အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃)
"ဘာမှ မလိုချင်ပါဘူး" လို့သာ ငြင်းနေကြတာ တကယ်တမ်း ဘာလိုချင်လဲလို့ အပွင့်လင်းဆုံး မေးလိုက်တဲ့အခါကျတော့ အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တိတ်သွားကြတယ်။
ခဏနေတော့မှ ဦးလေးက အစပြုပြီး စကားပြောလာတယ်။
"အဲဒါကတော့... ငါကလည်း နောက်နှစ်ဆို အငြိမ်းစားယူတော့မှာဆိုတော့ ငါတို့ ယွန်ဟူ လေးလည်း အလုပ်အကိုင် အတည်တကျလေး ဖြစ်စေချင်တာပေါ့"
"ယွန်ဟူ က အခုထိ အလုပ်မရသေးဘူးလား"
"လုပ်နေတာတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ဘယ်အချိန် ရပ်သွားမလဲ မသိဘူးလေ"
ဦးလေးရဲ့မိန်းမကလည်း ပြုံးပြီး ဝင်ပြောတယ်။
"သူက အခုလုပ်နေတဲ့ အလုပ်က သူ့ဝါသနာနဲ့ မကိုက်လို့ ထွက်ချင်နေတာ။ ဂျင်ဟူ နဲ့ အတူတူ အလုပ်လုပ်ရရင်တော့ အကောင်းဆုံးပဲလို့ ငါတွေးမိတယ်"
"ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလေ။ Startupတွေကို ရင်းနှီးမြုတ်နှံမှုတာတို့၊ PEF တို့၊ SWF တို့လိုမျိုးပေါ့။ အဲဒါတွေနဲ့ ဆင်တူတယ်"
"Startupဟုတ်လား... PEFကရော ဘာကြီးလဲ။ ဘာပဲဖြစ်ဖြစ်ပါလေ အလုပ်ဆိုတာ သင်ယူပြီး လုပ်သွားရင် ရတာပဲ မဟုတ်လား"
မီယောင် ကလည်း အမြန်ပဲ ဝင်ထောက်ခံတယ်။
"အစ်မယောကျ်ားက အဲဒီလို အလုပ်မျိုးတွေကို စိတ်ဝင်စားတာ။ ကိုယ့်ယောကျ်ားမလို့ ပြောတာမဟုတ်ဘူးနော်။ သူက ကုမ္ပဏီအသေးလေးမှာ နေရမယ့်လူမျိုး မဟုတ်ဘူး"
ဇနီးဖြစ်သူရဲ့ ချီးမွမ်းစကားကြောင့် ချွိုင်းနမ်ဝူး က ပုခုံးကို ကြွလိုက်တယ်။
"အခု အလုပ်က ဘာလုပ်ရတာလဲ"
"အရောင်းဝန်ထမ်းပါ။ အားကစားပစ္စည်းတွေ ရောင်းတာ"
ကျွန်တော် ကလေးတွေဘက်ကို လှည့်ကြည့်လိုက်တယ်။
ဂျုံမင် နဲ့ မီနာ တို့က ကျွန်တော့်ကို မျက်လုံးလေးတွေ တောက်ပပြီး ကြည့်နေကြတယ်။ သူတို့ရဲ့ ဝမ်းကွဲအစ်ကိုက တကယ့်လူတော်ကြီးဆိုတာ ကြားထားတော့ အံ့ဩနေကြသလို မျှော်လင့်ချက်တွေလည်း ရှိနေပုံပဲ။
တစ်နည်းအားဖြင့်တော့ ဒီလိုတုံ့ပြန်မှုမျိုးက ပိုပြီး အပြစ်ကင်းစင်တယ်လို့ ပြောရမှာပေါ့။
ကျွန်တော် အမှန်အတိုင်းပဲ ပြောလိုက်တယ်။
"အခုလောလောဆယ် ကျွန်တော်တို့ဆီမှာ လူအင်အား လိုနေတာတော့ အမှန်ပဲ"
ကျွန်တော့်စကားကြောင့် အားလုံးရဲ့ မျက်နှာတွေ ဝင်းပသွားကြတယ်။
"ဝိုး... ကောင်းလိုက်တာ"
"ဟားဟား... ငါတို့ အချိန်ကိုက် ရောက်လာတာပဲ"
ဒါပေမဲ့ ကျွန်တော့်စကားက မပြီးသေးပါဘူး။
"ဒါပေမဲ့ အဲဒီရာထူးကို ယူဖို့ဆိုရင် CFO၊ CHO၊ CRO၊ CTO တို့နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ထားရမယ်။ ဒါမှမဟုတ် လက်မှတ်တွေ အနည်းဆုံးရှိရမယ်"
ဦးလေးရဲ့မိန်းမက မေးတယ်။
"အဲဒါတွေက ဘာတွေလဲ"
"ဒါမှမဟုတ်ရင်လည်း ဘဏ္ဍာရေး၊ စာရင်းကိုင်၊ ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် ဥပဒေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိရမယ်"
ချွိုင်းနမ်ဝူး က ယုံကြည်မှုအပြည့်နဲ့ ပြောလာတယ်။
"ငါ့မှာ စတော့ရှယ်ယာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိပါတယ်။ ယောက်ဖလေးကသာ အဲဒီအလုပ်ကို ယုံယုံကြည်ကြည် အပ်ပေးမယ်ဆိုရင် ငါ အကောင်းဆုံး လုပ်နိုင်ပါတယ်"
အစ်မ မီယောင်က လက်ခုပ်တီးပြီး ပြောတယ်။
"ဟုတ်တယ်၊ သူက ငယ်ငယ်တုန်းက စတော့ရှယ်ယာတွေတောင် အရောင်းအဝယ် လုပ်ဖူးတာ။ အဲဒါကို ဘာလို့ ခေါ်တာပါလိမ့်..."
"Scalping လေ"
"ဟုတ်တယ်၊ အဲဒါက ဘယ်သူမဆို လုပ်နိုင်တာမှ မဟုတ်တာ"
"..."
ဘယ်သူမဆို လုပ်နိုင်တာပါ။ Scalping ဆိုတာ နာမည်လှအောင် ခေါ်တာ။ တကယ်ကတော့ စတော့ရှယ်ယာတွေကို ကြုံသလို အမြန်ရောင်း၊ အမြန်ဝယ် လုပ်တာပဲ။
ကျွန်တော် ချွိုင်းနမ်ဝူး ကို ကြည့်ပြီး မေးလိုက်တယ်။
"Window Dressing တို့၊ Cross Trading တို့ဆိုတာ ဘာလဲ သိလား"
သူက ကြောင်အမ်းအမ်းနဲ့ ပြန်မေးတယ်။
"Dressingနဲ့ Crossfit tradingဟုတ်လား။ လေ့ကျင့်ခန်းအကြောင်း ပြောနေတာလား"
သူ သိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။
"ခင်ဗျား သိထားတဲ့ Scalping ပဲ ဆက်လုပ်နေလိုက်ပါတော့"
"..."
ချွိုင်းနမ်ဝူး က ဘာပြောရမှန်း မသိဘဲ တိတ်သွားတယ်။
ဒီတစ်ခါတော့ ဦးလေးငယ်က စကားပြောလာတယ်။
"ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအပြင် တခြားကုမ္ပဏီတွေလည်း အများကြီး ရှိတာပဲ မဟုတ်လား။ K ကုမ္ပဏီဆိုတာလည်း ဂျင်ဟူ လက်အောက်မှာပဲလေ။ မကြာသေးခင်ကမှ အမေရိကန်မှာ ကားကုမ္ပဏီအကြီးကြီး တစ်ခုကို ဝယ်လိုက်တာဆို။ တခြားကုမ္ပဏီတွေလည်း တစ်ခုနှစ်ခုမက ရှိတာပဲ မဟုတ်လား"
ဦးလေးက ချောင်းတစ်ချက် ဟန့်လိုက်တယ်။
"အဟမ်း... လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲတဲ့နေရာမှာ ယုံကြည်ရတဲ့သူတွေကိုပဲ အပ်သင့်တာပေါ့။ အဆင့်မြင့်အရာရှိတို့ အုပ်ချုပ်ရေးပိုင်းတို့လို နေရာမျိုးတွေပေါ့"
ရိုးရိုးလေး ပြောရရင်တော့ အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံအများကြီးရမယ့်နေရာ၊ ဒါမှမဟုတ် အလုပ်ထဲမှာ အပျော်လေး လုပ်နေရုံနဲ့ ရမယ့်နေရာမျိုးကို လိုချင်နေတာပါ။
အဒေါ်ဖြစ်သူက ပြောတယ်။
"မကြာသေးခင်က သတင်းထဲမှာ တွေ့လိုက်တယ်။ Lite Group ရဲ့ ဥက္ကဋ္ဌက သူ့ရဲ့ ဇနီးငယ်ငယ်လေးကို ရုပ်ရှင်ရုံထဲမှာ ပြောင်းဖူးပေါက်ပေါက်နဲ့ အအေးတွေ ရောင်းခွင့်ပေးထားတယ်ဆိုလားပဲ။ ငါတို့အတွက်လည်း အဲဒီလိုမျိုးလေး ရှိရင် ကောင်းမယ်နော်"
အတိအကျ ပြောရရင်တော့ ဥက္ကဋ္ဌ ဂျင်ကျောင်ဟို က သူ့ရဲ့ တတိယမြောက်ဇနီး တည်ထောင်ထားတဲ့ RT Distribution ကို ရုပ်ရှင်ရုံ မုန့်ဆိုင်ဖွင့်ခွင့် ပေးလိုက်တာပါ။
သာလွန်ကောင်းမွန်တဲ့ စာချုပ်စည်းကမ်းချက်တွေကြောင့် RT Distribution ဟာ မတရားတဲ့ အကျိုးအမြတ် ဝမ် သန်းပေါင်း ကုဋေနဲ့ချီပြီး ရရှိခဲ့တာပေါ့။
"အဲဒါကို အလွဲသုံးစားလုပ်မှုလို့ ခေါ်တယ်။ အခုလည်း အစိုးရရှေ့နေတွေက တရားစွဲထားပြီလေ"
"ဟုတ်...ဟုတ်လား"
အဲဒီကိစ္စကြောင့်ပဲ RT distributionအကြောင်း သတင်းထဲ ပါလာတာပါ။ သူတို့က ဘာတွေကိုပဲ ရွေးပြီးကြည့်မိကြတာလဲဟ။
ဦးလေးက ခပ်အေးအေးပဲ ထပ်ပြောတယ်။
"ဂျင်ဟူ ဆီကနေ ရင်းနှီးမြှုပ်နှံမှုယူပြီး ငါတို့လည်း စီးပွားရေးလေး ဘာလေး လုပ်ရင်ကော"
ဦးလေးရဲ့မိန်းမက ခေါင်းညိတ်တယ်။
"ဪ... အဲဒါလည်း ကောင်းတာပဲ"
"..."
အခုမှ တကယ့်ရည်ရွယ်ချက်တွေ ထွက်လာတော့တယ်။
အလုပ်ကို ကူညီချင်ပါတယ်လို့ ဘယ်လိုပဲ ပြောပြော၊ နောက်ဆုံး သူတို့ တကယ်လိုချင်တာက ပိုက်ဆံပါ။
ကျွန်တော်သာ ဝမ် သန်းပေါင်း ရာဂဏန်းလောက်ပဲ ချမ်းသာမယ်ဆိုရင် စိတ်တိုမိမှာအမှန်ပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုက သန်းထောင်ပေါင်းများစွာ ကျော်နေပြီဆိုတာ သိလိုက်တဲ့အခါ စကားဝိုင်းက ပြောင်းလဲသွားတယ်။
ကျွန်တော့်အတွက်တော့ ဝမ် သန်း ၁သောင်းဖြစ်ဖြစ် သန်းပေါင်း ၁သိန်းဖြစ်ဖြစ် အပိုဖြစ်နေတဲ့ ပိုက်ဆံတွေပါပဲ။ ဒါကြောင့် သူတို့ကလည်း အဲဒီပိုက်ဆံတွေထဲက သူတို့အတွက် ဝေစုတစ်ခု လိုချင်နေကြတာပေါ့။
သွေးသားတော်စပ်နေရုံလေးနဲ့တင်တဲ့လေ။
ဒါပေမဲ့လည်း...
ချမ်းသာတဲ့သူတွေက ပိုက်ဆံကို ဟိုဟိုဒီဒီ ကြုံသလို ပေးကမ်းနေကြတာပဲလို့ ထင်စရာရှိပေမဲ့ တကယ်က အဲဒီလို မဟုတ်ပါဘူး။ တကယ့်သူဌေးကြီးတွေက ပိုက်ဆံကို အရမ်း ကျိုးကြောင်းဆီလျော်စွာ သုံးစွဲကြတာပါ။
ဘားတစ်ခုမှာ တစ်ညတည်းနဲ့ ဝမ်သန်းပေါင်းများစွာ သုံးပစ်တာမျိုး၊ ဒါမှမဟုတ် ကုန်တိုက်မှာ သန်းဆယ်ဂဏန်းလောက် သုံးတာမျိုးက သူများတွေကြည့်ရင် ဖြုန်းတီးနေတယ်လို့ ထင်ရပေမဲ့ သူတို့အတွက်ကတော့ အဲဒါက တန်ဖိုးရှိလို့ သုံးတာပါ။
တစ်ဖက်မှာတော့ သူတို့အတွက် တန်ဖိုးမရှိဘူးလို့ ထင်တဲ့အရာတွေအတွက်ဆိုရင်တော့ ပိုက်ဆံတစ်ပြားတောင် အလဟဿ အိတ်ကို မဖွင့်ကြပါဘူး။
တကယ်လို့ ကျွန်တော့်အဖေသာ သက်ရှိထင်ရှားရှိနေပြီး သူတို့တွေက ဝမ် သောင်းဂဏန်းလောက်ပဲ လိုအပ်တယ်ဆိုရင်တောင် ကျွန်တော် အခုချက်ချင်း ဝမ်သန်းပေါင်းများစွာကို မတွန့်မတိုဘဲ ပေးမိမှာပါ။
ဒါပေမဲ့ အဖေလည်း မရှိတော့တာကြောင့် သူတို့ကို ကူညီပေးဖို့ ကျွန်တော့်မှာ ဘာတွန်းအားမှ မရှိတော့ဘူး။ ရိုးရိုးလေးပြောရရင် ဒါက ပိုက်ဆံအလဟဿ ဖြုန်းတီးတာလို့ပဲ ခံစားရတယ်။
ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေအတွက် ပိုက်ဆံသုံးရမှာလဲ။
ဦးလေးက ရုတ်တရက် ညည်းတွားလာတယ်။
"အား... ဒုံဟျွန်း သာ ရှိနေသေးရင် ဘယ်လောက်ကောင်းမလဲ"
အဒေါ်က မျက်ရည်လေးတွေ ဝဲပြီး ရှုံ့မဲ့လာတယ်။
"ဟုတ်တယ်၊ သနားစရာကောင်းတဲ့ အစ်ကိုကြီး။ သားဖြစ်သူ အောင်မြင်တာတောင် မမြင်သွားရရှာဘူး"
ဦးလေးက အဒေါ်ရဲ့ ပုခုံးကို ပုတ်ပေးတယ်။
"ဒါပေမဲ့လည်း ဂျင်ဟူ အခုလို အောင်မြင်နေတာကို မြင်ရင် အဖေဖြစ်သူက ကောင်းကင်ဘုံမှာ ပျော်နေမှာပါ။ သားကို တကယ်ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးခဲ့တာပဲ"
အားလုံးကို အိမ်ထဲကနေ ကန်ထုတ်ပစ်ချင်တဲ့ စိတ်တွေ ပေါက်လာတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်အဖေရဲ့ မိသားစုတွေလေ။
"ဘယ်လောက် လိုချင်ကြတာလဲ"
ဦးလေးက ကျွန်တော့်အကြည့်ကို ရှောင်လိုက်တယ်။
"အဲဒါကတော့ ဂျင်ဟူ ရဲ့ သဘောပါပဲ။ အနည်းဆုံးတော့ စီးပွားရေးအသေးလေးတစ်ခုလောက် စလုပ်နိုင်ရင် ကောင်းတာပေါ့"
"မင်း တတ်နိုင်သလောက်ပဲ လုပ်ပေးပါ။ အားနာဖို့မလိုဘူးနော်"
ဦးလေးရဲ့ စကားကို သူ့မိန်းမက ပြန်ပြောတယ်။
"ဒါပေမဲ့ တစ်ခုခုလုပ်ဖို့ဆိုရင် အနည်းဆုံး ဝမ် သန်း ၁ထောင်လောက်တော့ လိုမှာပဲ မဟုတ်လား..."
အစ်မ မီယောင်က ခပ်ဟဟ ရယ်တယ်။
"အစ်မကတော့ စီးပွားရေးအတွက် အိမ်လေး တစ်လုံးလောက်နဲ့ အိမ်ငှားခ စားချင်တာ။ ဒီဘက်ခေတ်မှာ အိမ်ရှင်တွေက နတ်ဘုရားတွေထက်တောင် အဆင့်မြင့်တယ်လို့ ပြောကြတယ်လေ"
"ယောက်ဖ... ငါ့ကို ယုံကြည်လိုက်ပါ။ ငါ့ကို နည်းနည်းလောက် မြေတောင်မြှောက်ပေးပါ"
အဒေါ်ဖြစ်သူက သူ့သမီးကို ရှေ့ထုတ်လိုက်တယ်။
"ဂျင်ဟူရေ... မီနာ က အိမ်လေးတစ်လုံး လိုချင်လို့တဲ့။ တစ်လုံးလောက် ဝယ်ပေးပါဦး"
သူတို့ လိုချင်နေကြတာတွေက စီးပွားရေးလုပ်ငန်းတွေ၊ ပိုက်ဆံတွေ၊ အိမ်တွေ... အများကြီးပါပဲ။
ခိုင်မာတဲ့ နောက်ခံတစ်ခု ရဖို့အတွက်ကို အပိုင်တွေးပြီး လာကြတာပဲ။
စိတ်ပျက်တာထက် ဒေါသက ပိုထွက်လာတယ်။
တကယ်လို့ ကျွန်တော်က တစ်ယောက်ကို သန်း ၁ထောင်စီ ပေးလိုက်ရင်ရော သူတို့ တကယ် ကျေနပ်ပြီး ထွက်သွားကြမှာလား။
လူ့လောဘဆိုတာ အဆုံးမရှိဘူးလေ။ သန်း ၁ထောင်ကို အလွယ်တကူ ရသွားရင် နောက်ထပ် ထပ်လိုချင်လာကြဦးမှာပဲ။ မိသားစုဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ထပ်ခါထပ်ခါ တောင်းဆိုနေကြဦးမှာပါ။
ကျွန်တော့်အတွက်က ပြဿနာမရှိပေမဲ့ အမေ့အတွက် စိတ်ပူတယ်။
အဆက်အသွယ်ပြတ်နေတဲ့ ဆွေမျိုးတွေက ရုတ်တရက် ရောက်လာတာတောင် သူတို့ကို အိမ်ထဲခေါ်ပြီး နွေးနွေးထွေးထွေး ကြိုဆိုနေတဲ့ အမေက အရမ်းကို စိတ်သဘောထား နူးညံ့လွန်းတယ်။
ကျွန်တော့်ထက် အမေ့ကို ပိုပြီး ဒုက္ခပေးကြမယ့်ပုံပဲ။
ကျွန်တော် ဘာလုပ်သင့်လဲ။
အဖေသာ ရှိနေရင် ဘာလုပ်မလဲ။
လက်ပိုက်ပြီး စဉ်းစားနေတုန်း နောက်ဘက်ကနေ အမေ့ရဲ့ အသံ ထွက်လာတယ်။
"တော်ကြပါတော့။ အားလုံးက ဂျင်ဟူ ရှေ့မှာ ဒီလိုတွေ လာလုပ်နေကြတာလား"
အားလုံးရဲ့ အကြည့်တွေက အမေ့ဆီ ရောက်သွားတယ်။ သစ်သီးတွေ ပြင်နေရင်းနဲ့ အပြေးအလွှား ထွက်လာပုံရတယ်။ လက်ထဲမှာလည်း အခွံတစ်ဝက်နွှာထားတဲ့ ပန်းသီးတစ်လုံး ကိုင်ထားတုန်းပဲ။
ခုနကတင် စိုစိုပြည်ပြည် ဖြစ်နေတဲ့ ဆွေမျိုးတွေက ချက်ချင်းပဲ အမူအရာတွေ ပြောင်းသွားကြတယ်။
"မဟုတ်ပါဘူး... ကျွန်တော်တို့က ဒီအတိုင်း..."
"တကယ်တော့ ကျွန်မတို့က..."
အမေက တံခါးဘက်ကို လက်ညှိုးထိုးပြတယ်။
"အခုချက်ချင်း ပြန်ကြပါ။ နောက်ထပ်လည်း ကျွန်မတို့ဆီ ဖုန်းမဆက်ပါနဲ့။ လာလည်း မလာပါနဲ့တော့"
အမေ့အသံက အေးစက်နေပေမဲ့ ပြတ်သားလွန်းတယ်။
"ဂျီ... ဂျီဆု"
"ဘာလို့လဲ။ အစ်မကြီး"
အမေ့မျက်နှာက ခပ်အေးအေးပဲ။
"ဂျင်ဟူ ရဲ့ အဖေ ဆုံးသွားပြီးတဲ့နောက်မှာ ကျွန်မတို့ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ ရှင်တို့ သိပါတယ်။ ငွေရေးကြေးရေးကြောင့် အများကြီး ရုန်းကန်ခဲ့ရတယ်။ ဆေးဖိုးတွေကြောင့် ကျွန်မတို့အိမ်က လေလံတောင် အတင်ခံလိုက်ရပြီး နှင်ထုတ်ခံရသလိုမျိုး အိမ်ကနေ ထွက်ခဲ့ကြရတာ။ အဲဒီတုန်းက ဂျင်ဟူ ရဲ့ ကျောင်းလခအတွက် အကူအညီတောင်းခဲ့တာ မှတ်မိကြသေးလား"
ဦးလေးရဲ့မိန်းမက ပြောတယ်။
"ငါ သိပါတယ်... အဲဒီတုန်းက ငါတို့အားလုံးလည်း အခြေအနေ မကောင်းကြလို့ပါ..."
"နားလည်ပါတယ်။ အားလုံးလည်း ခက်ခဲနေကြမှာပေါ့။ ဒါပေမဲ့လည်း ဂျင်ဟူ ရဲ့ အဖေကိုတော့ မမေ့သင့်ဘူး။ သူက ငယ်ငယ်ကတည်းက မိသားစုကို ထောက်ပံ့ဖို့ မမောမပန်း အလုပ်လုပ်ခဲ့တာ။ သူ့ရဲ့ ညီမငယ်လေးရဲ့ တက္ကသိုလ်ကျောင်းလခကို ပေးခဲ့သလို တူမဖြစ်သူရဲ့ မင်္ဂလာဆောင်စရိတ်တွေကိုလည်း ကူညီခဲ့တယ်။ စီးပွားရေးကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိသားစုကို အမြဲတမ်း ပြန်ကြည့်ပေးခဲ့တာပဲလေ။ အဖိုးအဖွားတွေ ဆုံးတဲ့အထိ ဆေးဖိုးဝါးခနဲ့ နာရေးစရိတ်တွေကို သူပဲ အကုန်ခံခဲ့တာမလား"
"အဟမ်း"
"ဒါပေမဲ့ ဂျင်ဟူ ရဲ့ အဖေ ဆုံးသွားပြီးတော့ အားလုံး ဘယ်လို နေခဲ့ကြသလဲ။ သူတို့ဆီကနေ ရခဲ့တာတွေရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက်တောင် ပြန်ကူညီခဲ့ကြဖူးလား။ အခုကျမှ ဂျင်ဟူ ဆီကနေ တောင်းဆိုနေတာကတော့ တကယ်ကို အရှက်မရှိတာပဲ။ အရင်အတိုင်းပဲ ကိုယ့်လမ်းကိုယ် ဆက်သွားကြရအောင်"
ဦးလေးကြီး မျက်နှာ နီမြန်းသွားတယ်။
"ဘာတွေ ပြောနေတာလဲ။ ဂျီဆု။ ဂျင်ဟူ က ငါတို့ရဲ့ တူလေ"
"ဟုတ်တယ်။ သူက ကန် မိသားစုရဲ့ သွေးသားပဲ"
အမေက စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်တယ်။
"မဟုတ်ဘူး။ ဂျင်ဟူ က ကျွန်မရဲ့ သား"
ဘာပြောရမှန်း မသိဖြစ်သွားတဲ့ ဦးလေးကြီးက အဖေ့အကြောင်းကို ထပ်ပြောလာတယ်။
"စဉ်းစားကြည့်စမ်းပါဟ။ ဂျီဆု။ ဒုံဟျွန်း သာ ရှိနေသေးရင် ဘယ်လို လုပ်မယ်ထင်လဲ"
အဒေါ်ကလည်း ဝင်ပြောတယ်။
"ဟုတ်တယ်။ အစ်မ။ အစ်ကို့ကို တွေးပြီးတော့ ဒီလို မလုပ်သင့်ဘူးလေ"
အမေက အေးအေးဆေးဆေးပဲ ခေါင်းညိတ်တယ်။
"သူသာ ရှိနေရင် သူ့ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ တူ၊ တူမတွေကို ကြည့်ပေးမှာပေါ့။ သူက တခြားသူတွေထက် မိသားစုကို အမြဲ ရှေ့တန်းတင်ခဲ့တဲ့သူလေ"
"အဲ့ဒါပဲလေ... ငါ့ညီသာ ဆိုရင်..."
"ဒါပေမဲ့ သူက ဆုံးသွားပြီလေ။ သူ့မှာ အဲဒီလို တာဝန်ဝတ္တရားတွေ ရှိခဲ့ရင် ရှိခဲ့လိမ့်မယ်။ ဒါပေမဲ့ ဂျင်ဟူ မှာ မရှိဘူး။ ဂျင်ဟူ က သူ့အဖေ လုပ်ခဲ့သလိုမျိုး သူ့ရဲ့ မိဘနဲ့ မောင်နှမတွေကိုပဲ ကြည့်ပေးဖို့ လိုတယ်။ ဒါကြောင့် ဂျင်ဟူ ဆီကနေ ဘာမှ မမျှော်လင့်ကြပါနဲ့တော့"
"..."
ဆွေမျိုးတွေ အားလုံး အံ့ဩသွားပြီး ဘာမှ မပြောနိုင်တော့ဘူး။
ကျွန်တော်လည်း အတူတူပါပဲ။ အမေက သူများတွေကို စကားနာထိုးဖို့ထက် ကိုယ့်ဘာကိုယ် အနစ်နာခံမယ့် လူစားမျိုးပါ။
အခုလို ပြတ်ပြတ်သားသား ပြောထွက်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး။
ဒီလို ပြောလိုက်တာတောင် ဘယ်သူမှ ထိုင်ခုံကနေ မထကြသေးဘူး။ အခုသာ သူတို့ လက်လျှော့လိုက်ရင် နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူးဆိုတာ သူတို့ သိနေကြပုံပဲ။
"ဂျီဆု... အရင်ဆုံး စိတ်အေးအေးထားပြီး စကားဆက်ပြောကြရအောင်"
"တစ်ခုခု မကျေနပ်တာရှိရင်လည်း ပြောပါ"
"ဒါပေမဲ့ ငါတို့က မိသားစုတွေလေ..."
အမေက အိမ်ရှေ့တံခါးကို ဖွင့်လိုက်ပြီး လုံခြုံရေးဝန်ထမ်းတွေကို ပြောတယ်။
"ဒီလူတွေကို အပြင်ကို ပို့ပေးလိုက်ပါ"
အပြင်က လုံခြုံရေးဝန်ထမ်းတွေ ချက်ချင်း ဝင်လာကြတယ်။
အံ့ဩသွားတဲ့ ဂျုံမင် နဲ့ မီနာ တို့က ငိုယိုကုန်ကြတော့တယ်။
"ဝါး"
"မေမေ"
ကျွန်တော် ကလေးတွေရဲ့ ခေါင်းကို ပုတ်ပေးလိုက်တယ်။
"သွားတော့နော်။ ကလေးတို့"
တကယ်လို့ အဖေသာ မဆုံးခဲ့ရင် ကျွန်တော် သူတို့အတွက် ဝမ်းကွဲအစ်ကိုကောင်းတစ်ယောက် ဖြစ်နေမလား။
ဒီကလေးတွေမှာ ဘာအပြစ်မှတော့ မရှိပါဘူး။
ကျွန်တော် လုံခြုံရေးဝန်ထမ်းတွေကို ပြောလိုက်တယ်။
"ဘာလုပ်နေတာလဲ။ အမြန်ဆုံး အပြင်ကို ပို့ပေးလိုက်တော့"
ဆွေမျိုးတွေက ကျွန်တော်နဲ့ အမေ့ကို အော်ပြောနေကြတယ်။
"ငါတို့ မှားသွားပါတယ်။ ဂျီဆု... ခွင့်လွှတ်ပါ"
"ဂျင်ဟူ... နင် ငယ်ငယ်တုန်းက အစ်မက ဘယ်လောက်တောင် ဂရုစိုက်ပေးခဲ့လဲ မှတ်မိလား"
"ယောက်ဖ။ စီအီးအို ယောက်ဖ။ ငါ့ကို တစ်ကြိမ်လောက်ပဲ ယုံကြည်ပေးပါ"
" ငါ ထပ်ပြီး ဆက်သွယ်လိုက်မယ်နော်"
အားလုံးက ထွက်သွားဖို့ တွန့်ဆုတ်နေကြပေမဲ့ လုံခြုံရေးဝန်ထမ်းတွေက သူတို့အားလုံးကို အပြင်ကို ပို့လိုက်ပြီး တံခါးကို သော့ခတ်လိုက်တယ်။
အိမ်ထဲမှာ ခုနက ဘာတွေ ဖြစ်သွားခဲ့သလဲလို့ တွေးမိရအောင်အထိ တိတ်ဆိတ်သွားတယ်။ မုန်တိုင်းတစ်ခု ဖြတ်သန်းသွားပြီးတဲ့နောက် ပြန်ရလာတဲ့ အေးချမ်းမှုမျိုးပေါ့။
ကျွန်တော် အမေ့ကို မေးလိုက်တယ်။
"အမေ အဆင်ပြေရဲ့လား"
ခြေထောက်တွေမှာ အားကုန်သွားပုံရတဲ့ အမေက ဆိုဖာပေါ်ကို ပစ်ထိုင်ချလိုက်တယ်။
"အမေ လုပ်လိုက်တာ မှန်ရဲ့လားတော့ မသိဘူး"
"အမေ လုပ်တာ မှန်ပါတယ်"
"ခဏလောက် ထိုင်ပါဦး"
ကျွန်တော် အမေ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။
အမေက ကျွန်တော့်လက်ကို ကိုင်ပြီး ပြောတယ်။
"ဂျင်ဟူ... အခုကစပြီး သားကိုသားနဲ့ သားတန်ဖိုးထားတဲ့ လူတွေကိုပဲ ဂရုစိုက်ပါ။ တခြားသူတွေ ပြောတာကို ဂရုမစိုက်နဲ့။ အမေ ပြောတာ နားလည်လား"
"ဟုတ်ကဲ့။ နားလည်ပါတယ်"
အောင်မြင်မှုဆိုတာ သံလိုက်လိုပဲ လူတွေကို ဆွဲဆောင်တတ်တယ်။
ကျွန်တော့်ဆီတင်မကဘူး၊ အမေ့ဆီကိုလည်း အကူအညီတောင်းမယ့် လူတွေ ထပ်ပြီး ရောက်လာကြဦးမှာပါ။ ဘယ်သူတွေ ဘယ်လို လာတောင်းဆိုကြမလဲဆိုတာ မသိနိုင်ပါဘူး။ အကူအညီ တောင်းတိုင်းသာ လိုက်လုပ်ပေးနေရင် ဒါက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူးလေ။
ဒါကြောင့်ပဲ အမေက သားဖြစ်သူအတွက်ဆိုပြီး ဆွေမျိုးတွေကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
"ရေလေး တစ်ခွက်လောက် ပေးပါဦး"
ကျွန်တော် မီးဖိုချောင်ထဲကနေ ရေသွားယူပေးလိုက်တယ်။ ရေအေးအေးလေးကို တစ်ကျိုက်တည်း သောက်လိုက်ပြီးမှ အမေက သက်ပြင်းချနိုင်တော့တယ်။
"ဒါနဲ့ သား အစိုးရဥပဒေရုံးကို ခေါ်သွားခံရတာ ဘာလို့ အမေ့ကို မပြောတာလဲ။ တီဗွီ မှာ တွေ့ပြီး အမေ ဘယ်လောက်တောင် စိတ်ပူနေရလဲ သိလား"
"တောင်းပန်ပါတယ်။ အမေ"
"ထမင်းစားပြီးပြီလား"
"မစားရသေးဘူး"
အမေက မျက်စောင်းထိုးလိုက်တယ်။
"ပိုက်ဆံတွေ အများကြီး ရှာနေပြီးတော့ ထမင်းတောင် မှန်မှန်မစားနိုင်ဘူးလား။ အမေ တစ်ခုခု ပြင်ပေးမယ်။ မြန်မြန်စားလိုက်"
"..."
မကြာခင်မှာပဲ ရှည်လျားတဲ့ ဆူပူကြိမ်းမောင်းမှုတွေ စတော့မယ်ဆိုတာ ကျွန်တော် သိနေပါတယ်။
ကျွန်တော် အမြန်ပဲ ပြောလိုက်တယ်။
"တက်ဂယူ လည်း အပြင်မှာ ရှိနေတယ်။ သူ့ကို ခေါ်လိုက်ရမလား"
"သူ ပါလာရင်လည်း စောစောပြောရောပေါ့။ မြန်မြန် သွားခေါ်ခဲ့"
ကျွန်တော် အပြင်ထွက်လာခဲ့တယ်။
တက်ဂယူ က ကားဘေးမှာ စောင့်နေပါတယ်။
"အထဲမှာ ဘာတွေ ဖြစ်သွားတာလဲ"
"ပိုက်ဆံတောင်းလို့ အကုန် ကန်ထုတ်လိုက်ပြီ"
တက်ဂယူ က ကျွန်တော့်စကားကို ခေါင်းညိတ် ထောက်ခံတယ်။
"ဒီကို လာတဲ့ လမ်းမှာလည်း သူတို့က မင်းအတင်းတွေ ပြောနေကြတာကွ"
"ဘာတွေ ပြောလို့လဲ"
"မင်းက ပိုက်ဆံရှိလာတော့ ရိုင်းပျလာတယ်တဲ့လေ"
"..."
ကျွန်တော့်ရှေ့မှာတော့ မဆဲရဲဘဲ ကွယ်ရာမှာ ပြောနေကြတာပေါ့လေ။
"သူငယ်ချင်းကို အတင်းပြောနေတာကို ဒီအတိုင်း ကြည့်မနေနိုင်တာနဲ့ ငါလည်း ပြန်ပြောလိုက်တယ်"
ခါတိုင်းလိုပါပဲ။ ဒီကောင်လောက် ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးတဲ့သူ မရှိပါဘူး။
"မင်း ဘာပြန်ပြောလိုက်လဲ"
တက်ဂယူ က ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေတယ်။
"'သိပ်ပြီး အထင်မလွဲကြပါနဲ့။ ဂျင်ဟူ က ပိုက်ဆံမရှိခင်ကတည်းက ရိုင်းတာပါ' လို့ ပြောလိုက်တယ်"
"..."
ချီးထုတ်ကောင်…လဖွတ်ပဲ။