← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂)

ကန်ဒုံဆစ်က သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတဲ့ သာမန်မိဘတစ်ယောက်ပါ။

ဝန်ထမ်း ၁၀ ယောက်လောက်ပဲရှိတဲ့ ပုံနှိပ်တိုက်အသေးလေးတစ်ခုမှာ အလုပ်လုပ်နေပြီး အငြိမ်းစားယူဖို့ တစ်နှစ်ပဲ လိုပါတော့တယ်။ သားဖြစ်သူက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီး မနှစ်ကတင် အိမ်ထောင်ကျသွားသလို၊ ကုမ္ပဏီအသေးစားလေး တစ်ခုမှာ အတွင်းရေးမှူးလုပ်နေတဲ့ သမီးကလည်း မကြာခင်ကမှ အိမ်ထောင်ပြုသွားခဲ့ပါတယ်။

သမီးဖြစ်သူ လက်ထပ်လိုက်တဲ့လူက လုပ်ငန်းခွင်ထဲက စီနီယာဖြစ်နေတာကြောင့် ကန်ဒုံဆစ် စိတ်ထဲ သိပ်တော့အားမရလှဘူး။ နာမည်ကြီးကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်တဲ့သူ ဒါမှမဟုတ် အစိုးရဝန်ထမ်းနဲ့ ဆရာဝန်လိုမျိုး အလုပ်အကိုင် အတည်တကျရှိတဲ့သူဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ တွေးမိခဲ့တယ်။

သဘောမကျဘူးဆိုပေမဲ့ သူတို့အချင်းချင်း ပျော်နေကြတာဆိုတော့ သူ ဘာတတ်နိုင်မှာလဲလေ။ ဒါကြောင့်ပဲ အဆင်ပြေပါတယ်ဆိုတဲ့ မျက်နှာဖုံးတပ်ပြီး လက်ခံပေးလိုက်ရတာပေါ့။

ပြဿနာက မင်္ဂလာဆောင်စရိတ်တွေပါ။ သူတို့လေးတွေ အိမ်ငှားခလေး တတ်နိုင်အောင် ထောက်ပံ့ပေးပြီးတဲ့နောက်မှာ ကန်ဒုံဆစ်တို့ဆီမှာ စုဆောင်းငွေဆိုတာ မကျန်တော့ပါဘူး။

ကျန်ရှိတဲ့ ပိုင်ဆိုင်မှုဆိုလို့ မြို့ငယ်လေးက တိုက်ခန်းလေးတစ်ခန်းပဲ ရှိတော့တယ်။ ပင်စင်ရရင်တောင် ရမယ့်ငွေက သိပ်မရှိသလို အဲဒီငွေကို ရဖို့ကလည်း နောက်ထပ် ၅ နှစ်လောက် စောင့်ရဦးမှာပါ။ အငြိမ်းစားယူပြီးရင် လုံခြုံရေးဝန်ထမ်းအဖြစ် သွားလုပ်ဖို့ကလည်း သူ့စိတ်ထဲ သိပ်တော့ မပါလှဘူး။

"တချို့တွေကတော့ ထီပေါက်ပြီး ဘဝပြောင်းသွားကြတာပဲ"

ဒါက လူတွေပြောလေ့ရှိတဲ့ စကားတစ်ခုပါ။ ဒါပေမဲ့လည်း ကန်ဒုံဆစ် အိမ်အပြန်လမ်းမှာ ဝမ် ၅၀၀၀ ဖိုး ထီလက်မှတ်တစ်စောင် ဝယ်လိုက်မိတယ်။ ပထမဆုကြီး ပေါက်ဖို့ မမျှော်လင့်ပေမဲ့ ကံလေးများ နည်းနည်းပါးပါး ကောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

ဒါပေမဲ့လည်း ကံတရားက သူ လုံးဝ မမျှော်လင့်ထားတဲ့နေရာကနေ ရောက်လာပါတယ်။

တစ်နေ့မှာတော့ OTK ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ လုပ်နေတာမလို့ TV ဖွင့်ကြည့်ကြဖို့ သူ့အလုပ်ရှင်က ပြောလာတယ်။ ကန်ဒုံဆစ်ကတော့ သိပ်စိတ်မဝင်စားတာနဲ့ အပြင်ထွက် ဆေးလိပ်သောက်ပြီးမှ ပြန်ဝင်လာခဲ့တာပါ။ ထိုင်ခုံမှာ မထိုင်ခင် TV မျက်နှာပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ မျက်နှာပြင်ပေါ်က လူငယ်လေးရဲ့ မျက်နှာက တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေတယ်။

"ဒါ ကန်ဂျင်ဟူ မဟုတ်လား"

ကိုယ့်ဘာကိုယ် ပြန်ပြောမိတာတောင် မယုံနိုင်စရာပဲလို့ ခံစားလိုက်ရတယ်။

"ရုပ်ချင်းဆင်တာပဲ ဖြစ်မှာပါ"

အဲဒီလိုတွေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဖျောင်းဖျနေတုန်း ဘေးနားက လုပ်ဖော်ကိုင်ဖက်က ပြောလာတယ်။

"ဒါ ကန်ဂျင်ဟူ ပဲ"

"ဟုတ်တယ်။ အခုပဲ သူ့နာမည်က ကန်ဂျင်ဟူ လို့ ပြောသွားတာ"

"ဟင်... အဲဒါ တကယ်ကြီး သူလား"

အံ့ဩသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြတယ်။

အလုပ်ရှင်က မေးတယ်။

"ဦးလေးကန်က ဘာလို့ အဲဒီလောက် အံ့ဩနေရတာလဲ။ တည်တည်ငြိမ်ငြိမ်နေစမ်းပါ"

"သူက... သူက ကျွန်တော့်တူလေ"

"ဘာ... ခင်ဗျားတူ ဟုတ်လား"

"ကျွန်တော့်ညီရဲ့ သားပါ"

"ဪ... အခုလို ပြောမှပဲ... ကြည့်နေရင်းနဲ့ ဦးလေးကန်နဲ့ နည်းနည်းဆင်လာသလိုပဲ"

ဝန်ထမ်းတွေက ကန်ဒုံဆစ်နဲ့ TV ပေါ်က လူငယ်လေးကို အပြန်အလှန် လှည့်ကြည့်နေကြတယ်။ ရုပ်ရည်နဲ့ မျက်လုံးချင်းကတော့ တကယ်ကို ဆင်နေတာပါ။

"ဒါကတော့ တကယ့်ကို အံ့ဩစရာပဲ"

"ဝိုး... အံ့ဩဖို့ကောင်းလိုက်တာ။ အဲဒါ တကယ်ပဲ မန်နေဂျာကန်ရဲ့ တူလား"

"ဟုတ်... ဟုတ်ပါတယ်... ဒါပေမဲ့ သူက ဘာလို့ အဲဒီမှာ အဲဒီလိုတွေ ပြောနေရတာလဲ"

တကယ့် အံ့ဩစရာက အဆုံးသတ်မှာ ရောက်လာပါတယ်။

"ကျွန်တော်က OTK ကုမ္ပဏီရဲ့ စီအီးအို ပါ"

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ရုံးခန်းတစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့တယ်။

"ဟင်... အဲဒီလူငယ်လေးက OTK ကုမ္ပဏီရဲ့ စီအီးအို တဲ့လား"

"သူကသာ OTK ရဲ့ စီအီးအို ဆိုရင် သူ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ရှိမလဲ"

"ဝမ် သန်းပေါင်း ၁ကုဋေထက်တော့ မနည်းဘူး မဟုတ်လား"

"သန်း ၁ကုဋေက ဘာလုပ်ရမှာလဲ။ အနည်းဆုံး သန်း ၂ကုဋေလောက် ရှိမှာပေါ့။ Brexit တုန်းကဆို သူက ဝမ် သန်း ၃ကုဋေကျော် မြတ်ခဲ့တယ်လို့ ပြောနေကြတာလေ"

"အဲ့ဒီစကားကို ယုံသင့်လို့လား"

ကန်ဒုံဆစ် အတွက်လည်း ဒါက မယုံနိုင်စရာပါပဲ။

"ငါ့တူ... ဒုံဟျွန်းရဲ့ သား ကန်ဂျင်ဟူ က OTK ကုမ္ပဏီရဲ့ စီအီးအို တဲ့လား"

အိမ်မက်လား တကယ်လား ဝေခွဲမရဘဲ ကြောင်အမ်းအမ်း ဖြစ်နေတုန်း သူ့ဖုန်း မြည်လာပါတယ်။

အငယ်ဆုံးညီမဖြစ်တဲ့ ကန်ဒုံဟွာ ဆီကပါ။

"[အစ်ကို... ခုနက TV မှာ ကန်ဂျင်ဟူကို တွေ့လိုက်လား။ အဲဒါ ကန်ဂျင်ဟူ မဟုတ်လား]"

"အေး။ ငါတွေ့တယ်။ သူဖြစ်ဖို့ များတယ်"

"အမလေး... ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူး"

အဲဒီနောက်မှာတော့ သူ့ဇနီးနဲ့ ညီဖြစ်သူဆီက ဖုန်းတွေ ဆက်တိုက်ဝင်လာတယ်။ အားလုံးက အံ့ဩလွန်းလို့ ဘာလုပ်ရမှန်း မသိဖြစ်နေကြတာပါ။

အလုပ်ရှင်က သူ့ပုခုံးကို ပုတ်ပြီး ပြောတယ်။

"ဟာ...ဦးလေးကန်ရဲ့ တူက OTK ကုမ္ပဏီရဲ့ စီအီးအို ဖြစ်နေတာပဲ။ နောက်ဆိုရင် ကျွန်တော်တို့ကိုလည်း နည်းနည်းပါးပါး ကြည့်ပေးပါဦးနော်"

"ဟုတ်ကဲ့ပါ။ ဆရာ"

"ဒါက ထီပေါက်တာထက်တောင် ပိုသေးတာ မဟုတ်လား"

အဲဒီစကားကို ကြားမှ ကန်ဒုံဆစ် သတိပြန်ဝင်လာတယ်။

'အခုမှ တွေးကြည့်မိတယ်...'

သူ့တူက ဝမ် သန်းပေါင်းကုဋေချီ ချမ်းသာတဲ့ သူဌေးကြီး ဖြစ်နေပြီလေ။ တစ်နည်းအားဖြင့် ပြောရရင် ထီပေါက်တာထက်တောင် ပိုပြီး ကံကောင်းတာပေါ့။

သူတို့တော်စပ်မှုက ဘယ်လောက်တောင် နီးစပ်လိုက်သလဲ။ ကန်ဂျင်ဟူ က သူ့ညီအရင်းရဲ့ သားလေ။

ကန်ဒုံဆစ် အလုပ်ကနေ စောစောဆင်းပြီး အိမ်ကို တန်းပြန်ခဲ့တယ်။ အရင်ဆုံး သူ့မိသားစုနဲ့ စကားပြောပြီး အဲဒီနောက် ညီအစ်ကို မောင်နှမတွေနဲ့ ဆက်သွယ်လိုက်တယ်။

အရင်ဆုံး ဂျီဆုဆီကို အရင် ဆက်သွယ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ နှစ်တွေ အတော်ကြာသွားပြီမလို့ ဖုန်းနံပါတ် ပြောင်းသွားမလားလို့ စိုးရိမ်နေပေမဲ့ ကံကောင်းစွာနဲ့ပဲ ဖုန်းဝင်သွားပါတယ်။

"ဟယ်လို။ ဂျီဆု... ငါ ဒုံဆစ် ပါ"

"ဪ။ ဟုတ်ကဲ့... နေကောင်းရဲ့လား။ အစ်ကို။စိတ်မရှိပါနဲ့နော်... အခု စိတ်နည်းနည်း လှုပ်ရှားနေလို့ပါ။ နောက်မှ ပြန်ဆက်လိုက်မယ်နော်"

"ဪ... ကောင်းပါပြီ"

သတင်းစာရှင်းလင်းပွဲ ပြီးတာနဲ့ ကန်ဂျင်ဟူ က အစိုးရဥပဒေရုံးကို တန်းသွားခဲ့တာပါ။ ကန်ဂျင်ဟူ ရဲ့ အမေဘက်က ကြည့်မယ်ဆိုရင်လည်း သားဖြစ်သူအတွက် စိတ်ပူနေရတာကြောင့် တခြား ဘာကိုမှ တွေးနိုင်မှာ မဟုတ်ဘူးလေ။

ကန်ဒုံဆစ် စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ အစိုးရရှေ့နေတွေက စွဲချက်တွေကို ပယ်ဖျက်ပေးလိုက်ပြီးနောက် ကန်ဂျင်ဟူ ဘာအန္တရာယ်မှ မရှိဘဲ ပြန်လွတ်လာခဲ့တယ်။

အဲဒီသတင်းကို ကြားတဲ့အခါ ကန်ဒုံဆစ် သူတို့ဆီကို ထပ်ပြီး ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ထူးဆန်းတာက ဖုန်းက အလွယ်တကူ မဝင်တော့ပါဘူး။

"ငါတို့ကို တမင် ရှောင်နေတာများလား"

စိတ်ပျက်သွားတဲ့ ဆွေမျိုးတွေအားလုံး လူစုပြီး အစည်းအဝေး လုပ်ကြတော့တယ်။

"သူတို့တွေ အရင်အိမ်မှာ ပြန်နေနေကြတယ်လို့ သိရတယ်"

"ဒါတွေ လုပ်နေဖို့ အချိန်မဟုတ်တော့ဘူး။ အားလုံး အတူတူ သွားတွေ့ကြရင် ဘယ်လိုလဲ"

တတိယမြောက် အစ်ကိုဖြစ်တဲ့ ကန်ဒုံဆစ် ရဲ့ စကားကို အငယ်ဆုံးညီမ ကန်ဒုံဟွာ က ခေါင်းညိတ် ထောက်ခံတယ်။

"ဟုတ်တယ်။ အခုလို ဝမ်းသာစရာ ကိစ္စမျိုးရှိတာ မိသားစုတွေ လူစုပြီး ဂုဏ်ပြုရမှာပေါ့။ ကန်ဂျင်ဟူ ရဲ့ မျက်နှာကိုလည်း မတွေ့ရတာ ကြာပြီဆိုတော့ သွားတွေ့ကြရအောင်"

"အေးလေ... အားလုံး တစ်နေရာထဲမှာ လူစုံဖို့ အခွင့်အရေး သိပ်မရှိဘူးလေ။ ဒါက လူစုံဖို့ အခွင့်အရေးကောင်းပဲ"

ဆွေမျိုးဆိုတာ ဘယ်တော့ဖြစ်ဖြစ် ဆွေမျိုးပါပဲ။

သွေးသားတော်စပ်မှုဆိုတာ အလွယ်တကူ ဖြတ်တောက်လို့ ရပါ့မလား။

အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ကျွန်တော် ကားပေါ်တက်ပြီး ဒုံတန် ဆီကို တန်းမောင်းခဲ့တယ်။

"ငါနဲ့ လိုက်ခဲ့"

တက်ဂယူ က ချက်ချင်းပဲ လိုက်လာပြီး ကျွန်တော့်ဘေးက ခုံမှာ ဝင်ထိုင်တယ်။

ကားသော့ဖွင့်ပြီး ကားကို ချက်ချင်း စက်နှိုးလိုက်တယ်။

"ဟေ့... ကားကို နည်းနည်း ဖြည်းဖြည်းမောင်းပါဟ"

ဆွေမျိုးတွေ ဝိုင်းနေမယ့် အမေ့ကို တွေးပြီး ကျွန်တော် စိတ်ပူနေမိတယ်။

အမေ့ဆီ ဖုန်းဆက်လို့ မရတာကြောင့် အမေ့အိမ်ကိုပဲ တန်းသွားလိုက်တော့တယ်။

"ဒါနဲ့ မင်းဆွေမျိုးတွေ လာမယ်ဆိုတာ မင်းမသိဘူးလား"

တက်ဂယူ ရဲ့ မေးခွန်းကို ကျွန်တော် သက်ပြင်းချရင်း ပြန်ဖြေလိုက်တယ်။

"ငါ့မှာ ဆွေမျိုးတွေ ရှိတယ်ဆိုတာတောင် မေ့နေခဲ့တာ"

ကျွန်တော့်အမေက တစ်ဦးထဲသော သမီးပါ။ အမေ့ရဲ့အဖေက အမေ အလယ်တန်းတုန်းက ဆုံးသွားခဲ့သလို အမေ့ရဲ့အမေကလည်း ကျွန်တော် ကလေးဘဝတုန်းကတင် ဆုံးသွားခဲ့တာလေ။

တစ်ဖက်မှာတော့ ကျွန်တော့်အဖေက ညီအစ်ကို သုံးယောက်နဲ့ ညီမတစ်ယောက်ထဲမှာ ဒုတိယမြောက်သားပါ။ အဖေဘက်က အဖိုးအဖွားတွေက ကျွန်တော် အထက်တန်းရောက်မှပဲ ဆုံးသွားခဲ့တာမလို့ ပိတ်ရက်တွေဆိုရင် ဆွေမျိုးတွေနဲ့ လူစုဖြစ်လေ့ရှိတယ်။

"အဖေ ဆုံးသွားပြီးကတည်းက အဆက်အသွယ် ပြတ်သွားကြတာ"

"မင်းရဲ့မိသားစုက ပြိုကွဲသွားလို့လား"

ကျွန်တော် ခါးခါးသီးသီး ပြုံးလိုက်မိတယ်။

"အဲဒါက ပိုပြီး ကြီးမားတဲ့ အကြောင်းပြချက် ဖြစ်မှာပါ"

မောင်နှမ လေးယောက်ထဲမှာ ကျွန်တော့်အဖေက အအောင်မြင်ဆုံးပါ။

အကြီးအကျယ် အောင်မြင်တာမျိုး မဟုတ်ပေမဲ့ ဇိမ်ခံကား မောင်းနိုင်ပြီး စားသောက်ဆိုင်တွေမှာ စားနိုင်သောက်နိုင်တဲ့ အခြေအနေမျိုးပေါ့။ ဒါက တခြား မောင်နှမ သုံးယောက်ထဲမှာ အဖေ့ထက် အောင်မြင်တဲ့သူ မရှိဘူးလို့ ဆိုလိုတာပါ။ ဒါကြောင့်ပဲ အဖေက ဆွေမျိုးတွေဆီက အကူအညီ ယူရမယ့်အစား သူတို့ကို ပြန်ကူညီပေးရတဲ့ အနေအထားမှာ ရှိခဲ့တယ်။

ဒါပေမဲ့ အဖေ ဆုံးသွားပြီး အဖေ့လုပ်ငန်းတွေ ကျရှုံးသွားတဲ့အခါ အခြေအနေတွေက ရုတ်ခြည်း ပြောင်းလဲသွားတော့တယ်။ အခက်အခဲဖြစ်နေတဲ့ အမေက ဆွေမျိုးတွေဆီကနေ ငွေအကူအညီ တောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ အားလုံးက ငြင်းပယ်ခဲ့ကြပြီး အဲဒီကစလို့ အဆက်အသွယ် ပြတ်သွားခဲ့တာပါ။

နားလည်ပေးလို့တော့ ရပါတယ်။ ခက်ခဲနေတဲ့ အချိန်မှာ ပြန်ရဖို့ မသေချာတဲ့ ငွေကို ထုတ်ချေးဖို့ဆိုတာ မလွယ်ဘူးလေ။

ဒါက စိတ်ပျက်စရာ ကောင်းပေမဲ့ ကျွန်တော် ရန်ငြိုးတော့ မထားပါဘူး။ ဒါပေမဲ့ ကျွန်တော် အောင်မြင်လာမှ အမေ့အိမ်ကို ရုတ်တရက် ရောက်လာကြတာကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။

ကျွန်တော့်ထက် အရင် လူသိများသွားတဲ့ စီနီယာ ဆန်းယော့ လည်း အလားတူ အတွေ့အကြုံမျိုး ကြုံခဲ့ရတယ်လို့ ကြားဖူးတယ်။

ဆွေမျိုးတွေ ခဏခဏ လာနှောင့်ယှက်လွန်းလို့ သူ့ မိဘတွေကို လုံခြုံရေးကောင်းတဲ့ ဇိမ်ခံဗီလာဆီ ပြောင်းပေးလိုက်ရသလို ဖုန်းနံပါတ်တွေပါ ပြောင်းပြီး ဘယ်သူနဲ့မှ မတွေ့တော့ဘဲ နေခဲ့ရတာပါ။

"မင်းကို ပစ်ပယ်ထားခဲ့ကြပေမဲ့ အောင်မြင်သွားပြီဆိုတာ သိတာနဲ့ သူတို့က လာပြီး ရင်းနှီးချင်ကြတာပဲ"

သတင်းစာရှင်းလင်းပွဲတွေကနေတစ်ဆင့် ကျွန်တော့်နာမည်နဲ့ မျက်နှာကို လူသိများနေပေမဲ့ တက်ဂယူ အကြောင်းကိုတော့ လူသိနည်းပါတယ်။ ဒါပေမဲ့ အစ်မဟျွန်းဂျူး က Golden Gate ရဲ့ စီအီးအို ဖြစ်လာတာကိုတော့ အားလုံး သိကြတယ်။

"မင်းတို့အိမ်ကိုရော လူတွေ ခဏခဏ လာကြလား"

"ငါ့အစ်မ အောင်မြင်နေတာ တစ်ရက်နှစ်ရက်ပဲ ရှိသေးတာမှ မဟုတ်တာ။ ငါတို့မှာ ဆွေမျိုးသိပ်မရှိဘူး။ ရှိတဲ့သူတွေကလည်း သူတို့ဘာသာ အဆင်ပြေကြတယ်လေ။ ဘယ်မှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာ လာမေးတာမျိုးတော့ ရှိပေမဲ့ ငါတို့ကတော့ အဆင်ပြေပါတယ်"

စကားပြောနေရင်း အိမ်ရှေ့ကို ရောက်လာတယ်။ ကျွန်တော် ကားကို ခြံဝင်းတံခါးရှေ့မှာ ရပ်လိုက်တယ်။

"ငါ မင်းနဲ့အတူ လိုက်ခဲ့ရမလား"

"နေပါစေ... ဒီမှာပဲ စောင့်ပေး"

"အိုကေ"

ကျွန်တော် ကားတံခါးဖွင့်ပြီး ဆင်းခဲ့လိုက်တယ်။

အိမ်မှာ ရောက်နှင့်နေတဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က တံခါးဖွင့်ပေးတယ်။

"ဆရာ ရောက်လာပြီလား"

"ခင်ဗျားတို့ ဘာလို့ လမ်းကို ပိတ်မထားတာလဲ"

သူက ကျွန်တော့်စကားကြောင့် ခေါင်းငုံ့သွားတယ်။

"တောင်းပန်ပါတယ်... သခင်မကြီးက သူတို့ကို အထဲဝင်ခိုင်းလိုက်လို့ပါ..."

မကြည့်ဘဲနဲ့တောင် ကျွန်တော် မြင်ယောင်နေမိတယ်။ အမေ့ရဲ့ စိတ်နေစိတ်ထားအရ သူတို့ကို ဒီအတိုင်း ပြန်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

အိမ်ရှေ့တံခါးကနေ ဝင်လိုက်တဲ့အခါ ဧည့်ခန်းထဲမှာ လူ ၁၀ ယောက်လောက် ရှိနေပါတယ်။ ဆိုဖာပေါ်မှာ မဆံ့တာကြောင့် ကြမ်းပြင်ပေါ်မှာပါ စုပြုံထိုင်နေကြတာပါ။

သစ်သီးတွေနဲ့ ကော်ဖီတွေလည်း ပြင်ဆင်ပေးထားသေးတယ်။ ဧည့်သည်တွေကို အဲဒီလောက်အထိ ဧည့်ခံဖို့ လိုလို့လား။

"ကျွန်တော် ရောက်ပြီ။ အမေ"

အားလုံး စိတ်မသက်မသာ ဖြစ်နေတဲ့ ကြားထဲက အမေက ကျွန်တော့်ကို မော့ကြည့်ပြီး ချက်ချင်း မတ်တတ်ထရပ်တယ်။

"ဂျင်ဟူ... ရောက်ပြီလား"

ကျွန်တော် အမေ့ကို လေသံတိုးတိုးနဲ့ မေးလိုက်တယ်။

"သူတို့ကို ဘာလို့ အထဲပေးဝင်တာလဲ"

" သူတို့က သားအဖေရဲ့ မိသားစုတွေလေ... အမေတို့ ဒီအတိုင်း ပြန်လွှတ်လို့ မကောင်းဘူး မဟုတ်လား"

မိသားစုဆိုတာ ကောင်းတဲ့အချိန်ရော၊ ဆိုးတဲ့အချိန်မှာပါ ရှိနေရမှာလေ။ အခုတော့ သူစိမ်းတွေနဲ့ ဘာမှမခြားတော့ပါဘူး။

ဆွေမျိုးတွေက ကျွန်တော့်ကို တစ်ပြိုင်ထဲ ကြိုဆိုကြတယ်။

"ဟေ့... ဂျင်ဟူ ရောက်လာပြီ"

"တွေ့ရတာ ဝမ်းသာပါတယ်။ ဂျင်ဟူ"

"နောက်ဆုံး တွေ့ခဲ့တုန်းကထက် ပိုပြီး လူလားမြောက်လာပြီပဲ"

ဦးလေးစုံတွဲ နှစ်တွဲ၊ ကျွန်တော့်အဒေါ်၊ ကျွန်တော့်ဝမ်းကွဲအစ်မ၊ နောက်ပြီး သူတို့ဘေးမှာ သူစိမ်းတစ်ယောက်နဲ့ ကလေး နှစ်ယောက်။

"..."

လူတွေ အတော်များသားပဲ။

ဦးလေးက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်ပြီး ပြောတယ်။

"အဲဒီကားနဲ့ လာတာလား။ အဲဒါ Porsche မဟုတ်လား"

"ဝိုး... အဲဒါ ဝမ် သန်း ၁၀၀ ကျော် တန်မှာပဲ"

အဒေါ်ဖြစ်သူက ပြောတယ်။

"ခြံထဲက Series 7 ကိုလည်း ဂျင်ဟူ ကပဲ ဝယ်ပေးထားတာလေ။ ဂျင်ဟူ က တကယ်ကို သိတတ်တဲ့ သားပဲ။ နင့်အစ်မကတော့ ကံကောင်းလိုက်တာ"

ကျွန်တော် အမေ့ကို ပြောလိုက်တယ်။

"လက်ဖက်ခြောက်နဲ့ သစ်သီးတွေ ယူလာပေးပါဦး။ လက်ဖက်ရည်ကို ကောင်းကောင်းလေး နှပ်ပေးပြီး သစ်သီးတွေလည်း အများကြီး လှီးပေးပါဦး"

"အေးပါ"

အမေက မီးဖိုချောင်ထဲ ဝင်သွားပြီး ကျွန်တော်ကတော့ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။

ဦးလေးက ပြုံးပြီး မေးတယ်။

"ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ စစ်မှုထမ်းတာရော အဆင်ပြေခဲ့ရဲ့လား"

"အင်း... ဘယ်နှစ်နှစ်ရှိသွားပြီလဲ။ နာရေးအိမ်မှာ တွေ့ခဲ့ကြတာ နောက်ဆုံးပဲ ထင်တယ်"

"ဟုတ်လား။ ဘာပဲဖြစ်ဖြစ် သတင်းစာရှင်းလင်းပွဲ ကြည့်ပြီး ငါတို့ အတော်လေး အံ့ဩသွားကြတာ။ အဲဒီလို ကိစ္စမျိုးရှိရင် ငါတို့ကို စောစောစီးစီး အကြောင်းကြားသင့်တာပေါ့"

ဦးလေးရဲ့မိန်းမကလည်း ခေါင်းညိတ်တယ်။

"ဟုတ်တယ်။ အားလုံး ဘယ်လောက်တောင် စိတ်ပူနေခဲ့ကြရလဲ နင်သိလား။ အစိုးရရှေ့နေတွေက ဘာလို့ အပြစ်မရှိတဲ့လူကို ဖမ်းတာလဲ"

"ဟုတ်ပ။ သူတို့တွေက လူဆိုးတွေပဲ။ ကျွန်မလည်း ပက်ဆီဟျွန်း ကို အားပေးခဲ့တာ။ ဒါပေမဲ့ ကျွန်မတို့ ဂျင်ဟူ ကို လုပ်လိုက်တာ မြင်တော့ စိတ်ပြောင်းသွားပြီ"

အဒေါ်က ထောက်ခံပြောရင်း သူ့ဘေးက ကလေးတွေကို လှည့်ကြည့်ပြီး ပြောတယ်။

"ဒါ နင်တို့ရဲ့ ဝမ်းကွဲအစ်ကိုလေ။ မှတ်မိလား။ ဂျင်ဟူ ကို နှုတ်ဆက်လိုက်ဦး"

မူလတန်းကျောင်းသားလေးတွေ ဖြစ်ပုံရတဲ့ ကလေးတွေက မတ်တတ်ရပ်ပြီး နှုတ်ဆက်ကြတယ်။

"မင်္ဂလာပါ... ကျွန်တော်က ကင်ဂျုံမင် ပါ"

"မင်္ဂလာပါ... ကျွန်မ ကင်မီနာ ပါ"

သူတို့လေးတွေ ကလေးပေါက်စအရွယ်တွေတုန်းကတော့ မြင်ဖူးသလိုတော့ ရှိပါတယ်။

"အခုက ကျောင်းသွားရမယ့် အချိန် မဟုတ်ဘူးလား"

"ကျောင်းက တစ်ရက်လောက် ပျက်လို့ ရပါတယ်။ မိသားစု လူစုံဖို့က ပိုအရေးကြီးတာပေါ့"

အဒေါ်ရဲ့ စကားကို ကျန်တဲ့ ဦးလေးရဲ့မိန်းမတွေကလည်း ခေါင်းညိတ် ထောက်ခံကြတယ်။

"အေးလေ... စာတော်တာထက် စာရင် စိတ်နေစိတ်ထား ကောင်းတဲ့လူ ဖြစ်ဖို့က ပိုအရေးကြီးတယ်လေ။ ဒီက အစ်မက ကလေးတွေကို ဆုံးမတာ တကယ်ကို ကောင်းတာပဲ"

ကလေးတွေ ကိုယ်တိုင်ကတော့ အခြေအနေကို နည်းနည်း ဝေခွဲမရဖြစ်နေပုံရပေမဲ့ ကျောင်းမသွားရတာကိုတော့ ပျော်နေကြပုံပဲ။

"ဘယ်လိုနေလဲ ဂျင်ဟူ... နင် တကယ်ကို ခန့်ညားလာတာပဲ"

စကားပြောလိုက်တဲ့သူက အဖိုးရဲ့ မြေးဖြစ်သူ ကျွန်တော့်ဝမ်းကွဲအစ်မ ကန်မီယောင် ပါ။ သူက ကိုယ်ဝန်ရင့်နေပုံပဲ။ သူ့ဘေးမှာတော့ ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသားတစ်ယောက် ရှိနေပါတယ်။

အသက် ၃၀ အစောပိုင်းလောက်၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးနဲ့ အပျော်အပါး မက်မယ့်ပုံမျိုးပါ။

"ဒါက ဘယ်သူလဲ"

အစ်မ မီယောင်က ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။

"ဪ... ဒါက ငါ့ယောကျ်ား ချွိုင်းနမ်ဝူး လေ။ နင့်ရဲ့ ယောက်ဖအသစ်ပေါ့။ ဂျင်ဟူ ရဲ့"

သူက ယုံကြည်မှုအပြည့်နဲ့ ပြောလာတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ယောက်ဖရေ။ နောက်ပိုင်းလည်း ကြည့်ရှုစောင့်ရှောက်ပေးပါဦး"

"······"

ကျွန်တော့်ကို ဘယ်တုန်းက စပြီး ရင်းရင်းနှီးနှီး ပြောဆိုခွင့် ရှိသွားရတာလဲ။

အသက်ကြီးပြီး အဆင့်အတန်း မြင့်တဲ့နေရာမှာ ရှိနေတာကြောင့် ဒါက လုံးဝ မှားယွင်းတာမျိုး မဟုတ်ပေမဲ့ ယဉ်ကျေးဖို့တော့ နည်းနည်း လိုအပ်နေသေးတယ်။

"ယောက်ဖလေးကြောင့် ငါ အလုပ်မှာ လူရာဝင်လာတယ်။ ဒီနေ့ ယောက်ဖလေးနဲ့ သွားတွေ့မယ်လို့ ပြောတော့ အလုပ်ရှင်ကတောင် မြန်မြန်သွားပြီးမှ ပြန်လာခဲ့ဖို့ တိုက်တွန်းနေတာ။ ဟားဟား"

"······"

အလုပ်မှာ သူစိမ်းနာမည်ကို လိုက်ကြွားနေရအောင် ကျွန်တော်တို့က ဘယ်တုန်းက အဲဒီလောက် ရင်းနှီးသွားကြလို့လဲ။

ကျွန်တော် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။

"လက်ထပ်လိုက်တာ ဂုဏ်ယူပါတယ်ဗျာ။ ဒါနဲ့ ဘယ်တုန်းက လက်ထပ်လိုက်တာလဲ"

"၈ လလောက် ရှိပြီ"

"ဟုတ်လား။ အဲဒီအချိန်ဆိုရင် ကျွန်တော် စစ်တပ်ကတောင် စစ်မှုထမ်းလို့ပြီးသွားလောက်ပြီပဲ။ ဒါပေမဲ့ မင်္ဂလာဆောင် သတင်းကိုတော့ ကျွန်တော် မကြားခဲ့ရဘူးနော်"

"အဲဒါက······"

အစ်မ မီယောင်က တွေဝေသွားတဲ့အခါ ဦးလေးရဲ့မိန်းမက ဆင်ခြေပေးတယ်။

"အမလေး... နင်ကလည်း အဲ့လောက်မတွက်ကပ်စမ်းပါနဲ့။ ကလေးတစ်ယောက်ကို ပထမဆုံး အိမ်ထောင်ချပေးရတာဆိုတော့ ပြင်ဆင်စရာတွေ များပြီး လူတွေကို အကြောင်းကြားဖို့ မေ့သွားတာ ဖြစ်မှာပါ"

"အရင်ကလည်း အစ်ကိုယွန်ဟူကို အိမ်ထောင်ချပေးခဲ့ဖူးတာပဲလေ။ မဟုတ်ဘူးလား"

"အဲဒါကတော့ သားကို အိမ်ထောင်ချပေးတာလေ။ သမီးကို အိမ်ထောင်ချပေးတာနဲ့မှ မတူတာ"

ဦးလေးက ရုတ်တရက် စားပွဲကို ရိုက်လိုက်တယ်။

"ဟေ့။ နင် ဘာတွေ လျှောက်ပြီးဝင်လျှာရှည်နေတာလဲ"

"တောင်းပန်ပါတယ်ရှင်"

သူတို့တွေ ဟန်ဆောင်နေကြတာကို မြင်ရတာ ကျွန်တော် ဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။

အားလုံးက ကျွန်တော့်မျက်စိထဲမှာ ကြည့်ကောင်းအောင် ပြုံးပြနေကြတယ်။ ပြုံးနေတဲ့ မျက်နှာဖုံးတွေ တပ်ထားကြသလိုပဲ။

အဲဒီမျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာတော့ ခက်ခဲနေတုန်းက ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့မိတဲ့အတွက် နောင်တရတာတွေ၊ ဆွေမျိုးတွေအနေနဲ့ တစ်ခုခုတော့ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ၊ သားသမီးတွေအတွက် မိဘတွေရဲ့ စိတ်ဆန္ဒတွေ၊ ငွေအပေါ် မက်မောမှုတွေ စတာတွေကို ကျွန်တော် မြင်နေရတယ်။

ရှုထောင့်ပြောင်းပြီး တွေးကြည့်ရင်လည်း နားမလည်ပေးနိုင်စရာတော့ မဟုတ်ပါဘူး။

တကယ်လို့ ကျွန်တော်က စစ်တပ်ကနေ အခုမှ ပြန်ထွက်လာပြီး ရုန်းကန်နေရတဲ့သူဆိုရင်ကော။ သူတို့ထဲက တစ်ယောက်ယောက်က ကျွန်တော့်လောက် အောင်မြင်နေမယ်ဆိုရင်ရော။

ကျွန်တော့်အမေကလည်း အဲဒီအိမ်ကို တန်းပြေးသွားပြီး အကူအညီတွေ အမျိုးမျိုး တောင်းနေမိမှာလား။ ကျွန်တော် ဆွေမျိုးတွေကို ကြည့်ပြီး မေးလိုက်တယ်။

"ဒါနဲ့ အားလုံးက ကျွန်တော့်ဆီကို ဘာလို့ အဆက်အသွယ်တောင် မလုပ်ဘဲ ရောက်လာကြတာလဲ"

ဦးလေးဖြစ်သူက ပုခုံးတွန့်ပြတယ်။

"ဘာမှ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မင်းရဲ့ မျက်နှာလေး လာကြည့်ချင်လို့ပါ"

"ဪ... ဟုတ်လား"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"မျက်နှာလည်း မြင်ရပြီဆိုတော့ အားလုံး ပြန်ကြပါတော့လား။ ကျွန်တော် အလုပ်ပြန်သွားရတော့မယ်"

ဒါပေမဲ့ ဘယ်သူမှ ထမသွားကြပါဘူး။

အဒေါ်က ရယ်ပြီး ပြောတယ်။

"မိသားစုတွေ ဒီလို လူစုံဖို့က ခဲယဉ်းတာလေ။ စကားလေး ဘာလေး ပြောကြဦးမှပေါ့"

" သတင်းတွေထဲမှာပါတဲ့ ဝမ် သိန်းပေါင်း ကုဋေနဲ့ချီတဲ့ ငွေတွေအကြောင်းကို ပြောမလို့လား "

ကျွန်တော် ဦးလေးကို မေးလိုက်တယ်။

"အဲဒါက ဘာအရေးကြီးလို့လဲ။ အရေးကြီးတာက မင်းအမေနဲ့ ငါတို့ ကျန်းကျန်းမာမာနဲ့ အဆင်ပြေနေဖို့ပဲလေ"

သူက ပြန်ဖြေတယ်။

"ဟုတ်ပါတယ်... အဲဒါ မှန်တာပေါ့"

"ဘာပဲဖြစ်ဖြစ် အေးဆေးဆွေးနွေးကြရအောင်"

ဦးလေးငယ်က ချက်ချင်း ဝင်ပြောတယ်။

"ဖြစ်နိုင်ရင် ဂျင်ဟူ ရေ... မင်းက စီးပွားရေးလုပ်နေတာဆိုတော့ ငါတို့ ကူညီပေးနိုင်တာမျိုး ရှိမလားလို့ပါ"

ဦးလေးငယ်ရဲ့မိန်းမကပါ ထပ်ဖြည့်ပြောတယ်။

"ယုံကြည်မှုက အရေးကြီးဆုံး မဟုတ်လား။ မိသားစုတွေ အတူတူ အလုပ်လုပ်ရင် ပိုကောင်းတာပေါ့"

အဒေါ်ဖြစ်သူက စောင့်နေသလိုမျိုး ချက်ချင်း ဝင်ထောက်ခံတယ်။

"ဟုတ်တာပေါ့။ အွန်ဆောင်း အုပ်စု တို့ ဒါမှမဟုတ် Reteg အုပ်စု တို့လိုမျိုး ညီအစ်ကိုတွေက ကုမ္ပဏီခွဲတွေကို စီမံခန့်ခွဲတာက ကြည့်လို့ကောင်းတယ်လေ"

"······"

မိသားစုတွေ အုပ်စုလိုက် စီမံခန့်ခွဲနေတဲ့ လုပ်ငန်းစုကြီးတွေကို မြင်ရတာ တကယ်ပဲ ကြည့်ကောင်းလို့လား။

ဒါပေမဲ့ အဲဒီဆက်ဆံရေးကို အမှန်ပြင်ပေးဖို့တော့ လိုလိမ့်မယ်။

"အွန်ဆောင်း အုပ်စု က ညီအစ်ကိုတွေ အချင်းချင်း ကုမ္ပဏီခွဲတွေအတွက် သတ်ကြပုတ်ကြလို့ ပြိုကွဲသွားတာလေ။ နောက်ပြီး Reteg အုပ်စု ကလည်း Korea Lite နဲ့ Japan Lite ကို လုဖို့ မောင်နှမ နှစ်ယောက် အာဏာလုနေကြတာ"

"အဲ... အဲဒါက..."

အားလုံးက ဒီကို လာကြတာ တစ်ခုခု လိုချင်လို့ပါ။ အခု ကျွန်တော် သူတို့ကို ပြန်လွှတ်လိုက်ရင်တောင် သူတို့က အချိန်မရွေး ပြန်လာကြဦးမှာပဲ။

ကျွန်တော် နက်ကတိုင်ကို လျှော့လိုက်ပြီး ဆိုဖာပေါ်မှာ မှီထိုင်ရင်း ပြောလိုက်တယ်။

"ကျွန်တော့်ဆီကနေ တစ်ခုခု လိုချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါ"

All Chapters