတ်ခမ်းလှုပ်လိုက်ရုံနဲ့ ကဗျာတစ်ပုဒ် ဖြစ်သွားတာပဲ။ တွေးတောင် မတွေးရဘူး။ ဒါက အရမ်း တော်လွန်းတယ်။
ရိုးရှင်းပြီး ပွင့်လင်းသော်လည်း စစ်မှန်သော ခံစားချက်များက သိသာထင်ရှားနေ၏။
လူအုပ်ထဲမှ ချီးကျူးသံများ ထွက်ပေါ်လာသည်။
လျိုရွှင်က ထမင်းနှစ်လုပ်ခန့်သာ စားရသေးသော ဖန်ကျန်းရီကို ကြည့်ကာ မျက်တောင်တစ်ချက် ခတ်လိုက်၏။
တကယ့်ကို အပြောနှင့် အလုပ် မညီသော လူယုတ်မာပင်။
သို့ပေမည့် မြှောက်ပင့်ပြောဆိုလိုက်သည်။ "ကောင်းလိုက်တဲ့ ကဗျာ။ အမတ်မင်းဖန်က နှုတ်ခမ်းလှုပ်ရုံနဲ့ ကဗျာစပ်နိုင်တယ်။ ကဗျာစွမ်းရည်က ထူးချွန်လွန်းတယ်။ ဒီမြို့ဝန်တောင် မမီနိုင်ဘူး။"
ဖန်ကျန်းရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏ "မပြောလောက်ပါဘူး။ မပြောလောက်ပါဘူး။"
လျိုရွှင်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှမပြောတော့ချေ။ သို့သော် စိတ်ထဲတွင်တော့ ဖန်ကျန်းရီအပေါ် ပို၍ပင် အထင်သေးသွားသည်။
ကြည့်ရတာ ပါးစပ်အရသာခံ ပြောတတ်ရုံနဲ့ မလုံလောက်ဘူး။ ဖန်ကျန်းရီရဲ့ ဗိုက်ထဲမှာ တကယ်ပဲ ပညာတချို့ ရှိနေတာပဲ။ ဒါကြောင့်မလို့ ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံကို လှည့်စားထားနိုင်တာ ဖြစ်မယ်။
နာရီဝက်ခန့်အကြာတွင် အရက်ဝိုင်းက ပြီးဆုံးလုနီးပါး ဖြစ်သွား၏။ စားပွဲတစ်ဝိုင်းလုံး စကားပြောဆိုရာတွင် အတော်လေး ပျော်ရွှင်နေသော်လည်း စားပွဲပေါ်ရှိ ဟင်းလျာ အများစုက ကျန်နေသေးသည်။
ဖန်ကျန်းရီက မြင်ကွင်းကို မျက်လုံးထဲ ထည့်ထားပြီး မှတ်သားထားလိုက်၏။
ထို့နောက် လျိုရွှင်၏ အနားသို့ ကပ်ကာ တီးတိုး ပြောလိုက်သည်။
"မြို့ဝန်မင်းလျို … အောက်ခြေအရာရှိက ဒီနေ့ နည်းနည်း ပင်ပန်းနေလို့ အရင် ပြန်ချင်ပါတယ်။"
လျိုရွှင်က အံ့အားသင့်စွာဖြင့် အပေါ်အောက် တစ်ချက် အကဲခတ်လိုက်၏။
တကယ့် အသုံးမကျတဲ့ကောင်။ ဒီလောက်လေး သောက်ရုံနဲ့ မခံနိုင်တော့ဘူးလား။
သို့သော်ငြား သူက တားဆီးရန် မရည်ရွယ်ဘဲ မတ်တတ်ရပ်ကာ ဆိုသည်။ "လူကြီးမင်းတို့... လူတိုင်းက အမတ်မင်းဖန်နဲ့ ရင်းနှီးသွားပြီလို့ ထင်ပါတယ်။
နောင်မှာ ပြဿနာ တစ်ခုခု ရှိရင် အပြန်အလှန် ကူညီစောင့်ရှောက်သင့်တယ်။ ဒီနေ့ အရက်ဝိုင်းကို ကျုပ်တို့ ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ မနက်ဖြန် အလုပ်မနှောင့်နှေးစေနဲ့။"
ထို့နောက် ဖန်ကျန်းရီကို တီးတိုး ပြောလိုက်၏။ "ခင်ဗျားအိမ်က ဘယ်နားမှာလဲ။ ဒီမြို့ဝန်က အစေခံမလေး နှစ်ယောက် လွှတ်ပေးလိုက်မယ်။ နေထိုင်စားသောက်ရေးမှာလည်း ပြဿနာ အများကြီး သက်သာသွားမှာပေါ့။"
ဖန်ကျန်းရီက ခေါင်းညိတ်ပြပြီး လိပ်စာကို တီးတိုး ပြန်ပြောလိုက်သည်။
ထို့နောက် လူအုပ်ကြီးက စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်လာခဲ့ကြရာ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်၏။
စားသောက်ဆိုင်အပြင်ဘက်တွင် ရထားလုံးများ အသင့်ပြင်ထားပြီး လျိုရွှင်က ပြုံးကာ ဆိုသည်။ "လာ... ဒီမြို့ဝန်က ခင်ဗျားကို အိမ်ပြန်ပို့ဖို့ ရထားလုံး ပြင်ထားပြီးပြီ။ ဒီအချိန်မှာ လမ်းလျှောက်ပြန်ရင် အန္တရာယ် မကင်းလောက်ဘူး။"
ဖန်ကျန်းရီက အံ့အားသင့် ဝမ်းသာသွားဟန်ဖြင့် ဆို၏။ "ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း။ ဒါပေမဲ့ အောက်ခြေအရာရှိက ဟိုဟိုဒီဒီ လျှောက်ကြည့်ချင်သေးလို့။ အားလုံးပဲ အရင် ပြန်နှင့်ကြပါ။"
လျိုရွှင်က ထိုအချိန်တွင် အနည်းငယ် မူးယစ်နေပြီး မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာကာ ဖန်ကျန်းရီကို လက်ညှိုးထိုး၍ ရယ်မောလိုက်သည်။ "နားလည်ပြီ။ သွား... သွား။ ဒီမြို့ဝန်က အရင် ပြန်နှင့်ပြီ။"
ပြောပြီးသည်နှင့် ရထားလုံးပေါ်တက်ကာ အဝေးသို့ ထွက်ခွာသွားတော့၏။
လူတိုင်း ရထားလုံးပေါ်တက်၍ ထွက်ခွာသွားသည်ကို ကြည့်ကာ ဖန်ကျန်းရီ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွား၏။ ပြီးနောက် ဘေးနားရှိ ရထားလုံးမောင်းသူကို ပြောလိုက်သည်။ "ဒီမှာပဲ စောင့်နေ။ ကျုပ် အပြင်ထွက်ပြီး အစာကြေအောင် လမ်းလျှောက်လိုက်အုံမယ်။ ခဏနေရင် ပြန်လာခဲ့မယ်။"
ပြောပြီးသည်နှင့် လက်နောက်ပစ်ကာ ထွက်သွားတော့၏။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ဖန်ကျန်းရီက ဘယ်ညာကို လှည့်ကြည့်လိုက်ပြီး လူရှင်းနေသည်ကို မြင်သောအခါ မှောင်မိုက်သော လမ်းကြားကျဉ်းလေးထဲသို့ ဝင်သွားလိုက်သည်။
လမ်းကြားကျဉ်းလေးက အလွန် မှောင်မိုက်ပြီး တိတ်ဆိတ်နေကာ အလင်းရောင် အနည်းငယ်မျှပင် မရှိချေ။
ဖန်ကျန်းရီက သူ၏ နှလုံးခုန်သံကိုပင် သဲ့သဲ့ ကြားနေရ၏။
ခဏအကြာတွင် လူတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ "သခင်လေး... ကျုပ် ရောက်လာပါပြီ။"
"အင်း... ခုနက တံခါးဝက လူတွေကို မှတ်မိတယ် မဟုတ်လား။"
"မှတ်မိပါတယ်။"
"လျိုရွှင်ဆိုတဲ့ ကျန်းကျန်မြို့ဝန် အဘိုးကြီးနောက်ကို လိုက်သွား။ ဦးတည်ရာကို ကြည့်ရတာ ရုံးတော်ကို ပြန်သွားပုံပဲ။ ကျုပ် ခန့်မှန်းတာ မမှားရင် သူတို့ ထမင်းသွားစားကြတာ ဖြစ်မယ်။ သူတို့ ဘာတွေ စားလဲ၊ ဘယ်သူတွေ ပါလဲဆိုတာကို သွားကြည့်။ လုံခြုံရေးကိုလည်း ဂရုစိုက်အုံး။"
ပိုင်ရွေ့၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်သွား၏။ ထို့ကြောင့် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "သခင်လေး... သခင်လေးတို့ ခုနတင် စားပြီးတာ မဟုတ်ဘူးလား။"
အမှောင်ထဲတွင် ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်၏။ ခုနက ဟင်းလျာများတွင် ဆီတစ်စက်မှ မပါဝင်ပေ။ အရသာ လုံးဝ မရှိသည့်အပြင် တစ်နေ့လုံး ဘာမှ မစားရသေးသဖြင့် တကယ်ကို ဗိုက်ဆာနေပြီ ဖြစ်၏။
လျိုရွှင်တို့လည်း အခြေအနေ တူတူလောက်ပင် ဖြစ်မည်။ မိမိရှေ့တွင် ဟန်ဆောင်ရန် တစ်နေ့လုံး ဆီများများ မစားရသေးသဖြင့် သေချာပေါက် ဗိုက်ဆာနေကြလိမ့်မည်။ အခြေအနေက မင်္ဂလာဆောင်၌ ထမင်းစားရသည်မှာ ဆင်တူသည်။
ပထမပွဲက မျက်နှာပြရုံသတ်သတ်ပင်။ ဒုတိယပွဲမှ သူငယ်ချင်း၊ ဆွေမျိုးများ စုဝေးပြီး အစစ်အမှန် စားသောက်ခြင်းပင်။
ပထမပွဲက ဘယ်တော့မှ အရေးမကြီးချေ။ ဒုတိယပွဲကသာ အမှန်တကယ် ဂရုစိုက်ရမည့် အဓိက အပိုင်း ဖြစ်သည်။
သူတို့အသိုင်းအဝိုင်းထဲ ဝင်နိုင်၊ မဝင်နိုင်ဆိုသည်က ဒုတိယပွဲတွင် စားခွင့်ရ၊ မရဆိုသည့် အပေါ်တွင် မူတည်နေ၏။
လျိုရွှင်တို့အတွက်မူ ဘာတွေစားလဲ၊ ဘယ်သူနှင့် စားလဲဆိုသည်ကိုသာ ဖန်ကျန်းရီ ဂရုစိုက်ခြင်း ဖြစ်သည်။
ယခု ရရှိထားသော သတင်းအချက်အလက် အနည်းငယ်ဖြင့် ကျန်းကျန်မြို့တွင် အကျင့်ပျက် ခြစားမှုများ မည်မျှဆိုးရွားနေကြောင်း ဆုံးဖြတ်ရန် ခက်ခဲသေး၏။
မြို့ပြင်ရှိ ဘေးဒုက္ခသည်များက နေရာအနှံ့ ရှိနေသဖြင့် အချိန်ဆွဲနေ၍ မရချေ။ ပြစ်မှုဆိုင်ရာ အထောက်အထားများ ကို အမြန်ဆုံး စုဆောင်းပြီး ရှုပ်ထွေးနေသော ပြဿနာများကို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်ရှင်းလင်းရန် လိုအပ်သည်။
"အများကြီး မမေးနဲ့။ သွားလုပ်တော့။ မနက်ဖြန် နေ့လယ်ကျမှ အခွင့်အရေးရှာပြီး ကျုပ်ဆီ လာခဲ့။"
ပိုင်ရွေ့က ခေါင်းညိတ်လိုက်ပြီး နံရံပေါ်သို့ ခုန်တက်ကာ ပျောက်ကွယ်သွား၏။
ဖန်ကျန်းရီကလည်း မှာကြားပြီးနောက် လမ်းကြားထဲမှ ထွက်လာကာ စားသောက်ဆိုင်ဘေးသို့ ပြန်သွားပြီး ရထားလုံးပေါ်သို့ တိုက်ရိုက် တက်သွားသည်။
ထို့နောက် ရထားလုံးမောင်းသူကို မြို့ထဲတွင် နှစ်ပတ်ခန့် လှည့်ပတ်မောင်းနှင်စေရာ ပြည့်တန်ဆာအိမ်များနှင့် စားသောက်ဆိုင် အများအပြားတွင် စီးပွားရေး ကောင်းမွန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ကြီးမားသော ပြည့်တန်ဆာအိမ် အချို့၏ တံခါးဝတွင် ခပ်ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးများက ဧည့်သည်များကို ဆွဲဆောင်နေသည်။ ချိုသာသော အသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။
အကြမ်းဖျင်း ကြည့်ရှုပြီးနောက် ဖန်ကျန်းရီက ရထားလုံးမောင်းသူကို အိမ်ပြန်ရန် အလျင်စလို ခိုင်းစေလိုက်သည်။
အိမ်ရှေ့သို့ ရောက်သောအခါ မမျှော်လင့်ဘဲ လူသုံးယောက် ရောက်ရှိနေ၏။
အဝတ်အစားများကို ကြည့်ရသည်မှာ ချစ်စရာကောင်းသော အစေခံမလေး နှစ်ဦးနှင့် သန်မာတောင့်တင်းပုံရသော အစောင့်တစ်ဦးဖြစ်သည်။
သူတို့သုံးဦးက ဖန်ကျန်းရီ ရထားလုံးပေါ်မှ ဆင်းလာသည်ကို မြင်သည်နှင့် ချက်ချင်း အနားသို့ ကပ်လာကြ၏။
ထိုအထဲမှ အရည်ကြည်လင်နေသော မျက်လုံးဝိုင်းကြီးများဖြင့် အစေခံမလေး တစ်ဦးက ဖန်ကျန်းရီကို အချစ်ရည်လဲ့နေသော အကြည့်ဖြင့် ကြည့်ကာ ချိုသာစွာ မေးလိုက်သည်။ "မေးပါရစေ။ အမတ်မင်းဖန်များလားရှင်။"
"ဟုတ်ပါတယ်။ ခင်ဗျားတို့က...။"
"ကျွန်မက ဟုန်ယောင် ပါ။"
အခြား အစေခံမလေးကလည်း ချိုသာစွာ ဆို၏။ "ကျွန်မက လွီလျို ပါ။"
"ကျုပ်က ကျိုးတဟိုင် ပါ။"
ဖန်ကျန်းရီက ကျေနပ်စွာဖြင့် ဆိုလိုက်သည်။
"ကောင်းပြီ။ ခင်ဗျားတို့က မြို့ဝန်မင်းလျို လွှတ်လိုက်တဲ့သူတွေ ဖြစ်ရမယ်။ လာ…. ဝင်ကြ။"