← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 12 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 12 Ch. 209-210

အပိုင်း (၂၀၉) အဆိုးဆုံး လူယုတ်မာ ဖန်ကျန်းရီ။

ဝေ့ရှန်းက မျက်နှာပျက်လျက် ထမင်းချိုင့်ကို ဆွဲကာ လျိုရွှင်ထံသို့ ပြန်ပြေးလာ၏။

လျိုရွှင်က သူ့ကို မြင်သည်နှင့် ချက်ချင်း မေးလိုက်သည်။ "ဘယ်လိုလဲ … သူ စားလား။ မင်းကို ဘာပြောလိုက်သေးလဲ။"

"မစားဘူး။" ဝေ့ရှန်းက ထမင်းချိုင့်ကို ဖွင့်ပြလိုက်ရာ အတွင်းရှိ အမဲသားနှပ်နှင့် ထမင်းဖြူတို့ကို ပြန်လည် မြင်တွေ့ရ၏။

လျိုရွှင်က အံ့အားသင့်စွာဖြင့် မေးသည်။ "ဘာ… ဒါကိုတောင် မစားဘူးလား။ မနေ့က ဒုမြို့ဝန် ဒီဟင်းကို စားရတာ တော်တော်လေး အရသာ ရှိနေတာပဲ။ သူ အမဲသား စားချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား။"

ဒီလူ ဟန်ဆောင်နေတာလားမသိဘူး။ လျိုရွှင်က အဆက်မပြတ် တွေးတောနေမိ၏။

ဝေ့ရှန်းက ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဆိုသည်။ "ဘယ်ကပါ့မလဲ သခင်ကြီးရယ်။ သူက ဒီအမဲသားနှပ်ကို အရသာမရှိဘူးလို့ နှိမ်တာ။

ပုံမှန်ဆိုရင် မြို့တော်မှာ သုံးလသား အရွယ် နွားမလေးရဲ့ အနုဆုံး ခါးသားကိုမှ စားတာတဲ့။

ပြီးတော့ သူစားတဲ့ ခေါက်ဆွဲနဲ့ ခရမ်းသီးက ကြက်ဆယ်ကောင်လောက်ကို အရသာခံ အဖြစ် သုံးရမယ်တဲ့။ မဟုတ်ရင် သူက တစ်လုပ်တောင် မစားချင်ဘူးတဲ့။"

လျိုရွှင်က ဝေ့ရှန်းကို သံသယဖြင့် ကြည့်လိုက်၏။ "အဓိပ္ပာယ်မရှိတာ။ ခရမ်းသီးနဲ့ ခေါက်ဆွဲစားဖို့ ကြက်ဆယ်ကောင်လောက် သုံးရမယ်ဆိုတာ မင်းကို ညာပြောနေတာပဲ ဖြစ်မယ်။

မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ သခင်လေး စိတ်ချပါ။ ကျုပ် ဝေ့ရှန်းက သခင်ကြီးအနားမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ လူတွေကိုလည်း အများကြီး မြင်ဖူးပါတယ်။ သူပြောတာ အမှန်လား၊ အလိမ်လား ဆိုတာ ကျုပ် သေချာပေါက် ခွဲခြားနိုင်ပါတယ်။

သူက ဘာစားလဲဆိုတာ ပြောရုံတင် မကဘူး၊ ဘယ်လို ချက်ရလဲ ဆိုတာကိုပါ သေချာ ရှင်းပြတာ။ နေ့တိုင်း စားနေလို့သာ ဒီလို ပြောနိုင်တာပေါ့။ မဟုတ်ရင် အထက်တန်းစား တစ်ယောက်က အစားအသောက်တွေကို အချိန်ကုန်ခံပြီး ဘယ်လေ့လာနေပါ့မလဲ။"

ဝေ့ရှန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုနေသဖြင့် လျိုရွှင်လည်း မယုံဘဲ မနေနိုင်တော့ချေ။ သူက တီးတိုး ရေရွတ်လိုက်၏။ "ကောင်းကင်ဘုံ ... နန်းတော်ထဲမှာ ဒီလောက်တောင် ဇိမ်ကျတာလား။ ငါ ပြီးခဲ့တဲ့ တစ်ခေါက် မြို့တော်ကို သွားတုန်းကတောင် သတိမထားမိဘူး။

မဟုတ်ဘူး။ သေချာပေါက် ဖန်ကျန်းရီက အိမ်ရှေ့စံကို လမ်းမှားရောက်အောင် သွေးဆောင်ပြီး အလွန်အကျွံ ဇိမ်ခံနေတာပဲ ဖြစ်မယ်။ တကယ်ကို အလွန်အကျွံပဲ။

ဖန်ကျန်းရီ ဒီမှာ နေရတာ နေ့ရက်တွေက နှစ်တွေလို ရှည်ကြာနေလောက်ပြီ။ ဟက်ဟက် …"

ဝေ့ရှန်းက သက်ပြင်းချလိုက်၏။ "သခင်လေး... ကြက်ဆယ်ကောင်လောက်နဲ့ ချက်ထားတဲ့ ခရမ်းသီးက ဘယ်လို အရသာ ရှိမလဲနော်။"

လျိုရွှင်မှာ အရှက်ရသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း သူကိုယ်တိုင်ပင် ဤမျှ ဇိမ်မခံခဲ့ဖူးကြောင်း တွေးမိတော့ ဒေါသထွက်သွား၏။ "တိတ်စမ်း။ ခွေးကောင်... မင်းက စားဖို့ပဲ သိတယ်။ ဖန်ကျန်းရီ ဘာတွေ ပြောသေးလဲ။"

ဝေ့ရှန်းက စဉ်းစားပြီးနောက် ပြန်ဖြေသည်။ "ဪ... သူက ပြောသေးတယ်။ သူ့ဘဝမှာ အစားအသောက်နဲ့ ငွေကိုပဲ နှစ်သက်တာတဲ့။ အခုတော့ ကျန်းကျနးမြို့မှာပဲ ဘဝကို အဆုံးသတ်ရတော့မယ် ထင်တယ်။ ဒုက္ခပါပဲတဲ့။"

လျိုရွှင်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း မျက်နှာပေါ်တွင်တော့ အထင်သေးသော အမူအရာဖြင့် ဆို၏။ "ဒီလိုမျိုး ငွေဖြုန်းတီးတတ်တဲ့လူက ငွေမရှိရင် တစ်ရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ရပြီ... မင်း လည်း ဘာမှ အသုံးမဝင်တော့ဘူး။ သွားတော့။"

ဝေ့ရှန်းထွက်သွားပြီးနောက် လျိုရွှင်က နေရာတွင်ပင် စဉ်းစားနေ၏။ တွေးတောပြီးနောက် ဖန်ကျန်းရီထံသို့ ကိုယ်တိုင် သွားရောက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ရုတ်တရက် သိမ်းသွင်းရန် စိတ်မချရဟု ခံစားရသည်။

စဉ်းစားရင်းဖြင့် လျိုရွှင်က ခြေလှမ်းကျဲကြီးများဖြင့် ဘဏ္ဍာရေးရုံးခန်းဆီသို့ ထွက်လာခဲ့၏။

ထိုအချိန်တွင် ဖန်ကျန်းရီက ဘဏ္ဍာရေးရုံးခန်းအတွင်းရှိ စာရင်းစာအုပ်များကို ပျင်းရိစွာ လှန်လှောကြည့်နေ၏။ ရုတ်တရက် လျိုရွှင် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ "အောက်ခြေအရာရှိက မြို့ဝန်မင်းလျိုကို ဂါရဝပြုပါတယ်။"

"ကောင်းပြီ... ကောင်းပြီ... ထိုင်ပါ။" လျိုရွှင်က ကြင်နာသော အမူအရာဖြင့် လက်ကာပြလိုက်၏။

"ရှောင်ဖန်…ဘယ်လိုလဲ... ဒီမြို့ဝန် ပို့ပေးလိုက်တဲ့ အစားအသောက်တွေကို အကြိုက် မတွေ့လို့လား။"

ချီး … ရှောင်ဖန်ဟုတ်လား။ ခင်ဗျားလို အဘိုးကြီးက အခွင့်အရေး ရတာနဲ့ အပေါ်စီးကနေ ပြောတော့တာပဲ။

ဖန်ကျန်းရီက အပေါ်ယံ ပြုံးပြလိုက်သည်။ "မြို့ဝန်မင်းလျိုရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ အောက်ခြေအရာရှိက သိပ်မဆာလို့ပါ။"

"ဪ... ဒါဆိုလည်း ပြီးတာပဲ။ ခင်ဗျားမှာ ဘာပြဿနာ ရှိသေးလဲ။ ဒီမြို့ဝန်ကို တစ်ခါတည်း မေးလို့ ရပါတယ်။" လျိုရွှင်က မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သက်သောင့်သက်သာ အမူအရာဖြင့် ဆို၏။

"ကြည့်စရာဘာမှ မရှိပါဘူး။ ကျန်းကျန်မြို့က မြို့ဝန်မင်းလျိုရဲ့ အုပ်ချုပ်မှုအောက်မှာ စနစ်ကျနေတော့ အောက်ခြေအရာရှိက အလုပ်လက်မဲ့ ဖြစ်လုနီးပါးပါပဲ... ဟားဟား။

ဒါပေမဲ့... အောက်ခြေအရာရှိက ဘာမှ လုပ်စရာ မရှိတော့ မြို့ပြင်က ဒုက္ခသည်တွေရဲ့ အခြေအနေကို သွားကြည့်ချင်လို့ပါ။

အစိုးရပိုင်းကရော၊ ကိုယ်ရေးကိုယ်တာအရပါ အောက်ခြေအရာရှိရဲ့ တာဝန်ပဲလေ။ တကယ်လို့ တစ်ချက်လေးတောင် မကြည့်ဘူးဆိုရင် လွန်ရာကျမှာပေါ့။"

ဖန်ကျန်းရီက မြို့ပြင်သို့ထွက်၍ အခြေအနေကို လေ့လာရန် စဉ်းစားထားသည်မှာ ကြာပြီ ဖြစ်၏။ ယခင်တစ်ခေါက် မြို့ထဲသို့ ဝင်လာစဉ်က အကြမ်းဖျင်းသာ မြင်တွေ့ခဲ့ရပြီး အသေးစိတ်ကို မသိရှိခဲ့ရချေ။

လျိုရွှင်က ပြောသည်။ "ကောင်းပြီ... ကောင်းပြီ။ ဒီမြို့ဝန်လည်း အခု ဘာမှ လုပ်စရာ မရှိဘူး။ ကျုပ်တို့ နှစ်ယောက် အတူတူ သွားကြမလား။"

"ဒါဆိုရင် အောက်ခြေအရာရှိအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ အတူတူ သွားကြတာပေါ့... အတူတူ သွားကြတာပေါ့။"

"အင်း... အတော်ပဲ။ ဒီမြို့ဝန်က လက်ရှိ အခြေအနေကို ရှင်းပြလို့ ရတာပေါ့။"

ပြောပြီးသည်နှင့် လျိုရွှင်က ဖန်ကျန်းရီ၏ ရှေ့မှ ထွက်သွား၏။

ဖန်ကျန်းရီ ရုံးတော်ဂိတ်ပေါက်သို့ရောက်ချိန်တွင် မြင်းနှစ်ကောင် အသင့်ပြင်ထားပြီးဖြစ်သည်။

ဖန်ကျန်းရီက ရှေ့သို့ လျှောက်သွားကာ အားနာခြင်း အလျဉ်းမရှိဘဲ မြင်းပေါ်သို့ တက်လိုက်၏။

သူတို့နှစ်ဦးက ယှဉ်တွဲလျက် မြင်းစီးကာ မြို့ပြင်သို့ ထွက်လာခဲ့ကြပြီး နောက်တွင်တော့ အစောင့်စစ်သား အများအပြား လိုက်ပါလာကြသည်။

မြို့ပြင်သို့ရောက်သောအခါ စတုဒိသာ ကျွေးမွေးနေသည့် အချိန်ဖြစ်ပြီး ယခင်တစ်ခေါက်ကဲ့သို့ပင်ဖြစ်၏။

မြေပြင်ပေါ်တွင် ဒုက္ခသည်များ အပြည့်ရှိနေပြီး စည်းကမ်းတကျ မရှိဘဲ စတုဒိသာ မဏ္ဍပ်ရှေ့တွင် တိုးဝှေ့ တန်းစီနေကြသည်။

ထို့အပြင် ဖန်ကျန်းရီ သတိထားမိသည်မှာ ဟောင်းနွမ်းစုတ်ပြဲနေသော အဝတ်အစားများ ဝတ်ဆင်ထားသူ တစ်ချို့က မြို့ထဲမှ ထွက်လာပြီး စတုဒိသာ ယူနေသည့် လူအုပ်ထဲသို့ ဝင်ရောက်သွားကြခြင်းဖြစ်၏။

ယုတ္တိအရဆိုလျှင် ထိုလူများက ဒုက္ခသည်များ လုံးဝ မဖြစ်နိုင်ချေ။ နံနက်ပိုင်းက စာရေးများထံမှ စုံစမ်း သိရှိရသမျှအရ မြို့တွင်းလုံခြုံရေးကို ထိန်းသိမ်းရန် ဒုက္ခသည်အားလုံးကို မြို့ပြင်သို့ မောင်းထုတ်ထားပြီး ဖြစ်သည်။

"အမတ်မင်းဖန်... ဒီဒုက္ခသည်တွေကို ကြည့်ပြီး ဘယ်လို ခံစားရလဲ။" လျိုရွှင်က ဖန်ကျန်းရီကို ဘေးတိုက် ကြည့်ကာ မေးလိုက်သည်။

ဖန်ကျန်းရီက ရင်ဘတ်ထဲမှ လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ကာ ပါးစပ်ကို အုပ်လိုက်ပြီး လက်သူကြွယ်ကို အနည်းငယ် ကော့ထားလိုက်၏။

ပြီးနောက် ရွံရှာသော အမူအရာဖြင့် ဆိုသည်။ "အနံ့အသက် ဆိုးလိုက်တာ... ပွင့်ပွင့်လင်းလင်းပြောရရင် အောက်ခြေ အရာရှိ နည်းနည်း နောင်တရနေပြီ။"

လျိုရွှင်မှာ နားမလည်နိုင်ဖြစ်သွား၏။

ဒီလက်ဟန်က ဘာလဲ။ သူနဲ့ အိမ်ရှေ့စံက ဘယ်သူက အပေါ်စီးကလဲ။

ဖန်ကျန်းရီက ဆက်ပြောသည်။ "ဟူး... ဒီနေရာက ရှုပ်ယှက်ခတ်နေတာပဲ။ ဒီရိုင်းစိုင်းတဲ့လူတွေက ဘာလို့ တန်းမစီကြတာလဲ။"

လျိုရွှင်က အေးစက်စက် ပြန်ပြော၏။ "အမတ်မင်းဖန်... ဒီဒုက္ခသည်တွေက ဒီလိုပါပဲ။ ညစ်ပတ်၊ ရှုပ်ပွ၊ ဆိုးရွားတာက ပုံမှန်ပဲလေ။ အချိန်ကြာလာရင် ခင်ဗျားလည်း ကျင့်သားရသွားမှာပါ။"

ဖန်ကျန်းရီက တွန့်ဆုတ်စွာဖြင့် ဆိုသည်။ "ကျင့်သားရမယ်။ တကယ်လို့ ကျင့်သားရသွားရင် နောင်တစ်ချိန်ကျတော့ ဒီရိုင်းစိုင်းတဲ့လူတွေလို ဖြစ်သွားမှာပေါ့။ ကျုပ်အထင်တော့... စစ်သားတွေကို ခေါ်ပြီး ကောင်းကောင်း စည်းကမ်း ထိန်းခိုင်းတာ အကောင်းဆုံးပဲ။"

လျိုရွှင်က ခပ်ဟဟ ရယ်မောလိုက်၏။ "အကြောင်းပြချက်ရှိတာပဲ။ လာကြစမ်း။ အောက်က လူတွေကို သွားထိန်းကြ။ သူတို့ကို တန်းစီခိုင်းလိုက်။ ဒီလိုမျိုးဆိုရင် ဘယ်လိုလုပ် သင့်တော်ပါ့မလဲ။"

စကားသံဆုံးသည်နှင့် နောက်ပါစစ်သားများက လူအုပ်ထဲသို့ ပြေးဝင်သွားကြပြီး ဓားအိမ်များဖြင့် ရိုက်နှက်ကြတော့သည်။ ဆာလောင်နေသော ဒုက္ခသည်များ၏ အော်ဟစ်သံများက နေရာအနှံ့ ထွက်ပေါ်လာသည်။

"သခင်ကြီးတို့ ... ကျုပ်တို့ မှားပါတယ်။ မရိုက်ပါနဲ့... မရိုက်ပါနဲ့။"

"အဟွတ်... အဟွတ်..."

စစ်သားများ၏ ရိုက်နှက်မှုက အလွန် ပြင်းထန်ပြီး လူအများအပြားမှာ ခွန်အား မရှိတော့သဖြင့် စစ်သားများ၏ ရိုက်နှက်မှုကို ခံရကာ သွေးများပင် အန်ထွက်လာကြသည်။

သောက်ကျိုးနည်း။ ဖန်ကျန်းရီ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာ၏။

စည်းကမ်းထိန်းခိုင်းတာကို မင်းတို့က ဒီလို ထိန်းတာလား။

တောက်။

"ရပ်... ရပ်ကြစမ်း။" ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လျိုရွှင်က ဖန်ကျန်းရီကို နားမလည်စွာ ကြည့်လိုက်၏။ "ဘာဖြစ်လို့လဲ။ အမတ်မင်းဖန်... ဘာပြဿနာ ရှိလို့လဲ။"

"အို... ဒီလို ရိုက်နှက် သတ်ဖြတ်နေတာတွေကို အောက်ခြေအရာရှိ မကြည့်ရက်ဘူး။ ဟိုလူ သွေးထွက်နေတာ ကြည့်ပါအုံး။ သွေးမြင်ရင် အောက်ခြေအရာရှိ ခေါင်းမူးတတ်တယ်။" ဖန်ကျန်းရီက မျက်နှာကို လက်ဖြင့် အုပ်ကာ အလွန် ကြောက်ရွံ့နေဟန် ပြလိုက်သည်။

လျိုရွှင်က ပြုံးလိုက်၏။ တကယ်ပဲ။ ဒါက အိမ်ရှေ့စံ မွေးထားတဲ့ ရွှေလှောင်အိမ်ထဲက ငှက်ပဲ။ အသုံးမကျတဲ့ ကောင်။

ထို့နောက် သူက နှမြောတသစွာ ဆို၏။ "အမတ်မင်းဖန် မသိလို့ပါ။ ဒီမြို့ဝန်လည်း ပြည်သူတွေကို ဒုက္ခမပေးချင်ပါဘူး။ ဒါပေမဲ့ အသာအယာ ရိုက်ရင်လည်း အလုပ်မဖြစ်ဘူး။ ပြင်းပြင်းထန်ထန် ရိုက်ပြန်ရင်လည်း ပြည်သူတွေက စိတ်ဆိုးကြတယ်။ တကယ်ကို ဘယ်လို လုပ်ရမှန်း မသိတော့ပါဘူး။"

"မလောပါနဲ့... အောက်ခြေအရာရှိမှာ နည်းလမ်း ရှိပါတယ်။"

ဖန်ကျန်းရီက မြင်းပေါ်မှ ခုန်ဆင်းကာ စတုဒိသာ မဏ္ဍပ်ဆီသို့ လျှောက်သွားပြီး သဲတစ်ဆုပ်ကို ယူကာ ဆန်ပြုတ်အိုး ထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "မင်းတို့ ရိုင်းစိုင်းတဲ့ကောင်တွေ အားလုံး တန်းစီကြစမ်း။ မဟုတ်ရင် မင်းတို့ ဆက်ရှုပ်နေသရွေ့ ကျုပ် ဆန်ပြုတ်ထဲကို သဲတစ်ဆုပ် ထပ်ထည့်မယ်။"

ဒုက္ခသည်များက ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်ကြသော်လည်း ပြန်လည် ခုခံရန် သတ္တိမရှိကြသဖြင့် ဝမ်းနည်းပူဆွေးစွာဖြင့် တန်းစီရန် ဖြည်းညင်းစွာ လှုပ်ရှားကြတော့သည်။

လူတစ်ချို့က ဆန်ပြုတ်ထဲတွင် သဲများ ပါသွားသည်ကို မြင်သောအခါ ကျိန်ဆဲရင်း တိတ်တဆိတ် ထွက်သွားကြ၏။

လျိုရွှင်မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ လုံးဝ ဆွံ့အသွားသည်။

ငါက လောဘကြီးရုံလောက်ရှိတာ။ မင်းက တကယ့်ကို အဆိုးဆုံး လူယုတ်မာပဲ။

အပိုင်း (၂၁၀) - ကျင်းဘုရင် သိသွားပြီ။

သဲများပက်ဖြန်းပြီးနောက် ဖန်ကျန်းရီက လက်ကို ခါကာ မြင်းပေါ်သို့ ပြန်တက်လာ၏။

ပြီးနောက် အောက်ဘက်မှ ရလဒ်ကို ကြည့်ကာ အနည်းငယ် ကျေနပ်သွားသည်။ လူအများအပြား၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသော်လည်း ဂရုစိုက်နေစရာမလိုချေ။

လျိုရွှင်က မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလိုက်သည်။ "အမတ်မင်းဖန်ရဲ့ နည်းလမ်းက တော်တော် ကောင်းတာပဲ။"

ဖန်ကျန်းရီက ရှက်ရွံ့သော မျက်နှာထားဖြင့် ဆို၏။ "မြို့ဝန်မင်းက မြှောက်လွန်းနေပါပြီ။ အောက်ခြေအရာရှိက ဒီလို အသေးအဖွဲ နည်းလမ်းလေးတွေပဲ တတ်တာပါ။ ဒါနဲ့... နောက်ဆိုရင် ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို အောက်ခြေအရာရှိကိုပဲ လွှဲထားလိုက်ပါ။ အလုပ်မရှိဘဲ ထိုင်နေရတာထက် စာရင် ကောင်းပါတယ်။"

လျိုရွှင်က စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။

တကယ့်အရူးပဲ။ ဒီလိုမျိုး ကျေးဇူးတင် မခံရတဲ့၊ ပင်ပန်းတဲ့ အလုပ်တွေကိုတောင် လုလုပ်ချင်နေသေးတယ်။ မြို့တော်ကနေ ရာထူးချခံရလို့ ဒုက္ခသည်တွေအပေါ် ဒေါသပုံချနေတာဖြစ်ရမယ်။

"ဒါဆိုရင် အမတ်မင်းဖန်ကိုပဲ အားကိုးရတော့မယ်။ ဒီဒုက္ခသည်တွေ အမတ်မင်းဖန်နဲ့တွေ့တာ သူတို့ရဲ့ ကံကောင်းမှုပဲ။"

ဖန်ကျန်းရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "အောက်ခြေအရာရှိက တာဝန်ကျေပွန်အောင်လုပ်တာပါ။ စကားမစပ်... ဒီဒုက္ခသည်တွေ အငမ်းမရ စားနေတာကို မြင်တော့ အောက်ခြေအရာရှိ ရုတ်တရက် ဗိုက်ဆာလာတယ်။"

ဗိုက်ဆာတယ်လား။ ဗိုက်ဆာတာ ကောင်းတာပေါ့။

"ဒါဆိုရင် အမတ်မင်းဖန် ဘာစားချင်လဲ။ ဒီမြို့ဝန် အတတ်နိုင်ဆုံး စီစဉ်ပေးပါ့မယ်။ ဒီလို အရည်အချင်းရှိတဲ့ လူကိုတော့ အငတ်မခံနိုင်ပါဘူး။"

ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်ကာ စဉ်းစားလိုက်၏။ "ဟူး... လက်ရှိ အခြေအနေက ခက်ခဲနေတော့ အရမ်း ဇိမ်မကျချင်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း ငါးလေးပဲ စားပါတော့မယ်။ ငါးကြင်းဆိုရင် ရပါပြီ။"

လျိုရွှင်က စိတ်သက်သာရာ ရသွားသည်။ ငါးကြင်းဆိုရင် တော်သေးတယ်။ ငါးကြင်းက ရှားပါးတဲ့ ပစ္စည်းမှ မဟုတ်တာ။ တကယ်လို့ ရှုပ်ထွေးတာတွေ တောင်းဆိုရင် ငါ ရှာပေးနိုင်မှာ မဟုတ်ဘူး။

လျိုရွှင်က ပြုံးရွှင်စွာဖြင့် မေးလိုက်၏။ "အသေးအဖွဲကိစ္စလေးပါ။ ဒါနဲ့... ငါးကြင်းကို ဘယ်လို စားချင်လဲ။"

"ကြက်မအို ဟင်းရည် တစ်အိုး ပြုတ်ရမယ်။ ချွမ်းပေ့၊ တရုတ်နံနံ၊ ဂိုဂျီဘယ်ရီ၊ လူစင်မြစ်တွေ ထည့်ပြီး တစ်နာရီလောက် နှပ်ထားရမယ်။ ပြီးရင် ငါးကြင်းကို ကြက်ဟင်းရည်အိုး အပေါ်မှာ ဆွဲထားပြီး ရေနွေးငွေ့နဲ့ ငါးအသားကို ကျက်အောင် ပေါင်းရမယ်။ ငါးအသားတွေ အိုးထဲကို ကျသွားပြီး တစ်အိုးတည်း ဖြစ်သွားရင် အရသာက တကယ့်ကို ကောင်းတာ။ မမြည်းဘဲ မနေနိုင်လောက်အောင်ပဲ။

မြို့ဝန်မင်းလျို... အောက်ခြေအရာရှိနဲ့အတူတူ ဒီငါးဟင်းရည်ကို မြည်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ တစ်ခါ စားဖူးရင် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးဆိုတာ အာမခံတယ်။"

လျိုရွှင် "…..."

...

နန်းတော်အတွင်း၊ စာကြည့်ဆောင်၌။

အချိန်က နှစ်ရက်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်၏။

ကော်ထျန်းယန်မှာ အိမ်ရှေ့စံကို လုံးဝ မတွေ့ရသဖြင့် စိတ်ထဲတွင် အလွန် ထိတ်လန့်နေပြီး ကျင်းဘုရင်၏ ဘေးတွင် ရပ်နေရင်း အတွေးများ ဂယောက်ဂယက် ဖြစ်နေသည်။

အိမ်ရှေ့စံက ပန်းရှန်းရပ်ကွက်ကို အုပ်ချုပ်ပြီးတည်းက နေ့စဉ် လာရောက် နှုတ်ဆက်ခြင်း မရှိသည်က ပုံမှန် ဖြစ်သော်လည်း ညီလာခံသို့ မတက်ရောက်ခြင်းကတော့ အနည်းငယ် ထူးဆန်းနေ၏။

သို့ပေမည့် လတ်တလောတွင် ကျင်းဘုရင်က တိုင်းရေးပြည်ရာ ကိစ္စများဖြင့် အလုပ်များနေသဖြင့် သိပ် ဂရုမစိုက်ဘဲ အကြမ်းဖျင်းမျှသာ မေးမြန်းခဲ့သည်။ သူကလည်း မသိဘူးဟုသာ ဖြေကြားခဲ့သဖြင့် ထိုကိစ္စကို ယာယီ ဖုံးကွယ်ထားနိုင်ခဲ့သည်။

သို့သော်ငြား သူက တိတ်တဆိတ် လူလွှတ်၍ စုံစမ်းကြည့်ရာ အိမ်ရှေ့စံနှင့် တူသော လူတစ်ယောက် တောက်ယွမ် ခရိုင်ဘက်သို့ ထွက်သွားသည်ဟု သတင်းရရှိခဲ့သည်။ ကော်ထျန်းယန်မှာ အခြေအနေကို သေချာ မသိရသေးချေ...။

ရုတ်တရက် ကျင်းဘုရင် က လက်ထဲမှ စုတ်တံကို ချလိုက်ပြီး ကော်ထျန်းယန်ကို မော့ကြည့်ကာ မေးလိုက်၏။ "အိမ်ရှေ့စံ ဒီနှစ်ရက် ဘယ်ရောက်နေတာလဲ။ ကိုယ်တော့်ဆီကို ဘာလို့ လာမတွေ့တာလဲ။"

ကော်ထျန်းယန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ဒုက္ခပါပဲ။ ထပ်မေးနေပြန်ပြီ။

ထို့ကြောင့် ခေါင်းမာမာဖြင့် ဖြေကြားလိုက်၏။ "ကျေးကျွန်ကြီးလည်း မသိပါဘူး။"

ကျင်းဘုရင်က အနည်းငယ် မကျေနပ်ဟန်ဖြင့် ဆိုသည်။ "သွား... အဲဒီ လူမိုက် ငါ့ဆီ ခေါ်ခဲ့။ ညီလာခံတောင် မတက်တော့ဘူးလား။"

ကော်ထျန်းယန်က ခေါင်းညိတ် သဘောတူလိုက်ပြီးနောက် ကမန်းကတန်း ပြေးထွက်သွား၏။

ဤကိစ္စကို အခြားသူများကို ခိုင်းရန် မဝံ့ရဲသဖြင့် အရှေ့နန်းဆောင်သို့ ကိုယ်တိုင် အပြေးအလွှား သွားခဲ့သည်။ အချိန်အနည်းငယ်အကြာတွင် လီယွမ်ကျောက်ကို ပြုစုပေးနေကျ အစေခံမလေးကို ရှာတွေ့သွား၏။ သို့နှင့် အလောတကြီး မေးလိုက်သည်။ "အိမ်ရှေ့စံ ဘယ်မှာလဲ။"

အစေခံမလေးက အံ့အားသင့်သွားပြီး အင်္ကျီလက်ထဲမှ စာတစ်စောင်ကို ထုတ်ကာ ရိုးရိုးသားသား ဖြေကြားလိုက်၏။ "အိမ်ရှေ့စံက မှာသွားပါတယ်။ တကယ်လို့ သူ့ကို လာရှာတဲ့လူ ရှိရင် ဒီစာကို ပေးလိုက်ပါတဲ့။"

"အိမ်ရှေ့စံ ဘယ်သွားလဲဆိုတာကိုတော့ ကျွန်မလည်း မသိပါဘူး။"

ကော်ထျန်းယန်မှာ ချက်ချင်းပင် အခြေအနေ မကောင်းမှန်း သိလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် စာကို ဖွင့်ဖတ်လိုက်ရာ ရင်ထဲတွင် အေးစက်သွားတော့၏။

ထွက်ပြေးသွားပြီ။ သေချာပေါက် ကြိုတင် ထွက်ပြေးသွားတာပဲ။

အိမ်ရှေ့စံက ကြိုတင် တွက်ဆထားပြီး ဧကရာဇ်မင်းမြတ်က သူ့ကို ရှာခိုင်းမည်မှန်း သိသဖြင့် စာတစ်စောင် ချန်ထားခဲ့ခြင်း ဖြစ်မည်။

ကော်ထျန်းယန်က စာကို ဖတ်ပြီးနောက် ငေးမောသွားပြီးမှ မျက်နှာကို ပုံမှန်အတိုင်း ပြန်ထားလိုက်သည်။

အစေခံမလေးကို လက်ကာပြလိုက်၏။ "အင်း... သိပြီ။ မင်း သွားတော့။"

အစေခံမလေး ထွက်သွားသည်ကို မြင်ပြီးနောက် ကော်ထျန်းယန်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ လီယွမ်ကျောက်၏ အိပ်ဆောင်ဆီသို့ လျှောက်သွားသည်။

လီယွမ်ကျောက်၏ အခန်းတံခါးက မပိတ်ထားသဖြင့် ကော်ထျန်းယန်က ညင်သာစွာ တွန်းဖွင့်လိုက်၏။

စားပွဲပေါ်တွင် ပြန့်ကျဲနေသော တော်ဝင်အမိန့်စာ မူကြမ်းများကို မြင်သောအခါ သူ၏ စိတ်ထဲတွင် ဗြောင်းဆန် သွားတော့သည်။

အချိန်အတန်ကြာ ရပ်နေပြီးနောက် ကော်ထျန်းယန်က လေပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ခံစားချက်များကို ပြင်ဆင်လိုက်၏။

ထို့နောက် တံခါးကို တွန်းဖွင့်ကာ စာကြည့်ဆောင်ဆီသို့ အပြေးအလွှား ပြန်လာခဲ့သည်။

ကျင်းဘုရင်ကို မြင်သည်နှင့် ချက်ချင်း ငိုယိုအော်ဟစ်လိုက်၏။ "အရှ၍်မင်းမြတ် … ပြဿနာ ကြီးပါပြီ။ အိမ်ရှေ့စံ ထွက်ပြေးသွားပါပြီ။ ကျေးကျွန်အိုကြီး သေထိုက်ပါတယ်။"

ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ခေါင်းနှင့် ဆောင့်၍ ဦးတိုက်ရာ မကြာမီမှာပဲ နဖူးတွင် သွေးစို့လာသည်။

ကော်ထျန်းယန်က အံကြိတ်ကာ နဖူးမှ နာကျင်မှုကို တောင့်ခံထား၏။

ရင်ထဲတွင်တော့ သွေးထွက်မတတ် ခံစားနေရသည်။ အရှင်မင်းမြတ်... ဒီတစ်သက် ကျုပ် အရှင့်ကို ဒီတစ်ကြိမ်ပဲ လိမ်ပါရစေ...

"ကျေးကျွန် သေထိုက်ပါတယ်။ ကျေးကျွန် သေထိုက်ပါတယ်။ အိမ်ရှေ့စံကို သေချာ မစောင့်ရှောက်နိုင်ခဲ့ဘူး။"

ကော်ထျန်းယန်က ဤစကားများကိုသာ အထပ်ထပ်အခါခါ ပြောနေ၏။

ကျင်းဘုရင် မှာ အံ့အားသင့်သွားသော်လည်း ချက်ချင်း တည်ငြိမ်သွားကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ထစမ်း … ဘာလို့ ငိုနေတာလဲ။ အိမ်ရှေ့စံ ဘယ်ထွက်ပြေးသွားတာလဲ။"

ကော်ထျန်းယန်က ကြောက်ရွံ့တုန်လှုပ်သော မျက်နှာထားဖြင့် ဆို၏။ "အရှင်... ဒါက အိမ်ရှေ့စံ ချန်ထားခဲ့တဲ့ စာပါ။ အရှင်ကိုယ်တိုင် အရှေ့နန်းဆောင်ကို သွားကြည့်တာ ပိုကောင်းပါလိမ့်မယ်... ကျေးကျွန်... ဒီကျေးကျွန် မပြောရဲဘူး။"

ကျင်းဘုရင်က မျက်မှောင်ကြုတ်ကာ စာကို မဖတ်သေးဘဲ ကော်ထျန်းယန်ကို ခပ်သြသြ အသံဖြင့် အမိန့်ပေးလိုက်သည်။ "လမ်းပြစမ်း။"

သူတို့နှစ်ဦးက လီယွမ်ကျောက်၏ အိပ်ဆောင်သို့ အမြန် လျှောက်သွားကြ၏။

တံခါးတစ်ဝက် ပွင့်နေသည်ကို မြင်သောအခါ ကျင်းဘုရင် က တိုက်ရိုက် ဝင်သွားသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ဖုန်မှုန့် အနည်းငယ် ရှိနေသည်ကို တွေ့ရသဖြင့် လူမနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း သိသာ၏။

ထို့နောက် ကျင်းဘုရင်က စားပွဲဆီသို့ လျှောက်သွားသည်။ စားပွဲပေါ်ရှိ တော်ဝင်အမိန့်စာ မူကြမ်းများကို မြင်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခန္ဓာကိုယ်ကလည်း မသိမသာ တုန်ယင်လာသည်။

"မိုက်ရိုင်းတဲ့ကောင်... လူယုတ်မာ... ခွေးတိရစ္ဆာန် … ဒင်းက တော်ဝင်အမိန့်စာကိုတောင် အတုလုပ်ရဲတယ်။ ဒီလက်ရေးက... သူ ငါ့ကို အတုခိုးထားတာပဲ။ ကော်ထျန်းယန်။" ကျင်းဘုရင်မှာ ချက်ချင်း ဒေါသပေါက်ကွဲသွားတော့၏။

ကော်ထျန်းယန်က တစ်ကိုယ်လုံး တုန်ယင်ကာ သူ၏ ဘေးတွင် ဒူးထောက်လိုက်သည်။

ကျင်းဘုရင်၏ မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။ "ဒီအပေါ်မှာ ငါ့ရဲ့ တံဆိပ်တုံးတောင် ပါသေးတယ်။ တော်ဝင်တံဆိပ်တုံးကို မင်း တာဝန်ယူရတာ မဟုတ်ဘူးလား။"

"ဟုတ်... ဟုတ်ပါတယ်။ ကျေးကျွန်ကြီး သေထိုက်ပါတယ်။ သေထိုက်ပါတယ်။" ကော်ထျန်းယန်က အဆက်မပြတ် ခေါင်းနှင့် ဆောင့်နေပြီး အခြားစကား တစ်ခွန်းမှ မဆိုဝံ့ချေ။

ကျင်းဘုရင်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ ထိုအချိန်မှသာ လက်ထဲတွင် စာတစ်စောင် ရှိနေသေးကြောင်း သတိရကာ စာရွက်ကို အမြန် ဆွဲထုတ်လိုက်သည်။

စာထဲတွင် လီယွမ်ကျောက်က တံဆိပ်တုံးနှင့် တော်ဝင်အမိန့်စာကို ခိုးယူခဲ့ပုံများကို လျှောက်ရေးထားပြီး ကော်ထျန်းယန်ကိုလည်း အပြစ်ကင်းစင်ကြောင်း ရေးသားထား၏။ နောက်ဆုံးတွင် သူ၏အပြစ်များက ကြီးလေးလွန်းသဖြင့် လူလုံးမပြရဲတော့ကြောင်း ရေးသားထား၏။

ကျင်းဘုရင်က ခြေရင်းတွင် အဆက်မပြတ် တုန်ယင်နေသော ကော်ထျန်းယန်ကို ကြည့်ကာ စိတ်နှလုံး ပျော့ပျောင်းသွားပြန်သည်။ ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုသည်။ "ထတော့။ အဲဒီ တိရစ္ဆာန်က... မင်း နေမကောင်းဖြစ်နေတုန်း တံဆိပ်တုံးကို ခိုးသွားတာ။ ဒီဝန်ခံစာကို ချန်ထားခဲ့တာဆိုတော့ သူ သေချာပေါက် ထွက်ပြေးသွားပြီ။ မြန်မြန် လူလွှတ်ပြီး စုံစမ်းစမ်း။ အဲဒီ လူမိုက်ကို ပြန်ဖမ်းလာခဲ့။"

"ဟုတ်... ဟုတ်ကဲ့ပါ အရှင်မင်းမြတ်။ တော်ဝင်အမိန့်စာကို ပြန်ရုပ်သိမ်းဖို့ လူလွှတ်ရမလား။" ကော်ထျန်းယန်က သတိထား၍ မေးလိုက်၏။

ကျင်းဘုရင် က မျက်မှောင်ကြုတ်ကာ မျက်လုံးများကို မှိတ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ "မလိုတော့ဘူး... နောက်ကျသွားပြီ။ အဲဒီတိရစ္ဆာန်က သေချာပေါက် ကြိုတင် ကြံစည်ထားတာပဲ။

နံနက်တစ်မျိုး ညတစ်မျိုး အမိန့်ပေးရင် ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မယ်... ဒီခွေးကောင်တော့ …။"

ရက်အနည်းငယ်ကြာအောင် မြင်းအမြန် စီးသွားလျှင်တောင် မှီရန် မဖြစ်နိုင်တော့ချေ။ အကယ်၍ ရေလမ်းမှ သွားလျှင်လည်း ပို၍ပင် အခွင့်အရေး မရှိပေ။

ထိုစကားကို ကြားသောအခါ ကော်ထျန်းယန်က တုန်တုန်ယင်ယင် ထရပ်ကာ အပြင်သို့ ပြေးထွက်သွား၏။

အချိန်အနည်းငယ်အကြာတွင် ပြန်လည် ရောက်ရှိလာပြီး ကျင်းဘုရင်၏ ရှေ့တွင် ဒူးထောက်ကာ ဆိုသည်။ "အရှင်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှေ့နန်းဆောင်က လူတစ်ယောက်က အနီရောင် ဝတ်စုံ ဝတ်ထားတဲ့ အိမ်ရှေ့စံနဲ့ တူတဲ့ လူတစ်ယောက် တောက်ယွမ်ခရိုင်ဘက်ကို သွားတာ မြင်လိုက်ရတယ်တဲ့။ ကျေးကျွန်က အဲဒီကို လိုက်ဖို့ အမိန့်ပေးလိုက်ပါပြီ။"

"အနီရောင်... အနီရောင်။" ကျင်းဘုရင်က လွန်ခဲ့သော နှစ်ရက်က အိမ်ရှေ့စံကို တွေ့ခဲ့ရသည့် မြင်ကွင်းကို သေချာစွာ စဉ်းစားကြည့်လိုက်၏။

ဒီလောက် ထင်ရှားတဲ့ အဝတ်အစားမျိုး သူ ဝတ်တာ တစ်ခါမှ မမြင်ဖူးဘူး။

ဒါကိုကြည့်ရင် ဒီလူမိုက်က ကြိုတင် ကြံစည်ထားတာပဲ။ ဒီလောက် အကြံအစည်နဲ့ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။

"မဟုတ်ဘူး။ ဒါက မျက်စိလည်အောင်လုပ်တာပဲ။"

"ကျန်းကျန်မြို့ကိုလိုက်ဖို့ လျှို့ဝှက်တပ်ဖွဲ့ကို လွှတ်လိုက်။ သူ သေချာပေါက် ဖန်ကျန်းရီကို သွားရှာတာပဲ ဖြစ်ရမယ်။

ဒါက လွဲရင် သူ ဘယ်သွားနိုင်မှာလဲ။ အဲဒီကောင်က ဖန်ကျန်းရီနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဆိုတာ ငါ သိတယ်။ ဒီပိုးကောင် နှစ်ကောင်က တစ်စက္ကန့်လေးတောင် မငြိမ်ဘူး။"

ကျင်းဘုရင်က အချိန်အနည်းငယ် စဉ်းစားပြီးနောက် ကောက်ချက်ချလိုက်၏။

ကော်ထျန်းယန်က မျက်လုံးပြူးကာ မေးလိုက်သည်။ "အရှင် …. အရှင့်ရဲ့ အဓိပ္ပာယ်က ဖန်ကျန်းရီက အိမ်ရှေ့စံကို တော်ဝင်အမိန့်စာ အတုလုပ်ဖို့ သွေးထိုးပေးတာလား။"

"လုံးဝမဖြစ်နိုင်ဘူး... သူ အဲဒီလောက် မရဲပါဘူး။ မင်း အရင် ထွက်သွားလိုက်အုံး။"

ကျင်းဘုရင်က လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး ကော်ထျန်းယန်လည်း သူ၏ စိတ်ကူးကို မခန့်မှန်းနိုင်ချေ။

တံခါးပိတ်သံ ကြားပြီးနောက် ကျင်းဘုရင်က ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။ စားပွဲပေါ်ရှိ မူကြမ်းများကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။

စာရွက်တစ်ရွက်ကို ကောက်ယူကာ သေချာစွာ ဖတ်ကြည့်လိုက်၏။

ဖတ်ရင်းဖတ်ရင်းဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။ "ခွေးကောင်လေး..."

All Chapters