← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 12 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 12 Ch. 207-208

အပိုင်း (၂၀၇) ဖန်ကျန်းရီ၏ ကြီးမားသော လျှို့ဝှက်ချက်>

နောက်တစ်နေ့ နံနက်ပိုင်းတွင် ဟုန်ယောင်၊ လွီလျိုနှင့် ကျိုးတဟိုင်တို့ သုံးဦးသည် မြို့ဝန်ရုံးတော်ရှိ အခန်းငယ်လေး တစ်ခုသို့ ရောက်ရှိနေကြ၏။

မိန်းကလေးနှစ်ဦးက နေရာတွင် ကြောက်ရွံ့တုန်လှုပ်စွာ မတ်တတ်ရပ်နေပြီး မနေ့ညက ဖြစ်ပျက်ခဲ့သော ကြောက်မက်ဖွယ် ဇာတ်လမ်းကို ပြောပြနေကြသည်။

ကျိုးတဟိုင်မှာမူ မျက်လုံးများ ပြူးကျယ်နေပြီး မျက်လုံးအစုံတွင်လည်း တစ်ခါတစ်ရံ ကြောက်လန့်မှုများ ဖြတ်ပြေးသွား၏။

အကြောင်းစုံ ပြောပြပြီးချိန်မှာတော့ ကျိုးတဟိုင်က ရုတ်တရက် ဝါးလုံးကွဲ အော်ငိုတော့သည်။

မြေပြင်ပေါ်တွင် ဒူးထောက်ကာ လျိုရွှင်၏ ပေါင်ကို ဖက်၍ အဆက်မပြတ် လှုပ်ယမ်းကာ ဆို၏။ "သခင်ကြီး... သခင်ကြီး … တခြားလူ တစ်ယောက်လောက် လွှတ်လိုက်ပါ။ ကျုပ် တကယ်ကို ကြောက်နေပါပြီ။

ကျုပ် အိမ်ထောင်တောင် မပြုရသေးဘူး။ တကယ်လို့ ဖန်ကျန်းရီသာ အကြံအောင်သွားရင် ရှေ့ဆက် ဘယ်လို လူလုံးပြရတော့မှာလဲ။"

ဟုန်ယောင်နှင့် လွီလျိုတို့က သူတို့၏ မျက်နှာများကို လက်ဖြင့် ကမန်းကတန်း ကွယ်လိုက်ကြ၏။ သူတို့လည်း ကြောက်ရွံ့နေကြသည်။ ဖန်ကျန်းရီက ပုံမှန် မဟုတ်ဟု ခံစားနေရ၏။

မိန်းမတွေရဲ့ ခန္ဓာကိုယ်ကို မြင်ရရင် ရွံတယ်တဲ့။ တကယ်လို့ စိတ်မကျေနပ်တဲ့ နေ့တစ်နေ့များ ကြုံလာခဲ့ရင် သူတို့ကို ရိုက်သတ်ပစ်မှာလား။

လျိုရွှင်၏ မျက်မှောင်များက ကြုံ့သွားပြီး ကျိုးတဟိုင်၏ ငိုယိုအော်ဟစ်သံများကြောင့် စိတ်ရှုပ်လာ၏။ ထို့နောက် ကျိုးတဟိုင်ကို ခြေထောက်ဖြင့် ကန်ချလိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"ခွေးကောင် …. ဒီကိစ္စလေးတစ်ခုတောင် ကောင်းကောင်း မလုပ်နိုင်ဘူး။ သူ မင်းကို နှိပ်စက်တာ မပြောနဲ့အုံး။ နောက်ထပ် တစ်ခွန်း ထပ်ပြောရင် ငါတောင် မင်းရဲ့ ခွေးခေါင်းကို အရင် ဖြတ်ချင်လာပြီ။"

ကျိုးတဟိုင်က ထိုစကားကို ကြားသောအခါ လျိုရွှင်၏ ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေတော့၏။

"မနေ့ညက ဖန်ကျန်းရီနဲ့ မင်းနဲ့ ဘာဖြစ်ခဲ့လဲ။ အသေးစိတ် ပြောစမ်း။"

ကျိုးတဟိုင်က လျိုရွှင်ကိုတစ်လှည့်၊ ဟုန်ယောင်နှင့် လွီလျိုတို့ကို တစ်လှည့် ကြည့်လိုက်ပြီး နှုတ်ခမ်းများ လှုပ်ရွသွား၏။ ထို့နောက် အက်ရှရှ အသံဖြင့် တီးတိုး ပြန်ဖြေသည်။ "မနေ့ညက ကျုပ် အခန်းထဲကို ဝင်သွားတော့... ဖန်ကျန်းရီက သူ့ရဲ့ ကုတင်ဘေးမှာ ထိုင်ခိုင်းတယ်။ ပြီး... ပြီးတော့ သူက ငွေဆယ်တေလ်း ပေးတယ်။ ကျုပ်ကို... သူနဲ့အတူ အိပ်ခိုင်းတယ်။ ဝူး... ဝူး... အီး .. အီး …။"

လျိုရွှင်က စိတ်ဝင်စားစွာ နားထောင်နေစဉ်မှာပဲ ကျိုးတဟိုင်၏အသုံးမကျသော ပုံစံကို မြင်တော့ ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ပြန်၏။

"သောက်ကျိုးနည်း... မြန်မြန်ပြောစမ်း။ ဒီမှာ လာပြီး အချိန်မဆွဲနဲ့။"

ကျိုးတဟိုင်က ရှိုက်ငိုရင်း ဆိုသည်။ "သူ့မှာ ငွေစက္ကူတွေ အများကြီး ရှိတယ်။ အိတ်တစ်လုံး အပြည့်ပဲ။ ကျုပ် ငြင်းလိုက်တော့ သူက အတင်းအဓမ္မ လုပ်ဖို့ ကြိုးစားတယ်။

နောက်ဆုံးတော့ ကျုပ် အသေအလဲ ရုန်းကန်လို့ သူ အကြံမအောင်ခဲ့ဘူး။ ဒါပေမဲ့ သူက ဒေါသထွက်ပြီး ကျုပ်ကို ရိုက်နှက်တယ်။ ပြီးတော့... နောက်ပိုင်းကျရင် ဖြည်းဖြည်းချင်း သွန်သင်ဆုံးမဖို့ အချိန်တွေ အများကြီး ရှိသေးတယ်လို့ ပြောတယ်။

သခင်ကြီး... ကျုပ် တကယ် မလုပ်နိုင်ဘူး။ တခြားလူ တစ်ယောက်လောက် ပြောင်းပေးဖို့ တောင်းပန်ပါတယ်။

အဲဒီလူယုတ်မာက ကျုပ်ကို ရိုက်ရုံတင် မကဘူး။ ကျုပ်ဆီက ငွေတွေကိုပါ လုယူသွားသေးတယ်။ ကျုပ်က ဈေးဝယ်ရင်း သူ့ပိုက်ဆံကို ခိုးထားတယ်လို့ စွပ်စွဲပြီး ယူသွားတာ။ အဲဒီ အသားဟင်းတွေ တစ်ဝိုင်းလုံးကို ဒီခေတ်မှာ ငါးတေလ်းနဲ့ ဘယ်လောက်မှာလဲ။ ကျုပ် ပိုက်ဆံတောင် စိုက်ထားရသေးတယ်။"

ကျိုးတဟိုင်က အသံကျယ်လောင်စွာဖြင့် ငိုကြွေးနေတော့၏။

လျိုရွှင်၏ စိတ်ထဲတွင်တော့ ကြီးမားသော တုန်လှုပ်မှုကြီး ဖြစ်ပေါ်နေသည်ကို သူ မသိချေ။

ဒီလူက လောဘကြီးပြီး ယောက်ျားတွေကို သဘောကျရုံတင် မကဘူး၊ အမဲသားကိုပါ စားရဲသေးတယ်။ ဒါ ဥပဒေကို ဂရုမစိုက်တာပဲ။

ဒီလိုလူမျိုးက မြို့တော်မှာ ဘယ်လိုလုပ် အောင်မြင်နေတာလဲ။ သူ့ကို ဒီလို ရဲတင်းခွင့် ပေးထားတာ ဘယ်သူလဲ။

သေချာပေါက် အိမ်ရှေ့စံပဲ ဖြစ်ရမယ်။ ဒီလူက... ဒီလူက အိမ်ရှေ့စံရဲ့ အချစ်တော် ဖြစ်ရမယ်။

မဟုတ်ဘူး... မဟုတ်သေးဘူး။ အခြေအနေကို ကြည့်ရတာ ဖန်ကျန်းရီက အပေါ်စီးကနေ နေတဲ့သူ ဖြစ်ရမယ်။

ကောင်းကင်ဘုံ …..။

လျိုရွှင်က လေအေးတစ်ချက် ရှိုက်သွင်းလိုက်ပြီး ကြီးမားသော လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိသွားသလို ခံစားလိုက်ရ၏။

ဟုတ်တယ်။ အခြေအနေက ဒီလိုပဲ ဖြစ်ရမယ်။

ဖန်ကျန်းရီက မြို့တော်ထဲမှာ သတင်းစာတွေ ထုတ်ပြီး အဲဒီလိုမျိုး လုပ်ရဲတာ မဆန်းဘူး။ ပထမဆုံးအကြိမ် တွေ့တုန်းက သူကိုယ်တိုင်တောင် လန့်သွားခဲ့ရသေးတယ်။

လောကကြီးမှာ ဒီလောက် ရဲတင်းတဲ့လူ ရှိတယ်လို့ မထင်ခဲ့ဘူး။ အခုတော့ အားလုံးကို နားလည်သွားပြီ။

ဒီဖန်ကျန်းရီက အိမ်ရှေ့စံရဲ့ မျက်နှာသာပေးမှုကို အားကိုးပြီး ထင်တိုင်းကြဲနေတာပဲ။ သတင်းစာထဲက အကြောင်းအရာတွေက တိုင်းပြည်က လူအားလုံးကို ဒေါသထွက်စေခဲ့တာ။ ဒီလို ကြီးလေးတဲ့ အပြစ်မျိုးက သေချာပေါက် အသတ်ခံရသင့်တာ။

ဘုရင်မင်းမြတ်ရှေ့တော်မှောက်မှာ အိမ်ရှေ့စံက အစွမ်းကုန် ကာကွယ်ပေးခဲ့လို့သာ သေဒဏ်ကနေ လွတ်သွားတာ ဖြစ်ရမယ်။ ပြီးတော့ သူ့ဦးလေးက အမတ်ချုပ်ကြီး လီယန်စုန် ဖြစ်နေလို့ ကျန်းကျန်မြို့ရဲ့ ဒုတိယမြို့ဝန် အဖြစ်တောင် ခန့်အပ်ခံရတာပဲ။

လျိုရွှင်က စိတ်ကူးယဉ် အတွေးများဖြင့် ဇာတ်လမ်းကို အစအဆုံး ဆက်စပ်ကြည့်လိုက်ရာ ယုတ္တိတန်သည်ဟု ပို၍ ခံစားလာရသည်။

ဒါကိုကြည့်ရင်... ဒီလူက အရည်အချင်း မရှိတဲ့၊ လောဘကြီးပြီး ကာမဂုဏ် လိုက်စားတဲ့ လူယုတ်မာ တစ်ယောက်ပဲ။

ဒါဆိုရင် စိတ်ပူစရာ မလိုတော့ဘူး...။

လျိုရွှင်က စိတ်လှုပ်ရှားစွာဖြင့် တစ်ကိုယ်လုံး တုန်ယင်လာ၏။ ဤမျှ ကြီးမားသော လျှို့ဝှက်ချက်ကို သူ အလွယ်တကူ ရှာဖွေတွေ့ရှိသွားခဲ့ပြီ မဟုတ်လား။

နောက်ဆိုလျှင် ဖန်ကျန်းရီကို ကောင်းကောင်းကြီး အသုံးချလို့ ရပြီ။

လျိုရွှင်က မျက်နှာကို တည်တင်းလိုက်ပြီး သူတို့သုံးယောက်ကို ကြည့်ကာ ဆိုသည်။ "ခင်ဗျားတို့ ပြန်သွားကြ။ ဖန်ကျန်းရီကို သေချာ ပြုစုပေးရမယ်။ ကြားလား။"

"ကျိုးတဟိုင်… မင်း သူ့သဘောကို လိုက်လျောရမယ်။ တကယ်လို့ သူ နည်းနည်းလေး မကျေနပ်တာနဲ့... မင်းကို လုံးဝ ခွင့်မလွှတ်ဘူး။ အားလုံး သွားကြတော့။"

"အာ... ကျုပ်။" ကျိုးတဟိုင်မှာ ငိုရမလို ရယ်ရမလို ဖြစ်နေ၏။

...

သူတို့ စကားပြောနေချိန်တွင် ဖန်ကျန်းရီက ဘဏ္ဍာရေးရုံးခန်း၌ ကျန်းကျန်မြို့၏ စပါးကျီ စာရင်းများကို စစ်ဆေးနေပြီ ဖြစ်သည်။

စာရင်းစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်များ၌ အမှားအယွင်း တစ်စုံတစ်ရာ မရှိချေ။ မြို့တော်မှ ပို့လိုက်သော ဆန်စပါး နှစ်သောင်းမှလွဲ၍ ကျန်ရှိသော အဝင်အထွက် စာရင်းများ အားလုံး ကိုက်ညီနေ၏။

ခိုင်လုံသော အထောက်အထားများ ရှိနေပြီး အပြစ်ရှာရန် ခက်ခဲလှသည်။

သို့ပေမည့် တောက်ယွမ်ခရိုင်မှ လူများက သူ့ကို လိမ်ညာမည် မဟုတ်ချေ။ အကယ်၍ မမျှော်လင့်ထားသော ကိစ္စများ မရှိပါက ဤလူများက တိုင်းပြည် ဒုက္ခရောက်နေချိန်တွင် အမြတ်ကြီး စားရန် ကြိုးစားနေခြင်းသာ ဖြစ်ရမည်။

နောက်ထပ် နှစ်နှစ်ခန့်အကြာ ကန်စွန်းဥ စိုက်ပျိုးမှုများ ပျံ့နှံ့လာပါက စပါးကျီထဲရှိ ရိက္ခာများကို တဖြည်းဖြည်းချင်း လဲလှယ်သွားနိုင်သည်။

ကန်စွန်းဥ၏ အထွက်နှုန်းကို လူတိုင်း သိရှိနေကြပြီ ဖြစ်ရာ ဆန်ဈေးနှုန်း ကျဆင်းလာမည် ဆိုသည်ကိုလည်း အားလုံး လက်ခံထားကြပြီ ဖြစ်၏။

ဒီတစ်ခေါက်... ဘယ်နှစ်ယောက်လောက် အစာနင်သွားမလဲ မသိဘူး။ ဒါပေမဲ့ ဒီလူတွေရဲ့ ငွေတွေက ငွေတွေ မဟုတ်ဘူး၊ လူ့အသက်တွေပဲ။

ဖန်ကျန်းရီက အေးစက်သော မျက်နှာထားဖြင့် စာရင်းစာအုပ်ကို ပိတ်လိုက်၏။ ထို့နောက် ဘေးရှိ စာရေးကို မေးလိုက်သည်။ "ကောင်းတယ်။ စာရင်းစာအုပ်က ပြဿနာ မရှိဘူး။ ဒါပေမဲ့... ကျုပ်က မြို့တော်ကနေ လာတာ။ မြို့တော်ကနေ ကျန်းကျန်မြို့ကို ရိက္ခာ နှစ်သောင်း ပို့လိုက်သင့်ပြီ။ စာရင်းစာအုပ်ထဲမှာ ဘာလို့ မှတ်တမ်း မရှိတာလဲ။"

စာရေးက သူ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်ကို မြင်သောအခါ ရိုသေစွာ ဖြေကြားလိုက်၏။

"အမတ်မင်း... အဲဒီ ရိက္ခာတွေက ရောက်လာပါပြီ။ ပုံမှန်ဆိုရင် နေရာအသီးသီးကို ခွဲဝေပို့ဆောင်ရမှာ ဖြစ်ပေမဲ့ အခု ဘေးဒုက္ခက ပြင်းထန်ပြီး လူအင်အား မလုံလောက်လို့ နည်းနည်း နှောင့်နှေးသွားတာပါ။ နောက်ရက် အနည်းငယ်နေရင် စာရင်းသွင်းပြီးပါပြီ။"

"အင်း။" ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင်တော့ လှောင်ပြောင်နေ၏။ မှိုတက်နေတဲ့ ဆန်တွေ၊ သဲတွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ရမယ်။

သူကိုယ်တိုင်လည်း အရှိန်မြှင့်မှ ရမည်။ အကျင့်ပျက် ခြစားနေသော အရာရှိများနှင့် လျှို့ဝှက်ပူးပေါင်းနေသော ရိက္ခာကုန်သည်များ၏ ပြစ်မှုဆိုင်ရာ အထောက်အထားများကို အမြန်ဆုံး ရှာဖွေတွေ့ရှိမှသာ အရေးယူနိုင်မည်။

အကယ်၍ လှုပ်ရှားမှု ကြီးမားသွားပါက သို့မဟုတ် အထောက်အထား မလုံလောက်ပါက၊ပထမအချက် အနေဖြင့် ထိုလူများက ကြိုတင် ထွက်ပြေးသွားပြီး ပြစ်မှုဆိုင်ရာ အထောက်အထားများကို ဖျက်ဆီးပစ်ကြလိမ့်မည်။

အကယ်၍ လျိုရွှင်သာ အဓိက ကြိုးကိုင်သူ ဖြစ်ပါက သူ၏ တပ်ဖွဲ့များဖြင့် ပြန်လည် တိုက်ခိုက်လာနိုင်၏။

ဒုတိယအချက်အနေဖြင့် နန်းတော်ထဲတွင် သူ့ကို မုန်းတီးနေသူ အများအပြား ရှိလေရာ အထောက်အထား မခိုင်လုံဘဲ ရမ်းသန်း သတ်ဖြတ်ပါက နောက်ဆုံးတွင် အခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်လည်း သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။

သတိထားပြီး လှုပ်ရှားရမည်။

မြို့ပြင်ရှိ ဒုက္ခသည်များကို တွေးမိသောအခါ ဖန်ကျန်းရီက ခေါင်းကိုက်လာ၏။ တစ်ရက် အချိန်ဆွဲလေ လူအများအပြား သေဆုံးလေ ဖြစ်သော်လည်း သူက အလောတကြီး လုပ်၍လည်း မရချေ။

ဆုလာဘ်တွေ ပေးတဲ့၊ အဆင့်တက်တဲ့ စနစ်မျိုးသာ ရှိရင် သောက်ကျိုးနည်း ကောင်းမှာပဲ။ ဝိညာဉ် ကူးပြောင်းလာတယ် ဆိုပေမဲ့ ငါ့ကျမှ ဘာလို့သောက်ခွေး စနစ်တွေ ဘာတွေမရှိရတာလဲ။ ရှမ့်လန်လို AI ကွန်ပြူတာကြီး ပါလာရအောင်လည်း ငါက အရင်ဘဝက လမ်းပေါ်ပဲ လျှောက်သွားနေတာ။ ကွန်ပြူတာနား နေတာ မဟုတ်ဘူး။

ဖန်ကျန်းရီက တွေးလေလေ စိတ်ရှုပ်လေလေ ဖြစ်လာပြီး ဘေးရှိ စာရေးကို အမိန့်ပေးလိုက်၏။ "ကျုပ် အပြင်ထွက် လမ်းလျှောက်လိုက်အုံးမယ်။ ခင်ဗျားတို့ ဆက်လုပ်ကြ။"

ပြောပြီးသည်နှင့် အပြင်သို့ ထွက်သွားသည်။

ဖန်ကျန်းရီက မြို့ဝန်ရုံးတော်မှ တိုက်ရိုက် ထွက်လာပြီး ဘယ်ညာ အကဲခတ်ကြည့်ကာ ဘာမှ မဖြစ်သကဲ့သို့ လူရှင်းသော လမ်းကြားလေးထဲသို့ ဝင်သွား၏။

မကြာမီမှာပင် ပိုင်ရွေ့က နံရံကို ကျော်ဖြတ်ကာ ရောက်ရှိလာသည်။ သူ၏ လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်ပြီး ငှက်တစ်ကောင်ကဲ့သို့ လျင်မြန်လှ၏။

ဖန်ကျန်းရီက ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အားကျသွားသည်။ ပိုင်ရွေ့၏ သိုင်းပညာက တကယ်ကို အထင်ကြီးလောက်စရာပင်။

ယခင်က လူဒါဇင်လောက်နှင့် ချေးခွက်တွေ ကိုင်ပြီး အောက်ကနေ ပိတ်မဖမ်းထားဘူးဆိုလျှင် သူ့ကို ဖမ်းမိဖို့ မလွယ်ချေ။

ပိုင်ရွေ့က ဖန်ကျန်းရီကို မြင်သည်နှင့် ချက်ချင်း သတင်းပို့လိုက်၏။ "သခင်လေး... စုံစမ်းလို့ ရပါပြီ။"

"မနေ့ညက သူတို့ တကယ်ပဲ ရုံးတော်ကို ပြန်သွားကြတယ်။ အထဲမှာ အစောင့်အကြပ်တွေ တင်းကျပ်နေလို့ ကျုပ် ဝင်လို့ မရဘူး။ ဒါပေမဲ့ နံရံပေါ်ကနေ ကြည့်တော့ သူတို့ အခန်းတစ်ခန်းထဲကို ဝင်သွားပြီး တံခါးကို ပိတ်လိုက်ကြတယ်။

ဘယ်သူတွေ ပါလဲဆိုတာ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမြို့ဝန်တော့ သေချာပေါက် ပါတယ်။ ညသန်းခေါင်ယံလောက်ကျမှ လူတစ်ယောက် ထွက်လာပြီး စားကြွင်းစားကျန်တွေကို လာသွန်တာ တွေ့တယ်။ အဲဒီထဲမှာ ပစ္စည်းကောင်းတွေ အများကြီး တွေ့တယ်။"

"ကမာ၊ ပင်လယ်စာ၊ ငါးမန်းတောင်... အစုံပဲ။ ဝက်ရိုးတွေ၊ နွားရိုးတွေလည်း ပါတယ်။ အားလုံးက တန်ဖိုးကြီး ဟင်းလျာတွေချည်းပဲ။"

ဖန်ကျန်းရီက အံ့အားသင့်စွာ မေးလိုက်သည်။ "ခင်ဗျား သွန်ပစ်တဲ့ အမှိုက်တွေထဲကနေတောင် ဝက်ရိုးနဲ့ နွားရိုးကို ခွဲခြားသိနိုင်တယ်ပေါ့။"

ပိုင်ရွေ့က မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။

လာပြီ... လာပြန်ပြီ။ သခင်လေးက ထူးဆန်းတဲ့ အရာတွေကိုပဲ အာရုံစိုက်နေပြန်ပြီ။

"ကျုပ်... ရိုးတွင်းခြင်ဆီ မစားရသေးတာ တွေ့လို့ နှစ်ခါလောက် စုပ်ကြည့်လိုက်တာပါ။”

အပိုင်း (၂၀၈) အဆင့်မြင့် အစားအသောက်။

ဖန်ကျန်းရီက ပိုင်ရွေ့ကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ခင်ဗျားက တကယ်ကို ရွံစရာကောင်းတာပဲ။ တောက်ယွမ်ခရိုင်မှာ ထမင်းမစားရလို့လား။ ဒီကိုရောက်မှ အမှိုက်တွေ ကောက်စုပ်နေရတယ်လို့။"

ပိုင်ရွေ့က ရှက်ရွံ့စွာဖြင့် ဆိုသည်။ "တောင်းပန်ပါတယ် သခင်လေး။ ကျုပ်... စားချင်စိတ် ပေါ်လာလို့ မထိန်းနိုင်ဖြစ်သွားတာပါ။"

ထို့နောက် ညည်းတွားလိုက်၏။ "သခင်လေး မသိလို့ပါ။ ရှဲ့ရှန်းဆိုတဲ့ လူက ငွေကုန်မှာစိုးလို့ နေ့တိုင်း ကုန်ကျစရိတ်ကို လျှော့ချရမယ် ဆိုပြီး အရမ်း ကပ်စေးနဲတာ။ ကျုပ်တို့ကို ကောင်းကောင်းတစ်ခါမှ မကျွေးဘူး။ သူကျတော့ နေ့တိုင်း ချမ်းသာတဲ့ ကုန်သည်တွေနဲ့ သွားတွေ့ပြီး ကျုပ်တို့အတွက်တော့ စားကြွင်းစားကျန်တွေပဲ ယူလာပေးတယ်။

ကျုပ်တို့က လူနှစ်ဆယ်ကျော်တောင်ရှိတာလေ။ ဘယ်လိုလုပ် လောက်မှာလဲ။"

ထိုအကြောင်းကို ပြောရင်း ပိုင်ရွေ့၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာ၏။ ဤအလုပ်က တကယ်ကို ဒုက္ခရောက်လှသည်။ ယခင် အပြင်မှာ စီးပွားရေး လုပ်တုန်းကဆိုရင် နေ့တိုင်း အသားငါးတွေ စားရသည်။ ယခု အကြီးမားဆုံးအလုပ်ကို လက်ခံထားရသော်လည်း ရေကျဲကျဲ ဟင်းရည်တွေပဲ သောက်နေရသည်။

"အင်း … ရှဲ့ရှန်း လုပ်တာ ကောင်းတယ်။ ပြန်ရောက်ရင် သူ့ကို ဆုချရမယ်။" ဖန်ကျန်းရီက ချီးကျူးလိုက်၏။

ပညာတတ်တွေက တကယ်ကို မတူဘူးပဲ။ ဒီခိုးဆိုးလုနှိုက်၊ ဓားပြတွေထက် အများကြီး ပိုကျွမ်းကျင်တယ်။

ပိုင်ရွေ့၏ မျက်နှာထား မသာမယာ ဖြစ်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံးလိုက်၏။ "ရပြီ။ ခင်ဗျားတို့ ဒီတစ်ခေါက် အလုပ်ထွက်လုပ်ရတာ မလွယ်ဘူးဆိုတာ သိပါတယ်။ ပြန်ရောက်ရင် ကျုပ် .. သခင်လေး ကိုယ်တိုင် ဆုချပါ့မယ်။ မကြာခင်အချိန်အတွင်းမှာပဲ ခင်ဗျားတို့ ကျန်ကျန်းမြို့မှာ ပျော်ပျော်ပါးပါး နေနိုင်တဲ့ ဘဝမျိုး ရစေရမယ်။

ဒါပေမဲ့ နှုတ်တော့ လုံပါစေ။ တခြားလူတွေကို မပြောနဲ့နော်။"

ပိုင်ရွေ့က ချက်ချင်းပင် မျက်နှာဝင်းပသွား၏။ သခင်လေးက ကစားမယ်ဆိုရင် တကယ် ကစားမှာပဲ။ ပြီးတော့ ဆရာဝူလည်း ရှိနေသေးတယ်။

"သခင်လေး... ဘာခိုင်းစရာ ရှိသေးလဲ။"

ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်ကာ သေချာစွာ စဉ်းစားလိုက်သည်။ "အင်း... ခင်ဗျား လောင်ချီဆီ သွားပြီး ဓာတ်ပြားဖွင့်စက် တစ်လုံး လုပ်ခိုင်းလိုက်။ ခပ်သေးသေးလေး ဖြစ်ရင် ပိုကောင်းမယ်။ ပြီးတော့ ကျန်းပြောင်ကို ငွေပြားတွေ အများကြီး ရိုက်ခိုင်းလိုက်။ သေသေသပ်သပ်လေး ဖြစ်အောင် လုပ်ခိုင်းနော်။"

"ဓာတ်ပြားဖွင့်စက်ဆိုတာ ဘာကြီးလဲ။" ပိုင်ရွေ့က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။

ဓာတ်ပြားဖွင့်စက်ဆိုသည်က နည်းပညာ အရမ်း မြင့်မားသည်တော့ မဟုတ်သော်လည်း တောက်ယွမ်ခရိုင်တွင် အဆင့်မြင့် လျှို့ဝှက် ပရောဂျက်တစ်ခု ဖြစ်ခဲ့၏။ လူအနည်းငယ်သာ သိရှိပြီး ဖန်ကျန်းရီကိုယ်တိုင် အင်တာနက်ပေါ်တွင် ဖတ်ဖူးသည်များကို ပြန်လည် စဉ်းစားကာ လောင်ချီကို လမ်းညွှန်၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

လောင်ချီက လက်သမား တစ်ဦး ဖြစ်ပြီး အတွေ့အကြုံများစွာ ရှိသည့်အပြင် လက်မှုပညာလည်း ကျွမ်းကျင်လေရာ အနည်းငယ် ပြောပြရုံဖြင့် နားလည်နိုင်သည်။ ထို့ကြောင့် တောက်ယွမ်ခရိုင်တွင် သူ၏ အဆင့်အတန်းက အမြဲတမ်း မြင့်မားနေခဲ့၏။

"ခင်ဗျား အများကြီး မေးဖို့ မလိုဘူး။ လောင်ချီဆီ စကားပါးလိုက်ရုံနဲ့ သူ နားလည်လိမ့်မယ်။ ပြီးရင် ပစ္စည်းကို ကျုပ်ဆီ ယူလာခဲ့။"

"ဟုတ်ကဲ့။"

ပိုင်ရွေ့က ပြောပြီးသည်နှင့် တစ်ပတ်လှည့်ကာ ပျောက်ကွယ်သွားသည်။

ဖန်ကျန်းရီလည်း မှာကြားစရာ ရှိသည်များကို မှာကြားပြီးနောက် လက်နောက်ပစ်ကာ ဘဏ္ဍာရေးရုံးခန်းသို့ ပြန်လာခဲ့၏။ ထိုအချိန်တွင် ထမင်းစားချိန်ရောက်နေပြီဖြစ်ရာ စာရေးများအားလုံး အပြင်သို့ ထွက်သွားကြပြီ ဖြစ်၏။

ဖန်ကျန်းရီက အခန်းထဲတွင်ထိုင်ကာ အခြားစာရင်းစာအုပ်များကို ပျင်းရိစွာ လှန်လှောကြည့်နေစဉ် ဝေ့ရှန်းက ထမင်းချိုင့်တစ်လုံးကိုင်ကာ ဝင်လာသည်။ ဖန်ကျန်းရီကို ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "အမတ်မင်းဖန် …. ထမင်းစားချိန်ရောက်ပြီဆိုတော့ ဗိုက်ဆာနေလောက်ပြီ။"

ဖန်ကျန်းရီက ထမင်းချိုင့်ကို ကြည့်ကာ ပြုံးလိုက်၏။

ဒီလောက်မြန်မြန် ကျုပ်ကို အစားအသောက်ကောင်းတွေ ပို့ပေးနေပြီလား။

ဖန်ကျန်းရီက ခေါင်းငုံ့ကာ စာရင်းစာအုပ်များကို ဆက်ကြည့်နေရင်း ဆိုသည်။ "ရှောင်ရှန်း... ခင်ဗျား ကိုယ်တိုင် လာပို့စရာ မလိုပါဘူး။ အောက်ခြေလူတွေကိုပဲ ပို့ခိုင်းလိုက်ပေါ့။ ဒုက္ခပေးသလိုဖြစ်သွားပြီ။

ဒါပေမဲ့... နောက်ဆိုရင် အဲဒီ ဆန်ပြုတ်တွေ၊ ဟင်းရွက်တွေ ကျုပ်ကို မပို့နဲ့တော့။ ကျုပ် စားမတတ်ဘူး။ အပြင်မှာ စားသောက်ဆိုင်တွေ ရှိတယ် မဟုတ်လား။"

ဝေ့ရှန်းက ရှေ့တိုးကာ ဆို၏။ "အမတ်မင်း... ဒါက မြို့ဝန်မင်းလျို ကိုယ်တိုင် ပို့ခိုင်းလိုက်တာပါ။ မြို့ဝန်မင်းလျိုက လက်အောက်ငယ်သားတွေကို အမြဲတမ်း ဂရုစိုက်ပါတယ်။

"အမတ်မင်းက မြို့တော်ကနေ အဝေးကြီး လာပြီး ဒီကအစားအစာတွေကို စားမတတ်ဘူးဆိုတာ သိလို့ အထူးတလည် အရသာရှိတဲ့ အစားအစာတွေ ပြင်ဆင်ပေးလိုက်တာပါ။"

ပြောပြီးသည်နှင့် ထမင်းချိုင့်ကို ဖွင့်ပြလိုက်ရာ အတွင်း၌ အမဲသားနှပ် တစ်ပွဲနှင့် ထမင်းဖြူ တစ်ပွဲ ပါရှိသည်။

"အမတ်မင်း… ဒါက အမဲသားပါ။ ဒီအရာက ရဖို့ သိပ်မလွယ်ဘူး။ မြို့ဝန်မင်းကိုယ်တိုင်တောင် မစားရဘူး။ စိတ်ချပါ... ဒီနွားက ပင်ပန်းလွန်းလို့ သေသွားတာပါ။ နွားသတ်ခွင့်လက်မှတ်လည်း ရှိပါတယ်။"

ဟမ့်... လျှောက်ပြောနေ။ တောက်ယွမ်ခရိုင်မှာ နွားဘယ်နှစ်ကောင်လောက် ပင်ပန်းပြီး သေသွားလဲဆိုတာတောင် မသိနိုင်တော့ဘူး။ ခင်ဗျားကို ယုံမယ် ထင်နေလား။ ဖန်ကျန်းရီက စိတ်ထဲတွင် အထင်သေးစွာ တွေးလိုက်သည်။

ပြီးနောက် အမဲသားနှပ်ကို အေးစက်စက် ကြည့်ကာ သက်ပြင်းချလိုက်၏။ "ကျွတ်... မြို့ဝန်မင်းလျိုရဲ့ ဂရုစိုက်မှုက အောက်ခြေအရာရှိကို တကယ်ပဲ ဝမ်းသာကြည်နူးစေပါတယ်။ ဒါပေမဲ့... ဒီအမဲသားကိုတော့ တခြားလူတွေကိုပဲ ကျွေးလိုက်ပါ။"

ဝေ့ရှန်းက အံ့အားသင့်သွား၏။ "ဘာဖြစ်လို့လဲ။ ဒီဟင်းက အမတ်မင်း ခံတွင်းမတွေ့လို့လား။"

"ဟုတ်တယ်။"

ဖန်ကျန်းရီက နှုတ်ခမ်းသပ်လိုက်သည်။ "ဒီပင်ပန်းပြီးသေသွားတဲ့ နွားက သေချာပေါက် အရွယ်ရောက်ပြီးသား နွားဖြစ်မှာပဲ။ အရွယ်ရောက်ပြီးသား နွားကို ကျုပ် မစားဘူး။

မြို့တော်မှာတုန်းကဆိုရင် ကျုပ်က သုံးလသား အရွယ် နွားမလေး၊ ဩစတြေးလျ A5 ဝါဂယူး အမဲသားရဲ့ အနုဆုံး ခါးသားကို ယူပြီး ဟိမဝန္တာ တောင်တန်းက ရတဲ့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ နှင်းဆီကျောက်ဆားပြားပေါ်မှာ သေချာလေး ကင်စားတာ။

ကင်တဲ့အခါကျရင် ရို့စ်မေရီရယ်၊ ခရမ်းရောင် ဝါးဆားရယ် ထည့်ပြီးမှ စားတာ။ အဲဒါမှ တကယ့် အမဲသား စားတာလို့ ခေါ်တယ်။"

ဝေ့ရှန်းမှာ ချက်ချင်း ဆွံ့အသွားပြီး ဖန်ကျန်းရီကို ကြောင်တောင်တောင်ကြည့်နေမိ၏။

ဖန်ကျန်းရီက ဆက်ပြောနေသေးသည်။ "အမဲသားခေါက်ဆွဲဆိုရင်လည်း မဆိုးပါဘူး။ သုံးလသား အရွယ် အန်ဂတ်စ် နွားမလေးရဲ့ ပေါင်သားကို ယူပြီး နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဟင်းရည်နဲ့ ရှစ်နာရီကြာအောင် နှပ်ထားရတာ။ ဟင်းရည်ရော အသားရော ခေါက်ဆွဲပေါ် ဆမ်းပြီး စားရတာ။

ခေါက်ဆွဲကလည်း ရိုးရိုး ခေါက်ဆွဲ မဟုတ်ဘူး။ အကောင်းဆုံးကြက်ပေါက်လေးတွေကို ရွေးပြီး သွေးဖောက်၊ ဖယောင်းသုတ် အခြောက်ခံ၊ ဟင်းခတ်အမွှေးအကြိုင်ဆယ်မျိုးကျော်သုတ်လိမ်းပြီးမှ အမှုန့်ကြိတ်ပြီး အကောင်းစား ဂျုံမှုန့်နဲ့ ရောနယ်ရတာ။

နောက်ဆုံး ခေါက်ဆွဲဟင်းရည်ထဲမှာ အပျိုစင်လေးတွေရဲ့ ခြေထောက်နဲ့ နင်းထားတဲ့ အချဉ်ဖတ်လေး ထည့်စားရတာ။ ကျွတ်... အဲဒါမှ တကယ့် အရသာပဲ။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက စားပွဲပေါ်ရှိ အမဲသားနှပ်ကို နှမြောတသစွာ ကြည့်လိုက်၏။

ဝေ့ရှန်းမှာ အလွန်အမင်း တုန်လှုပ်သွားပြီ ဖြစ်သည်။

မြို့တော်က အထက်တန်းစားတွေရဲ့ ဘဝက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက တွေးတောင် မတွေးရဲတဲ့ ကိစ္စပဲ။ ပြီးတော့ ဟိမဝန္တာ နှင်းဆီကျောက်ပြားဆား၊ ဩစတြေးလျ A5 ဝါဂယူး နွားတဲ့။ ကောင်းကင်ဘုံ … ဒါတွေ အကုန်လုံးက နိုင်ငံခြားကနေ ဆက်သတဲ့ ပစ္စည်းတွေ ဖြစ်ရမယ်။ ဒါနဲ့ယှဉ်လိုက်ရင် မနေ့ညက မြို့ဝန်မင်းလျို စားခဲ့တာတွေက ချေးတွေပဲ။ ဒီအမဲသားကို သူ မစားတာ မဆန်းပါဘူး။ ငါသာဆိုရင်လည်း စားမှာ မဟုတ်ဘူး။

ဒါပေမဲ့ မြို့ဝန်မင်းလျိုခိုင်းလိုက်တဲ့အလုပ်က မပြီးသေးဘူး။

ဝေ့ရှန်းက ခေါင်းမာမာဖြင့် ဆို၏။ "အမတ်မင်းဖန်... အမတ်မင်း ပြောတဲ့ အရာတွေကို ကျုပ် တစ်ခါမှ မကြားဖူးဘူး။ အမတ်မင်း ဘာစားချင်သေးလဲ။ ကျုပ် အဆင်ပြေအောင် လုပ်ပေးပါ့မယ်။ မဟုတ်ရင် ဂရုစိုက်မှု မလုံလောက်လို့ဆိုပြီး မြို့ဝန်မင်းလျို အပြစ်ပေးလာရင် ကျုပ် ဒုက္ခရောက်ပါလိမ့်မယ်။"

ဖန်ကျန်းရီက စိတ်ထဲတွင် ရယ်မောလိုက်သည်။

ကျုပ်လည်း မစားဖူးဘူးဟ။ (Tiktok) ထဲမှာ လုပ်ပြတာတွေကို ကြည့်ထားတာ။ အသုံးဝင်တဲ့ အရာတွေကို သိပ်မမှတ်မိပေမဲ့ လေလုံးထွားတဲ့ အကြောင်းအရာတွေကိုတော့ အတိအကျ မှတ်မိနေတယ်။

"ဟူး... အသားမရှိရင်လည်း အရွက်ပဲ စားတော့မယ်။ ခရမ်းသီး စားချင်တယ်။"

ဝေ့ရှန်းက မျက်တောင်ခတ်ကာ ရယ်မောလိုက်၏။ "ခရမ်းသီးရှိပါတယ်။ ခရမ်းသီး ရှိတယ်။ အမတ်မင်း ဘယ်လိုစားချင်လဲ။ ကြော်စားမလား၊ ပေါင်းစားမလား။"

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့ကာ လက်ညှိုးတစ်ချောင်းထောင်၍ ခါယမ်းလိုက်သည်။ "ခရမ်းသီးလုပ်ရတာက လွယ်ပါတယ်။ အခုမှ ခူးလာတဲ့ ခရမ်းသီးရဲ့ အခွံကို ခွာပြီး အသားချည်းပဲ ယူရမယ်။ အတုံးသေးသေးလေးတွေ တုံးပြီး ကြက်ဆီနဲ့ ကြော်။

ပြီးရင် ကြက်ရင်အုံသား၊ မှို၊ မျှစ်သစ်၊ ကြယ်ပွင့်မှို၊ အမွှေးအကြိုင် ငါးမျိုးနဲ့ လုပ်ထားတဲ့ ပဲပြားခြောက်၊ အခွံမာသီး အမျိုးမျိုးကို အတုံးသေးသေးလေးတွေ တုံးပြီး ကြက်ပြုတ်ရည်နဲ့ ခြောက်အောင် ပြုတ်ရမယ်။ နှမ်းဆီလေး ဆမ်းပြီး ဆန်ဝိုင်လေးနဲ့ နယ်မယ်။ ကြွေအိုးထဲ ထည့်ပြီး လုံအောင် ပိတ်ထားရမယ်။

စားချင်တဲ့ အချိန်ကျရင် ထုတ်ပြီး ကြော်ထားတဲ့ ကြက်သားတုံးလေးတွေနဲ့ နယ်စားရုံပဲ။"

ဝေ့ရှန်းက ထိုစကားကို ကြားသောအခါ ခေါင်းခါကာ လျှာထုတ်၍ ဆို၏။ "ကောင်းကင်ဘုံ … ဒီဟင်းကို လုပ်ဖို့အတွက် ကြက်ဆယ်ကောင်လောက် သုံးရမယ်ဆိုတော့ ဘယ်လို အရသာ ရှိမလဲ မသိဘူး။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ဒါလေးတောင် မလုပ်နိုင်ဘူးတော့ မဟုတ်လောက်ပါဘူး။"

ဝေ့ရှန်းက တံတွေးတစ်ချက် မြိုချလိုက်၏။ "ဒီဟာတော့ တကယ် မရှိဘူး။"

"ဟူး... ခင်ဗျား သွားတော့။ ကျုပ် ဘဝမှာ ဝါသနာ နှစ်ခုပဲ ရှိတယ်။ တစ်ခုက အစားအသောက် ကောင်းကောင်း စားဖို့နဲ့ နောက်တစ်ခုက ပိုက်ဆံပဲ။ အခု မြို့တော်ကနေ ထွက်လာရပြီဆိုတော့ ကျန်းကျန်မြို့မှာပဲ ဘဝကို အဆုံးသတ်ရတော့မယ် ထင်တယ်။ ဒုက္ခပါပဲ။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက မျက်လုံးများ မှေးကျသွားပြီး ကုလားထိုင်ပေါ်တွင် ပျော့ခွေသွားတော့၏။

ဝေ့ရှန်းမှာ မျက်ရည်ကျလုမတတ်ဖြစ်သွားသည်။

အမဲသားနှပ်စားရတာတောင် ဘဝကို ဆက်မရှင်ချင်တော့ဘူးလား။ ဒါဆိုရင် ငါက ဘာလဲ။ ချေးတွင်းထဲက လောက်ကောင်လား။ သူ တွေးလေလေ ဝမ်းနည်းလေလေဖြစ်လာ၏။

ဝေ့ရှန်းက ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ ဟင်းလျာများကို သိမ်းဆည်းပြီး ဘဏ္ဍာရေးရုံးခန်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

သူ ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်၏။

သောက်ကျိုးနည်း... ဗိုက်ဆာလိုက်တာ။

All Chapters