အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄)
ဂန်နမ် မှာရှိတဲ့ Seosung Town ဟာ အပြာရောင် မှန်စီရွှေချ အဆောက်အဦး လေးခုနဲ့ ဖွဲ့စည်းထားတဲ့ အစုအဝေးကြီးတစ်ခုပါ။ ဒီနေရာမှာ ဆိုဆောင်း အုပ်စုရဲ့ အီလက်ထရောနစ်၊ အာမခံ၊ ကူးသန်းရောင်းဝယ်ရေး၊ ခရက်ဒစ်ကတ်နဲ့ စတော့ရှယ်ယာ စတဲ့ နယ်ပယ်အသီးသီးက ဝန်ထမ်းပေါင်း ၂၅,၀၀၀ ကျော် အလုပ်လုပ်နေကြပါတယ်။
အဲဒီထဲက အဆောက်အဦး D ရဲ့ ၄၅ ထပ်ကတော့ ဆိုဆောင်း အုပ်စု ဥက္ကဋ္ဌရဲ့ ရုံးခန်းပဲ ဖြစ်ပါတယ်။
လင်ဂျင်ယုံ ရဲ့ တရားဝင် ရာထူးကတော့ ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့ဝင်ပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူက ဆိုဆောင်း အုပ်စုရဲ့ အနာဂတ် ဥက္ကဋ္ဌလောင်းပဲ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ လင်အီကွမ် ဖျားနာပြီးတဲ့နောက်မှာ လင်ဂျင်ယုံ က ဖခင်ဖြစ်သူကိုယ်စား ဆိုဆောင်း အုပ်စုကို ဦးဆောင်ပြီး ဥက္ကဋ္ဌ တာဝန်တွေကို ယူထားရတာပါ။
ဒေါက်။ ဒေါက်
"ဒါရိုက်တာ ကင်မြောင်ဆူး ပါ"
"ဝင်ခဲ့ပါ"
အနာဂတ် မဟာဗျူဟာရုံးခန်း ရဲ့ တာဝန်ခံ ဒါရိုက်တာ ကင်မြောင်ဆူးက တံခါးကို အသာအယာဖွင့်ပြီး ဝင်လာတယ်။
"ဥက္ကဋ္ဌ ပြောထားတဲ့ စာရွက်စာတမ်းတွေ ယူလာခဲ့ပါပြီ"
"ကျေးဇူးပဲ။ သွားနားလို့ ရပါပြီ"
သူ ထွက်သွားတာနဲ့ လင်ဂျင်ယုံ က အလုပ်တွေကို ခဏရပ်ပြီး သူရထားတဲ့ အချက်အလက်တွေကို သေချာဖတ်ကြည့်တယ်။
အဲဒီ စာရွက်စာတမ်းတွေထဲမှာ OTK Company နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ ကုမ္ပဏီဖွဲ့စည်းပုံ၊ ပိုင်ဆိုင်မှု အခြေအနေနဲ့ ပိုင်ဆိုင်မှု တန်ဖိုးဖြတ်ချက်တွေအပြင် စီအီးအို ကန်ဂျင်ဟူ အကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။
မိသားစု နောက်ခံ၊ ကြီးပြင်းလာပုံ၊ ပညာရေးနဲ့ တခြား အသေးစိတ် အချက်အလက်တွေပေါ့။
လင်ဂျင်ယုံ က တစ်ခုချင်းစီကို သေချာ ဖတ်ကြည့်တယ်။ ကန်ဂျင်ဟူရဲ့ ကလေးဘဝက သိပ်ပြီး ထူးထူးခြားခြား မရှိပါဘူး။ အဆင်ပြေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့တယ်၊ စာတော်တယ်၊ ပြီးတော့ ကိုရီးယား တက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာန ကို တက်ရောက်ခဲ့တယ်။
"သူက ငါ့ရဲ့ ဂျူနီယာပဲ (တစ်ကျောင်းထဲသားပဲ)"
တစ်ဖက်မှာတော့ လင်ဂျင်ယုံ က ကိုရီးယား တက္ကသိုလ်ကနေ အနောက်တိုင်းသမိုင်း အထူးပြုနဲ့ ဘွဲ့ရခဲ့တာပါ။ ဘွဲ့ရပြီးတော့ ဂျပန်က တိုကျိုတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ တက်ခဲ့ပြီး အမေရိကန်မှာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ကို ထပ်ပြီး ယူခဲ့တာပါ။
ကန်ဂျင်ဟူ ရဲ့ ပထမနှစ် အမှတ်တွေက ပုံမှန်ပါပဲ။ အဲဒီအချိန်အထိတော့ အခု အွန်ဆောင်း အုပ်စုထဲကို ဝင်လာကြတဲ့ ဝန်ထမ်းသစ်တွေထက် သိပ်ပြီး သာလွန်နေတာမျိုး မရှိပါဘူး။
သူက အထူးပညာရေးတွေ သင်ခဲ့ရတာမျိုး မဟုတ်သလို ထူးထူးကဲကဲ တော်နေတာမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ စစ်မှုထမ်းပြီးတဲ့နောက်မှာတော့ သူငယ်ချင်းတစ်ယောက်နဲ့အတူ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ထဲကို ရုတ်တရက် ခြေစုံပစ်ဝင်ခဲ့ပြီး အကြီးအကျယ် အောင်မြင်သွားခဲ့တာပါ။
တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကိုရီးယားမှာက လုပ်ငန်းစုကြီးတွေကပဲ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာပါ။ ဒါကြောင့် ကုမ္ပဏီအသစ်တွေ ကြီးထွားလာဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ အခြေအနေပေါ့။
မကြာသေးခင်က လုပ်ငန်းနယ်ပယ်တွေ ပြောင်းလဲလာတာကြောင့် ကုမ္ပဏီအသစ်တွေနဲ့ သူဌေးအသစ်တွေ အများကြီး ပေါ်လာပေမဲ့ သူတို့ရဲ့ ဈေးကွက်ဝေစုကတော့ နည်းပါးနေတုန်းပါပဲ။
လုပ်ငန်းစုကြီးတွေရဲ့ လက်အောက်ခံ ကုမ္ပဏီတွေကို ဖယ်လိုက်ရင် ကုမ္ပဏီအသစ်တွေထဲက ဘယ်နှခုက ကုမ္ပဏီကြီးအဆင့်ထိ ရောက်သွားလို့လဲ။
ဒါပေမဲ့ OTK Company ကတော့ ဒါကို လုပ်ပြနိုင်ခဲ့တယ်။ ထုတ်လုပ်မှုပိုင်းမှာ မဟုတ်ဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာပေါ့။
Cryptocurrencyမှာ ဝင်ကစားပြီး ဝမ် သန်း ၁၃,၀၀၀လောက် စုဆောင်းခဲ့တယ်။ ပြီးတော့ L6 အကြပ်အတည်းတုန်းက Put Options ထဲမှာ ရင်းနှီးမြှုပ်နှံပြီး ဝမ် သိန်းပေါင်း ကုဋေနဲ့ချီ ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
လင်ဂျင်ယုံ က စာရွက်ပေါ်မှာတင်ထားတဲ့ လက်ချောင်းတွေကို ခဏ ရပ်လိုက်တယ်။
"L6 အကြပ်အတည်း..."
အဲဒါက အခုထိ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။
ဆောင်း အီလက်ထရောနစ် က ထုတ်တဲ့ စမတ်ဖုန်းတွေ ဘတ္ထရီကြောင့် ပေါက်ကွဲမယ်လို့ ဘယ်သူမှ မထင်ခဲ့မိကြတာပါ။
အဲဒီတုန်းက ဆောင်း အီလက်ထရောနစ် က စမတ်ဖုန်းဈေးကွက်ကနေ နှုတ်ထွက်ရတော့မလိုတောင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပိုပြီး ဆိုးမသွားခင် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တယ်။ ပြီးတော့ ဖုန်းတွေကို အသစ်လဲပေးတာ၊ ပိုက်ဆံပြန်ပေးတာတွေ လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ L7 ကို ထုတ်လိုက်တော့မှပဲ လူတွေရဲ့ စိတ်ထဲကနေ အဲဒီ အကြပ်အတည်းက ပျောက်သွားတာပါ။
အဲဒီတုန်းက ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ပေးခဲ့တာက လင်ဂျင်ယုံ ကိုယ်တိုင်ပါပဲ။
တကယ်လို့ အဲဒီ ဆုံးဖြတ်ချက်သာ တစ်ပတ်လောက် နောက်ကျသွားခဲ့ရင် ကန်ဂျင်ဟူ နဲ့ အိုတက်ဂယူ တို့ဟာ Put Optionsမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေ အကုန် ဆုံးရှုံးသွားမှာပါ။
အဲဒီလိုဆိုရင် သူတို့တွေလည်း Startup တွေမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံနိုင်မှာ မဟုတ်တော့သလို Brexit တုန်းကလည်း ပိုက်ဆံအများကြီး လောင်းကြေးထပ်နိုင်မှာ မဟုတ်ပါဘူး။
လင်ဂျင်ယုံ က ရယ်လိုက်တယ်။
"ဒါကို Butterfly Effect လို့ ခေါ်တာလား"
သူ့ရဲ့ ဆုံးဖြတ်ချက်က အခုလက်ရှိ OTK Company ကို ဖြစ်လာစေတာလို့ တွေးမိတော့ သူ စိတ်ထဲမှာ ထူးထူးခြားခြား ခံစားလိုက်ရတယ်။
'L6 အကြပ်အတည်း၊ Brexit၊ ရိုနယ် ရဲ့ ရွေးကောက်ပွဲ...'
ဒီလိုမျိုး စွန့်စွန့်စားစား ရင်းနှီးမြှုပ်နှံတာက တကယ်ကို အံ့ဩစရာပါပဲ။ ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးက အောင်မြင်ခဲ့တာပါ။
အနာဂတ်ကို ကြိုမြင်နေသလိုမျိုးပေါ့။
"ဝတ္ထုတစ်ပုဒ် ဖတ်နေရသလိုပဲ"
သူ့ဆီကနေ ချီးကျူးသံတွေ မသိမသာ ထွက်လာတယ်။
ဒါပေမဲ့ ကန်ဂျင်ဟူ ရဲ့ အောင်မြင်မှုတွေက သူ့တစ်ယောက်ထဲကြောင့်တော့ မဟုတ်ပါဘူး။ အိုတက်ဂယူ၊ အိုဟျွန်းဂျူး မောင်နှမတွေနဲ့ ပတ်ဆန်းယော့ တို့လည်း ပါတာပေါ့။
အိုတက်ဂယူ ကိုတော့ မသိပေမဲ့ အိုဟျွန်းဂျူး နဲ့ ပတ်ဆန်းယော့တို့ကတော့ ဆိုဆောင်း ကော်ပိုရေးရှင်းကတောင် လိုချင်နေရတဲ့ လူတော်တွေပါ။ တကယ်လို့ သူတို့သာ ဆိုဆောင်း ကို ဝင်လာမယ်ဆိုရင် လစာကို ဝမ် သန်းပေါင်း သောင်းဂဏန်းလောက် ပေးရမှာပါ။
"သူတို့က အခုလည်း အဲဒီထက် ပိုရနေလောက်ပါပြီ"
OTK Company နဲ့ K Company နှစ်ခုပေါင်းလိုက်ရင် ပိုင်ဆိုင်မှုက ဝမ် သန်းပေါင်း ၅ကုဋေ ကျော်လောက် ရှိနေပါပြီ။
ကန်ဂျင်ဟူ ရဲ့ ရှယ်ယာ ဘယ်လောက်ရှိလဲဆိုတာကို အတိအကျ မသိရပေမဲ့ အခြေအနေတွေအရဆိုရင် ထက်ဝက်ကျော်လောက် ရှိနိုင်ပါတယ်။
တစ်ဦးထဲကနေ ဝမ် သန်း ၂ကုဋေခွဲကျော် ပိုင်ဆိုင်ထားတာပါ။
ဒါက ကိုရီးယားရဲ့ သူဌေးအဆင့်အတန်းတွေကို လှုပ်ခတ်ပစ်ဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ သြဇာအာဏာက ထိပ်တန်း ချေဘော (မိသားစုကြီး) ငါးခုလောက်တော့ မရှိသေးပါဘူး။
ဒါပေမဲ့ ပြဿနာက သူတို့ရဲ့ ကြီးထွားနှုန်းပဲ။
တည်ထောင်တာ သုံးနှစ်တောင် မပြည့်သေးတဲ့ ကုမ္ပဏီက ဝမ် သန်းပေါင်း ကုဋေလောက် ရှာနိုင်နေပါပြီ။ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ Startup တွေကလည်း ကြီးထွားလာဖို့ အလားအလာ အများကြီး ရှိနေသလို အမေရိကန် ရွေးကောက်ပွဲမှာလည်း Kingmaker အဖြစ် ပါဝင်ခဲ့တာကြောင့် အမေရိကန် နိုင်ငံရေးလောကမှာလည်း အဆက်အသွယ်တွေ ရထားပြီးသားပါ။
အခုအချိန်မှာတော့ သူတို့ကို လုပ်ငန်းစုကြီး ဒါမှမဟုတ် ချေဘော (မိသားစုကြီး) လို့ ခေါ်ရင်လည်း မမှားတော့ပါဘူး။ နောက်နှစ်အနည်းငယ်အတွင်းမှာ ဆိုဆောင်း အုပ်စုကို ကျော်တက်မသွားလောက်ပါဘူးလို့တောင် မပြောနိုင်တော့ပါဘူး။
"သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို ရာစုနှစ်ရဲ့ အတော်ဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်အောင် ဘာက ပြောင်းလဲပေးလိုက်တာလဲ"
အခုထိ သူ လုပ်ခဲ့တာတွေကို ကြည့်ရင် ကန်ဂျင်ဟူ ဟာ ၂၁ ရာစုရဲ့ အထူးချွန်ဆုံး ရင်းနှီးမြှုပ်နှံသူလို့ ပြောရင်လည်း မပိုပါဘူး။
"မိသားစုရဲ့ ကျဆုံးမှုက သူ့အတွက် အလှည့်အပြောင်း ဖြစ်သွားတာလား"
ဒါကို သတင်းတွေထဲမှာ မဖော်ပြကြပေမဲ့ လုပ်ငန်းစုကြီးတွေကတော့ သိပြီးသားပါ။
ကုမ္ပဏီ ပျက်စီးသွားရုံတင်မကဘဲ ဖခင်ဖြစ်သူပါ ဆုံးပါးသွားခဲ့ရတယ်။ အဲဒီကိစ္စက အွန်ဆောင်း ကားကုမ္ပဏီနဲ့ ပတ်သက်နေတာက အရေးကြီးတဲ့ အချက်ပေါ့။
ကန်ဂျင်ဟူ ရဲ့ အမြင်မှာတော့ အွန်ဆောင်း ကားကုမ္ပဏီအပေါ်မှာ ကောင်းတဲ့ စိတ်ရှိမှာ မဟုတ်ဘူး။
"ကားလုပ်ငန်းထဲကို ဝင်လာတာကလည်း အွန်ဆောင်း ကားကုမ္ပဏီကြောင့် ဖြစ်နိုင်လောက်တယ်"
သူ ဘာကိုပဲ ရည်ရွယ်ခဲ့ပါစေ အမေရိကန်မှာ စတင်ခဲ့တာကတော့ ပညာသားပါတဲ့ ရွေးချယ်မှုပါပဲ။ ကိုရီးယားမှာကတော့ အွန်ဆောင်း ကားကုမ္ပဏီရဲ့ နယ်မြေဖြစ်နေတာလေ။
လင်ဂျင်ယုံ က စာရွက်စာတမ်းတွေကို ပိတ်ရင်းနဲ့ ရေရွတ်လိုက်တယ်။
"သူက ငါ့ရဲ့ ရန်သူ ဖြစ်လာမှာလား၊ ဒါမှမဟုတ် မိတ်ဆွေ ဖြစ်လာမှာလား"
အချိန်တွေက တကယ်ကို လျှပ်ပြက်သလို မြန်လွန်းလှပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ ပြီးသွားတာ၊ ပြီးတော့ ဂျင်ဟူ အစိုးရဥပဒေရုံးကနေ ပြန်လွတ်လာတာတွေက မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သလိုပါပဲ။ အခုဆိုရင် ဒီနှစ်ရဲ့ ပြက္ခဒိန်က နောက်ဆုံးတစ်ရွက်ပဲ ကျန်တော့ပါတယ်။
နိုင်ငံရေးပိုင်းမှာ ရှုပ်ထွေးမှုတွေ ရှိနေပေမဲ့ သမ္မတ ပက်ဆီဟျွန်း ကတော့ အစိုးရကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။
PAS နဲ့ ပတ်သက်တဲ့ သတင်းတွေက တဖြည်းဖြည်း ပျောက်သွားပြီး မင်းသား၊ မင်းသမီးတွေရဲ့ အချစ်ရေးသတင်းတွေနဲ့ ပြည်ပက လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံ သတင်းတွေက အစားထိုး ဝင်ရောက်လာတယ်။
အစိုးရအဖွဲ့က အမျိုးမျိုးသော အရေးကြီး ကိစ္စရပ်တွေကို လွှတ်တော်ထဲ ပို့ထားပြီး အတိုက်အခံ ပါတီတွေကလည်း သူတို့ရဲ့ ဝါဒတွေအလိုက် အချင်းချင်း ငြင်းခုံနေကြတယ်။
ဒါတွေကို ကြည့်ရင် ပက်ဆီဟျွန်း ရဲ့ နိုင်ငံရေးအရ စီမံခန့်ခွဲနိုင်စွမ်းက တကယ်ကို တော်တယ်လို့ ပြောရမှာပါ။ တစ်ဖက်မှာတော့ ဒီအခွင့်အရေးကို သေချာ မဆုပ်ကိုင်နိုင်ဘဲ အချင်းချင်း ရန်ဖြစ်နေကြတဲ့ အတိုက်အခံတွေကလည်း တော်တော်လေး ညံ့ဖျင်းကြတာပေါ့လေ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်ရှေ့က အလုပ်တွေနဲ့ပဲ အလုပ်များနေပါတယ်။
အိမ်ကို ရောက်လာတဲ့ ဆွေမျိုးတွေကို ပြန်လွှတ်လိုက်တာနဲ့တင် ကိစ္စက မပြီးသေးပါဘူး။ တကယ်တော့ အဲဒါက အစပဲ ရှိပါသေးတယ်။
တစ်နိုင်ငံလုံးက လူတွေက ကျွန်တော့်ကို တွေ့ချင်နေကြတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးလောကက နာမည်ကြီးတွေက တွေ့ဆုံဖို့ ကမ်းလှမ်းလာကြသလို၊ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ၊ စစ်တပ်က သူငယ်ချင်းတွေကလည်း ကုမ္ပဏီအထိ လာကြတယ်။
တက္ကသိုလ်က ဂျူနီယာတွေ၊ စီနီယာတွေအပြင် ကျွန်တော်နဲ့ ရင်းနှီးပါတယ်လို့ ပြောတဲ့လူတွေလည်း အများကြီးပါပဲ။
တက်ဂယူ က အံ့ဩပြီး မေးတယ်။
"ဝိုး... မင်းမှာ သူငယ်ချင်းတွေ ဒီလောက်တောင် များတာလား"
"..."
ကျွန်တော်လည်း ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေက ဒီလောက်တောင် ကောင်းမှန်း အခုမှ သိတော့တယ်။
မူကြိုတုန်းက သူငယ်ချင်းဆိုတဲ့လူတောင် ပေါ်လာသေးတယ်။ လာသမျှလူတွေကိုသာ တွေ့နေရင် ဆောင်းရာသီကုန်လို့ ပန်းတွေပွင့်တဲ့အထိတောင် ပြီးမှာ မဟုတ်ပါဘူး။
ဒါကြောင့် တွေ့ဆုံဖို့ ကမ်းလှမ်းချက်အားလုံးကို ငြင်းလိုက်တယ်။
အလုပ်က အရေးကြီးဆုံးပဲလေ။
ကျွန်တော်တို့ရဲ့ အဖွဲ့ကို ပြန်ပြီး ဖွဲ့စည်းဖို့အတွက် ပထမဆုံး မိုက်ကယ်လီ နဲ့ တွေ့ခဲ့တယ်။ သူက လူရှာပေးတဲ့ အေဂျင်စီက ကိုယ်စားလှယ်နဲ့အတူ ကိုရီးယားကို လေယာဉ်စီးလာခဲ့တာပါ။
သူက အသက် ၄၀ ကျော်၊ ဆံပင်တိုတိုနဲ့ လူတစ်ယောက်ပါ။ အရပ်ကတော့ သိပ်မရှည်ပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ တောင့်တင်းခိုင်မာပုံရတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ။ ဒီအထိ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က မိုက်ကယ်လီ ပါ"
နှုတ်ဆက်ပြီးတာနဲ့ မိုက်ကယ် က ကိုရီးယားလိုပဲ စကားပြောတယ်။
"ရိုနယ် ကို သမ္မတဖြစ်အောင် လုပ်ပေးခဲ့တဲ့လူကို တကယ် တွေ့ချင်နေတာ"
ကျွန်တော်ကလည်း ပြန်ပြီး နှုတ်ဆက်လိုက်တယ်။
"အဲဒီတော့ ခင်ဗျားက ရိုနယ် ကို ထောက်ခံတဲ့သူပေါ့"
သူက ခေါင်းကို ခပ်ပြင်းပြင်း ခါလိုက်တယ်။
"ဘယ်ဟုတ်မလဲ။ ကျွန်တော်က ဒီမိုကရက်တစ်ပါတီကို အသေအလဲ ထောက်ခံတဲ့သူပါ"
"...ရိုနယ် ကို သမ္မတဖြစ်အောင် လုပ်ပေးတာ ကျွန်တော် မဟုတ်ပါဘူး။ အမေရိကန် ပြည်သူတွေပါ"
အတိအကျ ပြောရရင်တော့ ကျွန်တော် မဲလည်း မပေးခဲ့သလို နိုင်ငံရေးအတွက် ပိုက်ဆံတစ်ပြားတောင် မလှူခဲ့ပါဘူး။ ကျွန်တော် လုပ်ခဲ့တာက ရတ်စ်ဘဲ မှာ ဒေါ်လာ သန်း ၂၅၀၀ ရင်းနှီးမြှုပ်နှံခဲ့တာပဲ ရှိပါတယ်။
"ဒါပေမဲ့ OTK Company သာ မရှိရင် အဲဒီလို ရလဒ် ထွက်လာမှာ မဟုတ်ဘူးလေ"
"တကယ်လို့ ဒိုင်ယန် သာ ရတ်စ်ဘဲ ကို နည်းနည်းလောက် ဂရုစိုက်ခဲ့ရင်လည်း အဲ့လိုရလာဒ်မျိုးထွက်လာမှာမဟုတ်ပါဘူး"
"ဟားဟားဟား"
သူက အားရပါးရ ရယ်တယ်။ သူပြောတဲ့ စကားတွေထဲမှာ မကျေနပ်တဲ့ အရိပ်အယောင်တော့ မရှိပါဘူး။
ကျွန်တော်တို့ ထိုင်ပြီး စကားစမြည် ပြောကြတယ်။
မိုက်ကယ်လီ က သူ့အကြောင်းကို အကျဉ်းချုပ် ပြောပြတယ်။
သူ့ရဲ့ မိဘတွေက ကိုရီးယားလူမျိုးတွေဖြစ်ပြီး သူတို့တွေဟာ ငယ်ငယ်ကတည်းက အမေရိကန်မှာ အခြေချခဲ့ကြတာပါ။ ကိုရီးယားလူမျိုးတွေရဲ့ ပညာရေးအပေါ် အလေးထားမှုကြောင့် သူက ငယ်ငယ်ကတည်းက စာကြိုးစားခဲ့ပြီး ယေးလ် တက္ကသိုလ်ကနေ အမှတ်ကောင်းကောင်းနဲ့ ဘွဲ့ရခဲ့တယ်။
သူက ပြီးခဲ့တဲ့နှစ်ကုန်အထိ နာမည်ကြီး အားကစားပစ္စည်းကုမ္ပဏီ Nike မှာ အလုပ်လုပ်ခဲ့ပြီး အလုပ်ထွက်ပြီးတော့ ဇနီးဖြစ်သူနဲ့အတူ တစ်နှစ်ပတ်လုံး ကမ္ဘာပတ် ခရီးထွက်ခဲ့တာပါ။
သူ ပြန်ရောက်ရောက်ချင်းမှာပဲ သူဟာ ကုမ္ပဏီတွေကို လိုက်မရှာရဘဲ ကုမ္ပဏီတွေဆီကနေ အလုပ်ကမ်းလှမ်းချက်တွေ အများကြီး ရခဲ့တာပါ။ Facebook တို့၊ UnicornPay တို့နဲ့လည်း စကားပြောနေတာ ရှိပါတယ်။
"ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို လာတွေ့တယ်နော်"
"အသစ်အဆန်းတစ်ခုကို စတင်ရမယ်ဆိုတဲ့ အိုင်ဒီယာကို ကျွန်တော် သဘောကျလို့ပါ။ ပြီးတော့ ကျွန်တော့်မိန်းမက ကိုရီးယားလူမျိုးဆိုတော့ ကိုရီးယားမှာ ခဏလောက် အချိန်ဖြုန်းရတာလည်း ကောင်းမယ်လို့ တွေးမိတယ်"
အမေရိကန်မှာ မွေးပြီး ကြီးပြင်းခဲ့တဲ့ သူနဲ့ မတူဘဲ သူ့မိန်းမကတော့ ကိုရီးယားလူမျိုးပါ။ သူ့မိန်းမ အမေရိကန်မှာ ကျောင်းလာတက်တုန်းက တွေ့ကြပြီး လက်ထပ်ခဲ့ကြတာပေါ့။
"ဒီကို မလာခင်ကတည်းက ကျွန်တော် အစီအစဉ်တစ်ခု ဆွဲထားပါတယ်"
သူက သူ့ရဲ့ Tabletကို ကျွန်တော့်ဆီ ကမ်းပေးတယ်။
ကျွန်တော် ယူကြည့်ပြီးတော့ ပြန်ပေးလိုက်တယ်။
"ကုမ္ပဏီတစ်ခုရဲ့ ပထမဆုံး ဖောက်သည်တွေက ဝန်ထမ်းတွေပဲ။ ကုမ္ပဏီ ကြီးထွားဖို့ဆိုရင် ဝန်ထမ်းတွေ ပျော်ရွှင်နေဖို့ လိုတယ်"
လူတွေက တစ်နေ့ ၈ နာရီ၊ တစ်ပတ်ကို ၅ ရက် အလုပ်လုပ်ကြတယ်။ သူတို့က အသက်ရှင်ရပ်တည်ဖို့အတွက် အလုပ်လုပ်ကြတာပါ။ တစ်နည်းအားဖြင့် ပြောရရင် တခြား ပျော်ရွှင်မှုတွေအတွက် အလုပ်ထဲမှာ ပင်ပန်းဆင်းရဲမှုကို အောင့်အည်း သည်းခံနေကြရတာပေါ့။
မိုက်ကယ် ဆက်ပြောတဲ့ စကားတွေက ကျွန်တော့်အတွက်တော့ ထူးခြားတဲ့ အံ့ဩမှုတစ်ခုပါပဲ။
ပထမဆုံးအနေနဲ့ သူက အလုပ်ချိန်ကို လိုက်လျောညီထွေရှိအောင် လုပ်ပေးတယ်။ ကုမ္ပဏီထဲမှာ မနက်ကနေ ညအထိ စားချင်တာစားလို့ရတဲ့ ဘူဖေး စားသောက်ဆိုင်တစ်ခု ဖွင့်ပေးမယ်။ ပြီးတော့ ဝန်ထမ်းတွေ ပင်ပန်းတဲ့အခါ နားလို့ရအောင် အိပ်ခန်းတွေနဲ့ အနားယူမယ့်နေရာတွေ ထားပေးမယ်။
ကလေးရှိတဲ့ မိဘတွေအတွက် ကလေးထိန်းကျောင်း ထားပေးသလို၊ အလုပ်ချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်လို့ရမယ့် အားကစားခန်းမတွေလည်း ထားပေးမယ်။ ဒါ့အပြင် ဝါသနာပါရာ လုပ်ငန်းတွေနဲ့ အားလပ်ရက် အစီအစဉ်တွေကိုလည်း ကုမ္ပဏီက ထောက်ပံ့ပေးမယ်။
ဒါတွေအားလုံးရဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုဟာ အလုပ်ရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ရိုက် ပတ်သက်နေလို့ပါပဲ။
"အလုပ်ဆိုတာ အနစ်နာခံရတဲ့ အရာမျိုး မဖြစ်သင့်ဘူး။ ဝန်ထမ်းတွေက သူတို့ကိုသူတို့ ကုမ္ပဏီနဲ့အတူ ကြီးထွားလာတယ်လို့ ခံစားရတဲ့အခါ ကုမ္ပဏီကလည်း အောင်မြင်နိုင်မှာပါ"
ဈေးကြီးတဲ့ ဂန်နမ် မှာ ဒီလိုမျိုး အသုံးအဆောင်တွေ လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ တကယ်လို့ ဒီလို နေရာမျိုးတွေကို ငှားမယ်ဆိုရင် ငှားခက အရမ်းကို ကြီးမှာပါ။
ကံကောင်းတာက OTK Company အဆောက်အဦးက ကျွန်တော်တို့ကိုယ်ပိုင် ဖြစ်နေပြီး လွတ်နေတဲ့ နေရာတွေလည်း အများကြီး ရှိပါတယ်။ သူပြောတဲ့ စားသောက်ဆိုင်၊ ကလေးထိန်းကျောင်း၊ အားကစားခန်းမနဲ့ အနားယူမယ့်နေရာတွေကို လုပ်ဖို့ နေရာ လုံလုံလောက်လောက်ရှိပါတယ်။
ရိုးရာ ငွေကြေးကုမ္ပဏီတွေဆိုရင်တော့ ဒီလိုမျိုး လုပ်ဖို့ ဝံ့ရဲကြမှာ မဟုတ်ပါဘူး။
လွတ်လပ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ IT ကုမ္ပဏီတွေ၊ Startupတွေနဲ့ မတူဘဲ ငွေကြေးလုပ်ငန်း နယ်ပယ်ကတော့ တော်တော်လေး စည်းကမ်းကြီးပြီး အထက်အောက် အမိန့်နာခံမှု ပြင်းထန်ပါတယ်။ နေ့စဉ် စီးဆင်းလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး လုပ်ဆောင်ရလို့ပါ။ ရှယ်ယာ အရောင်းအဝယ် လုပ်တဲ့နေရာတွေကို သွားကြည့်ရင် စက္ကန့်တိုင်းမှာ ဒေါ်လာ သန်းပေါင်းများစွာ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်ပေမဲ့ Scalping လိုမျိုး အရောင်းအဝယ်တွေ မလုပ်ပါဘူး။ လက်အောက်ခံ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ စီမံခန့်ခွဲတာဖြစ်လို့ အလုပ်ချိန်ကို လိုက်လျောညီထွေဖြစ်အောင် လုပ်လို့ရပါတယ်။
အလုပ်များတဲ့ အချိန်ကျမှပဲ ပြန်ပြီး ညှိနှိုင်းကြရမှာပါ။
စကားဝိုင်းကို သဘောကျနေတဲ့ တက်ဂယူ ကလည်း စိတ်လှုပ်ရှားစွာနဲ့ ဝင်ပြောတယ်။
"ကုမ္ပဏီထဲမှာ အားလုံး အတူတူ ဂိမ်းဆော့လို့ရအောင် PC bangလေးတစ်ခုလောက် ထည့်ရင်ကော"
မိုက်ကယ် က ခေါင်းညိတ် ထောက်ခံတယ်။
"အဲဒါ စိတ်ကူးကောင်းပဲ။ ကျွန်တော်တို့ အစီအစဉ်ထဲမှာ ထည့်စဉ်းစားကြည့်ကြတာပေါ့"
"..."
အဲဒီတော့ ကျွန်တော်တို့ ဘယ်တော့ အလုပ်စမှာလဲ။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဒီလို နည်းလမ်းတွေက ကုမ္ပဏီတော်တော်များများမှာ အောင်မြင်ခဲ့တာ သက်သေရှိပြီးသားပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကုမ္ပဏီကြီးတွေက သူ့ကို အပြိုင်အဆိုင် ခေါ်နေကြတာပေါ့။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"လစာကို ဘယ်လောက် မျှော်မှန်းထားလဲ"
လစာနဲ့ အသေးစိတ် အခြေအနေတွေကို ညှိနှိုင်းကြတယ်။
စာချုပ်လက်မှတ်ထိုးပြီးတော့ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက် လိုက်ကြတယ်။
"အခုကစပြီး အကောင်းဆုံး လုပ်ကြတာပေါ့"
မိုက်ကယ် က နောက်ပြောင်တဲ့လေသံနဲ့ ပြောတယ်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်၊ သူဌေးကြီး"
မိုက်ကယ်လီ ကို ခန့်အပ်ပြီးတဲ့နောက် OTK Company ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေက အရမ်း မြန်သွားတယ်။
Golden Gate ရဲ့ မိတ်ဆက်ပေးမှုနဲ့ အဓိက တာဝန်ရှိသူတွေကို စတင် ခေါ်ယူခဲ့သလို OTK Company ရဲ့ အလုပ်တွေကို အစကတည်းက ကူညီလုပ်ပေးနေတဲ့ K Company က ဝန်ထမ်းတချို့ကိုလည်း ကျွန်တော်တို့ဘက်ကို ပြောင်းရွှေ့ခဲ့တယ်။
စီနီယာ ပတ်ဆန်းယော့ က ညည်းတွားတယ်။
"မင်းက ဝန်ထမ်းတွေအကုန် ခေါ်သွားရင် ငါတို့က ဘယ်လို အလုပ်လုပ်ရမှာလဲ"
"စီနီယာ ကီဟုမ် ကိုတော့ ကျွန်တော် မခေါ်ပါဘူး" လို့ ကျွန်တော် စိတ်ချလက်ချ ပြောလိုက်တယ်။
"...သူ့ကိုပဲ အရင်ဆုံး ခေါ်သွားပေးပါ" လို့ စီနီယာက အတင်းပြောနေတော့တယ်။
အဆောက်အဦးရဲ့ အတွင်းပိုင်း ပြင်ဆင်မှုတွေကိုလည်း တစ်ထပ်ချင်းစီ လုပ်နေပါတယ်။ အဲဒီက အသုံးအဆောင်တွေကို နောက်ပိုင်းမှာ K Company နဲ့အတူတူ သုံးကြမှာပါ။
ညစာစားဖို့ လူစုံတုန်းမှာ ကျွန်တော် အကြံပြုလိုက်တယ်။
"ဒီနှစ်မကုန်ခင် ရှယ်ယာအမြတ်ဝေစုတွေ ခွဲကြရအောင်"
ပိုင်ဆိုင်မှု ဝမ် သန်းပေါင်းကုဋေဂဏန်းလောက် ရှိနေလည်း ဘာထူးမှာလဲ။
ပိုင်ဆိုင်မှုအားလုံးနီးပါးက ကုမ္ပဏီအမည်ပေါက် ဖြစ်နေတော့ ကျွန်တော်တို့ဆီမှာ တကယ်ရှိတဲ့ လက်ငင်းငွေက သိပ်မများပါဘူး။
ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အသုံးစရိတ်တွေကို ကုမ္ပဏီရန်ပုံငွေနဲ့ သုံးလို့ရပေမဲ့ ကိုယ်ရေးကိုယ်တာအတွက် သုံးတာကတော့ ငွေအလွဲသုံးစားလုပ်မှု ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အမြတ်ဝေစု ခွဲဝေပြီး ကုမ္ပဏီအကောင့်ထဲက ပိုက်ဆံတွေကို ကိုယ်ပိုင်အကောင့်ထဲ ထည့်ဖို့ လိုအပ်တာပါ။ အဲဒီအခါမှာတော့ အမြတ်ဝေစုခွန်နဲ့ တခြား အခွန်တွေကို ပေးဆောင်ရမှာပေါ့။
"ဘယ်လောက်လောက် ခွဲကြမလဲ" လို့ အစ်မအိုဟျွန်းဂျူး က ပြုံးပြီး မေးတယ်။
"နင်က စီအီးအို ဆိုတော့ နင်ပဲ ဆုံးဖြတ်လိုက်ပါ"
တွေးကြည့်တော့ ဝန်ထမ်းတွေအတွက်လည်း ဘောနပ်စ်တွေ ပြင်ဆင်ပေးရဦးမှာပဲ။
ဒီလို အလုပ်တွေနဲ့ပဲ နှစ်ကုန်ဖို့ နီးလာခဲ့တယ်။ အဲဒီအချိန်မှာပဲ ပြည်တွင်း ကုမ္ပဏီ အရောင်းအဝယ် (M&A) ဈေးကွက်မှာ စိတ်ဝင်စားစရာ အခွင့်အရေးတစ်ခု ပေါ်လာခဲ့ပါတယ်။