အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇)
ဒေးဗစ်ရူ ၊ ကိုရီးယားနာမည်ကတော့ ရူချောဂယွန်ပါ။ သူက ကိုရီးယားရဲ့ ငွေကြေးလောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့။ ဟားဗတ်တက္ကသိုလ်ကနေ စီးပွားရေးဘွဲ့ရခဲ့ပြီး MBA တက်ပြီးတဲ့နောက် Klein Group မှာ အာရှဒေသတွင်း M&A လုပ်ငန်းတွေကို တာဝန်ယူခဲ့ပါတယ်။
၁၉၈၀ နောက်ပိုင်းမှာ တည်ထောင်ခဲ့တဲ့ Klein Group ဟာ အခုဆိုရင် ဒေါ်လာ သန်းပေါင်း ၂သိန်း ကျော်ကို စီမံခန့်ခွဲနေရတဲ့ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ရန်ပုံငွေအဖွဲ့ကြီး ဖြစ်နေပါပြီ။ ရူချောဂယွန် ဟာ အလုပ်ဝင်ပြီး တစ်နှစ်အတွင်းမှာတင် HB Bank ကို ဝယ်ယူနိုင်ခဲ့ပြီး သုံးနှစ်အကြာမှာ ပြန်ရောင်းတဲ့အခါ အမြတ်ဒေါ်လာ သန်း ၁ထောင်တောင် ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါဟာ Klein Group အတွက် အာရှမှာ အများဆုံးရခဲ့တဲ့ အမြတ်ပါပဲ။
ဒီလို အရည်အချင်းရှိတာကြောင့် သူဟာ အာရှဒေသတစ်ခုလုံးရဲ့ လုပ်ငန်းတွေကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်ကတော့ ကိုယ့်နိုင်ငံနာမည်နဲ့ ပုဂ္ဂလိက ရန်ပုံငွေအဖွဲ့တစ်ခု တည်ထောင်ဖို့ပါပဲ။ ကိုရီးယားမှာ ဥပဒေတွေ ပြောင်းလဲလာပြီး အခြေအနေပေးလာတဲ့အခါ သူဟာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး RCK Bros ကို တည်ထောင်ခဲ့တယ်။
စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့လည်း ၁၀ နှစ်အတွင်းမှာပဲ RCK Bros ဟာ အာရှမှာ အကြီးဆုံး ရန်ပုံငွေအဖွဲ့ ဖြစ်လာပြီး အရင်းအနှီး ဝမ် သန်းပေါင်း ၄ကုဋေအထိ ရှိလာခဲ့တယ်။ အခုတော့ သူတို့ရဲ့ ပစ်မှတ်က X-cop ပါပဲ။ ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ကိုယ်တိုင်လည်း ဒီကိစ္စအတွက် အတော်လေး အားစိုက်နေတာပါ။
" OTK Company လည်း ဒီပြိုင်ပွဲထဲ ဝင်လာတယ်ဆိုတာ ကြားပြီးပြီလား"
ရှင်ဗြောင်ဒူ ရဲ့ စကားကို ရူချောဂယွန် က ခေါင်းညိတ်ပြပါတယ်။
"Golden Gate နဲ့ Consortium ဖွဲ့ပြီးတော့ ဝင်လာတာမလား"
သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေပါ။ ရူချောဂယွန် က ဟားဗတ်မှာ ကျောင်းတက်နေတုန်း ရှင်ဗြောင်ဒူ က ဂျပန်က တိုကျိုတက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။ ရူချောဂယွန် က Klein Group မှာ အောင်မြင်နေချိန်မှာ ရှင်ဗြောင်ဒူ ကလည်း Nomura Securities မှာ နာမည်ကြီး Analyst တစ်ယောက် ဖြစ်နေခဲ့တာပါ။
ရူချောဂယွန် ကုမ္ပဏီထောင်တဲ့အခါ ရှင်ဗြောင်ဒူ ကို အရင်ဆုံး ဖိတ်ခေါ်ခဲ့ပြီး ရှင်ဗြောင်ဒူ ကလည်း တွန့်ဆုတ်မနေဘဲ RCK Bros ကို ဝင်ခဲ့ပါတယ်။ သူတို့အဖွဲ့သားတွေ စင်ကာပူ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားတွေမှာ ရုံးခန်းဖွင့်ကြပေမဲ့ သူတို့ကတော့ ယိုအီဒို မှာပဲ အခြေစိုက်ခဲ့ကြတာပါ။
ရန်ပုံငွေအဖွဲ့တစ်ခုမှာ အရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပါပဲ။ စီမံခန့်ခွဲသူက သင်္ဘောကပ္ပတိန်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက သင်္ဘောသားတွေပေါ့။ သင်္ဘောမြုပ်ရင်တောင် အတူရှိနေမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြဖို့အတွက် ရူချောဂယွန် က သူ့ရဲ့ စုဆောင်းထားတဲ့ ဝမ် သန်းပေါင်း ၁၇,၀၀၀ လုံးကို ရင်းနှီးမြှုပ်နှံခဲ့သလို ရှင်ဗြောင်ဒူ လည်း သူ့အိမ်ကို ပေါင်ပြီး ဝမ် သန်း ၉၀၀၀ အထိ ထည့်ဝင်ခဲ့ပါတယ်။
ဒီလို နာမည်ဂုဏ်သတင်းကြောင့် Blind Funds တွေကတစ်ဆင့် ဒေါ်လာ သန်း ၂ထောင်ကို အလွယ်တကူ စုဆောင်းနိုင်ခဲ့တယ်။ အဲဒီပိုက်ဆံနဲ့ HM Capital ကို ဝယ်ယူပြီး တစ်နှစ်အတွင်း ဝမ် သိန်းပေါင်း ၃ကုဋေ အမြတ်နဲ့ ပြန်ရောင်းနိုင်ခဲ့တာကြောင့် သူတို့ရဲ့ အောင်မြင်မှုဟာ Klein Group ရဲ့ နာမည်ကြောင့် မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။
RCK Bros ဟာ အာရှမှာပဲ အဓိက ရင်းနှီးမြှုပ်နှံပါတယ်။ အာရှမှာ တန်ဖိုးနည်းနေတဲ့ ပိုင်ဆိုင်မှုတွေ အများကြီးရှိနေတာကြောင့်ပါ။ ဒါ့အပြင် အာရှရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို နားလည်တာကလည်း သူတို့အတွက် အားသာချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အနောက်နိုင်ငံက ကုမ္ပဏီတွေဟာ အာရှရဲ့ အနေအထားကို နားမလည်လို့ ပြဿနာတက်တာတွေ ရှိတတ်ပေမဲ့ RCK Bros ကတော့ ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပေါ့။
"ငါတို့ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်မြင်နေရသလိုပဲနော်"
ရှင်ဗြောင်ဒူ က ခေါင်းခါလိုက်တယ်။
"မဟုတ်ဘူး။ ငါတို့ အဲဒီအသက်အရွယ်မှာ ဒီလောက်အထိ မလုပ်နိုင်ခဲ့ဘူး"
"ဟုတ်ပါတယ်"
ဖုန်းတွေ ပေါက်ကွဲမယ့်အကြောင်းကို ကြိုသိနေတာမျိုး၊ Put Options တွေမှာ ရဲရဲဝံ့ဝံ့ ရင်းနှီးမြှုပ်နှံတာမျိုးကို ဘယ်သူလုပ်နိုင်မှာလဲ။ Brexit တုန်းကလည်း ဗြိတိန်ရဲ့ နိုင်ငံခြားငွေဈေးကွက်မှာ လောင်းကြေးထပ်ခဲ့တာဟာ ဂျော့ရှ် ဆိုရော့စ် ရဲ့ အကောင်းဆုံး အချိန်တွေကို မြင်နေရသလိုပါပဲ။ ကောလိပ်တောင် မပြီးသေးတဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယောက်က ဒါတွေကို လုပ်ခဲ့တာပါ။
ရူချောဂယွန် က သက်ပြင်းချလိုက်မိတယ်။
"ကိုရီးယားမှာ ဒီလိုလူမျိုး ပေါ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး"
အရင်ကတော့ ကိုရီးယားမှာ ရူချောဂယွန် က အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပေမဲ့ ကန်ဂျင်ဟူ ပေါ်လာပြီးနောက်မှာတော့ သူက ဒုတိယနေရာကို ရောက်သွားခဲ့ပါပြီ။
"ဒီလူက ဘယ်လိုလူလဲဆိုတာ တစ်ခါလောက်တော့ တွေ့ဖူးချင်တယ်"
"ကော်ဖီတစ်ခွက်လောက် တိုက်ဖို့ ဖိတ်လိုက်ပါလား။ သူက မင်းရဲ့ အနားတင် ရှိနေတာပဲ"
ဂန်နမ် က တီဟီရန်ရို မှာ RCK Bros ရော၊ OTK Company ရော ရှိနေတာဆိုတော့ မီတာ ၂၀၀ လောက်ပဲ ဝေးတာပါ။ ရှင်ဗြောင်ဒူ ရော သမီးဖြစ်သူ ရှင်ယူရီ ရောက ကန်ဂျင်ဟူ အကြောင်း ခဏခဏ ပြောနေကြတာဆိုတော့ သူလည်း တွေ့ကြည့်ချင်နေတာပေါ့။
'ယူရီ က ဘာလို့ ဒီကောင်လေးကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ'
X-cop ကို ဝယ်ဖို့ဆိုတာ စာရွက်စာတမ်းတင်ရုံနဲ့ မပြီးပါဘူး။ ရန်ပုံငွေ ဘယ်လိုရှာမလဲဆိုတဲ့ အစီအစဉ်ကို အရင်ပြရပါတယ်။ စာချုပ်ချုပ်ပြီးမှ ပိုက်ဆံမရှိလို့ ဖျက်သိမ်းရတာမျိုး မဖြစ်အောင်လို့ပါ။
ပဏာမ လေလံပွဲကနေ သုံးဦးကို ရွေးချယ်ပြီး နောက်ဆုံး လေလံပွဲမှာမှ အနိုင်ရသူကို ဆုံးဖြတ်မှာပါ။ အစ်မ ဟျွန်းဂျူး က အဲဒီဘက်မှာ တာဝန်ယူပြီး ကျွန်တော်တို့ဘက်ကတော့ ဟင်နရီ က တာဝန်ယူပါတယ်။ သူတို့က X-cop ရဲ့ တန်ဖိုးကို အသေးစိတ် တွက်ချက်နေကြတာပါ။
အရေးကြီးတာက X-cop ရဲ့ တကယ့်တန်ဖိုးနဲ့ တခြားသူတွေ ဘယ်လောက် ပေးမလဲဆိုတာပါပဲ။ လေလံပွဲ မစခင်မှာတင် Lite Group က နှုတ်ထွက်သွားပါတယ်။ အမွေကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ဝန်လေးနေပုံရပါတယ်။ အခုဆိုရင် ကုမ္ပဏီကြီးတွေထဲမှာ အွန်ဆောင်း မော်တာ ပဲ ကျန်ပါတော့တယ်။
တစ်ဖက်မှာလည်း ကျွန်တော်တို့ ကုမ္ပဏီတွေကို ပြန်လည်ဖွဲ့စည်းနေပါတယ်။ OTK Company နဲ့ K Company ကို ပေါင်းလိုက်ပြီး မိုက်ကယ်လီ ကို လူ့စွမ်းအားအရင်းအမြစ် အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဝန်ထမ်းအင်အားကိုလည်း အနည်းဆုံး ၅၀ အထိ တိုးချဲ့ဖို့ စီစဉ်နေပါတယ်။
"ဝန်ထမ်း ခန့်အပ်တဲ့ ကိစ္စတွေကို စီအီးအို ပတ်ဆန်းယော့ နဲ့ တိုင်ပင်ပြီး ဆက်လုပ်လိုက်ပါ"
အလုပ်တွေ ခဏနားတဲ့အချိန်မှာ တက်ဂယူ က ရုံးခန်းထဲမှာ ဂိမ်းဆော့နေပါတယ်။
"ဟေ့ကောင်… ကုမ္ပဏီမှာ ဘာလုပ်နေတာလဲ"
"မင်းလည်း ငါတို့ဂိမ်းကုမ္ပဏီမှာ ရင်းနှီးမြုတ်နှံတော့ ပါတာပဲလေ"
"မင်းအခုဆော့နေတာက ငါတို့OTK Games က ဂိမ်းလည်း မဟုတ်ဘူးလေ"
"ပြိုင်ဘက် ကုမ္ပဏီရဲ့ ဂိမ်းကို ဆော့ကြည့်ပြီး လေ့လာနေတာပါကွာ"
“…”
ဂိမ်းဆော့ချင်လို့ဆော့တယ်ပဲ ပြောစမ်းပါဟ။
“မင်းလည်း နားလို့ရတုန်း နားထားဦးကွ”
အောက်တိုဘာလကတည်းက ကိုရီးယားကို ကျွန်တော် ပြန်ရောက်နေတာ ဖြစ်ပေမဲ့ အလုပ်တွေနဲ့ ရှုပ်နေပြီး အခုမှ နားချိန်ရတာပါ။ အလုပ်မလုပ်ရရင် စိတ်မလုံသလို ခံစားရတာက အလုပ်ကြူးတဲ့ ရောဂါရဲ့ လက္ခဏာပဲ ထင်တယ်။
လုပ်စရာ သိပ်မရှိတာနဲ့ ရှင်ယူရီ ဆီ စာပို့လိုက်မိတယ်။ အရင်က ဖုံးကွယ်ထားခဲ့တာတွေကိုလည်း အားနာသလို ကျောင်းက အခြေအနေတွေကိုလည်း သိချင်လို့ပါ။ ယူရီ က ချက်ချင်း ပြန်ခေါ်လာပြီး ည ၇ နာရီမှာ တွေ့ဖို့ ချိန်းလိုက်ပါတယ်။
ကားပါကင်မှာတော့ Porsche၊ BMW၊ Benz နဲ့ McLarenတွေ တန်းစီနေပါတယ်။ စီနီယာ ဆန်းယော့ က McLaren ကို စီးနေတာဆိုတော့ ကျွန်တော်က Benz S-Class ကိုပဲ ယူစီးလိုက်တယ်။ မောင်းရတာ ငြိမ်ပြီး သက်သောင့်သက်သာ ရှိလှပါတယ်။
ချောင်ဒမ် ဘက်ကို မောင်းလာရင်း လမ်းတွေပေါ်မှာ ခရစ္စမတ် အငွေ့အသက်တွေ ပြည့်နေတာကို တွေ့ရတယ်။ သစ်ပင်တွေမှာ မီးဆိုင်းတွေနဲ့ လှပနေသလို ရာသီဥတုကလည်း တော်တော်လေး အေးစိမ့်နေတာပါ။ လမ်းပေါ်က လူတွေအားလုံးနီးပါး အောက်ပိုင်းအထိ ရှည်တဲ့ ဂွမ်း ကုတ်အင်္ကျီ တွေ ဝတ်ထားကြတာ တွေ့ရပါတယ်။
အနက်ရောင် ဝတ်ထားတဲ့သူတွေကိုမြင်ရတာ ကင်ချီထမင်းလိပ်တွေ လမ်းလျှောက်နေသလိုပါပဲ။ ဘယ်အချိန်ကစပြီး ဒီလိုတွေ ခေတ်စားသွားတာလဲ။ ကျွန်တော်ပဲ ခေတ်နောက်ကျနေတာလား လို့တောင် တွေးမိတယ်။
အဲဒီအချိန်မှာ နောက်ကနေ ရင်းနှီးနေတဲ့ အသံလေး ကြားလိုက်ရတယ်။
"စီနီယာ"
လှည့်ကြည့်လိုက်တော့ ယူရီ ပါ။ ဆံပင်ရွှေအိုရောင်လေးကို စည်းထားပြီး စကတ်တိုလေးနဲ့ သားမွေးအင်္ကျီအဖျော့လေး ဝတ်ထားတဲ့ ယူရီက တော်တော်လေး ချစ်စရာကောင်းနေပါတယ်။ ယူရီကတော့ ဂွမ်းအင်္ကျီရှည်ကြီး ဝတ်မထားတာကို တွေ့ရလို့ ကျွန်တော် စိတ်သက်သာရာ ရသွားမိတယ်။
"မတွေ့တာ ကြာပြီနော်။ စီနီယာ"
"နေကောင်းရဲ့လား"
"ဟုတ်။ ကောင်းပါတယ်။ စီအီးအို ကြီးက ဒီလိုမျိုး တစ်ယောက်ထဲ လျှောက်သွားနေလို့ ဖြစ်ပါ့မလား"
"ဘာဖြစ်လဲ။ ဒုဥက္ကဌ လင်ဂျင်ယုံ တောင် တစ်ယောက်ထဲ ပွဲတွေ သွားတာပဲဟာ"
တကယ်တော့ လူတွေက တခြားသူကို သိပ်စိတ်မဝင်စားကြပါဘူး။ ကျွန်တော်ကလည်း မျက်မှန်တပ်ထားပြီး ဆံပင်ပုံစံ ပြောင်းထားတာဆိုတော့ သိပ်မမှတ်မိကြပါဘူး။
"မျက်မှန်က ဘာလို့တပ်ရတာလဲ။ မျက်စိ မှုန်သွားလို့လား"
"မဟုတ်ပါဘူး။ ရုပ်ဖျက်ထားတာပါ"
ယူရီ က ရယ်ပြီး "စီနီယာ က အနုပညာရှင်လို့ကိုယ့်ကိုကိုယ်ထင်တဲ့ ရောဂါမျိုး ရနေတာလား" လို့ စနောက်ပါတယ်။
အဲဒါနဲ့ စကားလမ်းကြောင်း လွှဲလိုက်ရတယ်။
"အင်္ကျီလေးက လှသားပဲ"
"Uniqlo က ဝယ်ထားတာပါ။ သားမွေးအတုဆိုတော့ တိရစ္ဆာန်လေးတွေကိုလည်း သနားစရာ မလိုတော့ဘူးပေါ့"
စကားပြောနေရင်း ဘေးက အမျိုးသားတချို့ ကျွန်တော်တို့ကို ကြည့်နေတာ သတိထားမိတယ်။ ကျွန်တော့်ကို မှတ်မိသွားတာလားလို့ စိုးရိမ်ပြီး ခေါင်းငုံ့မလို့ လုပ်ပေမဲ့ သူတို့က ယူရီ ကို ကြည့်နေကြတာပါ။ ယူရီ က အရင်ကထက် ပိုပြီး တောက်ပလာသလိုပဲ။
"ဘာစားချင်လဲ။ ငါ ဝယ်ကျွေးမယ်"
"တကယ်လား။ ဈေးကြီးတာ စားမှာနော်"
"ရတာပေါ့"
ယူရီ က ပျော်သွားပြီး "ဒါဆို သွားကြစို့" လို့ ခေါ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ရယ်ရယ်မောမောနဲ့ ထွက်လာခဲ့ကြပါတော့တယ်။