အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁)
အစိုးရလိုလားတဲ့ မီဒီယာတွေနဲ့ အာဏာရပါတီက ဘယ်လောက်ပဲ ကြိုးစားကာကွယ်ပေးပါစေ။ ဝေဖန်မှုတွေကတော့ ပိုပြီး ပြင်းထန်လာခဲ့တယ်။ ထောက်ခံမှုနှုန်းတွေကလည်း စတော့ဈေးကွက်မှာ ဈေးကစားသူတွေ လက်လွှတ်လိုက်တဲ့ စတော့တွေလိုမျိုး ထိုးကျသွားတော့တာပဲ။
ဖိအားတွေကို ဆက်ပြီး မတောင့်ခံနိုင်တော့တဲ့အဆုံးမှာ သမ္မတ ပက်ဆီဟျွန်း ဟာ သတင်းထောက်တွေရှေ့မှာ ရပ်ပြီး လူသိရှင်ကြား တောင်းပန်ခဲ့ရတယ်။
"ကျွန်တော့်ရဲ့ အစိုးရအဖွဲ့ဟာ ကိုယ်ကျင့်တရားပိုင်းမှာ ပြည့်စုံပါတယ်လို့ ကြုံးဝါးခဲ့ပေမဲ့ အခုလိုမျိုး စိတ်ပျက်စရာကောင်းတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတဲ့အတွက် ပြည်သူတွေရှေ့မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေက အရမ်းကို အရေးကြီးပြီး လက်ရှိ ပြဿနာတွေကလည်း လေးနက်လွန်းတာကြောင့် စိတ်ဝမ်းကွဲမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ အချိန်ကုန်ခံနေလို့ မဖြစ်ပါဘူး။ နိုင်ငံတော်အရေးကို တာဝန်ယူထားရတဲ့ သမ္မတတစ်ယောက်အနေနဲ့ မိမိရဲ့ တာဝန်တွေကို တစ်စက္ကန့်လေးတောင် ပေါ့လျော့လို့ မရပါဘူး။ နှိမ့်ချတဲ့ စိတ်ထားနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲဖို့အတွက် အရင်ကထက် ပိုပြီး ကြိုးစားသွားပါ့မယ်။ ပြည်သူတွေကို တစ်ခေါက် ထပ်ပြီး တောင်းပန်ပါတယ်"
ပြင်ဆင်ထားတဲ့ မိန့်ခွန်းကို ဖတ်ပြီးတဲ့နောက် ပက်ဆီဟျွန်း က ခေါင်းငုံ့အရိုအသေပေးလိုက်တယ်။ အဲဒါနဲ့တင် ပြီးသွားတာပါ။ ဘာမေးခွန်းမှလည်း ပြန်မဖြေခဲ့ပါဘူး။
တီဗွီ အတူတူကြည့်နေရင်းနဲ့ အယ်လီ က မေးတယ်။
"သူက ဘာအတွက် တောင်းပန်နေတာလဲ"
ပက်ဆီဟျွန်း ရဲ့ တောင်းပန်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်က ဝေဝေဝါးဝါးပါပဲ။ အဓိပ္ပာယ်ပြန်ရရင်တော့ "ငါက ဘာမှ အမှားမလုပ်ခဲ့ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ အမှားလုပ်ခဲ့ပုံရတယ်။ အဲဒီအတွက် သူတို့ကိုယ်စား ငါက တောင်းပန်ပေးလိုက်မယ်" ဆိုတဲ့ သဘောမျိုးလား။
ဒီလောက်အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးမှ နောင်တရပါတယ်ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ ပြီးသွားဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာပါပဲ။
မတရားသဖြင့် စုံစမ်းစစ်ဆေးခဲ့တဲ့ ကိစ္စအတွက် တာဝန်ယူတဲ့အနေနဲ့ ရှေ့နေချုပ် ဟုန်မန်ဟို ရာထူးက နှုတ်ထွက်သွားသလို သူ့လက်အောက်က ဆိုးလ်ခရိုင် အကြီးတန်းရှေ့နေတွေနဲ့ တခြားအရာရှိတွေလည်း အသီးသီး နှုတ်ထွက်ခဲ့ကြတယ်။
"ဟုန်မန်ဟို လောက" လို့ ခေါ်ကြတဲ့ ရှေ့နေတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာပေါ့။
သူလျှိုတွေကို မဖမ်းဘဲ အရပ်သားတွေကို နောက်ယောင်ခံလိုက်တာနဲ့ အင်တာနက်က ကွန်မန့်တွေကိုပဲ လိုက်စစ်နေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) ကလည်း အလားတူပါပဲ။ ယွန်ဆီဝန် က NIS အကြီးအကဲ ရာထူးကနေ ဆင်းပေးခဲ့ရပြီး တရားမဝင် ထောက်လှမ်းမှုမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ဥပဒေရုံးဘက်က ဆင့်ခေါ်ခဲ့တယ်။
ပက်ဆီဟျွန်း အနေနဲ့ သူ့ရဲ့ လက်ရုံးတွေကို ဆုံးရှုံးလိုက်ရသလို ခံစားရမှာ ဖြစ်ပေမဲ့ ခေါင်းပြုတ်သွားတာထက်စာရင်တော့ ဒါက ပိုကောင်းပါလိမ့်မယ်။
အတိုက်အခံတွေကတော့ အိမ်ပြာတော် အရာရှိတွေအားလုံး နှုတ်ထွက်ပေးဖို့ တောင်းဆိုပြီး အစအဆုံး သန့်စင်ပစ်ဖို့ ပြောနေကြပေမဲ့ အာဏာရပါတီကတော့ တာဝန်ရှိသူတွေက တာဝန်ယူသွားပြီးပြီလို့ ပြန်ပြောခဲ့တယ်။ အခုက ပြည်သူတွေရဲ့ စားဝတ်နေရေးကိုပဲ အာရုံစိုက်ရမယ့်အချိန်တဲ့လေ။
နောက်ထပ်တက်လာမယ့် ရှေ့နေချုပ်နဲ့ NIS ညွှန်ကြားရေးမှူးကိုတော့ ပါတီနှစ်ခုလုံးက သဘောတူပြီး အကြံပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အရာအားလုံးက လုံးဝကြီး ပြေလည်သွားတာမျိုး မဟုတ်ပေမဲ့ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။
အချိန်တော်တော်ကြာမှ ယော့ဆမ်ဒေါင်း က အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ အိမ်ကို အကြာကြီး ပစ်ထားခဲ့တာတောင် သန့်ရှင်းရေး ကုမ္ပဏီက လာလုပ်ပေးထားတာကြောင့် အထဲမှာတော့ သန့်ရှင်းနေတုန်းပဲ။ ကျွန်တော်တို့ ဆိုဖာပေါ်ကို ပစ်လှဲချလိုက်ကြတယ်။
"ခရီးအရှည်ကြီး သွားပြီးမှ ပြန်ရောက်လာသလိုပဲ"
"တကယ်ကို ရှည်လျားခဲ့တာပါ"
အမေရိကန်ကို ခဏသွားရာကနေ ပြန်လာဖို့ ၃ လလောက် ကြာသွားခဲ့တယ်။ ကိုရီးယားကို ပြန်ရောက်တော့လည်း အလုပ်တွေရှုပ်ပြီး ဥပဒေရုံးကိုပဲ ဟိုဘက်ဒီဘက် သွားနေခဲ့ရတာလေ။
"ဒီလိုမျိုးတွေ ဖြစ်ပြီးတာတောင် ငါက ကိုရီးယားမှာ ဆက်နေသင့်သေးရဲ့လား"
"အဲဒါတော့ ဟုတ်တယ်"
တကယ်လို့ အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့သာ ဟောင်ကောင်မှာ ရှိနေသေးရင် ကျွန်တော်လည်း အဲဒီကို သွားဖို့ စဉ်းစားမိမှာပါ။ ဒါပေမဲ့ အစိုးရဘက်က Golden Gate ကို မရပ်တန့်သရွေ့တော့ အစ်မတို့တွေဟာ ကိုရီးယားမှာပဲ ဆက်နေကြရဦးမှာလေ။ ကံကောင်းတာက ရိုနယ် သမ္မတ ဖြစ်လာတာကြောင့် အခုဆိုရင် အိမ်ဖြူတော်နဲ့ ဆက်သွယ်မှုတွေ ရှိနေပါပြီ။ ရူးမသွားသရွေ့တော့ ဒီလိုမျိုး ကိစ္စတွေကို ကျွန်တော်တို့အပေါ် ထပ်လုပ်ရဲမှာ မဟုတ်တော့ပါဘူး။
"ပြီးတော့ ကိုရီးယားလူမျိုး ဖြစ်နေတော့ ဘယ်မှာပဲနေနေ ကိုရီးယားမှာ နေရတာက ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့။ မိသားစုနဲ့ သူငယ်ချင်းတွေကလည်း ဒီမှာပဲ ရှိတာလေ"
တက်ဂယူ က ခေါင်းညိတ်လိုက်တယ်။
"ကိုယ့်မှာ ပိုက်ဆံသာ ရှိရင် ကိုရီးယားထက် နေလို့ကောင်းတဲ့ နိုင်ငံ မရှိဘူး"
ကျွန်တော်လည်း သဘောတူလိုက်ပါတယ်။
ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ အဓိက ဂိတ်ပေါက်နဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေးအစောင့်တွေ ချထားတာကို မြင်နေရတယ်။
"ဒီမှာ နေရတာကတော့ နည်းနည်း ခက်ခဲလိမ့်မယ်"
အိမ်ရဲ့ တည်ဆောက်ပုံက လုံခြုံရေးအတွက် သိပ်ပြီး အဆင်မပြေဘူးလေ။ အပြင်လမ်းမနဲ့လည်း မျက်နှာချင်းဆိုင် ဖြစ်နေသလို တံတိုင်းကလည်း နိမ့်ပြီး အိမ်နီးနားချင်း အိမ်တွေနဲ့လည်း ကပ်နေတာပါ။ တကယ်လို့ လုံခြုံရေးကို အရမ်း တိုးမြှင့်လိုက်ရင်လည်း ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။
ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။
ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲနဲ့ အာဏာရှိသူတွေကို သွားပြီး ဝေဖန်ခဲ့မိလို့ ကိစ္စတွေက ရှုပ်ကုန်တာပါ။
"ငါတို့ ဘယ်ကို ပြောင်းရင် ကောင်းမလဲ"
"အခုကစပြီး ရှာကြည့်ရတော့မှာပဲ"
အိမ်ဈေးတွေက တဟုန်ထိုး တက်နေတယ်လို့ ပြောကြပေမဲ့ ကျွန်တော်တို့ရဲ့ တိုးပွားလာတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှမဟုတ်ပါဘူး။
"အစ်မတို့လိုပဲ ဟိုတယ်မှာပဲ နေရင်ကော ဘယ်လိုလဲ"
အစ်မဟျွန်းဂျူး နဲ့ အယ်လီ တို့ ကိုရီးယားကို လာပြီးကတည်းက ဟိုတယ်မှာပဲ ဆက်နေကြတာပါ။ ဟောင်ကောင်မှာတုန်းကလိုပဲ ကုန်ကျစရိတ်အားလုံးကို ကုမ္ပဏီက တာဝန်ယူပေးထားတာလေ။
တက်ဂယူ က ခဏလောက် စဉ်းစားပြီးမှ ပြောတယ်။
"ဒါမှမဟုတ် ဟိုတယ် တစ်ခုလုံးကိုပဲ ဝယ်လိုက်ရင်ကော"
"ဝိုး"
ဒါက တကယ်ကို အံ့သြစရာကောင်းတဲ့ အကြံဉာဏ်ပါပဲ။
တီဟီရန်ရို က အဆောက်အဦးကို အစကတော့ K Company ရဲ့ ရုံးချုပ်အဖြစ် သုံးဖို့ ဝယ်ခဲ့တာပါ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုတော့ OTK Company ဆိုင်းဘုတ်ကြီး တင်ထားလိုက်ရပါပြီ။
အခြေအနေတွေက ဒီလို ဖြစ်လာမှတော့ OTK Company ကိုလည်း အခွန်ရှောင်တဲ့ Paper Company ဘဝကနေ စနစ်တကျ ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မူလ အဆောက်အဦးထဲက ရုံးခန်း အများစုကတော့ စာချုပ်သက်တမ်းကုန်လို့ ထွက်သွားကြပါပြီ။
ကျွန်တော် စီနီယာ ဆန်းယော့နဲ့ စကားပြောလိုက်ပြီး OTK Companyက အထပ် ၃၀ ကနေ ၃၈ အထိ သုံးဖို့ K Company ကတော့ အထပ် ၂၀ ကနေ ၂၉ အထိ သုံးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ကျွန်တော်တို့ အစည်းအဝေး လုပ်ဖို့ လူစုလိုက်ကြပါတယ်။ အစ်မ ဟျွန်းဂျူး နဲ့ အယ်လီ တို့က Golden Gate ကိစ္စတွေနဲ့ မအားလို့ မလာနိုင်ကြဘူး။ စီနီယာ ဆန်းယော့ကလည်း K Company ကိစ္စတွေနဲ့ မအားဘူး။ ဒါကြောင့် ကျွန်တော်၊ တက်ဂယူ နဲ့ ဟင်နရီ ပဲ ရှိနေတာပါ။
ကျွန်တော် OTK Company ရဲ့ ဖွဲ့စည်းပုံ ဇယားကို ဆွဲလိုက်တယ်။
– ကန်ဂျင်ဟူ = စီအီးအို နဲ့ အဓိက ရှယ်ယာရှင်
– အိုတက်ဂယူ = COO နဲ့ ဒုတိယ အဓိက ရှယ်ယာရှင်
– အိုဟျွန်းဂျူး = တတိယ ရှယ်ယာရှင်
– ဟင်နရီ ဂိုးမန်း = ဝန်ထမ်း
ကျွန်တော် A4 စာရွက်ပေါ်မှာ စာအနည်းငယ် ရေးလိုက်တာကို တက်ဂယူ က မြင်တော့ ပြောတယ်။
"ဒါပဲလား"
"တခြား ဘယ်သူရှိသေးလို့လဲ"
ကျွန်တော် ပြန်ဖြေလိုက်တယ်။
ဒီလောက် လူနည်းနည်းလေးနဲ့ ကုမ္ပဏီကို လည်ပတ်နေခဲ့တာက တကယ်ကို အံ့သြစရာပါပဲ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့က ချပေးပြီး နေ့စဉ် လုပ်ငန်းဆောင်တာ အများစုကိုတော့ K Company က ကိုင်တွယ်ပေးခဲ့တာလေ။
ဒါပေမဲ့ ဒီတစ်ခေါက် အမေရိကန် ခရီးစဉ်မှာ ဟင်နရီဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းခဲ့တာကတော့ အကြီးမားဆုံး အောင်မြင်မှုပါပဲ။ သူက Golden Gate ကို ကမ္ဘာ့ထိပ်သီး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖြစ်အောင် လုပ်ခဲ့တဲ့ ဂျိန်း စီ ဂိုးမန်း ရဲ့ မြေးလည်း ဖြစ်သလို အမွေဆက်ခံသူလည်း ဖြစ်တယ်လေ။
ဂျိန်း က Golden Gate မှာ ပညာသင်ပေးနေချိန်မှာ အမွေဆက်ခံသူကို ပညာသင်ပေးဖို့ တာဝန်က ကျွန်တော့်ဆီ ရောက်လာတာပါ။ ကျွန်တော့်မှာ အထူးတလည် သင်ပေးစရာ ဘာမှ မရှိပေမဲ့ အတူတူ အလုပ်လုပ်ရင်းနဲ့ သူ တစ်ခုခု သင်ယူနိုင်တာ ဒါမှမဟုတ် သဘောပေါက်သွားတာမျိုး ရှိလာနိုင်တာပေါ့။
ဒီလို လူတော်တွေကို စုဆောင်းဖို့က မလွယ်ပါဘူး။ တကယ်တော့ ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံမှုမှာ ဟင်နရီ က သူ့ရဲ့ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ခဲ့တာကြောင့် အစ်မ ဟျွန်းဂျူး တောင် သူ့ရဲ့ စီးပွားရေး အမြင်ကို အသိအမှတ်ပြုခဲ့ရပါတယ်။
သူက ငယ်ငယ်ကတည်းက ထိပ်တန်း ပညာရေးကို ရရှိခဲ့တာကြောင့် ဘာသာစကား အများကြီးကို ပြောနိုင်ပါတယ်။ အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမန် နဲ့ ပြင်သစ် ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သလို တရုတ်နဲ့ ဂျပန် ဘာသာစကားကိုလည်း တတ်မြောက်ထားတာပါ။
ဒီကို လာပြီးရင် ကိုရီးယားမှာ အလုပ်လုပ်ဖို့ အစီအစဉ် မရှိဘူးဆိုပေမဲ့ သူ ခရီးထွက်နေတုန်းမှာ ကိုရီးယားဘာသာစကားကို ကြိုးကြိုးစားစား သင်ယူခဲ့တယ်လို့ သိရပါတယ်။
"ကိုရီးယားစာ သင်ရတာ လွယ်လား"
အမေရိကန် တစ်ယောက်ရဲ့ အမြင်နဲ့ဆိုရင် လက်တင်ကနေ ဆင်းသက်လာတဲ့ ဘာသာစကားတွေက သင်ရတာ ပိုလွယ်နိုင်ပေမဲ့ မူရင်းဇစ်မြစ် လုံးဝမတူတဲ့ အာရှဒေသက ဘာသာစကားတွေကတော့ သင်ရတာ မလွယ်ပါဘူး။
"ကံကောင်းတာက ဂျပန်စာက စကားလုံး အစီအစဉ်နဲ့ သဒ္ဒါ တူနေတာပဲ။ တရုတ်စာလုံး အချို့ကိုလည်း ငါ သိထားတယ်လေ"
သူ သင်ယူနေတာ သိပ်မကြာသေးဘူးဆိုပေမဲ့ အခုဆိုရင် ရိုးရိုးရှင်းရှင်း နှုတ်ဆက်တာတွေနဲ့ စကားလုံးတွေကို နားလည်ပြီး ပြောနိုင်နေပါပြီ။
ဉာဏ်ကြီးရှင်တွေကတော့ ဉာဏ်ကြီးရှင်တွေပါပဲ။ ဒီလောက် လူတော်တစ်ယောက်ကို ကျွန်တော့်လက်အောက်မှာ အလုပ်လုပ်ဖို့ လွှတ်ပေးလိုက်တဲ့ ဂျိန်း ကို ကျေးဇူးတင်ရမှာပါ။
တက်ဂယူ က မေးတယ်။
"ဝန်ထမ်းတွေကို ဘယ်လို ခေါ်မှာလဲ။ တခြားအလုပ်တွေမှာ ဝန်ထမ်းခေါ်သလို ခေါ်ယူတဲ့ စနစ်နဲ့လား"
"အဲဒါကို စဉ်းစားနေတာ"
တကယ်လို့ တခြားအလုပ်တွေမှာ ခေါ်ယူသလို ခေါ်ယူမယ်ဆိုရင် အင်တာဗျူးတွေကို ဘယ်သူက စစ်မှာလဲ။
"လျှောက်မယ့်သူ အများကြီး ရှိပါ့မလား"
"လျှံထွက်နေမှာပေါ့ဟ"
ကံကောင်းတာက အခုချိန်မှာ ကိုရီးယားမှာ ပညာအရည်အချင်း မြင့်မားတဲ့ အလုပ်ရှာဖွေသူတွေ အများကြီး ရှိနေတာပါ။ ဒီအခြေအနေက ငွေကြေးကဏ္ဍမှာလည်း အတူတူပါပဲ။ MBA ဒါမှမဟုတ် CFA အောင်ထားတဲ့သူတွေတောင် အလုပ်ရှာမရဘဲ အိမ်မှာပဲ နေနေကြရတာတွေ ရှိတယ်လေ။
"ဂျပန်မှာကတော့ လူအင်အား မလုံလောက်တဲ့ ပြဿနာနဲ့ ကြုံနေရတာ၊ ငါတို့ဆီမှာကျ ဘာလို့ ဒီလောက် ကွာခြားနေတာလဲ"
"အဲဒီမှာက Baby boomer (၁၉၄၆ ကနေ ၁၉၆၄အတွင်း မွေးဖွားခဲ့သော လူကြီးမျိုးဆက်) မျိုးဆက်တွေက အကုန်လုံး အနားယူသွားကြပြီလေ"
ကိုရီးယားက အလုပ်အကိုင် ရှားပါးတဲ့ ပြဿနာနဲ့ ရုန်းကန်နေရချိန်မှာ ဂျပန်ကတော့ လူအင်အား မလုံလောက်တဲ့ ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာပါ။ ကုမ္ပဏီကြီးတွေကတော့ အခြေအနေ နည်းနည်း ပိုကောင်းပေမဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကတော့ ဝန်ထမ်းရှာမရလို့ လုပ်ငန်းတွေတောင် ပိတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။
အလုပ်ခန့်မယ့် မန်နေဂျာတွေက အလုပ်ရှာဖွေသူတွေကို 'ကျွန်တော်တို့ဆီ အလုပ်လာလျှောက်ပေးပါ' ဆိုပြီး အင်တာဗျူးဖို့ ပြန်ပြီး တောင်းဆိုနေကြရတာက ကြည့်ရတာ တစ်မျိုးကြီးပါပဲ။
အလုပ်ရှာမရလို့ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံက လူငယ်တွေအတွက်တော့ ဒါက အိပ်မက်တစ်ခုလိုပါပဲ။
တောင်ကိုရီးယားရဲ့ စီးပွားရေးက ဂျပန်ရဲ့ စီးပွားရေး ပုံစံအတိုင်း အချိန်ကာလတစ်ခုခြားပြီး လိုက်ဖြစ်နေတတ်တာကြောင့် Baby Boomer မျိုးဆက်တွေ အနားယူတာ ပြီးသွားတဲ့အခါ တောင်ကိုရီးယားလည်း ပြင်းထန်တဲ့ လူအင်အား ရှားပါးမှုနဲ့ ကြုံရဖို့ ရှိနေပါတယ်။
ပြဿနာကတော့ အဲဒီအချိန် မရောက်မချင်း အလုပ်ရှာသူက အလုပ်အကိုင်ထက် ပိုများနေမယ့် အခြေအနေက ဆက်ပြီး ရှိနေဦးမှာပါ။
လူငယ် အလုပ်လက်မဲ့ ပြဿနာကတော့ နောက်ထပ် နှစ်အနည်းငယ်အထိ ပြေလည်ဖို့ မလွယ်ပါဘူး။ စီနီယာ ဘွဲ့ရတွေထဲမှာတောင် အလုပ်ရှာမရသေးတဲ့သူတွေ တော်တော်များများ ရှိနေတာလေ။
"ဒါတောင်မှ Golden Gate ဝင်လာတော့ ငွေကြေးကဏ္ဍက အလုပ်ရှာဖွေသူတွေအတွက် နည်းနည်းတော့ သက်သာသွားလောက်တယ်"
Golden Gate က စတော့ရှယ်ယာ ကုမ္ပဏီကြီးတစ်ခုရဲ့ ဘဏ်ခွဲတစ်ခုလိုပါပဲ။
အရင်တုန်းကတော့ ဂွမ်ဟွာမွန်း နဲ့ ဂန်နမ် အပါအဝင် မြို့တော်နယ်မြေမှာပဲ ဘဏ်ခွဲ အနည်းငယ် ရှိခဲ့တာပါ။ ဒါပေမဲ့ အခု ဘဏ်ခွဲတွေ ထပ်တိုးလိုက်ရင်တော့ မြို့ကြီးတွေကို အဓိကထားပြီး ချဲ့ထွင်လာမှာပါ။
အာရှ ဘဏ်ခွဲ တစ်ခုတည်းမှာတင် ဝန်ထမ်း ၂,၀၀၀ ကျော် ရှိပါတယ်။ ကိုရီးယား ဘဏ်ခွဲကတော့ အဲဒီလောက်အထိ မများနိုင်ပေမဲ့ ဝန်ထမ်း ၁,၀၀၀ ဝန်းကျင်လောက်တော့ ရှိမှာပါ။
ပိုက်ဆံတွေ အများကြီး ရှိနေရင်တောင် ဝန်ထမ်း ရာနဲ့ချီကို တစ်ပြိုင်ထဲခေါ်ပြီး နေရာချဖို့က ခက်ခဲပါတယ်။ ဒါကြောင့် Golden Gate က အများပြည်သူကို အလုပ်ခေါ်ယူတာတွေ လုပ်ပြီး ဝန်ထမ်းဦးရေကို တဖြည်းဖြည်း တိုးမြှင့်သွားဖို့ စီစဉ်ထားပါတယ်။
ကျွန်တော်တို့ကတော့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ဒါမှမဟုတ် ဘဏ်ခွဲတွေ လည်ပတ်ဖို့အတွက် စတော့ရှယ်ယာ ကုမ္ပဏီတစ်ခုလို လူအင်အား အများကြီး မလိုပါဘူး။
ဒါပေမဲ့ K Company ကနေ ကျွန်တော်တို့ကို အပ်နှံထားတဲ့ လုပ်ငန်းတွေကို တိုက်ရိုက် စီမံခန့်ခွဲဖို့နဲ့ အနာဂတ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့တော့ လိုအပ်ပါတယ်။
ငွေကြေး၊ ဘဏ္ဍာတိုက်၊ ရင်းနှီးမြှုပ်နှံမှု၊ စာရင်းကိုင်၊ ဥပဒေရေးရာ အစရှိသဖြင့်ပေါ့။
မရှိမဖြစ် လိုအပ်တဲ့ လူအင်အားကိုပဲ အကြမ်းဖျင်း တွက်ကြည့်မယ်ဆိုရင် လူ ၅၀ ဝန်းကျင်လောက် လိုအပ်ပါတယ်။ အရင်ဆုံး သူတို့ကို ရွေးချယ်ပြီး ဖွဲ့စည်းပုံ တစ်ခု တည်ဆောက်ပြီးမှ တဖြည်းဖြည်း တိုးသွားရမှာပါ။
"ငါတို့ CHO ကို အရင်ရှာရမယ်"
တက်ဂယူ က မေးတယ်။
"CHO ဆိုတာ ဘာလဲ"
"CHOဆိုတာကတော့ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် (Chief HR Officer)ကို ပြောတာ။ တစ်နည်းအားဖြင့်ပြောရရင် လူတွေကို စုဆောင်းနိုင်ပြီး အဖွဲ့အစည်းကို စီမံခန့်ခွဲနိုင်မယ့်သူပေါ့"
"အဲ့လိုစီမံခန့်ခွဲနိုင်မယ့်သူကို ဘယ်မှာ ရှာလို့ရမလဲ"
"စုံစမ်းကြည့်ရမှာပေါ့"
တကယ်ကို အစ်မ ဟျွန်းဂျူး မပါဘဲနဲ့တော့ မဖြစ်ဘူးပဲ။
ကျွန်တော် အစ်မ ဟျွန်းဂျူး ဆီကို ဖုန်းဆက်လိုက်တယ်။ ကျွန်တော့်စကားကို နားထောင်ပြီးတဲ့နောက် သူက မေးတယ်။
[ကိုရီးယားလူမျိုးလား ဒါမှမဟုတ် နိုင်ငံခြားသားလား]
"ကျွန်တော်တို့ လုပ်ငန်း အများစုက နိုင်ငံတကာနဲ့ ဆိုင်တာဆိုတော့ နိုင်ငံခြားသားဆိုရင် ပိုကောင်းမယ် ထင်တယ်"
[ငါ လူရှာတဲ့ ကုမ္ပဏီတစ်ခုကို အကြောင်းကြားလိုက်မယ်]
အစ်မဟျွန်းဂျူး က လူရှာတဲ့ ကုမ္ပဏီတွေဆီ အီးမေးလ် ပို့လိုက်တယ်။ အဲဒီနောက်မှာ ကိုယ်ရေးအကျဉ်းပေါင်း ဒါဇင်နဲ့ချီပြီး ရောက်လာတော့တာပဲ။ ကျွန်တော်တို့ အဲဒီResume (ကိုယ်ရေးအကျဉ်း)တွေကို ပရင့်ထုတ်ပြီး ကြည့်လိုက်ကြတယ်။
လူတိုင်းရဲ့ ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံတွေကတော့ အထင်ကြီးစရာပါပဲ။ တက်ဂယူ က ကိုယ်ရေးအကျဉ်း တစ်ခုကို ပြလာတယ်။
"ဒီလူကော ဘယ်လိုလဲ။ သူက ကိုရီးယားနွယ်ဖွားပဲ"
"မိုက်ကယ် လီ လား"
ဟင်နရီ က ချက်ချင်း ဝင်ပြောတယ်။
"ငါလည်း အဲဒီလူကိုပဲ အကြံပြုချင်နေတာ"
"မင်းက သူ့ကို သိလို့လား"
"အင်း။ HR ဝန်ထမ်းတွေထဲမှာ သူ့လောက် အရည်အချင်းရှိတဲ့သူကို ရှာဖို့ ခဲယဉ်းလိမ့်မယ်"
သူက အရင်က လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခဲ့သလို ဝန်ထမ်း ထွက်နှုန်းကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ နောက်ထပ် ကိုယ်စားလှယ်လောင်း အနည်းငယ်ကို ထပ်ရွေးလိုက်ပေမဲ့ ဟင်နရီ ပြောသလိုပဲ မိုက်ကယ် လီ လောက်တော့ ရွေးချယ်ချင်စရာမရှိပါဘူး။ အကြီးမားဆုံး အားသာချက်က သူက ကိုရီးယားနွယ်ဖွား အမေရိကန် ဖြစ်နေတာပါ။ သူ့ရဲ့ ကိုယ်ရေးအကျဉ်းမှာ ကိုရီးယားစကား ကျွမ်းကျင်တယ်လို့ ရေးထားတယ်လေ။
ကျွန်တော်တို့က ကိုရီးယားမှာလည်း ဝန်ထမ်းတွေ ခေါ်ဖို့ စီစဉ်ထားတာဆိုတော့ ကိုရီးယားစကား ပြောနိုင်ပြီး ကိုရီးယား ယဉ်ကျေးမှုကို နားလည်တဲ့သူ ရှိတာက HR နဲ့ အဖွဲ့အစည်း စီမံခန့်ခွဲမှုအတွက် ပိုပြီး အဆင်ပြေစေမှာပါ။
"သူက ငါ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပါ့မလား"
လစာနဲ့ အခြေအနေတွေကို ညှိနှိုင်းလို့ ရတယ်ဆိုပေမဲ့ အဓိက ပြဿနာက အလုပ်က ကိုရီးယားမှာ ဖြစ်နေတာပါ။ အမေရိကန်မှာ အဆင်ပြေနေတဲ့သူက ကိုရီးယားအထိ လာပြီး အလုပ်လုပ်ချင်ပါ့မလား။
ဟင်နရီ က "သူ လက်ခံလိမ့်မယ်လို့ ငါ ထင်တယ်" လို့ ပြောတယ်။
"ဘာလို့လဲ"
ကျွန်တော့်မေးခွန်းကို ဟင်နရီ က ဘာမှပြန်မဖြေဘဲ ပြုံးပဲ ပြုံးနေခဲ့တယ်။
ကျွန်တော် မိုက်ကယ် လီ ရဲ့ ကိုယ်ရေးအကျဉ်းကို ပို့ပေးခဲ့တဲ့ ကုမ္ပဏီဆီကို အီးမေးလ် ပို့လိုက်တယ်။ မကြာခင်မှာပဲ ချက်ချင်း ပြန်စာ ရောက်လာတယ်။
သူတို့က ကမ်းလှမ်းချက်အတွက် ကျေးဇူးတင်ကြောင်းနဲ့ မကြာခင်မှာ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း ပြောထားတာပါ။
"တကယ်ကြီးလားဟ"
"OTK Company ရဲ့ စီအီးအို ဆီက ကမ်းလှမ်းချက်ကို ငြင်းမယ့်သူ သိပ်မရှိပါဘူး။ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားတဲ့ ထူးချွန်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အလုပ်လုပ်ခွင့်ရဖို့ဆိုတာ ခဲယဉ်းတယ်လေ"
"ဪ... အေးပါ"
နာမည်ကြီးလာတာကတော့ ကောင်းပါတယ်။
ကျွန်တော်တို့ အစည်းအဝေး ဆက်လုပ်နေတုန်းမှာပဲ ရုတ်တရက် ဖုန်း မြည်လာတယ်။
ကျွန်တော် တက်ဂယူ ကို ပြောလိုက်တယ်။
"အစည်းအဝေး လုပ်နေတုန်း ဖုန်းပိတ်ထားလေ"
"အာ... ခဏလေး"
တက်ဂယူ က အိတ်ထဲက ဖုန်းကို ထုတ်လိုက်တယ်။ ဒါပေမဲ့ ပိတ်မယ့်အစား စခရင်ကို ကြည့်ပြီး ဖုန်းဖြေလိုက်တယ်။
"ဟယ်လို။ ဟုတ်ကဲ့၊ ကျွန်တော် သူနဲ့ အတူတူ ရှိနေပါတယ်။ ဘာ… တကယ်လား။ ကျွန်တော် သူ့ကို ပေးလိုက်ရမလား"
"အရေးကြီးတဲ့ ဖုန်းမဟုတ်ရင် ချလိုက်တော့"
ကျွန်တော့်စကားကြောင့် တက်ဂယူ က ဖုန်းကို လှမ်းပေးလိုက်တယ်။
"ဒါက အရေးကြီးတဲ့ ဖုန်းပဲ"
"ဘယ်သူလဲ"
"မင်းအမေလေ။ သူက မင်းနဲ့ အရေးတကြီး စကားပြောချင်နေတယ်တဲ့"
သတင်းစာရှင်းလင်းပွဲ ပြီးကတည်းက ကျွန်တော့်ဖုန်းက သုံးလို့မရတော့ပါဘူး။
စစ်တပ်က ပြန်လာပြီးတော့ ကျွန်တော့်ဖုန်းနံပါတ်က ပြောင်းသွားခဲ့သလို ခင်တဲ့ သူငယ်ချင်းလည်း သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် နံပါတ်သစ်ကို သိတဲ့သူ သိပ်မရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်း ဖုန်းဖွင့်လိုက်တဲ့အခါမှာတော့ ကျောင်းနေဖက်ဟောင်းတွေ၊ မီဒီယာကုမ္ပဏီတွေ၊ လွှတ်တော်ရုံးတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပရဟိတအဖွဲ့တွေဆီက ဖုန်းတွေ အမြောက်အမြား ဝင်နေတာကို တွေ့လိုက်ရတယ်။
ဒါကြောင့်မလို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဖုန်းကို လုံးဝ ပိတ်ထားလိုက်ပြီး ကုမ္ပဏီဖုန်းကိုပဲ သုံးနေတာပါ။ အမေ့ဆီကိုတော့ ပြီးခဲ့တဲ့တစ်ခေါက် ဖုန်းဆက်တုန်းက နံပါတ်ပေးထားခဲ့ပေမဲ့ အခု အစည်းအဝေး လုပ်နေတာမလို့ အသံပိတ်ထားခဲ့တာလေ။
တက်ဂယူ လည်း သူ့နံပါတ်ကို ကုမ္ပဏီနံပါတ်အဖြစ် ပြောင်းထားပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက် အမေနဲ့ တွေ့တုန်းက သူ့နံပါတ်ကို ပေးထားခဲ့တာပါ။
ကျွန်တော့်ဖုန်းကို ဆက်သွယ်လို့ မရတော့ အမေက တက်ဂယူ ဆီကို ဆက်သွယ်လိုက်ပုံရတယ်။
ကျွန်တော် ဖုန်းဖြေလိုက်တယ်။
"ဟုတ်ကဲ့ အမေ"
[သား မအားဘူးလား။ အမေ အပိုတွေ ဖုန်းဆက်ပြီး နှောင့်ယှက်မိသလို ဖြစ်နေမလားလို့]
ဒါကို ကြားလိုက်တာနဲ့ အမေ့ရဲ့ အသံက တစ်ခုခု ထူးခြားနေတယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။
ကျွန်တော် ချက်ချင်းပဲ မေးလိုက်ပါတယ်။
"ဘာကိစ္စရှိလို့လဲ။ အမေ"
"ဟိုလေ... အဲဒါကလေ..."
"တစ်ခုခု ဖြစ်လို့လား"
ခဏလောက် တွေဝေနေပြီးမှ အမေက သတိထားပြီး ပြောလာတယ်။
"အခု အိမ်မှာ ဆွေမျိုးတွေ စုနေကြတယ်။ သူတို့အားလုံးက သားနဲ့ တွေ့ချင်နေကြတာ၊ အမေလည်း ဘာလုပ်ရမှန်း မသိတော့လို့"
"... တကယ်လား"
သူတို့က ဘာလို့ ကျွန်တော်နဲ့ တွေ့ချင်နေကြတာပါလိမ့်။